Friday, September 26, 2008

Public 02

ဘုန်းကြီးကျောင်းများ၌ သော်လည်းကောင်း၊ အလှူ စသည်များ၌ သော်လည်းကောင်း အခါအားလျှော်စွာ ယူနေသော ငါးပါးသီလ ကို ခင်ဗျားတို့ ကျွန်တော်တို့ ပြည့်ပြည့်၀၀ နားလည်ကြပါရဲ့လား။ ပါဏာတိပါတ ကို သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဟု အများနားလည်ထားပါသည်။ သို့သော် ဘယ်ကဲ့သို့ သတ်မှ ပါဏာတိပါတကံ မြောက်သည်ကို ကျကျနန နားလည်သူ ဘယ်နှဦး ရှိပါသနည်း။ ပါဏာတိပါတကံ မြောက်စေမည့် အကုသလ ကမ္မပထ ငါးပါးကို သိသူ မည်မျှရှိပါသနည်း။ မိတ်ဆွေ သင်ရော သိပါသလား။ ဘုန်းကြီးများကတော့ ဟောပါသည်။ သို့သော် ဘာ့ကြောင့် မသိရပါသနည်း။ စိတ်ဝင်စားစရာ မလိုလို့လား။ ထို့အတူ အဒိန္နဒါနာ ဟူသည် မည်သည့် အမှုမျိုးကို အဒိန္နဒါနာ ခေါ်ပါသနည်း။ သူများအိပ်နေတုံး သွားခိုးတာကလေးမျှ ကိုသာ အဒိန္နဒါန ဟု အလွန်ကျဉ်းမြောင်းစွာ နားလည်ထားပါ သလော။ သဟာဖြင့် အဒိန္နဒါနာကံထဲတွင် မည်သို့သော အမှုများ အကြုံးဝင်နေသည်ကို ဗုဒ္ဓဘာသာဝင် ဘယ်နှရာခိုင်နှုံးမျှ နားလည် သဘောပေါက်ပါ သနည်း။ ဒါမှမဟုတ် သိသိကြီးနှင့် ကျူးလွန်နေသည် ဆိုလျှင်မူ ကျွန်တော်မျိုး မလျှောက်တတ်တော့ပါ။

အရင်ကတော့ ကိုယ်နှင့်မဆိုင်သလို ဖာသိဖာသာ နေတော့ မသိ။ မလေ့လာမိ။ စနေဓမ္မမိတ်ဆွေများ အဖွဲ့က အလှူများလုပ်တော့ မှ ဗမာပြည်တွင် အလွန် ဆင်းရဲနွမ်းပါး စုတ်ပြတ်နေသော ကျောင်းများ သည်မျှ များပြားကြောင်း သိလာရပါ၏။ ထိုကျောင်းများသည် အစိုးရပိုင် ကျောင်းများ ဖြစ်သည်မှာ မှန်ပါ၏။ သို့သော် အစိုးရက ပြုပြင်မပေးသည့် အတွက် ထိုမျှ စုတ်ပြတ်နေသည့် ကျောင်းများကို သြော် သည်ကျောင်းမှာ ငါတို့ သားသမီးတွေ နေကြတာပဲ။ ခေါင်းမိုး မိုးယိုနေတာ ၀ိုင်းလုပ်ကြမှ ဟု မည်သူကမျှ သတိမရ။ ကလေးတွေ မြေကြီးပေါ် ထိုင် စာသင်နေရတာကို လာဟေ့၊ ငါတို့ တစ်ယောက် နည်းနည်းစီ ၀ိုင်းထည့်ပြီး ကလေးတွေထိုင်ဘို့ ဖျာလေးယက်ပြီး ကျောင်းမှာ ခင်းပေးရအောင် ဟု မစဉ်းစား။ စာသင်ပေးနေသည့် ဆရာ၊ ဆရာမများ နှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင်က စိတ်မ၀င်စား။ (အဲလေ၊ သူ စိတ်ဝင်စားသည့်တိုင် ရွာကို စည်းရုံးလို့ မရနိုင်တာလည်း ဖြစ်ကောင်း ဖြစ်ပါမည်။)
ကျွန်တော်တို့တွေ့ရသည်မှာ ကျောင်းအများစုမှာ ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် မပျက်စီးသင့်ပဲ အချိန်မတိုင်မီ ပျက်စီး ကြရခြင်း ဖြစ်ပါ၏။ ပျဉ်ထောင်ကို ရေနံချေးသုတ်လိုက်ပါက ငါးနှစ်ခံမည့်ဟာ ဆယ်နှစ် မခံပါလား။ ကျောင်းနံရံ ပျဉ်ထောင်များကို ရေနံချေးသုတ်မည့် စရိတ်စက ကို ရွာလူထု အနေနှင့် မတတ်နိုင်ဘူးလား။ ရွာလူကြီး ဆိုသူကရော လုပ်ရကောင်းမှန်း မသိဘူးလား။
ကျွန်တော်တို့ မြန်မာပြည် တနံတလျားမှ ကျေးရွာ မူလတန်းကျောင်းများကို သွားပြင်ပေးတော့ အချို့ရွာများမှာ ၀မ်းသာအယ်လဲ ဆီးကြိုကာ အားတက်သရော ပါဝင်ဆောင်ရွက် ပေးကြသလောက် တချို့ ရွာများကျတော့ ကိုယ့်ကျောင်းကို လာပြင်ပေးတာတောင် လှိုက်လှိုက်လှဲလှဲ မရှိလှပါ။ မွန်ပြည်နယ်မှ ရွာတစ်ရွာဆိုလျှင် ဘာပြောသည် ထင်ပါသနည်း။ ထို မူလတန်းကျောင်းမှ ကျောင်းအုပ်ကို ကျွန်တော်တို့က ကျောင်းသစ် ဆောက်ပေးမည်၊ ရွာမှ ၀ိုင်းဝန်း ကူညီကြပါ ဟု မေတ္တာရပ်ခံသည်ကို ခင်ဗျားတို့ မလှူလဲ ကျောင်းမရှိရင် ကျွန်တော်ကတော့ သစ်ပင်အောက်မှာ သင်မှာပဲ ဟူ၏။ ထမင်းအတွက် စာသင်နေရသော ထိုကဲ့သို့သော ကျောင်းဆရာမျိုးများ ကျွန်တော်တို့ တိုင်းပြည်တွင် အဘယ်မျှ များပြားနေပါသနည်း။ ကျွန်တော်တို့ လူမျိုးများတွင် ဤမျှ အသိပညာ ခေါင်းပါးသွားပါပြီလား။ အလှူရေစက် လက်နှင့် မကွာ ဆိုသော အဓိပ္ပါယ်ထဲတွင် အများပြည်သူပိုင် အဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းဘို့ မပါဘူးလား။

ရန်ကုန်မှ ဘတ်စ်ကားများကိုလည်း နည်းနည်းလောက် စောင်းငဲ့ ကြည့်လိုက်ပါဦး။ နိုင်ငံ စီးပွားရေး အခြေအနေအရ ခရီးသည်နှင့် ဘတ်စ်ကား စီးရေ မမျှတာကို အပြစ်မတင်ကြပါနှင့်။ သို့သော် ခရီးသည်များအတွက် နည်းနည်းလောက် ကိုယ်ချင်းစာစိတ်ကလေးနှင့် အကြင်နာ မေတ္တာကို အရင်းခံလျှက် ဆက်ဆံလျှင် ကောင်းမည် ထင်ပါ ၏။ လူကြပ်တာကို ဘာမှမတတ်နိုင်၊ သို့သော် အတင်း နင်းကန်ပြီး ငါးပိသိပ် ငါးချဉ်သိပ် ထိုးထည့်တာတော့ မကောင်း ဟု ထင်ပါသည်။ ခရီးသည်များထဲတွင် အရွယ်မရောက်သေးသော ကလေးသူငယ်များ ပါသကဲ့သို့ အိုကြီးအိုမ များလည်း ပါပါသည်။ သူတို့ကို နည်းနည်းလောက် သနားပေးကြပါ။
နောက်ပြီး လူမှန်းမသိ၊ သူမှန်းမသိ အတင်းရော အဓမ္မပါ နင်းကန်မောင်း၊ မှတ်တိုင်ကို အတင်းလုရပ်။ ခရီးသည်များကို အတင်း ဆွဲတင်။ အတင်းတွန်းချ လုပ်သည်မှာ တဆိတ် လွန်လွန်းလှပါ၏။ ကားပေါ်ပါ ခရီးသည် အားလုံး၏ အသက်သည် သူတို့လက်ထဲတွင် ရှိသည် ဆိုတာ သတိမထားမိပေဘူးလား။ အဘယ်မျှ အရေးကြီးနေသဖြင့် ဤမျှ အလုအယက် မောင်းနေရပါသနည်း။ ပိုက်ဆံ မျက်နှာတစ်ခုထဲနှင့်တော့ လူများကို လူလို မဆက်ဆံတာ အတော် ဆိုးသော လုပ်ရပ်ဟု ကျွန်တော်ကတော့ သည်အတိုင်း မြင်ပါသည်။
လက်မှတ် တန်းစီနေသည့် နေရာ နည်းနည်းလောက် သွားကြည့်ရအောင်။ ဟော ဟော ကြည့်၊ ဟိုကောင် အတင်းကျော်ခွပြီး ရှေ့ကို တိုးသွားပြီ၊ အဲဒီရှေ့က အင်္ကျီအပြာနဲ့လူဟာ ကျော်ပြီးတန်းစီတာပါ ဗျို့။ ဟေ့ နောက်က အတင်း မတိုးကြနဲ့လေ၊ ဒီမှာ အဖွားကြီး ညပ်နေပြီ။ မောင်လေးတို့၊ ရဲတို့ ရေ၊ လုပ်ကြပါအုံး၊ အဖွား အသက်ရှူလို့ မရတော့ဘူး။ ဟေ့ကောင်၊ မင်းဘာလူပါးဝတာလဲ၊ ငါတို့က ညဦးကတည်းက လာစီနေတာ။ ကျုပ်ကလည်း ဒီမှာ အုတ်ခဲ ချထားတာပဲ ဗျ၊ ခင်ဗျား ဘာလို့ ကန်ထုတ် ပစ်တာလဲ။
မိမိလက်မှတ်ရလောက်မည် အထင်ရှိတုံးက အေးအေးဆေးဆေး တန်းစီနေသူများသည် ရှေ့သို့ကျော်ခွ တန်းစီသူများကို အော်ဟစ်ကာ ရန်ပြုနေသော်လည်း မိမိလက်မှတ်ရဘို့ မသေချာတော့သောအခါ မိမိကိုယ်တိုင် ကျော်ခွ တန်းစီဘို့ အတင်း ကြိုးစားတော့သည်။ လူများသည် အဘယ့်ကြောင့် အမှန်တရားဘက်က အမြဲ ရပ်တည် မနေနိုင်ကြပါ သနည်း။ (ကိုကျော်မင်းစိုး ကတော့ အစ်ကိုရေ၊ ရတဲ့အခွင့်အရေးကလေး လက်လွတ်သွားမှာ ကြောက်လို့ အတင်းလု နေရတာ အကျင့်ပါနေလို့ ပါ ဟု ပြောပါ၏)။
နောက်ပြီး ရုံးပြင်ကနား သွားသောအခါများ၌လည်း ကိုယ့်နာမည် ခေါ်အောင် မစောင့်နိုင်ကြပဲ ကောင်တာများ တွင် အဘယ်ကြောင့် အတင်းစုပြုံ တိုးနေကြရပါသနည်း။ ကိုယ့်နာမည် ခေါ်သံမကြားလိုက်ပဲ ရတောင့် ရခဲ အခွင့်အရေးကလေး လက်လွတ်သွားမှာ စိုးလို့လား။ ဖြစ်နိုင်ပါသည်။ စင်ကာပူမှာလို ကိုယ်မရလိုက်မှာ မပူရသည့် နေရာ အဖို့တော့ ဘာကိစ္စ အတင်း တိုးနေစရာ လိုမလဲ။ နေပူရင် ထီးကလေး ဆောင်းလို့၊ ညောင်းရင် ဖျာကလေးခင်း ထိုင်လို့၊ စာအုပ်ကလေးဖတ်လို့၊ အောင်မယ် အဆာပြေစားစရာ မုံ့နဲ့ ရေပုလင်း ကလေးတောင် ပါသေး။
သို့သော် ဗမာပြည်မှာ တိုးတာ အကျင့်ပါနေလို့ ထားပါတော့။ အနှီ စင်ကာပူက မြန်မာသံရုံးတွင် ကောင်တာ ဘေး အတင်းတိုးနေကြတာကိုတော့ ကျွန်တော် အင်မတန် မုန်းပါသည်။ စင်ကာပူက မြန်မာသံရုံးသည် စင်ကာပူ စတင်းဒတ်ကို လိုက်မလုပ်သကဲ့သို့ စင်ကာပူရောက် သူရို့ကိုယ်သူရို့ ကင်မွန်းတပ်ထားသည့် ကိုရွှေ များသည်လည်း စင်ကာပူ က အကျင့်များကို အတုခိုးရကောင်းမှန်းမသိပဲ ဗမာပြည်မှ အကျင့်ဆိုးများကို စင်ကာပူအထိ သယ်ယူ ကျင့်သုံး နေကြသည်မှာ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ ဟပ် နေပါ၏။

ကျွန်တော် ရေဆင်းတွင် ရှိစဉ် ဘန်ကောက်သို့ လေ့လာရေးခရီးစဉ် တစ်ခေါက် သွားရောက်ခဲ့ရပါ၏။ အပြန်တွင် ထုံးစံအတိုင်း ကားပါမစ် ဆိုတာ ရပါသည်။ အမှန်ဆို ထို ကားပါမစ်အကြောင်း ကျွန်တော် ဘာမှ နားမလည်ပါ။ သူတို့ယူလာသော စာရွက်ပေါ်တွင် လက်မှတ်ထိုးဆို ထိုးလိုက်တာသာ ဖြစ်ပါ၏။ သို့သော် ပွဲစား ကောင်လေးနှင့်တော့ ရုံးလိုက် သွားရပါ၏။ ထို ကောင်လေးလုပ်ကိုင် နေပုံများကို ကြည့်ကာ အံ့သြတမော ကျရပါ၏။ ကျွန်တော့် စာရွက်စာတမ်းများ အပါအ၀င် စာရွက် တစ်ထပ်ကြီးကို ကိုင်ကာ အပြင်လူ မ၀င်ရ ဟု ဆိုင်းဘုတ် ချိတ်ဆွဲ ထားသော သံဇကာများ ကာရံထားသည့် ခြံအတွင်းသို့ တံခါးမရှိ ဓါးမရှိ၊ အကြောက် အလန့်မရှိ၊ အလွန် ရဲတင်းစွာ ၀င်ရောက်သွားလျှက် လိုသည့်တံဆိပ်တုံးများကို ရွေးချယ်နေစရာပင် မလိုပဲ မိမိပိုင် ပစ္စည်းများကို ဘယ်နေရာ ဘာရှိသည်ဟု အပ်ကျမတ်ကျ သိနေဘိသကဲ့သို့ ယူငင်ကာ စာရွက်စာတမ်းများပေါ် ဒုံးကနဲ ဒုံးကနဲ ထုကာ သက်ဆိုင်ရာ အရာရှိရှေ့ သွားပြီး စာရွက်စာတမ်းများကို လက်မှတ်ထိုးရမည့်နေရာကို လှန်လျှက် သွားထိုးပေးလိုက်ပါ၏။ ထို ခေါင်း မဖော်နိုင်လောက်အောင် အလုပ်များလျှက်ရှိသော အရာရှိသည် မိမိရှေ့၌ ရိပ်ကနဲ မြင်လိုက်ရသော လူရိပ်ကြောင့် ခေါင်းထောင်ကြည့်လိုက်ပြီး သကာလ မျက်နှာကိုမျှ သေသေချာချာ မကြည့်ရပါပဲလျှက် မိမိအလွန်ရင်းနှီးနေသူကို အရိပ်မျှမြင်ရုံဖြင့် သိသကဲ့သို့ သိကာ ချပေးလာသမျှ စာရွက်တို့ကို စိုးစဉ်းမျှ ဖတ်မကြည့်ပဲ လက်မှတ်များ တစ်စောင်ပြီး တစ်စောင် ထိုးပေးလိုက်ပါ၏။
ထို သူငယ်ကလေး ကိစ္စအစအဆုံး ဆောင်ရွက်သည်မှာ ဤသည့် ကျွန်တော် စာရေးနေသည့် အချိန်မျှလောက် ပင် မကြာပါ။ အပြုံးမျက်နှာဖြင့် ပြန်ထွက်လာလျှက် ပြီးပြီ အစ်ကိုဟု ဆိုပါ၏။ ဘာတွေလုပ်လိုက်လို့ ဘာတွေပြီးသွားမှန်း ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် မသိရိုး အမှန်ပါ။ သူတို့ ပေးလာသော ပိုက်ဆံကို အသာယူထားလိုက် ပါသည်။ ထို ပိုက်ဆံသည် ကျွန်တော့်အတွက် ရသော ကားပါမစ်အတွက် နည်းသည် များသည်ကိုလည်း ကျွန်တော် မသိပါ။ ထိုကားပါမစ် ဘယ်လောက် တန်မှန်းလည်း မသိပါ။ အနှီ ကားပါမစ်သည် ဘာကားများကို တင်သွင်းခွင့် ရမှန်း၊ ဤကားသည် အဘယ်မျှလောက် အဖိုးတန်မှန်း၊ တကယ် တင်သွင်းသူသည် မည်သူဖြစ်မှန်း၊ မည်သည့်နိုင်ငံမှ တင်သွင်းမှန်း၊ ဗမာပြည်တွင် ထိုကား မည်မျှ ပေါက်ဈေးရှိမှန်း အစရှိသော ဗဟုသုတများသည် ကျွန်တော့်အတွက် ဘုန်းကြီးနှင့် ဘီး ပမာ အလွန် အလှမ်းဝေးစွ။
သို့သော် ကျွန်တော်တစ်ခု ဗဟုသုတ ရလိုက်သည်မှာ ကျွန်တော်တို့တိုင်းပြည်တွင် ဤကဲ့သို့သော express service များ ရှိပါကလား ဟူ၍ ဖြစ်ပါ၏။ လက်မှတ် တစ်ချက် အတွက် သူတို့ကို ဘယ်လောက် ပေးရတယ် ဟု ထို ကောင်လေးမှ ပြန်ပြောပြသဖြင့် သိရပါ၏။ (၁၉၉၅ ခုနှစ်)

ကျွန်တော်တို့ခေတ်က အေအီး၊ အက်စ်အေအီး ဆိုသည့်ရာထူးများ အလွန် ခေတ်စားပါ၏။ မည်သည့် အေအီးကဖြင့် မည်သို့ထောသည်။ မည်သည့် အက်စ်အေအီးကဖြင့် ဘယ့်ကလောက် ချမ်းသာသည်။ အင်ဂျင်နီယာ ကျောင်းက ဆင်းလျှင် ထိုကဲ့သို့ အင်မတန် ထောသော အေအီးများ ဖြစ်နိုင်သည် ဆိုသည်ကို သိပ်မတုံးလှသော ကျွန်တော်တို့ ပြည်သူများ နားလည်ထားကြပါ၏။ သူတို့ ဘာတွေလုပ်လို့ ဘယ်လိုရသည် ဆိုတာ သိစရာမလို။ သူတို့ ဘယ်လောက်ရပြီး ဘယ်လောက် ချမ်းသာနေသည်။ ပိုက်ဆံကို ရေလိုသုံးနိုင်သည် ဆိုတာသာ လူသိများသည်။
ကျွန်တော်ကျောင်းပြီးစ အလုပ်ရှာတော့ ကိုယ်နှင့်နီးစပ်သူ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးနားချင်းများက အလုပ်အကြောင်း မေးပါသည်။ သူတို့ကတော့ စေတနာနှင့် မေးတာ ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် သူတို့မေးပုံကလေးအား မိတ်ဆွေတို့ကို ပြန်ပြောင်း ဖောက်သည် ချချင်ပါ၏။ “မင်း၊ အလုပ်မရသေးဘူးလား။ ဘယ်အလုပ်ထဲ ၀င်လျှင်တော့ဖြင့် ဘယ့်ကလောက် အောက်ဆိုဒ်ရနိုင်မယ်။ ပုသိမ်၊ မုံရွာ ဟိုက်ဝေးလမ်း ပရောဂျက် ဘယ်ဆိုဒ်မှာလုပ်နေတဲ့ အက်စ်အေအီး ဦးဘယ်သူဆိုတာ အလုပ်ဝင်တာမှ တစ်နှစ်တောင် မပြည့်သေးဘူး။ ခုဆို တိုက်နဲ့ ကားနဲ့ ဖြစ်နေပြီ။” “ဟေ့၊ မင်း ဟိုအလုပ် လျှောက်မလို့ဆို၊ တုံးပါ့ကွာ။ အဲဒီအလုပ်က အောက်ဆိုဒ် ကောင်းတဲ့အလုပ် မဟုတ်ဘူးကွ။”
အမှန်ပြောရလျှင် ကျွန်တော် သူတို့ပြောသည့် အောက်ဆိုဒ်ဆိုတာ ဘယ်လိုရမှန်းကို သေသေချာချာ မသိခဲ့ပါ။ (မမကတော့ ကြားဖူးနားဝနှင့် ကျွန်တော့်ကို ပြန်ပြောပြပါ၏။ ကျွန်တော်တို့နှင့် ကျောင်းနေဘက် မိန်းကလေးတစ်ဦး ဂျီတီအိုင်ပြီးလို့ သူတို့မြို့အနီးက ဆောက်လုပ်ရေးတစ်ခုတွင် အက်စ်အေအီး နှင့် ၀င်လုပ်နေရာ သူမက မတောင်းရ ပါပဲလျှက် ပိုက်ဆံလာ လာပေးကြသည် ဆို၏။ ကျွန်တော်က ဤသည်ကို အောက်ဆိုဒ် ဟု နားလည်လိုက်ပါသည်။) သူရို့ အေအီးလခနှင့် သည်လောက် အတောအတွင်း ကျိကျိတက် ချမ်းသာသွားကြသည် ဆိုသည်ကိုမူ အံ့သြမဆုံး ဖြစ်ခဲ့ရပါ၏။ ဘယ်က ဘယ်လို ၀င်ငွေတွေရနေသည်ကို မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပါသည်။ နောက် အလုပ်ရှာရင်း၊ ဒုက္ခ ပေါင်းစုံနှင့် နပန်းလုံးရင်း၊ ဆယ်ဂဏန်းတော်တော်များများ အင်တာဗျူးများ သွားရင်း၊ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးမှ စာမေးပွဲများကို အသည်းအသန် ဖြေရင်းမှ ထို အောက်ဆိုဒ် ဆိုတာ ရေးရေးမျှ သဘောပေါက်ခဲ့ရ ပါသည်။ သို့သော် ကျွန်တော်နှင့် ကျွန်တော့် အပေါင်းအသင်းများမှာ ပိုက်ဆံမရှိလို့ ထမင်းမစားရရင် မြက်ကို စွပ်ပြုတ်လုပ်သောက်မယ်၊ ရခဲတဲ့ လူ့ဘ၀ ခဏကလေးမှာတော့ ဘယ်တော့မှ မတရားသဖြင့် ပိုက်ဆံကို မရှာဘူး ဟု ရိုးသားမှုကို မိုက်မိုက်မဲမဲ ဖက်တွယ်ထားသူများ ဖြစ်လေရာ ဒုက္ခ၀ဲသြဃထဲတွင် တ၀ဲလည်လည်နှင့် နှစ်ပေါင်း အတော်ကြာခဲ့ကြပါသည်။
အောက်ဆိုဒ် ဆိုသည့် ခိုးဝှက်ပြီးရသော ငွေရှာမှုသည် မြန်မာ့လူနေမှု အသိုင်းအ၀ိုင်းကြားတွင် ဂုဏ်သိက္ခာ ရှိသော အလုပ်တစ်ခု ဖြစ်ပါသလား။ နိုင်ငံ့ဘဏ္ဍာကို ကိုယ့်ပထွေးကပေးသော အမွေကဲ့သို့ ပြောင်ပြောင် တင်းတင်း အလစ်သုတ်နေကြခြင်းကို (အဲလေ လူသိရှင်ကြား ခိုးနေတာကို အလစ်သုတ်တာလို့ ခေါ်နိုင်ပါသလား၊ ဘယ်လို နာမည် တပ်ရမှန်းပင် မသိတော့ပါ) တရားဝင် လုပ်ပိုင်ခွင့်ပေးထားလို့ လုပ်နေတာ ဟု ယူဆပါသလား။ ဤအရာသည် မိမိ၏ တရားဝင် ရပိုင်ခွင့် တစ်ရပ် ဖြစ်ပါသလား။

စားစရာ မရှိလို့ သွေးရိုးသားရိုး သူများအိပ်နေတုံး တိတ်တိတ် တက်ခိုးသူများကျတော့ သူခိုး၊ သူခိုး ဟု လူသိရှင်ကြား အော်ဟစ်၊ တစ်ရပ်ကွက်လုံး ကြွက်ကြွက်ညံအောင် အတင်းလိုက်။ ထို မောင်သူခိုးသည် အိမ်ရှင်များ အိပ်နေတုံး ခိုးကြောင် ခိုးဝှက် ခိုးရသဖြင့် သူခိုးလျှင် မည်မျှ ခိုးနိုင်ပါမည်နည်း။ ထို မောင်ခိုးသားသည် တစ်နှစ်အတွင်း ကားစီးနိုင်လောက်အောင် ခိုးနိုင်ပါမည်လော။ သို့သော် ထို စားစရာမရှိသော သူ ခိုးတာကျတော့ လက်ညှိုးထိုး၊ နှာခေါင်းရှုံ့ကြသည်။ အ-မနာပ ပြောကြသည်။ ဂုဏ်သိက္ခာမရှိ။ ရဲဆိုသူများကလည်း ဤကဲ့သို့သော သူခိုးများကို သေသေချာချာ မိအောင်ဖမ်းပြီး တရားရုံးတင် ထောင်ချ ချင်ကြသည်။
သို့ ဆိုလျှင် နိုင်ငံ့ဘဏ္ဍာများကို တိုက်ဆောက် ကားစီး နိုင်လောက်သည်ထိ ခိုးခြင်းသည် လူသိရှင်ကြား ခိုးခြင်းဖြစ်၍ ဂုဏ်တက်စရာအလုပ်၊ လူအများအထင်ကြီး လေးစားစေသောအလုပ် ဖြစ်ပြီး။ သူများအိမ် တက်ခိုးခြင်း သည် လူမသိသူမသိ ခိုးခြင်းဖြစ်သဖြင့် ဂုဏ်ပျက်စရာအလုပ်၊ လူပုံအလယ် မျက်နှာငယ်ရမည့် အလုပ် ဖြစ်ပါသလား။ ယနေ့ခေတ် မြန်မာ့ လူနေမှုအသိုင်းအ၀ိုင်းက ဤကဲ့သို့ပင် လက်ခံထားပါသလား။
(ဤသို့ဆိုလိုက်ခြင်းအားဖြင့် သူများအိမ်တက်ခိုးနေသော သူခိုးများကို ခွင့်လွှတ်ထားပြီး အားပေး အားမြှောက် ပြုရမည် ဟု ဆိုလိုရာမရောက်ပါ၊ သိသာ ထင်ရှားအောင် ဥပမာ ပေးခြင်းသာ ဖြစ်ပါ၏)
ရိုးသား၊ ကြိုးစားသည့် သမိုင်း အစဉ်အလာ ရှိခဲ့သည့် ကျွန်တော်တို့ ရှေးမြန်မာကြီးများ၏ အစဉ်အလာကို အရောင်ဆိုး ဖျက်ဆီးပစ်ခဲ့သည့် သမိုင်းတရားခံများမှာ မည်သူများ ဖြစ်ပါသနည်း။ ရိုးသားမှုကို ဂုဏ်ပုဒ်တစ်ရပ် အနေနှင့် လက်ခံထားခဲ့သော၊ မိမိ၏ကာယအား၊ ဉာဏအားဖြင့် ချမ်းသာကြွယ်ဝလာသူများကို အထင်ကြီး လေးစား အားကျခဲ့ကြ သော မြန်မာ့လူနေမှု အသိုင်းအ၀ိုင်း ကို ပြန်လည် တည်ဆောက်ဖို့ စိတ်မ၀င်စားကြပါသလော။ မကောင်းမှုလုပ်တာကို ရှက်စရာ ဟု သင်ပေးဘို့ရာ ၀န်လေးနေကြပါ သလော။ သို့မဟုတ် မကောင်းမှု လုပ်ဖို့ကို ၀ိုင်းဝန်းတိုက်တွန်း နေကြပါသလော။ ဟိရီ၊ သြတပ္ပ ဆိုတာ ဘာလဲ ဟု လေ့လာသင်ယူဘို့ မေ့လျော့နေကြပါပြီလော။ သူတော်ကောင်း ဥစ္စာ ခုနစ်ဖြာ ဆိုတာ မြန်မာ့လူ့ဘောင်လောက မှ နိဂုံးကမ္မပတ် အဆုံးသတ် သွားပါပြီလော။

ကျွန်တော် ရေဆင်းတွင် နေခဲ့စဉ်က နိုင်ငံခြားသို့ ပညာတော်သင် သွားခဲ့ကြသော ဆရာ၊ ဆရာမများ ရှိခဲ့ပါသည်။ သူတို့ နိုင်ငံခြားမှ ပြန်လာသောအခါတွင် အပေါင်းအသင်း မိတ်ဆွေများမှ ၀ိုင်းဝန်းမေးမြန်းကြပါ၏။ “ကားပါမစ်ရရဲ့လား။ပိုက်ဆံ ဘယ်လောက် စုမိခဲ့သလဲ။ စုခဲ့တဲ့ ဒေါ်လာတွေကို ဗမာငွေနဲ့ ပြန်ချိန်းလိုက်ရင် ဘယ်လောက် ရနိုင်မလဲ။ အဲသလောက်ဆို ခြံရာလေးတစ်ကွက်လောက် ၀ယ်လို့ရမလား” စသဖြင့် ဖြစ်ပါ၏။ သို့သော် ဘာဘွဲ့ သွားယူတာလဲ၊ ဘာဘာသာရပ်နဲ့လဲ။ ဘာတွေ သင်ခဲ့ရသလဲ။ အဲဒီ သင်ခဲ့တာတွေကို ဒို့ဆီမှာ ဘယ်လိုပြန်အသုံးချလို့ ရနိုင်မလဲ။ ကျောင်းသားတွေကို ဘယ်လို ပြန် ဖြန့်ဝေပေးနိုင်မလဲ ဟူသည့် မေးခွန်းများကိုမူ တစ်ရံတစ်ဆစ်မှ မကြားရ ဖူးပါ။ ကျွန်တော်တို့၏ လူနေမှု ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ပညာထက် ငွေကို ပိုဦးစားပေးရမည် ဟု သင်ကြား ပေးလိုက် ပါသလား။
ကိုဌေးဝင်းနိုင်ကတော့ လူတစ်ယောက် ရာထူးတက်သွားရင် သူ့ရဲ့တာဝန်နဲ့ ၀တ္တရားတွေက ဘာတွေလဲ။ သူ့မှာ ဘာတာဝန်တွေ ပိုလာသလဲ၊ ဘယ်သူ့ကို တာဝန်ခံရသလဲ စသည်ဖြင့် သူလုပ်ရမဲ့ အလုပ်အကြောင်း မေးဘို့မေ့နေကြပြီး အဲဒီရာထူးရရင် ကားရမလား၊ အစိုးရပေးတဲ့အိမ်မှာ ဖုံး ရရဲ့လား။ ဘယ်လို အောက်ဆိုဒ်တွေ ရနိုင်မလဲ ဆိုတာလောက်ပဲ စိတ်ဝင်တစား မေးနေကြတဲ့ အခြေအနေကို ရောက်သွားပြီ ဟု ပြောပါသည်။
ကျွန်တော်တို့လူများသည် အလုပ်လုပ်ဖို့ထက် အလုပ်ကိုခုတုံးလုပ်ပြီး ငွေကို တရားသဖြင့်ရော၊ မတရားသဖြင့် ပါ အမိအရ ယူကြဘို့လောက်သာ စိတ်ဝင်စားကြတော့သည်။ ငါ့ရာထူးနဲ့ ငါ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ငါ့နိုင်ငံအတွက် စွမ်းစွမ်းတမံ လုပ်ပြလိုက်မယ် ဟု အားကြိုးမာန်တက် စိတ်ဓါတ်မွေးရမည့်အစား ဒီရာထူးကလေး မြဲနေတုံး ငါ့လုပ်ပိုင်ခွင့် ကို အသုံးချပြီး အသားကုန် အိတ်ထဲထည့်ထားမှ၊ အနာဂါတ်ဆိုတာ ရေရာတာမဟုတ်ဖူး ဆိုသော လူများက များနေသည် ဖြစ်ရာ ဤလူ့ဘောင်ကြီးအတွက် ရင်လေးစရာ ကောင်းလှပါဘိ။
(“ဟေ့ကောင်၊ အရမ်းစွတ်ပြောမနေနဲ့။ ငါတို့ရတဲ့ လခလည်း ကြည့်ဦး။ ဒီလခနဲ့ ဒီမိသားစုကို လောက်ငအောင် ဘယ့်နှယ်လုပ် ကျွေးထားမလဲ။ ဒီခေတ် ဈေးနှုံးတွေလည်း မင်းအသိ မဟုတ်လား။” “ဟုတ်ပါပြီ၊ ကိုယ်ကလည်း မတရား သဖြင့် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တော်ရုံသဖြင့် ပေါ့ဗျာ။ လူမြင်မကောင်းအောင် လုပ်နေကြတာတော့ ဘယ်ကောင်းမလဲ”)

ဘိုးဘွားများလက်ထက်က အစဉ်အဆက် လက်ခံကျင့်သုံးလာခဲ့သော ကျွန်တော်တို့၏ ယဉ်ကျေးမှု အစဉ်အလာ သည် ခေတ်မမီတော့။ ဒိတ်အောက် သွားပြီ ဖြစ်သဖြင့် အန်းတစ်များအဖြစ် ပြတိုက်ပို့ပစ်လိုက်ကြပြီ။ နှစ်ဆယ့် တစ်ရာစုသို့ ရောက်သောအခါ တိုးတက်နေသော ခေတ်ကြီးနှင့်အညီ အားလုံးကို ကပြောင်းပြိ ကပြောင်းပြန်၊ ဇောက်တိ ဇောက်ထိုး လုပ်ပစ်လိုက် ကြ၏။ တနည်းအားဖြင့် ဘုရားကားအောက် မျောက်ကားအထက် ဖြစ်သွားသည်။
ရိုးသားစွာ လုပ်ကိုင်စားသောက် နေသူများကိုတော့ ငတုံး၊ ငအ၊ အသုံးမကျတဲ့ကောင်၊ သောက်ဖျင်း၊ တစ်သက်လုံး လူမွေးလူတောင် ပြောင်မဲ့ကောင် မဟုတ်ဖူး ဟု ၀ိုင်းဝန်း သမ ကာ ကိုယ့်မိန်းမကအစ မလေးစား၊ ကိုယ်မွေးထုတ်ထားသော သားသမီးများက အထင်မကြီး၊ မလေးမခန့်လုပ်၊ လူတောသူတော မတိုးနိုင်၊ အပေါင်းအသင်း များကြား မျက်နှာငယ်ရပြီး နေရာမရ။ ဟင်းဟင်း - အင်ဂျင်နီယာ တဲ့၊ ဘာ အသုံးကျသလဲ၊ ကြည့်ပါအုံး၊ သူများတွေ တိုက်နဲ့ ကားနဲ့ နေ နေကြတဲ့အချိန်မှာ သူ့မတော့ မြေပြင်မှာ ခြေလျင်လျှောက်တုံး ဟု နောက်ကွယ်မှ နေ၍ နှုတ်ခမ်းတလန် ပန်းတလန် ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆို ........ကြကုန်လျှက်.....
အရာရှိဖြစ်ပြီး တစ်နှစ်မှ မပြည့်ခင် တိုက်ဆောက်၊ ကားစီး သွားနိုင်သူများကို ၀ိုင်းဝန်းချီးကျူး အားကျ၊ အထင်ကြီး လေးစားကာ နေရာတကာ နေရာပေးပြီး မျက်နှာချိုသွေး ချဉ်းကပ်သူ အများအပြား နှင့် ၀ိုင်းဝိုင်းလည်နေ လျှက်၊ ဘီယာတန်ခိုးကြောင့် အဆီတစ်ထပ် အသားတစ်ထပ် ဖြစ်နေသော ဗိုက်ကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ရှေ့ပစ်ပြီး အင်ဒိုနီးရှား အမျိုးသမီးများ၏ လုံချည်များကို ရှပ်အင်္ကျီချုပ်ဝတ်ကာ နံဘေးမှလူများ အနားကပ်လျှင် ရိုက်မိ လောက်အောင် လက်နှစ်ဖက်ကို ကားလျှက် ရေသဘင် နေကာမျက်မှန်ကြီး တ၀င်းဝင်း၊ ကွမ်းယာဆိုင်များ၌ ဆေးလိပ်မီးညှိရန် ထားသော အုန်းဆံကြိုးလုံး ပမာဏမျှရှိသည့် ဟန်းချိန်းကြီး တလက်လက် ဖြင့် အရောင်အလင်း တောက်ပ ထွန်းလင်းစွာ လမ်းလျှောက်လာလျှင် ၀ိုင်းဝန်း အထင်ကြီး လေးစား၊ အားကျ ငေးမောကာ ချီးမွမ်း ထောမနာပြုကြပြီး ---
မိန်းမလုပ်သူမှာလည်း နွားနဖားကြိုးလောက် ရှိသော ရွှေဆွဲကြိုးကြီး လည်ပင်းတွင် ဆွဲထားပြီး အေဖိုးဆိုဒ်မျှ မကသော ပိုက်ဆံအိတ် အကြီးကြီးကို ချိုင်းကြား ညှပ်ကာ နောက်မှ ခြွေရံသင်းပင်း တစ်ကျိပ်မျှ လိုက်ပါလျှက် လမ်းဘေး ချရောင်းနေသော ကုန်စိမ်းသည်များကို လူမထင်ပြီးသကာလ ကောင်းပေ့ ညွန့်ပေ့ လှပေ့ ဆိုသော ဆိုင်ကြီးကနားများ တွင် ဆန်းပေ့ သစ်ပေ့ ခေတ်မီပေ့ ဆိုသော နောက်ဆုံးပေါ် ပစ္စည်းများကို ရှော့ပင်ထွက်လျှက်၊ မီလျံ နှင့် ဘီလျံမျှ မကသော ကိန်းဂဏန်းများကို လူရှေ့ သူရှေ့၌ စွာကျယ် စွာကျယ် မရွတ်လိုက်ရလျှင် စားမ၀င် အိပ်မပျော် ဖြစ်ကာ....
သားသမီးများမှာလည်း နောက်ဆုံးပေါ် ကားသစ်ကြီးများနှင့် ကျောင်းသွား ကျောင်းပြန် ပြုပြီး အင်္ဂလိပ်လိုချည်း သင်သော ပရိုက်ဗိတ်ကျောင်းများတွင် တက်လျှက်၊ ကျူရှင်သွားတက်ရတာ လူပေါင်းသောင်း ခြောက်ထောင်နှင့် ဆူညံ ပွက်လောရိုက်နေတာ အာရုံမရ သဖြင့် တော်ပေ့ဆိုသော ဆရာ၊ ဆရာမများကို အိမ်တွင် ခေါ်သင်ကာ အဆင့်မရှိသော ဗမာပြည်မှ ကျောင်းများကို မမှန်း၊ နိုင်ငံခြား ကျောင်းများသို့ သွားရောက် ပညာဆည်းပူးရန် ရည်မှန်းချက်ဖြင့် ...
(ဖူး ... မောလိုက်တာ၊ တော်လောက်ရောပေါ့ဗျာ)
ဤသည်မှာ ယခု လောလောလတ်လတ် ဖြစ်ပျက်နေသော ကျွန်တော်တို့ မြန်မာ့ လူနေမှု အသိုင်းအ၀န်းမှ ယိုယွင်း ပျက်ပြားနေသော စရိုက်ဆိုး၊ အကျင့်ဆိုး (ဗိုလ်ချုပ်အောင်ဆန်းလို ပြောရပါမူ - သောက်ကျင့်ဆိုး) များကို ကျွန်တော် စတိမျှ ပြောပြခြင်း ဖြစ်ပါသည်။ ကျွန်တော် မပြောလည်း မိတ်ဆွေများ သိပြီး ဖြစ်ပါ၏။ ဤသို့ပြောသည်မှာ သူများ ကြီးပွားနေတာ မနာလိုလို့ ပြောခြင်း မဟုတ်သလို အရာရာ မကောင်းမြင်စိတ်ဖြင့် ပြောနေခြင်းလည်း မဟုတ်ပါ။ အလွန် ချစ်စရာကောင်းသော မြန်မာ့ဓလေ့ စရိုက် နှင့် ယဉ်ကျေးမှုများ ယိုယွင်း ပျက်စီးသွားရခြင်းကို ရင်ထုမနာ ဖြစ်လွန်းလှ၍ ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော်ကား မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ မြန်မာစာပေ ဂီတ အမွေအနှစ်များကို အင်မတန် ချစ်မြတ်နိုးသူ ဖြစ်ရကား ထို ချစ်စရာကောင်းသော မြန်မာ့ဓလေ့ စရိုက် နှင့် ယဉ်ကျေးမှုများ ကျွန်တော်တို့ထံမှ တစစ ခွဲခွါသွားနေသည်ကို မြင်ရတာ အင်မတန်မှ စိတ်မကောင်းပါ။
ဤသို့ ဖြစ်သွားရခြင်းသည် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများတွင်ပင် တာဝန် ရှိပါသလား။ အဓိက တရားခံမှာ မည်သူများ ဖြစ်ပါသနည်း။ အဘယ့်ကြောင့် ဤကဲ့သို့ ဖောက်ပြန် ယိုယွင်း သွားရပါသနည်း။ သည်လိုဆိုလျှင် သည် လူနေမှု စံနစ်ကြီးကို ပြန်လည် အဖတ်ဆည်ရအောင် စိတ်မ၀င်စား ကြတော့ပြီလော။ အဖတ်ဆည်ရမည့် နည်းလမ်းများကို မရှာကြတော့ပြီလော။ မည်ကဲ့သို့ လုပ်လျှင် ကောင်းမည်နည်း။ အချိန်၊ ငွေ စသည် အလုံအလောက် ရှိဖို့ လိုသလို ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့လည်း လိုပါသည်။
တာဝန်ရှိသူများ တာဝန်မဲ့မနေကြပါနှင့်။ ပညာရှင်များ၏ အကြံဉာဏ်များကို လက်ခံကာ ပူးပေါင်းဆောင်ရွက်မှု ကို လက်ခံကြပါ။ ရေစုန်မျောနေသည့် လူ့အဖွဲ့အစည်းကြီးကို ကယ်တင်ခြင်းသည် သူတော်ကောင်းတို့၏ လုပ်ရပ် ဖြစ်ပါသည်။ ၀ိုင်းဝန်းဆောင်ရွက် ကြပါ ခင်ဗျား။ နောက်မျိုးဆက်သစ်များ အလုံးစုံ ပျက်သုဉ်းမသွားခင် ကြိုတင် ပြင်ဆင် ဘို့ လိုအပ်နေပါပြီ။ စက်ပစ္စည်း ပျက်တာ ပြင်ရတာ လွယ်ပါ၏။ ပျက်နေသောအပိုင်းကို ဖြုတ်လဲလိုက်လျှင် ခဏနှင့် ပြန်ကောင်း သွားနိုင်ပါသည်။ လူပျက်ပြီဆိုလျှင် ပြင်ဘို့ မလွယ်။ စိတ်ဓါတ်ရေးရာများ ပျက်သွားလျှင် ပိုပြီးမလွယ်။ လူတစ်ဦးတစ်ယောက် ဆိုပါက ကိစ္စမရှိသေး။ သူ့ပတ်ဝန်းကျင်က ၀ိုင်းဝန်း ထိန်းမတ်ပေးလို့ ရနိုင်သေးသည်။ လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး ဖောက်ပြန် ပျက်စီးသွားပြီ ဆိုလျှင် မူကား........................။

No comments: