Wednesday, September 24, 2008

Law

ဥပဒေ

ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်သကဲ့သို့ ရှေ့နေတစ်ဦးလည်း မဟုတ်ပါ။ ဒါပေသိ နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများကိုတော့ လေ့လာမိပါသည်။ မဆလခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုလျှင် မည်သည့်ပုဒ်မက မည်သို့ ဆိုထားသည်ကို တော်တော်များများ အလွတ်ရပါသည်။ ထို့ပြင် တရားမမှု၊ ရာဇ၀တ်မှု အချို့ပုဒ်မများကိုလည်း လေ့လာ ခဲ့ပါ၏။ ဘယ်ပြစ်မှုကို ကျူးလွန်လျှင် မည်သည့်ဥပဒေ ပုဒ်မအရ မည်ကဲ့သို့ အပြစ်ဒါဏ်ချမှတ်နိုင်ကြောင်း၊ အများကြီးတော့ မဟုတ်ပါ။ အနည်းအကျဉ်းပေါ့။ အခုပြောလိုသည့် ဥပဒေမှာ ထိုထိုသော ဥပဒေများမဟုတ်ပဲ လူအများနှင့်သက်ဆိုင်သော အခြေခံ ဥပဒေများ ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံတွင် ပြည်သူပြည်သားများ၏ ရပိုင်ခွင့် နှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည့် တစ်ခုတည်းသောအရာ မှာ တိကျခိုင်မာပြီး သြဇာညောင်းသော ဥပဒေ တစ်ရပ်ပင် ဖြစ်ပါသည်။

All Citizen Are Equal Before The Law.
တရားဥပဒေ၏ရှေ့မှောက်တွင် နိုင်ငံသားအားလုံး အတူတူပင် ဖြစ်၏။

နိုင်ငံသားအားလုံး ဆိုသည်မှာ နိုင်ငံတော်သမ္မတကြီးမှအစ သူတောင်းစားအဆုံး ဤတိုင်းပြည်အတွင်း မှီတင်း နေထိုင်သူ အားလုံးကို ဆိုလိုပါသည်။ သူကတော့ ၀န်ကြီးချုပ်သားမက်မို့လို့၊ သူကတော့ င့ါညီမ ယောက်ျားရဲ့ အစ်ကိုမို့လို့၊ သူ့ကျတော့ ငါ့သမီးရဲ့ နှစ်ဝမ်းကွဲ သူငယ်ချင်းရဲ့ ယောက်မရဲ့ အစ်ကို့ သူငယ်ချင်းမို့လို့ ဆိုတာတွေ မပါ။
ရခိုင်ဘုရင် မင်းထီး(၁၂၇၉-၁၃၈၅)ကို ကြားဘူးကြပါလိမ့်မည်။ (ဟို သူ့ယောက္ဖကို ခွေးသွားကြည့်ခိုင်းတဲ့ ဘုရင် ဟာဗျာ၊ သူ့ယောက္ဖက ခွေးဘယ်နှစ်ကောင်လဲ ဆို တစ်ခေါက်ပြေးကြည့်လိုက်၊ ခွေးထီးဘယ်နှကောင်၊ ခွေးမ ဘယ်နှကောင်လဲမေးလိုက် ပြေးကြည့်လိုက်၊ မှတ်မိပြီလား) သူရို့ခေတ်က ကွမ်းအတော် ကြိုက်ကြ ထင်ပါရဲ့။ ကွမ်းယာ တော့ ထုံးကိုလက်ညှိုးနှင့်ကော်ပြီး လက်တွင်ပေနေသည့်ထုံးကို နန်းတော်တိုင်များတွင် သုတ်သဖြင့် နန်းတော်တိုင်များ မှာ ထုံးသုတ်ရာများဖြင့် ဖွေးဖွေးလှုပ်နေသည် ဆို၏။ ဆိုတော့ ဒါကို ဘုရင်က မကြိုက်။ သည်တော့ အမိန့်ထုတ်သည်။ (ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့် ဆိုတာမျိုး ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ)။ နန်းတော်တိုင်များကို ထုံးမသုတ်ရ။ ထုံးသုတ်သည့် လက်ကို ဖြတ်စေ။ (ရက်စက်တယ်နော့) အဲဒီ ကတည်းက လက်ဖြတ်ခံရမှာ ကြောက်တော့ နန်းတွင်းသူ နန်းတွင်းသားတွေလည်း သတိထားပြီး ထုံးမသုတ်မိအောင် နေကြသပေါ့။ သည်တော့ နန်းတော်တိုင်တွေ အရောင် အလင်းတွေဘာတွေထွက်လို့။
တစ်နေ့တော့ ပြောင်လက်နေတဲ့ နန်းတော်တိုင် တစ်ခုမှာ ထုံးသုတ်ရာတစ်ခု တွေ့ပါ၏။ သည်တော့ ဘုရင်က စုံစမ်းမေးမြန်းသည်။
“မင်းကြီးများ”
“ဘုရား”
“မင်းကြီးများ၊ ငါကိုယ်တော် ဟိုရှေ့က နံပါတ် ၅ နန်းတော်တိုင် မှာ ထုံးသုတ်ရာတစ်ခုတွေ့သကွဲ့၊ မကြာခင် ကာလကပဲ နန်းတော်တိုင်ထုံးသုတ်တဲ့သူကို အပြစ်ပေးမယ်လို့ ငါကိုယ်တော် အမိန့်ထုတ်ထားတာ မှတ်မိကြရဲ့ မဟုတ်လား။”
“မှန်လှပါ၊ နန်းတော်တိုင် ထုံးသုတ်တဲ့လက်ကို ဖြတ်ပြီးအပြစ်ပေးရမယ် လို့ အရှင်မင်းကြီး လွန်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၇/ကွမ်း/ထုံး (၁၂) နဲ့ အမိန့်ထုတ်ထားကြောင်းပါ ဘုရား။”
“အေး၊ သည်တော့ အဲသည် ထုံးသုတ်တဲ့ တရားခံကို ရှာပြီး အပြစ်ပေးရလိမ့်မကွဲ့၊ ကြားကြရဲ့လား”
“မှန်ပါဘုရား”
“ကိုင်း ကိုင်း သည်တော့ နန်းတော်တိုင် ထုံးသုတ်တဲ့ တရားခံကို အမြန်ဆုံး ရှာကြစေ မင်းကြီးများ”
“ဘုန်းတော်ကြောင့် ခေတ္တ သည်းခံတော် မူပါအုံးဘုရား၊ ပြီးခဲ့တဲ့အပါတ် ၁၃၈၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၃နာရီ ၂၂မိနစ် စက္ကန့် ၄၀ မှာ အရှင်မင်းတရားကြီး ညီလာခံအပြီး ကွမ်းတော်ဘုဉ်းပေးတုံးက ယောင်မှားပြီး နန်းတော်တိုင်ကို အရှင်မင်းကြီးရဲ့ လက်ယာဘက် လက်ညှိုးတော်နဲ့ ထုံးသုတ်တော် မူခဲ့ပါကြောင်း ကျွန်တော်မျိုးများ သက်သေအထောက်အထားခိုင်လုံစွာဖြင့် မှတ်သားထားရှိခဲ့ကြောင်း၊ သက်သေအဖြစ် နန်းတော်တွင် လုံခြုံရေးအဖြစ် တပ်ဆင်ထားသော CCTV ကို ဖွင့်ကြည့်နိုင်ပါကြောင်း အများအကျိုးမျှော်ကိုး၍ ရဲဝံ့စွာ လျှောက်တင်ရပါသည် ဘုရား”
“ဟေ၊ ဟုတ်ကဲ့လား။ သည်လိုဖြင့် ငါကိုယ်တော်မြတ်ရဲ့ လက်ညှိုးကို ဖြတ်တောက်ပြီး အပြစ်ပေးရလိမ့်မယ်ကွဲ့”
“သည်းခံတော်မူပါ မင်းတရားကြီးဘုရား။ သည်အမိန့်တော်သည် အခြားသူများအတွက်သာ ဖြစ်သင့်ပြီး မင်းတရားကြီးအတွက် ကျွန်တော်မျိုးကြီးတို့အားလုံးက သည်းခံ ခွင့်လွှတ် လွှတ် လွှတ် .......”
“ဟေ့ ဟေ့ အောင်မယ်၊ ဘာကွဲ့ ရှင်ဘုရင်မို့လို့ သည်အမိန့်ကနေ ကင်းလွတ်ရမယ်လို့၊ ရာဇ၀င်ရိုင်းလိုက်လေ၊ တော်တန်တိတ်၊ ကဲ မောင်မင်း ဇလုံနဲ့ ငါ့ လက်သုံးတော်သန်လျှက် ယူခဲ့”
“အရှင်မင်း မင်း မင်း ...........”
“အောင်မယ် ဟေ့ လျှာမရှည်ပါနဲ့၊ ယူဆို ယူသာလာခဲ့ပါကွယ်။ အေး၊ အေး၊ ဒီလိုမှပေါ့။ ကိုင်း၊ စည်းကမ်း ဖောက်တဲ့ လက်ညှိုးတော့ သွားရော့လဟယ်”
သူကိုယ်တိုင် ထုတ်ထားသော အမိန့်ကို လိုက်နာကာ ထုံးသုတ်ခဲ့သော သူ့လက်ညှိုးကိုသူ သန်လျှက် ဖြင့်ဖြတ်ခဲ့သော ဘုရင်မင်းထီးကို ပြည်သူအများ ချစ်ခင်ရိုသေလေးစားသည့် သာဓက ရခိုင်ရာဇ၀င်များတွင် အလွန်ထင်ရှားခဲ့ပါသည်။
သို့သော် ဥပဒေသည် ပြည်သူအများအတွက် အကာအကွယ်ပေးထားသော ဥပဒေ ဖြစ်ရပါမည်။ ဟန်မူရာဘီ ကိုဓဥပဒေကို မိတ်ဆွေတို့ သိကြပါလိမ့်မည်။ ကိုယ်နှင့်ပလဲနံပသင့်သူ မြေရှင်ပဒေသရာဇ်ကြီး များကိုသာ အကာ အကွယ်ပေးထားပြီး ဆင်းရဲသားလူတန်းစားများအတွက်တော့ ရပိုင်ခွင့်ရယ်လို့မရှိ၊ ဆင်းရဲသားတစ်ဦးက မြေရှင်တစ်ဦး ကို လက်ဖြတ်မိပါက လက်ဖြတ်သည့် အပြစ်ဒါဏ်ပေးမည်။ ကျေးကျွန်တစ်ဦးက မြေရှင့်သားတစ်ဦးကို မျက်လုံး ဖောက်ပါက ထိုကျေးကျွန်ကို မျက်လုံးဖောက်ပစ်မည်။ သို့သော် မြေရှင်တစ်ဦး နှိပ်စက်လို့ ကျေးကျွန်တစ်ဦးသေပါက အရေးယူရန် ဥပဒေ ပြဌာန်းမထား။
Ref: 27. http://en.wikipedia.org/wiki/Hammurabi_Code
(ကျွန်တော် ထို ဟန်မူရာဘီ ကိုဓ ဥပဒေကို အသေအချာ မဖတ်ဖူးသေးကြောင်း ၀န်ခံပါ၏၊ ယခု ရေးသည်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာစဉ်က သင်ခဲ့ရသည်ကို မှတ်မိသမျှပြန်လည် ဖောက်သည်ချခြင်းသာ ဖြစ်ကြောင်း ၀န်ခံပါ၏။)
ထို့ပြင်တ၀ ကျွန်တော်တို့ငယ်စဉ် သုံးတန်းလေးတန်းကျောင်းသားဘ၀က မြန်မာစာ၌ တာဝန်ကျေပွန်သော တံခါးမှူး အကြောင်းသင်ခဲ့ရတာ မှတ်မိကြပါလိမ့်မည်။ ငယ်ငယ်က သင်ခဲ့ရတာဆိုတော့ data တွေတော့ မေ့ကုန်ပြီ။ အကြောင်းအရာလောက်ပဲ မှတ်မိပါတော့၏။ သို့အတွက် စကားရွေ့လှန်၊ မှားမေ့ကျန်က သည်းခံခွင့်လွှတ်ကြပါ၊ သို့မဟုတ် ပြင်ဆင်ဖတ်ရှုကြပါ ဟု မေတ္တာရပ်ခံပါ၏။
တရံခါသော် မွန်ဝန်ကြီး ဗညားကျန်းတော သည် ကိစ္စတစ်ခုဖြင့် ကျေးလက်တောရွာများသို့ အသွား (ခုနှစ်၊ တိုင်းပြည်နာမည်၊ ခေတ် စသည်တို့ကို မမှတ်မိတော့ပါ။) နေပြည်တော် (ကြပ်ပြေးမဟုတ်ပါ) အပြန် နောက်ကျနေ၏။ နောက်လိုက်ခြွေရံသင်းပင်းများလည်း ပါဟန်မတူ။ နေပြည်တော်သို့ ပြန်ရောက်သောအခါ တံခါးပိတ်နေပြီဖြစ်၏။ ဤတွင်လည်း မာရ်အောင်တံခါး နှင့် အောင်ထွန်းတံခါး ဟု တံခါးမကြီး နှစ်ပေါက် ရှိသည့်အနက် မည်သည့် တံခါးမှူးက ဖွင့်ပေးခဲ့သည်ကို သေချာမမှတ်မိတော့ပါ။ မာရ်အောင် တံခါးမှူးက မဖွင့်ပေးပဲ အောင်ထွန်းတံခါးမှူးက ဖွင့်ပေးခဲ့သည် ပဲ ထားပါတော့။
ဝန်ကြီး နေပြည်တော် တံခါးပေါက်ရောက်တော့ တံခါးတွေပိတ်ထားပြီး ဖြစ်သဖြင့် တံခါးမှူးကို တံခါးဖွင့်ခိုင်း ပါသည်။ ပထမ မာရ်အောင် တံခါးသို့ အရင် သွား၏။
“တံခါးမှူး ရှိသလားဟေ့”
“အလို၊ လေသံကဖြင့် တယ်လဲ မာလိုက်ပါကလား၊ ဟုတ်ကဲ့ ရှိပါ့ခင်ဗျာ၊ မအိပ်သေးပါဘူး၊ ခုမှ အိပ်ယာပြင်တုံးပဲ ရှိပါသေးတယ်။”
“ဒါဖြင့် တံခါးဖွင့်စမ်း မောင်မင်း။”
“အို့အို၊ လာလာချေသေး။ မဖွင့်နိုင်ကြောင်းပါ ခင်ဗျာ။”
“သယ်၊ ငါလုပ်လိုက်ရ။ ဟေ့ ဖွင့်ဆို ဖွင့်စမ်း။ ငါ့ကို နှယ်နှယ်ရရ တောသားများ အောက်မေ့လို့လား။ ၀န်ကြီး ဗညားကျန်းတော ဆိုတာ ငါပဲကွဲ့။ မောင်မင်း မမြင်ဘူးရင် သေသေချာချာ ကြည့်ထားလိုက်ဦး။”
“အဟွတ်၊ လာလာချေသေး။ သဟာဖြင့် ၀န်ကြီးဖြစ်ကြောင်း IC လေး တစ်ချက်လောက် ပြပါခင်ဗျား”
“ဟိုက်၊ အဲဒါမှ ဂွ။ အို၊ ငါက နာဂစ်ဆိုတဲ့ အရေးတကြီးကိစ္စနဲ့ ဟိုတောင်ပိုင်းက ပြင်စလူကို သွားရတာ၊ အိမ်ကမိန်းမက IC ထည့်ပေးလိုက်ဖို့ မေ့သွားတယ်။ အေးလေ သူ့လဲ အပြစ်မဆိုသာပါဘူး။ သူလည်း ပိုကာဒေါင်းတာ အိမ်နှစ်ဝိုင်းလောက် ရှုံးသွားလို့ ဗျာများနေတာနဲ့။ မောင်မင်းရယ် ငါ့ဥပဓိရုပ်လည်း ကြည့်စမ်းပါဦးကွာ၊ ဒါ အညတြ ဂျန်းဂဲရုပ်လားလို့”
“ဒီမယ် ဦးကြီး သည်းခံပါခင်ဗျာ၊ ကျွန်တော်တို့ တံခါးဖွင့်ပေးရန် စည်းကမ်း ၂၇ ချက် ဆိုတဲ့အထဲမှာ ဥပဓိ ရုပ်ကောင်းလျှင် ဖွင့်ပေးရမည် ဆိုတာ မပါဘူးခင်ဗျ၊ အေးအေးဆေးဆေး နောက်ကြောင်းသာ လှည့်ပြန်ပါခင်ဗျာ၊ နောက်ပြီး ဒီအချိန်ဟာ ၀န်ကြီးတွေ သွားလာတဲ့အချိန်လည်း မဟုတ်ပါဘူး။ ခိုင်လုံတဲ့ သက်သေ အထောက်အထားသာ မပြနိုင်လို့ကတော့ မဖွင့်ရေးချ မဖွင့်ထဲက ပါပဲခင်ဗျာ။”
“ကိုင်း၊ ခက်ပဲခက်နေပြန်ပါတော့လား။ နက်ဖြန်တော့ မင်း ဒုက္ခနဲ့ လှလှကို ကောင်းကောင်း သိရလိမ့် မပေါ့ကွာ။”
“လှလှဆိုတာကတော့ ကျွန်တော့်ခယ်မပါပဲ။ ဒုက္ခဆိုတာတော့ ကျွန်တော့်အဖို့ ရိုးနေပေါ့။ အကယ်၍ လူဆိုး၊ သူခိုးတွေ၊ ဓါးပြတွေ၊ သူပုန်တွေက ၀န်ကြီးအယောင်ဆောင်လာရင် ဘယ့်နဲ့လုပ်မလဲ။ ကျွန်တော် တစ်ယောက် အတွက်နဲ့တော့ တိုင်းသူပြည်သားတွေ ဒုက္ခမရောက်စေရဘူးဆိုတာ စိတ်သာချပါ ခင်ဗျာ၊ ကိုင်း လူကြီးမင်းဟာ လူကြီးမင်း စောင့်ချင်လဲစောင့် မစောင့်ချင်လဲပြန်။ ကျွန်တော်တော့ စောင်ခေါင်းမြီးခြုံပြီး တရေးတမော အိပ်လိုက် အုံးမယ်”
မာရ်အောင်တံခါးမှူးက တံခါးဖွင့်မပေးသောအခါ ၀န်ကြီးသည် အောင်ထွန်းတံခါးသို့ သွားပြန်ပါ၏။
“တံခါးမှူး ရှိသလားဟေ့”
“ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ။ ညအချိန်မတော်ကြီး ဘယ်သူများပါလိမ့်”
“ငါ ၀န်ကြီးဗညားကျန်းတော ပဲကွဲ့။ အိမ်မှာ အသုံးပြတ်လို့ ဟိုဘက်ရွာတွေ အရက်ပုန်းသွားဖမ်းတာ။ တလက်စ ထဲ ချဲဒိုင်တွေပါဖမ်းနေရလို့ အပြန်နောက်ကျသွားတယ်။”
“အို၊ ၀န်ကြီးလား။ သိပါ့ခင်ဗျာ၊ နေ့တိုင်း သတင်းစာမျက်နှာဖုံးမှာ ဘောင်းဘီကြီးတကားကား၊ လက်ညှိုး တထိုးထိုးနဲ့ မလိုအပ်သည်များကို ညွှန်ကြားနေတာ။ ဈေးသန့်ရှင်းရေးကို သွားညွှန်ကြားလိုက်၊ ရေမြောင်းဖော်တာ သွား ညွှန်ကြားလိုက်။”
“အေး၊ မောင်မင်းတော်တယ်။ နက်ဖြန် ရုံးလာခဲ့ ရာထူးတိုးပေးမယ်။ ဒါ့ထက် တံခါးဖွင့်စမ်းပါအုံးကွ။”
“ဟုတ် ဟုတ် ၀န်ကြီး၊ ဟေ့ သာအေးနဲ့မောင်ပိန်။ ၀န်ကြီးကို တံခါးဖွင့်ပေးလိုက်စမ်းဟေ့။ သယ်၊ ဒီ ခွေးမသား လေးတွေ၊ ဒီလိုပဲ၊ အရေးဟေ့ ဆိုရင် ဘယ်ရောက်နေမှန်းမသိဘူး။ ဟေ့၊ ဟေ့ကောင်တွေ။”
တိုတိုပြောရရင် ၀န်ကြီး ချောချောမောမော အိမ်ပြန်ရောက်သွားပါ၏။
နောက်နေ့ ညီလာခံ (ညောင်နှစ်ပင်နှင့် မမှားကြစေလို) တွင် ၀န်ကြီးဗညားကျန်းတောက မာရ်အောင် တံခါးမှူး နှင့် အောင်ထွန်းတံခါးမှူးတို့ကို ဆင့်ခေါ်စေ၏။ ရုံးထဲရောက်တော့ အောင်ထွန်းတံခါးမှူးမှာ ထခုန်မိမတတ် ၀မ်းသာနေ သလောက် မာရ်အောင်တံခါးမှူးမှာမူ အင်း၊ တခါတော့ခက်ပါပေါ့။ အေးလေ၊ ငါလဲ ငါ့စည်းကမ်းအတိုင်း လုပ်ရတာပဲ။ အပြစ်ပေးမယ်ဆိုလဲ ပေးပေါ့ဟု တွေးကာနေ၏။ ခဏကြာတော့ ၀န်ကြီး ပေါက်ချလာပါသည်။
“ကိုင်း၊ ကိုင်း၊ လာကြစမ်းကွဲ့။ အောင်ထွန်းတံခါးမှူးနဲ့ မာရ်အောင် တံခါးမှူး”
“ရှေ့တော်မှောက် ရောက်ရှိကြောင်းပါ ဘုရား”
“ညက ဘာဖြစ်ခဲ့တယ်ဆိုတာ မောင်မင်းတို့ သိတယ်နော်။”
“သိကြောင်းပါ ဘုရား”
“အေး၊ အမှန်က မာရ်အောင်တံခါးမှူးလုပ်တာ မှန်တယ်ကွဲ့။”
“ဟိုက် ရှာလပတ်ရည်”
“မောင်မင်းတို့ပဲ စဉ်းစားကြည့်လကွယ်။ ငါ ၀န်ကြီးပါဆိုတာ လူတိုင်းပြောနိုင်တာပဲကွဲ့။ ဒါဖြင့် သူ ၀န်ကြီးအစစ် အမှန်ဟုတ်မဟုတ် ဘာနဲ့သက်သေပြမလဲ။ ၀န်ကြီးတစ်ယောက်အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာဖြစ်လို့ သူဘယ်အချိန် ဘယ်ကိုသွားမယ်၊ ဘာလုပ်မယ်၊ ဘယ်အချိန်ပြန်ရောက်မယ် စသဖြင့် အစီအစဉ်ဆွဲထားရမှာပေါ့။ တကယ်လို့နောက်ကျမယ်အထင်ရှိရင်လဲ တံခါးမှူးကို တင်ကြို အကြောင်းကြား ထားရမှာပေါ့။ ဒီဖြစ်ရပ်ဟာ င့ါကို သတိပေးလိုက်တာပဲ။ ငါနောက်ကို ဒီလိုမဖြစ်အောင် ဆင်ခြင်ရလိမ့်မယ်။ မာရ်အောင်တံခါးမှူးကြီး။”
“အမိန့်ရှိတော်မူပါ ဘုရား”
“အေး၊ မောင်မင်းတော်ပါပေတယ်ကွယ်။ အဲဒီအစဉ်အလာကို ဆက်ထိန်းထားဟေ့။ စည်းမျဉ်း စည်းကမ်းနဲ့ ဥပဒေကို အတိအကျလိုက်နာတဲ့အတွက် ငါ ဆုလာဘ်ချရမှာပေါ့။ ဟဲ့ အောင်ထွန်းတံခါးမှူး”
“ဘု ဘု ဘုရား”
“အေး အေး မောင်မင်း မာရ်အောင်တံခါးမှူးကို အတုယူကွဲ့၊ Nobody is above the law တဲ့။ ဥပဒေ အထက်မှာ ဘာကောင်မှ မရှိရဘူး။ သူ့ဟာသူ ဘာကောင်ကြီးဖြစ်ဖြစ် ဥပဒေဟာ ဥပဒေပဲ။ မှတ်ထားနော်။ အကယ်၍ ငါတို့ရန်သူ ကရင်သူပုန်တွေ၊ ဗကပတွေ၊ မျိုးချစ်ကျောင်းသားများတပ်ဦး ဆိုတဲ့ကောင်တွေက ငါ ၀န်ကြီးပါလို့ပြောပြီး ၀င်လာရင် မခက်လား။ နောက် ဒါမျိုးမလုပ်နဲ့နော် ကြားလား။”
“မှန် မှန် မှန်ပါ့ဘုရား၊ ည ည က ကျွန်တော်မျိုးကြီး ၀န်ကြီးကို ရေမြောင်းဖော်တာမှာ မလိုအပ်သည် များကို ညွှန်ကြားတယ်လို့ မခန့်လေးစား ပြောမိတာ ခွင့်လွှတ်ပါ ဘုရား”
“အေး အေး၊ အဲဒါလဲ ငါ့အတွက် သင်ခန်းစာပဲကွဲ့။ ငါဟာ ၀န်ကြီးဖြစ်နေလို့မို့ ၀န်ကြီးတစ်ယောက် လုပ်ရမဲ့ အလုပ်တွေပဲ လုပ်ရမယ်။ သူတို့ဘာသာ သူတို့ရေမြောင်းဖော်တာ ငါက ဘာကိစ္စနှမ်းသွား ဖြူးရမလဲ။ နောင်ကို ငါ ဆင်ခြင်ပါ့မယ်ကွယ်”
“ကဲ ကဲ ဒေါ်......ရေ၊ မာရ်အောင်တံခါးမှူး နဲ့ အောင်ထွန်းတံခါးမှူး ကို ကားပါမစ် တစ်ခုစီချပေး လိုက်ပါကွယ်။ နောက်ပြီး မာရ်အောင်တံခါးမှူးကို တာဝန်ကျေပွန်တဲ့အနေနဲ့ စံပြလုပ်သားဆုနဲ့ သုဝဏ္ဏမှာ မြေကွက်တစ်ကွက်လဲ ပေးလိုက်။”
(ဤအကြောင်းကလေးကို ပြန်ပြောင်းသတိရနိုင်စေရန် ပြောကြားခဲ့သော ကိုဌေးဝင်းနိုင်အား အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း)
ယခုခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (constitution) သည် တိုင်းသူပြည်သား များအတွက် အလွန် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေတွင် နိုင်ငံသားများ၏ ရပိုင်ခွင့် များ၊ နိုင်ငံသားများ၏ ပိုင်ဆိုင်ခွင့်များကို အကာအကွယ်ပေးထားသော ဥပဒေများ၊ နိုင်ငံသားများအား မတရားပြုမူခြင်းမှ ကာကွယ်ပေးထားသော ဥပဒေများ စသဖြင့် အတိအကျ ပြဌာန်းထား သောကြောင့် ဖြစ်ပါသည်။
ရေးသားခွင့်၊ ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ နိုင်ငံအတွင်း နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသ ခံယူပိုင်ခွင့်၊ မိမိလုပ်အားနှင့် တရားသဖြင့် ရှာဖွေရရှိထားသော ပစ္စည်းများကို ပိုင်ဆိုင်ခွင့်၊ တီထွင် ထုတ်လုပ်နိုင်ခွင့်၊ မိမိအား မတရားပြုလုပ်လာပါက ခုခံကာကွယ်ပိုင်ခွင့်၊ စသည်တို့ ပြဌာန်းထားသဖြင့် ထို အခြေခံ ဥပဒေကို အလွန်အရေးကြီးကြောင်း ပြောခြင်း ဖြစ်ပါသည်။
အခြား ဘာဥပဒေ၊ ညာဥပဒေများကိုမူ ကျွန်တော်နားမလည်ပါ။ (ယခု Safety Officer သင်တန်း သွား တက်လိုက်တော့ အလုပ်သမားများအတွက် ရပိုင်ခွင့်များကို အကာအကွယ်ပေးထားသော ဥပဒေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ၊ အဆောက်အဦးများကို မီးလောင်ခြင်းမှ ကာကွယ်ရန် ပြဌာန်းထားသော ဥပဒေများ၊ ဓါတုဗေဒပစ္စည်းများနှင့် ပတ်သက်သော ဥပဒေများ၊ လုပ်ငန်းခွင် ဘေးအန္တရာ ကင်း ရှင်းရေးအတွက် ပြဌာန်းထားသော ဥပဒေ မျိုးစုံကို (စင်ကာပူနိုင်ငံအတွက်သာ) လေ့လာ သင်ယူရပါသည်။ အတော်လေး ကောင်းမွန် ပြည့်စုံလှပါ၏။ တစ်ချက်မှာ သူရို့က ဥပဒေကို ငွေဒါဏ်၊ ထောင်ဒါဏ်ဖြင့် ထိန်းချုပ် ထားပါသည်။ ဘယ်ဥပဒေကို မလိုက်နာပါက ငွေဒါဏ် ဘယ်လောက်၊ ပထမအကြိမ် ဘယ်လောက်၊ ဒုတိယ အကြိမ် ချိုးဖောက်ပါက ဘယ်လောက်။ ဘယ်ဥပဒေကို ချိုးဖောက်ပါက ပထမအကြိမ် ထောင် ဘယ်နှနှစ်၊ ဒုတိယအကြိမ် ထောင် ဘယ်နှနှစ် စသဖြင့် ဖြစ်ပါ၏။ တကယ်လည်း ဆော်ပလော်တီးပါ၏။ လုပ်ရဲလုပ်ကြည့် လေ။ Keppel Shipyard တွင် explosion တစ်ခုဖြစ်စဉ်က တာဝန်ရှိသူကို စင်ကာပူဒေါ်လာ တစ်သိန်းခုနစ် သောင်း ဒါဏ်ရိုက်လိုက်ပါသည်။ သေပါပေရော့ မောင်မင်းကြီးသား။)
Ref: 28. http://www.burmalibrary.org/show.php?cat=404
29. http://www.pixi.com/~kingdom/lawintro.html

အချို့နိုင်ငံများတွင် အခြေခံဥပဒေကို စာဖြင့်ရေးသားကာ ပြဌာန်းထား၏ (ဥပမာ - စင်ကာပူ)။ သို့သော် အချို့နိုင်ငံများတွင်မတော့ စာဖြင့်မရေးပဲ ပြဌာန်းထား၏ (ဥပမာ - အင်္ဂလန်)။ မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ နိုင်ငံသား များအတွက် အကာအကွယ်ပေးမည့် ခိုင်မာသော ဥပဒေတစ်ခုကတော့ အမှန်ပင် လိုအပ်ပါသည်။ သို့သော် ဥပဒေ ရှိနေရုံဖြင့် မလုံလောက်သေး။ ထို ဥပဒေကို အသက်သွင်းလေးစားကာ မည်သူ့ကိုမှမကြောက်မရွံ့ပဲ အမှန်အကန် အကောင်အထည်ဖော်ပေးမည့် ဥပဒေ ဘက်တော်သား (ပေါင်ချိန်) များ ရှိရန်လည်း လိုအပ်ပေသေးသည်။
သို့မှသာ ကျွန်တော်တို့လည်း သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်ရွံ့နေစရာ မလိုတော့ပဲ စိတ်အေး ချမ်းသာစွာ အိပ်စက်နိုင်ကြမည် ဖြစ်ပါသတည်း။
သည်တော့ -

ဥပဒေ ဆိုသည်မှာ နိုင်ငံသားများ (သို့မဟုတ် နိုင်ငံပိုင်ပစ္စည်းများ) ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် စာဖြင့်ရေးမှတ်ထားသည့် ထိုနိုင်ငံအာဏာပိုင် အဖွဲ့အစည်းတို့ ၏ ပြဌာန်းချက် တစ်ရပ်ပင် ဖြစ်ပေသည်။

ဒါ ကျွန်တော် နားလည်သဘောပေါက်သလို ယေဘူယျသဘော ရေးလိုက်ခြင်းဖြစ်ပါသည်။ ဥပဒေတွင် သည့်ထက် ပိုရှုပ်ထွေးပြီး သည့်ထက်ပို လေးနက်သော အဓိပ္ပါယ်များ အများအပြား ပါ ပါ၏။ အောက်ပါ web page တွင် ဥပဒေ၏ အဓိပ္ပါယ်များကို ဖတ်ရှုနိုင်ပါသည်။

Ref: 30. http://www.google.com.sg/search?hl=en&defl=en&q=define:law&sa=X&oi=glossary_definition&ct=title

No comments: