စာတမ်းအနှစ်ချုပ်
မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ၏ အခန်းကဏ္ဍသည် ရောဂါကုသရေး၊ တားဆီးကာကွယ်ရေးတို့နှင့် ယှဉ်တွဲ၍အရေးကြီးသည်။ လက်ရှိမြန်မာနိုင်ငံ၏ အနောက်တိုင်းဆေးဝါးများ ရောင်းချမှုတွင် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းချုပ်ကွပ်ကဲမှု အားနည်းနေ သေးသည်ကို တွေ့ရှိရသည်။ ဆရာဝန် (သို့) ကျန်းမာရေးမှူး (သို့) သူနာပြု များမှညွှန်ကြားသော ဆေးစာနှင့် ၀ယ်ယူသင့်သော ဆေးဝါးများကို မြန်မာနိုင်ငံအနှံ့ နေရာတိုင်းတွင် ဆေးစာမလိုဘဲ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်ကိုတွေ့မြင်နေကြရသည်။
ယင်းဆေးဝါးများထဲတွင် ပဋိဇီဝဆေးဝါးများ၊ ဆီးချို သွေးတိုး နှလုံး ကင်ဆာစသည့်ရောဂါများ ကုသရာတွင်သုံးသော နာတာရှည်ရောဂါသုံး ဆေးဝါးများ၊ အချို့သော အကိုက်အခဲပျောက်ဆေးအုပ်စုများ၊ စိတ်ရောဂါသုံးဆေးဝါးများ ပါဝင်နေသည်။ သို့ဖြစ်၍ ဤစာတမ်းတွင် ယင်းကဲ့သို့ ဆေးဆိုင်များမှ ဆေးစာ (လိုအပ်သော်လည်း) မပါဘဲ ၀ယ်ယူ၍ရရှိနေသော ဆေးဝါးများ၏အန္တရာယ်နှင့်တကွ ယင်းကဲ့သို့ရောင်းချမှုကို ထိန်းချုပ်ကွပ်ကဲ သင့်ကြောင်းနှင့် မည်သို့မည်ပုံ ထိန်းချုပ်ကွပ်ကဲနိုင်သည့် အကြံပေးနည်းလမ်းများကို လက်ရှိ
မြန်မာနိုင်ငံတွင် ပြဌာန်းထားသော မူဝါဒများ၊ ဆေးဝါးကွပ်ကဲရေးဥပဒေများကို အခြေခံ၍ အကြံပြု တင်ပြထားသည်။
၁၉၉၂ ခုနှစ်
မြန်မာနိုင်ငံ အမျိုးသားဆေးဥပဒေ (The National Drug Law 1992) အရ ပြဌာန်းထားသော ဆေးဝါးရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်း ကွပ်ကဲရေးတွင်
ဆရာဝန်ဆေးစာနှင့်ဆေးရောင်းချခွင့်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ပြဌာန်းထားချက်မတွေ့ရှိရပါ။
အန္တရာယ် ရှိဆေးဝါးများ ကွပ်ကဲရေးအတွက် အမျိုးအစားခွဲခြားသော နောက်ဆက်တွဲဇယားလည်းမပါရှိပါ။
ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရသော ဆေးဝါးများကို ဆရာဝန်၊ ဆေးရုံ၊ ဆေးပေးခန်းများသို့ မသွားဘဲ ဆေးဆိုင်များမှ အလွယ်တကူ ၀ယ်သောက်ကြခြင်းမှာ လွန်စွာ အန္တရာယ်ကြီးသော ကျန်းမာရေးအပြုအမူဖြစ်သည်။ ဤပြဿနာ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော ဆေးယဉ်ပါးရောဂါများပိုမိုဖြစ်ပွားလာခြင်း၊ ဆရာဝန်၊ ဆေးခန်း မပြဘဲ မိမိသဘောဆန္ဒဖြင့် ဆေးကုသခြင်း၊ ဆေးမှားသောက်ခြင်း၊ ရောဂါကု ဆေးဝါးများကို အလွဲသုံးစားပြုခြင်းစသည်တို့သည် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ဆေးဝါးဈေးကွက်တွင် ရောင်းချနေသော အနောက်တိုင်းဆေးဝါးများကို ဆေးစာပါမှ ရောင်းချခွင့်ရှိသောဆေး၊ ဆေးဝါးကျွမ်းကျင်၏ထောက်ခံချက် (သို့) လိုင်စင်ရဆေးဆိုင်များတွင်သာ ရောင်းချခွင့်ရှိသောဆေး၊ ဆေးစာမလိုအပ်ဘဲ မိမိစိတ်ကြိုက်လွပ်လတ်စွာ ၀ယ်ယူနိုင်သောဆေး ဟူ၍ စနစ်တကျ အမျိုးအစားခွဲသတ်မှတ်ထားခြင်းမျိုးမရှိပါ။
သို့ဖြစ်၍ အနောက်တိုင်း
ဆေးဝါးများရောင်းချမှုနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ရှိ
ဆေးဝါးကွပ်ကဲရေး အဖွဲ့များ ကျင့်သုံးနေသော မူဝါဒများ၊ စနစ်များ၊ ဥပဒေများ လေ့လာစမ်းစစ်ကာ
မြန်မာနိုင်ငံ၌ ချမှတ်အကောင်အထည်ဖော်သင့်သောမူဝါဒများ၊ ပြဌာန်းသင့်သော ဥပဒေများနှင့်
လက်တွေ့အကောင်အထည်ဖော်သင့်သောလုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးထားပါသည်။
အဓိကအားဖြင့် အနောက်တိုင်းဆေးဝါးများ အထိန်းအကွပ်မဲ့ရောင်းချခွင့်ရှိနေခြင်းကို
ဥပဒေပြဌာန်း၍ ထိန်းချုပ်ရန်၊ ပဋိဇီဝဆေးဝါး၊ နာတာရှည်ရောဂါကုဆေးဝါး၊ ဟော်မုန်းဆေးဝါးများနှင့်
တားမြစ်ဓာတုဆေးပါဝင်သော အကိုက်အခဲပျောက်ဆေး/ချောင်းဆိုးပျောက်ဆေး စသည့်ဆေးဝါးများကို
ဆရာဝန်ဆေးစာနှင့်သာ ရောင်းဝယ်နိုင်ရန် ဥပဒေပြဌာန်းရန် တို့ကိုဦးစားပေး အကြံပြုဆွေးနွေးထားပါသည်။
၁။ နိဒါန်း
ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ကျန်းမာရေးကဏ္ဍ၌ ပြည်သူ့ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ခြင်းသည်လည်း အရေးကြီးသော လုပ်ငန်းစဉ်အဖြစ် ပါဝင်လျက်ရှိသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အဓိကလိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော အနောက်တိုင်းဆေးဝါး များအား ဆေးစာမပါဘဲ လွတ်လပ်စွာ ရောင်းဝယ်နေခြင်း (Over-the-counter sales of
western pharmaceuticals) ကိုစနစ်တကျ ထိန်းချုပ်ကွပ်ကဲ သင့်ကြောင်းနှင့်ပတ်သက်၍ ဤစာတမ်းတွင် ဆွေးနွေးတင်ပြမည် ဖြစ်ပါသည်။
၂။ နောက်ခံအကြောင်းအရာ
၁၉၉၂ ခုနှစ်တွင်
မြန်မာနိုင်ငံ အမျိုးသားဆေးဥပဒေ (The National Drug Law 1992) ကိုပြဌာန်းခဲ့ပြီး မြန်မာနိုင်ငံ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို ဖွဲ့စည်းခဲ့သည်။[i]
၎င်းဥပဒေတွင် ဆေးဝါးရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို ကွပ်ကဲရန် ပြဌာန်းချက်များချမှတ်ထားသော်လည်း
ဆရာဝန်ဆေးစာနှင့်ဆေးရောင်းချခွင့်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ပြဌာန်းထားချက်မတွေ့ရှိရပါ။
အန္တရာယ် ရှိဆေးဝါးများ ကွပ်ကဲရေးအတွက် အမျိုးအစားခွဲခြားသော နောက်ဆက်တွဲဇယားလည်းမပါရှိပါ။
ဘင်ဇိုဒိုင်ရာဇီပင် (Benzodiazepine)၊ မော်ဖိန်း (Morphine) စသည့် အိပ်ဆေး နှင့် မူးယစ်ဆေးဝါးအဖြစ် အလွဲသုံးစားပြုနိုင်သော ဆေးဝါးများကိုသာ “ဆေးလက်မှတ်မပါ မရောင်းရ” ဟုတားမြစ်ထားခြင်းရှိပြီး ယင်းဆေးများမှာလည်း တင်းကျပ်သော ထိန်းချုပ်ကွပ်ကဲမှုမရှိသဖြင့်
အချို့သောဆေးဆိုင်များတွင် လက်သိပ်ထိုး ရောင်းချမှုများရှိနေသည်ကိုလည်း တွေ့ရှိရသည်။
အခြားသော အနောက်တိုင်းဆေးများမှာမူ ဆေးစာပြမှ ၀ယ်ယူခွင့်ရှိသောဆေး၊ ဆေးစာမလိုဘဲ လွတ်လပ်စွာ
ဝယ်ယူခွင့်ရှိသောဆေး စသည်ဖြင့် စနစ်တကျခွဲခြား ကွပ်ကဲခြင်းမျိုးမရှိသည်ကို တွေ့ရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ
အနောက်တိုင်းဆေးများရောင်းချနေသော ဆေးဆိုင်အများစုမှာ နားလည်တတ်ကျွမ်းသော ဆေးဝါးကျွမ်းကျင်
(Pharmacists) များမှစီမံခန့်ခွဲ ရောင်းချနေခြင်းမဟုတ်ဘဲ တတ်ကျွမ်းနားလည်မှုမရှိသူများမှ
ရောင်းချနေသည်ကို တွေ့ရှိရသည်။
၃။ ပြဿနာ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
၃.၁။ တတ်ကျွမ်းနားလည်မှုမရှိဘဲ
မိမိဘာသာဆေးကုသခြင်း (Self-medication)
အနောက်တိုင်းဆေးများကို
ဆေးစာ သို့မဟုတ် ဆေးလက်မှတ်မပါဘဲ အလွယ်တကူ ၀ယ်ယူ၍ရနေသောကြောင့် ပြည်သူတို့သည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်
ဆရာဝန် သို့မဟုတ် ကျန်းမာရေးဆေးမှူး၊ သူနာပြု စသည်ရှိရာ ဆေးရုံ၊ဆေးခန်းများသို့ မသွားကြတော့ဘဲ
လွယ်လင့်တကူဝယ်ယူရရှိသော ဆေးဝါးများကို မိမိတို့ တတ်သလောက် မှတ်သလောက်ဝယ်သောက်ကြ၍ မိမိတို့ဘာသာ
ကုသကြလေသည်။ အချို့က (ဆေးဝါးကျွမ်းကျင်မဟုတ်သော) ဆေးရောင်းသူမှ ညွှန်ကြားအကြံပြုသော
ဆေးကိုဝယ်သောက်ကြသည်။ နားလည်တတ်ကျွမ်းထံ ကုသမှုမခံယူဘဲ မိမိတို့ဘာသာဆေးကုသခြင်း
(Self-medication) သည် လွန်စွာမှ အန္တရာယ်ကြီးမားသော ကျန်းမာရေးဆိုင်ရာ အပြုအမူတစ်ခုဖြစ်ပါသည်။
၃.၂။ ဆေးယဉ်ပါးမှု ပြဿနာ
(Drug-resistant infections)
ပဋိဇီဝဆေးဝါး
(Antibiotics) များကို ဆေးစာမလိုဘဲ ၀ယ်ယူရရှိနေခြင်းမှာလည်း အနာဂတ်မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးအတွက်
အလွန်အင်မတန် ပြင်းထန်သော ဆိုးကျိုးများသက်ရောက်စေပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဖွင့်လှစ်ထားသော
ပုဂ္ဂလိကဆေးဆိုင်မှစ၍ မြို့တိုင်းရှိ ပုဂ္ဂလိကဆေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊
ကျေးလက်ဒေသများရှိ အိမ်ဆိုင်ငယ်လေးများအထိ ဆေးရောင်းရာဆိုင်တိုင်းတွင် အများသုံး ပဋိဇီဝဆေးဝါးများကို
အထိန်းအကွပ်မဲ့ ရောင်းချနေကြသည်။ ဥပမာ အမောက်စေးလ် (Amoxicillin)၊ မက်ထရို
(Metronidazole)၊ စီဖရန် (Ciprofloxacin) စသည့် ပဋိဇီဝဆေးများ ကိုအိမ်သုံးဆေးဝါးသဖွယ်
သဘောထား၍ အလွယ်တကူ ၀ယ်ယူသောက်သုံးနေကြသည်။
ပဋိဇီဝဆေးဆိုသည်မှာ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ
သောက်သုံးသင့်သောဆေးဖြစ်သည်။ ရောဂါနှင့် မလျော်ကန်သော ဆေးအမျိုးအစား၊ လုံလောက်သော ဆေးအတိုင်းအဆပမာဏ၊
ဆေး၏ဘေးထွက်ဆိုးကျိုးစသည့် အကျိုးအပြစ်များကို နားမလည်ဘဲ မိမိဆန္ဒအလျှောက် ဆေးဆိုင်မှ
ဝယ်ယူသောက်သုံးနေကြသည်။ ထို့ပြင် မှန်ကန်သော ပမာဏကို ဆေးပတ်လည်အောင် မသောက်ဘဲ မိမိတို့သဘောနှင့်
ဆေးရပ်ပစ်ခြင်း၊ ဆေးပမာဏလျှော့သောက်ခြင်းတို့သည် ပဋိဇီဝဆေးသုံးစွဲမူ၏ အဓိကအန္တရာယ်အကြီးဆုံး
အချက်ဖြစ်သည့် ရောဂါပိုးများ ဆေးယဉ်ပါးမှုပြဿနာကို ဖြစ်စေပါသည်။
ဆေးယဉ်ပါးရောဂါများထဲတွင်
ဆေးယဉ်ပါးတီဘီရောဂါ နှင့် ဆေးယဉ်ပါးငှက်ဖျားရောဂါတို့သည် အနာဂတ်မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး
ကို ခြိမ်းခြောက်လျက်ရှိသော ထိပ်တန်းရောဂါများဖြစ်ပါသည်။
ဥပမာ (၁) - စီဖရန်
(Ciptofloxacin) ဆေးသည် တီဘီရောဂါပိုးသတ်ရန် လွန်စွာအားထားရသော ဒုတိယတန်း ပဋိဇီဝဆေးဖြစ်သည်။
(ပထမတန်းဆေးများ ဆေးမတိုးတော့သည့်အခါ အာနိသင် ပိုမိုအားပြင်းသော ဒုတိယတန်းဆေးနှင့်ကုသရသည်။)
ယင်းကဲ့သို့ အလွန်အရေးပါသော ဆေးကို အထက်တွင်ဆိုထားသကဲ့သို့ ထိန်းချုပ်မှုမဲ့ အသုံးပြုမှုများကြောင့်
ယခုအခါ မြန်မာနိုင်ငံတွင် စီဖရန်ဆေးအပါအ၀င် အခြားအာနိသင်ပြင်း ပဋိဇီဝဆေးဝါးအများအပြားမှာ
ဆေးယဉ်ပါးပြဿနာကြုံတွေ့နေရပြီဖြစ်သည်။
ဥပမာ (၂) - ငှက်ဖျားရောဂါဖြစ်ပွားသည့်
လူနာများအား ကိုအာတန် (Coartan) ပေါင်းစပ်ငှက်ဖျားဆေး၊ အာတီမီစနင်း (Artemisinie) ပေါင်းစပ်ငှက်ဖျားဆေးများ
ဆေးပတ်လည်အောင်သောက်ခြင်းဖြင့် အမြစ်ပြတ်ကုသနိုင်သည်။ သို့သော် ငှက်ဖျားရောဂါသည်များသည်
ဆေးဆိုင်မှ ကလိုရိုကွင်း (Chloroquine)၊ ကွင်နင်း (Quinine) စသည့် ဆေးတစ်မျိုးတည်း
ပါဝင်သည့် ဆေးများကို မိမိတို့သဘောအလျောက် ၀ယ်သောက်ခြင်း၊ ဆေးပတ်လည်အောင်မသောက်ခြင်းတို့ကြောင့်
ရောဂါပိုးသည် ဆေးမတိုးတော့ဘဲ ဆေးယဉ်ပါးငှက်ဖျားရောဂါအဖြစ် မြန်မာပြည်သူတို့၏ ကျန်းမာရေးကိုခြိမ်းခြောက်လျက်ရှိသည်။
၃.၃။ ဆေးမှားခြင်း အန္တရာယ် (Medication error)
ဆရာဝန်ဆေးညွှန်းနှင့်သာ ၀ယ်ယူရမည့်ဆေးများကို ဆေးစာမပါဘဲဝယ်ယူရရိုနိုင်ခြင်း၏ အခြားဆိုးကျိုးတစ်ခုမှာ ဆေးမှားခြင်းအန္တရာယ်ပင် ဖြစ်ပါသည်။ အနောက်တိုင်းဆေးဝါးများတွင် ပါဝင်သောဓာတုဆေးဝါး၊ အမှတ်တံဆိပ်၊ အမျိုးအမည်၊ ဆေးလုံးဆေးကဒ်ပုံစံ ဆင်တူရိုးမှား များစွာရှိသည်။ အနယ်နယ်အရပ်ရပ်ရှိ ဆေးရောင်းချနေသူများမှာ စနစ်တကျလေ့ကျင့်ထားသော၊ ဆေးဝါးပညာသင်ကြားတတ်မြောက်ထားသော ဆေးဝါးကျွမ်းကျင်များ မဟုတ်ကြပေ။ အချို့သော ဆေးဆိုင်ငယ်များတွင် အတန်းပညာနည်းပါးသူများ၊ အင်္ဂလိပ်စာမဖတ်နိုင်သူများ ရောင်းချနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆေးမှားရောင်းနိုင်သည်။ ဆေးမှားသောက်ခြင်းသည် အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ အန္တရာယ်ကြီးပါသည်။
၃.၄။ ရောဂါကုဆေးဝါးများကို မူးယစ်ဆေးအဖြစ် အလွဲသုံးစားပြုခြင်း (Abuse of therapeutic drugs)
ဆေးစာမပါဘဲ ဆေးကောင်တာ၊ ဆေးစတိုးများမှ အလွယ်တကူ ၀ယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးအချို့နှင့် ချောင်းဆိုးပျောက်ဆေး စသည်တို့ကို စိတ်ကြွဆေးဝါးများအဖြစ် (အထူးသဖြင့်) လူငယ်များ အလွဲသုံးစားလုပ်နေသည်ကိုတွေ့ရှိရသည်။
၎။ အနောက်တိုင်း ဆေးဝါးများရောင်းချမှုနှင့်
ပတ်သက်၍ နိုင်ငံတကာရှိ ဆေးဝါးကွပ်ကဲရေး အဖွဲ့များ ကျင့်သုံးနေသော စနစ်များ
နိုင်ငံတကာတွင်
သတ်မှတ်ကျင့်သုံးနေသော ဆေးကောင်တာများမှ ၀ယ်ယူရရှိနိုင်သော ဆေးဝါးအမျိုးအစားသတ်မှတ်ချက်များနှင့်
ရောင်းချခွင့်ပြုမှု လုပ်ထုံးလုပ်နည်းစနစ်များမှာ အသေးစိတ်အားဖြင့် တစ်နိုင်ငံနှင့်
တစ်နိုင်ငံ ကွဲပြားပေလိမ့်မည်။ သို့သော် အောက်တွင် ဥပမာအားဖြင့် ဖော်ပြထားသော နိုင်ငံများ၏
ဆေးဝါးကွပ်ကဲရေးစနစ်တွင် ဘုံတူညီသောအချက်မှာ ဈေးကွက်တွင် ရောင်းချခွင့်ရှိသော အနောက်တိုင်းဆေးဝါးများကို
ဆေးစာပြ၍ ၀ယ်ယူရသောဆေး နှင့် ဆေးစာမလိုဘဲ ၀ယ်ယူနိုင်သောဆေး စသည်ဖြင့် အမျိုးအစားခွဲခြားသတ်မှတ်ပြီး
ဥပဒေပြဌာန်းကာ ထိန်းချုပ် ကွပ်ကဲခြင်းဖြစ်ပါသည်။ ယင်းအမျိုးအစားခွဲခြားမှု စာရင်းကိုလည်း
သက်ဆိုင်ရာ ဥပဒေများတွင် နောက်ဆက်တွဲ စာရင်းဇယားဖြင့် စနစ်တကျ ပြဋ္ဌာန်းပြီး ကွပ်ကဲထိန်းချုပ်သည်ကို
လေ့လာတွေ့ရှိရပါသည်။
၎.၁။ စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံ၏
ဆေးဝါးကွပ်ကဲရေးကို Health Sciences Authority (HSA) လက်အောက်ရှိ Health Product
Regulation Group မှတာဝန်ယူကွပ်ကဲသည်။[ii]
The Medicines Act (1977) ၊ The Health Products Act (2007)၊ The Sale of Drugs
Act (1973) တို့အရ စင်ကာပူနိုင်ငံတွင် ရောင်းချသော ရောဂါကု (အားဆေးနှင့် ဖြည့်စွက်ဆေးများမပါ)
အနောက်တိုင်းဆေးဝါးများအားလုံးသည် HSA တွင်လိုင်စာရယူ၍ ခွင့်ပြုချက်ရရှိပြီးမှသာ ဈေးကွက်တင်သွင်းခွင့်ရှိပါသည်။[iii]
ဆေးတစ်မျိုးစီ၏ ရောင်းချခွင့် အမျိုးအစားကို The Medicines Act နောက်ဆက်တွဲ ဇယားတွင် ပြဋ္ဌာန်းထားသည့် အမျိုးအစားသတ်မှတ်ချက်အရ
လိုင်စင်ရယူ၍ ရောင်းချရသည်။ အောက်ပါအတိုင်း ရောင်းချခွင့်ဆိုင်ရာ ဆေးအမျိုးအစား (၃)
မျိုးသတ်မှတ်ထားသည်။[iv]
(က) ဆေးစာနှင့် ၀ယ်ယူရသော
ဆေးများ (Prescription Only Medicines)
(ခ) ဆေးဝါးကျွမ်းကျင်ရှိသော ဆေးဆိုင်များတွင်သာ ၀ယ်ယူနိုင်သော
ဆေးများ (Pharmacy Only Medicines)
(ဂ) ဆေးစာမလိုဘဲ အလွတ်ဝယ်ယူနိုင်သော
အထွေထွေ ဆေးများ (General Sales List)
၎.၂။ အမေရိကန်နိုင်ငံ
အမေရိကန်နိုင်ငံတွင်
ဆေးဝါးကွပ်ကဲရေးကို U.S. Food and Drug
Administration (US FDA) မှ ထိန်းချုပ်ကွပ်ကဲသည်။ ရောဂါကု ဆေးဝါးများ ရောင်းချမှုကို
အမေရိကန်ကွန်ကရက်မှ ၁၉၇၀ ခုနှစ်တွင် ပြဋ္ဌာန်းထားသော The Controlled Substances Act
(CSA) ၏နောက်ဆက်တွဲ ဇယားများ (Schedules 1 to 5) အရ ဆေးအမျိုးအစားများခွဲ၍ ကွပ်ကဲထိန်းချုပ်သည်။[v]
၎.၃။ ဗြိတိန်နိုင်ငံ
The
Medicines and Healthcare products Regulatory Agency (MHRA)[vi]
မှ ကြီးကြပ်ကွပ်ကဲသည်။ ဈေးကွက်တွင်း ရောဂါကုဆေးဝါးရောင်းချမှုကို ၁၉၆၈ ခုနှစ်တွင် ပြဋ္ဌာန်းသော
The Medicines Act အရ အုပ်စု (၃) ခု အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားသည်။[vii]
(က) ဆေးလက်မှတ်ပြလျှင်
ဆေးဝါးကျွမ်းကျင်မှ ရောင်းချခွင့်ရှိသော ဆေးများ (Prescription-only Medicines -
POM)
(ခ) ဆေးလက်မှတ်ပြရန်မလိုဘဲ
ဆေးဝါးကျွမ်းကျင်မှ ရောင်းချခွင့်ရှိသော ဆေးများ (Pharmacy Medicines- P)
(ဂ) ဆေးလက်မှတ်ပါရန်မလိုဘဲ
ဆိုင်တိုင်းတွင် ရောင်းချခွင့်ရှိသော ဆေးများ (General Sales List- GSL)
(က) အုပ်စုဖြစ်သော POM
ဆေးများမှ အလွဲသုံးစားပြုနိုင်သော၊ ဆေးစွဲစေနိုင်သောဆေးများကို သီးခြားစာရင်းပြုစု၍
The Misuse of Drugs Act 1971 နှင့် The Misuse of Drugs Regulations 2001 တို့တွင်
နောက်ဆက်တွဲ ထည့်သွင်းပြဋ္ဌာန်း၍ ထိန်းချုပ်ထားသည်။[viii][ix]
၅။ အကြံပြုဆွေးနွေးချက်များ
(၁) မြန်မာနိုင်ငံတွင် အနောက်တိုင်းဆေးဝါးများရောင်းချခြင်းကို
စနစ်တကျ ကွပ်ကဲနိုင်ရန် ဆေးစာနှင့် ၀ယ်ယူခွင့်ရှိသောဆေး၊ ကျွမ်းကျင်ပုဂ္ဂိုလ် ဦးစီးသော
လိုင်စင်ရ ဆေးဆိုင်ကြီးများတွင်သာ ရောင်းချခွင့်ရှိသောဆေး၊ ဆေးစာမပါဘဲ မည်သည့်ဆေးဆိုင်တွင်မဆို
လွတ်လပ်စွာ ၀ယ်ယူခွင့် ရှိသောဆေး ဟူ၍ ရောင်းချခွင့် အမျိုးအစား သတ်မှတ်၍ ပြည်သူ့ကျန်းမာရေး
မူဝါဒတစ်ရပ်အဖြစ် အကောင်အထည်ဖော်ရန်။
(၂) ပဋိဇီဝဆေးဝါး၊
နာတာရှည်ရောဂါကုဆေးဝါး၊ ဟော်မုန်းဆေးဝါးများနှင့် တားမြစ်ဓာတုဆေးပါဝင်သော အကိုက်အခဲပျောက်ဆေး/
ချောင်းဆိုး ပျောက်ဆေး စသည့်ဆေးဝါးများကို ဆရာဝန်ဆေးစာနှင့်သာ ရောင်းဝယ်နိုင်ရန် ဥပဒေပြဌာန်း၍
ထိန်းချုပ်ရန်။
(၃) ၁၉၉၂
အမျိုးသားဆေးဥပဒေအရ ပြဌာန်းထားသော တားမြစ်ဆေးဝါးများ ရောင်းချရေးနှင့် ပတ်သက်၍ လက်ရှိဥပဒေနှင့်အညီ
လိုက်နာဆောင်ရွက် စေရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဥိးစီးဌာနမှ
ဦးဆောင်ကာ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဥပဒေ စည်းကျပ်ခြင်း လုပ်ထုံးလုပ်နည်းများချမှတ်
အကောင်အထည်ဖော်ရန်။
(၄) ထိန်းချုပ်ဆေးဝါးများ၊
ဆေးစာဖြင့်သာ ရောင်းချခွင့်ရှိသောဆေးဝါးများ၊ ဆေးစာမပါဘဲ လွတ်လပ်စွာရောင်းချခွင့်ရှိသောဆေးဝါးများကို
စာရင်းပြုစု၍ ဥပဒေနောက်ဆက်တွဲ စာရင်းဇယားအဖြစ်ထည့်သွင်းပြဌာန်းရန်။
(၅) မြန်မာနိုင်ငံ၏
အနောက်တိုင်းဆေးဝါးဈေးကွက်နှင့် အကျိုးသက်ရောက်မှုလေ့လာရေး စစ်တမ်းများ၊ သုတေသနများဆောင်ရွက်၍
၎င်းစစ်တမ်း ရလဒ်များပေါ် မူတည်၍ လက်ရှိ ဆေးဝါးကွပ်ကဲရေးဆိုင်ရာ မူဝါဒများကို ပြင်ဆင်ဖြည့်စွက်၍ အကောင်အထည်ဖော်ရန်။
(၆) ကျန်းမာရေးစောင့်ရှောက်မှုပေးသော
ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုစသူများကို ကုသမှုစံနှုန်းပြည့်မီစွာဖြင့် ဆေးညွှန်းစာ၊
ဆေးလက်မှတ်များ ထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊
ဥပမာ မြန်မာနိုင်ငံဆေးကောင်စီစသည်တို့နှင့် ပူးပေါင်း၍ အရည်အသွေးမြှင့် လမ်းညွှန်ပညာပေးအစီအစဉ်များ အကောင်အထည်ဖော်ရန်။
(၇) ပြည်သူလူထုတစ်ရပ်လုံး
အနောက်တိုင်းဆေးများကို အထိန်းအကွပ်မရှိ ၀ယ်ယူသုံးစွဲခြင်း၏ဆိုးကျိုးများကို သိမြင်နိုင်ရန်၊
ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်သည့် အန္တရာယ်ရှိသော ကျန်းမာရေးအမူအကျင့်များ ပပျောက်စေရန်
ပြည်သူ့ကျန်းမာရေးဌာနနှင့် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကျေးအဖွဲ့အစည်းများ၊
မီဒီယာစသည့် အင်အားစုများပူးပေါင်း၍ ကျန်းမာရေးပညာပေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရန်။
၆။ Myanmar Transitional Platform အနေဖြင့်
ကူညီနိုင်သည်များ
အထက်ပါ အကြံပြုချက်များ
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Myanmar Transitional Platform အနေဖြင့် တတပ်တအား ကူညီနိုင်သည်များမှာ-
၆.၁။ သတင်းအချက်အလက်ဆိုင်ရာ
(၁) လိုအပ်သော အထောက်အကူပြု
သတင်းအချက်အလက်များကို အင်တာနက်၊ ပြည်တွင်းပြည်ပ သတင်း၊ ဂျာနယ်၊ ဆောင်းပါးစသည်များမှ
ရှာဖွေစုဆောင်းပေးခြင်း။
(၂) ပညာရပ်ဆိုင်ရာအချက်အလက်များ၊
သုတေသနစာတမ်းအချက်အလက်များကို လက်လှမ်းမှီရာ သတင်းအရင်းအမြစ်များမှရှာဖွေ၍ စုစည်းတင်ပြပေးခြင်း။
(၃) နိုင်ငံတကာဆေးဝါးကွပ်ကဲရေး
အဖွဲ့အစည်းများ၏ အများပြည်သူအားတင်ပြထားသော Websites များမှ ဆေးဝါးကွပ်ကဲမှုဆိုင်ရာနောက်ဆုံးရသတင်းအချက်အလက်များ
စုဆောင်းတင်ပြပေးခြင်း
၆.၂။ လုပ်ငန်းစီမံချက်ဆိုင်ရာ
(၁) သုတေသနနှင့် စစ်တမ်းများကောက်ယူရေး
လုပ်ငန်းစီမံချက်များတွင် လိုအပ်ပါက ကိုယ်အား ဥာဏ်အား တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်း။
(၂) လူထုပညာပေးလုပ်ငန်းများတွင်
ကျန်းမာရေးပညာပေး သင်ထောက်ကူပစ္စည်းများရှာဖွေစုဆောင်းပေးခြင်း၊ သင်ထောက်ကူပစ္စည်း ထုတ်လုပ်ဖန်တီးခြင်းတို့တွင်
အကြံဥာဏ်ပံ့ပိုးပေးခြင်း၊ ပညာပေးသင်ခန်းစာများပြုစုရာတွင် ပါဝင်ကူညီခြင်း။
၆.၃။ အရည်အသွေးမြှင့်တင်မှုဆိုင်ရာ
(၁) ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင်မှုများလိုအပ်လာပါက
နိုင်ငံရပ်ခြားမှ ပညာရှင်အချို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းများ
တတ်အားသရွေ့ ရှာဖွေပေးခြင်း။
၇။ နိဂုံး
အနာဂတ်မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင်
ပြည်သူုတစ်ရပ်လုံး ကျန်းမာရေးလုံခြုံမှုနှင့် ယခုထက်ပို၍ နိုင်ငံတကာအဆင့်အတန်းပြည့်မှီသော
ဆေးဝါးကွပ်ကဲရေးစနစ် ပေါ်ပေါက်လာစေရန် ရည်သန်၍ ဆေးကောင်တာများတွင် လွတ်လပ်စွာ ရောင်းဝယ်နေသော
အနောက်တိုင်းဆေးဝါးများကို ထိန်းချုပ်ကွပ်ကဲပေးနိုင်ပါရန် ဤစာတမ်းဖြင့် အဆိုပြုတိုက်တွန်းအပ်ပါသည်။
စာကိုးစာရင်း
[i]
1992-07: The National Drug Law
[ii]
Health Sciences Authority, Health Products Regulation
[iii]
Health Sciences Authority, Health Product Regulation- Legislation
http://www.hsa.gov.sg/publish/hsaportal/en/health_products_regulation/legislation.html#Sale
[iv]HSA’s
Role in the Regulation of Western Medicines in Singapore
[v] U.S
FDA, Regulatory Information
[vii] The
National Archives: Drug Laws & Lecensing
[viii] Legislation
(UK): Misuse of Drugs Act 1971
[ix] Legislation
(UK): The Misuse of Drugs Regulations 2001
ဒေါက်တာဝင့်မော်သင်း
M.B.,B.S (YGN), MPH (NUS, Singapore)
Myanmar Transitional Platform
No comments:
Post a Comment