Tuesday, June 19, 2012

နွားမေတ္တာစာ (၂)

 


မန်လည်ဆရာတော်ဘုရားကြီး ၏ နွားမေတ္တာစာ (လင်္ကာ)

ကျေးဇူးချေကာ၊ မပြုရာတည့်၊ လူသာမဟုတ်၊ အယုတ်တိရစ္ဆာန်၊ မှုဝန်ဆောင်ဘိ၊ ကျေးဇူးရှိသား၊ ဟတ္ထိအဿ၊ ဂေါဏမဟိံသာ၊ စသည်မှာလည်း၊ ပျိုခါဝေစား၊ အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး၊ ပြုတုံပါက၊ မိတ္တဒုဗ္ဘီ၊ မညီဓမ္မ၊ လူ့ပါပတည်း၊ ထိုမှတစ်ပါး၊ ထိုအသားကို၊ သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင်မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရား၊ လွန်ယုတ်မာရှင့်၊ မာတာပိတု၊ ဗန္ဓုဉာတိ၊ မရှိအလား၊ ထိုကျွဲနွားတို့၊ လုပ်စားအတူ၊ လူနှင့်တကွ၊ မကွာရဘူး၊ ကိစ္စဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏၊ သတ်ညှစ်အသား၊ သူမိုက်များသို့၊ မစားထိုက်စွာ၊ သားသည်းချာလျှင်၊ ပညာကရု၊ မျှော်ထောက်ရှုလော့။


ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ဘဲ၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ ဗာလဟူ၏၊ ခွေးတူမထူး၊ ကျေးဇူးကျိုးရှိ၊ ဂုဏ်သတ္တိကို၊ မသိတတ်ကြ၊ မိုက်ခေါင်လှသား၊ မိတ္တဒုဗ္ဘ၊ ဗာလဟူသည်၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ မတည်ကြားတည့်၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျှက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။           

မဃဒေ၀ - ၁၉၈။

- - - x x x - - -

အလယ်တောရ အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (လင်္ကာ)

မြန်မာပြည်နေ၊ လူတစ်တွေတို့၊ သိစေဖို့ကို၊ အမှန်ဆိုပိမ့်၊ အစ်ကိုအစ်မ၊ မိဘသဖွယ်၊ ကျေးဇူးကျယ်သည်၊ လယ်ယာကစ၊ ကိစ္စများစွာ၊ အိမ်ရာမလပ်၊ ပြုအပ်သမျှ၊ နွားကိစ္စတည့်၊ စားကြသုံးကြ၊ ထမင်းစသည်၊ ၀တ်ရုံထည်နှင့်၊ ထိုဤဌာန၊ ကိစ္စများမြောင်၊ သုံးအဆောင်ကို၊ နွားမောင်နွားမ၊ ပြုပေကြ၏။

ထိုမှတစ်ပါး၊ နွားနို့ထောပတ်၊ ပေးဝေတတ်သည့်၊ ကြီးမြတ်ကျေးဇူး၊ ဂုဏ်အထူးကို၊ နဖူးလက်တင်၊ ဆင်ခြင်မေတ္တာ၊ ကရုဏာနှင့်၊ ညှာတာသနား၊ ကျွဲနွားသားကို၊ မစားအပ်ပေ၊ ရှောင်ကြလေလော့၊ လွန်လေရှေးခါ၊ ဤလူ့ရွာမှာ၊ ဗြဟ္မာသိကြား၊ နတ်အများနှင့်၊ တရားဖြောင့်စွာ၊ အသူရာယက္ခ၊ ဟူသမျှတို့၊ စောင်မ မသွေ၊ ကြည့်ရှုပေ၏၊ လူတွေ မတရား၊ သားသတ်စားမူ၊ ရှောင်ရှား စွန့်ခွာ၊ နတ်ဗြဟ္မာတို့၊ မျက်နှာလွှဲသွေ၊ မကြည့်နေ၏။

ပုရေရှေးခါ၊ ဤလူ့ရွာမှာ၊ ရောဂါထင်ရှား၊ စားသောက်လိုချင်၊ အိုသွင်ပေါ်မှု၊ ဤသုံးခုတည့်၊ ယခုအခါ၊ သားများစွာကို၊ မညှာသတ်စား၊ များစွာအမျိုး၊ ကိုးဆယ့်ရှစ်ပါး၊ ရောဂါပွား၏၊ ဘုရားနှုတ်မှ၊ မိန့်ဖော်ပြသည့်၊ သုတ္တနိပါတ်၊ ကျမ်းမြတ်အလာ၊ ရှောင်ကြပါလော့။                  

- - - x x x - - -

ဆီးဘန်နီဆရာတော်ကြီး၏ နွားမေတ္တာစာ (လင်္ကာ)

တိရစ္ဆာန်ဟူသည်၊ လူတို့ပြည်၌၊ ကျင်လည်ခဲ့ရ၊ ဤဘ၀၀ယ်၊ စိမ်းမြညွန့်ရှင်၊ ရံဖန်တွင်လည်း၊ မြက်ပင်မတွေ့၊ ကောက်ရိုးသွေ့မျှ၊ လွေ့လွေ့ရမ်းရမ်း၊ ၀မ်းမဖြည့်ရ၊ သောက်ရေမှာလည်း၊ ဖြူစွနောက်ကျိ၊ ညစ်တစ်စိနှင့်၊ အို၏အထဲ၊ ပျစ်ချွဲပူငန်၊ နေရဟန်လည်း၊ ရွှံညွန်မလွတ်၊ တီမျှော့ကျွတ်နှင့်၊ မိုးစွတ်နေပူ၊ ဆင်းရဲဟူသည်၊ သူများတွက်တာ၊ ကျွန်တော့်မှာတည့်၊ စုလာသောနှယ်၊ ဒုက္ခကြွယ်၏၊ မိုးလယ်ခါလျှင်၊ ကျွန့်သခင်ကား၊ အားအင်မတန်၊ လှည်းပြည့်ဝန်ကို၊ ညွှန်တွင်ချနှစ်၊ ပုံတောင်းနစ်မျှ၊ ကြွေးဟစ် မောင်းမဲ၊ ကြော်ငြာဆဲလျှက်၊ ထိပ်ကွဲနံကွာ၊ တံဖျာနှင်တံ၊ သံချွန်ဆူးသွတ်၊ ရိုက်ထိုးခတ်၍၊ ရွတ်ရွတ်စေသည်၊ ဒုက္ခရည်ကို၊ လေးမည်ပရိသတ်၊ ရှုပါလတ်လော့။               

- - - x x x - - -

စံကင်းဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (သံပေါက်)

ဤနွားခမျာ၊ ၀ဋ်ကြွေးပါ၊ ကြင်နာဆင်းရဲကင်း။

မြေပြင်အလုံး၊ ထွန်လှည်းရုန်း၊ မဆုံးလယ်ယာခင်း။

လူတို့အကြိုက်၊ လိုတိုင်းလိုက်၊ မောဟိုက်လွန်အမင်း။

ခိုင်းရာစေရာ၊ လုပ်ရရှာ၊ ခါခါရိုက်နှက်ညှဉ်း။

အိုမင်းယိမ်းယိုင်၊ မလုပ်နိုင်၊ စက်တိုင်ချိုလူသွင်း။

သူလုပ်စပါး၊ သူ့အသား၊ ပေါင်းစားလူခပင်း။

သနားညှာတာ၊ လွန်ကင်းကွာ၊ မိစ္ဆာပုံမယွင်း။

ကရုဏာသော၊ မေတ္တာသော၊ ဆိုပြောလူချင်းချင်း။

အပြောတစ်မျိုး၊ လုပ်တစ်မျိုး၊ ကျင့်ဆိုးထင်အလင်း။

မှီရာကျွဲနွား၊ မွေးမြူထား၊ သနားစိတ်ဖြောင့်စင်း။

- - - x x x - - -

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (တေးထပ်)


လူဆိုလျှင် အမှန်သိထိုက်ငဲ့၊

ဉာဏ်သတိ စွဲပါ၊

လူတို့အတွက် စားအစာကို၊

သနားစရာကောင်က၊

မြက်စားလို့ လုပ်ကျွေးရှာတယ်၊

ထုတ်တွေးပါ သူ့ဂုဏ်ကြံဆ။



သူ့ကျေးဇူး အနန္တာကို၊

ဉာဏ်မပါ လှန်ချ၊

သူ့မံသာ အာဟာရရယ်လို့၊

ညှာမဆ, စားတာ၊

အရိပ်ခို အခက်မချိုးသင့်ပါဘု၊

ရက်စက်ဆိုး လူ့အကျင့်ဟာ။



ကျွဲနှင့်နွား သားအလွှာကို၊

စားအစာ မျိုမချချင်နှင့်၊

ကိုယ့်မိဘ အသားပမာ၊

ပွားရှုသင့်တာ၊

တရားပြတ်လို့ နွားသတ်ပါလျှင်၊

ချားရဟတ်ပမာ ကံဆိုးကြုံလိမ့်လေး။             

- - - x x x - - -

ထီးချိုင့်မြို့နယ်၊ အလယ်တော တိုက်သူကြီးမင်း ဦးညို၏ ကျွဲနွားငိုချင်း (၁)

နောင် ရှေးယခင် ဟိုဘ၀ရယ်က၊ မောင်လေးခင် ဆိုမပြချင်ဘူး၊ ချိုနှစ်ခွရယ်နဲ့ ဖြစ်ဖို့ရန်၊
တရားကင်းမဲ့သောကြောင့်၊ မှားယွင်းကာ အပါယ်စောင်းပါလို့၊ တိရစ္ဆာန်ရုပ်နာမ် အပေါင်းကိုကွယ်၊ ပြောင်းခဲ့ရပြန်။

အတိတ်ဟောင်းရယ်ကြောင့်၊ မကောင်းတဲ့ ပစ္စုပ္ပန်၊ ထမ်းပိုး မလပ်သည့်ပြင်၊ ကြိုးပတ်ကာ လည်မှာသိုင်းပါလို့၊ မိုးနေပူ ဘယ်ခါမဆိုင်းတယ်ကွယ်၊ ခိုင်းသမျှခံ။

တုတ်တစ်ချောင်းရယ်နဲ့၊ ကြိမ်းမောင်းကာ ဟဲ့ - အမဲရယ်လို့၊ အဆဲက ခပ်သန်သန်၊ ရိုက်ဒဏ်ရာ တုတ်ချက်ပေါင်းရယ်ကွယ်၊ ခေါင်းကမကျန်။

ပုထုဇဉ်ကျွန်အဖြစ်၊ နွံနစ်တဲ့ အစေခံ၊ သေပြန်လျှင် တို့အသားကိုလ၊ သမီးစုံသားစုံ ထားလို့ရယ်ကွယ်၊ စားသောက်ကြပြန်။

ပုထုဇဉ် တူလာကြသော်လည်း၊ လူ့ဘာဝ အသိဉာဏ်၊ ဝေဖန်ပါလို့ မျှော်သင့်ကြောင်း။

ပ ပဉ္စာ၊ ဘ၀မှာ အစဉ်ပါကြသည့်၊ ပုထုဇဉ်မှန်သမျှရယ်တို့၊ စံပြကာ အမြင်မှန်ကြဖို့၊ သင်္ခတန် ပြုပြင်တဲ့ အကြောင်းရယ်ကြောင့်၊ အတိတ်က မမှန်ပါလျှင်၊ တိရိစ္ဆာန် ရုပ်ပြန်လို့ စောင်းကြရ၊ ကျွဲနွားစုံ အဖော်အပေါင်းတို့ရယ်၊ သာသနာ့ရိပ်ခိုလို့ အောင်းရအောင်၊ လူနတ်ထံ ဘ၀ကောင်းကို၊ အိုကွယ် . . . . . . တောင်းကြဖို့ကောင်း။         

ထီးချိုင့်မြို့နယ်၊ အလယ်တော တိုက်သူကြီးမင်း ဦးညို၏ ကျွဲနွားငိုချင်း (၂)

လယ်တောင်သူတွေ ရိုးရာက စစ်ကြသော်လည်း၊ အလွယ်အချောင်မူတွေ တိုးလာတဲ့ စနစ်ကယ်ကြောင့်၊ တစ်မျိုးရတနာ ဖြစ်သည်ဟု၊ ချောင်းမြစ်ရိုး မြေကိုရှာ၊ ဆောင်းမိုးနွေ အခါရယ်လို့ အလစ်မထား၊ ကောင်းကျိုးတွေ ရှာကြပါသကွဲ့ ခေတ်အသွား။


စပါးပဲကိုလ၊ အားခဲကာ ရှာဖွေကြံကြသဖြင့်၊ နွားကျွဲမှာ တာတေလန်သည့်ပြင်၊ စားရမမှန်၊ အိပ်ရန်မရပါကလား၊ တိရစ္ဆာန် ဘ၀နော် အတူနွယ်တဲ့၊ သူရကာယ် ဆက်ပြန်တဲ့ ထုံးလိုပါ့၊ နှစ်ဖက်မူ ဒဏ်ကိုလေ၊ လက်ခံလို့ သုံးရသော်ကြောင့်၊ အသက်ရှူမမှန်အောင် ယက်ကန်ကုန်းလို့ရယ်ကွယ်၊ ရုန်းကြရပြန်။

တလင်းတက်ရင်လှ၊ ထွက်သမျှ စပါးသီးနှံ၊ ခွဲတန်းပစ်ပါလို့ ဒိုင်ကိုသွင်း၊ ကတ္တား မမှန်သတဲ့၊ ဟုတ်မှန်သတင်း။

ခံတွင်းရယ်သာ၊ ဟင်းပေါင်းစုံလင်စွာနှင့်၊ ပြုံးရွှင်ကာ စားကြပါပေ့၊ တရားရှာသူတွေပါ၊ ဘုရားသာသနာ ပ,ကြတော့မှာလား၊ တရားဓမ္မခန်အရ၊ စကားကြွယ်၍ ပြုံးကာရယ်ကာ မငြင်းကြနှင့်တော့၊ အမြဲမှန်သမျှ စားသုံးလာကြတဲ့ ထမင်းမှာဖြင့်၊
အိုကွယ် . . . . နွားကျွဲအနန္တတို့ရဲ့ ပုခုံးမှာအရင်း။            

- - - x x x - - -

No comments: