၁။ အကျဉ်းချုပ်
ယနေ့မြန်မာနိုင်ငံမှာ
လားရာတူ မတူညီတဲ့အားနှစ်ခု အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခြင်း အားဖြင့် သိသာထင်ရှားတဲ့
တိုးတက် ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်လျက်ရှိပါတယ်။ အချိန်အနည်းအတွင်း ထိုကဲ့သို့
ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်ဖြင့်ပြောင်းလဲလျက်ရှိသည့် အတွက်
နိုင်ငံတကာအသိုင်းအ၀န်းမှ မြန်မာနိုင်ငံပေါ်တွင် အထူးပင် စိတ်ဝင်စားခြင်းခံရလျက်ရှိပါသည်။
ယင်းသို့ပြောင်းလဲမှုများအပေါ် သို့လော သို့လော မေးခွန်းထုတ်စရာများ
ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရပါသည်။ များစွာသော ပြုပြင်ပြောင်းလဲမှုများမှ
နိုင်ငံတကာနှင့် အများပြည်သူ များ စိတ်ဝင်စားသည့် နိုင်ငံနှင့် လူမျိုးအတွက်လည်း
အထူးပင်အရေးကြီးသည့် အကြောင်းအရာတစ်ခုမှာ အကျင့်ပျက်ခြစားမှုဆိုင်ရာ တိုက်ဖျက်ရေး
ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဖြစ်ပါသည်။ အာရှနိုင်ငံတစ်နိုင်ငံလည်းဖြစ်၊
အကျင့်ပျက်ခြစားမှုကလည်း နေ့စဉ်လူနေမှုဘ၀၏ အစိတ်အပိုင်း တစ်ခုလည်းဖြစ်နေသည့် ”မြန်မာပြည်အနေနဲ့ အမြစ်တွယ်
အကျင့်ပျက်ခြစားမှုကို တကယ်တိုက်ဖျက်နိုင်မှာလား”ဆိုတဲ့ သံသယမကင်းသည့် မေးခွန်းကို ပြည်တွင်းပြည်ပမှ အထူးပင်
စိတ်ဝင်စားလျက်ရှိကြပါသည်။ ဤအစီရင်ခံစာတွင် ၎င်းပြဿနာနှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံတွင်းရှိ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဦးတည် အကြံပြုဆွေးနွေးသွားပါမည်။
၂။ နောက်ခံသမိုင်း
အကျင့်ပျက်ခြစားမှုသည် မြန်မာနိုင်ငံတွင်သာ ဖြစ်ပျက်နေသည့်
ပြဿနာမဟုတ်ပါ။ ကမ္ဘာနှင့်အ၀ှမ်း နေ့စဉ်နှင့်အမျှ ကြုံတွေ့ လျက်ရှိသည့်
ပြဿနာတစ်ခုဖြစ်ပြီး အရှိန်အဟုန်ဖြင့် ကြီးထွားလျက်ရှိပါသည်။ Transparency
International ရဲ့ အကျင့်ပျက်ခြစားခြင်းဆိုင်ရာ ၂၀၁၂ စစ်တမ်းအရ မြန်မာနိုင်ငံသည် စစ်တမ်းကောက်
နိုင်ငံ ၁၇၆နိုင်ငံအနက် ၁၇၂နိုင်ငံမြောက်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏အောက်တွင်
ဆူဒန်၊ အာဖဂနစ္စတန်၊ မြောက်ကိုးရီးယားနိုင်ငံနှင့် ဆိုမာလီယားနိုင်ငံတို့သာကျန်ရှိတော့ပါသည်။
ယင်းစစ်တမ်းအရ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံများထဲတွင်
မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်တွင်ရှိပြီး လာအိုနှင့်
ကမ္ဘောဒီယားနိုင်ငံများတို့ထက်ပင် နိမ့်ကျလျက်ရှိပါသည်။ ယခုကဲ့သို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံသို့
ထင်မြင်နေခြင်းသည် နိုင်ငံအတွက် အလွန်အမင်းအရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်ပျက်
ခြစားမှုနာမည်ဆိုးကြောင့် နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးအတွက် အရေးပါသည့်
နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများစွာကို ထိခိုက်နစ်နာစေနိုင်ခြင်း
ကြောင့်ဖြစ်ပါသည်။
အကျင့်ပျက်ခြစားနည်းများသည် အောက်ပါပုံစံမျိုးစုံနှင့်
မြန်မာနိုင်ငံအတွင်း၌ ဖြစ်ထွန်းလျက်ရှိပါသည်။
·
လာဘ်ပေးလာဘ်ယူခြင်း
(Bribery)
·
ခြိမ်းခြောက်အကျပ်ကိုင်ခြင်း
(Extortion)
·
စာရင်းလိမ်ပြခြင်း
(Fraud)
·
နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားပြုခြင်း
(Embezzlement)
·
အမျိုးချစ်စိတ်ပြင်းထန်ခြင်း
(Nepotism)
·
ခရိုနီများနှင့်သာ
ပူးပေါင်းဆောင်ရွက်ခြင်း (Cronyism)
·
မျက်နှာ/ဘက်လိုက်ခြင်း
(Influence peddling)
·
နိုင်ငံတော်ပစ္စည်းများ
အလွဲသုံးစားပြုခြင်း (Appropriation of public assets and property for private
use)
၃။ ပစ္စက္ခအခြေအနေ
နိုင်ငံတော်အစိုးရတာဝန်ရှိသူများမှလည်း ၎င်းပြဿနာ၏ အရေးပါမှုကို
သိရှိနားလည်သဘော ပေါက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင်
ဦးစားပေးလုပ်ငန်းရပ်အနေနဲ့ ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဇူလိုင် ၂၀၁၂ နှစ်အတွင်း အကျင့်ပျက်ခြစားမှုနှင့်
လာဘ်လာဘ်ယူမှုဆိုင်ရာ ဥပဒေကြမ်းများကို လွှတ်တော်တွင်
ဆွေးနွေးတင်ပြခြင်းများရှိသလို ပြည်သူလူထုထံသို့ သတင်းစာများမှတဆင့်လည်း
ထုတ်ဖော်တင်ပြမှုများရှိခဲ့ပါသည်။ ဇန်န၀ါရီလ ၂၀၁၃ ခုတွင်လည်း မြန်မာနိုင်ငံအနေနှင့်
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့ဝင် ၉ ဦးပါ ကော်မတီကို သမ္မတကြီး၏
လမ်းညွှန်ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေ သည်
၎င်းပြဿနာနှင့်စပ်လျဉ်း၍ အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန် အကောင်းဆုံး
အချိန်အခါလည်းဖြစ်ပါသည်။
၎။ အခြားနိုင်ငံများ၏ အကျင့်ပျက်မှုတိုက်ဖျက်ရေးဆိုင်ရာ
မူဝါဒ စနစ်ကောင်းများ
မြန်မာနိုင်ငံအနေနဲ့ အာရှနိုင်ငံများဖြစ်ကြသော စင်ကာပူ၊
ဂျပန်၊ တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများနှင့် ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်၊
ဆွီဒင် စသည့် နိုင်ငံများမှစနစ်များအားလည်း အသေးစိတ်လေ့လာဖို့လိုပါသည်။
နိုင်ငံတကာမှ အကျင့်ပျက်တိုက်ဖျက်ရေးဆိုင်ရာမူဝါဒ စနစ်ကောင်းများသည်
တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ်ကွဲပြားမှုများရှိသော်လည်း
အခြေခံမူဝါဒများအားလုံးသည် တူညီကြပါသည်။ ယင်းအခြေခံမူဟုဆိုရာတွင်
နိုင်ငံတော်အစိုးရမှ အဖွဲ့အစည်းသီးသန့်တစ်ခုဖွဲ့၍ အစိုးရဌာနနှင့်
ဝန်ထမ်းများအတွင်း လာဘ်စားမှုများကို တစိုက်မတ်မတ် အရေးယူဆောင်ရွက်စေခြင်း၊
ယင်းသို့ဆောင်ရွက်ရာတွင်လည်း မည်သူတစ်ဦး တစ်ယောက်၊ အာဏာပိုင်အဖွဲ့အစည်းများမှ
ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိစေခြင်း၊ လိုအပ်သော အခွင့်အာဏာကို
အပြည့်အ၀အပ်နှင်းထားခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်မှတဆင့် ပြည်သူလူထု၏ အသံကို နားထောင်ခြင်း၊
ထိရောက်စွာအရေးယူခြင်းနှင့် လိုအပ်သည့် ဥပေဒေများ ပြဋ္ဌာန်းပေးထားခြင်း စသည်တို့
ဖြစ်ကြပါသည်။
၅။
မြန်မာနိုင်ငံအတွက် ၎င်းပြဿနာနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ
၁။ ASEAN နိုင်ငံများအတွင်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ the United
Nations Convention against Corruption (UNCAC) လက်မှတ်ရေးထိုးထား (Signed) သော်လည်း
တရားဝင်အသိ အမှတ် (Ratify) မပြုရသေးတဲ့နိုင်ငံဖြစ်လျက်ရှိပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့
၎င်းပြဿာနာကို တကယ်ပဲအရေးယူဆောင်ရွက်လျက်ရှိသည်ကို ပြသနိုင်ရန် ပြည်တွင်းမှာသာမက ပြည်ပမှာပါ
အသိမှတ်ပြုနိုင်ဖို့ နိုင်ငံတကာဆိုင်ရာ စာချုပ်စာတမ်းများ ပဋိညာဉ်များကို တရားဝင်လက်ခံရေးထိုး
အသိအမှတ်ပြုထားဖို့ကို အမြန်ဆုံးပြုလုပ်စေလိုပါတယ်။
၂။ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ရာတွင် နိုင်ငံတော် တစ်ခုတည်းနှင့် မဆောင်ရွက်နိုင်သည့်အတွက်
အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ၀န်ထမ်းများ၊ နိုင်ငံသားများ အားလုံး
ပူးပေါင်းပါဝင်ရန်လိုအပ်သဖြင့် ဘက်ပေါင်းစုံမှ ပါဝင်ကူညီကြဖို့ကို
နိုင်ငံတော်အစိုးရအနေဲ့ တိုက်တွန်းဖိတ်ခေါ်ဖို့လိုပါတယ်။
၃။ နိုင်ငံတော်အစိုးရအနေနဲ့ ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန်လိုပါတယ်။
၎။ တရားဥပဒေစိုးမိုးရေးကို
တစိုက်မတ်မတ် ဆက်လက်အကောင်အထည်ဖော်သွားဖို့ လိုပါတယ်။
၅။ အကျင့်ပျက်ခြစားခြင်း တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများကို
အလျဉ်းသင့်သလို ခေတ်နှင့်လျော်ညီစွာ ဆန်းစစ် ပြုပြင်ပြောင်းလဲ ပေးဖို့လိုအပ်ပါတယ်။
၆။ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်သည့် ကော်မတီ (သို့) အဖွဲ့အစည်းအား ဖွဲ့စည်း၍
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အာဏာနှင့် လုပ်ပိုင်ခွင့်အပ်နှင်းပေးဖို့လိုအပ်ပြီး
၎င်းအဖွဲ့၏ လုပ်ငန်းဆောင်တာများအား လွတ်လပ်စွာ ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်။
၇။ ဌာနဆိုင်ရာများအတွင်း တာဝန်ခံမှုတိုးတက်လာစေရန် အတွက် ဆင့်ကဲတာဝန်ယူမှုရှိသလို
ဆင့်ကဲတာဝန်ခံမှုရှိဖို့ ဆင့်ကဲအရေးယူမှုရှိဖို့ လိုအပ်ပါတယ်။
၈။ ပြည်သူလူထုအနေနဲ့ ဌာနဆိုင်ရာအတွက် ၀င်ငွေခွန်များနှင့် စပ်လျဉ်းသည့်
ထုံးတာစဉ်လာ လုပ်ငန်းစဉ်ဆောင်ရွက်ပုံများအား ပွင့်လင်းမြင်သာစေရန် ရေးသား ထုတ်ဝေထားပေးဖို့
လိုအပ်ပါတယ်။
၉။ ပြုပြင်ပြောင်းလဲရေးများပြုလုပ်သည့်
ကာလတစ်လျောက်လုံး အကျင့်ပျက် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူအပြစ်ပေးဖို့လို
အပ်ပါတယ်။
၁၀။ ဌာနတွင်း/ပြင် စစ်ဆေးမှုများ ထားရှိရမည်ဖြစ်ပြီး
အချိန်မရွေး စိစစ်နိုင်ခြင်းများ ပြုလုပ်ခွင့် ရှိဖို့ လိုအပ်ပါတယ်။
၁၁။ အကျင့်ပျက်ခြစားခြင်းနှင့်ဆိုင်သော ပညာပေးလုပ်ငန်းများကို
အစိုးရဌာနာများ၊ ကျောင်းများနှင့် လူထုအတွင်းမှာပါ ကာလရှည် ပြုလုပ် ပေးဖို့လိုအပ်ပါတယ်။
၁၂။ အစိုးရဌာနဆိုင်ရာ ရေတိုရေရှည်ပြုပြင်ရေးမူဝါဒများ ချမှတ်၍ ၀န်ထမ်းလစာများအား
အလျဉ်းသင့်သလို ပုဂ္ဂလိကလုပ်ငန်းများနှင့် ညှိနှိုင်းပေးဖို့ လိုအပ်ခြင်း၊
အခါအားလျော်စွာ သင်တန်းများသို့ ပုံမှန်စေလွှတ်ခြင်း စသည်များကို
ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၁၃။ အစိုးရပြင်ပ (ပြည်သူလူထု၊ သတင်းနှင် စာနယ်ဇင်းများ)အနေနဲ့ စာရိတ္တမြင့်မားရေးဆိုင်ရာ
ပညာပေးစနစ်များဆောင်ရွက်ပေးဖို့ လိုအပ် ပါတယ်။
၁၄။ ပြည်သူလုထု၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများမှ တဆင့်
အကျင့်ပျက်ခြစားမှုများကို သက်ဆိုင်ရာသို့ လုံခြုံစိတ်ချရစွာ တိုင်ကြား နိုင်ခြင်းကို
စီမံအကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။
၆။ ထိုပြဿနာနှင့်စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်မှုအတွက် MTP
၏ အခန်းကဏ္ဍ
အကျင့်ပျက်ခြစားမှုများနှင့်
စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ရာတွင် Singapore ရှိ MTP မှ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါသည်။
·
နိုင်ငံတကာစံများ၊ မူဝါဒများ နှိုင်းယှဉ်မှုပြုသော
အစီရင်ခံစာများ (Comparative Studies)
·
နိုင်ငံတကာမှ လက်ခံအသုံးပြုလျက်ရှိသော
Anti Corruption ဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များ။ (Best Practices)
·
စင်ကာပူနိုင်ငံရှိ Corrupt Practices
Investigation Bureau (CPIB) ၏ မူဝါဒလမ်းစဉ်၊ လုပ်ငန်းလည်ပတ်ပုံယန္တရားနှင့် အကျင့်ပျက်ဝန်ထမ်းများအား
အရေးယူဆောင်ရွက်ပုံအဆင့်ဆင့်။
·
အကျင့်ပျက်ခြစားခြင်းအားတိုက်ဖျက်ရာတွင် လိုအပ်သည့်
ကျွမ်းကျင်မှုဆိုင်ရာနည်းလမ်းများ (Technical Support for Anti Corruption)
တင်ပြဆွေးနွေးသူ
မင်းသူ | စင်ကာပူ
| 30 ဧပြီလ ၂၀၁၃။
Master in Public Policy (LKYSPP) | Graduate Diploma in Applied Epidemiology (NUS)
B.Sc (Physics) | International Diploma Computer
Studies (NCC UK)
No comments:
Post a Comment