ပညာရေး
“ပညာ သမာ၊ အာဘာ နတ္ထိ” “ ပညာနှင့်တူသော အရာသည် မရှိ။”
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် ပညာရေးကို အခြေခံပြီးတည်ဆောက်မှ မြဲမြံ ခိုင်မာသော၊ အနှစ်သာရ ရှိသော၊ ဓနဥစ္စာ ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းကြီး တစ်ခုဖြစ်လာမည်။ တစ်နည်းအားဖြင့် ဆိုရလျှင်လည်း အထက်တွင် ဖော်ပြခဲ့သလို ခုနစ်ရက်သားသမီးတို့ မပူမပင် မကြောင့်မကြ စိတ်လက် ချမ်းသာစွာ နေနိုင်သော လူ့အဖွဲ့အစည်းကြီးကို ထူထောင်နိုင်မည်။
ပညာရေး ဟု စကားကလေး သုံးလုံးထဲ ရှိသော်လည်း အလွန်ကျယ်ပြန့်ပါသည်။ သည်တော့ မှတ်ရ လွယ်အောင် ကျွန်တော် ဇယားကလေး ချကြည့်ပါမည်။
ပညာရေး
လောကုတ္တရာပညာရေး
လောကီပညာရေး
သံဃာတော်သင်
အဓိပ္ပါယ်ရှိသော လူ့ဘ၀အဖြစ် နေထိုင်နိုင်ရန် လမ်းညွှန်ပေးရေး
အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးရေး
လောကတွင် နေထိုင်နည်းများ သင်ကြားပေးရေး
သံသရာမှ လွတ်မြောက်ရေး
ကောင်းမွန်ပြည့်စုံ
သော ဘ၀တစ်ခု တည်ဆောက်ရေး
လူဝတ်ကြောင်များသင်
ကောင်းမွန်ပြည့်စုံသော လူမှုအဖွဲ့အစည်းကြီး(နိုင်ငံ) တစ်ခု တည်ဆောက်ရေး
ပညာရေး ဆိုလိုက်သည်နှင့် အများသူငါမျက်စိတွင် လုံချည်စိမ်းနှင့် အင်္ကျီဖြူလေးများကို ပြေးမြင်ယောင် မိပါလိမ့်မည်။ သို့သော် ကျွန်တော်က ပညာရေးကို ဤ အဖြူအစိမ်း လောကထက် ကျော်လွန်ပြီး သည့်ထက်ပို အဓိပ္ပါယ်ရှိစွာ ရှုမြင်လိုပါသည်။ ကျောင်းသားကျောင်းသူများ၏ ပညာရေးရည်မှန်းချက် ပန်းတိုင်ကိုလည်း စာမေးပွဲ အောင်ပြီး ဘွဲ့တစ်ခုရရေး ဆိုသည်ထက် ပိုပြီး နိုင်ငံတော်တည်ဆောက်ရေး အပိုင်းရောက် သည်ထိ၊ သို့မဟုတ် မိမိရည်မှန်းချက် ပန်းတိုင် ရောက်သည်ထိ ရည်မှန်းချက် ကြီးကြီးထားစေချင်ပါသည်။
အဖြူအစိမ်းလောကလောက်၊ တက္ကသိုလ်လောက လောက် မဟုတ်ရင် ဘယ်လို ပညာရေး မျိုးလဲ။ ကျွန်တော် သရုပ်ခွဲကြည့်ပါမည်။
ပထမ ပညာ ဆိုတာဘာလဲ ဟု ပညာ၏ အဓိပ္ပါယ်ကို ကြည့်ရလျှင် ပညာဆိုသည်မှာ အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ ဝေဖန်ပိုင်းခြားတတ်ခြင်း ဟု အဓိပ္ပါယ် ရပါ၏။ ပညာဟူသည် ကျယ်ဝန်းနက်နဲသည်နှင့် အမျှ ချက်ခြင်းသင်၊ ချက်ခြင်းတတ် မဟုတ်မူရကား၊ အချိန်ကာလ အတော်ကြာအောင် လေ့လာ သင်ယူရသည်။ သို့သော် မည်မျှပင်လေ့လာပေမင့် ကုန်နိုင်သည် မရှိနိုင်။ အတိုင်းအတာတစ်ခုထိ နားလည်သွားတာ ပဲရှိမည်။ လုံးဝပြီးပြည့်စုံဘို့ ဆိုတာ မလွယ်။
ယခုကာလ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် သင်ကြားနေရသည်တို့မှာ ပညာစစ်စစ် မဟုတ်သေး။ ပညာကို သင်ယူရန် အခြေခံများကို လေ့လာနေရခြင်းများသာ ဖြစ်၏။ တဖန် တက္ကသိုလ်တွင် သင်ကြားရ သည်များမှာ ပညာများလောဟု ဆိုလာပါလျှင်လည်း တစ်စိတ်တစ်ပိုင်းမျှသာ မှန်နိုင်ပေလိမ့်မည်။ အခြေခံပညာ ကျောင်း များတွင် မျိုးစေ့ချပေးလိုက်သော ပညာသင်ယူနည်း အခြေခံများကို အသုံးချပြီးသကာလ ပညာရပ်တစ်ခုအား လေ့လာပုံ လေ့လာနည်းများကို တက္ကသိုလ်မှ ဆက်လက် သင်ကြားပေးခြင်းမျှသာ ဖြစ်ပေသည်။
တကယ့်ပညာကိုရဘို့ရာဆိုသည်မှာ ဆရာသင်ပေးလို့မရ။ မိမိကိုယ်၌က လေ့လာသင်ယူမှသာ ရနိုင်ပေမည်။ ဤတွင် ပညာကို ကျွန်တော်နှစ်ပိုင်းခွဲ လေ့လာပါမည်။ တစ်ပိုင်းမှာ လောကုတ္တရာပညာဖြစ်ပြီး၊ တစ်ပိုင်းမှာ လောကီ ပညာ ဖြစ်ပါသည်။ လောကုတ္တရာပညာရေး မှာ ယခုခေါင်းစဉ်နှင့် သိပ် အကြုံးမ၀င်သဖြင့် ဘာသာရေး ခေါင်းစဉ် အောက်တွင် အကျယ်ဆွေးနွေးပါမည်။ ယခုမူ လောကီပညာရေးကို ကျွန်တော် လေ့လာမိသလောက် ဆက်လက် ဆွေးနွေးသွားပါအံ့။
လူဝတ်ကြောင်များအတွက် လောကီပညာရေးကို ထပ်ခွဲရလျှင် အသက်ရှင်နေထိုင်ရန် လိုအပ်သည့် သက်မွေး ၀မ်းကျောင်းအတတ်ပညာ နှင့် ဘ၀နေနည်း အတတ်ပညာ ဟု နှစ်ပိုင်းရပါသည်။ ထိုနှစ်ရပ်လုံး လူ့ဘ၀ အသက်ရှင် ရပ်တည်ရေးအတွက် တတ်မြောက်ရန် မရှိမဖြစ် လိုအပ်၏။ သို့သော် ထိုနှစ်ရပ်အနက် ဘ၀နေနည်း အတတ်ပညာမှာ ပိုမို နက်နဲ သိမ်မွေ့လျှက် သင်ယူတတ်မြောက်ရန် ခက်ခဲပြီး လူ့ဘ၀အတွက် ပိုလည်း အရေးကြီးပေသည်။ သက်မွေးဝမ်း ကျောင်းပညာများ မည်မျှတတ်သည်ဆိုစေ၊ ဘ၀နေနည်းအတတ်ပညာကို မတတ်သူတစ်ဦးအဖို့ လူ့လောကတွင် လူတန်းစေ့နေနိုင်မည် မဟုတ်ပါ။ လူတန်းစေ့ ဆိုသော စကားကိုလည်း နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးပါမည်။
သက်မွေးဝမ်းကျောင်း အတတ်ပညာဟူသည် ကျွန်တော်တို့ကျောင်းတွင် သင်ကြားခဲ့ရသမျှ သိပံ္ပ၊ ၀ိဇ္ဇာ ဘာသာ ရပ်များပင် ဖြစ်ပါ၏။ ဘ၀တွင် အသက်ရှင်သန်နေထိုင်ရေးအတွက် လိုအပ်သည့် စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့် ဆည်းပေးရန် ခပ်ရှင်းရှင်းပြောရလျှင် ပိုက်ဆံရှာရန် သင်ယူလေ့လာရသည့် အတတ်ပညာများပင် ဖြစ်ပါသည်။ အင်ဂျင် နီယာ၊ ဆရာဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရှေ့နေ၊ စာရင်းကိုင် နာမည်တွေသာကွဲပြီး သင်ယူရသောဘာသာများသာကွဲ မည်၊ အဓိကရည်ရွယ်ချက်မှာ မိမိအသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်တစ်ခုရရန်သာ ဖြစ်၏။ ကျောင်းမှသင်ပေး လိုက်သည်များကို အခြေခံကာ အလုပ်လုပ်ရင်း အလုပ်ထဲမှအတွေ့အကြုံများနှင့်ပေါင်းစပ်လျှက် တကယ့် ပညာရပ်ကို လေ့လာကြရသည်။ လုပ်ရင်း၊ မှားရင်း၊ လေ့လာရင်း၊ ထပ်လုပ်ရင်း ဖြင့် အတွေ့အကြုံများ ရင့်ကျက်လာသောအခါ ထို ဘာသာရပ်တွင် ကျွမ်းကျင် တတ်မြောက်သူ ဖြစ်လာမည်။ စက်မှုအင်ဂျင်နီယာက စက်များအကြောင်း နားလည်မည်။ စာရင်းကိုင်သမားက စာရင်းအင်းများကို ရှစ်စပ်က ဂျင်ခြေလည်မည်။ ဆရာဝန်က လူနာတစ်ယောက်လာလျှင် ဘာ ရောဂါဖြစ်သဖြင့် ဘာဆေးပေးရမည် ကို သိမည်။
သို့သော် ထို ဆရာဝန်အတတ်၊ အင်ဂျင်နီယာအတတ်တို့သည် ဆရာဝန်၊ အင်ဂျင်နီယာတို့နှင့်သာ သက်ဆိုင်၍ စာရေးဆရာနှင့် မဆိုင်။ စာရေးဆရာအဘို့ စာရေးသည့် အတတ် တတ်ဖို့သာလိုသည်။ လူနာကို ဘယ်ဆေးပေးရမည် သိစရာမလို။ သို့သော် ဘ၀နေနည်း အတတ်ပညာကား ထိုသည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ လယ်သမား၊ စာရေးဆရာ အားလုံးနှင့် လူတိုင်းနှင့် သက်ဆိုင်သည်။ အရာရှိကြီးနှင့် ဆိုင်သလို ပြာတာနှင့်လည်း ဆိုင်သည်။ အင်ဂျင်နီယာကြီးနှင့် ဆိုင်သလို လယ်သမားနှင့်လည်းဆိုင်သည်။ မြို့က မမလေးနှင့် ဆိုင်သလို တောက ကြီးဒေါ်ကြီး နှင့်လည်း ဆိုင်သည်။ ဒါပေသိ ဘ၀နေနည်း ဆိုသည် အတတ်ပညာတစ်ရပ်မဟုတ်။(ကျွန်တော်မှားချင် မှားပါမည်)။ သင်ဘို့မလွယ်လှ။ သူဘယ်လောက်တတ်နိုင်သည်ဆိုသည်ကို သူ ဘယ်လောက်လက်ခံနိုင်သည့် နှလုံးသား ရှိသည် ဆို သည့်အပေါ်မူတည်သည်။ သို့သော် ပညာတတ်သူနှင့် မတတ်သူ ယှဉ်ကြည့်ပါမူ ပညာတတ်သူက ပိုပြီး သင်ယူဘို့ လွယ် ကူမည်။
သဟာဖြင့် ထို ပညာရပ်နှစ်ခုအကြောင်း ပိုပြီးအသေးစိတ် ကြည့်ကြရအောင်။ (ကျွန်တော်သည် ပညာရေး အကြံပေးအရာရှိမဟုတ်မူ၍ ပညာရေးအကြောင်း နှံ့စပ် ကျွမ်းကျင်သူဟု မဆိုလိုပါ။ ကိုယ်လေ့လာထားမိသမျှကလေးကို အပေါင်းအသင်း မိတ်ဆွေများအား ပြန်လည် ဖောက်သည်ချခြင်းမျှသာ ဖြစ်ပါ၏)။
သက်မွေးဝမ်းကျောင်း အတတ်ပညာ
သက်မွေးဝမ်းကျောင်း အတတ်ပညာများမှာလည်း များပြား စုံလင်လှပေ၏။ ယနေ့ခေတ်ကြီးသည် အင်မတန် လျှင်မြန်လှသော နှုံးဖြင့် လိုက်မမီနိုင်အောင် တိုးတက်နေသည်ဖြစ်ရာ ကျွန်တော်တို့သည်လည်း သူများနည်းတူ အားကြိုး မာန်တက် ကြိုးစားကြပါမှ သူများနောက် မကျန်ခဲ့မည် ဖြစ်ပါ၏။ သည်ခေတ်ကြီးသည်ကား နည်းပညာခေတ်ကြီး ဖြစ်ပေ ရာ မသိသူကျော်သွား၊ သိသူဖော်စား ဟူသောစကားမှာ လက်ရှိခေတ်နှင့် ပိုပြီး ဟပ်မိနေတော့၏။ ဖော်စားရန်အတွက် သိသူများဖြစ်ရန်မှာလည်း သူရို့ high tech ကို လေ့လာတတ်မြောက်ထားမှ ဖြစ်ပေမည်။ ငါ သိတာကလေးမျှကို ဟုတ်လှပြီ ထင်လို့မဖြစ်။ ငါ မသိသေးတာတွေကား အနမတဂ္ဂဖြစ်တော့သည်။ သို့အတွက် ဂရိပညာရှင်ကြီး ဆော့ခရတ္တိ က ငါသိတာသည် ဟောသည် ကျွဲခြေရာခွက်ထဲက ရေကလေးမျှသာ ဖြစ်လျှက် ငါမသိသေးတာတို့သည်ကား ဟောဟို သမုဒ္ဒရာကြီးထဲက ရေအထုမျှ ရှိပေသည် ဟု ပြောခဲ့ခြင်း ဖြစ်ပေ၏။ သို့အတွက် ကျွန်ုပ်တို့လေ့လာသင်ယူနေသော ပြဌာန်းချက်များကိုလည်း ခေတ်နှင့်လျော်ညီအောင် အမြဲသုံးသပ်၊ အမြဲမြှင့်တင် နေရမည် ဖြစ်ပါသည်။
တကယ်ဖြစ်ပျက်ခဲ့သော မူလတန်းကျောင်းမှ ဟာသကလေးအကြောင်း စိတ်မကောင်းစွာ ပြန်ပြောင်းပြောပြ ရလျှင် -
ကျောင်းတစ်ကျောင်းသို့ ကျောင်းစစ်ဝင်သည်။ စစ်ဆေးရေးအရာရှိကြီးက မူလတန်းကျောင်း အတန်းတစ်ခု သို့ စွတ်ကနဲ ၀င်သွားကာ ကျောင်းသားများအား နှုတ်ဆက်၏။
“ မင်္ဂလာပါ ကလေးတို့”
“ မင်္ဂလာပါ ဆရာကြီး”
“ ကဲ ကဲ ထိုင်ကြ ထိုင်ကြ။ ကလေးတို့ စာသင်ရတာ ပျော်ရဲ့မဟုတ်လား။”
“ ဟုတ်။ ပျော်လိုက်သမှ ပျော်ပျော်၊ ပျော်ပျော်နဲ့တောင် နေပါသေးတယ် ဆရာကြီး။”
“ အေး၊ ကောင်းပါလေရဲ့ကွယ်၊ ဆရာကြီးက ကလေးတို့ကို နည်းနည်းမေးစရာလေး ရှိလို့ကွဲ့။”
“ ဟုတ်”
“ကိုင်း ဒါဖြင့် ရာဇ၀င်ထဲက မိန်းမသား၊ အဲလေ ဟုတ်ပေါင် ယောင်လို့။ ရာဇ၀င်ထဲက သူရဲကောင်း တစ်ယောက် အကြောင်းမေးမယ်၊ ပုဂံရာဇ၀င်ကို ကလေးတို့ သင်ရတယ် မဟုတ်လား။”
“သင်ရပါတယ် ဆရာကြီး၊ ဗျတ္တလိုပန်းဆက်သမားပါကွယ် ဆိုတဲ့သီချင်းတောင် ရပါသေးတယ် ဆရာကြီး”
“အေး၊ ကောင်းပါလေ့။ ဒါဖြင့် ပုဂံရာဇ၀င်ထဲက အင်မတန် ထင်ရှားကျော်ကြားတဲ့ သူရဲကောင်းကြီး တစ်ယောက်ရဲ့ နာမည်ကို ပြောပြစမ်းပါကွယ်။”
“......................................................”
“ဟေ။ ကဲ ဒါဖြင့်၊ သူ့နာမည်က ကျန် နဲ့ စသကွဲ့၊ လွယ်လွယ်လေးပါကွယ်”
(တစ်တန်းလုံးတပြိုင်နက်) “ကျန်ကျောင်းပါဆရာကြီး”
“................................. ဂိန်၊ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ ရေမရှိတဲ့ချောင်း နှာခေါင်းဖော်ပြီးတော့ကို သေသင့်ပါတယ်။”
ဤကဲ့သို့သော ကျောင်းများ ကျွန်ုပ်တို့ တိုင်းပြည်ကြီးတွင် ဘယ့်ကလောက်များ များနေပြီနည်း။ ကျွန်တော်က နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ရောက်နေသည် ဖြစ်ရာ ဗမာနိုင်ငံတော်အတွင်း ဖြစ်ပျက်နေသည်များကို ကျကျနန၊ ဂဃ နဏ သိခွင့်မရ။ သူများပြောသည်ကို တဆင့်အနည်းအကျဉ်းမျှ ပြန်ကြားရသည်ဖြစ်လေရာ တကယ့်တကယ် သေသေ ချာချာများ လေ့လာလိုက်ရလျှင်ဖြင့် ဘုရားဘုရား။ ဘုန်းတော်ကြီးမြတ်လှပါသော မဟာကရုဏာရှင် ရှင်တော်မြတ် ဘုရား။ ဘုရားတပည့်တော်အား ဤအကြောင်းများ သိခွင့်ပြုတော် မမူပါနှင့်။ ဘုရားတပည့်တော် ဤအကြောင်းများ ကြားရလျှင် မနေနိုင်မထိုင်နိုင် သွေးတက်လွန်းလို့ပါ ဘုရား။
ကျွန်တော်နှင့် နီးစပ်သူ လူငယ်ကလေးများကို မင်းတို့ ဘာဘာသာရပ်တွေများ ယူသလဲ ကွဲ့ ဟု မေးကာ သူတို့ ယူခဲ့သော ဘာသာရပ်များအကြောင်း အနည်းငယ် တီးခေါက် ကြည့်မိပါ၏။ တခြားလူ မပြောပါနှင့်။ ကျွန်တော့် တူတော် မောင် ဆိုလျှင် သူတက်နေသည့်အတန်းတွင် ဘယ်နှဘာသာရှိမှန်းသေချာမသိသလို ဘာဘာသာရပ်တွေလဲ ဆိုတာ တောင် ပြောမပြတတ်ပါ။ ဘာတွေသင်ရသလဲ ဆိုတာ ဝေလာဝေး။ စာမေးပွဲနီးမှ အနီးကပ်သင်တန်းသွားတက်၊ စာခိုးချ ဖြေ။ ဒါ ပညာလား။ စာခိုးချခြင်းသည် အတတ်ပညာတစ်ရပ်လား။ (အောင်မယ်လေးလေး၊ သူရို့စာခိုးချနေတာ သွားဖမ်း ဘို့ မကြိုးစားလေနဲ့။ မသိချင်ယောင် အသာလေးဆောင်နေ။ မဟုတ်လို့ကတော့ ပြဿနာတက်ပြီးသားလို့သာ အောက် မေ့တော့။ အာစရိယ ဂုဏ္ဏော အနန္တောဆိုတာ ဟိုး ၂၀ ရာစုနှစ်က ပြတိုက်အဟောင်းကြီးထဲမှာ သိမ်းထားခဲ့လို့ ဖုံတက် နေတာ ကြာခဲ့ပေါ့။ ခင်ဗျားတို့၊ ကျုပ်တို့လို ရှေးအဖိုးကြီးတွေသာ အဲဒီကျမ်းစာအဟောင်းကြီးကို တရိုတသေနဲ့ မြတ်မြတ် နိုးနိုး ဖက်တွယ်နေကြတာ။)
ကျွန်တော့်ညီမကလေးက ကွန်ပြူတာ စာစီစာရိုက်လုပ်လေတော့ သူ့ဆိုင်သို့ ကျွန်တော် မြန်မာပြည်ရှိခိုက် မကြာမကြာ ရောက်ဖြစ်ပါ၏။ တစ်ရံခါသော် သူ့ဆိုင်တွင် လက်တစ်ဝါးမရှိတတ် ရှိတတ် စာရွက်ခေါက်ကလေးများ အများ အပြားကို တွေ့ရ၍ ကျွန်တော်လည်း စိတ်ဝင်စားမိသဖြင့် ယူငင်ကာ ကြည့်မိ၏။ ဟိုက် ရှာလပတ်ရည်။ ကျွန်တော့် မျက်လုံးနှင့် ဖတ်လို့မရ။ သည်တော့ သူ့ကိုမေးကြည့်မိသည်။ ဟဲ့ - .....ရဲ့။ သည့်ကလောက် စာလုံးသေးသေးလေးတွေ ကူးထားလို့ ဘယ်လိုလုပ် သွားဖတ်မတုံး ဟဲ့။ အာ၊ အစ်ကိုကြီးနားမလည်ပါဘူး။ အဲ့ဒါ မိုက်ခရွန်ခေါ်တယ်။ ဖတ်ဖို့လို့ ကူး ထားတာ မဟုတ်ဖူး။ ဟေ - နင့်ဟာကလည်း အဆန်းပါလား။ စာကို ဖတ်ဖို့ကူးတာမဟုတ်ရင် ဘာလုပ်ဖို့ ကူးတာတုံး။ ခိုး ဘို့၊ ခိုးဘို့။ ခု စာမေးပွဲရာသီရောက်လာလို့ ကျောင်းသားတွေ စာမေးပွဲခန်းထဲမှာ ကူးချလို့ရအောင်။
အဘားလေး၊ ယေရှုသခင် ကယ်တော်မူပါ။ ငါတို့ငယ်ငယ် တချို့ စာမေးပွဲမှာ စာခိုးချတယ်ဆိုတာ လက်ဝါး တို့ လက်မောင်းတို့မှာ မှတ်စုကလေးတွေကို အတိုကောက်ကလေးတွေ မှတ်သွားတာပါဟယ်။
ခုက ၂၁ ရာစုလေ အစ်ကိုကြီးရဲ့။ ၁၉၇၀ ခုနှစ် မဟုတ်တော့ဘူး။ အလွတ်ကျက်ပြီး မှတ်စုမှတ်ဖို့ အချိန်မရတော့ ဘူး။ ပါမဲ့ စာတစ်ပုဒ်လုံးကို အစအဆုံးကူးပြီး ခိုးချကြတာ။
“အို၊ အဖ ဘုရားသခင်”
ဤကဲ့သို့သော ပညာတတ်လူငယ်ဆိုသူများနှင့်သာ ကျွန်တော်တို့တိုင်းပြည်ကြီးကို တည်ဆောက်လိုက်ရလျှင် ^&%$&*(#@:&%$#*@. ဤကဲ့သို့သော ပညာတတ်များသာ ကျွန်တော်တို့တိုင်းပြည်ကြီးကို ကြီးစိုးခဲ့လျှင်၊ ဤ လူငယ်များနှင့်သာ ကျွန်တော်တို့တိုင်းပြည်၏ အစိုးရယန္တယားကြီးတစ်ရပ်လုံးကို လည်ပတ် မောင်းနှင်ရမည် ဆိုပါလျှင် -
အို၊ နှစ်ကျိပ်ရှစ်ဆူဘုရားများ ကယ်မတော်မူပါ။ သမ္ဗုဒ္ဓေ ဂါထာပါ ဘုရားပေါင်း ငါးသိန်းနှစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ် ဆူ ကယ်မတော်မူပါ။ ဘုရာ့ကျွန်တော်မျိုးတို့ကို သည်အတိုင်းပစ်ထားတော် မမူပါနှင့်။
သို့သော် ကြိုးစားပမ်းစား လေ့လာသင်ယူနေသူ လူငယ်များလည်း အများအပြားရှိပါ၏။ သို့သော် သူတို့ခမျာ မှာလည်း လမ်းညွှန်ပြသပေးဘို့ လိုနေသေးတာ တွေ့ရပါသည်။ ကျွန်တော်ကြုံလျှင် ကြုံသလို လူငယ်ကလေးများနှင့် စကားစနေ ပြောကြည့်ပါသည်။ လူငယ်တွေဆိုတော့ မျှော်လင့်ချက်တွေ တပြုံကြီးနှင့်။ မိမိတို့အနာဂါတ်အတွက် မည်သို့ ကြိုတင် ပြင်ဆင်ထားသနည်း သိလို၍ ဖြစ်ပါ၏။ အတော်များများမှာ မိမိပတ်ဝန်းကျင်မှ လူများပြောသည်ကို နားယောင် ကာ ကောင်းနိုးရာရာ သင်တန်းများကို တက်ကြပါသည်။ တချို့များဆို သင်တန်းတွေ စေ့တကာစုံနေအောင်တက်ပြီး လက်မှတ်တွေ တပြုံကြီးကိုင်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။
ခုခေတ်တွင်မတော့ သူတို့တွင် ရည်ရွယ်ချက် တစ်ခု ရှိလာပြီ ဟု ပြောလို့ရပါသည်။ လူငယ်၊ လူလတ်၊ လူကြီး၊ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြသူ ရာနှုံးတော်တော်များများအတွက် တတ်နိုင်သည့်သူများဆိုလျှင် သူတို့ရည်မှန်း ချက် မှာ နိုင်ငံခြားသွား အလုပ်လုပ်ဖို့ ဖြစ်ပါသတည်း။ သည်တော့ သူတို့တက်နေသောသင်တန်း ဆိုသည်များသည် ထိုသင်တန်းမှသင်ပေးလိုက်သော ပညာကို လိုချင်၍ မဟုတ်။ လက်မှတ်တစ်ခုရကာ ထိုလက်မှတ်ဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်လို့ ရမလားဟု တက်နေကြခြင်းသာ ဖြစ်ကြောင်း သိသာပါ၏။ တချို့တော့လည်း အင်္ဂလိပ်စာ သင်တန်း၊ ဂျပန် သင်တန်း၊ ကိုးရီးယားသင်တန်း စသည်များကို ကြိုးစားပမ်းစား သင်ယူနေကြပါသည်။ ထို လူငယ်များအား ကျွန်တော် သဘောကျပြီး သူတို့အတွက် စနစ်တကျလေး သို့မဟုတ် မှန်မှန်ကန်ကန်လေး ဖြစ်စေချင်ပါသည်။
ကျွန်တော် မြန်မာပြည်နှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်တော့ ရန်ကုန်တွင် ဖြစ်ပျက်နေသည်များကို သေသေချာချာ မသိပါ။ ကျွန်တော်တို့ခေတ်တုံးကမူ လူငယ်များ၏ အနာဂါတ်အတွက် ညွှန်ပြမည့် ဆွေးနွေးပွဲများ၊ ဟော ပြောပွဲများ မရှိခဲ့ပါ။ သွန်သင်ညွှန်ပြ ဆိုဆုံးမမည့် လူကြီးများကိုလည်း မကြုံခဲ့ဖူးပါ။ ကျွန်တော့်အမြင်တွင် လူငယ်များ အတွက် ထိုဟောပြောပွဲလေးများ (seminar, workshop) ရှိလျှင် ကောင်းလေစွ ဟု ဆန္ဒဖြစ်မိပါသည်။ ခုခေတ်လို နိုင်ငံခြားအလုပ်အကိုင်များအတွက် agent များ မှိုလိုပေါနေချိန်တွင် ထိုကဲ့သို့သော သင်တန်းများ ရှိချင်လည်း ရှိနိုင် ပါမည်။ ကျွန်တော်မသိသေးတာ ဖြစ်နိုင်ပါသည်။ ထိုသင်တန်းများက လူငယ်များ အတွက် မိမိနှင့်သင့်တော်ရာ ဘာလုပ်သင့်သည်ကို စံနစ်ကျစွာ လမ်းညွှန်ပြနိုင်မည်။ လူငယ်များသည်လည်း မိမိတို့ဖြစ်ချင်သည်များကို မှန်ကန်စွာ ရွေးချယ်နိုင်ကာ မိမိတို့နှင့် သင့်တော်မည့် သင်တန်းများကို စံနစ်တကျ သင်ယူလေ့လာနိုင်မည်။
သို့သော် ၁၉၉၀ နှစ်များအတွင်းကတော့ ဆရာဦးအောင်သင်းက “မျိုးဆက်သစ် တိုးတက်ရစ်ဖို့”39 စာပေ ဟောပြောပွဲများ ကျင်းပခဲ့ပါသည်။ အလွန်အဖိုးတန်ပြီး အနှစ်သာရရှိသော ဟောပြောပွဲများဖြစ်ပါ၏။ ဆရာ၏ ဟောပြော ချက်များကို နားထောင်ကြည့်လိုက်လျှင် ဆရာ့အနေနှင့် လူငယ်များအပေါ်ထားသော စေတနာကို ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပါသည်။ ကျွန်တော်တို့ လူငယ်များအတွက် ထိုဟောပြောပွဲမျိုးများ စဉ်ဆက်မပြတ် နိုင်ငံအနှံ့ ရှိနေဘို့ လိုပါသည်။
အရေးကြီးသည်မှာ လူငယ်များ မိမိတို့ဘာဖြစ်ချင်သည်ကို ပြတ်ပြတ်သားသား သိနားလည်နိုင်ဘို့ဖြစ်ပါ၏။ သို့မှလည်း ထို ရည်မှန်းချက်သို့ရောက်ရာရောက်ကြောင်း နည်းလမ်းများကို ရှာဖွေလေ့လာ ဆည်းပူးကာ တက်လမ်းရှိသော လူငယ် လေးများ ဖြစ်လာမည်။ ဥပမာ ဆိုရလျှင် - မိမိစိတ်ဝင်စားပြီး ဖြစ်ချင်သည်မှာ programmer ဖြစ်ချင်သည် ဆိုကြပါစို့။ program ရေးနည်းသင်တန်းများကို တက်ပြီး နီးစပ်ရာ ကုမ္ပဏီများတွင် လခ နည်းသည်များသည် ပမာမထားပဲ program များ တတ်နိုင်သလောက် ၀င်ရောက်ရေးပြီး အတွေ့အကြုံယူရင်း သင်ယူရပါမည်။ ထိုမှ professional programmer ဖြစ်အောင် တက်လှမ်းရမည် ဖြစ်ပါ၏။
သူများယောင်လို့ယောင်၊ အမောင် တောင်မှန်းမြောက်မှန်းမသိ ဆိုလျှင် တက်ထားသော သင်တန်း ဆိုသည် များမှာလည်း ဘာမှ အသုံးတည့်စရာမရှိပါ။ အနို့ ကိုယ်စိတ်မ၀င်စားသော ဘာသာရပ်ကို အဘယ်မှာလျှင် တဖက်ကမ်း ခတ်အောင် လေ့လာသင်ယူလိုစိတ် ရှိပါမည်နည်း။ ဆံပင်ညှပ်ပညာပင်ဖြစ်စေ အတတ်ပညာမှန်လျှင် အထင်သေးလို့ မရ။ သူ့ပညာနှင့်သူ အသုံးတည့်သည်ချည်း။ အရေးကြီးသည်မှာ ထိုပညာနှင့်ပတ်သက်၍ ရေဆုံးမီးဆုံး သင်ကြား တတ်မြောက်ထားရန် ဖြစ်၏။ တို့စိတို့စိပညာသည် မိမိကို အထက်တန်းရောက်အောင် ပို့ဆောင်ပေးနိုင်မည် မဟုတ်။ ကျွန်တော်တို့ငယ်စဉ် မူလတန်းကျောင်းသားဘ၀က သင်ယူခဲ့ရသော ကဗျာကလေးကို မှတ်မိကြပါလိမ့်မည်။ ပညာကို မည်ကဲ့သို့ လေ့လာသင်ယူရမည် ဟု ဆိုဆုံးမထားသော ကဗျာကလေး ဖြစ်ပါ၏။
တသင်းမှတ်ကြ၊ လူထိုမျှတို့
သိပ္ပကိုမူ၊ နည်းသည်ဟူ၍
မအောက်မေ့နှင့်၊ တွေ့ရာမှတ်သား
မိုးပေါက်များသော်၊ အင်းလျားချောင်းကန်
ပြည့်သောဟန်တည့်။
(အလွန်ရှင်းလှပါသည်။ ကျွန်တော် ထပ်ရှင်းရန် မလိုတော့ပါ။)
မှတ်ရန်တစ်ခု
နှုတ်မှုလက်မှု၊ တစ်ခုခုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တစ်ခုမျှလျှက်၊ အသက်မွေးကျောင်း
ဖြစ်တုံရှောင်း၏။ ။(ဆားတုံ ဆရာတော်- ထင်ပါသည် မှတ်ဉာဏ်ထဲတွင်ကား ခပ်ဝါးဝါး)
ဤတွင် ရင်းဖျားကုန်စင် ဆိုသည်မှာ တဖက်ကမ်းခတ် ဟု ဆိုလိုပါ၏။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် ပါရဂူ မြောက် တတ်မြောက်ခြင်းကို ဆိုလိုပါသည်။ မည်မျှသေးငယ်သောပညာပင်ဖြစ်စေ တဖက်ကမ်းခတ်သာ တတ်မြောက် ပါမူ မိမိ မိသားစုတစ်ခုလုံးကို မိမိတစ်ဘ၀လုံး ထမင်းကျွေးထားနိုင်မည် ဖြစ်သည် ဟု ဆရာတော်ကြီးက ဆုံးမထားတာ ဖြစ်ပါသည်။
သက်ဆိုင်ရာ နယ်ပယ်အလိုက် သက်မွေးဝမ်းကျောင်း အတတ်ပညာများမှာလည်း များပြားလှပေသည်။ အနုပညာလုပ်ငန်းနှင့် ပတ်သက်၍ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ အဆိုတော်၊ သရုပ်ဖော်သူ၊ သီချင်းရေး ဆရာ၊ ပန်းချီဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာ၊ စာစီသူ၊ စာပြင်ဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်း၊ မီးထိုး၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာ စသည်ဖြင့်လည်းကောင်း။ အင်ဂျင်နီယာ နယ်ပယ်တွင် စက်မှု အင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ဓါတု အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ၊ ပိသုကာ စသည်ဖြင့် လည်းကောင်း။ ဆေးပညာနယ်ပယ်တွင် ဆရာဝန်၊ သူနာပြု၊ ဓါတ်ခွဲခန်းကျွမ်းကျင်သူ၊ ဆေးစပ်သူ ဘာညာကွိကွ၊ သူ့ နယ်ပယ်နှင့်သူ များပြားလှပါဘိတောင်း။ လယ်သမား၊ ယာသမား၊ ထန်းတက်သမား၊ ထန်းလျက်ချက်သူ၊ တံငါသည်၊ လှေသူကြီး၊ အိုးထိန်းသည်၊ ယက္ကန်းသမ၊ အပ်ချုပ်သူ စသည်ဖြင့် သက်မွေးဝမ်းကျောင်း အတတ်ပညာများမှာ အလွန့် အလွန်များပြားလှပေရာ ကိုယ်နှင့်သင့်တော်ရာ သင့်တော်ရာ သက်မွေးဝမ်းကျောင်း အတတ်ပညာကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်ထားဘို့ အရေးကြီးပါသည်။ ဟို စပ်စပ် သည်စပ်စပ် တတ်သူမှာ ထမင်းငတ်ဖို့များလေသည်။ ထူးချွန်သူဖြစ်ပါမူ အတတ်ပညာ သုံးလေးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့ ဖြစ်နိုင်မည်။ သာမန်လူတစ်ယောက်အဖို့ ဖြစ်နိုင်လျှင် တစ်မျိုးထဲကို အိတ်သွန်ဖာမှောက် (သေတ္တာမှောက်) တတ်မြောက်ထားခြင်းကသာ ပိုမို သင့်တော်ပေမည်။
အထက်က ကျွန်တော်က ဆံပင်ညှပ်ပညာကို နမူနာဆိုခဲ့သဖြင့် ဆံပင်ညှပ်ပညာအကြောင်းကိုပင် ဆက်လက် ပြောပါမည်။ ဆတ္တာသည် တစ်ဦးသည် ဆံပင်ကို ရှည်ရာမှ တိုအောင် ညှပ်တတ်ရုံမျှဖြင့် professional ဆတ္တာသည် မဖြစ်နိုင်။ ကောက်နေသော ဆံပင်ဆိုလျှင် မည်သည့်ပုံမျိုးညှပ်မှ ကြည့်ကောင်းမည်။ လုံးဝိုင်းနေသော ဦးခေါင်းပေါ်မှ ပျော့ပျောင်းသောဆံပင်ကို မည်သည့်ပုံညှပ်မှ ကြည့်ကောင်းမည်။ နောက်စေ့ကောက်နေသောဦးခေါင်း ပေါ်မှ ဆံပင် သန်သန်ကြီးကို မည်သည့်ပုံမျိုး ညှပ်ရမည်။ ဤပုံမျိုးရအောင် မည်သည့်လက်နက်ကိရိယာသုံးလျှင် သင့်တော်မည် အိုး- အများကြီးဖြစ်ပါ၏။ သည်ခေတ်ကြီး ပိုများသေးသည်။ ဆံပင်အလှပြင်ဆိုင် နှင့် ဆံပင်ပုံသွင်းသင်တန်းများသည် ဤအတတ်ပညာများကို သင်ကြားပေးနေသည် မဟုတ်လော။
သို့သော် အိမ်ခြေ ၅၀ လောက်ရှိသောရွာမှ ဆံပင်ညှပ်ဆရာ အဖို့တော့ ကပ်ကျေးတစ်လက် ဘီးတစ်ချောင်း လောက်ဖြင့် လုံလောက်ချင် လုံလောက်မည်။ ဆံပင်တိုအောင် ညှပ်တတ်လျှင် ပြီးပြီ။ ဒါတောင် အဲ့သည်တစ်ရွာလုံး သူတစ်ဦးထဲ ပြိုင်ဘက်မရှိ ဆံပင်ညှပ်သူ ဖြစ်ပါဦးမှ။ အပြိုင်အဆိုင် ဖြစ်လာပြီဆိုပါက သည်မျှနှင့် မရတော့။ သူများထက် ဦးခေါင်းတစ်လုံးသာအောင် လေ့လာရတော့မည်။ သူများထက် ပိုသာအောင်လုပ်ပြနိုင်ပါမှ သူ့ဆိုင် ဖောက်သည်အလာ များမည် မဟုတ်ပါလား။ ဆံပင်ညှပ်သည် ဆိုခြင်းမှာ ကိုယ်က သူများကို သွားမဲဆွယ်လို့ရစကောင်းသော အရာမဟုတ်။ ဆံပင်ရှည်ပြီး ခေါင်းယားလာသူများ ဆိုင်တွင်းဝင်အလာကို ဆိုင်ထဲမှ သတင်းစာဖတ်ရင်း စောင့်ကြိုရသော အလုပ် ဖြစ်၏။ အောင်မယ်၊ တချို့ကျ ဆံပင်ညှပ်ဆရာ ဆံပင်ညှပ်ရင်း ပြောသော ပုံတိုပတ်စ ဗဟုသုတများကို သဘောကျသဖြင့် သူ့ထံသို့ စွဲလာသူများလည်း ရှိပါ၏။ မိမိထံရောက်လာသော ဖောက်သည်ကို အမြဲလာချင်အောင် ဆွဲဆောင်နိုင်သော အရည်အချင်းလည်း ရှိဘို့လိုသည်။
သို့အတွက် မိမိတွင်ရှိသည့် ငုပ်နေသော အရည်အသွေးများကို မိမိကိုယ်တိုင် သိမြင်လာနိုင်စေဘို့၊ ထိုအရည် အသွေးများကို ထက်မြက်လာအောင် မည်သို့လေ့ကျင့် ဖော်ထုတ်ဖို့ ဟောပြောပြသ လမ်းညွှန်ပေးဘို့ လိုသည်။ သို့မှသာ ထူးချွန်ထက်မြက်သော လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် ဤကဲ့သို့ သော ထူးချွန်ထက်မြက်သော လူငယ်အင်အားစုကြီး လိုအပ်သည်။ သဘာဝသယံဇာတ ပစ္စည်းများ မည်မျှအလျှံပယ် ပေါကြွယ်ဝနေပါစေ။ ၎င်းတို့ကို ဖော်ထုတ်အသုံးမချတတ်လျှင် အလကားတည်း။ ဤတွင် သတိရသဖြင့် ပြန်လည် ဝေငှ ချင်သည်မှာ ဆရာကြီး မင်းသိင်္ခ ရေးသော ပုဏ္ဏားဘကွန်း40 ၀တ္ထု ထဲမှ ပုဏ္ဏားဘကွန်းပြောခဲ့သော စကားလေးကို ဖြစ်ပါ ၏။ အတိအကျမဟုတ်သော်လည်း ဆိုလိုရင်းကို တော့မှတ်မိနေပါသည်။ အလွန်ကောင်းပါ၏။
ပတ္တမြားတစ်လုံး၏ တန်ဘိုးသည် ၎င်းကိုအကဲဖြတ်သူ၏ တန်ဘိုးပေါ်မူတည် ပြောင်းလဲသွားကြောင်းကို ဆရာကြီးက သင်ပြပေးထားတာ ဖြစ်ပါ၏။
ပတ္တမြားတစ်လုံးကို ခွေးတစ်ကောင်တွေ့ပါက ထိုခွေးအနေနှင့် အနီရောင်အရာဝတ္ထုတစ်ခုမျှ သိကာ ဟောင်ရုံ အပြင် တိုးမရှိပါချေ။ သို့သော် -
ထိုပတ္တမြားကို ခွေးဟောင်သဖြင့် နွားကျောင်းသားကလေးငယ်တစ်ဦး တွေ့ရှိသွားပြီး လှပသော ကျောက်နီ ကလေး တစ်လုံးအဖြစ် တန်ဘိုးထားမည်ဖြစ်ပါသည်။ နွားကျောင်းသားကလေးက ချဉ်ပေါင်ရွက်သည် အဒေါ်ကြီးထံ သွားပြသဖြင့် ချဉ်ပေါင်ရွက်သည်အဒေါ်ကြီးက ချဉ်ပေါင်ရွက် နှစ်စီးဖြင့် လဲယူထားလိုက်ပါမည်။ တဖန် ချဉ်ပေါင်ရွက် သည်အဒေါ်ကြီးက အဖိုးတန်သော ကျောက်တစ်လုံးဖြစ် ရွှေဆိုင်သို့ သွားရောင်းမည်ဖြစ်ရာ သုံးစွဲစရာ ပိုက်ဆံငွေကြေး အနည်းငယ် ရပါမည်။ သို့သော် မည်မျှအဖိုးတန်မှန်း မသိသဖြင့် ထိုက်တန်သော တန်ဘိုးကို မရနိုင်။ ထိုပတ္တမြားကို ရွှေဆိုင်ပိုင်ရှင်က အဖိုးတန်ကျောက်မှန်းသိသောအခါ ကျောက်ကုန်သည်ထံ သွားရောင်းသဖြင့် ချဉ်ပေါင်ရွက်သည်ထံမှ မဖြစ်စလောက် ငွေကြေးဖြင့် ၀ယ်ထားသည်ဖြစ်ရာ ရွှေဆိုင်ပိုင်ရှင်မှာ အမြတ်ငွေ တော်တော်များများ ကို ၀မ်းမြောက် ၀မ်းသာပိုက်ပြီး သူနေသောတောမြို့ကလေးသို့ ပြန်သွားပါမည်။ သို့သော် ကျောက်ပွဲစားက ထိုကျောက်သည် သာမန် ကျောက်မဟုတ်၊ အလွန်အရည်ကောင်းသော ပတ္တမြားဖြစ်ကြောင်းသိသဖြင့် ကျောက်မျက်ရတနာပြပွဲတွင် တင်ပြီး ရောင်းချလိုက်ရာ သိန်းနှင့်ချီသော ဒေါ်လာများကို ပိုင်ဆိုင်လိုက်ရပါတော့၏။
အလွန်ကောင်းသော ဥပမာကလေးတစ်ခု ဖြစ်ပါ၏။ ကျွန်တော် ကျောင်းသားဘ၀က ဖတ်ခဲ့ဖူးတာ ဆိုပေမင့် ခုထိ မှတ်မိနေပါသေးသည်။ အလွန်ရှင်းလှသောဥပမာကလေး ဖြစ်ပေရာ ကျွန်တော်ထပ်ရှင်းစရာ မလိုတော့ပါ။
တည့်တည့်ပြောရမည်ဆိုပါက ကျွန်တော်တို့နိုင်ငံမှ အလွန်ထူးချွန်ထက်မြက်သူ ပညာတတ် လူငယ်များ၏ စွမ်းရည်နှင့် ခေတ်မီအတတ်ပညာများကို အသုံးချပြီး ဤမည်သော သယံဇာတများကိုသာ ဖော်ထုတ် အသုံးချ လိုက်ရပါလျှင် ကျွန်တော်တို့ တိုင်းသူပြည်သားများအတွက် အလွန်အကျိုးရှိမည် မုချဖြစ်သော်လည်း ဤမည်သော ထူးချွန်ထက်မြက်သူ ပညာတတ် လူငယ်လူကြီးများသည် မိမိတိုင်းပြည်အတွက် မိမိတို့စွမ်းရည်ကို ပြခွင့်မရကြသော ကြောင့် သူတပါးတိုင်းနိုင်ငံများကို သွားရောက် အလုပ်အကျွေးပြုနေကြရသည့်အတွက် ကျွန်ုပ်တို့တိုင်းပြည်မှ အဖိုးတန် သယံဇာတများမှာ ကမ္ဘာ့အပေါဆုံး ကုန်ကြမ်းဈေးနှုံးမျှဖြင့် ကျွန်တော်တို့ပထွေးများထံ နေ့စဉ် အလျှံပယ် စီးဆင်း သွားနေသည်မှာ ဦးဏှောက်ရှိသူတိုင်း၊ တွေးတတ်သူတိုင်း ရင်နာဖွယ် ဖြစ်ပါသည်။ (ပညာရေးအကြောင်း ပြောရင်းက မဆိုင်တာဆီ ရောက်သွားခြင်းကို သည်းခံခွင့်လွှတ်ကြလိမ့်မည် ဟု မျှော်လင့်ပါ၏။ ပြောချင်လွန်းအားကြီး၍ နယ်ကျော် သွားရခြင်း ဖြစ်ပါ၏။)
သို့ဖြစ်လေရာ ကျောက်တစ်လုံးကိုတွေ့လျှင် ကျောက်နီမျှမဟုတ်။ အဖိုးတန်ပတ္တမြားဖြစ်ပြီး မည်ကဲ့သို့ သွေးလိုက်ရလျှင် တန်ဘိုးမည်မျှပိုတက်သွားမည်။ ဤပတ္တမြားကို ဈေးအမြင့်ဆုံးရအောင် မည်ကဲ့သို့ရောင်းရမည် ဆိုသည်ကို လူငယ်များအား သင်ကြားပြသပေးဘို့ လိုပါသည်။ လူငယ်များကို အရာရာတိုင်းကို စူးစမ်းဆင်ခြင်တတ်လာ အောင်၊ တွေးခေါ်မြော်မြင်တတ်လာအောင်၊ မှားမှန်၊ ကောင်းဆိုး ဝေဖန်တတ်လာအောင် စံနစ်တကျ လေ့ကျင့်သင်ကြား ပေးဘို့ လိုပါသည်။ အလုပ်တစ်ခုကို လုပ်တတ်ရုံ မည်ကာမတ္တမဟုတ်ပဲ အောင်မြင်သောလုပ်ငန်းတစ်ခုဖြစ်လာအောင် မည်သို့ စီမံခန့်ခွဲမည်။ မည်သူနှင့် မည်သို့ပေါင်းရမည်။ လူများနှင့်မည်သို့ ဆက်ဆံရမည်။ စကားပြောလျှင် မည်သို့ပြောရ မည်။ ငွေကြေးကို မည်သို့ စီမံခန့်ခွဲမည် စသည်ဖြင့် စီမံခန့်ခွဲရေးပိုင်းကိုပါ လေ့ကျင့်ပေးဘို့ လိုပါသည်။
သို့မှသာ တကယ် ပညာအစစ်အမှန်တတ်မြောက်သူများ ဖြစ်လာနိုင်ပါမည်။
ကျွန်တော်က တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို စတိုင်ကျကျ နေထိုင် ပြောဆိုကာ လူကြီး လူကောင်း စိတ်များ မွေးစေချင်သည်။ ကလေကချေပုံစံမျိုး မနေစေ့ချင်။ ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းဆရာ လုပ်ခဲ့စဉ် တစ်ည ကိစ္စတစ်ခုနှင့် အဆောင်များဘက်မှ စက်ဘီးတချောက်ချောက်နှင့် ပြန်အလာ လမ်းလယ်ခေါင်တွင် အရက်ဝိုင်းဖွဲ့နေသူ ကျောင်းသားတစ်စုနှင့် တွေ့ပါသည်။ တစ်ဦးမှာ လမ်းအလယ်ခေါင် တည့်တည့်တွင် လမ်းမကို ကန့်လန့်ဖြတ်ကာ လှဲအိပ်နေပါသည်။ ကျွန်ုပ်က ဘဲလ်တီးလိုက်သောအခါ တစ်ဦးက ဟေ့ ကောင်၊ စက်ဘီးလာနေတယ် ဟု လှဲအိပ်နေသူကို လှမ်းပြောလိုက်ရာ ထို အရက်မူးနေသူ ကျောင်းသားက ဘာပြန်ပြော သည် ထင်ပါသနည်း။ တိုက်ရဲတိုက်ကြည့်ပါလားကွ။ေ--ာက်ခွက် ဖြတ်ရိုက်ပစ်လိုက်မှာ ပေါ့ ဟူသတည်း။ ကျွန်တော် လည်း အရက်မူးနေသူများနှင့် အချင်းမများလိုသောကြောင့် စက်ဘီးကို သတိကြီးစွာနှင့် ရှောင်ကွင်းနင်းလျှက် အသာ ပြန်ခဲ့ပါသည်။ သူပြောလိုက်သူသည် မည်သူနည်းဆိုတာတောင် မသိပါ။ ကိုယ်ကလည်း မဟုတ်တာလုပ်သေး။
ဤသို့သောသူများသည် မည်ကဲ့သို့ မန်နေဂျာ ဖြစ်လာနိုင်ပါမည်နည်း။ ဖြစ်လာသည့်တိုင် တော်တည့် ထက်မြက်သော မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာဘို့ လွယ်မည် မထင်ပါ။ ထိုတက္ကသိုလ်မှ ဆင်းလာသူများသည် တစ်နေ့ မန်နေဂျာ ဖြစ်မည့်သူများ ဖြစ်ပါသည်။ သို့အတွက် မန်နေဂျာ ဟူသော ဂုဏ်ပုဒ်နှင့် သင့်လျော်အောင် ပြုမူ၊ နေထိုင်၊ ပြောဆိုတတ်ဖို့ လိုပါမည်။
ကျွန်တော် ထိုစဉ်က ကျောင်းသားများကို စာသင်ရင်း သိစရာ၊ မှတ်စရာလေးတွေ အမြဲပြောပြခဲ့ပါသည်။ တက္ကသိုလ် ကျောင်းသားတွေဆိုတာ တစ်နေ့ နိုင်ငံကို ဦးဆောင်သွားကြရမဲ့ အရာရှိလောင်းတွေဖြစ်လို့ ခုကတဲက တင်ကြိုပြီး လေ့ကျင့်ထားရမည့် အကြောင်း၊ မြင်းလှည်းသမားတွေကို တုပြီး ပုဆိုးခြုံသွားတာမျိုး၊ အရက်မူးပြီး အရပ်ထဲ လှည့်ဆဲနေတာမျိုး မလုပ်သင့်ကြောင်း စသည်ဖြင့်လည်း စာမသင်ခင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ဆိုသလိုမျိုး အမြဲ ပြောပြလေ့ ရှိပါ၏။
ကျွန်တော် safety officer သင်တန်းတက်စဉ်က CRM (Communication and Relationship Management) ဘာသာရပ် တစ်ခုပါ လေ့လာ သင်ယူခဲ့ရပါ၏။ ကျွန်တော့်အဖို့တော့ အခြားဘာသာများထက် ဤဘာသာရပ်ကို ပိုပြီး စိတ်ဝင်စားမိပါသည်။ ဤဘာသာရပ်တွင် ဗီဒီယိုတစ်ခုပြပါ၏။ Joel arthur Barker ၏ Power of Vision41 ဖြစ်ပါသည်။ သူပြောသည်များထဲတွင် စိတ်ဝင်စားစရာ ကောင်းသည်မှာ -
အတန်းတစ်တန်းထဲတွင် တက်နေသူကျောင်းသားများထဲမှ အချို့သည် အတန်းထဲတွင် အမှတ်အများဆုံးရကာ ထိပ်ဆုံးရောက်နေသော်လည်း စီးပွားရေးအရ (သို့မဟုတ်) ဘ၀တွင် အောင်မြင်သူတစ်ယောက် မဖြစ်လာပဲ ခပ်ညံ့ညံ့ ကျောင်းသားပင်ဖြစ်သော်လည်း ဘ၀တွင် အောင်မြင်မှုများ ရနိုင်သည်။ ဤတွင် ဘာ့ကြောင့်ကွာရသလဲ ဟု မေးပါက သူ က vision ကွာလို့ ဟုဖြေပါသည်။
မည်သူမဆို ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက် တစ်ခုရှိဘို့လိုပါသည်။ မရှိမဖြစ် လို ကို လိုပါသည်။ သို့မှသာ ထိုသူသည် ထိုရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် မဆုတ်မနစ်ကြိုးစားခြင်းဖြင့် အောင်မြင်သူတစ်ဦး ဖြစ်လာနိုင်ပါသည်။ ရည်မှန်းချက်မရှိသူသည် မိမိဘာဖြစ်ချင်သည်မသိ။ စမ်းတ၀ါးဝါးလျှောက်လှမ်းနေခြင်းဖြင့် ပန်းတိုင် မရှိပဲ ခြေဦးတည့်ရာ ဖြစ်ချင်တိုင်းဖြစ်နေမည် ဖြစ်ပါသည်။ ရည်မှန်းချက်သာရှိပြီး ဖြစ်တော့ ဖြစ်ချင်သည်။ သို့သော် လုံ့လမရှိ၊ အားမထုတ်ပဲနေပါမူ ဘာမှဖြစ်လာနိုင်စရာ မရှိပါ။ သို့အတွက် သူက အောက်ပါအတိုင်း နိဂုံးချုပ်ထား ပါသည်။
Vision without action is just only a dream.
action without vision is just a time passed.
ကျွန်တော်တို့ကျောင်းသားဘ၀တုံးကလည်း ဤစာပိုဒ်နှင့် ခပ်ဆင်ဆင် နိုင်ငံရေးသဘောတရားတစ်ခုကို မှတ်သားခဲ့ရဖူးပါ၏။
သဘောတရားမပါသောလက်တွေ့သည် အကန်း နှင့်တူ၏။
လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့် တူ၏။
ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ ကုမ္မဏီတစ်ခုဖြစ်စေ ရည်မှန်းချက် ပန်းတိုင်သည် အလွန်အရေးကြီးပါသည်။ နို့မို့ သူများယောင်လို့ယောင်၊ အမောင် တောင်မှန်းမြောက်မှန်းမသိ ဖြစ်နေမှာ သေချာပါသည်။ ပဲ့ထိန်းမရှိသော ပင်လယ်ထဲမျောနေသော လှေကိုသာ မြင်ယောင် ကြည့်လိုက်ပါ။
သက်မွေးဝမ်းကျောင်း အတတ်ပညာဆိုရာ၌ ကျွန်တော်အထက်တွင် ပြဆိုခဲ့သည်များ အားလုံးပါဝင် နေပါ သည်။ ပညာရေးဟူသည် အလွန်ကျယ်ဝန်းလှသော သမုဒ္ဒရာကြီးဖြစ်ရာ စာသုံးလေးမျက်နှာမျှဖြင့် ခြုံမိငုံမိ ဖြစ်ဖို့ရာ မလွယ်ပါ။ သို့သော် ကျွန်တော် အထက်တွင် ၀န်ခံခဲ့သလို ကျွန်တော်သည် ပညာရေးအကြံပေးအရာရှိ တစ်ဦးမဟုတ် သလို ပညာရေး ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်မူရကား ပညာရေးအကြောင်း ကျမ်းတစ်စောင် ပေတစ်ဖွဲ့ မရေးတတ်ပါ။ ယခု ကျွန်တော်လက်လှမ်းမီသရွေ့ မိတ်ဆွေများကို ပြန်လည် ဝေငှခြင်းမျှသာ ဖြစ်ပါ၏။
ရည်ညွှန်း ၄၂။ ပညာရေးနှင့် ပတ်သက်၍ ကျွန်တော်အင်မတန်နှစ်သက်သော ဖတ်လည်းဖတ်လေ့ရှိသော ဆောင်းပါးများ ရှိပါသည်။ စုံလည်းစုံပါသည်။ ဆရာမ၏စာများသည် ကျွန်တော့်ခံစားချက်များကို သီကုံးထားသည်ဖြစ်ရာ ပညာရေး အကြောင်း ပိုမိုဖတ်ရှုလိုသူများ ထိုဆောင်းပါးများကို ဖတ်ဖြစ်အောင် ဖတ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
Ref: 42. http://maynyane.blogspot.com/
Ref:43. http://educationinmyanmar.blogspot.com/
နောက်တစ်ခုကလည်း ဖတ်ဖို့ကောင်းသည်။ ခင်ဗျားတို့ ကျွန်တော်တို့၏ ခံစားချက်များကို ကိုယ်စားပြုနိုင်သော စာတစ်ပုဒ် ဖြစ်ပါ၏။
Ref: 44. http://a-paw-sar-myar.blogspot.com/2007/11/ducation-crack.html
ကျွန်တော့်ရင်တွင်း စနိုးစနောင့် ဖြစ်နေတာလေးတစ်ခုလည်း ရေးခွင့်ပြုပါဦး။ တခြားမဟုတ်ပါ။ ဤမှာဘက် ခေတ်တွင် မှိုလိုပေါလာသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖြစ်ပါ၏။
အရင်တုံးကတော့ ကျွန်တော် သည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအကြောင်း ဂဃနဏ မသိခဲ့ပါ။ စနေဓမ္မမိတ်ဆွေများအဖွဲ့ မှ လစဉ် လှူနေသော နေရာဌာနများတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သီလရှင် သင် ပညာရေးကျောင်းများလည်း တော်တော်များများ ပါဝင်နေသည်ဖြစ်ရာ သူရို့လုပ်ကိုင်နေပုံများကို အနီးကပ် လေ့လာ ခွင့်ရခဲ့ပါ၏။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ အခမဲ့ ပညာရေးစံနစ်ဖြစ်ပါ၏။ အစိုးရကျောင်းများတွင် အကြောင်းကြောင်းကြောင့် သွားရောက်မနေနိုင်သော ကလေးငယ်များကို ထမင်းလည်းကျွေး၊ ပညာလည်း သင်ပေး သော စေတနာကျောင်းများဖြစ်ပါ၏။ ဘုန်းတော်ကြီးများက ဦးဆောင်ပါသည်။ ဘုန်းတော်ကြီးများ၏ သဘာဝကိုက ဒါယိကာ၊ ဒါယိကာမများ၏ အလှူငွေဖြင့် ရပ်တည်နေရပေရာ ရာနှင့်ချီနေသော ကလေးများကို ထမင်းကျွေး၊ ပညာ အခမဲ့သင်ပေး ဆိုသည်မှာ သိပ်တော့ လွယ်လှသည်မဟုတ်ပါ။ သို့သော် သည်လိုပဲ ဖြစ်သလိုနှင့်ရပ်တည်နေရသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မြန်မာပြည်တွင် ရာနှင့်ချီ၍ ရှိပါ၏။ ကျွန်တော့်တွင် စာရင်းအတိအကျ ရှိသော် လည်း ထိုစာရင်းမှာ လွန်ခဲ့သော နှစ်နှစ်ကျော်က စာရင်းဖြစ်၍ မမှန်နိုင်တော့ပါ။
သည်တွင် ကျွန်တော်ပြောချင်သည်မှာ ဤကျောင်းများတွင် သင်ကြားနေသော ပညာရေးစံနစ် ဖြစ်ပါ၏။ ဘုန်းတော်ကြီးများသည် လောကုတ္တရာ စာပေများ တတ်ကျွမ်းပါလိမ့်မည်။ သို့သော် လောကဓါတ်ပညာရေး နှင့် ပတ်သက်၍ လုံလောက်သော ဗဟုသုတရှိလိမ့်မည် ဟု ကျွန်တော်မထင်ပါ။ သိသည့်တိုင်အောင်လည်း စံနစ်တကျလုပ် နိုင်လိမ့်မည် မဟုတ်ပါ။ လုပ်လို့မရသည့် အကြောင်း များစွာ ရှိပါသည်။
စာသင်သည်ဆိုရာတွင် စံနစ်တကျ လေ့ကျင့် သင်ကြားပေးထားသော ဆရာ၊ ဆရာမများ ဖြစ်ဘို့ရာ အလွန် အရေးကြီးပါသည်။ ဆယ်တန်းအောင်ပြီဆိုရုံမျှနှင့် သုံးတန်း၊ လေးတန်းကို သင်ကြားပေးနိုင်သည့် အရည်အချင်း ပြည့်မီ သော ဆရာ၊ ဆရာမတစ်ဦး ဘယ်လိုနည်းနှင့်မျှ ဖြစ်လာစရာ အကြောင်းမရှိပါ။ စာသင်ပုံသင်နည်းစံနစ်များ၊ ကလေးများ ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ အထွေထွေတို့ကို ဆရာဖြစ်သင် သင်တန်းကျောင်းတွင် စံနစ်တကျ လေ့ကျင့် သင်ကြားပေးဘို့ လိုကို လိုအပ်ပါသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ထိုကဲ့သို့ ဆရာဖြစ်သင်တန်းကျောင်းဆင်း ဆရာဆရာမများကို ခန့်နိုင်ခွင့် ရှိမည် မဟုတ်ပါ။ ထိုဆရာဆရာမများမှာ အစိုးရကျောင်းများအတွက်သာ ဖြစ်ပါသည်။ သို့အတွက် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများ တွင် ဆယ်တန်းအောင်၊ ကျ။ အဝေးသင်တက္ကသိုလ်တက်ဆဲ၊ ဘွဲ့ရပြီးစ လူငယ်များကို ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ကာ သင့်တော်သော လခတစ်ခုကို ချီးမြှင့်ပြီး သူတို့ သင်တတ်သလို သင်စေခြင်းမျှသာ ဖြစ်ပါသည်။ သို့အတွက် စံနစ်ကျသော သင်ကြားရေးဟု မဆိုနိုင်ပါ။ ဤသည်ကို ကျွန်တော့်ရင်တွင်း ဘ၀င်မကျခြင်း ဖြစ်ပါသည်။ သို့သော် -
ဤဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိလာခြင်းဖြင့် အစိုးရကျောင်းများတွင် မနေနိုင်သော ကလေးငယ် များအတွက် အားကိုးစရာ ပညာဌာနတစ်ခု၊ ပညာလေ့လာသင်ယူစရာ ကျောင်းတစ်ခု ရှိလာခြင်းကိုပင် အမြတ်ဟု ယူဆရပါတော့မည်။ ဦးနေ၀င်း ရူးကြောင်မူးကြောင်ဖြင့်လုပ်ခဲ့သော အ-သုံးလုံး ဆိုတာကြီးထက်တော့ အများကြီး အကျိုး ရှိပါသေး၏။ (ပြော မပြောချင်ပါဘူးဗျာ၊ အဲဒီ အ-သုံးလုံး ဆိုတာကြီးထဲ ကျွန်တော်တို့တောင် စီးမျောသွားခဲ့သေးတာကိုး။)
အောင်မယ်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဆိုပြီး အထင်မစမောလိုက်နဲ့ဗျို့။ မွန်ပြည်နယ်၊ ဆိပ်ဖူးတောင် ဘ၊က ကျောင်းထွက်တွေဆို ဘွဲ့တွေဘာတွေရပြီး အဲဒီကျောင်းမှာတောင် ဆရာ၊ ဆရာမပြန်ဖြစ်နေကြပြီ။
ကျွန်တော်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို မရှိစေချင်တာ မဟုတ်ပါ။ ထိုကျောင်းမှ ဆရာ၊ ဆရာမကလေးတွေကို ဆရာဖြစ်သင်တန်းကလေးများ ပေးလိုက်ရလျှင်ဖြင့် သြော်၊ ကောင်းလေစွ ဟု ပြင်းထန်စွာ တောင့်တမိခြင်းသာ ဖြစ်ပါသည်။ သဟာကလည်း အစိုးရမှ တတ်နိုင်ပါလိမ့်မည်။ (မရေးချင်ပါဘူးဆိုမှ ဒီ အစိုးရ ပဲ ဆွဲဆွဲ ထည့်နေရပြန်ပြီ။ သယ်လေ၊ ငါ...)
လမ်းကြုံလို့ပြောပြစေဦး။ (၁၉၈၈ ပတ်ဝန်းကျင်) ကျွန်တော် အသိဦးဇင်းတစ်ပါးနှင့် အင်းစိန်ကမ်းနားလမ်းဘက် က ဘုန်းကြီးကျောင်း တစ်ကျောင်းသို့လိုက်သွားတော့ ညဘက်တွင် ထိုကျောင်းမှ ဘုန်းကြီးမှာ အနီးပတ်ဝန်းကျုင်မှ ကလေးငယ်များကို အခမဲ့ စာသင်ပေးနေပါ၏။ သင်ပုန်းကြီးအတိုင်း သင်နေပါသည်။ ကျွန်တော်လည်း သူစာသင်နေ သည်ကို စိတ်ဝင်စားသဖြင့် အနီးမှ လေ့လာနေမိပါ၏။ အစပိုင်းတော့ အဟုတ်သား။
ကကြီးရေ က၊ ကကြီးရေးချ ကာ
ကကြီးယပင့် ကျ၊ ကကြီးယပင့်ရေးချ ကျာ
ကကြီးယရစ် ကြ၊ ကကြီးယရစ်ရေးချ ကြာ.... သည်အထိ ပြဿနာမရှိသေး။ သည်လိုနှင့် ရှေ့ဆက်သွားတော့ မျက်လုံးပြူးစရာများ ဖြစ်လာပါတော့၏။ ကြည့်ပါ။
သ ယရစ် သယ၊ သ ယရစ်ရေးချ သယာ ........ ဟိုက် ရှာလပတ်ရည်။
သူချပေးတာကို ကျွန်တော် စိတ်ထဲမှ လိုက်ဆိုနေမိပါ၏။ သ ယရစ် သယ၊ ဟိုက်၊ သ ယရစ် သယ။ မြတ်စွာဘုရား။ သ ယရစ် သယ ဆိုတာ မြန်မာစာ အသုံးအနှုံးတွင် မရှိယုံမျှမက သ ကို ယရစ်ထားတာ (သြ) ကို အသံထွက် အော ဟုဖတ် ပါကြောင်း သူတော်ကောင်းအပေါင်းတို့ သိကြပါ၏။ သို့သော် ကိုယ်တော်က သတိမထားမိလေတော့ ကလေးများကို သ ယရစ် သယ လုပ်လိုက်ပါ၏။ အစပိုင်းတွင် ကျွန်တော်တောင် သူဆိုနေတာ ဟုတ်သလိုလို စိတ်ထဲမှ လိုက်ဆိုနေမိပါသေး ၏။ ဆိုရင်းဆိုရင်းနှင့်မှ သ ကို ယရစ် လိုက်သည့်အခါ သယ ဟု မထွက်ပဲ အော ဟု ထွက်ကြောင်း ကိုယ့်ဟာကိုယ် သတိပြုမိလာတာ ဖြစ်ပါ၏။ ထိုကလေးငယ်များ စာဖတ်သည့်အခါ သြ ကိုမြင်တိုင်း သယ ဟု ဖတ်နေပါက ခက်ရချည့်။
(သ ကို ယရစ်တာ ဘာ့ကြောင့် သယ ဟု အသံမထွက်ပဲ အော ဟု ထွက်ကြောင်း လာမမေးပါနှင့်။ ကျွန်တော် မသိပါ။ but ကိုတော့ ဘတ် ဟု အသံထွက်ပြီး put ကျမှ ဘာလို့ ပွတ် ရသလဲ ဆိုတာ မျိုးနှင့် တူနေပါ၏။ အရင်လူကြီးတွေက ပွတ် လို့ ပွတ် ရခြင်း ဖြစ်ပါ၏။ ဘာမှ ဆင်ခြေဆင်လက် တက်ဖို့ မကြိုးစားပါနှင့်။)
ကျွန်တော်က နမူနာပြောပြတာ ဖြစ်ပါ၏။ ထို ကိုယ်တော်ကြီးကိုတော့ အမှားပြင် မပေးခဲ့ပါ။ ဘုန်းကြီးများမှာ များသောအားဖြင့် သူတို့ကသာ ဆရာလုပ်လေ့ရှိရာ သူတို့ကို ဆရာသွားလုပ်လျှင် ချပြီးတည်ခင်းထားသော ရေနွေးအိုး ကလေးကိုပင် ပြန်ရုပ်ချင် ရုပ်သွားမှာမို့ အသာငြိမ်နေလိုက်ရပါ၏။ (သူသင်ပေးလိုက်သည့် ထို နှပ်ချေးတွဲလောင်း မောင်ရင်လေးများထဲမှ တချိန်ချိန် နိုင်ငံတော်၏ ၀န်ကြီးချုပ် တက်မဖြစ်ဟု ပြော၍မရ။ သိပ္ပံမောင်ဝက ရွာ့ကျက်သရေ45 ထဲတွင် ဤအတိုင်း ဆိုထားပါ၏)
ဆီသည်မ လက်သုတ်ဖတ်လို ဖွတ်ဖွတ်ညက်ညက်ကျေကာ ချီးသပတ်လိုက်နေပြီဖြစ်သော ကျွန်တော်တို့ ရွှေနိုင်ငံ၏ ပညာရေးစံနစ်ကြီးအကြောင်း ကျွန်တော်မဝေဖန်လိုတော့ပါ။ အများသိပြီးဖြစ်သည့်ပြင် ထောင်ပေါင်းများစွာ သော ပညာရှင်တို့ ဝေဖန်ထားသည်မှာ ပိဋကဋ်သုံးပုံထက်ပင် ပိုများနေလောက်ပြီဖြစ်ပါသည်။ ဤသို့ဝေဖန်နေခြင်းဖြင့် လည်း “ခွေးဟောင်၍ တောင်မရွေ့၊ ရေချိုးပေး၍ ကျီးမဖြူ” ဟူသော စကားပုံအတိုင်း ဘာမှဖြစ်လာစရာ အကြောင်း တစ်စုံတစ်ရာမရှိပါ။ သို့ပါသောကြောင့် ကျွန်တော်က ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူငယ်များအတွက် ကိုယ် တနိုင်တပိုင် ဘာလုပ်ပေးနိုင်သလဲ ဟူသောရှုထောင့်မှ ကြည့်ပြီးရေးလိုက်ခြင်းဖြစ်ပါကြောင်း။
(အမိမြန်မာပြည်ကြီးမှ အခမဲ့လိုလို သင်ကြားပေးလိုက်သော ပညာများကို အသုံးချလျှက် သူတစ်ပါးတိုင်းနိုင်ငံ တွင် လခ ကောင်းသောအလုပ်များရကာ လူလိုသူလိုနေနိုင်ကြသည်ဖြစ်ခြင်းကြောင့် အမိမြန်မာနိုင်ငံတော်ကြီး၏ ကျေးဇူးသစ္စာ ကိုတော့ မမေ့ကြပါနှင့်။ ကိုယ်တတ်နိုင်သည့်ဘက်မှ ပြန်လည်ကျေးဇူးဆပ်ကြပါဟု ကြုံတုံး တိုက်တွန်းလိုက်ရပါ၏။ ပညာရေးနှင့် ပတ်သက်၍ ကျွန်တော်ပြောချင်တာတွေ အများကြီးကျန်ပါသေးသည်။ သို့သော် သိပ်များနေမှာစိုး၍ ဤတွင်ပင် ရပ်လိုက်ပါမည်။ အခွင့်သင့်လျှင် ဆောင်းပါးတစ်ပုဒ် သပ်သပ်ထပ်ရေးချင်ပါသေးသည်။)
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment