စာရှုသူ ကျွန်တော့်မိတ်ဆွေများကို
ဆရာစားတာ မဟုတ်ရပါခင်ဗျာ။
တကယ် - မှ ရလိုက်သော
သင်ခန်းစာကို ကျွန်တော်တွေးမိသလို ပြောဆိုခြင်းသာ ဖြစ်ပါသည်။ မပြည့်စုံပါက ဖြည့်စွက်ဆွေးနွေး၊
တွေးတောနိုင်ပါသည်။
ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာကလည်း
သည်ကဲ့သို့တရားမျိုးကို နေရာများစွာတွင် ဟောခဲ့ပါသည်။ အခြားမဟုတ်ပါ။
ပစ္စုပ္ပန်တည့်တည့်တွင်သာ
နေရေး ဖြစ်၏။ အတိတ်ကိုလည်း ပြန်မသွားနဲ့။ အနာဂတ်ကိုလည်း တွေးပြီး မပူပန်နဲ့။ ပစ္စုပ္ပန်
တည့်တည့်တွင်သာ နေပါ ဟု ဟောခဲ့ပါသည်။
နောက်တစ်ခုက သူ မဟုတ်တာမလုပ်သည့်အတွက်
မဟုတ်တန်းလျား စွပ်စွဲချက်ကို လက်မခံခြင်းဖြစ်သည်။
ဟက်ကူအင်ကို ကောင်မလေးမိဘများက
လာရောက်စွပ်စွဲသည့်အခါ ဟက်ကူအင်က ဘာမှ ပြန်မပြော၊ တကယ်? ဟု တစ်လုံးတည်းသာ ရေရွတ်သည်ဟူ၏။
ဤ ‘တကယ်’ ကို ချဲ့လိုက်လျှင် ‘သြော်၊ ဟုတ်လား။ တကယ့်ကို။ ငါတောင်မှ မသိလိုက်ရပါလားကွယ်’
ဟု ဖြစ်ပါလိမ့်မည်။
ကောင်မလေးမိဘများကို
သူ ပြန်ပြီး ရန်မတွေ့ပါ။ အဘယ်ကြောင့်နည်း။ ထိုစွပ်စွဲချက်ကို သူလက်ခံယူမထားလိုက်၍ ဖြစ်သည်။
အကယ်၍သာ သူက စွပ်စွဲချက်ကို လက်သင့်ခံလိုက်မည်ဆိုလျှင် မိန်းကလေးမိဘများနှင့် ဖက်ကာ
ရန်ဖြစ်နေပေ လိမ့်မည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခါတစ်ပါး မြတ်စွာဘုရား ဆွမ်းခံကြွရာ၌ ပုဏ္ဏားကြီးတစ်ယောက်က
သူ့ကိုအပြင်းအထန် ဆဲရေးတိုင်းထွာသည်။ မြတ်စွာ ဘုရားက ဘာမှ ပြန်မပြော။ ဆဲ၍မောသွားသည့်အခါမှ
ပုဏ္ဏားကြီးက မေးသည်။
အသင် ဗုဒ္ဓ၊ အနို့ ငါ သည်လောက်ဆဲနေတာ တောင် နင်ကတော့ ဘယ်လိုမှ
မနေပါလားဟယ်။
ပုဏ္ဏားကြီး၊ ငါတစ်ခု မေးပါရစေ။ အကယ်၍ ပုဏ္ဏားကြီးက ပစ္စည်းတစ်ခုပေးမယ်။
ငါကလက်မခံဘူးဆိုရင် အဲဒီပစ္စည်း ဘယ်သူ့ဆီမှာ ရှိမလဲ။
ဘယ်ရောက်ရမတုံး။ ငါ့ဆီမှာဘဲ ရှိမှာပေါ့လကွဲ့။
အဲဒီလိုပဲ၊ အခု ပုဏ္ဏားကြီးရဲ့ဆဲရေးတိုင်းထွာမှုတွေကို ငါက
လက်သင့်မခံဘူး။ မယူဘူးလကွဲ့။ အဲသည်အတွက် အဲဒီဆဲရေး တိုင်းထွာမှုတွေဟာ ပုဏ္ဏားကြီး ထံမှာပဲ
ရှိနေသေးတယ်။ ငါ့ဆီမှာရှိမနေတဲ့ အဲဒီဆဲရေးမှုတွေအတွက် ငါက ဘာကိစ္စ စိတ်ဆိုးရမတုံး။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကလေးကိုလာပေးသည့်အခါ၌လည်း
ဟဲ့၊ အဲဒီကလေးဟာ ငါနဲ့ဘာဆိုင်သလဲ ဟု ရန်မထောင်။
ဤကဲ့သို့ ရန်ထောင်မည် ဆိုပါက ရဟန်းကြီး၏ ဖြူစင်သန့်ရှင်းနေသော စိတ်တို့သည် ဒေါသတို့ဖြင့်
ညစ်ထေးသွားပေလိမ့်မည်။ ယခုမူ လာပေးသည်ကို ယူထားရုံ ယူထားလိုက်သည်။ ဘာခံစားချက်မှမရှိ။
မွေးထိုက်လို့သာ မွေးရသည်ဟု ခံယူကာ ကလေးကို မွေးထားလိုက်သည်။
(ကျွန်တော်သာဆို ၀ါးရင်းတုတ်နဲ့လိုက်ရိုက်မှာပေါ့လဗျာ။)
အဘိဓမ္မာစကားဖြင့်ပြောရလျှင်
ဤသည့်စိတ်ကို ကြိယာစိတ် ဟုခေါ်သည်။ မြင်လျှင်လည်း မြင်ကာမတ္တ၊ စားလျင်လည်း စားကာမတ္တ၊
ပြောလျင်လည်း ပြောကာမတ္တ။ မည်သည့်စိတ်ခံစားမှုမှမပါ။ “ဟင်းကလည်းကွာ၊ ငါ့လခွမ်း၊ ငံတူးနေတာပဲ။” “ဟယ်၊ ကောင်းလိုက်တဲ့ ဒူးရင်းသီးလေးတော့” စသည့် ကောင်း၊ မကောင်းစိတ်ခံစားချက်
ဘာမှမပါ။
ဤနေရာသည် အဘိဓမ္မာသင်တန်းမဟုတ်မူ၍
သည်မျှနှင့် နှစ်သိမ့်တော်မူပါ။ ပိုမိုသိရှိလိုသူများ ဆရာအံ့ထူးနိုင်၏ အဘိဓမ္မာသင်တန်း
သွားတက်ကြပါခင်ဗျား။ (သင်တန်းကြော်ငြာအတွက်
ဆရာအံ့၊ ကျွန်တော့်ကို ကော်မရှင်ပေးရလိမ့်မနော။)
ကလေးကို လာတောင်းသည့်အခါတွင်လည်း
“ဟင်၊ နင်တို့ဘဲ အမျိုးမျိုး၊ တတ်လည်းတတ်နိုင်ကြပါပေ့။
နင်တို့တော့လား။ ငါ့ကို အသားရေဖျက်မှုနဲ့ သံဃာ့မဟာနာယကမှာ (ဟုတ်ပေါင်) နေပြည်တော်တက်
တရားစွဲမယ်” ဟု မဆို။ “တကယ်” ဟု ရေရွတ်ကာ ပြန်ပေးလိုက်သည်သာ ဖြစ်၏။ ဤ “တကယ်” ကို
အဓိပ္ပာယ်ဖွင့်ရပါမူ “ဟုတ်လား။ တကယ့်ကို။ သြော်၊ ကလေးအဖေ ပြန်တွေ့တော့လည်း ကောင်းတာပေါ့။”
ဟု ဖြစ်ပါလိမ့်မည်။ သူ့စိတ်ထဲတွင် “ငါကတော့
ဘုန်းကြီးတန်မဲ့နဲ့၊ ကလေးနို့မှုန့်ဝယ်ရ၊ နို့တိုက်ရ၊ ညကြီးသန်းခေါင် ထပြီး အနှီးလဲ
ပေးရ။ အခုမှဘဲ သောက်ကျိုးနည်း” ဟု မတွေး။ သူ့ဖြူစင်နေသော စိတ်ကို ဒေါသ၊ အာဃာတတွေနှင့်
မညစ်နွမ်းရလေအောင် ထိန်းထားသည်။
ကောင်းလေစွ၊ သာဓု၊
သာဓု၊ သာဓု။
(ကျွန်တော်ရေးထားတာသာ
ဟက်ကူအင် ဖတ်မိမည်ဆိုပါက ‘တကယ်’ ဟု ရေရွတ်ဦးမည် ဖြစ်၏။ ဤ “တကယ်” မှာကား “ဟေ၊ တကယ့်ကို၊
နင်ပဲတွေး တွေးတတ်ပါ့။ ငါတောင် အဲသလောက်မတွေးမိဘူး” ဟု ဖြစ်ပါလိမ့်မည်။
စာရှုသူမိတ်ဆွေအပေါင်းလည်း
-
ကိုယ့်ကို မဟုတ်တန်းလျား
စွပ်စွဲလာလျှင် ဟက်ကုအင်ကို သတိရပါ။ သူပြောသလို “တကယ်” ဟု ပြောနိုင်အောင် ကြိုးစားကြည့်ပါ။
(ကျွန်တော်မပါဘူးနော့။ ကျွန်တော်က အကြံပေးရုံပေးတာ။
ကျွန်တော့်ကို မဟုတ်တာ လာပြောလို့ကတော့ ဟင်းဟင်းဟင်း။)
မိတ်ဆွေအပေါင်း ရန်သူမျိုး
သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ။
(ရန်သူမျိုးသုံးပါး
= ရေ၊ မီး၊ မင်း
မှတ်ချက်။ ။ မင်း၊ သူခိုး နှင့် မချစ်မနှစ်သက်သူ ဟူသော
ရန်သူမျိုးသုံးပါးမှာ ကျွန်ုပ်တို့တိုင်းပြည်၌ အတူတူပင်ဖြစ်နေ၍ “မင်း” ဟု တစ်ပါးတည်း၌
ပေါင်းကာ ရေတွက်လိုက်ခြင်းဖြစ်ပါသည်။ ဤကား စကားချပ်)
အေးငြိမ်း
၂၆၊ ၇၊ ၂၀၁၄။ ည ၈း၄၀
နာရီ
No comments:
Post a Comment