Sunday, September 21, 2008

Political

နိုင်ငံရေး

 

နိုင်ငံရေးဟု ဆိုလိုက်သဖြင့် ကိုယ့်ယုံကြည်ချက်ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တစ်နေ့ရနိုး၊ တစ်နေ့ရနိုး မျှော်ကိုးချက်ဖြင့် လုပ်နေသော နိုင်ငံရေး သူရဲကောင်းများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး သားကောင်များ၊ နိုင်ငံရေး ပွဲစားများ၊ နိုင်ငံရေး အချောင်သမားများ၊ နိုင်ငံရေး ကြာကူလီများ၊ နိုင်ငံရေး ဂျပိုးသူခိုးများ၊ နိုင်ငံရေး ဓါးပြများ၊ နိုင်ငံရေး ဟိုအကောင် ဒီအကောင်များ လုပ်နေသည့် နိုင်ငံရေးနှင့် လားလားမျှမဆိုင်။ ကျွန်တော်ပြောချင်သည့် နိုင်ငံရေးမှာ ရောင်နီဆန်း ရေးသည့်အထဲက နိုင်ငံရေးကို ဆိုလိုခြင်း၊ တနည်းအားဖြင့် ကျွန်တော်တို့ တစ်နိုင်ငံလုံး၏ အရေး၊ ကျွန်တော်တို့ ပြည်သူပြည်သားများ ၏အရေး၊ သည့်ထက်ပိုပြီး ရှင်းအောင်ပြောရလျှင် ကျွန်တော်တို့နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူပြည်သားအပေါင်းတို့၏ စားဝတ် နေရေး၊ ပြည်သူ ပြည်သားတို့၏ လူနေမှုအဆင့်အတန်း မြင့်မားရေး (အောင်မယ်လေး ကြီးကျယ်လိုက်တာ။ သည်လို မပြောနဲ့လေ၊ ကြီးကျယ်တဲ့အရာကို ဆွေးနွေးမှ ကြီးကျယ်တဲ့လူ ဖြစ်မှာပေါ့ဗျ) စသဖြင့် ဖြစ်ပါ၏။ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တာကို မိတ်ဆွေတို့မှတ်မိလိမ့်မည် ထင်ပါသည်။ ဗိုလ်ချုပ်၏စာအရ ကျွန်တော်တို့ အားလုံးသည် နိုင်ငံရေး သတ္တဝါများ ဖြစ်ကုန်၏။

Ref: 4. http://www.aungsan.com/

 

အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့အလုပ်လုပ်နေခြင်းသည်ပင်လျှင် နိုင်ငံအတွက် ဖြစ်ပေရာ ထို အလုပ်လုပ်နိုင်ရန် ထမင်းစားရန်လို၏။ ထို့အတွက် သွယ်ဝိုက်သောအဓိပ္ပါယ်ဖြင့် ဆိုရလျှင် ကျွနု်ပ်တို့ နေ့စဉ် ထမင်းစား နေခြင်းသည်ပင်လျှင် နိုင်ငံရေးလုပ်နေတာ မည်ပါ၏။ ရှင်းပါအံ့။ (ရှင်းရန်မလိုဟုယူဆသူများ ဤအပိုဒ်ကို ကျော်ဖတ် ကြပါကုန်)

နိုင်ငံဟူသည် တိုင်းနှင့်ပြည်နယ်များ ပေါင်းစည်းထားခြင်းဖြစ်၏။ တိုင်းနှင့်ပြည်နယ်များ ဟူသည် မြို့နယ်များ ပေါင်းစည်းထားခြင်းဖြစ်၏။ မြို့နယ်ဟူသည်မှာလည်း မြို့၊ ကျေးရွာအုပ်စုကလေးများ ၏ အစုအစည်း ဖြစ်၏။ မြို့ဟူသည် မှာ ရပ်ကွက်ကလေးများ၏ အစုအစည်း၊ ကျေးရွာအုပ်စု ဟူသည်မှာ ကျေးရွာကလေးများ၏ အစုအစည်း ဖြစ်၏။ ထို ရပ်ကွက် နှင့် ကျေးရွာကလေးများကို ဘာနှင့်ဖွဲ့စည်းထားပါသနည်း။ အိမ်ခြေများ တနည်းအားဖြင့် အိမ်ထောင်စုများဖြင့် ဖွဲ့စည်းထား၏။ သို့ဆိုလျှင် ထို အိမ်ထောင်စု ဆိုသည့် အရာများကိုရော ဘာများနှင့် ဖွဲ့ထားပါသနည်း။ အိမ်ထောင်စု ဝင်များဖြင့် ဖွဲ့စည်းထားသည် မဟုတ်ပါလော။ ကိုင်း အဖြေရပြီ မဟုတ်လော။ ထို အိမ်ထောင်စုဝင်များဟူသည် မည်သူမည်ဝါများ ဖြစ်ပါသနည်း။

ခင်ဗျားတို့၊ ကျွန်တော်တို့ ကိုယ်တိုင်ပင် မဟုတ်ပါလော။ သို့ဖြစ်သည့်အတွက် နိုင်ငံဟူသည် ခင်ဗျားတို့ ကျွန်တော်တို့ လို ပြည်သူပြည်သားများဖြင့် စုစည်းထားသော လူ့အဖွဲ့အစည်းကြီးတစ်ခု မဟုတ်ပါလော။ ဤလူ့အဖွဲ့ အစည်းကြီး တည်တံ့နေဘို့ရာမှာ ဤမည်သော မိသားစုအားလုံးတည်တံ့နေရန်ပင် မဟုတ်ပါလော။ ဤ မိသားစုများ တည်တံ့နေရေးအတွက် ဤမိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး ကို ပြေလည်အောင် ဖန်တီးပေးရမည် မဟုတ်ပါလော။ ဤသို့ဖန်တီးနေသူများသည် မည်သူများဖြစ်သည်ဟု မိတ်ဆွေထင်ပါ သနည်း။ မိတ်ဆွေကိုယ်တိုင်ပင် မဟုတ်ပါလော။ သို့ဆိုလျှင် မိတ်ဆွေ ကိုယ့်မိသားစုအတွက် အလုပ်လုပ် နေခြင်းသည် ဤနိုင်ငံကြီးတည်မြဲရေးအတွက် လုပ်နေပါသည်ဟု ကျွနု်ပ်ဆိုလျှင် သင် ငြင်းချင်ပါမည်လော။

အသို့ဆိုလျှင်ဖြင့် ဘဇာကြောင့် အစိုးရတို့၊ ဝန်ကြီးဌာနတို့၊ စစ်တပ်တို့၊ ရဲဌာနတို့၊ ကျောင်းတို့၊ စက်ရုံ တို့၊ စိုက်ပျိုးရေးဌာနတို့ ရှိနေရပါသနည်း ဟု မေးပါအံ့။ ခင်ဗျားတို့ ကျွန်တော်တို့ လူသားတွေဆိုတာ လောဘ၊ ဒေါသ၊ မောဟ အင်မတန်ထူပြောလှသူများ ဖြစ်သဖြင့် လိုအပ်ချက်အရ ပေါ်ပေါက်လာရသည် ဟု ဖြေရပါမည်။ မဟာအလက်ဇန္ဒား သည် အဘယ့်ကြောင့် အာရှတစ်ခွင် ပြဲပြဲစင်အောင် လိုက်သိမ်းချင်ရပါသနည်း။ နပိုလီယန် စစ်ဘုရင်ကြီးသည် အဘယ့်ကြောင့် မနေနိုင်မထိုင်နိုင် သူ့ဟာသူနေသော ရုရှားကို အပင်ပန်း၊ အဆင်းရဲခံကာ သွားတိုက်ရပါသနည်း။ ကိုယ်နှင့် တစ်ခါဘူးမျှ ရန်မဖြစ်ဖူးသော သူများအမေ့လင်များကို အဘယ်ကြောင့် သွား သတ်ချင်ရပါသနည်း။

ကားမပေါက်၊ ရထားမပေါ်သေးသောခေတ်က ကျွန်တော်တို့တိုင်းပြည်၏ အင်မတန်မှ ဂုဏ်ယူရသော အလောင်းမင်းတရားကြီးသည် အဘယ်ကြောင့် သူနေသော မုဆိုးဖိုမှ ဟို့................................အင်မတန် ဝေးလံ သီခေါင်လှသော ယိုးဒယားပြည်ကို ခြေလျင်သွား သိမ်းချင်ရပါသနည်း။ ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အစောဆုံး ထွန်းကားခဲ့ပါသည်ဟု နာမည်ကောင်းယူထားသော ဟို စိမ့်တိုင်းပြည်ကြီးမှ ကိုရင် မောင်ဂို၊ တရုတ် တို့သည် အဘယ်မည်သော အကြောင်းကြောင့် ကျွနု်ပ်တို့၏ ချစ်လှစွာသော ပုဂံသူ၊ ပုဂံသားများကို လနှင့် ချီ ဝိုင်းရံပြီး အငတ်ထား ကာ ဒုက္ခပေးချင်ရပါသနည်း။

အဘယ်မည်သော တိရိစ္ဆာန်များသည် ဤ မဟာလူသားများလောက် ရက်စက်ကြမ်းကြုတ်သည်ကို မိတ်ဆွေ များ မြင်ဖူးပါသနည်း။

(မဟာ အလက်ဇန္ဒားသည် ဂရိမှ အိန္ဒိယ အနောက်ခြမ်းထိ မိုင် သုံးထောင်ခန့် ကွာဝေးသော နေရာသို့ လည်းကောင်း၊ နပိုလီယန်သည် ပြင်သစ်မှ ရုရှားသို့ မိုင် ၂၀ဝ၀ ခန့် ခရီးကို လည်းကောင်း ခြေလျင်တပ်များ ဖြင့် ချီတက် သိမ်းပိုက်ခဲ့သည်မှာ ကြက်သီးထဖွယ် ကောင်းပေစွ။) (သူတို့နဲ့စာရင် ကျွန်တော်တို့ အလောင်း မင်းတရားကြီးကမှ အယုဒ္ဓယထိ မိုင် ၆၀ဝ ကျော် ဆိုတော့ နည်းနည်း လဲ့တဲ့တဲ့ ရှိသေးတယ်။ အောင်မယ်ဗျို့၊ မိုင် ၆၀ဝ ဆိုတာ ကျွန်တော်က ါသသူါန နမေအ့ ကနေ ကလစ်ကလေးနှိပ်ရုံကိုးဗျ။ တကယ် သွားတဲ့အခါ ကျတော့ မိုင် ၁၀ဝ၀ ကျော်ချင်ကျော်မှာပေါ့။ ဟိုကွေ့၊ ဒီကောက် တောင်တွေပေါ် တက်လိုက် ဆင်းလိုက်နဲ့ ပင်ပင် ပန်းပန်း သွားကြရမှာကိုး။)

Ref: 5. http://en.wikipedia.org/wiki/alexander_the_great
6. 
http://en.wikipedia.org/wiki/Napoleon

 

ဤကဲ့သို့သော ရိုင်းစိုင်း၊ ရက်စက်သည့် အသင်တို့ မဟာလူသားများ၏ လောဘ၊ ဒေါသများကြောင့်သာ ဤမည်သော စစ်တပ် ပေါ်ပေါက်လာရသည် မဟုတ်ပါလော။ မနေနိုင် မထိုင်နိုင် သူများတိုင်းပြည် သွားသိမ်းချင်သည့် ထို မောင်မင်းကြီးသား စစ်ဘုရင်ကြီးများသာ ဤလောကကြီးတွင် မွေးဖွားမလာပါအံ့။ အနှီစစ်တပ်များ လိုအပ်လိမ့်မည် ဟု အသင်ထင်ပါသလော။

ကိုယ့်ဟာကိုယ် ကောင်းကောင်းမွန်မွန် လယ်ကလေး အေးအေးလူလူစိုက်ပြီး ကိုယ့်သားမယားနှင့် အေးအေး ချမ်းချမ်း မနေချင်။ ပျင်းကြောကြီးဆွဲကာ သူများအိမ် တက်ခိုးချင်သူများ။ အလုပ်ကိုတော့ လက်ကြောတင်းအောင် မလုပ်ချင်။ အောင်မယ် အလုပ်သာ မလုပ်ချင်တယ်။ သူဌေးကဖြစ်ချင်သေး။ သည်တော့ သူများ ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး စုဆောင်းထားသမျှကလေးကို ဒါးဖြင့်ထောက်၊ လုပ်သေနတ်ဖြင့် ခြောက်ကာ ပိုက်ဆံကို အချောင် လိုချင်သူများ။ ကိုယ့်မယားနဲ့ မတင်းတိမ်။ သူများမယား သွား ကြာခိုချင်၊ ကြားကား ဝင်ဆွဲချင်သူများ။ ထစ်ကနဲရှိ ဒုတ်ဆွဲဒါးဆွဲ လုပ်ချင်သူများ။ အနှီသော သကောင့်သားများကြောင့်သာ ထို ပြည်သူ့ရဲ ဆိုသူများ အလုပ်ရနေကြသည် မဟုတ်ပါလော။

ထမင်းစားပြီး အသက်ဆက်နေရရုံနဲ့ မကျေနပ်နိုင်။ ပျင်းလိုက်တာကွာ ဆိုပြီး ညဘက် တီဗီကလေးကလည်း ကြည့်ချင်သေးသကိုး။ နွားလှည်းနဲ့ သွားရတာ နှေးလိုက်တာ။ ခပ်မြန်မြန်လေးသွားရအောင် ကား ကလေးကလည်း ရှိချင်သေး။

ကိုင်း ခု ကျွန်တော်တို့များဆို ဟိုးအရင်က ကွန်ပြူတာထားလို့၊ တီဗီတောင်ရှိတာ မဟုတ်၊ တီဗီထားပါလေ၊ တောမှာဆိုတော့ အဖေကြီး စပါးချတုံးက ဝယ်ခဲ့တဲ့ နေရှင်နယ် ရေဒီယိုကလေးပဲ နားထောင်ရတာ။ သည် ရေဒီယို တောင် ကျွန်တော်တို့တစ်ရွာလုံးမှ သုံးလုံးပဲရှိတာ။ ဘာ ကွန်ပြူ တွေ ဘာတွေ တာမလဲ။ ဗလာစာအုပ်ကို ဖြဲပြီး လက်နဲ့ တောက်လျှောက် ရေးလာခဲ့တာရတာကိုဗျာ။ လက်နှိပ်စက်တောင် ရုံးပြင်ကနား တစ်ခါတစ်လေ ကိစ္စရှိလို့ သွားတဲ့အခါမှ သူများ တခြောက်ခြောက်နဲ့ ရိုက်နေတာကို အငေးသားနဲ့ သွားရည်ယိုခဲ့ရတာ။

ခုများတော့ ကွန်ပြူတာတင်မဟုတ်တော့ပဲ အလုပ်ထဲမယ် အင်တာနက်မရှိရင်တောင် အလုပ်က မဖြစ်တော့။ အောင်မယ်လေးဟဲ့၊ ကွန်ပြူတာတောင် ဝါယာလက်စ် မရှိတာဆို အလုပ်မဖြစ်။ အလုပ်က ကျွန်းပေါ်မှာ၊ ဆိုဒ်အသစ် ဆိုတော့ တယ်လီဖုံးလိုင်း၊ အင်တာနက်ဆိုတာ ပေါပေါစီစီရှိတာမဟုတ်တော့ သူများ server ကို လှမ်းချိတ်ရတာ။ သည်တော့ internet က မရှိလို့ကိုမဖြစ်။ အင်တာနက်ဆိုတာကြီးမရှိရင် အလုပ် လုပ်လို့ကို မရတော့သလောက်။ သည်တော့ ကျွန်တော့်မှာ ရုံးက laptop ရှိပါလျှက် internet မရှိတော့ ကျွန် တော့ laptop ကလေးကိုပဲ အသွားသယ် အပြန်သယ်။

သည်တော့ ကျွန်တော်တို့၏ အင်မတန်ထူပြောလှသော လောဘ၊ ဒေါသ၊ မောဟ များကြောင့်သာ အထက်က ပြောခဲ့သော ဝန်ကြီးဌာနပေါင်းများစွာတို့ ပေါ်ပေါက်လာရသည် မဟုတ်တုံလော။

(ပြောရင်းပြောရင်း ဘေးနည်းနည်းရောက်သွားတယ်။ သည်းခံပါ ခင်ဗျား။)

 

သည်တော့ ကျွန်တော်တို့ လုပ်နေတာအားလုံးသည် နိုင်ငံရေးမဟုတ်ပါလော။ ကိုရောင်နီဆန်းတို့ ခု ကျောင်းသားတွေကို စာသင်ပေးနေတာ ဘာလုပ်ဖို့တုံး။ စိုက်ပျိုးရေး ပညာရှင်ကလေးတွေ ဖြစ်လာစေဘို့။ သည်လိုဖြင့် သည်စိုက်ပျိုးရေးပညာရှင်ကလေးတွေ ဖြစ်လာဘို့ ဘာလို့ သင်ပေးရတာတုံး။ ဝန်ကြီး တောင်းတဲ့စာရင်းတွေ လိမ်ပြ တတ်ဖို့။ ဟုတ်ပေါင်၊ ယောင်လို့။ အဲ အဲ ဘာတဲ့။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ဆိုတာကြီးကို မြှင့်တင်ဘို့။ (စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်တယ်ဆိုတာ ကျွန်တော်သိရသလောက်တော့ လယ်သမားတွေ ဘယ်လိုနေနေ၊ ဘယ်လို စိုက်စိုက်၊ ငါတို့ စာရင်းတွေ တစ်နှစ်ထက်တစ်နှစ် တက်လာရင် တော်ပြီ ဆိုတာမျိုးများ ဖြစ်နေမလား၊ ကျွန်တော့်ဉာဏ် တစ်မိုက်တစ်ထွာမျှနဲ့ မှားယွင်းပြောမိတာဖြစ်လျှင် လည်း သူတော်ကောင်းအပေါင်းတို့ သည်းခံခွင့်လွှတ်ကြပါ ခင်ဗျာ)။ သဟာဖြင့် သည်လို နိုင်ငံ့အကျိုး ဆောင်မည့် နိုင်ငံ့သားကောင်း ကလေးများကို မွေးထုတ်ပေးနေတဲ့ ဦးကျောင်းဆရာ၊ ဒေါ်ကျောင်းဆရာမ တို့ကို နိုင်ငံအရေးလုပ်နေပါသည် ဟု မခေါ်လျှင် အဘယ်မည်သော သတ္တဝါကို နိုင်ငံရေး လုပ်နေသည် ခေါ်ပါ မည်နည်း။ (ရှုး၊ တိုးတိုးလုပ်ပါဗျ၊ တော်ကြာ ခင်ဗျားက ဆရာတွေ ဆရာမတွေ နိုင်ငံရေး လုပ်နေပါတယ်လို့ ရေးလိုက်လို့ မဆီမဆိုင် ကျုပ်တို့လာဆွဲနေပါအုံးမယ်။)

သည်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ သည်နိုင်ငံ ကောင်းစားရေးအတွက် သည်နိုင်ငံအတွင်း မှီတင်း နေထိုင် ကြကုန်သော နိုင်ငံသားများအနေနှင့် တာဝန်မရှိပါလော။ ငါတို့ကမှ တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်နေတာ ဖြစ်လို့ ငါတို့ကမှ တကယ့် တိုင်းပြည်ကိုချစ်တဲ့ ပြည်ချစ်သူရဲကောင်းတွေကွ ဟု တဖက်သတ် မဆိုပါနှင့်။ ကျွန်တော်တို့ အားလုံး၏ရင်ထဲ အသည်းထဲ ကျောက်ကပ်ထဲ နှလုံးထဲ အူသိမ်အူမထဲ အူအတက်ထဲတင်ပါ မကျန် ကျွန်တော်တို့ တိုင်းပြည်ကို ကောင်းစားစေချင်သော စေတနာ၊ ကျွန်တော်တို့ တိုင်းပြည်ကို နိုင်ငံတကာအလယ် တင့်တောင့်တင့်တယ် ဖြစ်စေချင်သော စေတနာ လူတိုင်းရင်ထဲမယ် အပြည့်ရှိပါ၏။ မယုံလျှင် ရောင်နီဆန်း၏ စာကို ပြန်ဖတ်ကြည့်ပါ။ သားတကွဲ မယားတကွဲ (ကျွန်တော်က သားတကွဲ၊ မယားတကွဲဆိုတဲ့စကားကို ခုမှ ခံစားဖူးတာ။ သူများတွေဆို ခံစားရတာ ကြာပေါ့) မိဝေး ဖဝေး တစ်ပြေရပ်ခြား တိုင်းတပါးရောက်နေသူများအကြားတွင် အနှီကဲ့သို့သော ရောင်နီဆန်းများ များစွာ ရှိပါသည်။ ကျွန်တော်ဆိုလိုသော ရောင်နီဆန်းများထဲတွင် ဟိုဟာကိုဖြင့် ရှုပ်ချလိုက်သည်၊ သည်ဟာကိုဖြင့် ကန့်ကွက် လိုက်သည်၊ ဟိုထုတ်ပြန်ချက်အပေါ် သည်ကြေငြာချက် ထုတ်ပြန်လိုက်သည် ဆိုသူများ မပါပါ။ ရိုးရိုး သားသား ကိုယ့်တိုင်းပြည်ကောင်းစားတာ မြင်ချင်သော သူများကို ဆိုလိုပါသည်။

သည်မျှ ကျွန်တော်လျှာရှည်လိုက်ပြီးလျှင်တော့ ကျွန်တော်တို့အားလုံး နိုင်ငံရေး လုပ်နေပါသည် ဆိုသည်ကို လက်ခံလိုက်ပါတော့။ မဟုတ်လျှင် နောက်ထပ် ၆ မျက်နှာလောက် ထပ်ရှည်သွားဖွယ်ရာ ရှိပါသည်။

အကျဉ်းချုပ်ရလျှင် -

 

အမျိုးသား နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသားအားလုံး၏ အရေးကိစ္စ ဖြစ်ပြီး နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာဏ္ဍမှ ကျရာတာဝန်ကို ကျေပွန်စွာ ဦးလည်မသုန် ထမ်းဆောင်ခြင်းပင် ဖြစ်လေသည်။

No comments: