ချစ်ချင်စဖွယ်၊ ရွှင်ပြုံးရယ်သည်
ငယ်ရွယ်နုထွေး၊ သားရွေသွေး။
သူ့ကိုကြည့်၍
ပီတိများလည်း ဖြာရသည်။
သူ့ကိုနမ်း၍
အပန်းများလည်း ပြေရသည်။
သူ့ကိုချီ၍
တီတီတာတာလည်း ပြောရသည်။
သူ့ကိုရည်၍
တေးသီဖွဲ့ကာ သိပ်ရသည်။
သူ့ကိုထိန်း၍
မိန်းမောစိတ်လည်း ပျောက်ရသည်။
ထိုထိုခံစား၊ နှလုံးသားမှ
ထူးခြားရသ၊ သင်းချိုမြသည့်
မိဘမေတ္တာ၊ စမ်းရေဖြာကို
သိလှာခဏ၊ သောကာလ၌
ငယ်ကကျေးဇူး၊ ရှိခဲ့ဖူးသော
ဦးထိပ်ပန်ဆင်၊ ဖ,မိခင်သို့
ရင်မှတဖန်၊ ခွန်းတုံ့ပြန်ကာ
ကန်တော့ပန်းသီ၊ လက်အုပ်ချီခဲ့
ခိုင်တည်မွန်မြတ်၊ မေတ္တာဓါတ်ဖြင့်
ပေးအပ်ဖြူစဉ်၊ စုန်ရေလျဉ်သည်
သွင်သွင်ငြိမ့်ငြိမ့်၊ စီးပြီတကား။ ။
အောင်ကျော်သူ
၁၉၈၃၊ ဇန္န၀ါရီ၊ ငွေတာရီမဂ္ဂဇင်း
No comments:
Post a Comment