ဤအကြောင်းနှင့်
ပတ်သက်၍ နှစ်ပိုင်းခွဲ တင်ပြပါမည်။ တစ်ပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး
နောက်တစ်ပိုင်းမှာ ပြည်တွင်း ကုမ္ပဏီများအတွင်း
Safety Culture ကို ထူထောင်ခြင်း ဖြစ်ပါသည်။
ပထမ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောပါမည်။
(၁)
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ
နိုင်ငံရပ်ခြားတိုင်းပြည်များမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်၍ ရင်းနှီးမြှုပ်နှံရန် တာစူနေကြ ပါသည်။ မြန်မာနိုင်ငံအနေနှင့်
နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ကုန်ထုတ်လုပ်ရေးတွင် နိုင်ငံတကာ စံနှုန်းများ ကို
လိုက်နာလုပ်ဆောင် စေရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည်
AFTA ဇုံအတွင်း ၂၀၁၅ ခုနှစ်တွင်ဝင်ရောက်တော့မည်ဖြစ်ရာ ဤအတွက် အဘက်ဘက်မှ ကြိုတင် ပြင်ဆင်
ထားရန်လို၏။ မိမိတို့နိုင်ငံမှ ခိုင်မာသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊
စံနှုန်းစနစ်များကို ဦးစွာချမှတ် ပြဌာန်းထားနိုင်မှသာ ၀င်ရောက်လာသော နိုင်ငံခြားကုမ္ပဏီများအား
မိမိတို့စနစ်၊ စံနှုန်းများကို လိုက်နာလုပ်ဆောင် စေနိုင်မည်ဖြစ်၏။ အကယ်၍ မြန်မာနိုင်ငံဘက်မှ
မည်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမျှ မချမှတ်နိုင်ခဲ့လျှင် သူတို့ပြောသမျှ
လိုက်လုပ်နေရဘို့ရှိ၏။ မြန်မာနိုင်ငံအနေနှင့် မိမိတို့၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်
ရှိသည်များကို မသိလျှင် အခြား သူများက ထိုအချက်ကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ရပိုင်ခွင့်နှင့်
လုပ်ပိုင်ခွင့်များအဖြစ် ပြောင်းလဲအသုံးချခြင်းကို ခံရမည် ဖြစ်ပေသည်။
လက်ရှိတွင်
မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်အတန်းမီ ရေးဆွဲထားသော ဥပဒေ၊ နည်းဥပဒေ၊ စနစ်နှင့် စံနှုန်းများ
လွန်စွာ အားနည်းနေပါသေးသည်။ အချိန်တိုကာလအတွင်း ကောင်းမွန်မှန်ကန်သည့် စနစ်စံနှုန်းများ
ရေးဆွဲချမှတ်ဘို့ရာ မလွယ်ကူလှပါ။ ထို့ကြောင့် ၀င်ရောက်လာသည့် ပြည်ပကုမ္ပဏီများနှင့်
ကန်ထရိုက်စာချုပ်များ ချုပ်ဆိုသည့်အခါ မည်ကဲ့သို့ သော စာရွက်စာတမ်းများ တင်ပြရမည်။
မည်ကဲ့သို့သော စံနှုန်းများကို လိုက်နာဆောင်ရွက်ရမည် စသည်တို့ကို တောင်းခံတတ်ရန် အလွန်အရေးကြီးပါသည်။
၎င်းတို့မှာ နိုင်ငံတကာ အတွေ့အကြုံရှိသည့်
ကုမ္ပဏီကြီးများ ဖြစ်သည့်အလျောက် စာချုပ်သည့်အခါတွင် ကျွန်ုပ်တို့ ကိုယ့်ကြိုးနှင့်
ကိုယ် ပြန်အတုပ်မခံရစေရန်လည်း အထူးသတိပြုရမည် ဖြစ်၏။ ကန်ထရိုက်စာချုပ် အရေးမတတ်သဖြင့်
ငွေကြေးအားဖြင့်သော် လည်းကောင်း၊ လုပ်သားများ၏ ရပိုင်ခွင့်အားဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံဘက်မှ
နစ်နာဆုံးရှုံး ခဲ့ရသည့်သာဓက အများအပြား ရှိခဲ့ပါသည်။ ဤသည်တို့ နောက်ထပ်မဖြစ်ပေါ်ရလေအောင်
ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။
ယခု မြန်မာနိုင်ငံတွင်
ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီကြီးများမှာ ၎င်းတို့စံနှုန်းနှင့်၎င်းတို့ လုပ်ကိုင်
နေကြ၏။ ကြားဖူးသည်မှာ ၎င်းတို့တွင်လည်း Safety Audit ရှိသည် ဆို၏။ သို့ဆိုလျှင် ၎င်းတို့သည်
မည်သည့် Safety Management System ကိုလိုက်နာလုပ်ကိုင်နေပါသနည်း။ အမှန်တကယ် လုပ်ကိုင်နေခြင်း
ဖြစ်ပါသလား။ မည်သူသိပါ သနည်း။ မြန်မာနိုင်ငံဘက်မှ မည်သူ သွားရောက် စစ်ဆေးပါသနည်း။ ၎င်းတို့ကမူ
နိုင်ငံခြားမှ auditor များငှားကာ စစ်ဆေးကြ သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် ထို
auditor များ မည်ကဲ့သို့ စစ်သွားသည်ကို မြန်မာနိုင်ငံ အာဏာပိုင်များဘက်မှ မည်သူသိပါသနည်း။
တံခါးပိတ်ဝါဒ
ကျင့်သုံးနေစဉ်ကနှင့် မတူစွာပင် ယခုအခါ နိုင်ငံတကာနှင့် ဆက်ဆံလုပ်ကိုင်နေရသည်ဖြစ်သဖြင့်
နိုင်ငံတကာ စံနှုန်းများကို လက်မခံချင်၍မရ။ အခြေအနေရ လက်ခံကိုခံရမည်ဖြစ်၏။ မြန်မာနိုင်ငံအနေနှင့်လည်း
ISO 9001, ISO 14001, OSHAS 18001 အစရှိသည့် စံနှုန်းများကို လိုက်နာကျင့်သုံးနိုင်၏။
သို့သော် ဤစနစ်များက ဘာကိုဆိုလိုသည်။ အဘယ်ကဲ့သို့ လိုက်နာဆောင်ရွက် ရမည် စသည်တို့ကို
သေချာစွာ တတ်ကျွမ်းနားလည်သူ တတ်/သိပညာရှင်များလို၏။ ငွေမျက်နှာ၊ လူကြီးမျက်နှာစသည့်
မည်သည့်ဘက်မှ မလိုက်ဘဲ၊ စေတနာ အစစ်အမှန်နှင့် မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ဆောင်ရွက်ပေးမည့်
အရည်အချင်းပြည့် မြန်မာနိုင်ငံသား အရာရှိ များ ပါဝင်ဆောင်ရွက်မှသာလျှင် မြန်မာနိုင်ငံအတွက်
ကောင်းကျိုးရလဒ်များ ပေါ်ထွက်နိုင်မည် ဖြစ်ပါသည်။
ထိုမျှသာမက
အကယ်၍ မြန်မာနိုင်ငံသား လုပ်သားများအနေနှင့် ၎င်းတို့၏ စနစ်များကိုသာ နားမလည်၊ မလိုက်နာ၊
မကျင့်သုံး နိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ထိန်းထားသည့်တိုင် ၎င်းတို့အနေနှင့်
၎င်းတို့၏လုပ်သားများကိုသာ ခန့်ထားလိုမည်ဖြစ်၏။ ထို့ကြောင့် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသည့်
မြန်မာနိုင်ငံသားလုပ်သားများ မွေးထုတ်ပေးရန် အရေးတကြီး လိုအပ်နေပါပြီ။ သို့မဟုတ်ပါက
နိုင်ငံခြားသားများနှင့် မယှဉ်နိုင်သည့်အတွက် မြန်မာနိုင်ငံသားများအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းအများအပြား လက်လွတ်ဆုံးရှုံးရဖွယ်
ရှိပါသည်။
ယခုပွင့်လင်းလာသောခေတ်တွင်
ဖတ်ရှုရသော သတင်းများအရ မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုနှုန်းမှာ အလွန် မြင့်နေသည်ကို
တွေ့ပါသည်။ နိုင်ငံခြားကုမ္ပဏီကြီးများအနေနှင့် ရင်းနှီးမြှုပ်နှံရာတွင် ထို လုပ်ငန်းခွင်ထိခိုက်မှုနှုန်းကိုပါ
ကြည့်ပါသည်။ လုပ်ငန်းခွင် လူအသေအပျောက်များသည့်နေရာများအား ပရောဂျက်များ ချမပေးလိုပါ။
ထို့ကြောင့် လုပ်ငန်းခွင် ထိခိုက်မှုများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ တိုက်ရိုက်ထိခိုက်နိုင်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာအလယ်တွင် ပြယုဂ် ကောင်းနိုင်စေရန်အတွက် လုပ်ငန်းခွင် ထိခိုက်မှုနှုန်းကို
အတိုင်းအတာတစ်ခု ရည်မှန်းချက်ထားလျှက် လျှော့ချရန် အရေးကြီးပါသည်။
(၂)
ဒုတိယပိုင်းအနေနှင့်
ပြည်တွင်းကုမ္ပဏီများအတွင်း Safety Culture ကို ထူထောင်ရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်
ယခင်ကတည်းက safety နှင့်ပတ်သက်သည့် Factory Act 1951 ရှိပြီးဖြစ်၏။ သို့သော် ထိုဥပဒေမှာ
ခေတ်အဆက်ဆက် အသက်ဝင်ခြင်းမရှိသကဲ့သို့ တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်လျော်ညီအောင်
ပြန်လည်ပြုပြင် ရေးဆွဲခြင်းလည်း မပြုခဲ့ကြပါ။ ယခုအခါ ပြန်လည်ရေးဆွဲနေသည်ဟု ကြားသိရပါသည်။
safety အကြောင်း သေသေချာချာ၊ ဂဃနဏနားလည်သည့် ပညာရှင်များ မည်မျှပါဝင်သည်၊ မည်သည့်အဆင့်
ထိရောက်နေပြီဆိုသည်များကို မသိပါ။
ဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးမှာ အရေးကြီးပါသည်။
ထို့ထက် ထိုဥပဒေကို လက်တွေ့ အကောင်အထည်ဖော်မည့် သူများမှာ ပိုအရေးကြီးပါသည်။ ထိုဥပဒေကို
အကောင်အထည်ဖော်ရန် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲစာအုပ် များ၊ သင်တန်းများ၊
အထောက်အပံ့ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များ စသည်တို့ များစွာလိုအပ်ပါသည်။ ထိုအထဲတွင်မှ
ကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍမှာ ပိုပြီးအရေးကြီးပါသည်။
အဘယ်ကြောင့်ဆိုသော် ရုပ်ဝတ္ထုပစ္စည်းကို
အလွယ်တကူ ၀ယ်ယူဖြည့်ဆည်းနိုင်သော်လည်း လူသားအရင်းအမြစ်ကိုမူ လွယ်လွယ်နှင့် ၀ယ်ယူဖြည့်တင်းဘို့
မလွယ်ကူပါ။ ကျွမ်းကျင်သူနိုင်ငံခြားသားများ ငှားရမ်းခေါ်ယူနိုင်သည့်တိုင် ဘာသာ စကားအခက်အခဲ၊
၎င်းတို့အတွက်အာမခံထားပေးရခြင်း၊ မကြာခဏ ခွင့်ပြန်လိုခြင်း၊ နိုင်ငံသားများထက်စာလျှင်
ပေးရသည့် လစာ အလွန်မြင့်မားခြင်း စသည့် အခက်အခဲများလည်း ရှိမည်ဖြစ်၏။
အလုပ်လုပ်နေသော လူတစ်ယောက်သည် သူ့မိသားစုအတွက်
မည်မျှတန်ဘိုးကြီးမားကြောင်း၊ ထို့ကြောင့် ထိုသူ၏အသက် မဆုံးရှုံးရေး၊ ကိုယ်လက်အင်္ဂါများ
မဆုံးရှုံးရေးသည် အလွန်အရေးကြီးကြောင်း လုပ်ငန်းရှင်များနှင့် အလုပ်သမားများ ကောင်းစွာ
သဘောပေါက်နားလည်လာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရပါမည်။ သို့သော် ဤကဲ့သို့
ပညာပေး လုပ်ငန်းမှာ အချိန်ယူရန် လို၏။ အစိုးရမှ ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် မဆောင်ရွက်ဘဲ
မဖြစ်နိုင်ပါ။ ထို့ပြင် လုပ်ငန်းများ၌ လိုက်နာလုပ်ဆောင်ရမည့် လုပ်ထုံး လုပ်နည်းနှင့်
စံနှုန်းများကိုပါ တိတိကျကျ ပြဌာန်းပေးရန် အရေးကြီး၏။ ဤလုပ်ထုံး လုပ်နည်းနှင့် စံနှုန်းများရှိပါလျှက်
မလိုက်နာသူများအား လည်း တိတိကျကျ အရေးယူအပြစ်ပေးရန်လည်း လိုပါသည်။ လိုက်နာရမည့် လုပ်ငန်းစံနှုန်းများမရှိဘဲ
အင်ဂျင်နီယာ၊ မန်နေဂျာများကို အပြစ်ပေးအရေးယူရုံမျှဖြင့်တော့ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများကို
မည်သည့်နည်းနှင့်မှ လျှော့ချရန် မဖြစ်နိုင်ပါ။ အရေးကြီးသည်မှာ စနစ်တစ်ခု ချမှတ်ကျင့်သုံးရန်
ဖြစ်ပါသည်။
ဤကဲ့သို့ ဥပဒေဖြင့် အတင်းအကျပ်လိုက်နာ လုပ်ဆောင်စေခြင်းဖြင့် လူအများကြားတွင်
safety နှင့် ပတ်သက်သော အလေ့အထများ ကျင့်သားရသွားကာ နေ့စဉ်လူနေမှုဘ၀တွင် လုပ်ကိုင်နေကျအလုပ်များကဲ့သို့
မပင်ပန်းဘဲ လိုက်နာလုပ်ဆောင်လာမည် ဖြစ်ပါသည်။
အလုပ်ရှင်များအနေနှင့်လည်း မိမိတို့လုပ်ငန်း၌
လုပ်ငန်းခွင်အန္တရာယ်ကင်းစေရေးအတွက် မည်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးရမည်ကို အလိုလိုနားလည်
သဘောပေါက်လာပါလိမ့်မည်။ လုပ်သားများအနေနှင့်လည်း မိမိမျက်စိရှေ့တွင် တစ်စုံ တစ်ယောက်က
အန္တရာယ် မကင်းသည့် အလုပ်များလုပ်နေလျှင် မျက်စိမှိတ်မနေဘဲ ထောက်ပြပြောဆိုသည့် အလေ့အထများ
ရလာပါလိမ့်မည်။
စင်ကာပူနိုင်ငံတွင် နယ်ပယ်အသီးသီး၊
လုပ်ငန်းခွင်အမျိုးမျိုး၌ ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားများ လာရောက် အလုပ်လုပ်ကိုင်နေကြရာ
ထိုအထဲတွင် Safety နယ်၌ ၀င်ရောက်လုပ်ကိုင်နေသူ အတော်များပါသည်။ ထို Safety ၀န်ထမ်းများမှာ
လိုအပ်သောသင်တန်းများကိုတက်ပြီး သိသင့်သိထိုက်သော အသိပညာများနှင့်လည်း ပြည့်ဝကြသူများ
ဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံ ၃ နှစ်မှ ၁၅ နှစ်ထိ ရှိသူများလည်း ဖြစ်ပါသည်။
၂၀၁၂ ဇူလိုင် ၂၁ ရက်နေ့ က မြန်မာ
Safety professional များနှင့်တကွ အခြားစိတ်ပါဝင်စားသူများပါ ပါဝင်လျှက် “မြန်မာ လုပ်ငန်းခွင်အန္တရာယ်
ကင်းရှင်းရေး မြှင့်တင်ရေးအဖွဲ့” Myanmar Safety Development Association” ကို ဖွဲ့စည်းရန်
စည်းဝေးကြပါသည်။ ထို့နောက် ၂၀၁၂၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်ရန် လျှောက်ထားခဲ့ရာ
၂၀၁၃၊ ဧပြီ ၁၅ ရက်နေ့တွင် Work Safety Development Association အမည်ဖြင့် မှတ်ပုံတင်အတည်ဖြစ်ခဲ့ပါသည်။
အဖွဲ့ ဖွဲ့စည်းပုံ
(အလုပ်အမှုဆောင်ကော်မတီ)
ဥက္ကဌ - ၁ ဦး ဒုဥက္ကဌ
- ၂ ဦး
အတွင်းရေးမှူး - ၁ ဦး တွဲဘက်အတွင်းရေးမှူး
- ၁ ဦး
ဘဏ္ဍာရေးမှူး - ၁ ဦး တွဲဘက်
ဘဏ္ဍာရေးမှူး - ၁ ဦး
အမှုဆောင်အဖွဲ့ဝင် - ၆ ဦး နှင့် အဖွဲ့ဝင်များ
အဖွဲ့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်
v မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို အကောင်အထည်ဖော်ရာတွင်
လိုအပ်မည့် စံနှုံးများ၊ စနစ်များ၊ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
လုပ်ငန်းများ၌ မိမိတို့ တတ်သိ၊ ကျွမ်းကျင် ထားသည်များနှင့် တတ်အားသရွေ့ပါဝင်ဆောင်ရွက်ရန်။
v စင်ကာပူတွင် ရောက်ရှိလုပ်ကိုင်လျှက်ရှိသော မြန်မာလုပ်သားများအား
safety အသိပညာများ ပိုမိုရရှိလာစေရန် ပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံအတွက်
မရှိမဖြစ်လိုအပ်သော အရည်အချင်းပြည့် လူအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်။
v စင်ကာပူရှိ Safety နယ်ပယ်တွင် လုပ်ကိုင်နေသူများနှင့် safety
ကို စိတ်ဝင်စားသော မြန်မာများ ဆက်သွယ်မိစေရန်။
လုပ်ငန်းစဉ်များ
v Safety ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များ၊
စာအုပ်များ ရေးသားထုတ်ဝေခြင်း။
v Safety ဆိုင်ရာ ဟောပြောပွဲများ၊ သင်တန်းများ၊ သရုပ်ပြပွဲများ
ကျင်းပခြင်း။
v အသင်းဝင်များအား BCSS ကဲ့သို့သော Safety ဆိုင်ရာသင်တန်းများတက်စေခြင်း
v Safety ကွန်ဖရင့်များ၊ ဟောပြောပွဲများသို့ အသင်းဝင်များအား
စေလွှတ်ခြင်း
ဤအဖွဲ့မှာ
အမြတ်အစွန်းကို အဓိကထားသောအဖွဲ့မဟုတ်ဘဲ volunteer အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
(၃)
လက်ရှိအခြေအနေအရ
စင်ကာပူတွင်ရောက်ရှိလုပ်ကိုင်နေကြသူများမှာ မြန်မာပြည်သို့ ချက်ချင်းပြန်ရန် အခက်အခဲရှိပါသည်။
မိမိမိသားစုစားဝတ်နေရေးနှင့် သားသမီးများ၏ ရှေ့ရေးအတွက် စိတ်ချရသည့် အစီအစဉ်များ ချမှတ်ပြီးမှသာ
မြန်မာပြည်တွင် ပြန်လည် အခြေချနိုင်ပါလိမ့်မည်။ သို့အတွက် ကျွန်တော်တို့လုပ်ပေးနိုင်သည်မှာ
အဝေးမှနေ၍ ကျွန်တော်တို့ တတ်သိထားသည့် အသိပညာများဖြင့် အထောက်အပံ့ပြုပေးနိုင်မည် ဖြစ်ပါသည်။
သို့အတွက်
နိုင်ငံတော်အစိုးရအား အကြံပြုလိုသည်မှာ -
၁။ နိုင်ငံရပ်ခြားတွင်ရှိနေသည့် အလွန်ကြီးမားလှသည့် မြန်မာနိုင်ငံသား
လူသားအရင်းအမြစ်ကြီးကို မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် မည်ကဲ့သို့အသုံးချမည်နည်းဟူသည့်
နည်းလမ်းရှာဖွေရေး
၂။ မြန်မာပြည်သို့ ပြန်လာရန် ဖိတ်ခေါ်နေရုံမျှမကဘဲ လက်တွေ့ကျသည့်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေး
၃။ အရေးကြီးသော Act, Regulations, Code of Practice,
Handbook, Procedure, Specification စသည့် စာရွက်စာတမ်းများ ရေးဆွဲရာတွင် နိုင်ငံခြားရောက်
မြန်မာအင်အားစုများ၏ အသိပညာ၊ အတတ်ပညာအင်အားကို မည်ကဲ့သို့ ရယူအသုံးချနိုင်မည်ကို နည်းလမ်းရှာရေး
-
စသည်တို့ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
ဦးအေးငြိမ်း
၁ မေ၊ ၂၀၁၃
No comments:
Post a Comment