ရေးစရာများအမြောက်အများရှိနေသောကြောင့် တခြားအကြောင်းအရာများကို
ကျွန်တော် သိပ်ရေးလေ့မရှိပါ။ သတင်းများကို စုထားပြီး နောက်အားသည့်အချိန်များမှ ရေးရန်ဖြစ်၏။
သို့သော် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက် နံက် ၆း၂၀ နာရီက ရန်ကုန်မှ မန္တလေးသို့ထွက်ခွာလာသော
မန်းရွှေမြို့တော်ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပြီး ခရီးသည် ၁၁ ဦးသေ၊ ၁၃ ဦး
ဒဏ်ရာရသည့် ဖြစ်စဉ်တွင် ဖေ့စ်ဘွတ်ပေါ်၌ ရေးကြသားကြ၊ အပြန်အလှန်လက်ညှိုးထိုးကြ၊ ပြစ်တင်
ကြိမ်းမောင်းကြ ဖြစ်နေ သဖြင့် လက်ယားလာသောကြောင့် ရေးလိုက်ခြင်းဖြစ်ပါသည်။
လောကတွင် မည်သည့်ကိစ္စမဆို အကြောင်းရင်းတစ်ခုတည်းနှင့် မဖြစ်နိုင်။
အကြောင်းပေါင်းများစွာ တိုက်ဆိုင်လာသည့် အခါမှ ထိုကိစ္စကြီး ဖြစ်လာရလေသည်။ ဤကဲ့သို့ဖြစ်လာသည့်အခါ
ဟိုလူ့လွှဲချ၊ သည်လူ့လက်ညှိုးထိုးဖြင့် တစ်ဦးနှင့်တစ်ဦး အပြစ်ရှာသည့်နည်းလမ်းများကား
ပြဿနာကို ဖြေရှင်းလို့ရနိုင်သည့် အရာများမဟုတ် ဆိုသည်ကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက်ထားရန်လို၏။
ကျွန်တော်တို့လုပ်ရမည်မှာ အကြောင်းရင်း (Root cause) ကိုရှာရန်
ဖြစ်၏။
ယခု သည်ကားမှောက်သည့်ကိစ္စတွင်
ကွန်ကရိလမ်းကို အပြစ်ပုံချနေကြတာ တွေ့ရပါသည်။ သည်ကိစ္စကို ကျွန်တော် ၀င်စွက်လို၍ မဟုတ်ပါ။
ဖြစ်ရပ်မှန်အား ဘယ်လိုဖြေရှင်းရမည် ဆိုသည်ကို အနည်းငယ်မျှ ပြောလို၍ ဖြစ်ပါသည်။ ကျွန်တော်တို့
ကိုယ်ပိုင်ဦးဏှောက်သုံး၍ စဉ်းစားကြည့်ကြပါခင်ဗျား။
ကားမှောက်ရခြင်းတွင်
အကြောင်းအချက်များစွာ ပါဝင်ပတ်သက်နေ၏။
၁။ လမ်းမကောင်းသောကြောင့်လည်း
ဖြစ်နိုင်သည်။
၂။ ကားမကောင်းသောကြောင့်လည်း
ဖြစ်နိုင်သည်။
၃။ ကားမောင်းသူ၏ ချို့ယွင်းချက်ကြောင့်လည်း
ဖြစ်နိုင်သည်။
၎။ ရာသီဥတု မကောင်းလျှင်လည်း
ဖြစ်နိုင်သည်။
၅။ မိမိပတ်ဝန်းကျင်အခြေအနေ
(ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ လမ်းသွားလမ်းလာ၊ လမ်းပေါ်တွင် စည်းမဲ့ကမ်းမဲ့ ရပ်ထားသောယာဉ်၊
အခြားမှ ဖြတ်ဝင်လာသောယာဉ်၊ ဖြတ်ပြေးသွားသည့် ခွေး၊ ကြောင်၊ နွား၊ ၀က်၊ ကလေး စသည်)
၆။ ယာဉ်မောင်း၏ ဗဟုသုတနှင့်
လမ်းပိုင်းတွင် အကျွမ်းတ၀င်ဖြစ်မှု
၇။ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း လိုက်နာမှု - - - - စသည် စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။
သည်ကိစ္စ၏ အဓိကလက်သည်မှာ
လူ့အသက်တစ်ချောင်းကို တန်ဖိုးမထားတတ်ခြင်းတည်းဟူသော အကြောင်း ဖြစ်ပါသည်။ ဤသည်မှာ သည်ယာဉ်မောင်း၏
တွေးတတ်ခေါ်တတ်သည့် ဆင်ခြင်တုံတရားပေါ်မူတည်ပါသည်။ အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးချေးသုတ်
မရမ်းလိုသော်လည်း ကျွန်တော်တို့ဆီမှ ယာဉ်မောင်းများ၏ စိတ်ဓါတ်နှင့် အပြုအမူများမှာမူ
လွန်စွာ စိတ်ပျက်ဖွယ်ဖြစ်ပါသည်။
ရန်ကုန်မှ ဘတ်စ်ကားမောင်းသူနှင့်
ယာဉ်နောက်လိုက်များကိုမူ မပြောလိုတော့ပါ။ ကမ်းကုန်နေသောကြောင့် ဖြစ်၏။ ယခင်တစ်ခေါက်
မြန်မာပြည်ပြန်စဉ်က ဟောပြောပွဲကိစ္စများဖြင့် အထက်မြန်မာပြည်သို့ ကျွန်တော်သွားပါသည်။
အမျိုးသမီး၏ အဒေါ်များက ပါဂျဲရိုးတစ်စီးနှင့် ကားမောင်းသူတစ်ယောက် ထည့်ပေးလိုက်၏။ ကျွန်တော်
ခရီးစမထွက်မီကတည်းက ကားမောင်းသူကို ပြောထားပါသည်။ ငါတို့အချိန်ယူပြီးသွားမယ်။ လမ်းမှာ
အသည်းအသန်မောင်းစရာမလိုဘူး။ ပုံမှန် ဖြည်းဖြည်းပဲမောင်းပါ ဟု မှာထား၏။ သို့တိုင် အဝေးပြေးလမ်းမကြီးပေါ်
ရောက်သည့်အခါ မောင်မင်းကြီးသားက လမ်းကလည်း ကောင်း၊ ရှင်းလည်းရှင်းနေသဖြင့် ကီလို ၁၃၀
လောက် မောင်းပါသည်။ ကျွန်တော်က ကိုမျိုး၊ ဘာမှ အရင်လိုစရာမရှိဘူး။ အရှိန်ကို လျှော့ထား။
ကီလို ၁၀၀ ဆိုတော်ပြီ ဟု ဘေးနားမှ တတွတ်တွတ်ပြောနေရသည်။ ပြောလိုက်သည့်ခဏတွင် အရှိန်လျှော့လိုက်သော်လည်း
၁၀ မိနစ်မကြာမီ ကီလို ၁၃၀ ပြန်ဖြစ်သွား၏။ သည်လိုနှင့် သူက တိုးလိုက် ကျွန်တော်က လျှော့ခိုင်းလိုက်နှင့်ပင်
နေပြည်တော် ရောက်ခဲ့ရတာ ဖြစ်၏။ အထူးသဖြင့် အကွေ့များတွင် ကျွန်တော်က သူ့ကို ကီလို ၈၀
ထိ လျှော့ချခိုင်းပါသည်။ ကောင်လေးမှာ အင်တင်တင်။
သိပ်မကြာမီကာလများက
(မနှစ်ကထင်ပါသည်။ ရက်စွဲကို အတိအကျမမှတ်မိတော့ပါ။) ရန်ကုန် - နေပြည်တော် အမြန်လမ်းမ
၌ မိသားစုလေးယောက် ကားမှောက်ကာ အားလုံးပွဲချင်းပြီးသေခဲ့သည့် သတင်းကို မိတ်ဆွေတို့
မှတ်မိပါဦးမည်။ ၎င်းတို့မှာ အခြားသူမဟုတ်။ ကျွန်တော်နှင့် အလွန်အင်မတန်ရင်းနှီးသည့် သူငယ်ချင်း
မိသားစုဖြစ်ပါသည်။ ကျွန်တော်တို့ ဒေသကောလိပ် အတူတက်ခဲ့၊ စက်မှုတက္ကသိုလ် အတူတက်ခဲ့၊ စခဲ့နောက်ခဲ့ကြသည့်
သူငယ်ချင်းဖြစ်၏။ စင်ကာပူမှာတောင် NUS ကို အတူသွားတက်ရန် တိုင်ပင်ခဲ့ကြသေးသည်။
သူငယ်ချင်းတစ်ယောက်
ပြန်ပြောပြတာ ကြားရသည်မှာ ကားမမှောက်မီ မြို့တစ်မြို့၌ သူ့သူငယ်ချင်းများနှင့်အတူ လဖက်ရည်
သောက်ခဲ့ကြစဉ် သူ့သားက အဖေ့ကားစီးရတာ လေယာဉ်ပျံစီးရတာ ကျနေတာပဲ ဟု ပြောသည်ဟု ဆိုပါသည်။
သို့ဆိုလျှင် သူ့ကားအမြန်နှုန်းမှာ ကီလို ၁၅၀ ထိရှိနိုင်ပါလိမ့်မည်။
သည်အမြန်လမ်းတွင်
ကားမှောက်ရတာ လမ်းကြောင့်ပါဟု အပြစ်တင်လိုသူများ အောက်ပါဓါတ်ပုံကို ကြည့်ပါ။
စင်ကာပူမြို့လည်ခေါင်
ရော်ချာ နှင့် ဗစ်တိုးရီးယားလမ်းဆုံတွင် ၂၀၁၂၊ မေလ ၁၂ ရက်နေ့က တိုက်ခဲ့ပြီး လူ ၃ ယောက်
သေခဲ့သည့် ကားတိုက်မှု ဖြစ်၏။ ကားက တစ်နှစ်ကို အစီးရေ ၇၀၀၀ ပဲထုတ်သည့် နာမည်ကြီး ဖာရာရီ။
အမေရိကန်ဒေါ်လာ ၁.၄ သန်း တန်၏။ ကားမောင်းသူ က မြောက်ကြွမြောက်ကြွ တရုတ်လူငယ်။ အသက်က
၃၀။ မီးနီတော့မည့် ဆဲဆဲ အတင်းဖြတ်မောင်းသောကြောင့် တစ်ဖက်မှ လာသည့် တက္ကစီနှင့် ဆိုင်ကယ်ကို
ဝင်အောင်းတာဖြစ်သည်။ ဤသည်မှာ လမ်းမကောင်းသောကြောင့် ဖြစ်ပါသလော။
ဖွံ့ဖြိုးပြီးနိုင်ငံများရော၊
မဖွံ့ဖြိုးသေးသည့်နိုင်ငံများတွင်ပါ ကမ္ဘာတစ်လွှား ကားမှောက်သည့် ဖြစ်ရပ်များမှာ မရေတွက်နိုင်ပါ။
သို့သော် ထိုကားမှောက်သည့် ဖြစ်ရပ်အားလုံးကို လမ်းကြောင့်ဟု မဆိုနိုင်ပါ။
အထက်တွင်ဆိုခဲ့သလို
ကားမှောက်ခြင်းတွင် အကြောင်းတစ်ခုတည်းမဟုတ်။ အကြောင်းများစွာ ပါဝင်ပတ်သက်နေသည် ဖြစ်ရာ
ကားမမှောက်အောင် အတတ်နိုင်ဆုံး ထိန်းနိုင်တာ တစ်ချက်သာ ရှိပါသည်။
ဤအချက်ကား အရေးကြီးဆုံး
“လူ” ပင် ဖြစ်တော့၏။
လမ်း - ကျွန်တော်တို့
ဘာလုပ်လို့ရပါမည်နည်း။
ရာသီဥတု - ဘာမှလုပ်လို့မရ။
သူ့ဟာသူ မိုးရွာချင်ရွာမည်။ မုန်တိုင်းတိုက်ချင်တိုက်မည်။
ဘေးမှဝင်လာသည့် ခွေး၊
ကြောင်၊ လူ၊ အခြားကား - ကျွန်တော်တို့ ထိန်းလို့ရပါမည်လား။ နိုး၊ ဝေးပါသေးရဲ့။
သည်တော့ ကျွန်တော်တို့လုပ်လို့ရတာ
နည်းနည်းပဲကျန်သည်။
၁။ ခရီးမထွက်မီ အထူးသဖြင့်
ခရီးရှည်မသွားမီ မိမိကားကို ကျကျနနစစ်ပါ။ အင်ဂျင်၊ ကားဘော်ဒီ၊ တာရာ၊ လေ စသည်။ မကောင်းလျှင်
ဇွတ်မမှိတ်ပါနှင့်။ မကောင်းတာကို သိသိကြီးနှင့် ဇွတ်မှိတ်မည်ဆိုပါက သင်သည် သေမင်းနှင့်
အလောင်းအစားလုပ်ခြင်းဖြစ်ကြောင်း သတိရပါလေ။
မြင်းခွာသံမှိုတစ်ချောင်းကြောင့်
တစ်မြို့လုံးစစ်ပွဲတွင်ကျခဲ့ရသည်ကို သတိရပါ။ (ဘယ်လိုကျတာလဲ မသိသေးသူများ၊ သိသူကို ရှာပြီးမေးပါ။
၂။ ခရီးထွက်မည်ဆိုလျှင်
မိမိသည် ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းနေရမည်။ အိပ်ရေးဝ ရမည်။ ကျန်းမာရေး မကောင်းလျှင်
ခရီးမထွက်ပါနှင့်။ အဲလေ ကားမမောင်းပါနှင့်။
၃။ ကားပေါ်တွင်ပါလာသည့်သူအားလုံး၏
အသက်သည် မိမိလက်အတွင်း၌ ရှိနေသည်ကို အမြဲသတိချပ်ပါ။
၎။ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းကို လိုက်နာပါ။
၅။ မိမိသွားရမည့်ခရီးကို
မကျွမ်းကျင်ပါက ရောက်ဖူးသူများအား ကြိုတင်စုံစမ်းမေးမြန်းထားပါ။ မည်သည့်နေရာတွင် တစ်တောင်ဆစ်ချိုးကွေ့ရှိသည်။
မည်သည့်နေရာတွင် ချိုင့်ကြီးဖြစ်နေသည်၊ မည်သည့်နေရာကတော့ အလွန်မတ်စောက်သည်၊ မည်သည့်နေရာတွင်
နွားများလမ်းဖြတ်ကူးတတ်သည် စသည်ဖြင့်။
မန်းရွှေမြို့တော်၌လိုက်ပါလာသူ
ဦးဇင်းတစ်ပါးပြောပြချက်အရ "ကားက ည ၈ နာရီခွဲမှာ စထွက်တာ၊ စထွက်ပြီး
သိပ်မကြာဘူး အမှတ် ၃ လမ်းမကြီးကို မရောက်ခင်ကတည်းက နှစ်ကြိမ်လောက် ပျက်သေးတယ်။
အဲဒီက ဆက်မောင်းလာပြီး လမ်းမှာထမင်းစားနားတဲ့ အချိန်မှာ သူတို့ကားကို ပြင်နေတာတွေ့တယ်။
ဦးဇင်းလည်း ကားပေါ်တက်ခါနီး ကားဘီးကို ကြည့်လိုက်တော့ ကားဘီးက ကွဲနေတာတွေ့တယ်။
တာယာကကွဲနေတာ အခုမှောက်တဲ့နေရာရောက်တော့ ကားက ဘီးပေါက်တာလား ဘာလားမသိဘူး၊
ဟိုဘက်ယိမ်း ဒီဘက်ယိမ်း ဖြစ်ပြီးတော့မှ ချောက်ထဲကို ထိုးကျသွားတာ။” ဟု ဆိုပါသည်။
ဦးဇင်းပြောသလိုဆို
၁၂၅ မိုင်လောက်ကို ဆယ်နာရီနီးပါးလောက် (ည ၈နာရီခွဲမှ မနက် ၆နာရီခွဲခါနီးထိ)
ကြာသည်ဆိုတော့ တစ်ခုခု လွဲနေပြီ။
နောက်ပြီး လမ်းမှာကားနှစ်ခါပျက်သည်ဆိုတော့ ခရီးမထွက်မီ ကားကို လုံးဝမစစ်တာ
သို့မဟုတ် စစ်၍ ပျက်နေတာတွေ့လျှင်တောင်မှ မပြင်ဘဲ သည်အတိုင်းထွက်လာတာ သေချာလှပါ၏။
ကားတာယာမကောင်းတာကို ကားသမားများ သေချာပေါက် သိပါလိမ့်မည်။ သိသိကြီးနှင့်
မျက်စိမှိတ် မိုက်မဲတာသာ ဖြစ်၏။ သည်တာယာတစ်လုံးလဲလျှင် မည်မျှကျသင့်မည်နည်း။
လမ်းမှာတာယာဆိုင်မရှိလျှင်တောင် သိပ်မဝေးလှသောရန်ကုန်ကို ပြန်ဝယ်နိုင်ပါသည်။
ယခုတော့ သူတို့
ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ လူ့အသက်များကို မနှမျောတတ်မှုတို့ကြောင့် အပြစ်မရှိသော
ခရီးသည် ၁၁ ဦး သေရပြီ။ ခြေကျိုးလက်ကျိုး၊ ဒုက္ခိတဘယ်နှစ်ဦးဖြစ်ဦးမည်မသိ။
မိတ်ဆွေ
သင်စဉ်းစားကြည့်ပါ။ ဤ ၁၁ ဦးထဲ၌ သင့် မိဘ၊ မောင်ဘွားများပါသည်ဆိုလျှင် အသင်
မည်သို့ခံစားရပါမည်နည်း။ လူဟူသည် မည်သူဖြစ်စေ၊ မည်သည့်အဆင့်အတန်းဖြစ်စေ၊
မည်မျှနုံချာနေသူဖြစ်စေ သူ့ဟာနှင့်သူ တန်ဘိုးရှိကြတာချည်း၊ အခြားသူများအတွက်
တန်ဘိုးမရှိစေကာမူ သူ့မိသားစုအတွက်တော့ တန်ဘိုးရှိသူချည်းဖြစ်၏။
အရေးကြီးသည်မှာ စိတ်ရှည်သည်းခံဘို့ ဖြစ်ပါသည်။
ကျွန်တော်တို့လူများသည် အဘယ်ကြောင့် စိတ်မရှည်ကြပါသနည်း။
အဘယ်ကဲ့သို့သော သေလောင်းပျောက်ဝ ကိစ္စများ ရှိနေသဖြင့် သည်မျှ အလျင်လိုနေရပါသနည်း။ မိမိရှေ့မှ
ကားဖြစ်စေ၊ ဆိုက္ကားဖြစ်စေ ပိတ်နေလျှင် ဟွန်းကို အသားကုန် တီးကာ ဆဲဆို၊ ဆူပူကြိမ်းမောင်းနေလိုက်သည်မှာ
မကြားဝံ့မနာသာ။ ကိုယ့်နောက်က လိုက်လာသည့်ကား၊ ကိုယ့်ကို ကျော်တက်သွားတော့ရော ဘာဖြစ်သွားပါမည်နည်း။
ကျွန်ုပ်တို့က ကားမောင်းပြိုင်ပွဲ ၀င်နေတာမို့လို့လား။ အဖိုးကြီး၊ အဖွားကြီး များ ကားပေါ်မှ
တုန်ချည့်တုန်ချည့်ဆင်းနေသည်ကို စိတ်မရှည်နိုင်။ အတင်းတွန်းချ။ ကားပေါ်တက်လာသူများကိုလည်း
မိန်းကလေးလား၊ ဘာလားနားမလည် အတင်းဆွဲတင်။ ရပ်တော့လည်းအတင်း ဘရိတ်အုပ်ရပ်။ ထွက်တော့
အတင်း ဆောင့်ထွက်။ မိမိဘေးမှာ ဘာရှိနေသလဲ မကြည့်။ အတင်းကျော်တက်။ ရှေ့ကားကို အတင်းပိတ်ရပ်။
လမ်းနှင့်ကားကို ပြင်ရတာ လွယ်ပါသည်။ ပြင်ရမည်မှာ လမ်းကိုလည်းမဟုတ်ပါ။
ကားကိုလည်းမဟုတ်ပါ။ ယခုအရေးတကြီး ပြင်ရမည်မှာ ချုံးချုံးကျ၊ ယိုယွင်းပျက်စီးနေသော ကျွန်ုပ်တို့၏
အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံများ ဖြစ်ပါသည်။
အကျွန်ုပ်တို့၏ အကျင့်စရိုက်၊ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံ၊
ပြောပုံဆိုပုံများ ပြောင်းလဲ ကောင်းမွန်လာပြီဆိုလျှင် ကွန်ကရိလမ်းသည်လည်း ကွန်ကရိလမ်းနှင့်တူတူတန်တန်၊
ကားသည်လည်း ကားနှင့်တူတူတန်တန်၊ ဒရိုင်ဘာလည်း ဒရိုင်ဘာနှင့် တူတူတန်တန်။ မြန်မာနိုင်ငံသည်လည်း
တူတူတန်တန် မြန်မာနိုင်ငံ ဖြစ်လာပါလိမ့်မည်ဟု -
တစ်ထစ်ချ ကျွန်ုပ်ပြောလိုက်ပါသတည်း။
အေးငြိမ်း
၂၈၊ မေ ၂၀၁၃ ညနေ ၄း၁၄ နာရီ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကားတာယာအကြောင်း စာအုပ်
ကျွန်တော်တို့သူငယ်ချင်း မိသားတစ်စုလုံး ကားမှောက်သေဆုံးသွားရတာ
ကျွန်တော်တို့အားလုံး စိတ်မကောင်းပါ။ ထို့ကြောင့် ကားမှောက်ရာတွင် အဓိက အကြောင်းတစ်ချက်ဖြစ်သော
ကားတာယာအကြောင်းစာအုပ်ကို ရေးကာ ထုတ်ဝေလိုက်ပါသည်။ ထိုစာအုပ်တွင် ကားတာယာနှင့်ပတ်သက်၍
မည်ကဲ့သို့ ဂရုတစိုက် ထိန်းသိမ်းရမည်ဆိုသည့်အကြောင်း အပြည့်အစုံပါပါသည်။ သို့သော် စိတ်မကောင်းစရာမှာ
ရန်ကုန်မြို့တွင် ကားများ သွားစရာပင်နေရာမရှိလောက်အောင် ကြပ်ညပ်နေစေကာမူ ကျွန်တော့်
ကားတာယာစာအုပ်မှာ ပြောပလောက်အောင် မရောင်းရပါ။
စိတ်ဝင်စားသူများ ကျွန်တော့်ဘလော့တွင် ဖတ်နိုင်ပါသည်။
စင်ကာပူမှာတော့ မရှိတော့ပါ။
ရန်ကုန်မှလူများ ဆိုင်များတွင် ရှာဖွေဝယ်နိုင်ပါသည်။
အေးငြိမ်း
၂၈၊ မေ ၂၀၁၃