Wednesday, July 30, 2014

ဓားသွားထက်က ပျားရည်စက်

တစ်နေ့မှာ လူတစ်ယောက်ဟာ တောကြီးမျက်မည်းထဲ တစ်ယောက်ထဲလျှောက်သွားနေရင်း အင်မတန်မှ ရက်စက် ကြမ်းကြုတ်လှတဲ့ ကျားကြီးနဲ့ ပက်ပင်းတိုးမိသတဲ့။ 
သူလည်း ခြေကုန်သုတ်သပေါ့။ 
ဒါပေမဲ့ ပြေးမိလို့မှ မကြာသေးမီ ချောက်ကမ်းပါးကြီးထိပ် ရောက်လာပါရောလား။ 
အသက်ဘေးဆိုတော့ သူလည်း ကြံရာမရဘဲ ချောက်ကမ်းပါးကြီးထဲ ဆင်းချလိုက်တာ စတော်ဘယ်ရီပင်မှာ တွဲလောင်းကြီး ဖြစ်နေသတဲ့။
 ပြုတ်သာကျလိုက်လို့ကတော့ အရိုးအသားတောင် ရှာတွေ့မှာ မဟုတ်ဘူး။

အောင်မလေးဗျာ။ သူတွဲလောင်းကြီးဖြစ်နေတုံး ကြွက်နှစ်ကောင်ကလည်း စတော်ဘယ်ရီပင်ရဲ့အမြစ်တွေကို တကျွိကျွိနဲ့ ကိုက်ဖြတ် နေပါသေးလား။

ရုတ်တရက် သူဟာ သူ့လက်လှမ်းတမီမှာ အရည်ရွှမ်းလှတဲ့ စတော်ဘယ်ရီခိုင်ကြီးတွေ့လိုက်ရတော့ ဘာကိုမှ တွေးမနေဘဲ လှမ်းဆွတ်လိုက်ပြီး စတော်ဘယ်ရီသီးတွေကို အငမ်းမရစားလိုက်တယ်။

တောက်၊ ကောင်းလိုက်တဲ့ စတော်ဘယ်ရီသီးနှယ်ကွာ။

x x x x x x x x x

မောင်ညီမလေးတို့ရေ -

ဒီပုံပြင်တွေက နိမိတ်ပုံတွေနဲ့ ပြထားတာကွဲ့။


အဲဒီလူဆိုတာ ဘယ်သူလဲ။ ကျားကြီးဆိုတာက ဘာကိုပြောတာလဲ။ ကြွက်နှစ်ကောင်က ဘာကို ရည်ညွှန်းတာလဲ။ ကောင်းလိုက်တဲ့ စတော်ဘယ်ရီသီးကွာ - ဆိုတာကကော ဘာကိုပြောချင်တာလဲ။


လက်နှိပ်စက်ရိုက်သူမျှသာ

သူဟာ နှင်းဆီကောင်းကင်ဘိုးဘွားရိပ်သာမှာ နှစ်ပေါင်းများစွာ နေခဲ့တယ်။ အလွန်အင်မတန် ထူးချွန်ထက်မြက်တဲ့ ပေါလ်စမစ်ကို ၁၉၂၁ ခု၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ မွေးရာပါ ဦးဏှောက်ကျပ်မပြည့်တဲ့ရောဂါနဲ့ မွေးခဲ့တယ်။ သူ့မှာ ဦးဏှောက်ကျပ်မပြည့်တာနဲ့ သွက်ချာပါဒရှိတာတင်မဟုတ်သေးဘူး။ စကားပြောရင်လည်း အ,ထစ်၊ အ,ထစ်နဲ့။ လမ်းလျှောက်ရင်လည်း တုံ့နှေး တုံ့နှေးဖြစ်နေသေးတယ်။

ငယ်ငယ်တုံးက ကျောင်းမနေခဲ့ရတာတောင်မှ သူက သူ့ကိုယ်သူ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်၊ စစ်တုရင် ချန်ပီယံအဖြစ် ၀ံ့ကြွားနေသေးတယ်။

သူလက်နှိပ်စက်ရိုက်ရာမှာ ညာဘက်လက် ငြိမ်နေစေဘို့ ဘယ်ဘက်လက်နဲ့ထိန်းထားရတယ်။ တစ်ပြိုင်နက်တည်းမှာ လက်နှိပ်စက် ခလုတ်နှစ်ခုကို မနှိပ်နိုင်တဲ့အတွက် လက်နှိပ်စက်နဲ့ အရုပ်ရေးဘို့ သူဟာ လက်နှိပ်စက်က shift key ကို အသေနှိပ်ထားရတယ်။ ဒါမှ အရုပ်ရေးရာမှာ သုံးတဲ့ အပေါ်စာလုံးတွေ (@ # $ % ^ & * ( )_ ကို ရနိုင်မှာကိုး။ ဆယ်စုနှစ်ပေါင်း ၇ ခုကျော်အတွင်း ပေါလ်ဟာ ပန်းချီကား ရာပေါင်းများစွာကို လက်နှိပ်စက်သုံးပြီး ဆွဲနိုင်ခဲ့တယ်။ တစ်ခါတစ်ခါမှာ သူဟာ မူရင်းရုပ်ပုံကားချပ်တွေကို သူများကို ပေးပစ်လိုက်လေ့ရှိတယ်။ အမြဲမဟုတ်တောင် တစ်ခါတစ်ခါမှာ သူဟာ သူ့ပန်းချီကားမိတ္တူတွေကို သူ့မှတ်တမ်းအတွက် သိမ်းထားတတ်တယ်။

လက်နှိပ်စက်ရိုက်ရာမှာ အတော်ကြီးကို ကျွမ်းကျင်လာတဲ့အခါ သူဟာ လက်နှိပ်စက် ခလုတ်ကလေးတွေသုံးပြီး အရိပ်၊ အရောင်၊ အသွေးတွေကို ခဲတံ၊ မီးသွေးတို့နဲ့ဆွဲသလို နည်းပညာအသစ်ကိုသုံးပြီး ဆွဲနိုင်လာခဲ့တယ်။

ဒီ ကြီးကျယ်မြင့်မြတ်လှတဲ့သူ ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ဆုံးပါးသွားတဲ့အခါ လူအများကို စေ့ဆော်မှုပေးနိုင်တဲ့ အင်မတန်ထူးခြားအံ့သြဘွယ် လက်ရာအမြောက်အများကို ချန်ထားခဲ့နိုင်တယ်။


“လူတွေက တံခါးမကြီးကို ပိတ်ထားတဲ့အခါ ဘုရားသခင်က ပြူတင်းတံခါးကို ဖွင့်ပေးတယ်” ဆိုတဲ့စကားကို မင်းကြားဖူးလား။ ဘုရားသခင်ဟာ ဒီလူထူးလူဆန်းအတွက် အိမ်သစ်တစ်ဆောင်ဆောက်ဘို့ အလုံးစုံကူညီခဲ့တယ်လို့ ငါတော့ထင်တာပဲ။


Source: Just A Typewriter

အောက်က သူ့လက်ရာတွေကို ကြည့်ကြည့်ပါအုံးဗျာ။ အဲဒါ လက်နှိပ်စက်နဲ့ ဆွဲထားတာပါဆိုရင် ခင်ဗျား ယုံဘို့အတော်ခက်လိမ့်မယ်။



















ဖြစ်နိုင်ပါတယ်

ရှေးတုံးက တစ်သက်လုံးလယ်ပဲလုပ်လာခဲ့တဲ့ လယ်သမားကြီးတစ်ယောက်ရှိသတဲ့။

တစ်နေ့တော့ လယ်လုပ်ရာမှာခိုင်းနေတဲ့ သူ့မြင်းပျောက်သွားတယ်။ အဲဒါကို သူ့အိမ်နီးနားချင်းတွေကြားတော့ သနားကရုဏာသက်စွာနဲ့ လာမေးကြတယ်။ “ဆိုးလိုက်တဲ့ ကံကွာ။”

လယ်သမားကြီးက ပြန်ပြောတယ်။ “ဖြစ်နိုင်ပါတယ်”

နောက်နေ့မနက်ကျတော့ တခြားမြင်းရိုင်းသုံးကောင်နဲ့အတူ သူ့မြင်း ပြန်ရောက်လာတယ်။

သူ့မိတ်ဆွေတွေက ပြောပြန်တယ်။ “တယ်လဲ ကံကောင်းပါလားဟေ့။”

အဖိုးအိုးက ပြန်ပြောတယ်။ “ဖြစ်နိုင်ပါတယ်”

နောက်နေ့မနက်မှာ လယ်သမားကြီးရဲ့သားဟာ မလေ့ကျင့်ရသေးတဲ့ မြင်းရိုင်းတစ်ကောင်ကို ယူစီးလိုက်တာ မြင်းလဲ ထခုန်လိုက်ရော ပြုတ်ကျပြီး ခြေကျိုးပါလေရော့လား။

ဒီတော့ သူ့မိတ်ဆွေတွေက စိတ်မကောင်းစွာနဲ့ လာပြောကြ ပြန်တယ်။ “ဆိုးလိုက်တဲ့ ကံကွာ။”

လယ်သမားအဖိုးအိုကလည်း ထုံးစံအတိုင်း ပြန်ပြောလိုက်တယ်။ “ဖြစ်နိုင်ပါတယ်”

နောက်တစ်နေ့မနက်ကျတော့ စစ်သားစုဆောင်းရေးဆိုပြီး ရွာထဲကို စစ်ဗိုလ်တွေရောက်လာတယ်။
ခြေကျိုးနေတဲ့ အဖိုးကြီးရဲ့သားကို တွေ့သွားတော့ သူကို စစ်သားအဖြစ် မရွေးတော့ဘူး။

သူ့မိတ်ဆွေတွေလည်း တအံ့တသြနဲ့ လာပြောကြ ပြန်တယ်။ “ကံကောင်းလို့ဟေ့။”

အဖိုးအိုကလည်း ထုံးစံအတိုင်း ပြန်ပြောလိုက်တာပေါ့။ “ဖြစ်နိုင်ပါတယ်” တဲ့။

x x x x x

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ကဲ - ပုံပြင်က ဘာပေးချင်တာလဲဆိုတာ မောင်ညီမလေးတို့ ပြောကြည့်ပါဦး။ မှန်တဲ့သူကို မြောက်ကိုးရီးယားက ၀က်နားရွက်သုပ် ကျွေးပါမယ်ကွယ်။

6. Maybe from The 10 Very Best Zen Stories


Monday, July 28, 2014

သင်ယူမှုပုံစံကို ပြန်လည်ဆန်းသစ်ခြင်း အပိုင်း (၁)

၁။ လိမ္မာပါးနပ်ပါ

စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းသည် ကျဆင်းနေသော သင့်ကိုယ်ရည်ကိုယ်သွေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ကုဆေးတစ်ခု ဖြစ်သည်။

ဂျင်မ်ကွက်ဟာ အတန်းထဲမှာ ထူးချွန်တဲ့ကျောင်းသားတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူထူးချွန်တာက ကံမကောင်း အကြောင်းမလှခဲ့တဲ့အတွက် ထူးချွန်ရတာ။ အသက် ၅ နှစ်သားလောက်မှာ ခေါင်းဒဏ်ရာရပြီးတဲ့နောက် ဘာပဲသင်သင်၊ သင်ယူလေ့လာမှုဆိုတာ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးဖြစ်နေခဲ့တယ်။ အဲဒါနဲ့များတောင် သူဟာ အထက်တန်းကိုပြီးအောင် တက်နိုင်ခဲ့ပြီး ကောလိပ်ကျောင်း ၀င်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။
အဲဒီလည်းရောက်ရော သင်ကြားရေးဆိုင်ရာ ပြဿနာတွေကို အောင်မြင်အောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဘာသာရပ်ပေါင်းများစွာသင်ယူဘို့ မှတ်ပုံတင်လိုက်တယ်။ နောက်တော့ စာသင်တဲ့အထဲ စိတ်မြှုပ်ထားလိုက်တာ စားဘို့လည်းမေ့၊ အိပ်ဖို့လည်းမေ့၊ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်တော့တဲ့ထိ ဖြစ်သွားတယ်။ သူဟာ အဲဒီ သူ့အစွဲကြောင့် ဒုက္ခရောက်တော့တာပဲ။
            တစ်နေ့ သူစာကြည့်တိုက်ထဲကထွက်လာတော့ အရမ်းကို ပင်ပန်းနေပြီ။ သူ လှေခါးပေါ်ကို လဲကျသွားတယ်။ သတိရလာလို့ ကြည့်လိုက်တော့ ဆေးရုံပေါ်ရောက်နေတာ တွေ့ရတယ်။ ကျိုးပဲ့၊ ဖူးယောင်၊ ပွန်းရှ ဒဏ်ရာတွေနဲ့။ သူ အတော့်ကို စိတ်ဓာတ်ကျသွားတယ်။
            အဲလ်ဘတ်အိုင်စတိုင်းရဲ့ အဆိုအမိန့်ဖြစ်တဲ့ “အရူးဟာ ဒါကိုပဲထပ်တလဲလဲလုပ်ရင်း ထူးခြားတဲ့ရလဒ်များ ရလေမလားလို့ မျှော်လင့်နေတယ်” ကို ရေးထားတဲ့ စာတမ်းလေးပါတဲ့ ကော်ဖီခွက်ကိုင်ရင်း သူနာပြုဆရာမလေး ရောက်လာတယ်။
            အိုင်စတိုင်းရဲ့ ရူးသွပ်ခြင်း အဓိပ္ပာယ်ကိုဖတ်ပြီး ကွက် ဟာ ကျောင်းနဲ့ကောလိပ်တွေဟာ “ဘာလဲ” ဆိုတာကို သင်ယူဘို့အတွက် အကောင်းဆုံးနေရာဖြစ်ပေမဲ့ “ဘယ်လို” ဆိုတာကို သင်ဘို့မဟုတ်ကြောင်း သဘောပေါက်သွားတယ်။ ဒါနဲ့ သင်ကြားမှုအတွက် အကန့်အသတ်တွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို သူသိသွားတယ်။ အဲဒီမှာတင် ဘယ်လို သင်ယူရမယ်ဆိုတာကို သူစတင်လေ့လာတော့တယ်။
ကွက်ဟာ လေ့လာခြင်းရဲ့ သိပ္ပံနဲ့ ၀ိဇ္ဇာ ပညာရပ်တွေကို စတင်သင်ယူတယ်။ ရက် ၃၀ အတွင်းမှာပဲ သူဟာ စာကို မြန်မြန်ဖတ် လာနိုင်တယ်။ ပိုပြီးအာရုံစူးစိုက်လာနိုင်သလို ပိုပြီးတော့လည်း မှတ်မိလာတယ်။ ရက်ပေါင်း ၆၀ အတွင်း သူဟာ အတန်းထဲမှာ အထူးချွန်ဆုံးကျောင်းသား ဖြစ်လာတယ်။ သူဟာ ဒုက္ခသုက္ခတွေကို အောင်မြင်မှုအဖြစ် ပြောင်းပစ်နိုင်ခဲ့တယ်။
အခုတော့ ကွက်သင်တန်းကျောင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့ပြီ။ သူက “Knowledge is power, Learning is super power” (အသိဉာဏ်ဟာ ခွန်အား၊ လေ့လာခြင်းဟာ မဟာခွန်အား) လို့ပြောတယ်။  

၂။ မီးကို စွန့်လွှတ်ရခြင်း

            သင်ယူလေ့လာမှုဆိုတာ တခြားကမ္ဘာက ဂြိုဟ်သားတွေရဲ့ အလုပ်မဟုတ်ပါဘူးကွာ။ နေပါဦး။ ငါတို့လူသားအားလုံးဟာ အူဝဲ ဆိုပြီး မွေးလာကတည်းက စပြီး လေ့လာသင်ယူနေကြရတာ မဟုတ်လား။ ကလေးတွေ ဘယ်လို လေ့လာသင်ယူကြတယ်ဆိုတာ နည်းနည်းလောက် စောင့်ကြည့်လိုက်စမ်းပါ။ မင်းသူတို့ကို ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းလည်းဒီလိုပဲ သင်ယူခဲ့ရတာဆိုတာ သဘောပေါက်လာလိမ့်မယ်။ နောက်ပြီး မင်းလဲပဲ တစ်သက်လုံး စူးစမ်းမှု၊ စပ်စုမှု၊ လေ့လာမှုတွေ လုပ်ရတော့မှာ သဘာဝပဲ မဟုတ်လား။
            ဘယ်လိုပဲဖြစ်ဖြစ် အသက်ကြီးလာတာနဲ့အမျှ ဒီမွေးရာပါ လေ့လာမှုမီးတောက်ဟာ တဖြည်းဖြည်း ငြိမ်းသွားရတာပဲ။ ကျောင်းသွားဘို့ အင်တင်တင်ဖြစ်နေတဲ့စိတ်ကို အတင်းကို တွန်းထိုး နှိုးဆွနေရတော့တာ။ အချိန်တွေကြာလာတာနဲ့အမျှ အသက်အရွယ်နဲ့ စွမ်းဆောင်နိုင်မှုအကြား ကွာဟချက်ဟာလည်း တဖြည်းဖြည်း ပိုကြီးလာတယ်။ အဲဒီအခါမှာ အလုပ်အကိုင် အာမခံချက် နဲ့ သက်မွေးဝမ်းကျောင်းလည်း ကျဆင်းလာတယ်။

၃။ သင်ယူမှုအတွက် အတားအဆီး

            ငါတို့ရဲ့ သင်ကြားလေ့လာမှုကို သဘာဝအလျောက် စဉ်ဆက်မပြတ် ပိတ်ပင်ဟန့်တားနေတာ ဘာတွေလဲ။ ဒီမှာ အတားအဆီး နှစ်ခုရှိတယ်။

၁။ အစက်တွေကို ဆက်နိုင်စွမ်းမရှိမှု
            ဘယ်လိုဖြစ်ဖြစ် လူတော်တော်များများဟာ (အာသာရမ္မက်ပြင်းပြင်းနဲ့ လေ့လာလိုစိတ် နဲ့ သူ့တို့တတ်နိုင်စွမ်း) ဆိုတဲ့ အစက်နှစ်ခုရယ်။ (သူတို့လုပ်နိုင်စွမ်း နဲ့ အရှိန်အဟုန်နဲ့ပြောင်းနေတဲ့ ဈေးကွက်တန်ဘိုး) ဆိုတဲ့ အစက်နှစ်ခု ကို ဆက်မပေးနိုင်သေးဘူး ဖြစ်နေတယ်။

၂။ အကောင်းဆုံးမဟုတ်တဲ့ လေ့လာမှု
            စဉ်ဆက်မပြတ်လေ့လာမှုဟာ မရှိမဖြစ်လိုပါတယ်လို့ ငါတို့လက်ခံထားရင်တောင် ငါတို့ဟာ ပိုပြီး ထိရောက်တဲ့နည်းတွေနဲ့ လေ့ကျင့်ပေးခံရတာမျိုးမရှိသေးဘူး။

            ငါတို့ရဲ့ သင်ယူလိုစိတ်နဲ့ လေ့လာနိုင်စွမ်းနည်းပါးမှု - စတဲ့ အခြေခံပြဿနာတွေကို မရှင်းနိုင်ရင် စာအုပ်တွေ၊ အွန်လိုင်းသင်တန်းတွေ၊ သင်ရိုးတွေရှိနေရင်တောင် စဉ်ဆက်မပြတ်လေ့လာနေသူအတွက်တော့ ခက်ခဲနေဦးမှာဘဲ။   
            ဒါပေမဲ့ သင်ယူလေ့လာခြင်းရဲ့ ပထမနေရာဟာ ဘာလဲ။

၎။ သင်ယူလေ့လာမှုရဲ့ ရှုထောင့်သုံးမျိုး

            ပတ်ဝန်းကျင်အနေအထားအရ သူတို့အရည်အသွေးကို အဆင့်မြှင့်ဘို့ သင်ယူလေ့လာမှုကို မဖြစ်မနေလုပ်ဘို့ တွန်းအားပေးခံလာရတဲ့အခါ လူတွေဟာ လက်မှတ်တွေ၊ ဒစ်ပလိုမာတွေ၊ ဘွဲ့တွေရအောင် အသည်းအပြင်း လိုက်ကြရတော့တယ်။ ဆိုတော့ သင်ယူလေ့လာမှုဆိုတာ လက်မှတ်တစ်ခုရဘို့ဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့ ဘောင်ထဲ ရောက်သွားတယ်။
            မင်း အသက် ၇၀ ဆိုပါတော့။ အတန်းထဲမှာ နိုးနိုးကြားကြား ဘယ်နှစ်နာရီလောက်ရှိနေနိုင်မလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ။ ငါက ၅%ပဲရှိတယ်လို့ပြောလိုက်ရင် မအံ့သြပါနဲ့။ အရေးကြီးတာက ကျန်တဲ့ ၉၅% သောအချိန်တွေကို ဘယ်လို သုံးလိုက်သလဲ ဆိုတာဘဲ။
            ကံအားလျော်စွာ လေ့လာမှုနည်းလမ်းတွေဟာ ပိုပြီးကျယ်ပြန့်လာတယ်။ အောက်က အချက်သုံးချက် အပါအ၀င်ပေါ့။

၁။ အသိပညာ (knowledge)
            ဘာတွေငါတို့သိသလဲဆိုတာ ဗဟုသုတပေါ့။ ဥပမာအားဖြင့် စီးပွားရေးပညာ၊ သမိုင်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုအတတ်ပညာ စသည်ပေါ့။ ထုံးစံအားဖြင့်တော့ ဒီအသိပညာတွေကို ငါတို့ဟာ ကျောင်းကသော်လည်းကောင်း၊ စာအုပ်တွေကသော်လည်းကောင်း ရတယ်။

၂။ ကျွမ်းကျင်မှု (skill)
            ကျွမ်းကျင်မှုဆိုတာ တစ်ခုခုကိုလုပ်နိုင်တဲ့ အရည်အသွေးပဲ။ တစ်ယောက်ယောက်က ပစ္စည်းတစ်ခုခုကိုရောင်းတာ၊ ကွန်ပြူတာ ပရိုဂရမ်တစ်ခုကို ရေးတာ၊ စက်ပြင်တာ၊ မီးဆင်တာ စတာတွေဟာ ကျွမ်းကျင်မှုပေါ့။ ကျွမ်းကျင်မှုကိုတော့ သင်တန်းနဲ့ သင်ပေးလို့ရတယ်။ လုပ်ငန်းခွင်ထဲကနေ တတ်လာတာရှိတယ်။

၃။ သဘောထား (attitude)
            ဒါ အရေးကြီးဆုံးလို့ ထင်တာပဲ။ မင်းစဉ်းစားကြည့်ပေါ့ကွာ။ တစ်ယောက်ယောက်ဟာ ဘာလုပ်ရမလဲဆိုတာလဲသိတယ်။ လုပ်လည်းလုပ်တတ်တယ်။ ဒါပေမဲ့ကောင်းကောင်းမလုပ်ချင်ဘူးဆို မခက်ပါလား။ ဆိုလိုတာက ဒီနေရာမှာ သုံးမတ်လုံး သံချောင်း သုံးရမယ်ဆိုတာသိပေမဲ့ ငါးမူးလုံးပဲသုံးသွားတာမျိုးပေါ့။ ဆိုတော့ စိတ်နေစိတ်ထားသာ မကောင်းလို့ကတော့ မင်း ဘယ်လောက်ကြီးပဲ တတ်တတ်၊ သိသိ အလကားပဲမဟုတ်လားကွ။

            တကယ်လေ့လာသင်ယူတယ်ဆိုတာ အဲဒီ အချက်သုံးချက် အားလုံးပါဘို့လိုတယ်။ အိပ်ယာဝင်တဲ့အချိန်မှာ ရှိတဲ့မင်းရဲ့ အရည်အချင်းဟာ မနက် အိပ်ယာကထတုံးက ရှိနေတဲ့ အရည်အသွေးထက် ပိုသာနေစေရမယ်။
            ကိုင်း၊ ဘယ်လိုလဲ။ ဖြစ်နိုင်ပါ့မလား။
            တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းပေါ့ကွာ။

Ref: Part 1: Get Smart: Rekindle the fire of learning: from The Straits Times dated July 9, 2014. Page C30, Recruit.


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈၊ ဇူလိုင်၊ ၂၀၁၄။ ညနေ ၄ နာရီ ၃ မိနစ်။


အပိုင်း (၂) Part 2: Be thirsty to KNOW. မျှော် . . . . . 

Don’t Work Hard, Work Smart

မနက်ဖြန်ခါ ဥပုသ်ထွက်နေ့မို့ ပိတ်သည်။ ကျေးဇူးတင်ပါသည် အလ္လာအရှင်မြတ်ခင်ဗျား။ (ဒီဇင်ဘာ ၂၅ ရောက်ရင် ခရစ်တော်ကို ကျေးဇူးတင်မှာပေါ့ဗျာ။)
သည့်အတွက် လုပ်လက်စအလုပ်များ ဘေးချထားကာ စာများ အတော်များများ ဖတ်ဖြစ်သည်။ နောက်ပြီး မိတ်ဆွေများအတွက် အထူးသဖြင့် မြန်မာပြည်မှ လူငယ်များအတွက် စာတစ်ပုဒ် ရေးထုတ်လိုက်ပါသည်။

Don’t Work Hard, Work Smart ဆိုတာလေးကို တော်တော်များများ ကြားဖူးကြပါလိမ့်မည်။ ကြားဖူးချင်မှလည်း ကြားဖူးမှာပေါ့လေ။ ယခု ဤအကြောင်း ရေးပါမည်။


နိဒါန်း

သင်အလုပ် ဘယ်လောက်ကြိုးစားပမ်းစား လုပ်ခဲ့သလဲ မပြောပါနှင့်။ သင်ဘယ်လောက် အလုပ်ပြီးမြောက်ခဲ့သလဲ ပြောပါ။

            သင်မိတ်ဆွေ ကြုံဖူးမှာပါ။ ကြိုးစားပမ်းစား တပင်တပန်းလုပ်ခဲ့ပြီးမှ မှားလို့ ပြန်ဖျက်ပစ်လိုက်ရတာ။ သည်အလုပ်ပြီးဘို့ တစ်နာရီ ကြာချင်ကြာမည်။ ဒါမှ မဟုတ် တစ်ရက် ကြာချင်ကြာမည်။ ပိုက်ဆံတွေ ကုန်ချင်ကုန်မည်။ အနည်းဆုံးတော့ သင့်လုပ်အား တွေ၊ အချိန်တွေ ကုန်သွားသည်။ သို့သော် ပြီးခါမှ မှားနေမှန်းသိသဖြင့် သုံးမရတော့ ထို ကြိုးစားထားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားသည်။
            ကျွန်တော်တို့ ယခုလုပ်နေသည့် CT Hub Projet တွင် လေးထပ်၌ ကွန်ကရစ်လောင်းပြီးမှ မှားလို့ ဘရိတ်ကာနှင့် တစ်ဒိုင်းဒိုင်း ထိုးခွဲလိုက်ရသည့်ဖြစ်ရပ် မကြာသေးကမှ ဖြစ်ခဲ့သေးသည်။ စူပါဗိုက်ဆာက drawing ကို latest revised drawing မသုံးဘဲ လက်ထဲရှိတာနှင့် ချလိုက်သည်။ RTO, RE ဆိုသူများ၊ အင်ဂျင်နှစ်ရာဆိုသူများရှိပါလျက် အဘယ်ကြောင့် ဘရိတ်ကာနှင့် ထိုးခွဲရသည့်ဘ၀ ရောက်သွားသည်ကို ကျွန်တော်နားမလည်နိုင်ပါ။ ကိုယ့်ကိစ္စမဟုတ်တော့ ကျွန်တော်လည်း သွားမစပ်စု။ ဘေးမှရပ်ကာသာ စုပ်သပ်နေမိသည်။ တော်သေးတာပေါ့။ စလက်က အကြီးကြီးမဟုတ်။ ငါးမီတာ ပတ်လည်မျှသာ ရှိသည်။
            ယခုလည်း Block 3 တွင် လေးထပ်မှ ငါးထပ်၊ ခြောက်ထပ်များသို့ တက်သောလှေခါးက အရပ်မလွတ်။ ဒီဇိုင်းလွဲလို့ဆို၏။ ဘယ်နှယ်လုပ်ကြလိမ့်မည် မသိ။ ယခုထိတော့ သည်အတိုင်း ရှိနေသေးသည်။
            ဆိုတော့ သည်စလက်လောင်းဘို့ ဖောင်ဝပ်ဆင်ရသည်။ သံချည်သံကွေးတွေ လုပ်ရသည်။ ကွန်ကရိတွေ မှာရသည်။ ထို လုပ်အား၊ အချိန်၊ ငွေများအားလုံး အလဟဿဖြစ်မကုန်ပါသလော။ လူပေကပဲ အမှားဘယ်ကင်းနိုင်ပါ့မလဲ ဟု အထွန့်တက်နိုင် ပါသည်။ သို့သော် စနစ်တကျ စစ်ဆေးစီမံပြီးလုပ်လျှင် သည်အမှားမျိုးများကို ရှောင်လွှဲလို့ ရနိုင်ပါမည်။
            ရှေးလူကြီးများကတော့ ဦးဏှောက်ကို လွှာသုံး ဟု ဆို၏။ ဤသည်မှာ Work smart လုပ်ဖို့အကြောင်း ပြောခြင်း ဖြစ်ပါသည်။ မည်မျှပင်ပင်ပန်းပန်း (Work hard) လုပ်သည်ဖြစ်စေ။ စနစ်တကျ မလုပ်တတ်လျှင် (Work smart) သမားထက် အလုပ်ပိုပြီးစရာ မရှိပါ။ ဦးဏှောက်သုံးပြီး စနစ်တကျ လုပ်သူသည် သက်သာသည်၊ အလုပ်များများပြီးသည်။


၁။ နည်းလမ်း ၄ သွယ်အနက် ပထမ နည်းလမ်း

၁က) ဦးစားပေးအဆင့် ရွေးချယ်ပါ။


သင့်၌ လုပ်စရာအလုပ်များ များပြားစွာ တန်းစီနေပါလိမ့်မည်။ ထိုအလုပ်များကို ကြုံသလို ဟိုဟာကောက်လုပ်လိုက်၊ သည်ဟာကောက်လုပ်လိုက် မလုပ်ပါနှင့်။ အချိန်သာကုန်သွားမည်၊ အလုပ်တစ်ခုမှ မပြီးဘဲ ရှိပါလိမ့်မည်။
            သင့်အလုပ်များကို တစ်ခုချင်း ချရေးလိုက်ပါ။ ထို့နောက် အချိန်ယူပြီး ခေါင်းအေးအေးနှင့် မည်သည့်အလုပ်ကတော့ အခုလုပ်မှ ဖြစ်မည်။ မည်သည့်အလုပ်ကို ဖြည်းဖြည်းမှ လုပ်လို့ရသည်။ မည်သည့်အလုပ်ကိုတော့ ချက်ချင်းလုပ်လို့မဖြစ်။ မည်သူနှင့်တွေ့ပြီး မည်သည့်အချက်အလက်များ ရယူရဦးမည်။ မည်သည့်အလုပ်ကတော့ လေးငါးရက်၊ တစ်ပတ်လောက် လုပ်ယူရမည် အစရှိသည်တို့ကို အသေးစိတ်စဉ်းစားပါ။
            ထို့နောက် ဦးစားပေးအစီအစဉ် ရေးဆွဲပါ။ လိုအပ်သည့်သတင်းအချက်အလက်များ ရယူရန်ရှိသည်တို့ကို ချရေးထားပါ။ တွေ့စရာရှိသူတို့၏ အမည်၊ နေရာဌာနတို့ကို မှတ်ချက်ကော်လံတွင် ရေးထားပါ။ မည်သည့်နေ့တွင် တွေ့မည်ကိုပါ ရေးပါ။


 ၁ခ) လုပ်ရမည့်အလုပ်ကို ကောက်ကြောင်းဆွဲပါ။


 မိမိလုပ်ရမည့်အလုပ်ကို ဘာပြီးဘာလုပ်ရမည် စသဖြင့် လုပ်ငန်းအစီအစဉ် ပုံကြမ်းဆွဲပါ။ ပုံကြမ်းဆွဲသည်ဆိုရာတွင် ကြီးကြီးကျယ်ကျယ် လုပ်စရာမလိုပါ။ လုပ်ငန်းကိုလိုက်၍ ခေါင်းထဲတွင်ပင် စဉ်နိုင်သည်။ မှတ်စုစာအုပ်လေးထဲတွင် အကြမ်း ရေးခြစ်နိုင်သည်။ အကယ်၍ အလုပ်သည် လုပ်နေကျအလုပ်ဖြစ်ပါက Checklist လုပ်ထားပါ။ ထို checklist အတိုင်းလုပ်သွားလျင် မေ့ကျန်ခဲ့တာမရှိတော့သဖြင့် အလုပ်ပိုတွင်ကျယ်သည်။

၁ဂ) ဟင့်အင် လို့ မပြောရအောင် ကြိုးစားပါ။
ကိုယ်တတ်နိုင်သည့်ဘောင်ထဲမှာပဲ လုပ်ပါ။ လက်တွေ့ကျပါစေ။ သည်အလုပ်က အချိန်ဘယ်လောက်ယူမလဲဆိုတာ ချင့်ချိန်တတ်ပါစေ။ အလုပ်မပြီးနိုင်ဘဲ ဆောရီးဗျာ၊ မပြီးသေးဘူး ဟု မပြောရပါစေနှင့်။ တစ်ခါတစ်ရံ သင်မှန်းထားသလို အလုပ်က ရှောရှောရှူရှူဖြစ်ချင်မှ ဖြစ်မည်။ မမျှော်လင့်ဘဲ အခြားကိစ္စ ပေါ်လာသဖြင့် လုပ်လက်စအလုပ်ကို ရပ်ထားလိုက်ရတာမျိုးလည်း ကြုံရတတ်သည်ကို သတိပြုပါ။ သင့်ကိုယ်သင် ဖိအားမပေးပါနှင့်။ အလုပ်မပြီးနိုင်သဖြင့် စိတ်ရှုပ်ရခြင်းသည် အလုပ်ကို ပိုမို နှောင့်နှေးကြန့်ကြာစေသည်။


၁ဃ) ရည်မှန်းချက်ကို ကန့်သတ်ထားပါ။
            တစ်ချိန်မှာ တစ်ခုပဲလုပ်ပါ။ သင့်ဦးဏှောက်သည် တစ်ခုကိုသာ စူးစိုက်ပြီးစဉ်းစားရပါက နှစ်ခုသုံးခု တစ်ပြိုင်နက် စဉ်းစားရ သည်ထက် ပိုပြီးထက်မြက်ပါလိမ့်မည်။ နောက်အလုပ်များအတွက် လုံးဝမတွေးပါနှင့်။ လုပ်လက်စအလုပ်ကိုသာ အကောင်းဆုံး၊ အမှားအယွင်း အကင်းဆုံးဖြစ်အောင် လုပ်ပါ။
လောဘတကြီး အလုပ်နှစ်ခု သုံးခုပြီးအောင် ရည်မှန်းထားပါက အလုပ်တစ်ခုမှ မပြီးဘဲ ရှိတတ်သည်။ သင့်ကိုယ်သင် ဖိအားမပေးပါနှင့်။ လုပ်ရင်းနှင့်မှ မည်သို့လုပ်လျှင် အလုပ်ပိုပြီးနိုင်ကြောင်း သင့်ဘာသာသင် တွေ့လာပါလိမ့်မည်။

၂။ နည်းလမ်း ၄ သွယ်အနက် ဒုတိယ နည်းလမ်း (အလုပ်ရှင်များနှင့် ဆက်ဆံခြင်း)

၂က။ ကောင်းမွန်စွာ ဆက်ဆံခြင်းဖြင့် အလုပ်ရှင်များကို ထိန်းထားပါ။


 သည်အလုပ်လုပ်ရန် အချိန်မည်မျှ ယူရမည်ဖြစ်ကြောင်း သင့်အလုပ်ရှင်များ သိပါစေ။ သင်လုပ်ရမည့်အလုပ်ကို သင်သာ ကောင်းစွာနားလည်ပါသည်။ သင့်အလုပ်အပေါ် သူတို့၏သြဇာအာဏာ မသက်ရောက်ပါစေနှင့်။ သင့်ကို အလုပ်အပ်သူသည် သူတစ်ဦးတည်းမဟုတ်၊ အခြားသူများပါရှိသေးသည်ကို သူကောင်းစွာနားလည်အောင် ရှင်းပြပါ။
  
၂ခ။ ညံ့ဖျင်းသောအလုပ်ကို လက်မခံပါနှင့်။


 မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ကောင်းကောင်းမွန်မွန် သေသေသပ်သပ် လုပ်ပါ။ အလုပ်ရှင်ကဖြစ်စေ၊ သင့်သူဌေးက ဖြစ်စေ သင့်ကို (အမြန်လုပ်ရန် သို့မဟုတ် များများလုပ်ရန်) ဖိအားပေးလာနိုင်ပါသည်။ ထိုအခါ သင်တတ်နိုင်သည့် ဘောင်အပြင်မှ ဖြစ်နေပါက မဖြစ်နိုင်ကြောင်း ရှင်းပြပါ။ ပိုက်ဆံပိုရနိုင်သည့်တိုင် အချို့အလုပ်များကို လက်လွှတ်သင့်သည့်အခါ လက်လွှတ်လိုက်ပါ။

၂ဂ။ လိုအပ်လျှင် ကန်ထရိုက်အသစ်ပြန်ချုပ်ပါ။
            မူလလက်ခံထားသော အလုပ်အတွင်းမှသာ လုပ်ပါ။ မကြာခဏ ပြန်ပြင်နေခြင်းကို လက်မခံပါနှင့်။ ချေးများသော အလုပ်ရှင်များနှင့်တွေ့လျှင် မကြာခဏ ပြန်ပြင်နေရသည့်အတွက် သင်အလုပ်ပြီးမြောက်မှု နှောင့်နှေးပါလိမ့်မည်။ မူလ သဘောတူထားသော ဈေးနှုန်းထက် အကုန်အကျ ပိုများချင် များနေပါလိမ့်မည်။ ထိုအခါ အလုပ်ကို လုံးဝရပ်လိုက်ပါ။ ကန်ထရိုက်စာချုပ် အသစ်ထပ်ချုပ်ဘို့ တောင်းဆိုပါ။

၃။ နည်းလမ်း ၄ သွယ်အနက် တတိယ နည်းလမ်း (အချိန်တိုတိုအတွင်း များများပြီးပါစေ)

၃က။ ပစ္စည်းအရည်အသွေး


 ပစ္စည်းအရည်အသွေးကို ရွေးချယ်ရာမှာ ဘယ်တော့မှ အညံ့စားကို မရွေးပါနဲ့။ အဘိုးနည်းရင် အိုးကွဲပဲ ရပါလိမ့်မည်။ ဈေးချိုသည့်ပစ္စည်းသည် မည်သည့်အခါမှ ကောင်းရိုးထုံးစံမရှိပါ။ အပေါစားပစ္စည်းကို သုံးမိသည့်အတွက် စိတ်ညစ်ရခြင်း၊ အလုပ်ပိုများး လုပ်ရခြင်း၊ ၀ယ်သူမကြိုက်ခြင်း စသည်တို့ကို ကြုံရပါလိမ့်မည်။

၃ခ။ သင်အသုံးပြုသည့်နည်းလမ်းများကို ပြန်လည် ဆန်းစစ်ပါ။


             သင်သုံးသည့်နည်းသည် ထိရောက်သောနည်း ဖြစ်ပါစေ။ ငါ့နည်းဟာ မှန်ရဲ့လားဟု အမြဲဆန်းစစ်ပါ။ ပိုမိုကောင်းသည့် နည်းလမ်းကို ရှာဖွေပါ။ တီထွင်ပါ။ သင်အလုပ်ရာအနီးအနားတွင် မည်သည့်အတားအဆီး အနှောက်အယှက်မှ မရှိပါစေနှင့်။ လုပ်သည့်နေရာတွင် တစ်ခုချင်းလုပ်သည်ထက် အသုတ်လိုက်လုပ်သည့်နည်းကို သုံးပါ။

၃ဂ။ ဖြတ်လမ်းနည်းတိုများ သုံးပါ။


             ဖြတ်လမ်းနည်းတိုဟူသည် လူပျင်းများသုံးသည့် အလွယ်နည်းများကို မဆိုလို။ ဥပမာ - သင်သည် သင့်ပစ္စည်းအတွက် အီးမေးများကို ဖောက်သည်များထံ ပြန်ရသည်ဆိုပါစို့။ များသောအားဖြင့် စုံစမ်းလာသည့် မေးခွန်းများမှာ တူညီနေတတ်သည်။ ထိုကဲ့သို့သော မေးခွန်းများအတွက် စံပြအဖြေတစ်ခု ပြင်ထားနိုင်ပါသည်။ ဖောက်သည်နာမည်၊ လိပ်စာ၊ ရက်စွဲ စသည်လောက်သာ ပြင်ပြီး ကျန်သည့်စာကိုယ်ကို copy and paste လုပ်လိုက်ခြင်းဖြင့် အချိန်ကုန်များစွာ သက်သာသွားပါသည်။
            (ကျွန်တော်ကတော့ စည်းဝေးပွဲဖိတ်စာကို ပုံသေပြင်ထားသည်။ စည်းဝေးပွဲ အချိန်နှင့် နေရာ၊ ဖိတ်ကြားရသူများမှာ အတူတူပင်ဖြစ်လေရာ စည်းဝေးပွဲဖိတ်စာပို့လိုပါက ရက်စွဲကိုပြင်ပြီး ပို့လိုက်ရုံသာဖြစ်သည်။ ထို့အတူပင် အခြားလုပ်ငန်းများ၌လည်း template များ ပြင်ထားနိုင်ပါသည်။ ထိုအခါ မိမိပြင်ထားသော စာရွက်စာတမ်းများမှာ standard format တစ်မျိုးတည်း ထွက်လာ သလို အချိန်ကုန်လည်း များစွာ သက်သာပါသည်။) 

၃ဃ။ လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်ပါ။


             သင့်လူများသည် လူမှန်နေရာမှန်တွင် ရှိနေပါစေ။ အလုပ်မြန်မြန်ပြီးအောင် လုပ်နိုင်သူကို အချိန်ယူလုပ်ရမည့် အလုပ်တွင် နေရာချပါ။ အလုပ်ကို စနစ်တကျ အမှားအယွင်းကင်းစွာ သပ်သပ်ယပ်ယပ်လုပ်တတ်သူကို အမှားအယွင်းမခံသော အလုပ်များတွင် နေရာချပါ။

၃င။ အချိန်ဆွဲခြင်းကို ရှောင်ပါ။


             အင်တာနက်သုံးခြင်း၊ မလိုအပ်ဘဲ အီးမေးအပို့အယူလုပ်ခြင်းများသည် မသိမသာနှင့် အချိန်ကို များစွာကုန်စေ၏။ ထို့ကြောင့် မလိုအပ်ပါက အလုပ်ထဲတွင် အင်တာနက်မသုံးဖြစ်အောင် ကြိုးစားပါ။ အားသည့်အချိန်များ သို့မဟုတ် အလုပ်ပြီးသည့်အခါမှ သုံးပါ။

၃စ။ ပြောင်းလွယ်၊ ပြင်လွယ်ရှိပါစေ။


              အမြဲတမ်း ဒါကိုချည်းလုပ်နေရမည်ဟု တရားသေမှတ်ယူမထားပါလင့်။ နည်းသစ်များ၊ အတွေ့အကြုံသစ်များကို အမြဲရယူနေပါ။ စိတ်မျက်စိကို ဖွင့်ထားပါ။ ပတ်ဝန်းကျင်ကို လေ့လာပါ။ နည်းပညာအသစ်ကို လက်ခံပါ။ အခြားသူများ၏ အကြံဉာဏ်ကို တလေးတစား နာယူပါ။

၎။ နည်းလမ်း ၄ သွယ်အနက် စတုတ္ထ နည်းလမ်း (ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။)

၎က။ အနားယူပါ။

            တစ်နေ့လျှင် ၈ နာရီအိပ်ဖြစ်အောင် အိပ်ပါ။ သင်သည် တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်နိုင်ပါလိမ့်မည်။ သို့သော် သင့်ခန္ဓာကိုယ်ကို အနားပေးရန် လိုပါသည်။ စိတ်ဖိစီးမှုများခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့သည် သင့်အား အလုပ်အပေါ် စိတ်ပါဝင်စားမှုကို လျော့ကျစေပြီး အမှားအယွင်းများ လုပ်မိစေတတ်သည်။

 ၄ခ။ မကြာခဏနားခြင်း


 ရုံးတွင်း၌ ထိုင်လုပ်နေရသည်ပင်ဖြစ်စေ။ သင်သည် သင့်စိတ်ကို ပြန်လည်စုစည်းရန်၊ ပြန်လည်အားသွင်းရန်၊ အနားပေးရန် လို၏။ မည်မျှ အလုပ်ရှုပ်နေသည် ဖြစ်စေ၊ မကြာခဏ အနားယူရန် လိုပါသည်။ မိနစ် ၅၀ လုပ်ပြီးတိုင်း ၁၀ မိနစ် အမြဲနားပါ။

၎ဂ။ သင့်အစွမ်းတွေ လျော့ကျလာမှုကို သတိထားပါ။


            အလွန်ပင်ပန်းနွမ်းနယ်လာသည်ထိ မလုပ်မိပါစေနှင့်။ သင့်အလုပ်ရဲ့ဂုဏ်ကို ထိန်းထားဘို့လိုသလို သင့်ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းနေရန် ထိန်းထားဘို့လည်း လိုပါသည်။ ခြေကုန်လက်ပမ်းကျသည်ထိ လုပ်ခြင်းက သင့်ကို အမှားများစွာ လုပ်မိ စေတတ်သည်။
            နားရမည့်အချိန်တိုင် မနားဘဲ ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းလုပ်နေလျှင် သာမန်လုပ်ရမည့်အချိန်ထက် နှစ်ဆမှ သုံးဆထိ အချိန်ကြာညောင်းတတ်ကြောင်း သင်တွေ့လာပါလိမ့်မည်။
            မကြာခဏ အနားယူပါ။ အင်ပြည့်အားပြည့်နှင့် ပိုမိုလန်းဆန်းစွာ အလုပ်လုပ်နိုင်မည်။ အမှားအယွင်းလည်း နည်းသလို အလုပ်လည်းပိုပြီးပါလိမ့်မည်။

မိတ်ဆွေအပေါင်းတို့သည် Work smart သမားများ ဖြစ်ကြပါစေကုန်သတည်း။
အေးငြိမ်း
၂၇၊ ၇၊ ၂၀၁၄။ ည ၁၁ နာရီ


Ref:
Edited by Foxglove, Krystle, Eric, Charles Carter and 27 others

Saturday, July 26, 2014

အဲဒီဘက်ကမ်း

တစ်နေ့မှာ ကောင်လေးတစ်ယောက် ကြီးမားကျယ်ပြောတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတစ်လျှောက် အိမ်ပြန်လာတယ်။ 

ဒီလောက်ကျယ်တဲ့မြစ်ကြီးကို ဘယ်လိုများဖြတ်ကူးရပါ့မလဲလို့ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အိမ်ပြန်ဘို့အကြံကို လက်လွှတ်လိုက်ချင်စိတ်တောင် ပေါက်လာတယ်။

အဲဒီလိုဖြစ်နေတုံး မမျှော်လင့်ဘဲ တစ်ဖက်ကမ်းပါးမှာ ဘုန်းတော်ကြီးတစ်ပါးကိုတွေ့လို့ အော်ပြီး လှမ်းမေးလိုက်တယ်။

အဲဒီဘက်ကမ်းကို ဘယ်လိုလာလို့ရမလဲ အရှင်ဘုရား။

ဘုန်းတော်ကြီးက ခေတ္တစဉ်းစားလိုက်ပြီး ပြန်အော်ဖြေလိုက်တယ်။

မင်းက အဲဒီဘက်ကမ်းမှာဘဲလေ ငါ့သားရဲ့။


4.  The Other Side From The 10 Very Best Zen Stories

လက်ဖက်ရည်တစ်ခွက်

မေဂျိခေတ် (၁၈၆၈ - ၁၉၁၂ ခုနှစ်) တုံးကပေါ့။ 

ဂျပန်ဘုန်းတော်ကြီး ‘နန်းယင်’ ဆီကို တက္ကသိုလ် ပါမောက္ခကြီးတစ်ယောက် ဇင်နဲ့ပတ်သက်ပြီး လေ့လာဘို့ ရောက်လာတယ်။

နန်းယင်က သူ့ကို လဖက်ရည်နဲ့ ဆီးပြီး ဧည့်ခံတယ်။ 
နန်းယင်က လဖက်ရည်ပန်းကန်တစ်လုံးချပြီး လက်ဖက်ရည်တွေ လောင်းထည့်တယ်။ ပါမောက္ခကြီးက ကြည့်နေတယ်။

လဖက်ရည်ပန်းကန်ပြည့်သွားတဲ့တိုင် ဘုန်းတော်ကြီးက ဆက်ထည့်နေတုံးပဲ။ 
လဖက်ရည်တွေ ပန်းကန်ထဲက လျှံကျလာ တယ်။ မနေနိုင်တဲ့အဆုံး ပါမောက္ခကြီးက မေးတယ်။

အနို့နေပါဦး အရှင်ဘုရား။ ပန်းကန်ပြည့်နေတာတောင် ဆက်ထည့်နေလို့ ဘယ့်နှာလုပ် လဖက်ရည်ထပ်ဝင်ပါတော့မလဲ။

အဲဒီလိုပဲပေါ့ကွဲ့။ ဒါယိကာကြီးခေါင်းထဲမှာ အတွေးအခေါ်တွေ၊ အယူအဆတွေ ဒါလောက်ပြည့်သိပ်နေတာ ဒါယိကာကြီး ခွက်ကို သွန်မပစ်ဘဲ ဘယ့်နှယ်လုပ် ဘုန်းကြီးက ထပ်ထည့်လို့ ရပါ့မလဲ။


1. A Cup of Tea From The 10 Very Best Zen Stories

“တကယ်” မှ ရလိုက်သော သင်ခန်းစာ

စာရှုသူ ကျွန်တော့်မိတ်ဆွေများကို ဆရာစားတာ မဟုတ်ရပါခင်ဗျာ။

တကယ် - မှ ရလိုက်သော သင်ခန်းစာကို ကျွန်တော်တွေးမိသလို ပြောဆိုခြင်းသာ ဖြစ်ပါသည်။ မပြည့်စုံပါက ဖြည့်စွက်ဆွေးနွေး၊ တွေးတောနိုင်ပါသည်။

ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာကလည်း သည်ကဲ့သို့တရားမျိုးကို နေရာများစွာတွင် ဟောခဲ့ပါသည်။ အခြားမဟုတ်ပါ။ 

ပစ္စုပ္ပန်တည့်တည့်တွင်သာ နေရေး ဖြစ်၏။ အတိတ်ကိုလည်း ပြန်မသွားနဲ့။ အနာဂတ်ကိုလည်း တွေးပြီး မပူပန်နဲ့။ ပစ္စုပ္ပန် တည့်တည့်တွင်သာ နေပါ ဟု ဟောခဲ့ပါသည်။

နောက်တစ်ခုက သူ မဟုတ်တာမလုပ်သည့်အတွက် မဟုတ်တန်းလျား စွပ်စွဲချက်ကို လက်မခံခြင်းဖြစ်သည်။

ဟက်ကူအင်ကို ကောင်မလေးမိဘများက လာရောက်စွပ်စွဲသည့်အခါ ဟက်ကူအင်က ဘာမှ ပြန်မပြော၊ တကယ်? ဟု တစ်လုံးတည်းသာ ရေရွတ်သည်ဟူ၏။ ဤ ‘တကယ်’ ကို ချဲ့လိုက်လျှင် ‘သြော်၊ ဟုတ်လား။ တကယ့်ကို။ ငါတောင်မှ မသိလိုက်ရပါလားကွယ်’ ဟု ဖြစ်ပါလိမ့်မည်။

ကောင်မလေးမိဘများကို သူ ပြန်ပြီး ရန်မတွေ့ပါ။ အဘယ်ကြောင့်နည်း။ ထိုစွပ်စွဲချက်ကို သူလက်ခံယူမထားလိုက်၍ ဖြစ်သည်။ အကယ်၍သာ သူက စွပ်စွဲချက်ကို လက်သင့်ခံလိုက်မည်ဆိုလျှင် မိန်းကလေးမိဘများနှင့် ဖက်ကာ ရန်ဖြစ်နေပေ လိမ့်မည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခါတစ်ပါး မြတ်စွာဘုရား ဆွမ်းခံကြွရာ၌ ပုဏ္ဏားကြီးတစ်ယောက်က သူ့ကိုအပြင်းအထန် ဆဲရေးတိုင်းထွာသည်။ မြတ်စွာ ဘုရားက ဘာမှ ပြန်မပြော။ ဆဲ၍မောသွားသည့်အခါမှ ပုဏ္ဏားကြီးက မေးသည်။

အသင် ဗုဒ္ဓ၊ အနို့ ငါ သည်လောက်ဆဲနေတာ တောင် နင်ကတော့ ဘယ်လိုမှ မနေပါလားဟယ်။

ပုဏ္ဏားကြီး၊ ငါတစ်ခု မေးပါရစေ။ အကယ်၍ ပုဏ္ဏားကြီးက ပစ္စည်းတစ်ခုပေးမယ်။ ငါကလက်မခံဘူးဆိုရင် အဲဒီပစ္စည်း ဘယ်သူ့ဆီမှာ ရှိမလဲ။

ဘယ်ရောက်ရမတုံး။ ငါ့ဆီမှာဘဲ ရှိမှာပေါ့လကွဲ့။

အဲဒီလိုပဲ၊ အခု ပုဏ္ဏားကြီးရဲ့ဆဲရေးတိုင်းထွာမှုတွေကို ငါက လက်သင့်မခံဘူး။ မယူဘူးလကွဲ့။ အဲသည်အတွက် အဲဒီဆဲရေး တိုင်းထွာမှုတွေဟာ ပုဏ္ဏားကြီး ထံမှာပဲ ရှိနေသေးတယ်။ ငါ့ဆီမှာရှိမနေတဲ့ အဲဒီဆဲရေးမှုတွေအတွက် ငါက ဘာကိစ္စ စိတ်ဆိုးရမတုံး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကလေးကိုလာပေးသည့်အခါ၌လည်း ဟဲ့၊ အဲဒီကလေးဟာ ငါနဲ့ဘာဆိုင်သလဲ ဟု ရန်မထောင်။ ဤကဲ့သို့ ရန်ထောင်မည် ဆိုပါက ရဟန်းကြီး၏ ဖြူစင်သန့်ရှင်းနေသော စိတ်တို့သည် ဒေါသတို့ဖြင့် ညစ်ထေးသွားပေလိမ့်မည်။ ယခုမူ လာပေးသည်ကို ယူထားရုံ ယူထားလိုက်သည်။ ဘာခံစားချက်မှမရှိ။ မွေးထိုက်လို့သာ မွေးရသည်ဟု ခံယူကာ ကလေးကို မွေးထားလိုက်သည်။
(ကျွန်တော်သာဆို ၀ါးရင်းတုတ်နဲ့လိုက်ရိုက်မှာပေါ့လဗျာ။)

အဘိဓမ္မာစကားဖြင့်ပြောရလျှင် ဤသည့်စိတ်ကို ကြိယာစိတ် ဟုခေါ်သည်။ မြင်လျှင်လည်း မြင်ကာမတ္တ၊ စားလျင်လည်း စားကာမတ္တ၊ ပြောလျင်လည်း ပြောကာမတ္တ။ မည်သည့်စိတ်ခံစားမှုမှမပါ။ “ဟင်းကလည်းကွာ၊ ငါ့လခွမ်း၊ ငံတူးနေတာပဲ။” “ဟယ်၊ ကောင်းလိုက်တဲ့ ဒူးရင်းသီးလေးတော့” စသည့် ကောင်း၊ မကောင်းစိတ်ခံစားချက် ဘာမှမပါ။

ဤနေရာသည် အဘိဓမ္မာသင်တန်းမဟုတ်မူ၍ သည်မျှနှင့် နှစ်သိမ့်တော်မူပါ။ ပိုမိုသိရှိလိုသူများ ဆရာအံ့ထူးနိုင်၏ အဘိဓမ္မာသင်တန်း သွားတက်ကြပါခင်ဗျား။ (သင်တန်းကြော်ငြာအတွက် ဆရာအံ့၊ ကျွန်တော့်ကို ကော်မရှင်ပေးရလိမ့်မနော။)

ကလေးကို လာတောင်းသည့်အခါတွင်လည်း “ဟင်၊ နင်တို့ဘဲ အမျိုးမျိုး၊ တတ်လည်းတတ်နိုင်ကြပါပေ့။ နင်တို့တော့လား။ ငါ့ကို အသားရေဖျက်မှုနဲ့ သံဃာ့မဟာနာယကမှာ (ဟုတ်ပေါင်) နေပြည်တော်တက် တရားစွဲမယ်” ဟု မဆို။ “တကယ်” ဟု ရေရွတ်ကာ ပြန်ပေးလိုက်သည်သာ ဖြစ်၏။ ဤ “တကယ်” ကို အဓိပ္ပာယ်ဖွင့်ရပါမူ “ဟုတ်လား။ တကယ့်ကို။ သြော်၊ ကလေးအဖေ ပြန်တွေ့တော့လည်း ကောင်းတာပေါ့။” ဟု ဖြစ်ပါလိမ့်မည်။ သူ့စိတ်ထဲတွင် “ငါကတော့ ဘုန်းကြီးတန်မဲ့နဲ့၊ ကလေးနို့မှုန့်ဝယ်ရ၊ နို့တိုက်ရ၊ ညကြီးသန်းခေါင် ထပြီး အနှီးလဲ ပေးရ။ အခုမှဘဲ သောက်ကျိုးနည်း” ဟု မတွေး။ သူ့ဖြူစင်နေသော စိတ်ကို ဒေါသ၊ အာဃာတတွေနှင့် မညစ်နွမ်းရလေအောင် ထိန်းထားသည်။

ကောင်းလေစွ၊ သာဓု၊ သာဓု၊ သာဓု။

(ကျွန်တော်ရေးထားတာသာ ဟက်ကူအင် ဖတ်မိမည်ဆိုပါက ‘တကယ်’ ဟု ရေရွတ်ဦးမည် ဖြစ်၏။ ဤ “တကယ်” မှာကား “ဟေ၊ တကယ့်ကို၊ နင်ပဲတွေး တွေးတတ်ပါ့။ ငါတောင် အဲသလောက်မတွေးမိဘူး” ဟု ဖြစ်ပါလိမ့်မည်။

စာရှုသူမိတ်ဆွေအပေါင်းလည်း -

ကိုယ့်ကို မဟုတ်တန်းလျား စွပ်စွဲလာလျှင် ဟက်ကုအင်ကို သတိရပါ။ သူပြောသလို “တကယ်” ဟု ပြောနိုင်အောင် ကြိုးစားကြည့်ပါ။ (ကျွန်တော်မပါဘူးနော့။ ကျွန်တော်က အကြံပေးရုံပေးတာ။ ကျွန်တော့်ကို မဟုတ်တာ လာပြောလို့ကတော့ ဟင်းဟင်းဟင်း။)

မိတ်ဆွေအပေါင်း ရန်သူမျိုး သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ။
(ရန်သူမျိုးသုံးပါး = ရေ၊ မီး၊ မင်း
မှတ်ချက်။           ။ မင်း၊ သူခိုး နှင့် မချစ်မနှစ်သက်သူ ဟူသော ရန်သူမျိုးသုံးပါးမှာ ကျွန်ုပ်တို့တိုင်းပြည်၌ အတူတူပင်ဖြစ်နေ၍ “မင်း” ဟု တစ်ပါးတည်း၌ ပေါင်းကာ ရေတွက်လိုက်ခြင်းဖြစ်ပါသည်။ ဤကား စကားချပ်)

အေးငြိမ်း

၂၆၊ ၇၊ ၂၀၁၄။ ည ၈း၄၀ နာရီ