ငါ ကားမောင်းသက် အနှစ်
၃၀ ကျော်လာတဲ့တိုင် ငါ ပထမဆုံး ကားမောင်းစသင်တဲ့နေ့က အတွေ့အကြုံကိုတော့ မနေ့ တစ်နေ့ကလိုပဲ
မှတ်မိနေသေးတယ်။
အမေဟာ အဲဒီနေ့က လူသူကင်းမဲ့နေတဲ့
လမ်းကျဉ်းကလေးထဲကို အပြာရောင် ပလိုင်းမောက်ကားကြီး မောင်းချလာပြီး ရပ်ထားခဲ့တယ်။ လမ်းက
တစ်လမ်းသွား၊ ပီဘိ ကျဉ်းကျဉ်းကလေး။ နောက်ပြီး လမ်းတစ်ဘက်မှာ ကျောက်တုံးကျောက်ခဲတွေနဲ့
ပြည့်နေတဲ့ နံရံကြီးက လမ်းတစ်လျှောက်လုံး။ ဒီလမ်းထဲမှာ တခြားကားတွေနဲ့ ဒီနေ့ လမ်းဆုံမှာမဟုတ်ဘူးလို့
အမေက ကြိုသိနေတယ်။
အမေက ပြုံးလိုက်ပြီး
ငါ့ကို ကားသော့ပေးတယ်။ နောက် သူနဲ့ နေရာချင်းလဲလိုက်ပြီး ကားကိုစက်နှိုး၊ ဂီယာထိုး၊
နောက်ပြီး ခြေနင်းကို ဖြည်းဖြည်းနင်းဘို့ ပြောတယ်။ အရမ်းစိတ်လှုပ်ရှားနေတဲ့ငါက လီဗာကို
ဆောင့်နင်းလိုက်မိတယ်။ ကားက အရှိန်နဲ့ ဆောင့်ထွက်သွားတယ်။ ငါ စတီယာရင်ဘီးကို မလှည့်လိုက်နိုင်မီမှာဘဲ
ကားဘေးနဲ့ ကျောက်နံရံခြစ်မိတဲ့ အသံကြီးကို ကြားလိုက်ရတယ်။
ငါ အထိတ်တလန့်နဲ့
ကားကိုထိုးရပ်လိုက်ပြီး အမေ့ကို လှည့်ကြည့်လိုက်တယ်။ အမေဟာ မျက်နှာဖြူဖပ်ဖြူယော် ဖြစ်နေပြီး
တစ်ကိုယ်လုံးလည်း တုန်နေတယ်။ အဲဒီနောက် ကားတံခါးကို ဖြည်းဖြည်းဖွင့်လိုက်ပြီး ကျောက်နံရံနဲ့ခြစ်မိတဲ့
ကားဘေးကို သွားကြည့်တယ်။ နောက်ပြီး တိုးတိုးတိတ်တိတ်ပြန်လာပြီး ငါ့ကားတံခါးနားမှာ
လာရပ်တယ်။ ငါလဲ အမေဆူမဲ့အသံကို စောင့်နေလိုက်တယ်။
ဒါပေမဲ့ အမေဟာ ဘာမှ
မပြောဘူး။ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပြီးတော့ ‘ဒီနေ့အဘို့တော့ တော်လောက်ရောပေါ့။ နက်ဖြန် ထပ်ကြိုးစားကြသေးတာပေါ့ကွာ’
လို့ ပြောတယ်။
ငါ အမေ့ရဲ့ ကြင်နာမှုနဲ့
စိတ်ရှည်မှုကို အံ့သြလို့ မဆုံးနိုင်ဘူး။ တကယ်ဆို ငါဟာ အမေ့ကို အထိတ်တလန့်ဖြစ်အောင်
လုပ်ခဲ့ တယ်။ သူ့အဘိုးတန်ကားကြီးကို ဖျက်ဆီးခဲ့တယ်။ အဲဒီနေ့က အမေ့ခေါင်းမှာ ဆံပင်ဖြူ
အတော်များများ ထပ်တိုးသွားမှာ အမှန်ပဲ။ ဒါပေမဲ့ အမေဟာ ငါ့ကိုခွင့်လွှတ်ပြီး သေသေချာချာ
ကားမောင်းတတ်တဲ့ထိ သင်ပေးခဲ့တယ်။
နှစ်ပေါင်းများစွာအတွင်း
နည်းမျိုးစုံနဲ့ အမှားပေါင်း သောင်းခြောက်ထောင် ငါလုပ်ခဲ့တယ်။ ဒါပေမဲ့ ငါဟာ ခွင့်လွှတ်ခြင်းရဲ့
တန်ဘိုးကို မခံစား နားမလည်နိုင်ခဲ့ဘူး။ မကြာခဏတော့ အမေရဲ့ နက်ဖြန် ထပ်ကြိုးစားကြသေးတာပေါ့ကွာ
ဆိုတာကို ကြားယောင် နေမိတယ်။
မင်းဒီနေ့လဲကျသွားတဲ့အခါ
လဲကျတဲ့အတိုင်းမနေပါနဲ့။ ထပါ။ မေတ္တာတွေကို ဝေမျှပါ။ မနက်ဖြန်ခါ ထပ်ပြီးကြိုးစားပါ။
No comments:
Post a Comment