အားလုံးကြားဖူးကြသော ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြရလျှင် မြတ်စွာဘုရားကို ဆေးကုပေးခဲ့သော သမားတော်ကြီး ဆရာဇီဝက ဆေးပညာအတတ် သင်ကြားရအောင် သွားစဉ် သင်တန်းပြီး၍ ကျောင်းသားများ နေရပ် အသီးသီး ပြန်ကြသောအခါ အခြားကျောင်းသားများကို ဆရာကြီးက အပြန်လမ်းစရိတ် ပေးလိုက်သော်လည်း ဆရာ ဇီဝကကိုမူ အပြန် လမ်းစရိတ်သော် လည်းကောင်း၊ ဆေးဝါး တစ်စုံတစ်ရာမျှကို သော်လည်းကောင်း မပေးလိုက် ဟု ဆိုပါသည်။
ဆရာဇီဝက မှာ ခေသူမဟုတ်ရကား ဆရာကြီး အဘယ်ကြောင့် သူ့ကို လမ်းစရိတ်မပေးလိုက်သည်ကို သိပါ၏။ သူ့အပြန် လမ်းစရိတ်အတွက် လမ်းတွင် ဆေးကုရင်း ငွေရှာသွားသည်။ အဘယ်ဆေးများ နှင့် ကုသနည်း ဆိုသော် သူ့အတွက် ဆေးမရှားပါ။ ကမ္ဘာပေါ်တွင် ပေါက်နေသော အပင်မှန်သမျှ ဆေးဘက်မ၀င်သော အပင် မည်သည့် အပင် ရှိ သနည်း။ အားလုံး ဆေးဘက်ဝင်သည် ချည်း။ ဉာဏ်နှင့် ယှဉ် သုံးတတ်ဖို့သာ လိုသည်။
ဤသည်မှာ ပုံပြင်ဆိုသော်လည်း အမှန်ဖြစ်ပါ၏။ အပင်မှန်သမျှ ဆေးဘက်ဝင်သည်ချည်း။ ကျွန်တော်တို့ မသိ သဖြင့် မသုံးတတ်သာ ရှိရမည်။ မသိသူကျော်သွား၊ သိသူဖော်စား ဆို သမို့လား။
အနောက်တိုင်း ဆေးပညာက အကျိုးကို သတ်သည်။ အရှေ့တိုင်း ဆေးပညာက အကြောင်းကို သတ်သည်။ ရှင်းပါအံ့။ မီးခိုးမွှန်ခြင်းကို ရောဂါတစ်ခု ဟု တင်စားကြပါစို့။ အနောက်တိုင်းနည်းအရ ဆိုလျှင် မီးခိုးကို ယပ်ခပ်ပြီး မီးခိုး မမွှန်အောင် လုပ်မည်။ အရှေ့တိုင်း ဆေးပညာကမူ မီးခိုးထွက်သော မီးကို သတ်လိုက်ရမည်။ သို့ဆိုလျှင် မီးခိုးကို ယပ်ခပ်နေခြင်းနှင့် မီးခိုးထွက်ရာ မီးကို သတ်လိုက်ခြင်းတွင် ဘယ်ဟာကို အစစ်အမှန် ဟု ဆိုရမည်နည်း။ မီးခိုးကို ယပ်ခပ်လိုက်လျှင် ခဏတာ မီးခိုးအမွှန် သက်သာသွားမည် မှန်သော်လည်း မီးမသေသမျှ ကာလပတ်လုံး မီးခိုး လာနေမည် မုချ ဖြစ်၏။ အရှေ့တိုင်းနည်း အရ မီးကိုသာ သတ်နိုင်ရိုးမှန်လျှင် မီးခိုးသည် ဘယ်သောအခါမှ ပြန်လာနိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်လျှင် လူတစ်ဦး၏ ရောဂါကို ကုစားရာ၌ အကြောင်းကိုသာ သတ်နိုင်လျှင် ရောဂါ အမြစ်ပြတ်မည် မုချ ဖြစ်၏။ (မြတ်စွာဘုရား၏ နည်းအရ နိရောဓ သစ္စာကို ရဘို့ ဒုက္ခသစ္စာကို ပယ်ရမည် ဖြစ်၏။ အရှေ့တိုင်းဆေးပညာမှာ ဤအတိုင်း ဖြစ်သည်။)
အမှန်ဆိုရလျှင် အနောက်တိုင်း ဆေးပညာထက် အရှေ့တိုင်း ဆေးပညာက ပိုစွမ်းဘို့ မကောင်းပါလော။ အဘယ်ကြောင့် မစွမ်းသနည်း ဆိုသော် အနောက်တိုင်းသားများက ပညာကို လေ့လာရာတွင် ပိုမို စံနစ်ကျပြီး ပိုမိုလက်တွေ့ကျသည်။ သုတေသန အားကောင်းသည်။ မှတ်စုမှတ်ရာ ထားသည်။ ပညာကို ဖြန့်ဝေသည်။ ပိုမို တိုးတက်အောင် စွမ်းဆောင်သည်။ သို့သော် အရှေ့တိုင်းတွင် သုတေသနတွေ ဘာတွေ သိပ်နားမလည်။ တစ်ချက်ကောင်း က ပိုများသည့်ပြင် ပညာကိုအကုန်မပေးပဲ ဆရာစားချန်တာတွေ များသည်။ ဆရာထက် တပည့် လက်စောင်းထက်မှာကို လက်မခံနိုင်။
အဆိုးဆုံးမှာ နှုတ်တိုက် ကိစ္စများ ဖြစ်၏။ မှတ်စုမှတ်ရာ နှင့် စံနစ်တကျ မှတ်တမ်းတင်ထားခြင်း မရှိ။ နှုတ်တိုက်ရွရွ ကျက်ထားသဖြင့် ထိုသူ့မှာ အလွန် အသုံးတည့်သော်ငြား သူသေသောအခါ၌မူ သူတတ်မြောက်ထားသော ပညာများကိုလည်း သူနှင့်အတူ တပါတည်း မြေမြှုပ်သင်္ဂြိုဟ် လိုက်ရလေရာ နောက်လူတို့အဖို့ ဆုံးရှုံးခြင်းကြီးမက ဆုံးရှုံးရ လေတော့သည်။ သူ့ဗိုက်ထဲမှာ ရှိနေသည့်ပညာကို ခွဲစိတ် ထုတ်ယူခြင်းမှာ မတတ်စကောင်းသည့်အတွက် အလွန် အဖိုးတန်လှသော မြန်မာ့ ပညာရပ်များမှာ မြန်မာ့မြေပေါ်မှ တစ်စတစ်စ ကွယ်ပျောက်သွားရ ပေတော့၏။ သို့သော် သူနှင့် နီးစပ်ရာ လူများ သို့မဟုတ် တပည့်များမှာ သူ့ထံမှကြားရသော ပညာရပ် တစ်စွန်းတစ်စကို ရမ်းသမ်းမှန်းသမ်းနှင့် ရမ်းတုတ်ကြ လေတော့ရာ ဟုတ်သည်က နည်းနည်း၊ မဟုတ်သည်က များများ ဖြစ်သဖြင့် ပညာရပ်မှာ တိုးတက်ရမည့် အစား ဆုတ်ယုတ်သွားပြီးလျှင် လူအများ အထင်သေးစရာ၊ ကဲ့ရဲ့စရာ ဖြစ်လာလေတော့၏။
ကျွန်တော်က မြန်မာ့ ဆေးပညာလောက်ပဲ မတောက်တခေါက် လေ့လာဖူးသည် ဖြစ်ရာ မြန်မာ့ဆေးပညာ အကြောင်းပဲ အနည်းငယ် ဆွေးနွေးပါမည်။ အရှေ့တိုင်း ဆေးပညာမှာ အရင်းအမြစ်ကို လိုက်သည်ဖြစ်ရာ သဘာဝကို အခြေခံသည်။ မဟာဘုတ် ဓါတ်ကြီး လေးပါး ဖြစ်သော ရေ၊ မြေ၊ လေ၊ မီး ကို အခြေခံသည်။ (တရုတ်ကျတော့ အာကာသ၊ တောတောင်၊ သမုဒ္ဒရာ များပါထည့်ပြီး ဓါတ်ကြီး ရှစ်ပါးဖြစ်သွား၏)။ အာရုံ ၆ ပါး၊ ဓါတ် ၁၈ ပါး ကို လေ့လာသည်။ ရာသီဥတု နှင့် ညှိသည်။ ဗေဒင်နှင့် တွဲဖက်သည်။ ဆေးကိုကျတော့ သဘာဝ ဆေးပင်၊ ဆေးမြစ်များကို သုံးသည်။
မြန်မာ့ဆေးပညာကို လေ့လာလျှင် ဗေဒင်ကိုလည်း တတ်ထားမှ ဖြစ်မည်။ ဘကြီးမောင်ဟိန်းကတော့ ဆရာလာ ပင့်သည်နှင့် လူနာ့ရှင်ခေါ်ရာ ကောက်ကက်မလိုက်သေးပဲ အလျင် ဗေဒင်တွက်ကြည့်သည်။ သည် လူနာ ကုလို့ရမဲ့ လူနာလား၊ သေမဲ့ လူနာလား။ ရောဂါ ဘယ့်လောက် ကျွမ်းနေပြီလဲ။ သည်တော့ သူလိုက်သွားသည့် လူနာအကြောင်း လူနာကို မမြင်ခင်ကတည်းက သိနေနှင့်သည်။ လူနာကို စမ်းသပ်၊ တွက်ချက်ပြီး ဆေးကို လိုသလောက် ချိန်ပေးလိုက် တော့ ရောဂါ ပျောက်၏။ သည်တော့ ဆရာ ဦးမောင်ဟိန်းဆိုတာ ကွင်းကောက် တထိုးတွင် နာမည်ကြီး လာသည်။ ထို ဘကြီးမောင်ဟိန်းမှာ အခြားသူ မဟုတ်။
ကျွန်တော် အလယ်တန်းတက်တော့ ကျွန်တော်တို့ရွာနှင့် ၁၄ မိုင်မျှဝေးသော ကွင်းကောက် ဆိုသည့် တောမြို့လေးတွင် သွား ကျောင်းတက်ရပါ၏။ ကျွန်တော်တို့ခေါင်းရင်းဘက် တစ်အိမ်ကျော်တွင် မြန်မာ ဗိန္ဓော ဆရာကြီး ဦးမောင်ဟိန်း ဆိုတာရှိပါသည်။ အထက်တွင် ကျွန်တော်ပြောခဲ့သည့် ဘကြီးမောင်ဟိန်း ပင် ဖြစ်ပါ၏။ ကျွန်တော် ငါးတန်းကျောင်းသားဘ၀က အကြီးအကျယ် ဖျားနာ ပါသည်။ သတိများ မေ့မျောသွားသည်ထိ ဖြစ်ခဲ့ပါ၏။ သည် ဘကြီးဦးမောင်ဟိန်း၏ ကုသမှုဖြင့်ပင် နားလန် ထူလာခဲ့တာ ဖြစ်ပါသည်။ နောက်ပြီးသူက ကျွန်တော်တို့ကို ချစ်သဖြင့် သူတတ်သော ဗေဒင်ပညာမှ စ တ, န တ ကလေးများကို ကလေးများနှင့် သင့်တော်မည့် လင်္ကာကလေးများ သင်ကြား ကျက်မှတ် စေခဲ့ပါ၏။ “သူမင်း ချစ်သည်သံ၊ စာတန်းထုတ်လုပ်အံ။ လာဦး နေလိုအံ၊ အပြစ်ချင်း အမြန်။ ကြူကြူ သန်ပြန်ကျွေး၊ သူသူဇာ နှောင့်နှေး။ လှိုက်ဆူ တုံလို့ ဆွေး...” ငယ်ငယ်တုံးကတော့ ဘာတွေမှန်းမသိ။ ဘကြီးကို ကြောက်ချစ်မှုဖြင့်သာ ကျက်မှတ်ခဲ့ရသည်။ တန်ဖိုးထားရ ကောင်းမှန်းမသိ။ ကြီးလာလို့ သဟာတွေ လိုက်စားလာတော့မှ ဘကြီးကို အသည်းအသန် လိုက်ရှာရသည်။ သည်အချိန် ကျတော့ ဘကြီးဟိန်းမှာ ဘုန်းကြီးဝတ်ကာ လူမနီးသူမနီး ကျောင်းကလေးမှာ တရားနှင့် မွေ့လျော်နေပြီ ဖြစ်ပါ၏။ သို့သော် ကျွန်တော် သိချင်သည်များကို ရှင်းပြကာ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အင်္ဂ၀ိဇ္ဇာ စာအုပ်တောင် ပေးလိုက်ပါသေးသည်။
ဗေဒင် ဆိုလို့ နှာခေါင်းမရှုံ့ပါနှင့်။ မိတ်ဆွေတို့ နှာခေါင်းရှုံ့သည့် ဗေဒင်မျိုးမဟုတ်ပါ။ ခုနှစ်သက္ကရာဇ်ကို ၇ နှင့်စား။ ၃ ကြွင်းလျှင် ဘာဖြစ်မည်။ ကြာသပတေးနေ့တွင် နန်းကြီးသုတ်စားပြီး လိုရာ ဆန္ဒပြုပါ။ ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်။ ( အမှတ် ၂၈၅၊စက်တင်ဘာ၊ ၂၀၀၈၊ မဟေသီ) ဆိုတာတွေနှင့် နည်းနည်း ကွာပါသည်။
(မြန်မာ့ဆေးမှန်လျှင် ဗေဒင်နှင့် မကင်းစကောင်းသမို့ သည်နေရာတွင် သမားဂုဏ် ပြသည့်အနေနှင့် ဗေဒင်အကြောင်း ကျွန်တော့်ကို နည်းနည်း လျှာရှည်ခွင့်ပြုပါ။ စိတ်မ၀င်စားသူများ ကျော်ဖတ်ကြပါကုန်၊ ဗေဒင်အကြောင်း ရှင်းပြပြီးမှ မြန်မာ့ဆေးနှင့် ဗေဒင် ဘယ်သို့ဆက်စပ်နေသည်ကို ဆက်လက်ဆွေးနွေးပါအံ့)။
ဗေဒင်ပညာကို အပိုင်းနှစ်ပိုင်းခွဲလို့ ရပါသည်။ လက်ရိုးနှင့် လက်ဆန်း ဟူ၏။ လက်ဆန်းဗေဒင် ဆိုသည်မှာ မဟာဘုတ်၊ မဟာဇနက္ကဟောကိန်း စသည်များကို ခေါ်ပါသည်။ ဤဟောနည်း တော်တော်များများလည်း ကျွန်တော့်ထံ တွင် ပေါင်းချုပ် စာအုပ်လိုက် ရှိပါ၏။ သို့သော် လေ့လာရုံမျှဖြစ်ပြီး လက်တွေ့ အသုံးမချခဲ့ဖူးပါ။ ထို လက်ဆန်း ဗေဒင်ကို ၀ါသနာပါသူများ အောက်ပါ web page တွင် ၀င်ရောက် လေ့လာနိုင်ပါ၏။
Ref. 70: http://horo.mandalayalpha.com/
လက်ရိုးဗေဒင် ဟူသည် ကောင်းကင်ဂြိုဟ်သွားကို တွက်ချက်ပြီး အဖြစ်အပျက်တစ်ရပ်၏ ရှေ့ဖြစ်၊ နောက်ဖြစ်တို့ ကို ဆန်းစစ်၊ ဟောကိန်းထုတ်ခြင်း ဖြစ်ပါ၏။ လူအများ နားယဉ်နေကြသော ဇာတာ ကောင်းသည်၊ ဇာတာ ညံ့သည်၊ ဇာတာ ဆေးသည် စသည်တို့မှာ လက်ဆန်းဗေဒင် နှင့် မသက်ဆိုင်။ ဤလက်ရိုးဗေဒင် ၏ အရာသာ ဖြစ်ပေသည်။ ဤဗေဒင်ကား အလွန်သိမ်မွေ့ နက်နဲလှသည် ဖြစ်ရာ သင်ယူ တတ်မြောက်ရန် မလွယ်ကူ။ ထို့ပြင် လူတစ်ဦး၏ ကံကြမ္မာ ကွက်ကွက်ကလေးကို တွက်ချက်ခြင်းမျှ မဟုတ်မူ၍ လုပ်ငန်း တစ်ခု၊ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အဆောက်အဦး တစ်ခု၊ အဖြစ်အပျက်တစ်ခု၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည့် အရာအားလုံးကို တွက်ချက် ဆန်းစစ်လို့ ရပေရာ တော်ရုံတန်ရုံ လေ့လာရုံမျှနှင့် တတ်မြောက်ဖို့ဆိုတာ အတော့်ကို မလွယ်ကူပါ။
တွက်နည်းများသည် ရှုပ်ထွေး နက်နဲလှသလို အဟော များမှာလည်း အလွန် ကျယ်ဝန်းပါသည်။ ရှုထောင့် အမျိုးမျိုးမှ နေ၍ ပရိယာယ် အမျိုးမျိုးအလိုက် ချိန်ဆ ဟောပြောရလေရာ ဤဗေဒင်ပညာကို သင်ယူခြင်းသည် ဦးဏှောက်နည်းသူတို့၏ အရာမဟုတ်။ ကိုယ်ကျင့်သိက္ခာ မစောင့်ထိန်းနိုင်သူများ အနားမျှ မသီနိုင်။ စိတ်ယုတ်မာ ရှိသူများ နှင့် လားလားမျှ မဆိုင်သော ပညာရပ် ဖြစ်ပေ၏။ ရှေးအခါကမူ သာမန်လူတို့ သင်ကြား ဟောပြောခြင်းထက် တောမှီ ရသေ့ သူတော်စင်ကြီးများသာ သင်ယူ ဟောပြောသော ပညာရပ် တစ်ခုလည်း ဖြစ်ပေသည်။
ဤ၌ တစ်ခုပြောလိုသည်မှာ အချို့သူများ ကြားဖူးသလို သာမ၊ ယဇု၊ ဣသျှု၊ အာထဗ္ဗန ဟူသည့် ဗေဒင် လေးပုံဟူသည် စင်စစ် ဗေဒင် ကျမ်းများ မဟုတ်ပဲ ဟိန္ဒူဘာသာဝင်တို့၏ ယဇ် ကိုးကွယ်မှု ဆိုင်ရာ ကိုးကွယ်ပုံ၊ ကိုးကွယ် နည်း နှင့် ထို အခန်းအနားများတွင် ရွတ်ဖတ် သရစ္ဇျာယ်ရသော ဂါထာ၊ ယန္တယားများသာ ဖြစ်ပေသည်။ ကျွန်တော်တို့ ရှေးရိုးရာ မြန်မာကြီးများကမူ အာထဗ္ဗန ဗေဒင်ကျမ်း ဟူသည် ရှေ့ဖြစ်များကို ဟောကြားထားသော အလွန် တိကျ မှန်ကန်သည့် ဗေဒင်ကျမ်းကြီး ဖြစ်ပေရာ အနာဂါတ်ကိုသိလျှင် လူတွေ ဒုက္ခများတော့မည် ဟု စိုးရိမ်သော သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက ထို ဗေဒင်ကျမ်းကို ကွယ်ပစ်လိုက်ကာ ကျန် ဗေဒင် သုံးပုံကိုသာ ချန်ရစ်ခဲ့သည် ဟု မှားယွင်းစွာ မှတ်ယူထားပါ၏။ စင်စစ် ဗေဒင် ဟူသည် ဝေဒ ကို မြန်မာမှု ပြုလိုက်ခြင်းဖြစ်၍ ဝေဒ ဟူသည် ဝေဒင်္ဂ မှ ဆင်းသက် လာပါ၏။ ရောင်ခြည်၊ အလင်းတန်း ဟု အဓိပ္ပါယ် ရပါသည်။ အဘယ် ရောင်ခြည်၊ အလင်းတန်းများနည်း ဟူမူ ကောင်းကင်တွင် မြင်တွေ့နေ ရသော ဂြိုဟ်၊ နက္ခတ်၊ တာရာ များမှ လာသော အလင်းတန်းများ ဖြစ်ပါ၏။
ဤပညာရပ်ကား အလွန် ကျယ်ဝန်းလှပေသည် ဖြစ်ရာ ဤနေရာတွင် အပြည့်အစုံဖော်ပြခြင်းငှာ ဖြစ်နိုင် စကောင်းသော အရာမဟုတ်။ ဗေဒင်ဆရာတို့၏ လုပ်ရပ်များကြောင့် ဗေဒင် ပညာရပ်အပေါ် အထင်သေးနေသော မိတ်ဆွေတို့ ဗဟုသုတ ရစေရန် အလို့ငှာ ကျွန်တော်က နည်းနည်း အမြည်းပေးလိုက်ခြင်း သာ ဖြစ်ပါ၏။
ဤဗေဒင်ပညာရပ်သည် ကိုယ်ကျင့်သီလနှင့်လည်း တိုက်ရိုက် ပတ်သက်နေ၏။ စရဏတရား အားကောင်း သော ပညာရှင် ဟောပြောလျှင် လျှာကို နတ်စီးသည် ဟု ယူဆကြပါသည်။ သူဟောပြော သည့်အပေါ် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင်မ ကြည့်ရှုကြသည် ဟု ဆိုလိုရင်း ဖြစ်ပါ၏။ သေသေချာချာ တတ်မြောက် သူ သူတော်စင် ဗေဒင်ဆရာတစ်ဦး အဖို့ လူနာတစ်ဦးကို ဟောရာတွင် ဓါတ်ခွဲခန်းသွားပြီး ဓါတ်မှန်ရိုက်စရာ မလို။ ဇာတာ ကို ရှေ့ချပြီး အသည်းမှာဖြင့် အဆီဖုံးနေသည်။ ကျောက်ကပ်မှာ မယ်လမင်း တွေ ကျောက်ဖြစ်ပြီး တည်နေသည်။ ဆီးချို ဖြစ်နေတာ ဘယ်လောက်ကြာပြီ စသဖြင့် အတပ် ဟောလို့ရသည်။ သည့်အပြင် သည်ရောဂါကို ကုလို့ရမည်။ မည်သည့်နှစ်တွင် ရောဂါ ပျောက်မည်၊ သို့မဟုတ် သည်ရောဂါကား ကုလို့ရမည့် ရောဂါမဟုတ်။ သည်ရောဂါနှင့်ပင် မည်သည့် အသက်အရွယ်တွင် ကွယ်လွန်လိမ့်မည် စသည် အပ်ချ မတ်ချ ဟောလို့ ရသည်။
တိုင်းပြည် မင်းပြောင်းမင်းလွဲ၊ စီးပွားရေး အတက်အကျ၊ ဆီဈေး၊ ဆန်ဈေး၊ ငြုပ်၊ ကြက်သွန်ဈေး များမှ အစ ကမ္ဘာ့ရွှေဈေးများကိုပါ ဟောပြောလို့ ရသည်။ ဆူနာမီလို၊ နာဂစ်စ်လို သဘာဝ ကပ်ဆိုးများကို တင်ကြိုခန့်မှန်း နိုင်မည်။ သို့သော် ကျွန်တော် အထက်တွင် ပြောခဲ့သလို ကျောက်သင်ပုန်းပေါ်တွင် ဂဏန်းကလေး သုံးလေးလုံး ဟိုခြစ်၊ သည် ခြစ် ခြစ်တတ်ရုံမျှ နှင့် ဖြစ်နိုင်စရာ အကြောင်းမရှိ။
(သည် ကပ်ဆိုးကြီးများအကြောင်း အဘယ်ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှ ဗေဒင်ဆရာ အကျော်များ တင်ကြို မဟောပြောနိုင် ကြပါသနည်း။ မေ့လျော့နေလို့လား၊ သို့မဟုတ် တိုင်းပြည်၏ ဇာတာကို တွက်ချက် မကြည့်မိကြလို့လား၊ သို့မဟုတ် ထမင်းစားရဘို့ အရေး လုံးပန်းနေရတာနှင့် အဲသည်ဘက် မလှည့်ဖြစ်လို့လား၊ သို့မဟုတ် အဲသည် အဆင့် အထိ မတွက်တတ်ကြလို့လား၊ တစ်ခုခုတော့ မှားယွင်း နေပါ၏)
သည် လက်ဆန်းဗေဒင်ကို အပိုင်း သုံးပိုင်းခွဲပြီး လေ့လာနိုင်ပါသည်။ ဂဏိတ၊ ဖလိတ နှင့် သံဟိတ ဖြစ်ပါ၏။ ဂဏိတ မှာ ပထမဆုံး အဆင့် ဖြစ်၍ ဟောဘို့အတွက် အဓိက လက်နက်ဖြစ်သော အချက်အလက်များ စုဆောင်းခြင်း၊ တစ်နည်းဆိုရလျှင် တွက်ချက်ခြင်း ဖြစ်ပါ၏။ ၁၉၈၇၊ ၈၈ ခုနှစ်များက ကျွန်တော် ဗေဒင်ပညာကို လေ့လာ လိုက်စားစဉ် အတွက်နှင့် ပတ်သက်၍ ကျွန်တော့်အထင် ဗေဒင်လောကရှိ အတွက် အချက်များ အားလုံး၏ ၉၀ ရာခိုင်နှုံးမျှ သင်ယူ လေ့လာခဲ့ပါသည်။ ကျွန်တော် မလေ့လာခဲ့မိတာ space geometry တစ်မျိုးသာ ကျန်ပါ၏။ အဘယ်ကြောင့် ဆိုသော် လေ့လာနေရင်း ၁၉၈၈ နှင့် တိုးသွားသည့် အတွက် ဖြစ်ပါ၏။ ဂဏိတပိုင်းမှာ အလွန်များပြား ကျယ်ဝန်းလှပါသည်။
ဒုတိယ အပိုင်းက ဖလိတ - အဟော ဖြစ်ပါ၏။ အထက်ပါ တွက်ချက်၍ ရသော အချက် အလက်များကို အခြေခံပြီး ဟောပြောရခြင်း ဖြစ်၍ ဂဏိတမှာ အလွန် အရေးကြီးပါသည်။ ဘယ်လောက် အဟော ကောင်းကောင်း၊ သည် အဟောမှာ အတွက်ပေါ် အခြေခံရသည် ဖြစ်ရာ အတွက် မှားသည်နှင့် အဟောအားလုံး မှားတော့မည် ဖြစ်၏။ အဟောပိုင်းကျတော့ ဦးဏှောက်ကို စေစားရပါသည်။ ပေးထားသော ဥပဒေသ၊ ပရိယာယ် များကို အသုံးချကာ မိမိ ဉာဏ်နှင့် ဆင်ခြင်၍ ဟောပြောရခြင်း ဖြစ်ပါ၏။ သည်အဟောကို စလေ့လာတော့ ကျွန်တော့်မှာ အတော် အူချာလည် ရိုက်ကာ အတော့်ကို ကြိုးစားပမ်းစား ယခင် ဆရာ့ဆရာကြီးများ၏ အယူအဆများကို လေ့လာခဲ့ရပါ၏။ တော်တော် အချိန် ယူခဲ့ရပါသည်။ နောက်တော့မှ ဖြည်းဖြည်းချင်း သဘောပေါက် လာပါ၏။ တွေးခေါ်တတ်သွားပြီ ဆိုတော့လည်း ဗေဒင် ဟောရတာ အင်မတန် စိတ်ဝင်စားစရာလည်း ကောင်း၊ ပျော်စရာလည်း ကောင်းလာပါ၏။
ကျွန်တော် အပျော်တမ်း ဟောခဲ့သည်များတွင် အမှတ်တရ၊ ပီတိဖြစ်စရာ ကလေးတစ်ခု ရှိခဲ့ပါ၏။ စိုက်ပျိုးရေး တက္ကသိုလ် ရောက်စက ခင်မင်ရင်းနှီးသော ဆရာမ ကလေးတစ်ယောက်ကို ဇာတာဖွဲ့ကာ ဟောစာတမ်းတစ်ခု ရေးပေး လိုက်ပါ၏။ နောက် ကျွန်တော် ကျောင်းမှ ထွက်ခွါခဲ့ပြီး ဆယ်နှစ်ခန့်အကြာ စင်ကာပူတွင် အလုပ်လုပ်နေစဉ် ထို ဆရာမ ကလေးက ဂျာမဏီမှ လှမ်းဖုံးဆက်ကာ ကျွန်တော် ရေးပေးခဲ့သော ဟောစာတမ်းမှာ မှန်ကြောင်း၊ ကျွန်တော့် ဟောစာ တမ်း ပါ ခုနှစ်သက္ကရာဇ် အတိုင်း ဂျာမဏီသို့ သူ ပညာတော်သင် ထွက်ခွါခဲ့ရကြောင်း ပြောပြပါ၏။ လွန်ခဲ့သော ဆယ်နှစ် က ဟောခဲ့သည်ကို အဘယ်မှာလျှင် ကျွန်တော် မှတ်မိနိုင်ပါမည်နည်း။ သို့သော် သူပြောပြတော့ ကျွန်တော် ၀မ်းသာရ ပါ၏။ ခုတော့လည်း ထို ပညာရပ်များနှင့် ကင်းကွာနေသည်မှာ ဆယ်စုနှစ် တစ်ခုပင် မကတော့ပါ။ အားလုံးနီးပါးကို မေ့ကုန်ပြီ ဖြစ်ပါ၏။ စိတ်မကောင်းစရာပါပေ။ သို့သော် သံယောဇဉ်တော့ မကုန်သေးပါ။ ပြန်လေ့လာဦးမည် ဖြစ်ပါသည်။
နောက်ဆုံး အပိုင်းမှာ သံဟိတ - ယတြာ ဖြစ်ပါ၏။ အလွန် အရေးကြီးပါသည်။ ၈၈ ခုနှစ် သြဂုတ်လ အရေးအခင်း နှင့် ကြုံခဲ့ရပြီးနောက် ယတြာ ပိုင်းကို သေသေချာချာ မသင်လိုက်ရတော့ပါ။ ယူဆပုံ အနည်းအကျဉ်း လောက်သာ လေ့လာခဲ့ရပါသည်။ သည်တွင်လည်း ယတြာ ဟူသည် အများသိသလို ကြာသပတေးနေ့တွင် နန်းကြီး သုတ်စားပြီး လိုရာ ဆန္ဒပြုပါ ဆိုသည်ထက် အများကြီး အဓိပ္ပါယ် ပိုပါသည်။ ရိပ်မိရုံလောက် ပြောပြရလျှင် -
အထက်ဖော်ပြပါ လူကို စိုးမိုးနေသော ဓါတ်ကြီးလေးပါးအနက် မည်သည့်ဓါတ် ချို့ယွင်းနေသည်ကို တွက်ချက် ပြီး ထိုဓါတ်အားကောင်းစေမည့် အ၀တ်အထည်၊ အစားအသောက်၊ နေထိုင်ရာ အရပ်၊ ၀တ်ဆင်ရမည့် ကျောက်မျက်၊ ပန်းမာန် စသည်တို့ကို ၀တ်ဆင်၊ သုံးစွဲ၊ စားသောက်ရန် အကြံပြုခြင်း ဖြစ်ပါ၏။
သည်တွင် ဗေဒင်နှင့် မြန်မာ့ဆေးပညာ မည်သို့ ဆက်နွယ်နေသည်ကို လူကြီးမင်းတို့ ရိပ်မိလောက်ပြီ ထင်ပါ၏။ သဟာမှ မရိပ်မိသေး၍ ဆက်ပြောပြပါ ဆိုလျှင် -
မြန်မာ့ ဆေးပညာက လူဟူသော ရုပ်ခန္ဓာကြီးတွင် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်ကြီး လေးပါး မျှတ နေမှ နေလို့ထိုင်လို့ကောင်းမည်။ ထို မဟာဘူတ ဓါတ်ကြီး လေးပါးအနက် တစ်ပါးပါး ဖောက်ပြန်လာပါက နေမကောင်း ဖြစ်ပြီ။ သည်တော့ ဘယ်ဓါတ် ချို့တဲ့နေသလဲ ဆိုတာ သိဘို့လိုသည်။ သည်အခါ အရာရာကို ချိန်ဆရတော့သည်။ ပထမ လူနာ၏ ရုပ်လက္ခဏာကို ကြည့်ရသည်။ အသားအရေတွေ သိပ်ကြမ်းတမ်းနေလျှင် ပထ၀ီ ဓါတ် လွန်ကဲနေသည်။ ချွေးသီး ချွေးပေါက်များ အလွန်ထွက် နေလျှင် အာပေါဓါတ် လွန်ကဲနေသည် စသဖြင့် ခန့်မှန်းရသည်။ နောက် လက်ရှိ ရာသီဥတု က ဘာဓါတ်လွန်ကဲ နေသော ရာသီဖြစ်သနည်း ဆိုသည်ကို ကြည့်ရသည်။ ထို့ပြင် ဘာနက္ခတ် စိုးမိုးနေသော ကာလ ဖြစ်သည်ကို စူးစမ်းရသည်။ လူနာ၏ ဓါတ်ဆန်း ဓါတ်ပျက်၊ စုတ်ဆန်း စုတ်ပျက်၊ တြင်းသုဉ်း၊ န၀င်းသုဉ်း စသည်တို့ကို တွက်ချက်ကြည့်ရသည်။ ပါဒ် ပါဒ် ခြောက်ခု၊ မြွေပွေးတု။ တစ်ဆယ့်နှစ်ခု၊ နဂါးတု စသည်တို့နှင့် ချိန်ကိုက် ကြည့်ရသည်။
အားလုံး အဖက်ဖက်မှ တွက်ချက်၊ စဉ်းစား၊ ချင့်ချိန်ပြီးသကာလ သည် လူနာ ကို အဘယ်ကဲ့သို့ ကုသရမည် ကို ဆုံးဖြတ်ရသည်။ မှားလို့ မရ။ တစ်ချက်မှားသည်နှင့် အသက်ပါသွားနိုင်သည်။ မြန်မာ့ဆေးနည်းသည် အလွန်စွမ်းသလို ကုသချက် မှားပါကလည်း အသက်အန္တရာယ်ကို ထိခိုက်နိုင်သည်။ လူနာကလည်း ဆရာညွှန်ကြားသည်ကို တသဝေ မတိမ်း လိုက်နာဘို့ လိုသည်။ ရေပူ နှင့် ရေအေး လွဲတာနှင့်ပင် ဒုက္ခများ သွားနိုင်သည်။
သည်တွင် မြန်မာဆေးကုသနည်း နှင့် အနောက်တိုင်း ဆေးကုသနည်း ကွာသည်မှာ မြန်မာ့နည်းက လိုအပ်မှ ဆေးပေးပြီး မလိုအပ်ဘဲ ဆေးမသုံး။(ဤနေရာတွင် ပြောလိုသည့် ဆေး ဆိုသည်မှာ အနောက်တိုင်း ဆေးများကဲ့သို့ ရောဂါအတွက် ရည်ရွယ်ပြီး ဖော်စပ်ထားသော ဆေးကို ဆိုလိုပါသည်။) အထက်တွင် ဖော်ပြသကဲ့သို့ မြန်မာ့နည်းမှာ ဖောက်ပြန်သွားသော ဓါတ်ကို ပြန်လည် ပုံမှန်အတိုင်းဖြစ်လာအောင် တည့်မတ်ပေးဘို့လိုရာ ထိုသို့တည့်မတ်ရာတွင် လူနာနှင့် တည့်မည့် အ၀တ်အထည်များကို ၀တ်စေခြင်း ဖြင့်လည်းကောင်း၊ လူနာ အတွက် စားသင့်ရာ ဓါတ်စာကို စားစေခြင်း ဖြင့်လည်းကောင်း၊ လိုနေသော ဓါတ်ကို အားပြည့်စေမည့် တူရိယာသံ များကို နားဆင်စေခြင်း ဖြင့် လည်းကောင်း၊ ထိုဓါတ် အားကောင်းလာစေမည့် သစ်ရွက်၊ သစ်ခက်၊ ပန်းမာန်များ ပန်ဆင်စေခြင်း ဖြင့်လည်းကောင်း ကုသခြင်း ဖြစ်ပေသည်။ ဆေးစားဘို့လိုသည်မှာ အခြေအနေအရ သာဖြစ်ပြီး အခါခပ်သိမ်း မလို။
သို့ဆိုလျှင် အစ်ကို သိပံ္ပကျောင်းသားတို့ ကွန်ပလိန်း တက်စရာ ရှိပါ၏။ သည်လိုဖြင့် ဆရာရယ်၊ ငှက်ဖျား ကို ဖြစ်စေတဲ့ ဗိုင်းရပ် ပိုးတွေကို အစ်ကို့ ဗမာနည်းနဲ့ ဆေးမကျွေးပဲ ဘယ်လို သေအောင် သတ်မလဲ ဟု မေးပါ။
အစ်ကို ကိုသိပ္ပံတို့ အထက်က ကျွန်တော်ရေးခဲ့တာ သေသေချာချာ မဖတ်ခဲ့ဘူး ထင်ပါ၏။ အထက်တွင် ကျွန်တော်ပြောခဲ့သည့်အတိုင်း မြန်မာ့ ဆေးပညာက အကျိုးကို သတ်သည့်နည်း မဟုတ်၊ အကြောင်းကို သတ်သည့် နည်းဖြစ်ရာ ဗိုင်းရပ်ကို လိုက်သတ်ဖို့ကတော့ဖြင့် ပိုးသတ်ဆေးစားရုံ ရှိတာပဲ၊ ဘာ အနောက်တိုင်းနည်းထက် ပို ထူးလိမ့် မတုံး။ ခု ကျွန်တော်တို့က အကြောင်းကို သတ်သည့်နည်းကို ဆွေးနွေးနေတာ ဖြစ်သဖြင့် ထို ဗိုင်းရပ်များ ဘာ့ကြောင့် လူကိုယ်ခန္ဓာထဲ အကြာကြီး အသက်ရှင်နေ သလဲ။ သဟာဖြင့် သည် သကောင့်သားများ အသက်မဆက်နိုင်သည့် သဘာဝ လူ့ခန္ဓာကိုယ်ထဲမှာ ဘယ်သို့ ဖန်တီးပေးမလဲ စသဖြင့် ဖြစ်ပါ၏။ ဒါ ကျွန်တော်က လူပြိန်းတစ်ဦးအနေနှင့် ကိုယ် နားလည်သလို ပြန်ပြောပြခြင်း ဖြစ်ပါ၏။ တကယ့် ဆေးပညာမှာ သည့်ထက် ပို နက်နဲပါသည်။
သည်မျှဆိုလျှင် မိတ်ဆွေတို့ မြန်မာပြည်သူ လူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အကြောင်း အနည်းငယ် သိရှိသွားပြီ ဖြစ်ပါ၏။ ကျေးရွာအုပ်စု တစ်ခု ကို သားဖွားဆရာမ တစ်ဦးထားပေးကာမျှဖြင့် ထို ကျေးရွာများအတွင်းမှ ရွာသူရွာသားများ ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖူလုံနိုင်မည် ဟု သင် ထင်ပါသလား။ ကျွန်တော်တို့ တိုင်းသူပြည်သား များအတွက် သည့်ထက် ပိုကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် တစ်ရပ် မရှိသင့်ပေဘူးလား။ သည်ဟာ ကတော့ အစိုးရ မှ တတ်နိုင်ပါလိမ့်မည်။ ( သယ် - ဒီ အစိုးရ ဆိုတာ ကြီးပဲ ပြန်ပြန် ရောက်ရောက် လာတယ်။ အဲဒီ အစိုးရ ဆိုတာကြီးကို နင် ဘာတတ်နိုင်လို့ လဲ၊ ကိုယ်လုပ်နိုင်တာလုပ်၊ မလုပ်နိုင်တာကြီး သွားသွား ဆွ မနေနဲ့)။
ကျွန်တော့် သဘောအရ ပြောရလျှင် လူအထင်သေး ခံနေရသည့် တတ်မြောက်ရန်လည်း ခက်ခဲသည့် မြန်မာ့ ရိုးရာ ဆေးပညာကို တိုင်းရင်းဆေးတက္ကသိုလ်များ ရှိနေသည့်တိုင် ဤကျောင်းများကို လွှတ် သင်ခိုင်း၊ ပြီးတော့ တောတွင် ဓါတ်ဗိန္ဓော ဆရာ ပြန်လုပ်ခိုင်း ဘို့ အနည်းငယ် အလှမ်းဝေးနေပါသေးသည်။ နောက်ပြီး မည်သူက ကမကထ လုပ် နှိုးဆော် ပေးမည်နည်း။ မည်သူ့ကို လွှတ်မည်နည်း။ မည်သည့်ပိုက်ဆံနှင့် လွှတ်မည်နည်း။ သည်ကျောင်းတက်ဖို့ မည်သည့် အရည်အချင်းများ လိုသနည်း။ ထိုအရည်အချင်းရှိသူ တစ်ရွာလျှင် မည်မျှ ရှိမည်နည်း။ သည်ခေတ် လူငယ်တွေကရော သည် ဗိန္ဓောဆရာ ဆိုသည်ကို စိတ်ဝင်စားပါ့မလား စသည် စသည်။
သည်တော့ ဖြစ်နိုင်ချေရှိသည်မှာ ပြည်သူများကို ကျန်းမာရေး အသိပညာ ပေးဘို့ ဖြစ်ပါသည်။ အဓိက ကတော့ ရောဂါ မဖြစ်အောင် ကာကွယ်ဘို့ ဖြစ်ပါ၏။ ဤသည့်အဆင့်လောက်ကတော့ ဘာမှ သိပ်မခက်ပါ။ လုပ်ချင်သူများရှိလျှင် လုပ်နိုင်ပါသည်။
ကျေးရွာ လူကြီးများနှင့် ရွာရှိ မူလတန်းကျောင်း ဆရာ၊ ဆရာမများ၊ တက်တက်ကြွကြွရှိသည့် လူငယ်တို့ ပူးပေါင်းပြီး ရွာများတွင် လက်ရှိ ရှိနေသည့် midwife ဆရာမကလေးများက သူတို့တွင် ရှိပြီးသား ကျန်းမာရေး ဗဟုသုတ များအား ပြန်လည် ဟောပြောပြသခြင်း၊ ဘ၀တွက်တာ သိမှတ်စရာ ကဲ့သို့သော စာစောင်များကို များများရိုက်နှိပ်ကာ သင်တန်းများ ပေးခြင်း၊ ရှေးဦးသူနာ ပြုစုနည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အခါအားလျော်စွာ မြို့နယ်ဆရာဝန်ကြီးကို ပင့်ဖိတ်ကာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ရွာရှိလူငယ်များကို ကြက်ခြေနီ ကဲ့သို့သော အဖွဲ့များ ဖွဲ့ပေးကာ မြို့နယ် ကျန်းမာရေး လှုပ်ရှားမှုများကို သွားရောက် လေ့လာစေခြင်း၊ ဆေးရုံများသို့ သွားရောက် လေ့လာစေခြင်း။ အခြားကျေးရွာများသို့ သွားကာ ရှေးဦးသူနာ ပြုစုနည်း သရုပ်ပြခြင်း၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့မှ ၀ါရင့် နာ့စ် ကြီးများကို ပင့်ဖိတ်ကာ မိခင်များ နှင့် မိခင်လောင်းများအား စာတွေ့ လက်တွေ့ သင်ကြားပေးခြင်း။ အိုဗျာ၊ လုပ်မယ် ဆို လုပ်စရာတွေ အများကြီးပါ။
အို - တာဝန်ရှိပါသည် ဆိုသော လူကြီးလူကောင်း အပေါင်းတို့၊ အသင်တို့ အလုပ်မရှိ အကိုင်မရှိ၊ တစ်နေ့ တစ်နေ့ ဘာလို့ အချိန်တွေကို ဖြုံးတီးနေကြပါသနည်း။ ဟို ဘွဲ့ရ ဆိုသည့် မောင်ဟိုဒင်း၊ မဟိုဒင်း ကလေးများရော။ ဘာတွေ လုပ်နေကြသနည်း (အစ်ကိုကြီးရယ်၊ ပြောလဲ ခံရမှာပဲ။ ကျွန်တော်တို့ ဘွဲ့ရ ဆိုတာ နာမည်ခံပါဗျာ။ ဘာမှ တတ်တာ မဟုတ်ပါဘူး။ အနို့ တတ်ဖို့ကိုလဲ ကြည့်အုံးလေ။ စာပေးစာယူသာ ဆိုတာ။ ဘာစာစဉ်မှ ဖတ်စရာ ရေရေရာရာ ရတာ မဟုတ်ဖူး။ စာမေးပွဲနား နီးမှ အနီးကပ်သင်တန်း ဆယ်ရက် ကို ကသုတ်ကရက် သွားတက်၊ နောက်ပြီး ခိုးချဖြေ၊ အောင်လာကြတာ။ ဟေ - တကယ်။ အဟုတ်ပါခင်ဗျာ။ မိုးကြိုးအတုံးလိုက် ပွတ်ရပါစေရဲ့။)
ကျွန်တော်တို့ ရွာတွင် စနေဓမ္မ မိတ်ဆွေများအဖွဲ့၏ ကောင်းမှု ဖြင့် ဆေးပေးခန်းကလေး တစ်ခု ဆောက်လုပ် လှူဒါန်းလိုက်ပါ၏။ အော့ဖ် ကော့စ်၊ ကျွန်တော်တို့ အလှူငွေမပါဘဲ စနေဓမ္မ မိတ်ဆွေတစ်ခုထဲ ဘယ့်နှယ့်လုပ် ဖြစ်ပါ့မတုံး။ ထားပါတော့၊ ဆေးခန်း ဆောက်ပြီးသွားတော့ ဆေးခန်းဖွင့်ပွဲလေး ကျင်းပပါသည်။ သည်တွင် အခန်းအနားသို့ တက်ရောက်လာသူ အများစုမှာ ယူနီဖောင်းဝတ်များ ဖြစ်သည်ဟု မမက ပြန်ပြောပြပါသည်။ ဟိုက် ရှာလပတ်ရည်။ အဆင့်ကတော့ ရေလွတ်နေပါ၏။ ကျွန်တော်တို့ကဲ့သို့ တောရွာလေးတွင်ပင် မီးသတ်ဝတ်စုံနှင့်၊ မိခင်နှင့်ကလေး ၀တ်စုံပြာများ နှင့်၊ ကြံ့ဖွတ် ၀တ်စုံများနှင့်။ ကျွန်တော်တောင် အတော် ဖျားသွားရပါ၏။
အို၊ ကိုယူနီဖောင်း၊ မယူနီဖောင်းများတို့။ အသင်တို့ ရပ်ရွာ ကောင်းရာ ကောင်းကျိုးများကို အဘယ်မျှ သယ်ပိုး ပြီးသွားပါပြီနည်း။ သင်တို့ယူနီဖောင်းများသည် သည်ကဲ့သို့သော အခန်းအနားကျင်းပလျှင် လူမြင်ကောင်းရုံ ၀တ်ဖို့မျှသာ ဖြစ်ပါသလား။ ကျွန်ုပ်တို့တိုင်းပြည်သည် ဖင်ဝါလေရှူးများဖြင့် အချိန်ကုန်ကာ လူပန်းနေခဲ့ကြသည်မှာ ရာစုနှစ် တစ်ဝက် ပင် ကျိုးခဲ့ပြီ ဖြစ်ပါ၏။ ကျွန်ုပ်တို့ လိုအပ်နေသည်မှာ ယူနီဖောင်းလှလှ ကလေးများ မဟုတ်။ ချွေးသံများ ရွှဲနစ်နေသော အ၀တ်အစားများ ဖြစ်၏။ ယူနီဖောင်းဝတ်ချင် သပ ဆိုလည်း ၀တ်ပါ။ သည့်ပြင် ကိုရင်တို့ ရပ်သူရွာသားများအတွက် လည်း ရေမြောင်းပုပ်များ ဖော်တာ၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းတာ၊ အများပြည်သူသုံး ရေကန်များဖော်တာ၊ ဗွက်ထနေ သော လမ်းကို ဖို့တာ စတာလေးတွေလည်း လုပ်ပေးပါဦး။ သဟာ ဆိုလျှင်ဖြင့် လူသာဓုခေါ်၊ နတ် သာဓုခေါ်ကာ ကိုယ်ရင် တို့ ၀တ်ထားသော ယူနီဖောင်းများသည် ချွေးများဖြင့် ရွှဲလာပြီး ပိုမို အဓိပ္ပါယ် ပြည့်ဝလာမည် ဖြစ်ပါသည်။ သည့်ထက် ပိုပြီး ပြောရလျှင် အထက်စာပိုဒ်ပါ ကျွန်တော်ရေးပြခဲ့သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကလေးများကိုသာ ခင်ဗျားတို့ ကလေးတွေ လုပ်ကြမည် ဆိုပါလျှင် -
ခင်ဗျားတို့သည် ရန်ကုန် ဆူးလေသွားကာ ခြင်းထဲထည့်လှောင်ထားသော ငှက်ကလေးများကို ၀ယ်ပြီး မွေးနေ့ မို့ နင့်အသက် တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ် ဟု အဓိပ္ပါယ် ယတ္ထာယ ကင်းမဲ့သော အလုပ်များကို လုပ်နေစရာ မလိုတော့။ ဇီဝိတ ဒါနကို အမြဲ လုပ်ပြီး ဖြစ်နေပေလိမ့်မည်။ (တောက်၊ ငါနော် နင်တို့ကြည့်ရတာ အားမရလိုက်တာ။)
အမှန်ကတော့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ကျန်နေပါသေးသည်။ သို့သော် သိပ် အရမ်းရှည်သွားလျှင် ငြီးငွေ့ စရာကြီး ဖြစ်လာလိမ့်မည်။ နောက်မှ ရေးချင်တာတွေ ထပ်ရေးပါဦးမည်။ ခုတော့ သည်မျှနှင့် ရပ်ပါဦးအံ့။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Tuesday, September 30, 2008
Public Health Care
ကျန်းမာရေး
နောက်တစ်ခု ကျွန်တော်ဖွချင်သည်မှာ ပြည်သူ့ကျန်းမာရေး ဖြစ်ပါ၏။ အထက်တွင် ကျွန်တော် ၀န်ခံခဲ့ပြီးသည့် အတိုင်း ကျွန်တော်သည် ကျန်းမာရေးပညာရှင် တစ်ဦး၊ ကျန်းမာရေး လုပ်သားတစ်ဦး၊ ဆေးပညာရှင် တစ်ဦး၊ ဆရာဝန် တစ်ဦး မဟုတ်မူ၍ ပြည်သူတို့၏ ကျန်းမာရေး အခြေအနေကို တင်ပြရာတွင်လည်း သာမန် လူပြိန်းတစ်ဦး ၏ အမြင်နှင့် ကျွန်တော် တွေ့ခဲ့ ကြုံခဲ့သမျှတို့ကို ပြန်လည် ဖောက်သည်ချခြင်းသာ ဖြစ်ပါ၏။ ကျွန်တော် ရေးခဲ့သမျှတို့သည် ကောင်းစေချင်သော စေတနာကို ဦးတည်ထားပါ၏။ အဆိုးမြင်ဝါဒ နှင့် ရေးခြင်း မဟုတ်ပါ။ ဒါလေးတွေ လွဲနေတာ သည်လိုပြင်လိုက်ရင် ပိုကောင်းလာမယ် ထင်တယ် ဟု တင်ပြ ဆွေးနွေးခြင်းသာ ဖြစ်ပါ၏။
ကျွန်တော့်ဘ၀တွင် ဘယ်လိုမှ မေ့ဖျောက်လို့မရသော အင်မတန် ဆိုးရွားသည့် အတွေ့အကြုံတစ်ခုကို အလွန် ငယ်ရွယ်စဉ်ကပင် ခါးသီးစွာ ရရှိခဲ့ပါသည်။ ဤသည်ကား ကျွန်တော်တို့၏ မွေးသမိခင် ကျေးဇူးရှင်သည် ကျွန်တော်တို့ အမေဆိုသည်မှာ ဘာလဲ ဟု သေချာစွာ မသိရသေးမီ လူ့လောကမှ နှုတ်ဆက် ထွက်ခွါသွားခဲ့ရခြင်း ဖြစ်ပါ၏။ ကျွန်တော် တို့ မိခင် စောစီးစွာ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရသည့် အဓိက လက်သည် တရားခံမှာ ကျန်းမာရေး ဗဟုသုတ နည်းပါးခြင်းနှင့် ကုသပေးမည့် ကျန်းမာရေး ပညာရှင်များ (ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ စသည်) မရှိခြင်း တို့ ဖြစ်ပါသည်။
အစ်မကြီး (ကျွန်တော်တို့ရွာတွင် မွေးမိခင်ကို အစ်မ၊ အစ်မကြီး စသည်ဖြင့် ခေါ်ပါသည်) ဆုံးတော့ ကျွန်တော့် ညီမ အငယ်ဆုံး သည် တစ်နှစ်ပြည့်ရုံ ကလေးမျှ ရှိသေး၍ ကျွန်တော့်မှာ အသက် ၁၃ နှစ် မပြည့်တတ် ပြည့်တတ် သာ ရှိပါသေး၏။ ရောဂါမှာ အထူးအဆန်း မဟုတ်။ ၀မ်းလျှောခြင်း ဖြစ်ပါ၏။ တစ်ခုခုဖြစ်လျှင် ပုံချစရာ ကံ ရှိနေသော ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအဖို့ အစ်မကြီးဆုံးခြင်းကို ကံကုန်လို့ သေတာဟု ပြောစရာ ရှိပါသည်။ နောက်တစ်ခု ကလည်း “ကွာ၊ ကျားကိုက်လို့ သေမဲ့မသာ၊ ဆင်နင်းလို့ မသေပါဘူး” ဟု ခံယူထားကြသည် ဖြစ်ရာ သေနေ့မစေ့လျှင် မသေနိုင်၊ သေနေ့စေ့လို့သာ သေရခြင်း ဖြစ်သည် ဟု ခပ်လွယ်လွယ် ဖြေသိမ့်လိုက်ကြပါသည်။ ပညာ နည်းကြတော့ ဘာ့ကြောင့် ဖြစ်ရသည် ဆိုသည့် အကြောင်းရင်းမှန်ကို မသိ။ ကံမကောင်းလို့ ဟု ဆိုလိုက်လျှင် ပြီးပြီ။
ဝမ်းလျှောတာသည် သေလောက်သည့် ရောဂါ မဟုတ်။ တော်ရုံ ကျန်းမာရေးဗဟုသုတ ရှိလျှင်ပင် ကုသလို့ ရနိုင်ပါသည်။ (ကာလ၀မ်းရောဂါ ဆိုလျှင်တော့ ကျွမ်းကျင်သော ဆရာဝန်များ လိုသည်ပေါ့)။ ထို့ပြင် အစ်မကြီး၏ အစ်ကို ကျွန်တော်တို့၏ ဦးကြီး သည်လည်း ၀မ်းလျှောတာနှင့်ပင် ဆုံးပါသည်။ မသေသင့်ပဲ သေကြရခြင်း ဖြစ်ပါ၏။
ကျေးလက်တောရွာနေ ပြည်သူများသည် ကျန်းမာရေး ဗဟုသုတ အလွန် နည်းပါးကြပါသည်။ ဤသို့ဖြစ်ရခြင်း အကြောင်းနှစ်ရပ် ရှိပါ၏။ တစ်ကြောင်းမှာ သူတို့ကို ကျန်းမာရေး အသိပညာပေးမှု မရှိ၍ သို့မဟုတ် ပညာပေး အစီအစဉ် အလွန် နည်းပါး၍ ဖြစ်ပြီး နောက်တစ်ကြောင်းမှာ ကျန်းမာရေး အသိပညာပေးမှုများကို မသိကျိုးကျွန်ပြု၍၊ စိတ်ဝင်တစား မလိုက်နာကြ၍ ဖြစ်ပါသည်။ မည်မျှ အသိပညာ နည်းပါးကြပါသနည်း။ အနည်းငယ် ပြောပါအံ့။
ခေါစာပစ်ခြင်း၊ အပမှီခြင်း၊ နတ်ဖမ်းခြင်း၊ နတ်ကိုင်ခြင်း၊ ရွာသူ ပြုစားခြင်း၊ စုန်းဖမ်းခြင်း၊ နတ်ကနား ပေးခြင်း၊ တောထုတ်ခြင်း စသည်များကို ကျေးလက်များတွင် နေခဲ့ဖူးသူများကတော့ သိကြပါလိမ့်မည်။ ဤ အသုံးအနှုံးအားလုံးမှာ ကျန်းမာရေး နှင့် တိုက်ရိုက် ပတ်သက်နေသော အသုံးအနှုံးများ ဖြစ်ပါ၏။
ညနေဘက် နွားရိုင်းသွင်းချိန်များတွင် ကလေးငယ်များကို အိမ်တွင်းမှ အိမ်ပြင် မထွက်စေရ။ ကျွဲနွားများနှင့် အတူ ပါလာသော မကောင်း ဆိုးရွားများက ကလေးငယ်များကို ဖမ်းစားတတ်သည် ဟု ယူဆကြ၏။ သို့ဖြစ်လေရာ ညနေ နေ၀င်ရီတရော ကလေးငယ်များ အပြင်းအထန် ငိုကြွေးပါက ကလေးငယ်ကို မကောင်းဆိုးရွားများ ဖမ်းစားသည် ဟု ယုံကြည်ပြီး နှီးဖြင့် ယက်လုပ်ထားသော ခြင်းငယ်တွင် ထမင်း၊ ငါးပိဖုတ် စသည်တို့ ထည့်ကာ လမ်းလယ်တွင် ပစ်ထား ရပါသည်။ ဤသည်ကို ခေါ ပစ်သည် ဟု ခေါ်ပါ၏။ ထိုအခါ ထို ကလေးငယ်ကို ဖမ်းစားထားသော အနှီ မကောင်းဆိုးရွားသည် ခေါပစ်ထားသော ထမင်း၊ ဟင်းများကို စားသောက်ကာ ၎င်း အလိုပြည့်သဖြင့် မိမိနေရပ်သို့ ပြန်သွားသည်ဖြစ်သဖြင့် ကလေးငယ်မှာ ဖမ်းစားရာမှ လွတ်ကင်း တစ်နည်းပြောရပါလျှင် ရောဂါပျောက်ကင်း သည် ဟု ယူဆကြပါ၏။
တောထဲတွင် အလုပ်လုပ်နေရင်း ထိခိုက် ဒါဏ်ရာရပါက မည်သူ့ကိုမှ မပြောရ၊ ပြောလျှင် အပ မှီတတ်သည်ဟု ယူဆကြပါသည်။ ဥပမာ - လယ်ထဲတွင် အလုပ်လုပ်နေရင်း ပိုးထိသည် (မြွေကိုက်ခံရသည်) ဆိုပါက ထို သူ မြွေကိုက်ခံ ရကြောင်း ကြော်ငြာမောင်း မထုရ၊ အပ မှီတတ်သည် (မကောင်းဆိုးရွား ဖမ်းစားတတ်သည်)၊ အခြားသူ တစ်ဦးက မေးလာပါမူ နေမကောင်း၍ ဟု သော်လည်းကောင်း၊ ဟိုလိုလို သည်လိုလို သော်လည်းကောင်း ပြန်ဖြေရပါ၏။ သည်အခါ မေးသူက ထိုသူတွင် ထိခိုက်ဒါဏ်ရာ ရလာပြီ၊ သို့မဟုတ် ပိုးထိလာပြီကို အော်တိုမက်တစ် နားလည်ရပါ၏။
နောက် နာတာရှည် ဖျားနာနေလျှင်သော် လည်းကောင်း၊ အကောင်းသား အမွန်သားမှ ရုတ်ချည်း ဖျားနာလျှင် သော်လည်းကောင်း နတ်ဖမ်းသည်၊ ရွာသူကိုင်သည် (ရွာသူ ဆိုသည်မှာ ထိုရွာကို စောင့်ရှောက်သော မိန်းမနတ်) ဟု ယုံကြည် ကြပါ၏။ ရွာသူကိုင်ခြင်း ဆိုသည်မှာ ထိုသကောင့်သားသည် သစ်ပင်ကို သေးနှင့်ပန်းခြင်း မျိုးကဲ့သို့သော နတ်မကြိုက်သည့် မတော်တရော် တစ်ခုခုကိုလုပ်မိသဖြင့် ရွာစောင့်နတ်က စိတ်ဆိုးကာ ပြုစား၊ ဖမ်းစားထား ခြင်းကို ခေါ်ပါ၏။ ထိုသည့်အခါများတွင် နတ် စိတ်ဆိုးပြေအောင် ဖမ်းစားထားခြင်းမှ ပြန်လွှတ်ပေးအောင် အစားကောင်း၊ အသောက်ကောင်း၊ ပွဲလမ်းသဘင်များနှင့် တောင်းပန်ရ၏။ ဤ သည်ကို နတ်ကသည်၊ နတ်ကနားပေးသည် ဟု ခေါ်ပါသည်။ ကနားပေးပြီး တောင်းပန်လိုက်လျှင် နတ် စိတ်ဆိုးပြေကာ နတ်ဖမ်းခံရသူ ပြန်ကောင်းလာမည် ဟု ယုံကြည် ယူဆကြပါ၏။ ဟင်္သာတ ဘက်တွင်တော့ နေ့ခင်းတွင် နတ်က ကာ ညဘက်တွင် အငြိမ့် ကပါသည်။ နှစ်ထွေရ။ ဟန် ဟန်သေးတော့။
ထို နတ်ကသူ၊ နတ်ကနားပေးသူများကို နတ်ဝင်သည်၊ ကနားစီး၊ နတ်ထိန်း စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ် ဝေါ်ကြပါ၏။ မည်သို့ပင် ခေါ်စေကာမူ အလုပ်ကတော့ အတူတူပင် ဖြစ်ပါ၏။ ထိုသူများသည် မြန်မာ့ရိုးရာ ၃၇ မင်း သော နတ်ရုပ်များကို စောင့်ရှောက် ထိန်းသိမ်းပြီး အနှီ နေထိုင်မကောင်းသူများ လာရောက် ပင့်ဖိတ်ပါက ဖေဖေ ကိုကြီးကျော်၊ အစ်မ မမနှဲ၊ အဘ ကိုးမြို့ရှင်၊ အမေ အနောက်မယ်တော်ကြီး စသူတို့ကို ပင့်ဆောင်ကာ သူတို့ ဆောက်လုပ်ထားသော သက်ဆိုင်ရာ နတ်နန်းများသို့ ကြွချီလျှက် ကနားပေးကြပါ၏။
ယခင် ခေတ်က ကျေးလက်တောရွာများတွင် ဖျော်ဖြေရေးပစ္စည်းများမှာ ယခုခေတ်လောက် မစုံလင်လှပေ သေးရာ တောသူ တောင်သားများအဖို့ အလွန် ပွဲ ငတ်ကြပါသည်။ တစ်နှစ်မှ တစ်ခါ ကျင်းပသော ဘုရားပွဲ လို ဟာမျိုးကျမှ ပျော်ရသည်။ သည်တော့ သည်လို နတ်ကပြီ ဆိုလျှင် သူတို့အဖို့ ကြည့်စရာ တစ်ပွဲရသည့် အပြင် တောမှာ က ဟင်းဆိုတာလည်း ငတ်၏။ အသားဟင်း-များ တစ်ခါတစ်လေ ၀က်ပေါ်၊ အမဲပေါ်မှ စားရသည်။ သို့သော် နတ်ကနား ပေးလျှင်တော့ အကောင်းကြိုက်တတ်သော အဖ၊ အမေ၊ အစ်ကို၊ မမလေး တို့ ကို ငါးရံ့၊ ၀က် စသည်တို့နှင့် ပူဇော်ပသ ရသည်ဖြစ်ရာ သူတို့ကို မှီပြီး ရွာသူရွာသားများလည်း ဟင်းကြွေး စားရသည် ဖြစ်ရာ နတ်ကနား ပေးခြင်းသည် သူရို့အဖို့ တော့ တစ်ချက်ခုတ်၊ သုံးချက်ပြတ် ဖြစ်ပါ၏။
ကျွန်တော် ငယ်စဉ်က ရွာတွင် ကသော နတ်ပွဲများကို မကြာခဏ ကြည့်ဖြစ်ခဲ့သော်လည်း ထို နတ်ကလိုက် သဖြင့် ထို လူနာ နေကောင်းသွားသည် မသွားသည်ကိုမူ သတိမထားမိခဲ့ပါ။ မှတ်မိနေသည်ကတော့ အလွန် ချေးများ သော ကျွန်တော့်အဖို့ နတ်ပွဲကျ ၀က်သားကို ရွံသဖြင့် မစားခဲ့ပါ။ (ကြီးလာသော အခါတွင်မူ နတ်သော၊ မနတ်သော ဘာမှမရှောင် အကုန် တုတ်ပါတော့၏။)၂၁ ရာစုတွင်မတော့ နတ်ကနား ယဉ်ကျေးမှု အတော် ပပျောက်သွားပြီ ထင်ပါ၏။ သိပ် မကြားရတော့ပါ။ သို့မဟုတ် ကျွန်တော် ရွာပြန်မရောက်တာ ကြာလို့ သတင်းမရတာလည်း ဖြစ်နိုင်ပါသည်။ နောက် ပြီး ကျွန်တော်တို့ တောသားများ ယုံကြသည်မှာ စုံးဖမ်းခြင်း ဖြစ်ပါ၏။ နတ်က မမြင်ရ။ စုံးကတော့ မြင်ရသည်။ သို့သော် သူက သူလို ကိုယ်လို မဟုတ်။ မမြင်ရသော အစွမ်းသတ္တိများနှင့် ပိုပြီးပြည့်စုံသည်။ ထူးဆန်းသည်မှာ စုံးမှန်သမျှ မိန်းမ ချည်းဖြစ်၍ အဘယ်ကြောင့် ယောက်ျားစုံး မရှိရသည်ကို ကျွန်တော် မသိပါလေ။
ကျွန်တော်က စာဖတ်ဝါသနာ အလွန်ပါသူဖြစ်ရာ ငယ်စဉ်က စုံး၊ တစ္ဆေ ၀တ္ထုများကိုလည်း စွဲစွဲလန်းလန်း ဖတ်ရှုခဲ့ပါ၏။ ဆရာကြီး မြစကြာ၏ စုန်း ၀တ္ထုများ ဆိုလျှင် ကျွန်တော့် အသည်းစွဲ ဖြစ်ခဲ့ပါသည်။ နောက်တော့ ဘဘ ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ ချမှတ်ထားသော ပြည်သူတို့၏ အသိစိတ်ဓါတ်ကို မှောက်မှားစေမည့် အညှီအဟောက် စာပေများ စာရင်းဝင်သွားကာ ထို ၀တ္ထုများမှာ စာပေလောက မှ ကွယ်ပျောက်သွားခဲ့ရ ပါ၏။ ထို ၀တ္ထုများမှ ကျွန်းတစ်ပင် က လွန်းခင် နှင့် လေးအိမ်စု က မိချော စသည့် ချောချောလှလှ စုန်းမကလေးများကို ကျွန်တော် ခုထိ မှတ်မိနေပါသေး၏။
ထို့ပြင် ကျွန်တော်က ထို ထူးထူးဆန်းဆန်း ပရလောကသားများ အကြောင်းကိုလည်း စိတ်ဝင်စား သည်ဖြစ်ရာ သုတေသီ မြင့်ထွန်း ၏ မြန်မာ့ရိုးရာ ၃၇ မင်း နတ်သမိုင်6း5 ကိုလည်း ဖတ်ရှု ခဲ့ပါသေး၏။ ထူးဆန်းသည်မှာ မြန်မာတို့ ကိုးကွယ်သော နတ်များအကြောင်းကို နိုင်ငံခြားသားက လာရောက် သုတေသနပြု ရေးသားပြီး (မူရင်း စာရေးသူ နာမည် ကို မေ့နေပါပြီ၊ စာအုပ်တော့ ကျွန်တော့်ထံတွင် ရှိပါ၏) သုတေသီ မြင့်ထွန်းက ဘာသာပြန် ခြင်းဖြစ်ပါသည်။ ကျွန်တော် တို့ မြန်မာလူမျိုး သုတေသီ ဆရာကြီးများမှာ ဤကိစ္စကို မေ့လျော့ နေလေသလား မသိပါ။ ကျွန်တော့်သဘော ပြောရပါ လျှင် မြန်မာ့အကြောင်းကို မြန်မာက ရေးမှ ပို သဘာဝကျ၊ ပို ပြည့်စုံမည် ဟု ထင်ပါသည်။ မြန်မာ့ ယဉ်ကျေးမှု၊ ကိုးကွယ် မှု၊ ယုံကြည်မှုတို့ကို မြန်မာတစ်ဦးထက် နိုင်ငံခြားသား တစ်ဦးက ပိုပြီး နားလည်နိုင်မည် ဟု ထင်ပါသလား။
နတ်ပွဲများ အကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ ဖတ်ရှုလိုကြပါလျှင် ကျော်မြသန်း ၏ ကနားစီး မောင်မောင်လတ်66 နှင့် နုနုရည် (အင်းဝ) ၏ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ67 ကို ဖတ်ကြပါကုန်။
(အာရိုး၊ ကျန်းမာရေးအကြောင်း ပြောရင်းကနေ နတ်တွေအကြောင်း ဘေးချော်သွားတယ်။ သည်းခံပါ ခင်ဗျား။) တောမှ အလွန်ရိုးသားသူများသည် တက်တနပ် ဆိုတာ ဘာလည်း နားမလည်။ ဒါးယှလျှင် ဖုံနှင့် ကောက်သိပ်လိုက်ပြီး မေးကြီး လှုပ်မရအောင် ဖြစ်လာတော့မှ အမေ အနောက်မယ်တော်ကြီး စိတ်ဆိုးပြီ ဟု နတ်ဝင်သည်များကို ပင့်ဖိတ် ကနားပေးလိုက်သည်။ လူနာလည်း မေးခိုင်ရောဂါ နှင့် ဆုံးရော သူရို့ ၀က်တစ်ကောင်လုံးနှင့် တောင်းပန်တာတောင် မယ်တော်ကြီးက စိတ်ဆိုးမပြေ ဟု ယူဆကြသည်။
ပင်လယ်နှင့် နီးသော ဒေသများတွင် တော့ ဦးရှင်ကြီးမှာ ရေငံကို ပိုင်သသည်။ ပင်လယ်ထွက်တော့မည် ဆိုလျှင် ဘေးရန်ကင်းအောင် ဦးရှင်ကြီးကို ပူဇော်ပသ ရသည်။ “ရေငံတရိုး၊ ပိုင်စံနယ်စိုး၊ တန်ခိုးပေါ်ထင်၊ နတ်ဦးရှင် ခင်ဗျား၊ ....” ဘာညာ ပေါ့။ သူတို့ ဘာ့ကြောင့် ပူဇော်သည် ဆိုတာ ကျွန်တော်တို့ အလုပ် မဟုတ်။ ကျွန်တော်တို့ ကလေးများ အဖို့ကတော့ ဦးရှင်ကြီးတင်မှ အုန်းရေသောက်၊ အုန်းသီးစား။ အုန်းထမင်း နှင့် ကြက်သားဟင်းကို လွေးရ သည်ဖြစ်ရာ ဦးရှင်ကြီးသည် ကျွန်တော်တို့ အတွက်တော့ ကျေးဇူးရှင် ဖြစ်ပါ၏။
ကျန်းမာရေး ဗဟုသုတ မရှိတော့ မသေသင့်ပဲ နည်းမျိုးစုံနှင့် သေကြရ၏။ တောရွာများတွင် လေသန့် ကို ရှူ၊ ရေသန့်ကို သောက်၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်များ စားရသဖြင့် ကျန်းမာရေး ကောင်းကြသဖြင့်သာ တော်တော့သည်။ (အသားအစားလွန်ပြီး ရောဂါရမှာ၊ အ၀လွန် ရောဂါရမှာ ပူဘို့ မလိုပါ ခင်ဗျား)
မြန်မာပြည်တွင် ဆ/မ လိုင်စင် ရပြီးသော ဆရာဝန် မည်မျှရှိသည်ကို ကျွန်တော် မသိပါ။ သို့သော် ကျွန်တော် တို့ မြို့နယ် အပါအ၀င် တောမြို့ကလေးများတွင် ဆရာဝန် ဆိုသည်မှာ ရှာမှရှား ဖြစ်ပါ၏။ ကျွန်တော်တို့ လေးမျက်နှာ မြို့နယ်တွင်မူ တစ်မြို့နယ်လုံးမှ မြို့နယ်ဆရာဝန် တစ်ဦးသာ ရှိပါ၏။ ဆေးရုံ ဟူ၍လည်း တစ်မြို့နယ်လုံးမှ မြို့ပေါ်တွင် တစ်ရုံသာ ရှိပါသည်။ ပန်းတောကြီးတိုက်နယ် တွင်မူ ကျေးလက်ဆေးပေးခန်း တစ်ခု ရှိပါ၏။ ကျန်းမာရေးမှူးက တာဝန်ယူ ကုသပေးသည်။ လေးမျက်နှာ မြို့နယ်အတွင်း ၄၄ အုပ်စုရှိ ရွာပေါင်းများစွာမှ တောသူတောင်သားများကို အနှီ တစ်ဦးတည်းသော ဆရာဝန်သည် မည်ကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်ပါမည်နည်း။
ကျေးလက်တောရွာများအဖို့ ကျန်းမာရေးအတွက် အားကိုးစရာ သုံးဦး ရှိပါ၏။ တစ်ဦးမှာ တစ်အုပ်စုလျှင် တစ်ဦး ကျခန့် ခန့်ထားပေးသည့် သားဖွားဆရာမများ ဖြစ်၍ နောက်တစ်ဦးမှာ မြန်မာ့ရိုးရာ ဗိန္ဓော ဆရာများ ဖြစ်ပါ၏။ အခြားတစ်ဦးမှာမူ ကျေးလက်တောရွာများ၏ ထုတ်ကုန်တစ်ခု ဖြစ်သော အပ်ပုန်းခေါ် ဒေါက်တာ ရမ်းကုများ ဖြစ်ပါသည်။
သားဖွားဆရာမ များမှာ စံနစ်တကျ လေ့ကျင့်သင်ကြားပေးထားသူများ ဖြစ်သဖြင့် သူတို့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သောအခါ တော်ရုံတန်ရုံရောဂါများအတွက်မူ ယုံကြည်စိတ်ချစွာ အားကိုးရသူများ ဖြစ်ပါ၏။ ကျွန်တော်တို့ မိသားစုနှင့် အလွန် ရင်းနှီးသူ သားဖွားဆရာမကြီး တစ်ဦးမှာမူ အတွေ့အကြုံ ရင့်ကျက်သည်နှင့်အမျှ အလွန် တော်ပါသည်။ အထူးသဖြင့် ကလေးများအတွက် ပိုပြီး အားကိုးရပါသည်။ ကျွန်တော်တို့အဖို့ ကလေးတစ်ခုခု ဖြစ်ပြီဆိုလျှင် သူ့ဆီ ဖုံးဆက်လိုက်ပါသည်။ သူကလည်း အပြေးရောက်ချလာပြီး ဘာလုပ် ဘာလုပ် ဟု ပြောလည်းပြော လုပ်လည်းလုပ် ပေးသွား၊ ကလေးမှာလည်း အသည်းအသန် ငိုနေရာမှ အငိုတိတ်ပြီး အိပ်။
သို့သော် လူတိုင်း သည်အတိုင်းချည်း ဖြစ်လိမ့်မည်ဟု တော့ တရားသေ မှတ်လို့ ဘယ်ရလိမ့်မတုံး။ လူတွေ ပေကပဲ။ တော်သူများ ရှိသလို၊ ညံ့သူများလည်း ရှိပေမပေါ့။ သင်ရတာခြင်းအတူတူ၊ သည်လက်မှတ် ရတာခြင်းအတူတူ ပေမဲ့ ဉာဏ်ပြေးတာခြင်း၊ သင်ယူလေ့လာပုံခြင်း၊ ယူဆပုံခြင်းတွင် များစွာ ကွာနိုင်ပါသည်။
နောက်တစ်ခုက တောမှ လူများ၏ အစွဲ ဖြစ်ပါ၏။ သူတို့၏ ယုံကြည် စွဲလန်းမှုကို ဖျောက်ဖျက် ပစ်ဘို့ရာ သိပ် မလွယ်လှပါ။ သူတို့က သားဖွားဆရာမများကို အထူးသဖြင့် အသက်ငယ်သူ များကို သိပ် အယုံအကြည် မရှိကြပါ။ သည် တော့ ရောဂါတစ်ခုခု ဖြစ်လာပြီဆိုလျှင် သားဖွားဆရာမကို ခေါ်ရမည့်အစား ဒေါက်တာ အပ်ပုန်းများကို ပင့်ဖိတ် ကုသလေ့ ရှိကြပါသည်။ ကျွန်တော်တို့မှာ သားဖွားဆရာမ များနှင့် နီးနီးကပ်ကပ် လက်ပွန်းတတီး နေခဲ့ရသဖြင့် သူတို့၏ အစွမ်းအစ ကို အကုန်အစင်မဟုတ်တောင် တော်တော်များများ သိပါသည်။ တစ်ကြောင်းမှာလည်း ကျွန်တော်၏ တစ်ဝမ်းကွဲ မရီးမှာ ၀ါရင့်သားဖွားဆရာမကြီး တစ်ဦး ဖြစ်လေရာ သူတို့တွင် ကျန်းမာရေး ဗဟုသုတ မည်မျှရှိသည်၊ သူတို့ ဘာတွေလုပ်နေသည် စသဖြင့် သူတို့၏ အရည်အချင်းကို အနီးကပ် လေ့လာခွင့် ရပါသည်။
သူတို့ထံတွင် UNICEF မှ ထုတ်သော ကျန်းမာရေး ပညာပေးစာစောင်များ၊ လက်ကမ်း ကြော်ငြာများ၊ နံရံကပ် ပိုစတာများ အများအပြား ရှိပါ၏။ ထို့ပြင် ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်သော ပစ္စည်းကိရိယာ များလည်း အတော် ပြည့်ပြည့် စုံစုံလေး ရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သလို သူတို့သည် စံနစ်တကျ သင်ကြား လေ့ကျင့် ပေးထားသည့်အပြင် အခါအားလျော်စွာ ရက်တို သင်တန်းများ၊ ဟောပြောပွဲများ၊ လူထုကျန်းမာရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် ပေးနေရ သူများ ဖြစ်သည့်အတွက် ဆရာဝန် မရှိသော အရပ်ဒေသများ၌ သူတို့ကို ကျန်းမာရေးအတွက် ယုံကြည် စိတ်ချစွာ အားကိုးရပါသည်။
သို့သော် ပညာမတတ်ကြသော တောမှလူများ မှာ သည် သင်တန်းဆိုတာတို့၊ ဟောပြောပွဲ ဆိုတာတို့ ကို သိလည်း မသိသလို၊ သိပ်လည်း အထင်မကြီးကြပါ။ သို့အတွက် သူတို့၏ အားကိုးရာသည် ဒေါက်တာ ရမ်းကုများ ဖြစ်ရတော့သည်။ သည်လိုဆိုလျှင် ဒေါက်တာ ရမ်းကုများအကြောင်း လေ့လာကြည့်ကြပါစို့။
ဦးအပ်ပုန်း သို့မဟုတ် ဒေါက်တာ ရမ်းကုများဟူသည် မည်သူများ ဖြစ်ပါသနည်း။ တောရွာများ သို့မဟုတ် မြို့ဘက် အတန်ငယ်ပိုကျသော ရွာများမှ လူရည်လည်သူ (ပညာတတ်စရာမလို) များ ဖြစ်ပါ၏။ သူတို့သည် လူရည်လည် သူများ ဖြစ်သဖြင့် ဆရာဝန် သို့မဟုတ် သားဖွားဆရာမ သို့မဟုတ် ၀ါရင့်အပ်ပုန်း များ၏ ကုသပုံ၊ ကုသနည်းများ ကို တစေ့တစောင်း လေ့လာမှတ်သားကာ သူတို့၏ ဦးဏှောက်ကို ဖြည့်စွက် အသုံးချလျှက် ဆေး လေးငါး ဆယ်လုံးမျှကို လက်ကိုင်ထားပြီး ၉၆ ပါးရောဂါကို ရေလဲနှင့် ကုသ နေသူများ ဖြစ်ပါ၏။ ဤတွင် တစေ့တစောင်း ဆိုသည်မှာ အနီးကပ်ပြီး စနစ်တကျ တပည့်ခံကာ ကျကျနန လေ့လာခြင်း မဟုတ်မူ၍ ဆရာကုသသည့် နေရာနှင့် မလှမ်းမကမ်းမှ နားထောင်၍ သော်လည်းကောင်း၊ ရောဂါဖြစ်နေသူ လူနာအနီး ချဉ်းကပ်ကာ ထိုဆရာ ဘာဆေးများ ပေးသွားသည်ကို မှတ်သား၍ သော်လည်းကောင်း ဒေါက်တာရမ်းကု ဖြစ်လာသူများ ဖြစ်ပါ၏။
ထိုဆရာများမှာ အတန်းပညာဆို၍ ဆယ်တန်း မဆိုထားနှင့် အလယ်တန်းပညာမျှ သေသေချာချာ သင်ဖူးသူ များ မဟုတ်။ တောရွာတို့ သဘာဝအလျှောက် လေးတန်းမျှနှင့် ကျောင်းထွက်ကာ သမားရိုးကျ လယ်ယာအလုပ်ကို မိဘများက လုပ်ခိုင်းရာတွင် လယ်လုပ်ခြင်း ဆိုသည်မှာ အင်မတန် ပင်ပန်းလှသည့်အလျှောက် ခါးကြိုးအောင် မချိုးချင်သူ၊ လက်ဆယ်ချောင်းတွင် တစ်ချောင်းမချိုးချင်သည့် လက်ကြောမတင်းသူ လူပျင်းများ ဖြစ်သည့်အတွက် ပိုက်ဆံကို မပင်ပန်းပဲ ဘယ်ကဲ့သို့ အချောင်ရပါမည်နည်း ဟု ဉာဏ်နီဉာဏ်နက် ထုတ်နေသူ လူပေါ်ကျော့များ ဖြစ်ပေ၏။
အလုပ်သာ လက်ကြောတင်းအောင် မလုပ်ချင်တယ်၊ အချိန်တန်တော့ မိန်းမကလေးကလည်း ယူချင်ပေသေးသည် ဖြစ်ရာ မိန်းမရပြီ ဆိုသည်နှင့် မိဘအိမ်တုံးကလို လယ်ယာပြန်စားရေး လုပ်ငန်းကို ဆက်လုပ်ခွင့်မရတော့။ သားကျွေးမှု၊ မယားကျွေးမှု တွန်းအားများကို နားပူအောင် ကြားလာရသည်နှင့် အမျှ အိမ်ရှေ့ခန်းတွင် သင်ဖြူးခင်းလျှက် အလျားဆန့်ပြီး သကာလ နဖူးပေါ်လက်တွင်၍ တစ်မျိုး၊ လက်ပေါ် နဖူးတင်၍ တစ်ဖုံ အမျိုးမျိုးသော ဉာဏ်နီဉာဏ်နက် များကို ထုတ်ရာမှ ပိုက်ဆံအရချောင်သော ဒေါက်တာရမ်းကု အလုပ်ကို သက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခု အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသတည်း။
ကျွန်တော်တို့ရွာတွင် ကျွန်တော်တို့နှင့် ဆွေမျိုးမကင်းသူ ဒေါက်တာရမ်းကု နှစ်ဦး ရှိပါ၏။ (အခုတော့ နှစ်ဦးမကတော့ ဟု မမက ပြန်ပြောပြပါသည်။ ကျွန်တော့် အထင်ပြောရလျှင် ဒေါက်တာ ရမ်းကုများမှာ အထက်တွင် ဖော်ပြခဲ့သော နတ်များ နေရာတွင် အစားထိုးဝင်ရောက် လာသော အားကိုးစရာ တစ်ခု ဖြစ်မည် ထင်ပါသည်။) တစ်ဦးမှာ ၎င်း၏ မိဘများမှာ ငယ်စဉ်က မြို့ကြီးပြကြီး၌ နေထိုင်ခဲ့ရာမှ အခြေမလှသောကြောင့် ကျွန်တော်တို့ရွာသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သူများ ဖြစ်ပါ၏။ ငယ်စဉ်က မြို့ပြ၌ နေထိုင်ခဲ့ရသူ ပီပီ အကင်းပါးသည်။ တောသို့ပြောင်းရွှေ့ နေထိုင်သောအခါ ဖခင်ဖြစ်သူမှာ ဆေးကျောင်း မတက်လိုက်ရပဲ အော်တိုမက်တစ် ဆမ လိုင်စင် ရလာပြီးသကာလ ဆေးကုစားရာ၌ သားဖြစ်သူမှာလည်း ဖခင်ကြီး၏ ပညာအမွေကို ဆက်ခံကာ ဒေါက်တာဘွဲ့ကို လက်ဆင့်ကမ်း သယ်ပိုးရယူလိုက်ခြင်း ဖြစ်ပါ၏။
နောက်တစ်ဦးမှာမူ ကျွန်တော်တို့ရွာသားပင် ဖြစ်ပါ၏။ အတန်းပညာဟူ၍ လေးတန်းမျှပင် မအောင်ခဲ့ပါ။ သို့သော် သူက လုပ်ရည်ကိုင်ရည်၊ ကြံရည် ဖန်ရည် ရှိသည်။ သူ့ဘ၀သက်တမ်း တလျှောက် တခါမျှ အလုပ်ကို လက်ကြောတင်းအောင် လုပ်မစားခဲ့ စဘူး။ တောတွင် ဆံပင်ညှပ်ဆရာလိုလို၊ သစ်ကုန်သည် လိုလို၊ တောပွဲစား လိုလို ဖြင့် ပိုက်ဆံကို ဟို လက်ကြောတင်းလှပါသည် ဆိုသူများထက် ပိုရအောင် စွမ်းဆောင်နိုင်သူ ဖြစ်ပါ၏။ နောက်တော့ သူတို့ ရန်ကုန် မြောက်ဥက္ကလာပ သို့ သွားရောက်နေထိုင် ခဲ့ကြပါသည်။ သူရို့ရှိရာသို့ ကျွန်တော် တစ်ခေါက် အလည်ရောက် သေးသော်လည်း ရန်ကုန်တွင် သူရို့ ဘာတွေ လုပ်ကိုင် စားသောက်သည်ကိုမူ ကျွန်တော် မသိခဲ့ပါ။ သို့သော် ကျွန်တော့်အထင် သူ ရန်ကုန်မှ ပြည်တော်ပြန်လာသောအခါ ဒေါက်တာဘွဲ့ကို တပါတည်း ဆွတ်ခူး ရရှိခဲ့သည် ထင်ပါ၏။ သည့်နောက်တော့ ဆရင်းတစ်ခု အရင်းပြုကာ သမုဒ္ဒရာ ၀မ်းနှစ်ထွာ (သားသမီးများမှာ အသီးသီး အသက အသက ရန်ကုန်တွင် အလုပ်ရသွားကြပြီဖြစ်၍ လင်ကိုယ်မယား နှစ်ယောက်သာ ရွာသို့ ပြန်ရောက်လာပါသည်) ကို ဖူလုံ လောက်င အောင် ဖြည့်တင်းခဲ့ကြပါသည်။
ထူးဆန်းလှသော ကျွန်တော်တို့ ရွာသားများကို ကျွန်တော့်မှာ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါ၏။ သည် ဦးအပ်ပုန်းသည် သည်ရွာတွင်ပင် မွေး၊ သည်ရွာတွင်ပင်ကြီး၊ သည်ရွာတွင်ပင် တစ်သက်လုံး နေထိုင်လုပ်ကိုင် စားသောက်လာသူ ဖြစ်၍ သူ့အကြောင်း အူမ ချေးခါးမကျန် အကုန် သိနေကြသူများ ဖြစ်ပါ၏။ သို့စဉ်လျှက် သူ ဒေါက်တာရမ်းကု ဖြစ်လာသော အခါတွင်လည်း ရွာတွင် အစိုးရမှ ခန့်အပ်ထားသော ဟို midwife ဆရာမကလေးထက် သူ့ကိုသာ ပိုမို အားကိုးအားထားပြုကာ နည်းနည်းဖျားနာရှိ သူနှင့်ပင် ကုသကြပါသည်။ အနို့ ဟို ဆရာမကလေးက ဆေးမထိုး။ သောက်ဆေးတွေချည်း ပေးသည်။ တယ် ဟန်မကျ။ နောက်ပြီး သူကုတာ တော်တော်နှင့် မပျောက်။ တယ်နှေးသကိုး။ အားမရ။ ဒို့ လက်ဖြစ် ဒေါက်တာကြီးက ကျတော့ ဘာရောဂါ ဖြစ်လိုက်ဖြစ်လိုက် ဖင်လှန်ကာ အပ်စိုက်ဖို့ ၀န် မလေးသူ ဖြစ်ရကား သူနှင့်မှ ပို ဂျက်တည့်သည်။ နောက်ပြီး အပျောက်မြန်သည်။ သည်နေရာတွင် အပျောက်မြန်သည် ဆိုရာ၌ ရောဂါနှင့် အသက် နှစ်ခု။ တစ်ခုခု ဖြစ်ပါမည်။ ရောဂါပျောက်လျှင် ပျောက်၊ မပျောက်လျှင် အသက်ပျောက်မည်။ သိပ်တော့ မဆန်းလှပါ၊ သေတစ်နေ့ မွေးတစ်နေ့ပဲ ဟာ။
သူ့လက်ချက်နှင့် အသက်ပျောက်သွားသူများ ရှိခဲ့သော်လည်း တောရွာတို့ သဘာဝ အသံချဲ့စက်ငှားကာ အောင် မယ်လေး ဟု အစချီသော ငိုချင်းဖြင့်ဖွင့်၍ ဇော်ပိုင် ၏ မြို့အ၀င်ည ဖြင့်အဆုံးသတ်သော အသုဘ အခမ်းအနားကို ကျင်းပပြီး သူ့ခမျာ ကံမကောင်းတော့ အသက်ငယ်ငယ်လေးနဲ့ ဆုံးပါးရရှာတယ် ဟု သနားကရုဏာ စကားလေးများနှင့် ပင် ပြီးလိုက်ကြသည်။ ဘယ်သူမှ ကိုဒေါက်တာ့လက်ချက် ဟု စိတ်နာရကောင်းမှန်း၊ တရားစွဲရကောင်းမှန်း မသိ။ အို- ဘယ့်နှာ တရားစွဲလို့ဖြစ်မတုံး။ သူနဲ့ ကုနေရတာ။ သူမရှိမှ ဒုက္ခ။ အဲဒီကောင်မလေးကိုက သေနေ့စေ့လို့ သေရတာကို။
ကျွန်တော်တို့ နိုင်ငံအတွင်း စစ်စစ်ပေါက်ပေါက် လိုက်သာ စာရင်းကောက်လိုက်ပါက အနှီ ဦးဒေါက်တာ ရမ်းကု များစာရင်းကို ရနိုင်ပါမည်။ ထို့ထက် ပိုပြီးစိတ်ဝင်စားလိုက်ပါလျှင် သူတို့လက်ချက်ဖြင့် လူ့လောကမှ ထွက်ခွာသွားရသူ များ စာရင်းကိုပါ သိရှိနိုင်မည် ဖြစ်ပါ၏။ သည် ဒေါက်တာရမ်းကုများအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။
တတိယ အမျိုးအစား ဖြစ်သော မြန်မာ့ရိုးရာ ဗိန္ဓောဆရာများဘက် နည်းနည်း လှည့်ကြည့်ကြရအောင်။
ဒါ့ထက် စကားမစပ်၊ မိတ်ဆွေတို့ ဂျာနယ်ကျော် မမလေး ရေးသော မြန်မာ့ ဆေးပညာ68 ဆိုသည့် စာအုပ်များ ဖတ်ဖူး ကြပါသလား။ ဖတ်ကြည့်ကြပါ ဟု တိုက်တွန်းလိုပါ၏။ နောက်တစ်ခု တင်ကြို စကားခံထားလိုသည်မှာ ကိုယ်မသိသော အကြောင်းအရာကို အရမ်းရော ကာရော နင်းကန် အထင်မသေး ကြဘို့ ဖြစ်ပါ၏။
စင်စစ် မြန်မာ့ဆေးပညာ ဟူသည် အခြေခိုင်လှသော၊ စံနစ်တကျ ရှိသော၊ ယုံကြည် စိတ်ချရသော ပညာ တစ်ရပ် ဖြစ်ပါ၏။ သို့သော် စံနစ်တကျ လေ့လာသင်ကြား ဘို့တော့ လိုသည်ပေါ့။ အနောက်တိုင်း ဆေးပညာများ ခေတ် မစားမီက အဲလေ ကျယ်ကျယ်ပြန့်ပြန့် အသုံးမချနိုင်မီက ကျွန်တော်တို့ အဖေအမေ၊ အဖိုးအဖွား (ကျွန်တော်တို့တောင် မီလိုက်ပါသေး) တွေ သည် မြန်မာ့ ဗိန္ဓောဆရာများနှင့်ပင် အသက်ဆက်လာ ကြသည် မဟုတ်ပါလော။
ကျွန်တော်သည် ဗိန္ဓော ဆရာတစ်ဦးမဟုတ်သဖြင့် သို့မဟုတ် မြန်မာ့ဆေးပညာကို စံနစ်တကျ လေ့လာ သင်ကြားဖူးသူ တစ်ဦး မဟုတ်သဖြင့် မြန်မာ့ရိုးရာ ဆေးပညာအကြောင်း ဂဃနဏ မသိပါ။ သို့သော်လည်း မြန်မာ့ ဆေးပညာကို အစိတ်အပိုင်း တစ်ခုအထိ လေ့လာဖူးပါ၏။ ၁၉၉၂ ခုနှစ်လောက်က ရေကျော်ရှိ သုပဏ္ဏက ဂဠုဏရာဇာ မြန်မာ့ဆေးပညာ ကို စာပေးစာယူ သင်ယူခဲ့၏။ သို့သော် အနည်းအကျဉ်းမျှသာ ဖြစ်ပြီး ဆုံးခန်းတိုင် မရောက်ခဲ့ပါ။ သို့သော်လည်း ၀ါသနာအရ မြန်မာ့ဆေးကျမ်းများကို လေ့လာခဲ့ဖူးရာ အနည်းငယ်တော့ တီးမိ ခေါက်မိ ရှိပါ၏။ ပညာရပ် တစ်ခုကို သေသေချာချာ လေ့လာမှ ထိုပညာရပ်၏ အတိမ်အနက်ကို သိရသည် ဖြစ်ရာ လေ့လာလေလေ နက်နဲ လေလေ ဖြစ်သဖြင့် မြန်မာ့ဆေးပညာရပ်၏ သိမ်မွေ့နက်နဲပုံကို သိခွင့် ရခဲ့ပါသည်။
Ref: 69. http://www.journeysmyanmar.com/traditional_medicine.htm

Sunday, September 28, 2008
Poem (Zay Yar Thaw)
လူမျက်နှာပျောက်တဲ့ လူသား
(ဇေယျာသော်)
လူအချင်းချင်း…
မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ၀ယ်စားကြသူတွေနဲ့
အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။
ငါတို့ခေတ်မှာ
လူသားတွေဟာတယောက်ရဲ့အတ္တအတွက်
တယောက်ကအခြားတယောက်ရဲ့
မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေကို ၀ါးမျို
အရိုးတွေနဲ့မီးလှုံယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။
ငါတို့ခေတ်မှာ..
ကမ္ဘာရဲ့သစ္စာ ပျောက်ဆုံးနေတဲ့ လောကပါလ ဟာ..
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။ ။
ဇေယျာသော်
သောကြာနေ့၊ ဇူလိုင်လ 04 2008 17:06 - မြန်မာစံတော်ချိန်
http://www.mizzimaburmese.com/ မှ ကူးယူဖော်ပြပါသည်။

Friday, September 26, 2008
Public 02
ဘုန်းကြီးကျောင်းများ၌ သော်လည်းကောင်း၊ အလှူ စသည်များ၌ သော်လည်းကောင်း အခါအားလျှော်စွာ ယူနေသော ငါးပါးသီလ ကို ခင်ဗျားတို့ ကျွန်တော်တို့ ပြည့်ပြည့်၀၀ နားလည်ကြပါရဲ့လား။ ပါဏာတိပါတ ကို သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဟု အများနားလည်ထားပါသည်။ သို့သော် ဘယ်ကဲ့သို့ သတ်မှ ပါဏာတိပါတကံ မြောက်သည်ကို ကျကျနန နားလည်သူ ဘယ်နှဦး ရှိပါသနည်း။ ပါဏာတိပါတကံ မြောက်စေမည့် အကုသလ ကမ္မပထ ငါးပါးကို သိသူ မည်မျှရှိပါသနည်း။ မိတ်ဆွေ သင်ရော သိပါသလား။ ဘုန်းကြီးများကတော့ ဟောပါသည်။ သို့သော် ဘာ့ကြောင့် မသိရပါသနည်း။ စိတ်ဝင်စားစရာ မလိုလို့လား။ ထို့အတူ အဒိန္နဒါနာ ဟူသည် မည်သည့် အမှုမျိုးကို အဒိန္နဒါနာ ခေါ်ပါသနည်း။ သူများအိပ်နေတုံး သွားခိုးတာကလေးမျှ ကိုသာ အဒိန္နဒါန ဟု အလွန်ကျဉ်းမြောင်းစွာ နားလည်ထားပါ သလော။ သဟာဖြင့် အဒိန္နဒါနာကံထဲတွင် မည်သို့သော အမှုများ အကြုံးဝင်နေသည်ကို ဗုဒ္ဓဘာသာဝင် ဘယ်နှရာခိုင်နှုံးမျှ နားလည် သဘောပေါက်ပါ သနည်း။ ဒါမှမဟုတ် သိသိကြီးနှင့် ကျူးလွန်နေသည် ဆိုလျှင်မူ ကျွန်တော်မျိုး မလျှောက်တတ်တော့ပါ။
အရင်ကတော့ ကိုယ်နှင့်မဆိုင်သလို ဖာသိဖာသာ နေတော့ မသိ။ မလေ့လာမိ။ စနေဓမ္မမိတ်ဆွေများ အဖွဲ့က အလှူများလုပ်တော့ မှ ဗမာပြည်တွင် အလွန် ဆင်းရဲနွမ်းပါး စုတ်ပြတ်နေသော ကျောင်းများ သည်မျှ များပြားကြောင်း သိလာရပါ၏။ ထိုကျောင်းများသည် အစိုးရပိုင် ကျောင်းများ ဖြစ်သည်မှာ မှန်ပါ၏။ သို့သော် အစိုးရက ပြုပြင်မပေးသည့် အတွက် ထိုမျှ စုတ်ပြတ်နေသည့် ကျောင်းများကို သြော် သည်ကျောင်းမှာ ငါတို့ သားသမီးတွေ နေကြတာပဲ။ ခေါင်းမိုး မိုးယိုနေတာ ၀ိုင်းလုပ်ကြမှ ဟု မည်သူကမျှ သတိမရ။ ကလေးတွေ မြေကြီးပေါ် ထိုင် စာသင်နေရတာကို လာဟေ့၊ ငါတို့ တစ်ယောက် နည်းနည်းစီ ၀ိုင်းထည့်ပြီး ကလေးတွေထိုင်ဘို့ ဖျာလေးယက်ပြီး ကျောင်းမှာ ခင်းပေးရအောင် ဟု မစဉ်းစား။ စာသင်ပေးနေသည့် ဆရာ၊ ဆရာမများ နှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင်က စိတ်မ၀င်စား။ (အဲလေ၊ သူ စိတ်ဝင်စားသည့်တိုင် ရွာကို စည်းရုံးလို့ မရနိုင်တာလည်း ဖြစ်ကောင်း ဖြစ်ပါမည်။)
ကျွန်တော်တို့တွေ့ရသည်မှာ ကျောင်းအများစုမှာ ပြုပြင်ထိန်းသိမ်းမှု မရှိသဖြင့် မပျက်စီးသင့်ပဲ အချိန်မတိုင်မီ ပျက်စီး ကြရခြင်း ဖြစ်ပါ၏။ ပျဉ်ထောင်ကို ရေနံချေးသုတ်လိုက်ပါက ငါးနှစ်ခံမည့်ဟာ ဆယ်နှစ် မခံပါလား။ ကျောင်းနံရံ ပျဉ်ထောင်များကို ရေနံချေးသုတ်မည့် စရိတ်စက ကို ရွာလူထု အနေနှင့် မတတ်နိုင်ဘူးလား။ ရွာလူကြီး ဆိုသူကရော လုပ်ရကောင်းမှန်း မသိဘူးလား။
ကျွန်တော်တို့ မြန်မာပြည် တနံတလျားမှ ကျေးရွာ မူလတန်းကျောင်းများကို သွားပြင်ပေးတော့ အချို့ရွာများမှာ ၀မ်းသာအယ်လဲ ဆီးကြိုကာ အားတက်သရော ပါဝင်ဆောင်ရွက် ပေးကြသလောက် တချို့ ရွာများကျတော့ ကိုယ့်ကျောင်းကို လာပြင်ပေးတာတောင် လှိုက်လှိုက်လှဲလှဲ မရှိလှပါ။ မွန်ပြည်နယ်မှ ရွာတစ်ရွာဆိုလျှင် ဘာပြောသည် ထင်ပါသနည်း။ ထို မူလတန်းကျောင်းမှ ကျောင်းအုပ်ကို ကျွန်တော်တို့က ကျောင်းသစ် ဆောက်ပေးမည်၊ ရွာမှ ၀ိုင်းဝန်း ကူညီကြပါ ဟု မေတ္တာရပ်ခံသည်ကို ခင်ဗျားတို့ မလှူလဲ ကျောင်းမရှိရင် ကျွန်တော်ကတော့ သစ်ပင်အောက်မှာ သင်မှာပဲ ဟူ၏။ ထမင်းအတွက် စာသင်နေရသော ထိုကဲ့သို့သော ကျောင်းဆရာမျိုးများ ကျွန်တော်တို့ တိုင်းပြည်တွင် အဘယ်မျှ များပြားနေပါသနည်း။ ကျွန်တော်တို့ လူမျိုးများတွင် ဤမျှ အသိပညာ ခေါင်းပါးသွားပါပြီလား။ အလှူရေစက် လက်နှင့် မကွာ ဆိုသော အဓိပ္ပါယ်ထဲတွင် အများပြည်သူပိုင် အဆောက်အဦးများကို ပြုပြင်ထိန်းသိမ်းဘို့ မပါဘူးလား။
ရန်ကုန်မှ ဘတ်စ်ကားများကိုလည်း နည်းနည်းလောက် စောင်းငဲ့ ကြည့်လိုက်ပါဦး။ နိုင်ငံ စီးပွားရေး အခြေအနေအရ ခရီးသည်နှင့် ဘတ်စ်ကား စီးရေ မမျှတာကို အပြစ်မတင်ကြပါနှင့်။ သို့သော် ခရီးသည်များအတွက် နည်းနည်းလောက် ကိုယ်ချင်းစာစိတ်ကလေးနှင့် အကြင်နာ မေတ္တာကို အရင်းခံလျှက် ဆက်ဆံလျှင် ကောင်းမည် ထင်ပါ ၏။ လူကြပ်တာကို ဘာမှမတတ်နိုင်၊ သို့သော် အတင်း နင်းကန်ပြီး ငါးပိသိပ် ငါးချဉ်သိပ် ထိုးထည့်တာတော့ မကောင်း ဟု ထင်ပါသည်။ ခရီးသည်များထဲတွင် အရွယ်မရောက်သေးသော ကလေးသူငယ်များ ပါသကဲ့သို့ အိုကြီးအိုမ များလည်း ပါပါသည်။ သူတို့ကို နည်းနည်းလောက် သနားပေးကြပါ။
နောက်ပြီး လူမှန်းမသိ၊ သူမှန်းမသိ အတင်းရော အဓမ္မပါ နင်းကန်မောင်း၊ မှတ်တိုင်ကို အတင်းလုရပ်။ ခရီးသည်များကို အတင်း ဆွဲတင်။ အတင်းတွန်းချ လုပ်သည်မှာ တဆိတ် လွန်လွန်းလှပါ၏။ ကားပေါ်ပါ ခရီးသည် အားလုံး၏ အသက်သည် သူတို့လက်ထဲတွင် ရှိသည် ဆိုတာ သတိမထားမိပေဘူးလား။ အဘယ်မျှ အရေးကြီးနေသဖြင့် ဤမျှ အလုအယက် မောင်းနေရပါသနည်း။ ပိုက်ဆံ မျက်နှာတစ်ခုထဲနှင့်တော့ လူများကို လူလို မဆက်ဆံတာ အတော် ဆိုးသော လုပ်ရပ်ဟု ကျွန်တော်ကတော့ သည်အတိုင်း မြင်ပါသည်။
လက်မှတ် တန်းစီနေသည့် နေရာ နည်းနည်းလောက် သွားကြည့်ရအောင်။ ဟော ဟော ကြည့်၊ ဟိုကောင် အတင်းကျော်ခွပြီး ရှေ့ကို တိုးသွားပြီ၊ အဲဒီရှေ့က အင်္ကျီအပြာနဲ့လူဟာ ကျော်ပြီးတန်းစီတာပါ ဗျို့။ ဟေ့ နောက်က အတင်း မတိုးကြနဲ့လေ၊ ဒီမှာ အဖွားကြီး ညပ်နေပြီ။ မောင်လေးတို့၊ ရဲတို့ ရေ၊ လုပ်ကြပါအုံး၊ အဖွား အသက်ရှူလို့ မရတော့ဘူး။ ဟေ့ကောင်၊ မင်းဘာလူပါးဝတာလဲ၊ ငါတို့က ညဦးကတည်းက လာစီနေတာ။ ကျုပ်ကလည်း ဒီမှာ အုတ်ခဲ ချထားတာပဲ ဗျ၊ ခင်ဗျား ဘာလို့ ကန်ထုတ် ပစ်တာလဲ။
မိမိလက်မှတ်ရလောက်မည် အထင်ရှိတုံးက အေးအေးဆေးဆေး တန်းစီနေသူများသည် ရှေ့သို့ကျော်ခွ တန်းစီသူများကို အော်ဟစ်ကာ ရန်ပြုနေသော်လည်း မိမိလက်မှတ်ရဘို့ မသေချာတော့သောအခါ မိမိကိုယ်တိုင် ကျော်ခွ တန်းစီဘို့ အတင်း ကြိုးစားတော့သည်။ လူများသည် အဘယ့်ကြောင့် အမှန်တရားဘက်က အမြဲ ရပ်တည် မနေနိုင်ကြပါ သနည်း။ (ကိုကျော်မင်းစိုး ကတော့ အစ်ကိုရေ၊ ရတဲ့အခွင့်အရေးကလေး လက်လွတ်သွားမှာ ကြောက်လို့ အတင်းလု နေရတာ အကျင့်ပါနေလို့ ပါ ဟု ပြောပါ၏)။
နောက်ပြီး ရုံးပြင်ကနား သွားသောအခါများ၌လည်း ကိုယ့်နာမည် ခေါ်အောင် မစောင့်နိုင်ကြပဲ ကောင်တာများ တွင် အဘယ်ကြောင့် အတင်းစုပြုံ တိုးနေကြရပါသနည်း။ ကိုယ့်နာမည် ခေါ်သံမကြားလိုက်ပဲ ရတောင့် ရခဲ အခွင့်အရေးကလေး လက်လွတ်သွားမှာ စိုးလို့လား။ ဖြစ်နိုင်ပါသည်။ စင်ကာပူမှာလို ကိုယ်မရလိုက်မှာ မပူရသည့် နေရာ အဖို့တော့ ဘာကိစ္စ အတင်း တိုးနေစရာ လိုမလဲ။ နေပူရင် ထီးကလေး ဆောင်းလို့၊ ညောင်းရင် ဖျာကလေးခင်း ထိုင်လို့၊ စာအုပ်ကလေးဖတ်လို့၊ အောင်မယ် အဆာပြေစားစရာ မုံ့နဲ့ ရေပုလင်း ကလေးတောင် ပါသေး။
သို့သော် ဗမာပြည်မှာ တိုးတာ အကျင့်ပါနေလို့ ထားပါတော့။ အနှီ စင်ကာပူက မြန်မာသံရုံးတွင် ကောင်တာ ဘေး အတင်းတိုးနေကြတာကိုတော့ ကျွန်တော် အင်မတန် မုန်းပါသည်။ စင်ကာပူက မြန်မာသံရုံးသည် စင်ကာပူ စတင်းဒတ်ကို လိုက်မလုပ်သကဲ့သို့ စင်ကာပူရောက် သူရို့ကိုယ်သူရို့ ကင်မွန်းတပ်ထားသည့် ကိုရွှေ များသည်လည်း စင်ကာပူ က အကျင့်များကို အတုခိုးရကောင်းမှန်းမသိပဲ ဗမာပြည်မှ အကျင့်ဆိုးများကို စင်ကာပူအထိ သယ်ယူ ကျင့်သုံး နေကြသည်မှာ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ ဟပ် နေပါ၏။
ကျွန်တော် ရေဆင်းတွင် ရှိစဉ် ဘန်ကောက်သို့ လေ့လာရေးခရီးစဉ် တစ်ခေါက် သွားရောက်ခဲ့ရပါ၏။ အပြန်တွင် ထုံးစံအတိုင်း ကားပါမစ် ဆိုတာ ရပါသည်။ အမှန်ဆို ထို ကားပါမစ်အကြောင်း ကျွန်တော် ဘာမှ နားမလည်ပါ။ သူတို့ယူလာသော စာရွက်ပေါ်တွင် လက်မှတ်ထိုးဆို ထိုးလိုက်တာသာ ဖြစ်ပါ၏။ သို့သော် ပွဲစား ကောင်လေးနှင့်တော့ ရုံးလိုက် သွားရပါ၏။ ထို ကောင်လေးလုပ်ကိုင် နေပုံများကို ကြည့်ကာ အံ့သြတမော ကျရပါ၏။ ကျွန်တော့် စာရွက်စာတမ်းများ အပါအ၀င် စာရွက် တစ်ထပ်ကြီးကို ကိုင်ကာ အပြင်လူ မ၀င်ရ ဟု ဆိုင်းဘုတ် ချိတ်ဆွဲ ထားသော သံဇကာများ ကာရံထားသည့် ခြံအတွင်းသို့ တံခါးမရှိ ဓါးမရှိ၊ အကြောက် အလန့်မရှိ၊ အလွန် ရဲတင်းစွာ ၀င်ရောက်သွားလျှက် လိုသည့်တံဆိပ်တုံးများကို ရွေးချယ်နေစရာပင် မလိုပဲ မိမိပိုင် ပစ္စည်းများကို ဘယ်နေရာ ဘာရှိသည်ဟု အပ်ကျမတ်ကျ သိနေဘိသကဲ့သို့ ယူငင်ကာ စာရွက်စာတမ်းများပေါ် ဒုံးကနဲ ဒုံးကနဲ ထုကာ သက်ဆိုင်ရာ အရာရှိရှေ့ သွားပြီး စာရွက်စာတမ်းများကို လက်မှတ်ထိုးရမည့်နေရာကို လှန်လျှက် သွားထိုးပေးလိုက်ပါ၏။ ထို ခေါင်း မဖော်နိုင်လောက်အောင် အလုပ်များလျှက်ရှိသော အရာရှိသည် မိမိရှေ့၌ ရိပ်ကနဲ မြင်လိုက်ရသော လူရိပ်ကြောင့် ခေါင်းထောင်ကြည့်လိုက်ပြီး သကာလ မျက်နှာကိုမျှ သေသေချာချာ မကြည့်ရပါပဲလျှက် မိမိအလွန်ရင်းနှီးနေသူကို အရိပ်မျှမြင်ရုံဖြင့် သိသကဲ့သို့ သိကာ ချပေးလာသမျှ စာရွက်တို့ကို စိုးစဉ်းမျှ ဖတ်မကြည့်ပဲ လက်မှတ်များ တစ်စောင်ပြီး တစ်စောင် ထိုးပေးလိုက်ပါ၏။
ထို သူငယ်ကလေး ကိစ္စအစအဆုံး ဆောင်ရွက်သည်မှာ ဤသည့် ကျွန်တော် စာရေးနေသည့် အချိန်မျှလောက် ပင် မကြာပါ။ အပြုံးမျက်နှာဖြင့် ပြန်ထွက်လာလျှက် ပြီးပြီ အစ်ကိုဟု ဆိုပါ၏။ ဘာတွေလုပ်လိုက်လို့ ဘာတွေပြီးသွားမှန်း ဘုရားပေးပေး ကျမ်းပေးပေး ကျွန်တော် မသိရိုး အမှန်ပါ။ သူတို့ ပေးလာသော ပိုက်ဆံကို အသာယူထားလိုက် ပါသည်။ ထို ပိုက်ဆံသည် ကျွန်တော့်အတွက် ရသော ကားပါမစ်အတွက် နည်းသည် များသည်ကိုလည်း ကျွန်တော် မသိပါ။ ထိုကားပါမစ် ဘယ်လောက် တန်မှန်းလည်း မသိပါ။ အနှီ ကားပါမစ်သည် ဘာကားများကို တင်သွင်းခွင့် ရမှန်း၊ ဤကားသည် အဘယ်မျှလောက် အဖိုးတန်မှန်း၊ တကယ် တင်သွင်းသူသည် မည်သူဖြစ်မှန်း၊ မည်သည့်နိုင်ငံမှ တင်သွင်းမှန်း၊ ဗမာပြည်တွင် ထိုကား မည်မျှ ပေါက်ဈေးရှိမှန်း အစရှိသော ဗဟုသုတများသည် ကျွန်တော့်အတွက် ဘုန်းကြီးနှင့် ဘီး ပမာ အလွန် အလှမ်းဝေးစွ။
သို့သော် ကျွန်တော်တစ်ခု ဗဟုသုတ ရလိုက်သည်မှာ ကျွန်တော်တို့တိုင်းပြည်တွင် ဤကဲ့သို့သော express service များ ရှိပါကလား ဟူ၍ ဖြစ်ပါ၏။ လက်မှတ် တစ်ချက် အတွက် သူတို့ကို ဘယ်လောက် ပေးရတယ် ဟု ထို ကောင်လေးမှ ပြန်ပြောပြသဖြင့် သိရပါ၏။ (၁၉၉၅ ခုနှစ်)
ကျွန်တော်တို့ခေတ်က အေအီး၊ အက်စ်အေအီး ဆိုသည့်ရာထူးများ အလွန် ခေတ်စားပါ၏။ မည်သည့် အေအီးကဖြင့် မည်သို့ထောသည်။ မည်သည့် အက်စ်အေအီးကဖြင့် ဘယ့်ကလောက် ချမ်းသာသည်။ အင်ဂျင်နီယာ ကျောင်းက ဆင်းလျှင် ထိုကဲ့သို့ အင်မတန် ထောသော အေအီးများ ဖြစ်နိုင်သည် ဆိုသည်ကို သိပ်မတုံးလှသော ကျွန်တော်တို့ ပြည်သူများ နားလည်ထားကြပါ၏။ သူတို့ ဘာတွေလုပ်လို့ ဘယ်လိုရသည် ဆိုတာ သိစရာမလို။ သူတို့ ဘယ်လောက်ရပြီး ဘယ်လောက် ချမ်းသာနေသည်။ ပိုက်ဆံကို ရေလိုသုံးနိုင်သည် ဆိုတာသာ လူသိများသည်။
ကျွန်တော်ကျောင်းပြီးစ အလုပ်ရှာတော့ ကိုယ်နှင့်နီးစပ်သူ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးနားချင်းများက အလုပ်အကြောင်း မေးပါသည်။ သူတို့ကတော့ စေတနာနှင့် မေးတာ ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် သူတို့မေးပုံကလေးအား မိတ်ဆွေတို့ကို ပြန်ပြောင်း ဖောက်သည် ချချင်ပါ၏။ “မင်း၊ အလုပ်မရသေးဘူးလား။ ဘယ်အလုပ်ထဲ ၀င်လျှင်တော့ဖြင့် ဘယ့်ကလောက် အောက်ဆိုဒ်ရနိုင်မယ်။ ပုသိမ်၊ မုံရွာ ဟိုက်ဝေးလမ်း ပရောဂျက် ဘယ်ဆိုဒ်မှာလုပ်နေတဲ့ အက်စ်အေအီး ဦးဘယ်သူဆိုတာ အလုပ်ဝင်တာမှ တစ်နှစ်တောင် မပြည့်သေးဘူး။ ခုဆို တိုက်နဲ့ ကားနဲ့ ဖြစ်နေပြီ။” “ဟေ့၊ မင်း ဟိုအလုပ် လျှောက်မလို့ဆို၊ တုံးပါ့ကွာ။ အဲဒီအလုပ်က အောက်ဆိုဒ် ကောင်းတဲ့အလုပ် မဟုတ်ဘူးကွ။”
အမှန်ပြောရလျှင် ကျွန်တော် သူတို့ပြောသည့် အောက်ဆိုဒ်ဆိုတာ ဘယ်လိုရမှန်းကို သေသေချာချာ မသိခဲ့ပါ။ (မမကတော့ ကြားဖူးနားဝနှင့် ကျွန်တော့်ကို ပြန်ပြောပြပါ၏။ ကျွန်တော်တို့နှင့် ကျောင်းနေဘက် မိန်းကလေးတစ်ဦး ဂျီတီအိုင်ပြီးလို့ သူတို့မြို့အနီးက ဆောက်လုပ်ရေးတစ်ခုတွင် အက်စ်အေအီး နှင့် ၀င်လုပ်နေရာ သူမက မတောင်းရ ပါပဲလျှက် ပိုက်ဆံလာ လာပေးကြသည် ဆို၏။ ကျွန်တော်က ဤသည်ကို အောက်ဆိုဒ် ဟု နားလည်လိုက်ပါသည်။) သူရို့ အေအီးလခနှင့် သည်လောက် အတောအတွင်း ကျိကျိတက် ချမ်းသာသွားကြသည် ဆိုသည်ကိုမူ အံ့သြမဆုံး ဖြစ်ခဲ့ရပါ၏။ ဘယ်က ဘယ်လို ၀င်ငွေတွေရနေသည်ကို မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပါသည်။ နောက် အလုပ်ရှာရင်း၊ ဒုက္ခ ပေါင်းစုံနှင့် နပန်းလုံးရင်း၊ ဆယ်ဂဏန်းတော်တော်များများ အင်တာဗျူးများ သွားရင်း၊ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးမှ စာမေးပွဲများကို အသည်းအသန် ဖြေရင်းမှ ထို အောက်ဆိုဒ် ဆိုတာ ရေးရေးမျှ သဘောပေါက်ခဲ့ရ ပါသည်။ သို့သော် ကျွန်တော်နှင့် ကျွန်တော့် အပေါင်းအသင်းများမှာ ပိုက်ဆံမရှိလို့ ထမင်းမစားရရင် မြက်ကို စွပ်ပြုတ်လုပ်သောက်မယ်၊ ရခဲတဲ့ လူ့ဘ၀ ခဏကလေးမှာတော့ ဘယ်တော့မှ မတရားသဖြင့် ပိုက်ဆံကို မရှာဘူး ဟု ရိုးသားမှုကို မိုက်မိုက်မဲမဲ ဖက်တွယ်ထားသူများ ဖြစ်လေရာ ဒုက္ခ၀ဲသြဃထဲတွင် တ၀ဲလည်လည်နှင့် နှစ်ပေါင်း အတော်ကြာခဲ့ကြပါသည်။
အောက်ဆိုဒ် ဆိုသည့် ခိုးဝှက်ပြီးရသော ငွေရှာမှုသည် မြန်မာ့လူနေမှု အသိုင်းအ၀ိုင်းကြားတွင် ဂုဏ်သိက္ခာ ရှိသော အလုပ်တစ်ခု ဖြစ်ပါသလား။ နိုင်ငံ့ဘဏ္ဍာကို ကိုယ့်ပထွေးကပေးသော အမွေကဲ့သို့ ပြောင်ပြောင် တင်းတင်း အလစ်သုတ်နေကြခြင်းကို (အဲလေ လူသိရှင်ကြား ခိုးနေတာကို အလစ်သုတ်တာလို့ ခေါ်နိုင်ပါသလား၊ ဘယ်လို နာမည် တပ်ရမှန်းပင် မသိတော့ပါ) တရားဝင် လုပ်ပိုင်ခွင့်ပေးထားလို့ လုပ်နေတာ ဟု ယူဆပါသလား။ ဤအရာသည် မိမိ၏ တရားဝင် ရပိုင်ခွင့် တစ်ရပ် ဖြစ်ပါသလား။
စားစရာ မရှိလို့ သွေးရိုးသားရိုး သူများအိပ်နေတုံး တိတ်တိတ် တက်ခိုးသူများကျတော့ သူခိုး၊ သူခိုး ဟု လူသိရှင်ကြား အော်ဟစ်၊ တစ်ရပ်ကွက်လုံး ကြွက်ကြွက်ညံအောင် အတင်းလိုက်။ ထို မောင်သူခိုးသည် အိမ်ရှင်များ အိပ်နေတုံး ခိုးကြောင် ခိုးဝှက် ခိုးရသဖြင့် သူခိုးလျှင် မည်မျှ ခိုးနိုင်ပါမည်နည်း။ ထို မောင်ခိုးသားသည် တစ်နှစ်အတွင်း ကားစီးနိုင်လောက်အောင် ခိုးနိုင်ပါမည်လော။ သို့သော် ထို စားစရာမရှိသော သူ ခိုးတာကျတော့ လက်ညှိုးထိုး၊ နှာခေါင်းရှုံ့ကြသည်။ အ-မနာပ ပြောကြသည်။ ဂုဏ်သိက္ခာမရှိ။ ရဲဆိုသူများကလည်း ဤကဲ့သို့သော သူခိုးများကို သေသေချာချာ မိအောင်ဖမ်းပြီး တရားရုံးတင် ထောင်ချ ချင်ကြသည်။
သို့ ဆိုလျှင် နိုင်ငံ့ဘဏ္ဍာများကို တိုက်ဆောက် ကားစီး နိုင်လောက်သည်ထိ ခိုးခြင်းသည် လူသိရှင်ကြား ခိုးခြင်းဖြစ်၍ ဂုဏ်တက်စရာအလုပ်၊ လူအများအထင်ကြီး လေးစားစေသောအလုပ် ဖြစ်ပြီး။ သူများအိမ် တက်ခိုးခြင်း သည် လူမသိသူမသိ ခိုးခြင်းဖြစ်သဖြင့် ဂုဏ်ပျက်စရာအလုပ်၊ လူပုံအလယ် မျက်နှာငယ်ရမည့် အလုပ် ဖြစ်ပါသလား။ ယနေ့ခေတ် မြန်မာ့ လူနေမှုအသိုင်းအ၀ိုင်းက ဤကဲ့သို့ပင် လက်ခံထားပါသလား။
(ဤသို့ဆိုလိုက်ခြင်းအားဖြင့် သူများအိမ်တက်ခိုးနေသော သူခိုးများကို ခွင့်လွှတ်ထားပြီး အားပေး အားမြှောက် ပြုရမည် ဟု ဆိုလိုရာမရောက်ပါ၊ သိသာ ထင်ရှားအောင် ဥပမာ ပေးခြင်းသာ ဖြစ်ပါ၏)
ရိုးသား၊ ကြိုးစားသည့် သမိုင်း အစဉ်အလာ ရှိခဲ့သည့် ကျွန်တော်တို့ ရှေးမြန်မာကြီးများ၏ အစဉ်အလာကို အရောင်ဆိုး ဖျက်ဆီးပစ်ခဲ့သည့် သမိုင်းတရားခံများမှာ မည်သူများ ဖြစ်ပါသနည်း။ ရိုးသားမှုကို ဂုဏ်ပုဒ်တစ်ရပ် အနေနှင့် လက်ခံထားခဲ့သော၊ မိမိ၏ကာယအား၊ ဉာဏအားဖြင့် ချမ်းသာကြွယ်ဝလာသူများကို အထင်ကြီး လေးစား အားကျခဲ့ကြ သော မြန်မာ့လူနေမှု အသိုင်းအ၀ိုင်း ကို ပြန်လည် တည်ဆောက်ဖို့ စိတ်မ၀င်စားကြပါသလော။ မကောင်းမှုလုပ်တာကို ရှက်စရာ ဟု သင်ပေးဘို့ရာ ၀န်လေးနေကြပါ သလော။ သို့မဟုတ် မကောင်းမှု လုပ်ဖို့ကို ၀ိုင်းဝန်းတိုက်တွန်း နေကြပါသလော။ ဟိရီ၊ သြတပ္ပ ဆိုတာ ဘာလဲ ဟု လေ့လာသင်ယူဘို့ မေ့လျော့နေကြပါပြီလော။ သူတော်ကောင်း ဥစ္စာ ခုနစ်ဖြာ ဆိုတာ မြန်မာ့လူ့ဘောင်လောက မှ နိဂုံးကမ္မပတ် အဆုံးသတ် သွားပါပြီလော။
ကျွန်တော် ရေဆင်းတွင် နေခဲ့စဉ်က နိုင်ငံခြားသို့ ပညာတော်သင် သွားခဲ့ကြသော ဆရာ၊ ဆရာမများ ရှိခဲ့ပါသည်။ သူတို့ နိုင်ငံခြားမှ ပြန်လာသောအခါတွင် အပေါင်းအသင်း မိတ်ဆွေများမှ ၀ိုင်းဝန်းမေးမြန်းကြပါ၏။ “ကားပါမစ်ရရဲ့လား။ပိုက်ဆံ ဘယ်လောက် စုမိခဲ့သလဲ။ စုခဲ့တဲ့ ဒေါ်လာတွေကို ဗမာငွေနဲ့ ပြန်ချိန်းလိုက်ရင် ဘယ်လောက် ရနိုင်မလဲ။ အဲသလောက်ဆို ခြံရာလေးတစ်ကွက်လောက် ၀ယ်လို့ရမလား” စသဖြင့် ဖြစ်ပါ၏။ သို့သော် ဘာဘွဲ့ သွားယူတာလဲ၊ ဘာဘာသာရပ်နဲ့လဲ။ ဘာတွေ သင်ခဲ့ရသလဲ။ အဲဒီ သင်ခဲ့တာတွေကို ဒို့ဆီမှာ ဘယ်လိုပြန်အသုံးချလို့ ရနိုင်မလဲ။ ကျောင်းသားတွေကို ဘယ်လို ပြန် ဖြန့်ဝေပေးနိုင်မလဲ ဟူသည့် မေးခွန်းများကိုမူ တစ်ရံတစ်ဆစ်မှ မကြားရ ဖူးပါ။ ကျွန်တော်တို့၏ လူနေမှု ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ပညာထက် ငွေကို ပိုဦးစားပေးရမည် ဟု သင်ကြား ပေးလိုက် ပါသလား။
ကိုဌေးဝင်းနိုင်ကတော့ လူတစ်ယောက် ရာထူးတက်သွားရင် သူ့ရဲ့တာဝန်နဲ့ ၀တ္တရားတွေက ဘာတွေလဲ။ သူ့မှာ ဘာတာဝန်တွေ ပိုလာသလဲ၊ ဘယ်သူ့ကို တာဝန်ခံရသလဲ စသည်ဖြင့် သူလုပ်ရမဲ့ အလုပ်အကြောင်း မေးဘို့မေ့နေကြပြီး အဲဒီရာထူးရရင် ကားရမလား၊ အစိုးရပေးတဲ့အိမ်မှာ ဖုံး ရရဲ့လား။ ဘယ်လို အောက်ဆိုဒ်တွေ ရနိုင်မလဲ ဆိုတာလောက်ပဲ စိတ်ဝင်တစား မေးနေကြတဲ့ အခြေအနေကို ရောက်သွားပြီ ဟု ပြောပါသည်။
ကျွန်တော်တို့လူများသည် အလုပ်လုပ်ဖို့ထက် အလုပ်ကိုခုတုံးလုပ်ပြီး ငွေကို တရားသဖြင့်ရော၊ မတရားသဖြင့် ပါ အမိအရ ယူကြဘို့လောက်သာ စိတ်ဝင်စားကြတော့သည်။ ငါ့ရာထူးနဲ့ ငါ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ငါ့နိုင်ငံအတွက် စွမ်းစွမ်းတမံ လုပ်ပြလိုက်မယ် ဟု အားကြိုးမာန်တက် စိတ်ဓါတ်မွေးရမည့်အစား ဒီရာထူးကလေး မြဲနေတုံး ငါ့လုပ်ပိုင်ခွင့် ကို အသုံးချပြီး အသားကုန် အိတ်ထဲထည့်ထားမှ၊ အနာဂါတ်ဆိုတာ ရေရာတာမဟုတ်ဖူး ဆိုသော လူများက များနေသည် ဖြစ်ရာ ဤလူ့ဘောင်ကြီးအတွက် ရင်လေးစရာ ကောင်းလှပါဘိ။
(“ဟေ့ကောင်၊ အရမ်းစွတ်ပြောမနေနဲ့။ ငါတို့ရတဲ့ လခလည်း ကြည့်ဦး။ ဒီလခနဲ့ ဒီမိသားစုကို လောက်ငအောင် ဘယ့်နှယ်လုပ် ကျွေးထားမလဲ။ ဒီခေတ် ဈေးနှုံးတွေလည်း မင်းအသိ မဟုတ်လား။” “ဟုတ်ပါပြီ၊ ကိုယ်ကလည်း မတရား သဖြင့် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တော်ရုံသဖြင့် ပေါ့ဗျာ။ လူမြင်မကောင်းအောင် လုပ်နေကြတာတော့ ဘယ်ကောင်းမလဲ”)
ဘိုးဘွားများလက်ထက်က အစဉ်အဆက် လက်ခံကျင့်သုံးလာခဲ့သော ကျွန်တော်တို့၏ ယဉ်ကျေးမှု အစဉ်အလာ သည် ခေတ်မမီတော့။ ဒိတ်အောက် သွားပြီ ဖြစ်သဖြင့် အန်းတစ်များအဖြစ် ပြတိုက်ပို့ပစ်လိုက်ကြပြီ။ နှစ်ဆယ့် တစ်ရာစုသို့ ရောက်သောအခါ တိုးတက်နေသော ခေတ်ကြီးနှင့်အညီ အားလုံးကို ကပြောင်းပြိ ကပြောင်းပြန်၊ ဇောက်တိ ဇောက်ထိုး လုပ်ပစ်လိုက် ကြ၏။ တနည်းအားဖြင့် ဘုရားကားအောက် မျောက်ကားအထက် ဖြစ်သွားသည်။
ရိုးသားစွာ လုပ်ကိုင်စားသောက် နေသူများကိုတော့ ငတုံး၊ ငအ၊ အသုံးမကျတဲ့ကောင်၊ သောက်ဖျင်း၊ တစ်သက်လုံး လူမွေးလူတောင် ပြောင်မဲ့ကောင် မဟုတ်ဖူး ဟု ၀ိုင်းဝန်း သမ ကာ ကိုယ့်မိန်းမကအစ မလေးစား၊ ကိုယ်မွေးထုတ်ထားသော သားသမီးများက အထင်မကြီး၊ မလေးမခန့်လုပ်၊ လူတောသူတော မတိုးနိုင်၊ အပေါင်းအသင်း များကြား မျက်နှာငယ်ရပြီး နေရာမရ။ ဟင်းဟင်း - အင်ဂျင်နီယာ တဲ့၊ ဘာ အသုံးကျသလဲ၊ ကြည့်ပါအုံး၊ သူများတွေ တိုက်နဲ့ ကားနဲ့ နေ နေကြတဲ့အချိန်မှာ သူ့မတော့ မြေပြင်မှာ ခြေလျင်လျှောက်တုံး ဟု နောက်ကွယ်မှ နေ၍ နှုတ်ခမ်းတလန် ပန်းတလန် ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆို ........ကြကုန်လျှက်.....
အရာရှိဖြစ်ပြီး တစ်နှစ်မှ မပြည့်ခင် တိုက်ဆောက်၊ ကားစီး သွားနိုင်သူများကို ၀ိုင်းဝန်းချီးကျူး အားကျ၊ အထင်ကြီး လေးစားကာ နေရာတကာ နေရာပေးပြီး မျက်နှာချိုသွေး ချဉ်းကပ်သူ အများအပြား နှင့် ၀ိုင်းဝိုင်းလည်နေ လျှက်၊ ဘီယာတန်ခိုးကြောင့် အဆီတစ်ထပ် အသားတစ်ထပ် ဖြစ်နေသော ဗိုက်ကြီးကို ဂုဏ်ယူဝံ့ကြွားစွာ ရှေ့ပစ်ပြီး အင်ဒိုနီးရှား အမျိုးသမီးများ၏ လုံချည်များကို ရှပ်အင်္ကျီချုပ်ဝတ်ကာ နံဘေးမှလူများ အနားကပ်လျှင် ရိုက်မိ လောက်အောင် လက်နှစ်ဖက်ကို ကားလျှက် ရေသဘင် နေကာမျက်မှန်ကြီး တ၀င်းဝင်း၊ ကွမ်းယာဆိုင်များ၌ ဆေးလိပ်မီးညှိရန် ထားသော အုန်းဆံကြိုးလုံး ပမာဏမျှရှိသည့် ဟန်းချိန်းကြီး တလက်လက် ဖြင့် အရောင်အလင်း တောက်ပ ထွန်းလင်းစွာ လမ်းလျှောက်လာလျှင် ၀ိုင်းဝန်း အထင်ကြီး လေးစား၊ အားကျ ငေးမောကာ ချီးမွမ်း ထောမနာပြုကြပြီး ---
မိန်းမလုပ်သူမှာလည်း နွားနဖားကြိုးလောက် ရှိသော ရွှေဆွဲကြိုးကြီး လည်ပင်းတွင် ဆွဲထားပြီး အေဖိုးဆိုဒ်မျှ မကသော ပိုက်ဆံအိတ် အကြီးကြီးကို ချိုင်းကြား ညှပ်ကာ နောက်မှ ခြွေရံသင်းပင်း တစ်ကျိပ်မျှ လိုက်ပါလျှက် လမ်းဘေး ချရောင်းနေသော ကုန်စိမ်းသည်များကို လူမထင်ပြီးသကာလ ကောင်းပေ့ ညွန့်ပေ့ လှပေ့ ဆိုသော ဆိုင်ကြီးကနားများ တွင် ဆန်းပေ့ သစ်ပေ့ ခေတ်မီပေ့ ဆိုသော နောက်ဆုံးပေါ် ပစ္စည်းများကို ရှော့ပင်ထွက်လျှက်၊ မီလျံ နှင့် ဘီလျံမျှ မကသော ကိန်းဂဏန်းများကို လူရှေ့ သူရှေ့၌ စွာကျယ် စွာကျယ် မရွတ်လိုက်ရလျှင် စားမ၀င် အိပ်မပျော် ဖြစ်ကာ....
သားသမီးများမှာလည်း နောက်ဆုံးပေါ် ကားသစ်ကြီးများနှင့် ကျောင်းသွား ကျောင်းပြန် ပြုပြီး အင်္ဂလိပ်လိုချည်း သင်သော ပရိုက်ဗိတ်ကျောင်းများတွင် တက်လျှက်၊ ကျူရှင်သွားတက်ရတာ လူပေါင်းသောင်း ခြောက်ထောင်နှင့် ဆူညံ ပွက်လောရိုက်နေတာ အာရုံမရ သဖြင့် တော်ပေ့ဆိုသော ဆရာ၊ ဆရာမများကို အိမ်တွင် ခေါ်သင်ကာ အဆင့်မရှိသော ဗမာပြည်မှ ကျောင်းများကို မမှန်း၊ နိုင်ငံခြား ကျောင်းများသို့ သွားရောက် ပညာဆည်းပူးရန် ရည်မှန်းချက်ဖြင့် ...
(ဖူး ... မောလိုက်တာ၊ တော်လောက်ရောပေါ့ဗျာ)
ဤသည်မှာ ယခု လောလောလတ်လတ် ဖြစ်ပျက်နေသော ကျွန်တော်တို့ မြန်မာ့ လူနေမှု အသိုင်းအ၀န်းမှ ယိုယွင်း ပျက်ပြားနေသော စရိုက်ဆိုး၊ အကျင့်ဆိုး (ဗိုလ်ချုပ်အောင်ဆန်းလို ပြောရပါမူ - သောက်ကျင့်ဆိုး) များကို ကျွန်တော် စတိမျှ ပြောပြခြင်း ဖြစ်ပါသည်။ ကျွန်တော် မပြောလည်း မိတ်ဆွေများ သိပြီး ဖြစ်ပါ၏။ ဤသို့ပြောသည်မှာ သူများ ကြီးပွားနေတာ မနာလိုလို့ ပြောခြင်း မဟုတ်သလို အရာရာ မကောင်းမြင်စိတ်ဖြင့် ပြောနေခြင်းလည်း မဟုတ်ပါ။ အလွန် ချစ်စရာကောင်းသော မြန်မာ့ဓလေ့ စရိုက် နှင့် ယဉ်ကျေးမှုများ ယိုယွင်း ပျက်စီးသွားရခြင်းကို ရင်ထုမနာ ဖြစ်လွန်းလှ၍ ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော်ကား မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ မြန်မာစာပေ ဂီတ အမွေအနှစ်များကို အင်မတန် ချစ်မြတ်နိုးသူ ဖြစ်ရကား ထို ချစ်စရာကောင်းသော မြန်မာ့ဓလေ့ စရိုက် နှင့် ယဉ်ကျေးမှုများ ကျွန်တော်တို့ထံမှ တစစ ခွဲခွါသွားနေသည်ကို မြင်ရတာ အင်မတန်မှ စိတ်မကောင်းပါ။
ဤသို့ ဖြစ်သွားရခြင်းသည် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများတွင်ပင် တာဝန် ရှိပါသလား။ အဓိက တရားခံမှာ မည်သူများ ဖြစ်ပါသနည်း။ အဘယ့်ကြောင့် ဤကဲ့သို့ ဖောက်ပြန် ယိုယွင်း သွားရပါသနည်း။ သည်လိုဆိုလျှင် သည် လူနေမှု စံနစ်ကြီးကို ပြန်လည် အဖတ်ဆည်ရအောင် စိတ်မ၀င်စား ကြတော့ပြီလော။ အဖတ်ဆည်ရမည့် နည်းလမ်းများကို မရှာကြတော့ပြီလော။ မည်ကဲ့သို့ လုပ်လျှင် ကောင်းမည်နည်း။ အချိန်၊ ငွေ စသည် အလုံအလောက် ရှိဖို့ လိုသလို ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့လည်း လိုပါသည်။
တာဝန်ရှိသူများ တာဝန်မဲ့မနေကြပါနှင့်။ ပညာရှင်များ၏ အကြံဉာဏ်များကို လက်ခံကာ ပူးပေါင်းဆောင်ရွက်မှု ကို လက်ခံကြပါ။ ရေစုန်မျောနေသည့် လူ့အဖွဲ့အစည်းကြီးကို ကယ်တင်ခြင်းသည် သူတော်ကောင်းတို့၏ လုပ်ရပ် ဖြစ်ပါသည်။ ၀ိုင်းဝန်းဆောင်ရွက် ကြပါ ခင်ဗျား။ နောက်မျိုးဆက်သစ်များ အလုံးစုံ ပျက်သုဉ်းမသွားခင် ကြိုတင် ပြင်ဆင် ဘို့ လိုအပ်နေပါပြီ။ စက်ပစ္စည်း ပျက်တာ ပြင်ရတာ လွယ်ပါ၏။ ပျက်နေသောအပိုင်းကို ဖြုတ်လဲလိုက်လျှင် ခဏနှင့် ပြန်ကောင်း သွားနိုင်ပါသည်။ လူပျက်ပြီဆိုလျှင် ပြင်ဘို့ မလွယ်။ စိတ်ဓါတ်ရေးရာများ ပျက်သွားလျှင် ပိုပြီးမလွယ်။ လူတစ်ဦးတစ်ယောက် ဆိုပါက ကိစ္စမရှိသေး။ သူ့ပတ်ဝန်းကျင်က ၀ိုင်းဝန်း ထိန်းမတ်ပေးလို့ ရနိုင်သေးသည်။ လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး ဖောက်ပြန် ပျက်စီးသွားပြီ ဆိုလျှင် မူကား........................။

Thursday, September 25, 2008
Public
လူမှုရေး ၊ ယဉ်ကျေးမှု နှင့် ပြည်သူလူထု
ဤခေါင်းစဉ်အောက်တွင် ကျွန်တော်ဆွေးနွေးချင်သည်မှာ ပြည်သူလူထုကြီး တစ်ရပ်လုံးအတွင်း ဖောက်ပြန် ပျက်စီးလာသော ကိုယ်ကျင့်တရားများ၊ လူမှုရေးချို့ယွင်းမှုများ နှင့် ယဉ်ကျေးမှု ဆုတ်ယုတ်လာမှုများ အကြောင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ပညာရပ်ဆန်ဆန် ရှုမြင်သည် မဟုတ်ပဲ ကျွန်တော့်အတွေ့အကြုံများနှင့် ကျွန်တော့် အမြင်များကိုသာ စာဖတ်သူများသို့ တင်ပြမည်ဖြစ်ပါသည်။ ကျွန်တော့် ပုဂ္ဂလိကအမြင်များကို တင်ပြထားခြင်း ဖြစ်သဖြင့် စာဖတ်သူများနှင့် အမြင်သဘောထားခြင်း တူချင်မှ တူပါမည်။ မြန်မာ့ လူ့အဖွဲ့အစည်းကြီး တစ်ရပ်လုံး၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေလိုသော စေတနာဖြင့် ရေးသားခြင်း ဖြစ်ပါ၏။ အထက်တွင် ကျွန်တော် ပြောခဲ့သလို ကြိုက်တာပဲယူပြီး မကြိုက်တာ ချန်ခဲ့ဘို့ ဖြစ်ပါသည်။
ပြည်သူလူထု ဆိုရာတွင် အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ဘာသာမရွေး မြန်မာပြည်အတွင်း မှီတင်း နေထိုင်ကြသူ ပြည်သူအားလုံးကို ဆိုလိုပါသည်။ လူမှုရေးဆိုရာတွင် မြန်မာ့လူ့အဖွဲ့အစည်းက သတ်မှတ် လက်ခံ ထားခဲ့သော ဓလေ့ထုံးတမ်း စဉ်လာများ ပါဝင်ပြီး ယဉ်ကျေးမှု ဆိုရာတွင်လည်း မြန်မာ့ယဉ်ကျေးမှု ကို ဆိုလိုပါ၏။
ပထမဆုံးပြောလိုသည်မှာ လူ့ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းအစဉ်အလာ၌ နောက်မကျခဲ့သော ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဘယ့်ကြောင့် ဤကဲ့သို့ ကပြောင်းပျိကပြောင်းပြန် ဇောက်တိဇောက်ထိုး များ ဖြစ်နေရသနည်းကို ဆန်းစစ်ရန် အကြောင်းရင်း (Root cause) ကို ရှာရန် ဖြစ်ပါ၏။
ဤနေရာတွင် ကျွန်တော်တို့သည် နင့်ကြောင့် ငါ့ကြောင့် ဟု တစ်ဦးကိုတစ်ဦး အပြစ်ပုံချနေရုံမျှဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပဲ ဘာ့ကြောင့်ဆိုသည့် အကြောင်းရင်းကိုရှာကာ ဒါဖြင့် ဘယ်လိုလုပ်မလဲ ဟူသော အဖြေကို ၀ိုင်းဝန်း တိုင်ပင်ဆွေးနွေးကာ အဖြေရှာရန် ဖြစ်ပါ၏။ ပြည်သူလူထု နှင့် ဆိုင်သော ပြဿနာမှာ အလွန်သိမ်မွေ့နက်နဲပြီး ဖြေရှင်းရန်ခက်သဖြင့် လွယ်လွယ်ကလေးတော့ မဟုတ်ပါ။ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူကာ လူထုအားဖြင့် ဖြေရှင်း မှ ရမည်၊ တစ်နည်းအားဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှ ဖြစ်နိုင်မည် ဖြစ်ပါသည်။ ဤသို့ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ် ဖြစ်ပေါ်လာအောင် သူတို့ကို အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ မက်လုံးများဖြင့် ဆွဲဆောင်ခြင်းများ လိုပါမည်။
အရေးကြီးဆုံးမှာ နောက်မျိုးဆက်သစ်များကို မှန်ကန်ကောင်းမွန် သင့်မြတ်သော ပညာကို ထိထိရောက်ရောက် (အဖြစ်မျှ မဟုတ်ပဲ) သင်ကြားပေးပြီး ၎င်းတို့၏ အသိပညာကို မြှင့်တင်ပေးရန် ဖြစ်ပါ၏။ ပညာရေး သင်ရိုးညွှန်းတမ်း ကိစ္စကား ကျွန်တော်တို့လို ပါမွှားများ အလုပ်မဟုတ်။ ပညာရှင်များ၏ အလုပ်ဖြစ်သဖြင့် သင်ရိုးကိစ္စ ကျွန်တော် ဘာမျှ ပြောစရာ မရှိပါ၊ သို့သော် ငါမှငါ ဟူသောအစွဲများကို ဖြုတ်ကာ အခြား ခေတ်မီနိုင်ငံကြီးများမှ ပညာရေးကို လေ့လာပြီး မိမိတို့တိုင်းပြည်နှင့် သင့်တော်သည်များကို ယူငင် အသုံးချဘို့တော့ လိုသည်ပေါ့။
သူတို့မှားယွင်းနေသည်ကို အပြစ်တင်မစောပဲ ဘာ့ကြောင့် သူတို့မှားယွင်း နေသလဲ ဟု ဆန်းစစ်ကာ သည်လို မမှားအောင် ဘယ်လိုလုပ်ပေးရမလဲ ဟု အဖြေရှာရန် လိုပါ၏။ ဥပမာအားဖြင့် - ရန်ကုန်မြို့လယ်ခေါင်တွင် ချောင်ကျ သော နံရံများ၌ သေးမပေါက်ရ ဟု ရေးထားပါ၏။ သည်နေရာ မပေါက်ရဆိုလျှင် ဘယ်နေရာ သွားပေါက်မည် နည်း။ အလွယ်တကူ သွားနိုင်ရန် ရန်ကုန်မြို့တွင်း၌ အများပြည်သူသုံး အိမ်သာများ ရှိပါသလော။ အန္တရာယ်ဆိုတာ လွယ်ထားလို့ ရစကောင်းသော အရာမဟုတ်။ သို့ ဤသည့်နေရာများတွင် သေးမပေါက်စေချင်လျှင် အများသုံး အိမ်သာ များကို လုံလောက်စွာ ထားမပေးသင့်ပေဘူးလား။ အိမ်သာအလွယ်တကူ ရှိနေပါလျှက်နှင့် အဘယ်သကောင့်သားသည် နံရံကွယ်ကာ ပုန်းလျှိုးကွယ်လျှိုးနှင့် သွားချင်ပါမည်နည်း။ (အမျိုးသမီးတွေဆို ပိုဆိုးသေးဗျာ၊ ယောက်ျားလေးတွေကမှ ကွယ်ရာထောင့်ရာ လှန်လိုက်လို့ ရသေး။ မိန်းကလေးတွေ အဲလို လုပ်လို့ ကောင်းမလား။)
ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ဟု အမျိုးမျိုးသော အဓိပ္ပါယ်မဲ့ စည်းကမ်းချက်တွေ ထုတ်နေမည့်အစား ဤသို့မလုပ်အောင် ငါတို့ ဘာတွေလုပ်ပေးရမလဲ ဟု လက်တွေ့ကျသော အဖြေရှာရန် ဖြစ်ပါ၏။
ကိုင်း - ပြောနေကြာရော့၊ ဆော်ပလော် တီးကြပါစို့။ လက်သံနည်းနည်းပြောင်သွားလျှင် သည်းညည်းခံကြပါ။
ကျွန်တော်မှာ ကိုယ့်ကိုယ်ကို သက်သက်ညှာညှာ ဝေဖန်ရလျှင် အလွန်တုံးသူတစ်ဦး ဖြစ်ပါ၏။ ကျွန်တော်၏ အဖျင်းနိုင်မှုများကို ခုတုံးလုပ်ကာ လူအတော်များများသည် ကျွန်တော့်အပေါ် ကျော်ခွ သွားခဲ့ဖူးပြီ။ သို့တိုင် ကျွန်တော့်မှာ ကျော်လို့ကျော်မှန်းမသိ။ သူများတွေ ပြန်ပြောပြမှ သြော် - ဟု အံ့သြရပါသည်။
ကျွန်တော် ငယ်စဉ် ၁၀တန်းကျောင်းသားဘ၀က ဆယ်တန်းဖြေရမည်ဆိုတော့ မှတ်ပုံတင်လုပ်ရမည်။ သည်တော့ ကျွန်တော်က ခုနစ်တန်းကျောင်းသား ညီဝမ်းကွဲကို အဖော်ပြုကာ လ၀ကရုံးသို့သွားကာ မှတ်ပုံတင်လုပ်ပါ၏။
“အစ်ကို့၊ ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေဘို့ မှတ်ပုံတင် လုပ်ချင်လို့” “အေး၊ အေး၊ ဓါတ်ပုံ အရင် သွားရိုက်ချေကွ” “ဟုတ်၊ ဟောဒီမှာ ဓါတ်ပုံ” “အေး၊ အေး၊ ခဏစောင့်။ ဒါနဲ့ အစ်ကို ဟိုဘက် ခဏသွားလိုက်အုံးမယ်။ မင်းတို့ ပိုက်ဆံပါရင် ငါးကျပ်လောက် ခဏပေးလိုက်ပါလား” “ဟုတ်ကဲ့၊ ပါပါတယ်၊ ရော့” --------
“ရော့၊ ရော့၊ ပြီးပြီ မင်းမှတ်ပုံတင်”“ဒါနဲ့ ခုန အစ်ကိုခဏယူသွားတဲ့ ၅ ကျပ် ....” “ဟေ - ငါ လက်ဖက်ရည် သောက် ပစ်လိုက်ပြီကွ” “ကိုအေးငြိမ်း၊ လာ ပြန်ရအောင်” “ဟေ- ဒို့ ငါးကျပ်..”“လာပါဗျာ”......................
“သူက လိုချင်လို့တောင်းတဲ့ပိုက်ဆံ၊ ဘာလို့ပြန်တောင်းရတာလဲ” “ဟကောင်၊ သူက ခဏဆိုပြီး ယူသွားတာကို”
မှန်ရာပြောရလျှင် ကျွန်တော့်မှာ ညီ ခုနစ်တန်းကျောင်းသားလောက်တောင် မပါးပါ။ အနို့ သူက ခဏဆို ယူသွားတော့ ကျွန်တော့်စိတ်ထဲ ပြန်ပေးမည် ဟု ရိုးသားစွာ ထင်နေခဲ့မိသည်။
ဤသည်မှာ ကျွန်တော့်ဘ၀တွင် ပထမဆုံး စတင် ကြုံတွေ့ခဲ့ရသော လက်ဖက်ရည်ဖိုး ဖြစ်ပါ၏။ နောက်တွင်တော့ (ကျောင်းပြီးသည်မှစ၍) လက်ဖက်ရည်ဖိုး၏ အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်ခဲ့ရ ပါတော့၏။ ဤသည့် “လက်ဖက်ရည်ဘိုး” ဟူသည့် ယဉ်ကျေးမှုတစ်ရပ်ကို အဘယ်ကဲ့သို့သော ပညာရှင်က မည်သည့်ခေတ်တွင် စတင် တီထွင် လိုက်ပါသနည်း။ သုတေသနပြုဘို့ ကောင်းလှပါဘိတောင်း။
နောက်ပြီး ကျွန်တော့်နှလုံးသားနုနုကို ဒါဏ်ရာရစေခဲ့သော အဖြစ်အပျက်ကလေး တစ်ခုကိုလည်း ပြန်ပြောင်း ဖောက်သည် ချချင်ပါ၏။
ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းတွင် ကြီးသူကိုသာ ရိုသေပြီး နေရာပေးကြသော်လည်း ကလေးများကိုမူ နေရာပေးလေ့ မရှိပါ။ ကလေးများကို နေရာတကာ “ဟဲ့ ကလေးတွေ” ဟု နှင်လွှတ်လေ့ ရှိပါ၏။ “အဲဒီ ကလေးတွေ ရှုပ်ကို ရှုပ်တယ်” ဟု ကောင်းချီပေးသလို “နင်တို့အရာ ဘာပါသလဲ၊ သွားကြ” ဟုလည်း အတင်းအဓမ္မ မောင်းထုတ် တာကိုလည်း ခံကြရပါသည်။
(စကားစပ်၍ ပြောရလျှင် ကလေးလူငယ် စာပေစာတမ်းများ ဟူ၍ စာတမ်းတစ်စောင် ၁၉၈၀ ခုနှစ်များ ပတ်ဝန်းကျင်က စာပေဗိမာန်မှ ထုတ်ဝေခဲ့ဖူးပါ၏။ ထိုစာတမ်းတွင် မြန်မာနိုင်ငံ၌ ကလေးစာပေ ဟူ၍ အလွန်နည်းပါးသေးကြောင်း၊ ကလေးများအတွက် ဟူ၍ သီးသန့်ထုတ်ဝေသော စာပေများမှာ လူကြီးဖတ်စာပေများနှင့် စာလျှင် လက်ချိုးရေလို့ ရနေ သေးကြောင်း၊ ထို့အတွက် ကလေးစာပေများ များများရေးဘို့လိုသေးကြောင်း တိုက်တွန်းထားပါ၏။ ကျွန်တော်တို့ ငယ်စဉ်က ဖတ်ခဲ့ရသော ကလေးစာပေများမှာ ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား၊ မိုးသောက်ပန်း နှင့် ပြားခြောက်ဆယ် တန် ကာတွန်း(ဂျာနယ်အရွယ်) မောင်သံမဏိ၊ ရွှေစွန်ညို၊ ရွှေဂေါင်းပြောင် စသည် များ နှင့် ဆရာမကြီး ဒေါ်သိန်းယဉ် ၏ မိုးဆန်းပန်း ပုံပြင်များ ဖြစ်ပါ၏။ ကျွန်တော်က တောမြို့ကလေး သေးသေးမှာ နေခဲ့ရတော့ ကျွန်တော်တို့ဆီကို ကလေးဖတ် စာအုပ်စာတမ်းများ မရောက်လာတာလည်း ဖြစ်နိုင်ပါသည်။ ဤကား စကားချပ်)
ကျွန်တော် ခြောက်တန်းကျောင်းသားဘ၀ နွေရာသီကျောင်းပိတ်ရက် ကာလ (၁၉၇၄) က ဖြစ်ပါ၏။ ကျေးလက် တောရွာများတွင် လယ်သိမ်းအပြီး ဆောင်းနှောင်းနှင့် နွေရာသီများတွင် အလှူမင်္ဂလာဆောင်များ ကျင်းပလေ့ရှိပါသည်။ တောရွာများသဘာဝ အလှူဆိုသည်နှင့် ရွာလုံးကျွတ် ဖိတ်ကြားကာ မီးခိုးတိတ် လာရောက် အားပေးကြလေ့ ရှိပါသည်။ ကလေးများနှင့် ခွေးများပါမကျန် စည်စည်ကားကား တပျော်တပါးကြီးပေါ့။
ကျွန်တော်တို့အိမ်မှ လယ်စာရင်းငှားမှာ ကျွန်တော့် မိဘများနှင့် မောင်နှမများကို အလွန်ချစ်ပါသည်။ ကျွန်တော် တို့ကလည်း သူ့ကို စာရင်းငှားဟူ၍ သဘောမထားပဲ အစ်ကိုကြီးသဖွယ် ဆက်ဆံပါသည်။ ထိုနွေရာသီကျောင်းပိတ်ရက် တစ်ရက် ရွာတွင် အလှူလုပ်သည်နှင့် ထုံးစံအတိုင်း ကျွန်တော်တို့လည်း တပျော်တပါး သွားရောက် စားသောက်ကြ၏။ ထမင်းစားချိန်တွင် ထိုအစ်ကိုကြီး (ကိုအေးလှိုင်) က ထမင်းဝိုင်းပြင်ပေးရသော တာဝန်ကျသည်နှင့် သူပြင်ထားသော ထမင်းဝိုင်းတွင် လာ ညီလေး ဟု ကျွန်တော့်ကိုခေါ်ကာ တစ်နေရာထည့်ကျွေးပါသည်။ ကျွန်တော်ထိုင်ပြီး တစ်လုပ် နှစ်လုပ် စားရုံရှိသေး။ ဟေ့ကောင်၊ ဒါ ကလေးတွေစားဘို့ မဟုတ်ဘူး။ မင်းက ဘာလို့ဝင်စားရတာလဲ ဟု မာန်မဲကာ ထမင်းစားနေရင်းတန်းလန်း အတင်း ဆွဲထုတ်တာ ခံရပါသည်။ ထို ဆွဲထုတ်သူမှာ အခြားသူ မဟုတ်ပါ။ ကျွန်တော့်အမေ၏ မောင်ဝမ်းကွဲတော်သူ ကျွန်တော်တို့၏ ဘကြီး (ကျွန်တော်တို့က ဘကြီးငအုန်း ဟု ခေါ်ပါ၏) ဖြစ်ပါ သည်။ မိတ်ဆွေများခင်ဗျား၊ ကျွန်တော့်နေရာမှ ၀င်ခံစားကြည့်ပါ။ ကျွန်တော် ဘယ့်ကလောက် အရှက်ရသွားသည်ကို။ ကျွန်တော် ရှက်လည်း အင်မတန်ရှက်သွားသလို ထိုဘကြီးကိုလည်း အလွန်စိတ်နာသွားပါသည်။ အလှူ၊ မင်္ဂလာဆောင် သွားချင်စိတ်များပင် ကုန်ခမ်းသွားပါ၏။
(သို့သော် အသက်ကြီးလာတော့ ထိုအရာများကို မေ့ဖျောက်၊ သင်ပုန်းချေလိုက်ပါသည်။ ၂၀၀၄ ခုနှစ် စင်ကာပူမှ မြန်မာပြည် ခေတ္တပြန်စဉ် ရွာပြန်ရောက်သွားခိုက် သားသမီးများက ပြန်မကြည့်သဖြင့် အ၀တ်၊ အနေအထိုင်၊ အစားအသောက်မှစ အရာရာ ချို့တဲ့နေသော ထိုဘကြီး အိုကြီးအိုမ လင်မယားကို အ၀တ်အစား တစ်စုံစီ၊ မုံ့များနှင့် သုံးစရာ ပိုက်ဆံများပါ ကျွန်တော် သွားရောက် ကန်တော့ခဲ့ပါ၏)။
ထိုသည်မှ စ၍ ကျွန်တော်က ငါသာကြီးလာရင် ကလေးတွေကို အစစ အရာရာ ဦးစားပေးမယ် ဟု တေးမှတ်ထားခဲ့ပါသည်။ ထို့အတွက် ကျွန်တော် ရွာပြန်တိုင်း လူကြီးများအတွက် မုံ့ကို သင့်တော်ရုံမျှ ၀ယ်သွားပြီး ကလေးများအတွက်မူ ပီနံအိတ်နှစ်လုံးစာမျှ မုံ့များ ၀ယ်သွားကာ ကလေးများကို ဝေခြမ်းပေးလေ့ ရှိပါသည်။ ထို့ပြင် ကျွန်တော်တို့ရွာတွင် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ပေးပြီး ကလေးဖတ်စာပေများ (ကာတွန်း၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်) ကို ဦးစားပေး ထည့်ပေးထားလိုက်ပါသည်။ အမှန်တကယ်လည်း လာရောက် ဖတ်ရှုသူများမှာ ကျောင်းသားကလေး ငယ်များ ဖြစ်ပါ၏။ လူကြီးများမှာ တချို့သာ ခဏတဖြုတ် လာဖတ်ကြပါသည်။ ကျွန်တော် စာကြည့်တိုက်ထဲထိုင်နေစဉ် ကလေးငယ်များမှာ ကျောင်းဆင်းသည်နှင့် တပြိုင်နက် ကျောင်းနှင့် သိပ်မဝေးလှသော စာကြည့်တိုက်သို့ အလုအယက် ပြေးလာကာ စာအုပ်များကို လှန်လှောဖတ်ရှုသည် တွေ့ရသည်နှင့် ကျွန်တော့်မှာ ကလေးများကို ကြည့်ပြီး များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။
စာကြည့်တိုက်ကလေးကို စောင့်ရှောက်နေသူ ဆရာကိုတင်သိန်းက “အစ်ကိုရေ့၊ စာကြည့်တိုက်ကို လာ အားပေးတာမှာ သူတို့တွေ အဓိကပဲ” ဟု ကျွန်တော့်ကို ရှင်းပြပါ၏။ ကျွန်တော်က စာကြည့်တိုက်အတွက် စာအုပ်များ ၀ယ်ပေးရာတွင် ကလေးများအတွက် အဓိကထားပြီး ၀ယ်ပေးရန် မမကို တိုက်တွန်းပါသည်။ ယနေ့ခေတ်တွင် မတော့ ကလေးလူငယ်ဖတ်စာပေများ ယခင်ကထက်စာလျှင် အတော်များများ ရှိလာပြီဖြစ်ပါသည်။ ကျွန်တော်လည်း နောက်ပိုင်း ကလေးဖတ်စာပေများ ရေးသားရန် စိတ်ကူးမိပါ၏။ ကလေးများ၏ ဦးဏှောက်ကို အရောင်တောက်လာအောင် လုပ်ပေးရန် လိုပါသည်။
ကျွန်တော့်ကလေးများ (သားနှင့် တူ၊ တူမများ) ကိုမူ သူတို့လုပ်ချင်ရာ စိတ်ကြိုက် လုပ်ကြစေရန် လွှတ်ထားပေး ဘို့ မမကို ပြောပါ၏။ အန္တရာယ်ရှိနိုင်သည်များမှလွဲ၍ တော်ရုံတန်ရုံ ဘာမျှ မချုပ်ချယ်စေပါ။ ကွဲပေ့စေ၊ ပျက်ပေ့စေ။ သူတို့ လုပ်လို့ ပျက်သွားလျှင် ဒီလိုလုပ်လျှင် ဒီလိုပျက်တတ်သည် ဆိုတာ သူတို့ဟာ သူတို့ သင်ခန်းစာ ယူပေ့စေ။ အော်ကြ၊ ဆော့ကြစမ်း။ လွတ်လွတ်လပ်လပ် ပေါ့။ ကလေးတွေ လွတ်လွတ်လပ်လပ် ဆော့လှောင် အော်ဟစ်နေတာ မြင်ရလျှင် ကျွန်တော် အလွန် စိတ်ချမ်းသာပါသည်။ ဟိုဟာဖြင့် မကိုင်နဲ့၊ ဒီဟာဖြင့် မလုပ်နဲ့ ချုပ်ချယ်တာ ကျွန်တော် အလွန်မုန်းပါသည်။ နေရာတကာ အချုပ်ချယ်ခံနေရသော ဦးဏှောက်သည် အဘယ်မှာ ပွင့်လင်းထက်မြက်သော ဦးဏှောက်တစ်ခု ဖြစ်လာနိုင်ပါ မည်နည်း။ သို့ဆိုလျှင် ဤကဲ့သို့သော ဦးဏှောက်မှ အကြံကောင်း၊ ဉာဏ်ကောင်းများ ထွက်ပေါ်လာနိုင်ပါမည်လော။
နေရာတကာ အချုပ်ချယ်ခံနေရသော ကလေးငယ်သည် သွက်လက် ထက်မြက်သူ ဖြစ်လာဘို့ အခွင့်အလမ်း များကို ပိတ်ပင်ထားခြင်း ခံရသူ ဖြစ်ပါသည်။ သွက်လက် ထက်မြက်သော ကလေးငယ်များကို မွေးထုတ်မပေးနိုင်သော လူ့ဘောင်သည် ခပ်တုံးတုံး ခပ်အအ၊ ခပ်ထုံထုံ ခပ်ညံ့ညံ့ ခေါင်းဆောင်များ ဦးဆောင်သော လူ့အဖွဲ့အစည်းသာ ဖြစ်လာ စရာ ရှိပါသည်။ သို့ဆိုလျှင် ထိုကျေးရွာ၊ မြို့ပြများသည် အဘယ်မှာလျှင် ဖွံ့ဖြိုးသောကျေးရွာ၊ မြို့ပြများ ဖြစ်လာနိုင်ပါ မည်နည်း။ ထိုကျေးရွာ၊ မြို့ပြများဖြင့် ဖွဲ့စည်းထားသော နိုင်ငံသည်လည်း အခြားနိုင်ငံများနောက် အနှစ် သုံးဆယ်မျှ နောက်ကျကျန်နေသော နိုင်ငံ ဖြစ်လာစရာ ရှိပါသည်။ (မကြာသေးမီက ခရီးသွားအေးဂျင့် တစ်ခု၏ ကြော်ငြာတွင် မြန်မာ ပြည်အကြောင်း မည်သို့ ကြော်ငြာထားသည် ထင်ပါသနည်း။ ယနေ့ခေတ်မှ ယခင် နှစ်ပေါင်းသုံးဆယ်ခန့် အကြာက လူ့အဖွဲ့အစည်းတစ်ခု၏ အခြေအနေကို လေ့လာလိုပါသလား၊ မြန်မာပြည်ကို သွားပါ ဟူ၏။ ထိုကြော်ငြာကို ဖတ်ပြီး ကျွန်တော် အတော် ကသိကအောက် ဖြစ်ခဲ့မိပါသည်။)
နောက်တစ်ခု။ လမ်းနံဘေးများတွင် အများပြည်သူများအတွက် သောက်ရေအိုးစင်များ တည်ထားပေးသော အင်မတန် ချစ်စရာကောင်းသည့် မြန်မာ့ဓလေ့ ကို အရုပ်ဆိုးစေသည်မှာ သံခြေကျင်းများဖြင့် တုပ်နှောင်ခြင်း ခံထားရသော သောက်ရေခွက်ကလေးများ ဖြစ်ပါ၏။ မိမိတို့သောက်ဘို့ စေတနာရှင်များ တည်ထားပေးသည့် ရေချမ်းစင် မှ ဘယ့်ကလောက်မှ တန်ဘိုးမရှိသော သောက်ရေခွက်များကို အဘယ်ကြောင့် အလီဘာဘာ လုပ်ချင်ရပါသနည်း။ ရေခွက်တစ်ခွက် မှ မ၀ယ်နိုင်လောက်အောင် ဘတ်ဂျက် ပြတ်လတ်နေပါပြီလား။
နောက်ပြီး အလှူ၊ မင်္ဂလာဆောင်များတွင် (တရားပွဲများပါမကျန်) ဖိနပ်ပျောက်မှု ဖြစ်ပါ၏။ အလှူလာသူများမှာ ဖိနပ်အတွက် နောက်ကြောင်းမအေးရ။ တချို့ စမတ်ကျသော အလှူရှင်များကမူ အလှူလာသူများ ဖိနပ်ကိစ္စအတွက် ဗျာမများရလေအောင် လူငယ်တစ်ဦးဦးကို ဖိနပ် သိမ်းစေပါသည်။ တရားပွဲတွင် ဖိနပ်ခိုးသည်ကတော့ အကျည်းတန် လှသည် ဟု ကျွန်ုပ် မြင်မိပါ၏။ တရားပွဲလာသူများက ဖျောင်သည်ဟုဆိုလျှင် သူတို့ဘာတရားနာပါသလဲ ဟု ကျွန်တော် က မေးလိုက်ချင်ပါသေး၏။ တရားနာလာသူများ ထဲမှ မဟုတ်မူ၍ အပြင်လူ ဆိုလျှင်တော့လည်း မပြောတတ်ပါ။ ဘုရားသွားပြီး ဘုရားကို ဦးချကန်တော့တာတောင် စိတ်မဖြောင့်ပါ။ ငါ့ဖိနပ် ရှိမှ ရှိသေးရဲ့လား ဟု စိတ်တထင့်ထင့်နှင့် နောက်ပြန် ပြန် လှည့်ကြည့်နေရပါသည်။ ဘုရားပေါ်တွင် အဘယ်ကဲ့သို့သော အချောင်သမားများသည် အနှီ စီးပြီးသား ဖိနပ်များကို အလစ်သုတ်ချင် ရပါသနည်း။
ဖိနပ်အလစ်သုတ်ရာတွင် နာမည်ကြီးဘူတာမှာ ပျဉ်းမနားဘူတာ ဖြစ်ပါ၏။ ရေဆင်းတွင် နေစဉ် တစ်ခါက ကျွန်တော် ရန်ကုန်သွားရာ ရထားစောင့်ရင်း ဘူတာထဲရှိ ထိုင်ခုံတွင် ထိုင်ကာ ငိုက်နေမိပါ၏။ နိုးလာပြီး ကြည့်လိုက်တော့ ဖိနပ်မရှိတော့ပါ။ ရန်ကုန်ရောက်တော့ ဘာမျှမလုပ်နိုင်ခင် ပထမဆုံး ဖိနပ်ဆိုင် အလျင် လိုက်ရှာရပါ၏။ ဘူတာမှာ အိပ်ငိုက်နေလို့ ခိုးတာ ထားပါတော့။ ရထားပေါ်မှာ အိပ်မငိုက်ပါပဲလျှက် ခြေညောင်းသဖြင့် ခေတ္တမျှ ထိုင်ခုံပေါ် ခြေတင် ထားလျှင်ပင် ဖိနပ်ပျောက်တတ်ပါသည်။ ကျွန်တော်တို့ လူမျိုးများသည် သားငံပြေသုတ် အင်မတန် ကြိုက်တတ်သော လူမျိုးများ ဖြစ်ပါသလား။
စင်ကာပူတွင် တိုးပါးရိုး ဘုန်းကြီးကျောင်း၌ ပွဲလမ်းသဘင်၊ တရားပွဲရှိ၍ သွားလျှင် ရာပေါင်းများစွာသော ရွှေပွဲလာ ပရိသတ်တို့သည် မိမိတို့၏ ဖိနပ်များကို ကျောင်းအ၀င် လှေခါး၌ သည်အတိုင်းပင် ချွတ်ထားခဲ့ကြပါ၏။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဖိနပ်ကြီးကြပ်ရေးမှူး လုပ်နေစရာ မလိုပါ။ သို့သော်လည်း မည်သူမျှ ဖိနပ်ပျောက်သည် ဟု မကြားမိပါ။ မိတ်ဆွေတို့ အသိပင် ဖြစ်ပါ၏။
သို့ဆိုလျှင် မြန်မာပြည်မှ တရားပွဲလာ ပရိသတ်များ နှင့် စင်ကာပူမှ တရားပွဲလာ ပရိသတ်များအကြား ဘာများ မှားယွင်းနေပါသနည်း။ ပညာရှင်များ ဖိနပ်ပျောက်မှု သုတေသနစာတမ်း ပြုစုကြပါရန် ချောက်တွန်းပါ၏။ (တရားပွဲ လာသူ ဘယ်နှယောက်။ သားရေဖိနပ် က ဘယ်နှရံ၊ ဂျပန် ဖိနပ်က ဘယ်နှရံ။ တန်ဖိုးကြီးဖိနပ်က ဘယ်နှရံ၊ တန်ဖိုးနည်း ဖိနပ်က ဘယ်နှရံ။ တရားတစ်ပွဲလျှင် တန်ဖိုးကြီးဖိနပ် ဘယ်နှရံပျောက်ပြီး တန်ဖိုးနည်း ဖိနပ် ဘယ်နှရံ ပျောက်သည် စသည်...၊ နောက်ပြီး ရယ်စရာစာစောင်တွင် ထည့်လို့ရနိုင်ပါမည်။ ရေးပုံသားနည်းကိုတော့ ဂျက်(ကွမ်းခြံကုန်း) ကို အတုယူကြပါကုန်။)
နောက် အင်မတန် စိတ်ဝင်စားဖွယ်ရာ မြင်ကွင်းကို စောစောစီးစီး မြင်တွေ့ လေ့လာခဲ့ရပုံကလေး ပြန်ပြောင်း ပြောပြပါရစေဦး။
၁၉၉၆ ခုနှစ်လောက်က ကျွန်တော့်အစ်မကြီးတွင် အဆုတ်ထဲ ရေ၀င်သည့် ရောဂါဖြစ်သဖြင့် ရန်ကုန်သို့ လာရောက် ကုသပါသည်။ ထိုစဉ်က ရွာမကျောင်းလမ်း ရေခဲစက်ဝင်းအတွင်း အသိအိမ်တစ်အိမ်၌ တည်းခိုပါ၏။ နံနက် စောစော အိပ်ယာထပြီး မျက်နှာသစ်ဘို့ အိမ်ပြင်ထွက်လိုက်တော့ အလို- ဟိုရှေ့က လူတွေ စောစောစီးစီး ဘာတွေများ အလုပ်ရှုပ်နေပါလိမ့်။ ကျွန်တော် အလွန်စိတ်ဝင်စား သွားပြီး သူတို့အနား မလှမ်းမကမ်းသွားကာ စနည်းနာမိပါ၏။
ဟိုက် ရှာလပတ်ရည်၊ ကျွန်တော့၏ အလွန်ခေတ်နောက်ကျနေပြီ ဖြစ်သော ဗဟုသုတများကို ထိုသူများက လက်တွေ့ ပြသလိုက်ပါ ပကော။ ကျွန်တော်ထင်တာက ကြက်သား၊ ၀က်သားများကို ရေထိုးသည် ဆိုသည်မှာ ဆရာဝန်သုံးသော ဆေးထိုးပြွန်များဖြင့် ထိုးသွင်းတာ ဖြစ်မယ် ဟု တွေးထင်ခဲ့မိပါ၏။ ဘယ့်နယ့်၊ ဒီလောက် ကြက်ကောင်ရေအများကြီးကို ခင်ဗျား ဆေးထိုးပြွန်နဲ့ ထိုးသွင်းနေလို့ ထမင်းဘယ် နပ်မှန်လိမ့်မတုံး။ ထိုသူများကတော့ အ၀တ်လျှော်သော ဒန် ဇလုံကြီးထဲတွင် အမွေးနှုတ်ထားသော ကြက်တုံးလုံးများကို အစီအရီထည့်ကာ စက်ဘီးလေထိုးသော လေထိုးတံကြီးဖြင့် ထိုးထည့်နေခြင်း ဖြစ်ပါ၏။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။ ၎င်းတို့၏ ခေတ်လွန် နည်းပညာရပ်များကို ကျွန်တော် အင်ဂျင်နီယာကြီး အံ့သြဘနန်း ဖြစ်ခဲ့ရပါဘိ။
အခြားနိုင်ငံများက အသက်ရှင်နေသော ကြက်ကိုသာ အသားတိုး ၀ဖြိုးအောင် လုပ်တတ်သည်။ ကျွန်တော်တို့ မြန်မာနည်းပညာများကတော့ အသက်မရှိတော့သော ကြက်ကို အလေးချိန်တိုးကာ ပိန်ခြောက်နေသော ကြက်ကလေးမှ အလွန်ဆူဖြိုးသော ကြက်၀၀ကြီးအဖြစ်သို့ စက္ကန့်ပိုင်းအတွင်း လုပ်နိုင်နေပြီဖြစ်သည်။ သြစတေးလျား၊ အမေရိကန် စသော နိုင်ငံကြီးများမှ မွေးမြူရေးပညာရှင်များ လာရောက်လေ့လာရန် သင့်လျော်လှပါဘိ။ ကမ္ဘာ့ စားသုံးသူများအတွက် ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ဤနေရာမှ စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။
နောက်ပြီး အခြားနိုင်ငံများထက် ပိုပြီး သမာသမတ်ကျသော စံနစ်ကလေးတစ်ခု မြန်မာပြည်တွင် ကျင့်သုံးနေပုံ ကလေး မိတ်ဆွေများ (အထူးသဖြင့် အမျိုးသမီး မိတ်ဆွေများ) သိပြီး ဖြစ်သော်လည်း ကျွန်တော့်ကို နည်းနည်းလောက် ပြန်ဖွခွင့် ပြုပါ။
အခြားနိုင်ငံများတွင်မတော့ မပြောတတ်။ စင်ကာပူတွင်တော့ သမာဓိချိန်ခွင် ဆိုတာ မတွေ့မိပါ။ ထိုသူများ သည် ကျွန်တော်တို့ ရွှေမြန်မာများလောက် သမာသမတ် မကျကြောင်း ဤအရာက သက်သေပြနေပါ၏။ ကျွန်တော်တို့ ဆီတွင် ဈေးများ၌ သမာဓိချိန်ခွင် ဆိုတာ ရှိပါ၏။ သည် သမာဓိချိန်ခွင်အကြောင်း မြန်မာပြည်သူ ပြည်သားများမှလွဲ၍ အခြား ကမ္ဘာသူ ကမ္ဘာသားများ နားလည်နိုင်စရာ အကြောင်း မရှိပါ။ ငါး ၀ယ်လာသလား၊ မကျေနပ်ရင် သမာဓိချိန်ခွင် သွားချိန်ကြည့်လေ။ “အောင်မယ်၊ ကောင်မ ဘာစကားပြောတာလဲ။ မကျေနပ်ရင် အဲဒီ အမဲသားတွဲ သမာဓိချိန်ခွင်မှာ သွား ချိန်လို့ရတယ်၊ ဟင်း လူများ အလေးခိုးတာ ကျနေတာပဲ။” “အစ်မ၊ ဟောသည်မှာကြည့်၊ ဇောက်ထိုးကြီး။ အဆစ်လဲ ထည့်ပေးလိုက်အုံးမယ်။ ဒါမှ မသင်္ကာသေးရင် ဟို ဈေးထိပ်က သမာဓိချိန်ခွင်မှာ သွားချိန်ကြည့်လို့ ရတယ်။”
ဤ ဒိုင်ယာလော့များကိုသာ အခြားတစ်နိုင်ငံမှ အိမ်ရှင်မများကြားပါက နားလည်နိုင်စရာ မရှိပါ။ “အနို့ အစ်မရယ်၊ ဒီမှာ ချိန်ပြီးနေပြီ မဟုတ်ဘူးလား။ ဘာကိစ္စ အဲဒီ သမာဓိချိန်ခွင် ဆိုတာကြီးကို အမြဲ ညွှန်းညွှန်း နေရတာလဲ။” “ညည်းမသိပါဘူးအေ၊ တိတ်တိတ်နေပါ။”
အလေးခိုးခြင်း၊ ရေထိုးခြင်း၊ သမာဓိချိန်ခွင် ဟူသည့် ဝေါဟာရများမှာ မြန်မာ အဘိဓါန်အတွက် အထူးတီထွင် ထုတ်လုပ်ထားတာ ဖြစ်ပါကြောင်း။ ဒါတင် မကသေးပါ။ လယ်ယာ၊ စပါး၊ ကောက်ပဲသီးနှံများနှင့် မနီးစပ်သည့် မိတ်ဆွေ များတော့ သိချင်မှ သိပါလိမ့်မည်။ တင်းတောင်း နှစ်မျိုးအကြောင်း ဖြစ်ပါ၏။
၂ လမြူ = ၁ လမြက်
၂ လမြက် = ၁ စလယ်
၂ စလယ် = ၁ ခွက်
၂ ခွက်= ၁ ပြည် (ယခုခေတ်တွင် နို့ဆီဗူး ၈ လုံး = ၁ ပြည် ဖြစ်ပါ၏)
၎ ပြည် = ၁ စိတ်
၂ စိတ် = ၁ ခွဲ
၂ ခွဲ = ၁ တင်း ( ၁၆ ပြည် = ၁ တင်း)
၁၆ ပြည်=တစ်တင်း ဆိုသည်မှာ စာအရသာ ဖြစ်ပါ၏။ တကယ်လက်တွေ့တွင် တစ်တင်း၌ မည်မျှပါသည်ကို ကိုရွှေပွဲစားများသာ သိပါမည်။ (လယ်သမားများလည်း သိပ်မခေတော့ပါ)။ ကိုယ်က ၀ယ်သည့်အခါများတွင် တင်းတောင်းသည် ၁၆ ပြည်ခွဲ သို့မဟုတ် ပိုပြီးလောဘကြီးလျှင် ၁၇ ပြည်=တစ်တင်း ဖြစ်၍ ကိုယ်က ရောင်းသည့် အခါများတွင်တော့ ၁၅ ပြည်ခွဲ တစ်တင်း ဖြစ်ပါလိမ့်မည်။
အောင်မယ်၊ ကိုယ့်ဆရာ။ အထာမသိပဲ လူတတ်ကြီးလုပ်ပြီး သွား တင်းတောင်း တိုက်မကြည့်လေနဲ့။ ခင်ဗျား ချင် ကြည့်ရင်၊ ၁၆ပြည် တစ်တင်း ကွက်တိ ဖြစ်နေလိမ့်မယ်။ လူလယ်ခေါင် အရှက်ကွဲကိန်းပဲ။ ဒါဖြင့် အဲဒီ တင်းတောင်းနဲ့ ၁၆ပြည်ခွဲရအောင် ဘယ်လိုချိန်သလဲဗျာ။ အာ - အဲဒါ hightech ဗျ။ ခင်ဗျားကို ပြောလို့ ဘယ်ဖြစ်လိမ့်မလဲ။ ဟဲ ဟဲ။ သိချင်သပ ဆို ပွဲစားလောကကို သုံးနှစ် သုံးမိုး ခြေစုံပစ် ၀င်ပြီးလေ့လာ။ ခင်ဗျား မသိသေးတဲ့ အံ့သြ ကုန်နိုင်ဖွယ်တွေ တွေ့လိမ့်မယ်။ ကိုင်း - မှတ်ကရော့။
ကျွန်တော်တို့ ရွှေမြန်မာများ၏ တီထွင်ထုတ်လုပ်မှုများကိုသာ ကျမ်းပြုပါက Encyclopaedia Britanica ကပင် အဘ ခေါ်သွားရမည် ဖြစ်ပါ၏။
ဒါ့ထက် ဆိုးတာများ ရှိပါသေးသည်။ သည်အပိုင်းကတော့ လောဘ အားကြီးလွန်း၍ ဖြစ်လာမည့် အကျိုးဆက် ကို ဘာမှထည့်တွက်မနေတော့ပဲ ကိုယ် ပိုက်ဆံမြက်မြက် ရဘို့ မလုပ်ထိုက်တာ မှန်သမျှ အကုန် လုပ်ခြင်း ဖြစ်ပါ၏။
ကျွန်တော် ကျောင်းပြီးစက အလုပ်မရသေးသဖြင့် ဟိုဟာ ကောင်းနိုး သည်ဟာ ကောင်းနိုး လျှောက်လေ့လာကာ စပ်စပ် စပ်စပ် လျှောက်လုပ်နေခဲ့ပါ၏။ သည်တွင် တချို့မသိသေးသည်များ သိလာရပါသည်။ တချိန်တွင် ကျွန်တော်တို့ရွာနှင့် အတန်ငယ်ဝေးသော ကွင်းကောက်ဘက်သို့ ရောက်သွားပါ၏။ နှမ်းဖြူများဈေးကောင်းနေသဖြင့် သူတို့လုပ်ပုံကိုင်ပုံ များကို သွားရောက် လေ့လာခြင်း ဖြစ်ပါသည်။ အို့ အို၊ နှမ်းဖြူမှာ ဈေးကောင်းလေရကား အချိန်ပိုစီးအောင် နှင့် များများရအောင် နှမ်းဖြူစေ့နှင့် အရွယ်တူ ကျောက်စရစ်ခဲ ဖြူဖြူများကို ဆန်ကာနှင့် ချကာ နှမ်းများအတွင်း ရောရောင်း ခြင်း ဖြစ်ပါ၏။
ဤအဆင့်ကတော့ ဆိုးဝါးသည့်အဆင့်ထက် ယုတ်မာသည့် အဆင့်ကို ရောက်သွားပြီ ဖြစ်ပါသည်။ ဤနှမ်းများကို လှော်ကာ လဖက်ထဲသာ ဖြူးစားပါက သို့မဟုတ် ကိတ်မုံ့ဖြစ်စေ မုံ့များပေါ်တွင် သာ ဖြူးစားပါက .........။ ကျွန်တော်တို့ လူမျိုးများသည် အခါမလပ် သြကာသကိုဆိုကာ သီလယူနေပြီး ဥပုသ်နေ့များတွင် စိပ်ပုတီးကြီး တကားကားနှင့် ဘုရားသွား ကျောင်းတက် အခါမလပ် လုပ်နေကြသူများ ဖြစ်ပါ၏။ သို့စင်လျှက် ဤမျှ ယုတ်မာသော လုပ်ရပ်ကို ဘယ့်အတွက် လုပ်ရက်ကြပါသနည်း။ (ဟကောင်၊ ၀ါးလုံးချေးသုတ် မရမ်းနဲ့လေ။ ဥပုသ်စောင့်တာက တစ်ယောက် ကျောက်ခဲရောတာက တစ်ယောက်ကွ ဟု အဓွန့်တက်ပါ။ ထို ကိုကျောက်ခဲများသည်လည်း ဗုဒ္ဓဘာသာ များ ဖြစ်လေရာ တရားပွဲမရောက်ဖူးသူ၊ သီလမယူဖူးသူများ ရှိမည် မထင်ပါ။)
ထိုမျှမက အရောင်တင်မှုံ့များကို အုန်းဆံမှုံ့များ ရောရောင်းခြင်း၊ ပိုဆိုးသည်မှာ နွားနို့ထဲတွင် ဘာမှန်းမသိသော အရာများရောပြီး လူသေများအား မပုပ်အောင်သုံးသည့် ဖော်မလင်များ ရောရောင်းခြင်း တို့ ဖြစ်ပါ၏။ မမကတော့ ကြောက်လွန်း၍ ဈေးမှ နွားနို့များကို ၀ယ်မသောက်ပါ။ ရေရောရောင်းတာ ထားပါတော့။ ပေါက်တတ်ကရတွေ လျှောက် လုပ်တာ အဆိပ်ရောင်းတာထက် ဆိုးပါသေးသည်။ အဆိပ်ဟု ပြောရောင်းလျှင် ဆင်ခြင်နိုင်ပါ သေးသည်။ အစာတဖြစ်လဲ အဆိပ်များကို အဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။
ယဉ်ကျေးမှု ထွန်းကားပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမအောက်တွင် နေထိုင်ကြသော ကျွန်တော်တို့ လူမျိုးများသည် အဘယ့်ကြောင့် ဤမျှ ယုတ်မာသည့်အလုပ်များကို လုပ်ရက်ကြပါသနည်း။ မသိ၍လော။ သိသိကြီးနှင့် လုပ်နေကြ သည်လော။ ကျွန်တော်မသိပါ။
ပြီးခဲ့သည့်လက အိမ်ကိုဖုံးဆက်တော့ မမက ဈေးမှ ငြုပ်သီးမှုံ့များကို ၀ယ်မစားမိစေဘို့ သတိပေးပါ၏။ မြန်မာ ပြည်မှ လာသော ငြုပ်သီးမှုံ့များကို ဆိုလိုခြင်း ဖြစ်ပါသည်။ “နင့်ဟယ်၊ အဲဒီ ငြုပ်သီးမှုံ့ကြိတ်ရောင်းတဲ့ စက်က ကောင်လေး ပြောပြတာ။ သူတို့က ဖလံဖြူတွေကို လိုက်ဝယ်ပြီးတော့ ကြိတ်ပြီးမှ အရောင်ဆိုးတာ တဲ့။ နောက်ပြီး သူက ပြောသေးတယ်။ အောင်မယ် အစ်မ၊ ဖလံဖြူဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကားတစ်စီးတိုက်ရဘို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ မနည်းလိုက်ဝယ်ထား ရတာ ဆိုပဲ။ ငါတို့တော့ ငြုပ်သီးအတောင့်လိုက် ၀ယ်ပြီး ကိုယ့်ဟာကိုယ် ကြိတ်စား တယ်။” ဖလံဖြူ ဆိုသည်မှာ ပိုးကျထားသော ငြုပ်သီးကို ဆိုလိုပါ၏။ ဖလံဖြူက လူများ မ၀ယ်သဖြင့် လျှော့ဈေးနှင့် ရောင်းရသည်ဖြစ်ရာ ကောင်းသောငြုပ်သီးထက် အများကြီးဈေးသက်သာပါ၏။
ကျွန်တော် ဗမာပြည်မှ ထွက်ခွါလာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ရာ သည့်ထက်ပိုပြီး ဆိုးရွားယုတ်မာသည့် လုပ်ရပ်များ ရှိနိုင်ပါသေးသည်။ ကျွန်တော် မသိလို့ ဖြစ်နိုင်ပါသည်။ အစားအသောက် ရောင်းရာတွင် မဟုတ်ပါ။ ဆောက် လုပ်ရေး လောကတွင်ရော။
တိုက်တစ်လုံး ပြိုကျလျှင် လူပေါင်းများစွာ သေကျေ ပျက်စီးမည်ကို ကလေးကအစ သိပါသည်။ သို့သော် ထို ဦးကန်ထရိုက်များသည် အဆောက်အဦများကို စံချိန်စံညွှန်းမီမီ စံနစ်တကျ ဆောက်ကြပါသည်လော။ ကွန်ကရစ်ကို အားဖြည့်မည့် သံချောင်းများကို အပြည့်အ၀ ထည့်ကြပါ၏ လော။ ဘိလပ်မြေကို အချိုးကျကျ ထည့်ပါ၏ လော။ သူရို့က ဘုရားစူးရပါစေ့၊ ကျွန်တော်တို့ အပြည့်သုံးပါတယ် အစ်ကိုရယ် ဟု ကျိန်ပြောသည့်တိုင် ဘုရားများသာ သူတို့ကို စူးချင်စူးရမည်၊ ကျွန်တော်ကတော့ မယုံရေးချ မယုံပါ။
ပြီးခဲ့သည့် လအနည်းငယ်က လှည်းတန်း ၇ လမ်းထဲတွင် ကျွန်တော် တိုက်ခန်းတစ်ခန်း ၀ယ်လိုက်ပါ၏။ တိုက်ခန်းမှာ အသစ်ဖြစ်သော်လည်း အားလုံးပြန်ပြင်ရသည် ဟု မမက ပြန်ပြောပြပါ၏။ “ထုံးစံအတိုင်းပေါ့ဟယ်။ တစ်အိမ်လုံး ပြန်ပြင်ရတာပေါ့။ နံရံတွေကို စမ်းပြီး အခေါင်းဖြစ်နေတဲ့နေရာတွေကို ခွါချ၊ အသစ် ပြန်ချော။ ကြမ်းပြင်တွေ ပြန်ပြင်။ မီးကြိုးတွေ နဲ့ မီးခလုတ်တွေ ပြန်လဲ။ မိန်းခလုတ် အသစ်ပြန်တပ်။ ရေကန်လဲ ကောင်းတာနဲ့ ပြန်လဲ။ အကုန်ပြန်လဲ၊ ပြန်ပြင်ရတာ။ သူတို့က အဖြစ်လုပ်သွားတာ။”
အိမ်ပြန်ပြင်ရသည့် ကုန်ကျစရိတ်မှာ မူလ၀ယ်သည့်ဈေး၏ ၂၂ ရာခိုင်နှုံး ရှိပါသည်။ ဒါတောင် အားလုံးကောင်း သွားသည်ထိ စိတ်ကြိုက် ပြန်ပြင်တာ မဟုတ်သေး။ နေလို့ရရုံ ပြင်တာ ဖြစ်ပါ၏။ စိတ်ကြိုက်ရသည်ထိသာ ပြင်ရလျှင် ၀ယ်ရင်းဈေး၏ ၂၅ ရာနှုံး အကျော်မှာ ရှိပါမည်။ သူတို့ ဘာတွေလုပ်နေသည်ကို သူတို့မှ အသေအချာ သိပါမည်။ အခြား မည်သူမျှ မသိနိုင်။ ချပေးလိုက်သော မူရင်းဈေးနှုံး၏ မည်သည့်ရာနှုံးမျှ လုပ်ငန်းထဲတွင် သုံးလိုက်ပါသနည်း။
ကျွန်တော့်သူငယ်ချင်း ဆောက်လုပ်ရေး အင်ဂျင်နီယာများမှာ ခြံကြီးများနှင့်၊ ကားအကောင်းစားကြီးများနှင့် နောက်မိန်းမ ချောချော ငယ်ငယ်လေးများနှင့်၊ နောက်ဆုံးပေါ် ခေတ်မီ အသုံးအဆောင် ပစ္စည်းများနှင့်။ ရေသောက်ရတာ ပေါ့လှသည်၊ ဘာမှ အရသာမရှိ။ နေ့လည်နေ့ခင်း နေပူပူမှာ ဘီယာကလေး စုပ်လိုက်ရမှ ရေငတ်ပြေ မည်ပေါ့။ အလုပ်လုပ်ရတာ ပင်ပန်းလှသည်။ သည်တော့ ညနေများတွင် အကင်ဆိုင်မှာ ၀ီစကီနှင့် အပန်းဖြေဘို့လိုသည်။ တခါတလေ အညောင်းဖြေရန် ရန်ကုန်မြို့လယ်ခေါင်များတွင် ပေါ်တင်ဖွင့်ထားသော အနှိပ်ခန်းများသို့ သွားရောက် အနှိပ်ခံဘို့လည်း လိုသေး၏။ သူတို့ ဘယ်က ပိုက်ဆံတွေ ဘယ်လိုရသလဲ ဆိုတာ သူတို့သာ သိပါလိမ့်မည်။ ကျွန်တော်တို့လို ခပ်တုံးတုံးလူများ၏ အရာမဟုတ်။ ထူးအိမ်သင့် သီချင်းလို ဒီခေတ်ကြီးမှာ ရိုးသားမှုကို မိုက်မိုက်မဲမဲ ဖက်တွယ်ထားသူ အကျွန်ုပ်တို့လို လူများအဖို့ ဘယ့်နှာလုပ် ကြီးပွားဘို့ရာ ဖြစ်နိုင်ပါမတုံး။
အထက်ပါ ဦးရေထိုး၊ ဒေါ်ချိန်ခွင်၊ ဦးကျောက်ခဲ၊ မမဖလံဖြူ၊ ကိုတင်းတောင်း၊ ဆရာကန်ထရိုက်တာ များမှာ သူတို့ ရသင့်ရထိုက်သော သို့မဟုတ် ထိုက်တန်သော ဈေးများကို မရသဖြင့် ဤကဲ့သို့ ကြက်များကို ရေထိုးခြင်း၊ အလေး ခိုးခြင်း၊ တောင်းခိုးခြင်း၊ ဘိလပ်မြေ ခိုးခြင်းများ ဖြစ်ပါသလား။ ဤဈေးနှုံးများသည် သူတို့ စိတ်ကြိုက်ခေါ်ရောင်းသော ဈေးများ မဟုတ်ပေဘူးလား။ မည်သူက အတင်းအကြပ် သတ်မှတ်ပေးလိုက်သော ဈေးနှုံးများ ဖြစ်ပါသနည်း။ သို့ဆိုလျှင် စိတ်ကြိုက်ဈေး ရနေပါလျှက် အဘယ့်ကြောင့် ထပ်မံ ခိုးချင် ၀ှက်ချင် ရပါသေးသနည်း။ ဈေးဝယ်သူများကို ဘယ့်နှာ ကြောင့် မိအေး နှစ်ခါ နာစေရပါသနည်း။

Subscribe to:
Posts (Atom)