ရေဇလာခွေကာ ဧရာလှိုင်းနဲ့
ဗေဒါဝိုင်းတဲ့ အောက်ပြည်ရွာရှင့်။
အသုံးဝင် မဆုံးချင် အုန်းပင်တန်း
အပြုံးရွှင်လန်းမဲ့ အောက်ပြည်ရွာ။
မဟောင်းပေ အပေါင်းဆွေ လောင်းလှေမျှော
ချောင်းတွေပေါတဲ့ အောက်ပြည်ရွာ။
ဇာမချဲ့ပါတော့ တစ်ယောက်ဆွေသဟာ
လာခဲ့ပါတော့ အောက်ပြည်ရွာ။ရေလှိုင်းကူလို့ ခွေဝိုင်းအငူသို့
စေခိုင်းဘယ်သူပို့ တဖန်လွမ်းစရာ
ငွေဗျိုင်းဖြူတို့ ပျံသန်းကာလေ့။တစ်နည်းဖြာယှက်ထွေး အပိုဟန်မပါ
ဆည်းဆာငှက်ကလေး ချိုသံသာသတော့။
နေ၀င်ချိန်မို့ တိမ်တောက်ရာ
ရေပြင်ငြိမ်လို့ စိန်ကျောက်ပမာရှင့်။တစ်နေကုန်သဘောနဲ့ မကြာပေကွယ်
ရေစုံမျှောတဲ့ တံငါလှေရယ်။
စက်သင်္ဘောတွေ အဝေးကမြင်သတော့။
တမ်းတမျှော်သူ ကမ်းအရောက်မှာ
မှန်းဆသော်ပူ လွမ်းလောက်စရာလေ့။
အမှောင်စွန်းရိပ်ကျ ဖျန်းလေချီ
သောက်ကျွန်းထိပ်က လွမ်းစေတီရှင့်။
အချက်ထွင် ညွှန်းဖွဲ့ ပလီကာမခေါ်
အသက်ဝင်လွန်းတဲ့ ပန်းချီပါနော်။
အလှစံရှားလို့ တမိနဲ့သာပင်
မျှခံစားဘို့ ကြည့်လှည့်ပါရှင်။
အလို - ပန်းဗေဒါကလေး
စခန်းအခြေ အညာကျေးမှာလ
မြစ်ကြော ရေစုန်လို့
ပြန်ခွင့်ကြုံ ညင်းလေအသွေးမှာဖြင့်
မနှေးကွယ် လမ်းပြဆင်းလို့ရယ်
ဗေဒါလဲ့ရယ် မင်းခေါ်ခဲ့လေး။ ။
၁၉၈၂၊ ဇူလိုင်လ။ ငွေတာရီမဂ္ဂဇင်း
No comments:
Post a Comment