အစိုးရ
ကောင်းတာလုပ်နေသည်ဖြစ်စေ၊ ဆိုးတာတွေလုပ်နေသည်ဖြစ်စေ။ ပြည်သူလူထု၏ ကိစ္စအဝဝကို စီမံခန့်ခွဲ အုပ်ချုပ်ဖို့ အစိုးရတစ်ရပ်တော့ လိုတာအမှန်ဖြစ်၏။ သို့သော် ကောင်းသောအစိုးရဆိုလျှင် ပြည်သူပြည်သားတို့ ကောင်းတာတွေ ခံစားစံစားရမည်။ ကောင်းကောင်းစားရ၊ ကောင်းကောင်းနေရ။ ကောင်းကောင်းအိပ်ရမည်။ (ဘာလို့ ကောင်းကောင်းအိပ်ရမည် လို့ရေးရသလဲဆိုရင် အိပ်နေတုံး အကြောင်း အထွေအထူးမရှိပဲ လာနှိုးတာ အင်မတန် ဇိမ်ပျက်တာကလားဗျာ။ အိပ်တာဟာ ကျွန်တော်တို့ အသက်ရှင် နေထိုင်မှု ဘဝမှာ အင်မတန် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခု ဖြစ်ပါသဗျ၊ ဘယ့်နှယ် သန်းခေါင်သန်းနွှဲ အတင်းရော အဓမ္မပါ လူစုလူဝေးနဲ့ လာပြီး သူပုန်ရှာသလို တံခါးကို ဝုန်းဒိုင်းကြဲထုရိုက်ပြီး အလန့်တကြား ဧည့်စာရင်း လာစစ်တာကိုတော့ ကျွန်တော် သိပ် သဘောမတွေ့ဘူးဗျ)။ ကလေး တွေလည်း အပြစ်ကင်းမဲ့စွာ ကစားခုန်စားနိုင်၊ ပညာအစစ်အမှန်ကို သင်ယူနိုင်မည်။ လူနေမှုအဆင့်အတန်းဆိုတာ မြင့်လာမည်။ လူများ၏ အသိပညာ တိုးတက်လာမည်။ ကိုယ်ကျင့်တရားတွေ ကောင်းလာမည်။ လူ၏တန်ဘိုး မြင့်မားလာမည်။ အိုဗျာ - ခြုံပြောရရင် ခုနစ်ရက်သားသမီးတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရမည်။
ပိုပေါ့လိုလူမျိုး အုပ်ချုပ်လျှင် သန်းပေါင်းများစွာသော အပြစ်မဲ့သူများ အသတ်ခံရမည်။ ဘယ့်နဲ့ဗျာ၊ ငါနဲ့မတူ ငါ့ရန်သူ လုပ်လို့ရပါ့မတုံး။ လူတွေပေကပဲ။ သူရို့ဟာသူရို့ လွတ်လွတ်လပ်လပ် ယူချင်သလို ယူ၊ တွေးချင်သလိုတွေး မှာပေါ့။ (ရေးနေရင်းမှ ကျွန်တော်ကြည့်ခဲ့ဖူးသော ွူေိငအေသမ မှ သူရဲကောင်းကြီးကို သွား သတိရမိပါသည်။ သူက သူ့ဟာသူ အေးအေးဆေးဆေး တောမှာ လယ်ကလေးစိုက်ပြီး ကိုယ့်သားနှင့် မယားနှင့် အေးအေးလူလူ နေချင်သည်။ သို့သော် သူ အင်မတန်မှ မလုပ်ချင်သော လူလူချင်း စီးချင်းထိုးပွဲ များကို လုပ်နေရသည်။ ဆိုးရွားလှသော ဧကရာဇ်ဆိုသူ လူတစ်ယောက်ကြောင့် အပြစ်မဲ့သူ လူအပေါင်းတို့ အေးအေးဆေးဆေး မနေရ၊ အမြဲ တိုက်လားခိုက်လား၊ သတ်လား ဖြတ်လား လုပ်နေရသည်။ မိန်းမအပေါင်းတို့မှာ အမြဲငိုကြွေးနေကြရသည်။) ပိုပေါ့၏ ရက်စက်မှုအပေါင်း သရဖူ ဆောင်းထားပုံများကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားသည့် အော်စကာဆုရ Killing Field ရုပ်ရှင်ဇာတ်ကားကို ရှာဖွေကြည့်ဖြစ်အောင် ကြည့်ကြပါရန် တိုက်တွန်းပါ၏။ ကျွန်တော် အလွန်ကြိုက်နှစ်သက်သော ဇာတ်ကားတစ်ကား ဖြစ်ပါသည်။
Ref: 7. http://en.wikipedia.org/wiki/Pol_Pot
ကြည့်ပါဦး။ လူငယ်တွေအတွေးအခေါ်မှန်ကန်ရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးကို ကိုယ့်ထမင်း ကိုယ်စား ပြီး ကြီးဒေါ်နွား အလကားကျောင်းပေးနေသော သူတော်ကောင်းကြီး ဆိုကရေးတီးကို ဒီမိုကရေစီ အစိုးရဆိုသူ လူတစ်စုက ပေါက်တတ်ကရ စွဲချက်တွေတင်ကာ သတ်ခဲ့သည်။ သူတော်ကောင်းကြီးက ကိုယ့် ယုံကြည်ချက်ကို အသက်ထက်တန်ဘိုးထားသူဖြစ်သဖြင့် အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် သောက်ကာ အေးအေးဆေးဆေး ဘဝကူးသွားခဲ့သည်။
Ref: 8. http://en.wikipedia.org/wiki/Socrates
9. http://en.wikipedia.org/wiki/apology_(Plato)
ပလေတို နိဒါန်းမှ ထို ဆိုကရေးတီး အကြောင်းဖတ်ပြီး ကျွန်တော့မှာ လူအများအတွက် အသက်ပေး သွားခဲ့သော ထိုလူသူတော်ကောင်းကြီးကို အင်မတန်ကြည်ညို လေးစား အားကျမိခဲ့ပါသည်။ ကျွန်တော်သာဆိုလျှင် ဤလိုအသေခံရဲပါ့မလား ဟု လည်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ခဲ့မိပါသည်။ ခုတော့ အသက် ၄၅ နှစ်ကျော် လာသည့်နောက်ပိုင်း ကျွန်တော် အလွန်ပြတ်သား ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါ၏။
ကိုယ်ကျင့်တရားနှင့် အသက်။ နှစ်ခုအနက် တစ်ခုခုကိုရွေးပါ ဟု ဆိုလာပါလျှင် ကျွန်တော် သူတော်ကောင်း တို့၏ လမ်းစဉ်ကိုလိုက်ကာ ကိုယ်ကျင့်တရားကိုပဲ ရွေးပါမည်။ လက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် အငြီးအငြူမရှိ၊ ငြင်သာစွာ အသက်စွန့်သွားသကဲ့သို့ သေရဲအောင် ကျွန်တော် အားမွေးပါမည်။ တစ်နည်းအားဖြင့် ဆိုရလျှင် -
ကျွန်တော် ပြည်သူလူထုကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နှစ်ပေါင်းများစွာ နှိပ်စက်ပြီး အသက် ၈၀ ကျော်နေသွားသော ဖီဒယ်လ် ကတ်စထရို လို ။ လူအများကို တစ်နိုင်ငံလုံး သံဆူးကြိုးခတ်ကာ အကျယ် ချုပ်ချပြီး ငါကလွဲလို့ ဘယ်သူ့မှ အဖေမခေါ်ရဘူး ဟု တစ်နိုင်ငံလုံး ချွတ်ခြုံပြာကျဖြစ်အောင် မယသွားသော (အချွန်ဖြင့်) ကျွန်တော်တို့၏ ဥက္ကဌကြီး ဦးနေဝင်း လို အသက်ရှည်ရခြင်းထက် လူအများအတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက်ကာ အသက် ၃၀ သာနေသွားရသော ဗိုလ်ချုပ်အောင်ဆန်းလို အသက်တိုရခြင်းမျိုးကို ပိုပြီး လိုလားနှစ်သက်ပါသည်။
Ref: 10. http://en.wikipedia.org/wiki/Ne_Win
သေခြင်းဆိုသည်မှာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအတွက် ဘဝတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွား သည်သာ ဖြစ်ရာ ကောင်းတာလုပ်လျှင် ကောင်းသောဘဝသို့ရောက်မည်မလွဲဖြစ်သဖြင့် ကောင်းတာတွေ တစ်သက်လုံးလုပ်လာပြီး ကိုယ့်လိပ်ပြာကိုယ်သန့်နေသူတစ်ဦးအဖို့ ဘယ်သွားရမည်ကို သိနေသဖြင့် သေခြင်း တရားကို ကြောက်စရာအကြောင်း ဘာမျှမရှိပါ။ သည့်ထက်ပိုကောင်းသော ဘဝသို့ရောက်မည်ဖြစ်သဖြင့် လက်ရှိသည်ဘဝကို ဘာမှ နှမြောတွယ်တာ နေစရာမရှိပါ။ အရေးကြီးတာက လက်ရှိပစ္စက္ခတွင် ငါ ဘာတွေ လုပ်နေသလဲ ဆိုတာ သိနေဘို့သာဖြစ်ပါသည်။
အနော်ရထာမင်းစော လို အုပ်ချုပ်သူမျိုးကို ရသော ပုဂံပြည်သူတွေကျတော့ ဟော ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည် ကို ဖတ်ကြည့်စမ်းပါ။
“မောင်တို့ ကြားကုန်လော့
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြေမှာဖြင့် (ပြည် ကို ကဗျာကာရန်ညီအောင် အသံထွက်အတိုင်း ပြေ ဟု ရေးပါသည်။)
မြန်မာတတွေမှာ
ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတစ်ခေတ်ကိုဖြင့်
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းတ၍ ကြည်ညိုပါ။...”
ကျွန်တော်အထက်တန်းကျောင်းသားဘဝ သည် ရှေးခေတ်ပုဂံပြည်ကို စဖတ်ရကတည်းက ဘဝင်မှာ အမြင်ဖြင့် မှန်းဆပြီး တမ်းတလို့ ကြည်ညိုခဲ့ရပါသည်။
Ref: 11. http://www.lib.washington.edu/asp/myanmar/Bio/Zawgyi.htm
သို့သော် အနော်ရထာမင်းသည်လည်း ရှင်အရဟံ သူတော်မြတ်နှင့် မဆုံဆည်းခင်က အင်မတန် ရက်စက်ခဲ့ သော မင်းတစ်ပါး ဖြစ်ခဲ့ပါ၏။ မင်းလောင်းပေါ်မည်ဆိုကတည်းက ကိုယ်ဝန်ဆောင်များစွာကို သတ်၊ ကလေးဘဝ ရောက်ပြီဆိုတော့လည်း ကလေးပေါင်းများစွာကို သတ်၊ နောက်ဆုံး ရဟန်းဖြစ်ပြီဆိုမှ ကျောင်းသို့ သံဃာများကို ဆွမ်းပင့်ကျွေးပြီး မင်းလောင်း ရှာပုံတော် ဖွင့်ခဲ့သည်။ သို့သော် ဆင်ခြင်တုံတရားရှိသော ပညာရှိမင်း ဖြစ်လေတော့ သူမှားမှန်းသိသည်နှင့် အမှားကို ချက်ခြင်းပြင်ခဲ့သည်။ ဤကဲ့သို့ သူအမှားပြင်ခြင်း သည် တိုင်းသူပြည်သားတို့ ကောင်းစားဘို့ချည်း ဖြစ်တော့သည်။ သို့သော် သူများပြောတာလည်း နားမထောင်၊ နားမထောင်သည့်တိုင် ကိုယ့်နားသို့ အလိုလိုပေါက်လာသည့် အမှန်တရားများကိုလည်း ဘူးတစ်လုံးဆောင် အိုအောင်မဆင်းရဲလုပ်ကာ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေသူ လူမိုက်တို့ နှင့် တွေ့ကြုံဆုံဆည်း ရသူများအဖို့မူ ဆင်းရဲဒုက္ခ ရောက်ဘို့ချည်း ဖြစ်တော့သည်။
အင်္ဂလိပ်တို့ ဗမာပြည်ကိုသိမ်းအပြီးတွင် ကျောက်ဆည်လယ်တွင်းကိုးခရိုင် ဟုတွင်ခဲ့သောဒေသ၌ ဆည်တည် ဆောက်ရန် လိုက်ရှာရာ အနော်ရထာမင်းစော တည်ခဲ့သော မြကန်နေရာမှ လွဲ၍ အခြား သည့်ထက်ကောင်းသော ဒေသကို ရှာမတွေ့ခဲ့ဟု ဆိုပါသည်။ သည်ကတည်းက ကျွန်တော်သည် အမြော်အမြင်ကြီးလှသော မင်းတရားကြီး တောင်တန်းများတစ်လျှောက် မြင်းတစ်စီးဖြင့်လှည့်လည်လျှက် ဆည်နေရာ ရှာပုံတော်ဖွင့်နေပုံကို မြင်ယောင်ကြည့်ရင်း အလွန် အင်မတန် ကြည်ညိုလေးစား ချစ်ခင်ခဲ့ရ ပါသည်။
စင်ကာပူသည် အရှေ့တောင်အာရှတွင် အဘယ်ကြောင့် ဤမျှစွာနေရပါသနည်း ဟု သိလိုဇောဖြင့် ကျွန်တော် လီကွမ်ယု၏ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ကို စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ပါသည်။ အနှစ် ၃၀ အတွင်း ဤအခြေအနေ ရောက်အောင် သူ ခေါင်းဆောင်သော အစိုးရအဖွဲ့ သည် စေတနာပါပါနှင့် ဦးဏှောက်ရှိရှိဖြင့် မနေမနား ကြိုးစား ခဲ့ကြခြင်းကြောင့် ဟု တွေ့ရပါသည်။ လူကလေး ဘယ့်ကလောက်မှ မရှိသည့်ပြင် ရှိသမျှ လူမျိုးစုတွေက အကွဲကွဲ အပြားပြား၊ စီးပွားရေးလုပ်ရအောင်ကလည်း သဘာဝ သယံဇာတ မပြောနှင့် ရေတောင်မှ ရှိတာမဟုတ်သဖြင့် သူတို့ မလေးရှားက ခွဲထွက်မည်လုပ်ကတည်းက တကမ္ဘာလုံးက ရူးလို့သာ လုပ်သည်။ အောင်မြင်စရာအကြောင်းလုံးဝမရှိ ဟု ဟောကိန်းထုတ်ခဲ့ကြပါသည်။
ဤ ပြင်းထန်ဆိုးရွားလှစွာသော စိန်ခေါ်မှုများကို မကြောက်မရွံ့၊ နောက်မတွန့်ပဲ ရဲဝန့်စွာ လုပ်ဆောင် ခဲ့သော ထို အစိုးရကို ရလိုက်ခြင်းသည် စင်ကာပူနိုင်ငံသူ နိုင်ငံသားတို့အဖို့ ကမ္ဘာ့အလယ် ပွဲလယ်တင့်စရာ ဖြစ်လာခဲ့သည် မဟုတ်ပါလား။ (ဤနေရာတွင် စာရှည်မည်စိုးပါသဖြင့် တတိယကမ္ဘာမှ ပထမကမ္ဘာသို့ အကြောင်း ကျွန်တော် မရေးတော့ပါ၊ ကိုယ့်ဖာသာကိုယ် ရှာဖွေ ဖတ်ရှုကြရန် တိုက်တွန်းပါသည်။ မြန်မာနိုင်ငံ ကို ပြန်လည် ထူထောင်ရာတွင် အသုံးတည့်ချင် တည့်ပါလိမ့်မည်။ အသုံးတည့်သည်ဆိုခြင်းမှာ ပုံတူကူးချခြင်း ကို ဆိုလိုခြင်းမဟုတ်ကြောင်း သည်မျှ ဦးဏှောက် မနုံနဲ့သော ကျွန်တော့်မိတ်ဆွေ စာဖတ်သူအပေါင်း ကောင်း စွာ သဘောပေါက်ပါလိမ့်မည်။)
Ref: 12. http://www.powells.com/cgi-bin/biblio?inkey=65-0060197765-2
13. http://www.amazon.com/Third-World-First-Singapore-1965-2000/dp/0060197765
၁၄။ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ - ဟိန်းလတ်
အိမ်ထောင်တစ်ခု၏ တိုးတက်မှု ဆုတ်ယုတ်မှု၊ သားသမီးများ တင့်တောင့်တင့်တယ် ဖြစ်မှု မဖြစ်မှု၊ ပညာ တတ်မှု မတတ်မှုသည် အိမ်ထောင်ဦးစီးလုပ်သူအပေါ်၌ များစွာမူတည်နေသကဲ့သို့ -
ကျေးရွာတစ်ရွာ၏ ဖွံ့ဖြိုးတိုးတက်မှု မတက်မှု၊ စည်ပင်သာယာမှု မသာယာမှု သည် ကျေးရွာသူကြီး (သူကြီးလို့ပဲ သုံးပါရစေခင်ဗျား) ပေါ်တွင် မူတည်နေသကဲ့သို့ -
မြို့တစ်မြို့၊ နယ်တစ်နယ်၊ တိုင်းပြည်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်မှု။ စီးပွားရေး ကောင်းမှု၊ မကောင်းမှု။ ပညာရေး စသည်အားလုံးတို့သည်လည်း ထိုထိုတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ် နေသော ဘဝရှင် မင်းတရားကြီး (အစိုးရ လို့ ပြောချင်တာ ဖြစ်ပါ၏) ပေါ်တွင် မူတည်နေပါသည်။ ဒါပေသိ တိုင်းသူပြည်သား များ၏ အခန်းကဏ္ဍကိုလည်း မေ့ထားလို့မရပါ။ ထို့ကြောင့်ပင် လီကွမ်ယုက သူ၏ တတိယကမ္ဘာ တွင် ကျွန်တော်တို့သည်လိုအောင်မြင်တာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကြိုးစားမှုကြောင့်သာ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော်တို့နိုင်ငံသားတွေကို ယုံတယ် ဟု သူ့နိုင်ငံသားများ၏ အခန်းကဏ္ဍကို အလေးပေး ဖော်ပြခဲ့ခြင်း ဖြစ်ပါ၏။
သည်မှာလည်း အင်မတန် ရှင်းလှပါသည်။ ဘယ်လောက်ကောင်းသော အစိုးရကြီးက အဘယ်မျှ ပြည့်စုံ ကောင်းမွန်သော စီမံကိန်းများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်ထားသည် ဆိုစေ။ နိုင်ငံသား အားလုံးက ဝိုင်းဝန်းအကောင်အထည် မဖော်ပါဘဲလျှက် ဤ စီမံကိန်းကြီးသည် အော်တိုမက်တစ် ထမြောက် အောင်မြင်နိုင် ပါမည်လား။ တစ်သောင်းအားနှင့် ယူသော်ရ၏ ဟူသော စကားအရ လူထုအားဖြင့် အကောင် အထည်ဖော်မှသာ (ကျွန်တော်တို့ မင်္ဂလာဒုံ လေယာဉ်ကွင်း အသွား လမ်းတွင် မြင်ရသော ဧရာမ ဆိုင်းဘုတ် ကြီးတွင် ရေးထားသကဲ့သို့) ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး (လေကတော့ သိပ်မသေးလှပေဘူး) ကို အကောင်အထည်ဖော် တည်ဆောက်နိုင်မည် မဟုတ်ပါလော။ (လေနဲ့တင် မရဘူးကိုယ့်လူ၊ စာလုံးကြီးတွေ ဆင်လောက်ကြီးရေးထားပေမဲ့ တကယ်မလုပ်ပဲ မဖြစ်နိုင်ဘူးနော့)။
နိုင်ငံတစ်နိုင်ငံကို မည်သို့မည်ပုံ အစိုးရလုပ် အုပ်ချုပ်ရမည်နည်း ဆိုသည်ကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ဝ၀ လောက်ကတဲက ဂရိပညာရှင်ကြီး ပလေတို က သူ၏ သမ္မတနိုင်ငံကျမ်းတွင် အသေးစိတ် ရေးသား ညွှန်ပြ ထားခဲ့ ပါသည်။ သို့သော် ပလေတို၏ သမ္မတနိုင်ငံကျမ်းကို လက်တွေ့အကောင်အထည်ဖော်ဘို့ရာ မြောက်ကျွန်းသူ မြောက်ကျွန်းသားများမှ တတ်နိုင်ပါလိမ့်မည်။ ဤမျှ လောဘ၊ ဒေါသ၊ မောဟများ ထူပြောလှသည့် ကျွန်တော်တို့ ကမ္ဘာသူ၊ ကမ္ဘာသားများအဖို့ တွေးကြည့်ရုံမျှနှင့်ပင် မဖြစ်နိုင်ကြောင်း သိသာလှပါသည်။ (တရားတော်များထဲလာ မြောက်ကျွန်းသူ၊ မြောက်ကျွန်းသားများမှာ လောဘ၊ ဒေါသ၊ မောဟများ ကင်းစင်ကုန်လျှက် အလုပ်လုပ်စရာမလို။ ဆာသည့်အခါ ပဒေသာပင်တွင်သွားပြီး ခူးဆွတ်စားလိုက်ရုံပဲ ဖြစ်ပါ၏။ သူတို့လိုချင်သည့် အရာမှန်သမျှကို ပဒေသာ ပင်က အားလုံးဖြည့်ဆည်းပေးသည်။ ချောသူ၊ အကျည်းတန်သူ မရှိ။ အားလုံးချောမောလှပသူချည်း ဖြစ်သတတ်။ ဤကားစကားချပ်။)
သို့ဆိုလျှင် ထို ပလေတို ၏ စာတမ်းသည် အသုံးမဝင်တော့ပြီလော။ အင်မတန်မှ အသုံးတည့်လှပါ၏ ဟု ဆိုရပေလိမ့်မည်။ သို့သော် အားလုံးတော့မဟုတ်။ ကိုယ်နှင့် သင့်တော်ရာကို ယူသုံးဘို့သာ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အစိုးရတော်တော်များများသည် ပလေတို၏ သမ္မတနိုင်ငံကျမ်း သြဇာနှင့် မကင်းကုန်သည်သာဖြစ်၏။ ကျွန်တော့် အနေနှင့် ဤနေရာတွင် သမ္မတနိုင်ငံကျမ်းကို အသေးစိတ် ရေးပြဘို့ရာမဟုတ်။ ညွှန်ပြရုံသာ ဖြစ်ပြီး သိချင်သူများ ရှာဖွေ ဖတ်ရှုကြပါကုန်။
Ref: 15. Republic – Plato
16. http://en.wikipedia.org/wiki/Republic_(Plato)
17. http://www.constitution.org/pla/republic.htm
ပြောရလျှင် သမ္မတနိုင်ငံကျမ်းတစ်ခုထဲတွင် မဟုတ်ပါ။ ကမ္ဘာတဝှမ်းမှ ပညာရှင် အသီးသီးတို့ ရေးသား ပြုစုထားသော နိုင်ငံရေးသိပ္ပံကျမ်းပေါင်း မြောက်များစွာရှိပါ၏။ သူတို့တိုင်းပြည်၊ သူတို့လူမျိုး၊ သူတို့ ရေမြေသဘာဝ၊ သူတို့ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ သူတို့ကိုးကွယ်မှုဘာသာ များကို အခြေခံကာ ရှုထောင့် အမျိုးမျိုးမှ ရေးသား ထားခြင်းဖြစ်၍ ထိုကျမ်းများအတိုင်း တသဝေမတိမ်းလိုက်နာကာ ကိုယ့်တိုင်းပြည်ကို တည်ဆောက်ဘို့ဆိုတာ အမြီးအမောက်တည့်မည် မဟုတ်ပါ။ သို့သော် အရေးကြီးသည်မှာ သူတို့ ပေးချင်သော “အခြေခံ သော့ချက်”ကို အမိအရ ယူနိုင်ဘို့ ဖြစ်ပါသည်။
အင်္ဂလိပ်ဖြစ်စေ၊ ကုလားဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ချင်းဖြစ်စေ၊ ကချင်ဖြစ်စေ - ဘာလူမျိုးကြီးပဲဖြစ်စေ ထမင်းစားတာ၊ ရေသောက်တာ၊ အဝတ်ဝတ်တာ၊ အိပ်တာ၊ စကားပြောတာ၊ အီအီးပါတာ အားလုံး အတူတူပင် ဖြစ်ပါ၏။ သို့သော် အင်္ဂလိပ်စားသောအစာ၊ ကုလားစားသောအစာ၊ တရုပ်စားသောအစာ တူနိုင်ပါမည်လား။ အင်္ဂလိပ်မကြီးက စကတ်ဝတ်၏။ ကုလားမကြီးက ဆာရီဝတ်၏။ တရုတ်မကြီးက တရုတ်မဘောင်းဘီ ဝတ်၏။ ဟော ကျွန်တော်တို့ ဗမာမလေးတွေကျတော့ ထမီဝတ်၏။
(ခင်ဗျား ကျွန်တော်ပြောတာမယုံရင် ကောင်မလေးတွေ အဝှာ လုံရုံလေးဖုံးပြီး ဓါတ်ပုံရိုက်ထားတဲ့ စင်ကာပူက စားပွဲတင် ပြက္ခဒိန်တစ်ခုလောက် ဗမာပြည်အပြန် ယူသွားပြီး ခင်ဗျားတို့အိမ်က စားပွဲပေါ်တင် ထားကြည့်လိုက်စမ်း ပါလား။ အိမ်ပေါ်က ခေါင်းနဲ့မဆင်းရ ကံကောင်းပေါ့ဗျာ။ အဲလေ၊ ခင်ဗျားက အင်မတန် ခေတ်ရှေ့ပြေးနေတဲ့ ရန်ကုန်အိမ် က ဆိုရင်တော့ မပြောတတ်ဘူး၊ ခင်ဗျားညီတော်မောင်က တိတ်တိတ် ကလေး အဲဒီပြက္ခဒိန်ကို သူ့အခန်းထဲ သုတ်သွား ပေလိမ့်မပေါ့။)
အရေးကြီးသည်မှာ ဤစံနစ်များထက် လူများဖြစ်ပေ၏။ စံနစ်ဘယ်လောက် ကောင်းကောင်း လူမကောင်းပါက အလကားပင်ဖြစ်ပါ၏။ လူသာကောင်းလျှင် စံနစ်ကို လေ့လာသင်ယူလို့ရသည်။ ထို့ကြောင့်ပင် တောင်မြို့ဆရာတော် ဘုရားကြီးက စိတ်ကောင်းရှိဘို့ ပထမ ဟု ဆုံးမခဲ့သည် မဟုတ်ပါလား။
Ref: 19. http://www.buddhist-elibrary.org/library/profile.php?aapath=101
20. http://www.edhamma.com/sayadaws/mahagandaryon.htm
21. http://web.ukonline.co.uk/buddhism/biograp1.htm
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လိုက်ပါက ကောင်းသော အစိုးရများရှိသကဲ့သို့ ဆိုးယွားယုတ်မာလှသော အစိုးရများ လည်း မနည်းလှပါပေ။ ကျွန်တော်တို့ အလုပ်မှာ သူများမကောင်းတာကို ကဲ့ရဲ့နေဘို့၊ အပြစ်ဆိုနေဘို့ မဟုတ်။ သူတို့ လုပ်ခဲ့သောအမှားများကို ကိုယ်မလုပ်မိအောင် သင်ခန်းစာယူဘို့သာ ဖြစ်ပါသည်။ သူတို့ ဘာကြောင့်မှားခဲ့သလဲ။ ဘာတွေလုပ်လို့ မှားခဲ့သလဲ ဆိုသည်ကို ဝေဖန်ဆန်းစစ်ကာ သူတို့အမှားကြီးကို ကိုယ်လိုက်မလုပ်မိအောင် ရှောင်ကွင်း ဘို့ပဲ ဖြစ်ပါသည်။ သို့သော် ဤသို့ရှောင်ကွင်းလိုစိတ်၊ သင်ခန်းစာ ယူလိုစိတ်တော့ ရှိရမည်ပေါ့။ ဘယ်လို သင်ခန်းစာ ယူလိုစိတ်ဖြစ်ပါသနည်း။ အထက်တွင် ကျွန်တော်ပြောခဲ့သော စိတ်ကောင်းရှိဘို့ အရင်းခံ ဖြစ်ပါသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူများသည် စိတ်ကောင်းသာရှိလျှင် ကိစ္စအတော်များများ ပြီးသွားမည် ဖြစ်ပါ၏။
(ငါသိပါတယ် သာလိကာရယ်၊ မိကျောင်းမင်း ရေကင်းပြမနေပါနဲ့ကွာ ဟု ဆိုချင် ဆိုပါ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသည်ဆိုခြင်းမှာ အလွန်အင်မတန် အလုပ်ရှုပ်ရကား ပညာရှိသတိဖြစ်ခဲ ဖြစ်မှာစိုးပါ၍ ဤနေရာတွင် ထည့်သွင်း ရေးသားရခြင်းဖြစ်ပါ၏။ ကျွန်တော်သည် ပညာရှိကြီးတစ်ဦးမဟုတ်သလို နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦး၊ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးလည်း မဟုတ်ပါ။ အိုဗျာ၊ ဘာဆို ဘာကောင်မှ မဟုတ်ပါ။ ကိုယ့်ဦးဏှောက်ကလေး တစ်မိုက် တစ်ထွာမျှနှင့် ကိုယ်ထင်တာကလေးကို ရင်ပေါ့သွားအောင် နားပူတိုက်ခြင်းသာ ဖြစ်ပါ၏။ ကံဆိုးသော အပေါင်း အသင်းများ ခန္တီစတရား လက်ကိုင်ထား၍ စိတ်ရှည်စွာ အားပေးဖတ်ရှုပါ ခင်ဗျား။)
သို့ဆိုလျှင် အစိုးရ ဟူသည် မည်သူများနည်း။ အစိုးရ ဟူသည် တိုင်းပြည်ကို မင်းလုပ် အုပ်ချုပ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်၏။ နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံကိုလိုက်၍ အစိုးရအဖွဲ့တွင် ဦးစီးဦးဆောင် ပြုသူသည် တနည်းအားဖြင့် အာဏာအရှိဆုံး ပုဂ္ဂိုလ်သည် တခါတလေ သမ္မတ ဖြစ်ချင်ဖြစ်မည် (ဥပမာ - ကလင်တန်၊ မစ်ခေးလ် ဂေါ်ဘာချက်ဗ်)၊ တခါတလေ ဘုရင် ဖြစ်ချင်ဖြစ်မည် (ဥပမာ - ဟူစိန်၊ ဘီရင်ဒရာ)။ တခါတလေ ဝန်ကြီးချုပ် ဖြစ်ချင်ဖြစ်မည်(ဥပမာ - တိုနီဘလဲ၊ ဂိုချုပ်တောင်)။ တခါတလေတော့လည်း စစ်ဗိုလ်ချုပ်ကြီး ဖြစ်ချင်ဖြစ်မည် (ဥပမာ - ဖီဒယ်လ် ကတ်စထရို၊ ရာမို့စ်) (နပိုလီယန်သည်လည်း စစ်ဗိုလ် ချုပ်ကြီးမဟုတ်လော၊ နောက်မှ သူ့ကိုယ်သူ ဧကရာဇ်လို့ ကြေငြာလိုက်ခြင်း ဖြစ်သည်) ပုံသေမရှိ။ တချို့နိုင်ငံ များတွင် သမ္မတသည် အလွန်အာဏာထက်လျှက် အချို့နိုင်ငံများကျတော့ ဘုရင်က ပိုပြီး အာဏာ ထက်သည်။ ယခင် မြေရှင်ပဒေသရာဇ်ခေတ် တုံးကတော့ ဘုရင်များမှာ သက်ဦးဆံပိုင် ဖြစ်သည်။ သူသေ ဆိုသေ၊ သူရှင်ဆိုရှင်။ အောင်မယ် ရေမြေ့ရှင် ခင်ဗျ။ ဆိုလိုသည်မှာ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက် (အဲလေ မှားလို့)၊ ရေထု၊ မြေထု၊ လေထုအားလုံးကို ပိုင်သသူ၊ အရှင်သခင်။ (သီရိဓမ္မာ အသောက မင်းကြီးတို့ကျတော့ ရေအောက်နဂါးပြည်က နဂါးမင်းကိုတောင် ကြိမ်စကြာနဲ့ ရိုက်ပြီး ခေါ်နိုင် ဆိုပဲ)။
အရင်ကတော့ သည် ရေမြေ့ရှင်သည် ဘုရင့်သားတော်၊ သမီးတော်၊ ဆွေတော်မျိုးတော် ဘုရင့် အဆက် အနွယ်များ ထီးရိပ်နန်းရိပ် နှင့် မကင်းသူများ၊ သာကီဝင် မင်းမျိုးများကိုသာ ဦးစားပေး ရွေးလေ့ရှိသည်။ တခါတလေ ကျတော့လည်း မင်းမျိုးမင်းနွယ်ထဲမှ မဟုတ်သူ တက်လာတတ်သည်။ ထို မင်းမျိုးကိုကျတော့ ငတပါးမင်း (ငါ့တစ်ပါးမင်း ဟု ဖတ်ပါ) ဟု ခေါ်သည်။ ဆိုလိုသည်မှာ ဘုရင့်အနွယ်တော်ထဲမှ မဟုတ်သူ၊ အခြားတပါးမှ မင်းဖြစ်လာသူ ဟု ဆိုလို၏။
ဘုရင်ခေတ်အဆက်ပြတ်သွားတော့ နိုင်ငံ့ခေါင်းဆောင်ကို အများပြည်သူ ရွေးကောက်တင်မြှောက်မှု ဖြင့် ခန့်အပ်ခဲ့သည်။ (တခါတလေကျတော့လည်း ကျွန်တော်တို့က သမိုင်းပေးတာဝန်အရ သည်နိုင်ငံကြီး ပျက်စီးမဲ့ဘေးကို မြင်လို့ ပုခုံးပြောင်းတာဝန်ယူလိုက်ရတာပါ တို့ ဘာတို့တော့ ရှိပေမပေါ့)။
ဒါပေသိ သေချာတာတစ်ခုကတော့ သူ့ဟာသူ ဘုန်းကံအလျောက် ဘုရင်ပဲဖြစ်ဖြစ်၊ သမ္မတပဲ ဖြစ်ဖြစ်၊ ဝန်ကြီးချုပ်ပဲ ဖြစ်ဖြစ်။ ဖြစ်လာသူတွေ အားလုံးဟာ သူလို ကိုယ်လို ပြည်သူတွေထဲကနေ ဖြစ်လာတာပဲ မဟုတ်ပါလား။ မောင်မင်းကို လူ့ပြည်မှာ လူအပေါင်းကို အုပ်ချုပ်မင်းလုပ်ဖို့ ငါကိုယ်တော်မြတ် တာဝန်အပ်နှင်း လိုက်သည် ဟု ဘုရားသခင်က တံဆိပ်ခပ်နှိပ်ပေးလိုက်သောသူ တစ်ဦးတစ်ယောက်မျှ မပါပါ။ ဦးပေါ်ဦး ပြောသလို လူထဲကလူ တွေပဲ ဖြစ်ပါသည်။ (ထူးဆန်းတာက ဘုရားသခင်က တာဝန်အပ်နှင်းလိုက်တာ မဟုတ်ပေမဲ့ သူတို့တွေဟာ ဘုရားသခင်က တာဝန်ပေးလိုက်တာထက် ပိုပြီး လက်စောင်းထက်တယ် ခင်ဗျ၊ လူတစ်ဦးတစ်ယောက်ကပြောသမျှကို သန်းပေါင်း များစွာသော လူထုကြီးအပေါင်းက လိုက်နာနေရတယ်ဆိုတာ နည်းတဲ့ ပါဝါတော့ မဟုတ်ပေဘူး။ ဆူဟာတိုကြီး ကြည့်ပါလား။)
သဟာဖြင့် ဘယ်လိုဘယ်ပုံ ဘုရင်၊ သမ္မတ၊ ဝန်ကြီးချုပ်များ ဖြစ်လာပါသနည်း။ သို့မဟုတ် ရွေးချယ်ပါ သနည်း။
ရှေးဇာတ်တော်တွေထဲမှာတော့ ဘုရင်ကြီးနတ်ရွာစံပြီး ထီးမွေနန်းလျာ ဆက်ခံဘို့ သားထောက်သမီးခံ မကျန်ခဲ့ လျှင် ဖုသျှရထားလွှတ်ကာ မင်းလောင်းအရှာထွက်ကြသည်။ ကျောက်ဖျာထက်ပေါ်၊ စက်တော်ခေါ်၊ ထတော်မူပါ့ အရှင့်သား ။ သည်တော့မှ မင်းလောင်းက အသာလေးထကာ ရထားပေါ်ပါလာသည့် မင်းမြှောက် တန်ဆာငါးပါးကို ဆင်ယင်၊ နန်းတော်ရောက်တော့ အဆင်သင့်စောင့်နေသည့် ချောချောလေးကို သိမ်းပိုက်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ် တော့သည်။
အနော်ရထာ မင်းဖြစ်ရတာတော့ သိပ်မလွယ်။ လက်ရှိနန်းရဘုရင် စုက္ကတေးကို စိန်ခေါ်ကာ စီးချင်းထိုး၊ အနိုင်ရ သဖြင့်သာ ဘုရင်ဖြစ်တော့သည်။ ဟော - အလောင်းမင်းတရားကြီးဟူသည် လယ်သမားကြီး မဟုတ်ပါလား။ အချိန်တန်လာတော့ အောင်ဇေယျ လက်ရုံးက အလိုလို မီးထတောက်ကာ ဘဝတူ လယ်သမားကြီးတွေကို စုရုံးပြီး ကျူးကျော်လာသည့် မွန်များကို ထန်းလုံးစစ်တပ်မှ အခိုင်အမာ ပြန်ချ။ နိုင်တော့ စစ်တပ်ထူထောင်။ သည်ကမှ အင်မတန်ကျယ်ပြန့်လှသော ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့။
ပုဂံခေတ်က ဘုရင်လုပ်မည့် မင်းလောင်းများကို ဘုန်းကြီးကျောင်းများတွင် အဌာရသ ၁၈ ရပ်ကို ကောင်းစွာ ကျေညက်သည်ထိ သင်ကြားစေသည်။ သည် ျကဘနြခအ ၁၈ ခု စာမေးပွဲကို ခမနိငအ နှင့် အောင်မြင် ပါမှ အိမ်ရှေ့မင်းသား ခန့်အပ်သည်။ ပုဂံခေတ် ဘုန်းကြီးကျောင်းများတွင် နှစ်မျိုးရှိ၏။ ပွဲကျောင်း နှင့် တဲကျောင်း ဟူ၏။ တဲကျောင်း က မေအ ၊ ပွဲကျောင်းက ျခငနညခန ပဲ ဆိုကြပါစို့။ တဲကျောင်းဘုန်းကြီးများက မင်းလောင်းကို စာပေပရိယတ္တိ တနည်းအားဖြင့် နှလုံးရည်နှင့် ပတ်သက်သည်များကို သင်ကြား ပြသပေးလိုက်သည်။ တဲကျောင်းဘုန်းတော်ကြီးများကျတော့ တရုတ် ကွန်ဖူးဘုန်းကြီးတွေလို ဒါးခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီး၊ သိုင်း၊ စစ်ချီ၊ စစ်တက် စသည်ဖြင့် စစ်ရေးစစ်ရာ၊ တိုက်ရည်ခိုက်ရည် တနည်းအားဖြင့် လက်ရုံးရည် ထက်မြက်ရေးအတွက် တာဝန်ယူ သင်ကြား ပို့ချပေးလိုက်သည်။ သတ်မှတ်ထားသည့် စစ်ဆေးချက် စာမေးပွဲများကို အောင်မြင်၊ လက်မှတ်ရလာသော မင်းသားအဖို့ ဘုရင်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီ။ နှလုံးရည်ရော၊ လက်ရုံးရည်ပါ ပြည့်ဝပြီ။
ဒါ ဗမာပြည်မှာတင် မဟုတ်ပါ။ ဂျပန်က မင်းသားတွေလည်း ထိုနည်းအတိုင်းဖြစ်သည်။ ဘာတဲ့၊ မင်းသားဆိုတာ ဘက်စုံတော်ရမယ်။ စာပေဗဟုသုတတင်မဟုတ်ပဲ တိုက်ရည်ခိုက်ရည်လည်း ကောင်းတဲ့အပြင် ကိုယ်ခံအားလည်း ကောင်းရမယ် ဟုဆိုကာ ခံနိုင်ရည်ရှိအောင် လေ့ကျင့်သည့်အနေနှင့် နှင်းတောထဲတွင် ရေချိုးရသည်။ တုတ်နှင့်ဦးခေါင်း ကို ရိုက်သည်။ ကျောကိုရိုက်သည်။ ဂျပန်မင်းသား ဖြစ်ရတာ လွယ်သည်မထင်ပါနှင့်။
ပလေတို ကျတော့ သူ၏ သမ္မတနိုင်ငံကျမ်းထဲတွင် နိုင်ငံအုပ်ချုပ်မင်းလုပ်မည့်သူများကို ငယ်ငယ်ကလေးထဲက လေ့ကျင့်ပေးထားသည်။ အသက်အပိုင်းအခြားအလိုက် ကလေးငယ်များကို ပညာရည်စစ်ဆေး ပြီး လယ်လုပ်ဖို့ပဲ သင့်တော်သူ လယ်လုပ်၊ ရွာသူကြီးနှင့်တော်သူကို ရွာသူကြီးခန့်၊ အဲ- အသက် ၄၅ နှစ် ကျော်လာမှ စာပေဗဟုသုတ၊ အတွေ့အကြုံများရင့်ကျက်လာမှ ပါလီမန်တက်ခွင့်ရသူ ဖြစ်ရသည်။
ကျွန်တော်တို့အတွက်လည်း မင်းကျင့်တရားအပြည့်အစုံကို မြတ်စွာဘုရားက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ကျော်ကတဲက ဟောထားခဲ့တာ ဖြစ်ပါ၏။ မြတ်စွာဘုရားဟောသည့်အတိုင်း လိုက်နာခဲ့သည့်အတွက်လည်း ဝေသာလီ ပြည်သည် ဒီမိုကရေစီစနစ်ထွန်းကားလျှက် နိုင်ငံတကာအလယ် ရဲဝံ့ခန့်ငြားစွာ ရပ်တည်နိုင်ခဲ့သည်။ ဤမင်းကျင့်တရား များအကြောင်း သိလိုပါက အောက်ပါ တနဘ ူငညု မှ သပိတ်အိုင်ဆရာတော်ဘုရား ကြီး၏ ရာဇောဝါဒ သုတ္တန် ကို ဖွင့် နာကြားကြစေလိုပါသည်။
Ref: 22. http://www.dhammadownload.com/unyanissara-Burmese.htm
၂၃ ။ ဝေသာလီ - ပါရဂူ
ထို့ပြင် မန်လည်ဆရာတော် ဘုရားကြီးရေးစပ်သီကုံးခဲ့သော အင်မတန်ကျော်ကြားလှသည့် မြန်မာ မဟာ ကဗျာရှည် မဟာသုတကာရီ မဃဒေဝ လင်္ကာသစ်၊ ပုတ္တောဝါဒ၂၄ အခန်းတွင် ဖတ်ရှုကြပါ။ အိမ်ရှေ့မင်း ကိုယ်တော် ကလေးကို ဖခမည်းတော် မဃဒေဝ ဘုရင်ကြီးက မင်းကျင့်တရားများကို သင်ကြားပေးသည့်အခန်း ဖြစ်ပါသည်။ အချို့မှာ လူများလိုက်နာကျင့်သုံးရန်လည်း သင့်တော်လှသည်ဖြစ်ရာ ဖတ်ဖြစ်အောင် ရှာဖွေကာ ဖတ်ကြပါဟု အခွင့်အခါသင့်တုံး တိုက်တွန်းလိုက်ရပါသည်။ (ကျွန်တော် ဒေသကောလိပ် ကျောင်းသားဘဝ တုံးကတော့ အတော်များများကို အလွတ်ကျက်ထားတာ။)
ရှေးခေတ် မြန်မာဘုရင်များ မည်ကဲ့သို့ အုပ်ချုပ်သနည်း သိလိုလျှင်တော့ ပုဂံဝန်ထောက်မင်းဦးတင်၏ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၂၅ ကို ရှာ ဖတ်ကြည့်ကြပါ။
(အောင်မယ်လေးလေး၊ သူ့စာကနည်းနည်း။ အညွန်းတွေကများများ ဖြစ်နေပါပေါ့လား ဟု အပြစ်တင်တော် မမူလိုက် ကြပါနှင့်။ ယခုခေတ် စာသင်နည်းကိုက အရင် ကျွန်တော်တို့ငယ်ငယ်တုံးကလို စာတစ်လုံးချင်း လိုက်ဖတ်ပြနေတာ မဟုတ်ပဲ လိုသလောက်ကို guideline ပေးလိုက်ပြီး reference တွေကို ရှာဖတ်ရတဲ့ စံနစ် ပေကိုးဗျ။ အဲဒီစံနစ်ကို ကျွန်တော်ကြိုက်တယ်ဗျ။ အဲသလို လိုက်ဖတ်လိုက်တော့မှ ကိုယ်သိချင်တာတွေ အကုန် သိရပေတော့တာကိုး။)
ဥပဒေပြုခြင်း၊ စက်ရုံကြီးများဆောက်ခြင်း၊ အတတ်ပညာများ သင်ကြားပို့ချခြင်း၊ ဆေးရုံဆေးခန်းကြီးများ တည်ထောင်ပေးခြင်း ဘာခြင်း၊ ညာခြင်း ထိုထိုသော ခြင်း အားလုံးကို အရင်းစစ်လိုက်လျှင် (ကမ္ဘာပေါ်ရှိ မည်သည့်အရာဝတ္တုကိုမဆို နောက်ဆုံးအဆင့်ရောက်သည်ထိ ခွဲခြမ်းစိတ်ဖြာလိုက်ပါက အီလက်ထရွန်၊ ပရိုတွန်၊ နျူထရွန် များ စုပေါင်းထားသော အက်တမ်ကလေးတစ်ခု တွင် တူညီစွာ လမ်းဆုံးသွားသကဲ့သို့) ခုနစ်ရက်သားသမီးတို့ ဆာလောင်မွတ်သိပ်ခြင်းဘေးမှ ကင်းဝေးဘို့၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရဘို့ ခြုံပြောရ လျှင် တိုင်းသူပြည်သားအားလုံး တို့ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်ဝစေဘို့ချည်း ဖြစ်တော့သည်။
သည်တော့ အထက်ကပြောခဲ့သမျှ သတ္တုချ၍ကြည့်ရလျှင် -
Ø အစိုးရ ဆိုသည်မှာ တိုင်းသူပြည်သား လူအများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် နှင့် တိုင်းသူ ပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် တိုင်းသူပြည်သား အားလုံးက သင့်တော်သည် ဟု ယူဆရသူများကို အများသဘောတူ ရွေးချယ်ကာ ခေါင်းဆောင် တင်ထားသူများ ဖြစ်၏။
Ø အစိုးရ၏ တာဝန်မှာ တိုင်းသူပြည်သား လူအများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကိုယ်ကျိုးမဖက်ပဲ အစွမ်းကုန် ဆောင်ရွက်သွားရန် ဖြစ်၏။
ကိုင်း၊ အစိုးရပိုင်းတော့ တော်လောက်ရောပေါ့။ သိပ်ရှည်သွားတော့ ပျင်းစရာ ကောင်းတယ်။ ခုတောင် အတော် ငြီးငွေ့စရာ ကောင်းနေပြီ။
နေဦး၊ ရှေ့မဆက်ခင် ကျွန်တော်နည်းနည်းလောက် ကိုယ်ရည်သွေးပြစေဦး။
ကျွန်တော်တို့ခေတ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်။ ကျောင်း(တက္ကသိုလ်) အတန်းတိုင်းမှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို မသင်မနေရသင်ရတယ်။ ကျောင်းသားအများစု ကျောင်းလစ်ပြီး စာမေးပွဲ နီးကာနီးမှ မှတ်စု အတိုလေးတွေနဲ့ တစ်ပွဲတိုးကျက် ဖြေကြတဲ့ ဘာသာရပ်ပေါ့ဗျာ။ ကျွန်တော်ကတော့ ပြောင်းပြန်ဗျ။ သူများတွေ စာမေးပွဲအောင်ရုံမျှ သဘောထားတဲ့ဘာသာကို ကျွန်တော် ဂုဏ်ထူးထွက်အောင် ဖြေခဲ့တယ်။ ကျွန်တော်က သဘောတရားရေးရာတွေကို ဝါသနာပါလေတော့ တနည်းအားဖြင့်လည်း နိုင်ငံတစ်နိုင်ငံကို ဘယ်လိုအုပ်ချုပ်ပါလိမ့်လို့ ငယ်ငယ်ကတည်းက သိချင်ခဲ့လေတော့ နိုင်ငံရေးသိပ္ပံအချိန်တွေဆို ပျက်လေ့ပျက်ထမရှိဘူး။ ဆရာပို့ချပေးတဲ့ လက်ချာ တွေကို အသေးစိတ်လိုက်မှတ်ထားပြီး မန်နမနညခန စာအုပ် တွေထဲက လက်လှမ်းမီရာတချို့ကို ရှာဖွေဖတ်လေ့ရှိတယ်။ နောက်ပြီး ကျောင်းမှာသင်တာတင်မက မဆလပါတီက ထုတ်တဲ့ နိုင်ငံတကာရေးရာဂျာနယ် ဆိုတာ ကျွန်တော့် အသည်းစွဲ၊ တနင်္ဂနွေနေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ဇင်သန့်ရေးတဲ့ နိုင်ငံရေးဆောင်းပါးတွေဆို ကျွန်တော် မျဉ်းသားတန်တား၊ မှတ်စုထုတ်တန်ထုတ်ပြီး အဲဒီဆောင်းပါးပါတဲ့ သတင်းစာ စာမျက်နှာကိုပါ သိမ်းထား တယ်။ ပြီးတော့ တူရာတူရာတွေတွဲပြီး စာအုပ်ကြီးချုပ်ထားတယ်။ အတော်များများ ခုထိရှိသေးထင်ပါရဲ့။ အိမ်အပြောင်း အရွှေ့ ကာလတွေမှာ ပုံနှိပ်စာအုပ်တွေကလွဲလို့ ကျွန်တော့်မှတ်စုတွေ၊ သတင်းစာဖြတ်ပိုင်းတွေ တော်တော်များများ စုတေ ကုန်ကြတယ်။ နှမြောတော့ နှမြောပါရဲ့။
နောက် ကျောင်းပြီးတော့ အလုပ်ရဘို့အတွက် ဘာတဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ က ခေါ်တဲ့ စာမေးပွဲတွေ ဝင်ဖြေရတယ်။ အဲဒီစာမေးပွဲတွေမှာလည်း အဲဒီနိုင်ငံရေးအကြောင်းတွေ မေးလေ့ရှိတော့ ဆိုဗီယက်နဲ့ အမေရိကန်တို့ရဲ့ စစ်အေးစစ်ပွဲ၊ အီရန်အီရတ်စစ်ပွဲ၊ ပါလက်စတိုင်း အရှေ့အလယ်ပိုင်း ပြဿနာ၊ သီဟိုလ်က တမီလ်ကျား သူပုန်ကိစ္စ စသဖြင့် အဲဒါတွေအားလုံး ကျွန်တော်(တို့)အလွတ်ရနေတယ်။ ဒါ့ထက် ဆိုးတာလေး ပြောရအုံးမယ်။
ရေးဖြေလဲ အောင်ရော နှုတ်ဖြေ (အင်တာဗျူး ဖြေရတယ်)၊ အဲဒီတုံးက ပါတီရဲ့မူဝါဒ လမ်းညွှန်ချက် ဖြစ်တဲ့ “လူနှင့်ပါတ်ဝန်းကျင်တို့၏ အညမညသဘောတရား”ဆိုတာကို ရွတ်ပြရတယ်။ အဲဒီစာအုပ်ထဲက သူတို့ မေးချင်တဲ့အပိုဒ်ကို မေး၊ ကိုယ်က အလွတ် ရွတ်ပြရတယ်။ အောင်မယ် ကိုယ့်လူ။ ရမ်းသမ်းမှန်းသမ်းနဲ့ ရွတ်လို့ရတာ မဟုတ်ဘူး။ ဘုရားရှိခိုးစာလို စာလုံးအတိအကျ ရွတ်ပြရတာဗျို့။ မှတ်ကရော့။ ဒါပေမဲ့ အဲဒီအထဲ က တချို့ဟာ လေးတွေကတော့ ကောင်းတယ်ဗျ။ လက်တွေ့ဘဝမှာ အသုံးဝင်တယ်။ သိချင် ရှာဖတ်ဗျာ။
No comments:
Post a Comment