- ချစ်တဲ့သူငယ်လေ
  ကလူနော့လျက်၊ တူဆော့ဖက်ရေ။
- နှင်းလွှာဝတ်မှုံ၊ လွှမ်းခြုံကာသမ်း
  မြောက်ပြန်လေ၊ သုတ်ချွေဖြန်းတော့
  ငယ်ကျွမ်းကို သတိရပါ့ကွယ်။
- သင်းကာဆွတ်ထုံ၊ ပန်းစုံဖြာလန်း
  ကောက်ရန်ကြွေ၊ တစ်ဆုပ်-မြေနမ်းတော့
  တကယ်ကမ်းပို၊ မချိလှပါ့ကွယ်။
- ရွှေရောင်စိုဖိတ်၊ စပါးတွေရိတ်လျှင်
  နှစ်ယောက်သား၊ တို့များ
ငယ်စဉ်ကို
  မြင်ယောင်တမ်းမိပါရဲ့ကွယ်။
- ပညောင်ညိုရိပ်၊ ကစားနေစိတ်ရွှင်
  အရောက်သွား၊ တို့နားလယ်ပြင်ကို
  ရွှင်အောင်လှမ်းကြည့်၊
မကြာခဲ့တယ်။
- စပါးရိတ်ညီ၊ အဖေတွေဆီလိုက်
  တေးသီဆို၊ ပိုဟားတိုက်လို့
  ပျော်ပိုက်တူပင်၊
လက်တွဲယှဉ်
  တမင်လွမ်းဖို့ တွေလားကွယ်။
- မောပါသော်ငြား၊ နားကြပြန်သေး
  ခါးပုံစလေးထဲက
  မုံ့ဆန်းလှော်ကို၊
ကိုယ်ကကျွေးလို့
  သူပေးကောက်ညှင်း
  နှစ်ယောက်အကြိုက်၊
ဗိုက်ဖြည့်တင်းခဲ့။
- တလင်းဆီရောက်
  ပြန်တွေးလျှင်၊
တကယ်ပင် လွမ်းလောက်ရဲ့
  တို့နှစ်ယောက် အတွယ်တာ
  ဘယ်မှာမေ့လို့ ရမလဲကွယ်။
- သို့ပေမဲ့လဲလေ
  တို့တွေရဲ့အခြေ၊
အလှမ်းကွာပြီ
  မြို့နေတဲ့ဆွေ
  ပို့စေခဲ့ပေ၊ အလွမ်းကြာရှည်။
- အလိုလေ့အိုင်
  နှင်းမှုန်ကဖွေး၊
မြောက်လေသွေးတော့
  ပြေးမြင်ယောင်လာ၊
ခုအခါ။
- ပညာဂုဏ်ဝင့်
  မြို့မှာလေ၊ အနေတင့်ပြီကော
  ရွာနှင့်မကွာ၊ ကိုယ်သာတွယ်မှီး
  စပါးရွှေ အလေအလွင့်နည်းအောင်
  ချွေးသီပေါက်ကျ၊ ချွေးစစိုလိမ့်
  မလွမ်းအားပေ၊ ရိတ်ချွေသိမ်းနေရ
  စိမ်းရက်သူ ငယ်ကကျွမ်းရယ်
  မှန်းကြည့်ပါ့လေး။                        ။ 
ရွက်ဝါ ( ငွေတာရီ မဂ္ဂဇင်း၊ ဇန္န၀ါရီ၊ ၁၉၈၃)
 
 
No comments:
Post a Comment