စတုတ္ထပိုင်း (စတုတ္ထ ၂ နှစ် - ၁)
(၇၇) မြန်မာပြည်တွင်
ဆေးကုသပြီး အနားယူခြင်း
မဟာမြိုင်ဆေးရုံတွင်
ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဗစ်တာ နှင့် ပြရသည်။ သူက စင်ကာပူဆေးရုံမှ ဆေးစစ်မှတ်တမ်းကို
ကြည့်ကာ ခွဲဘို့ရက်ချိန်းပေးလိုက်ပါသည်။ ရေမုတ်ဆိုတာ ဆရာဝန်များအဖို့ အသေးအဖွဲကိစ္စကလေးမျှသာ
ဖြစ်၏။ မဟာမြိုင်ဆေးရုံတွင် ကျွန်တော် ဆေးရုံတက်တာ ၂၀၀၅ ခုနှစ် မေလ ၂၁ ရက်နေ့။ ဆေးရုံတက်ချိန်
စုစုပေါင်း တစ်ပတ်သာ ကြာသည်။ မေလ ၂၇ ရက်နေ့တွင် ဆေးရုံမှ ပြန်ဆင်းလာ၏။ ခွဲစိတ်ခ၊ ဆေးရုံတက်ခ
ကုန်ကျစရိတ် စုစုပေါင်း ၂ သိန်း ၁ သောင်း ၅ ထောင်ဖြစ်၏။ ခွဲစိတ်ခမှာ ဆရာဝန်ကြီး အတွက်
၅ သောင်းခွဲ၊ လက်ထောက်များအတွက် ၁ သောင်း၊ ခွဲစိတ်ခန်းသုံးခ ၄၅၀၀၊ ခွဲစိတ်ခန်းသုံး
ပစ္စည်းကိရိယာများသုံးခ ၃ သောင်းခွဲ စသဖြင့် ဖြစ်၏။ ဆရာဝန်ကြီး တစ်ခေါက်လာကြည့်လျှင်
တစ်ခါတလေ ၂၀၀၀၊ တစ်ခါတလေ ၃၀၀၀၊ တစ်ခါတလေ ၄၀၀၀။
အားလုံးပေါင်းလိုက်တော့ ၂ သိန်းကျော် ဖြစ်၏။ ထိုအချိန်၌ စင်ကာပူတစ်ဒေါ်လာ ပေါက်ဈေးမှာ
၅၆၀ ကျပ်ခန့်မျှဖြစ်ရာ ဆေးရုံတက်ခ ကုန်ကျစရိတ် အစုစုမှာ စင်းဒေါ်လာ ၃၈၀ ခန့်မျှသာဖြစ်သောကြောင့်
ကျွန်တော်တို့လို စင်ကာပူတွင် အလုပ်လုပ်နေသူများ အတွက် မထောင်းတာလှသည့် အလွန်သင့်တော်သောဈေး
ဖြစ်ပါသည်။
ဆေးရုံမှ ဆင်းလာပြီးနောက် အိမ်တွင်ပင် သက်တောင့်သက်သာ နားနေရပါသည်။ ခွဲထားသော
ဒဏ်ရာကြီးနှင့်ဆိုတော့ ဟိုဟို သည်သည် အရမ်းလျှောက်သွားလို့မရ။ ထို့ပြင် ယခုထွက်လာခဲ့သော
ပေါက်တတ်ကရကုမ္ပဏီမှာ လုပ်လိုက်တာ ဘတ်ဂျက်တော်တော် ခိုက်သွားသည်။ သူက ကျွန်တော့်ကို
အင်တာဗျူးတုံးက လစာမပေးဘဲ တစ်နာရီ ၇ ကျပ်နှင့် ရှင်းပေးပါသည်။ သူ့လက်ခုပ်ထဲကရေဆိုတော့
ကျွန်တော်ဘာမှ ဆင်ခြေမကန်တော့ဘဲ အလုပ်သစ်ကိုသာ အပူတပြင်းရှာပါသည်။ ထို့ကြောင့် ယခုတစ်ခေါက်ပြန်လာစဉ်
လက်ထဲ၌ ရေသိပ် မလျှံ။ သည်တော့ လှူသည့်တန်းသည့်၊ ဟိုသွားဒီသွားလုပ်သည့်ကိစ္စများကို တတ်နိုင်သမျှ
လျှော့ချထားရသည်။ စနေဓမ္မမိတ်ဆွေများ အလှူကိစ္စကိုတော့ အိမ်မှနေကာ ဟိုလူ့လှမ်းဆက်သွယ်၊
ဒီလူ့ကို ဒါလုပ်ပေးပါဦး နှင့် အကူအညီတောင်းကာ လုပ်ရသည်။
(၇၈) ကျွန်ုပ် ပညာအလှူလုပ်ခြင်း
ပထမသော်
ဤအကြောင်းထည့်မရေးဟု စဉ်းစားထားသော်လည်း ယခုတော့ ထည့်ရေးလိုက်၍ အများသူငါ သိသွားလျှင်
အားကျကာ သူတို့လည်း အတုယူပြီးလုပ်ပေးပါက တစ်စုံတစ်ယောက်အတွက် အကျိုးများပေလိမ့်မည်
ဟု တွက်ဆကာ မည်သူ့မှမပြောဘဲ ဖုံးထားသော ကိစ္စအား ဖော်ပြပါအံ့။ ကာယကံရှင်၏ ဂုဏ်သိက္ခာကို
ထောက်ထားသောအားဖြင့် နာမည်၊ နေရပ် စသည်တို့ကို မဖော်ပြ နိုင်ခြင်းအတွက် ၀မ်းနည်းပါသည်။
စနေဓမ္မမိတ်ဆွေများအဖွဲ့က
ကျောင်းများ၊ ဆေးရုံများ၊ ရေတွင်းရေကန်များကို လှူနေသည်ဆိုတော့ အချို့ဆင်းရဲနွမ်းပါးသူများ
ကလည်း ကျောင်းစရိတ်ထောက်ပံ့ပေးရန် အကူအညီတောင်းခံလာကြ၏။ ထိုအထဲတွင် မြေလတ်ဘက်မှ စာတော်သော
ကျောင်းသူလေး တစ်ဦးလည်းပါ၏။ ၎င်းမှာ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် တက်ခွင့်ရသည်။ သို့သော်
မိဘများမှာ ကျောင်းစရိတ်မတတ်နိုင်သဖြင့် တက္ကသိုလ် ဆက်တက်ဘို့ရာ အခက်အခဲဖြစ်နေသည်။
သို့အတွက် ကျောင်းစရိတ်ထောက်ပံ့ပေးပါမည့်အကြောင်း အကူအညီ တောင်းခံ လာပါ၏။ သို့သော်
ကျွန်တော်တို့အဖွဲ့မှာ အများနှင့်သက်ဆိုင်သော နေရာဌာနများသို့သာ လှူဒါန်းနေသည်ဖြစ်ရာ
ပုဂ္ဂလိကတစ်ဦးချင်းကို လှူမည်ဆိုလျှင် ကျွန်တော်တို့ လှူချင်လျှင်သော်မှ အလှူရှင်များ၏
မျက်နှာက ရှိသေးသည် မဟုတ်ပါလား။
သည်အလှူငွေများမှာ
တစ်ဦးထဲ၊ တစ်ယောက်တည်း၏ အလှူငွေများမဟုတ်ဘဲ အလှူရှင် ၁၀၀ နီးပါး ထည့်ဝင်လှူဒါန်းထားတာ
ဆိုတော့ အလှူရှင်များ သဘောတူ၊ မတူဆိုတာ ရှိသေးသည်။ ထို့ကြောင့် ကျွန်တော်က စနေဓမ္မမိတ်ဆွေများအဖွဲ့
အလှူငွေထဲမှ လှူဘို့ကို သဘောမတူပါ။ သို့သော် တစ်ဖက်တွင်လည်း ထောက်ပံ့ပေးမည့်သူမရှိလျှင်
ကျောင်းဆက်မတက်ရတော့မည်ကဲ့သို့ ဖြစ်နေလေရာ ကိုသောင်းတန်ကို တိုးတိုးတိတ်တိတ်ပြောလျှက်
အဲဒီကောင်မလေးကို ကျွန်တော်ဘဲ ကျောင်းစရိတ်ထောက်ပံ့မယ်ဗျာ။ ဒါပေမဲ့ ခင်ဗျား၊ ဘယ်သူ့ကိုမှ
လျှောက်မပြောရဘူး ဟု နှုတ်ပိတ်လျှက် ကိုသောင်းတန်ကို ကြားမှဆက်သွယ်ခိုင်းကာ ကျောင်းစရိတ်
ထောက်ပံ့ပေးပါသည်။
ကျွန်တော်မည်သူဖြစ်သည်၊
မည်သည့်နေရာတွင်နေသည်၊ မည်သည့်အလုပ်လုပ်သည် စသဖြင့် ကျွန်တော်နှင့်ပတ်သက်သမျှ အားလုံး
ဖုံးဖိထားရန်၊ သည်မိန်းကလေးအား ကျွန်တော် ပညာသင်စရိတ်ထောက်ပံ့ပေးနေကြောင်း မည်သူ့အားမျှ
အသိမပေးရန် ကိုသောင်းတန်ကို နှုတ်ပိတ်ထားပါသည်။ ကျွန်တော်လည်း ထိုမိန်းကလေးကို မဆက်သွယ်၊
ကျွန်တော့်ဆက်သွယ်ရမည့် ဖုံးနံပါတ်၊ အီးမေး စသည်တို့ကိုလည်း မပေးရန် ပြောထားပါသည်။
ကိုသောင်းတန်ကလည်း စိတ်ချရပါသည်။ သည်အကြောင်း မည်သူ့အားမျှ မပြောပါ။
ဗူးပေါက်
တစ်ရာကိုသာ ပိတ်လို့လွယ်သည်။ လူတစ်ယောက် ပါးစပ်ပေါက်ကို ပိတ်လို့မလွယ်ဟူသော ဆိုရိုးစကားရှိသဖြင့်
ကျွန်တော် ထိုမိန်းကလေးကို ကျောင်းစရိတ်ထောက်ပံ့ပေးနေတာ သိလျှင် လူများထုံးစံအတိုင်း
ပေါက်တတ်ကရများ လျှောက်ပြောမည် စိုးသဖြင့် ပိတ်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာ သည်းညည်းခံတတ်မှု
အလွန်နည်းသူဖြစ်ရာ ကိုယ်မဟုတ်ပါဘဲလျှက် အတင်းအဖျင်းများ ပြောလာလျှင် ငြိမ်နေလိမ့်မည်
မဟုတ်သောကြောင့် မည်သူ့အားမျှ အသိမပေးခြင်း ဖြစ်ပါသည်။
ထို့ပြင်တဝ
တစ်ဖက်မှလည်း မိန်းကလေးဖြစ်နေသောကြောင့် သူ့ကိုထောက်ပံ့ပေးနေသူမှာ အရွယ်ကောင်း၊ လူပျိုဖြစ်သည်
ဆိုသည်ကို သိသွားပါက ဘာဖြစ်လို့ ထောက်ပံ့သည်၊ ညာဖြစ်လို့ ထောက်ပံ့သည် ဆိုသည်ကို အထင်လွဲမခံနိုင်၊
ကျွန်တော့် စေတနာကို အစော်ကားမခံနိုင်သောကြောင့် ကာယကံရှင်ကို ကျွန်တော့်အကြောင်း ဘာမှမပြောဘို့ရန်
ပိတ်ထားခြင်း ဖြစ်၏။ အချိန်တန်လျှင် ကျွန်တော်ကိုယ်တိုင် ဖွင့်ပြောမည်ဖြစ်ပါသည်။
သူ့ကျောင်းစရိတ်မှာ မများပါ။ ကျွန်တော့်အဘို့ ဘာမှမထောင်းတာသော
ပမာဏဖြစ်ပါ၏။ တစ်လမှ သုံးသောင်းသာ ဖြစ်သည်။ ကျွန်တော်က သုံးလပေါင်းလျှက် တစ်သိန်းစီ
ပို့သည်။ သို့သော် နောက်ပိုင်းတော့ ငွေဈေးကလည်းကျလာ၊ ကုန်ဈေးနှုံးတွေကလည်း တက်လာတာနှင့်
တစ်လ ငါးသောင်းပို့ရပါသည်။ သို့တိုင် ကျွန်တော် မငြီးမငြူထောက်ပံ့နိုင်ပါသည်။
ကျွန်တော်
စ,ထောက်ပံ့တော့ သူ ပထမနှစ် တက်နေပြီ။ ထိုမှစကာ သူ့အိမ်အား အနည်းငယ်မှ မပင်ပန်းစေဘဲလျှက်
လိုသမျှ (နားကြပ်၊ ကွန်ပြူတာ စသော သင်ကြားမှု အထောက်အကူပစ္စည်းများပါ) ထောက်ပံ့ပေးခဲ့ပါသည်။
ကျောင်းပြီးသွားသည့်နောက် house surgeon ဆင်းသည့်တိုင် အဆက်မပြတ် ထောက်ပံ့ပေးခဲ့၏။
ထိုမျှသာမက ၂၀၀၇ စက်တင်ဘာလတွင် သူဘွဲ့ယူမည်ဆိုတော့ ငွေသုံးသိန်း ထပ်ပို့လိုက်ပါသေးသည်။
ကျွန်တော်သူ့ကို ထောက်ပံ့ပေးတာ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၆ ခုနှစ် နိုဝင်ဘာလထိ
ဖြစ်ပါသည်။
ထောက်ပံ့ပြီး
တစ်နှစ်ကျော် အကြာတွင် သူနှင့် စတင်ဖုံးဆက်ဖြစ်ပါသည်။ အထွေအထူးမဟုတ်ပါ။ ပိုက်ဆံ ဘယ်နေ့က
ပို့လိုက်တာ ရောက်သလား စသဖြင့် ဖြစ်ပါ၏။ သူစတုတ္ထနှစ်၌ ကျွန်တော် သူတို့တက္ကသိုလ်ရှိရာမြို့သို့သွားပြီး
သူ့အတွက် စာအုပ်များကို လူကြုံပေးသလိုလိုနှင့် သွားပေးပါသည်။ စာအုပ်များကိုမူ မိတ်ဆွေတစ်ယောက်ကို
ပေးခိုင်းပြီး ကျွန်တော်က မလှမ်းမကမ်းမှသာ နေပါသည်။ နောက်ဆုံးနှစ်ရောက်သော် ကျွန်တော် သူ့ဆီသွားတွေ့ပါသည်။
ထိုအခါကျမှ တစ်ယောက်နှင့်တစ်ယောက် လူချင်းတွေ့၊ စကားပြောဖူးခြင်း ဖြစ်ပါသည်။ သံသယကင်းစေရန်
နောက်ဆုံးနှစ်ကျမှ သွားခြင်းဖြစ်၏။ သူ့မိဘများနှင့်မူ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။
သူ့ကိုထောက်ပံ့သည့်
စာရင်းများအားလုံးမှာ ပျက်သွားသော လက်ပ်တော့ပ်ကလေးထဲ ပါသွားသဖြင့် ထောက်ပံ့ငွေမည်မျှ
ဆိုသည်ကို စာရင်းအတိအကျမသိရတော့ပါ။ ထိုလက်ပ်တော့ထဲတွင် ၂၀၀၅ မေလမှ ၂၀၀၇ ခုနှစ် ဇူလိုင်လထိ
စာရင်းများ အားလုံး ပါသွားပါသည်။ ဆိုင်သွားပြီး back up ပြန်လုပ်ခိုင်းသည့်တိုင် မရတော့ပါ။
စုဆောင်းထားသော အီလက်ထရောနစ် စာအုပ်များပါ ပါသွားသဖြင့် ကျွန်တော့်မှာ အလွန်နှမြောမိပါသည်။
ကျွန်တော်ကား
ကျောင်းစရိတ်ထောက်ပံ့ခြင်းနှင့် အကျိုးပေးလှ၏။ စင်ကာပူသို့ ကျောင်းလာတက်သူ မိန်းကလေးတစ်ဦး
အားလည်း ကျောင်းစရိတ် ထောက်ပံ့လိုက်ရပါသေး၏။ သို့သော် အထက်တွင် ဖော်ပြခဲ့သော မိန်းကလေးကဲ့သို့
တရားဝင် ပြတ်ပြတ် သားသား ထောက်ပံ့ရခြင်း မဟုတ်ပါ။ ပထမတော့ ကျောင်းလခပေးစရာ ပိုက်ဆံမရှိသဖြင့်
ချေးတာဖြစ်ပါ၏။ သူချေးတာကလည်း ၃၀၀ မျှသာ ဖြစ်သဖြင့် ကျွန်တော်ကလည်း မဆပ်နိုင်ရင် ဆပ်မနေနဲ့တော့
ဟု အပြတ်ပြောကာ ပေးလိုက်ခြင်းဖြစ်ပါသည်။
သို့သော်
ဇာတ်လမ်းက သည်တွင်ရပ်မသွား။ နောက်ထပ် ၁၀၀ လောက်လုပ်ပါဦး၊ တော်ကြာ ၅၀၀ လောက်လုပ်ပါဦး။
ကျောင်းပြီး သွားတော့လည်း ဘဏ်ကြွေးဆပ်ရမှာမို့ ၃၀၀၀ လောက်ခဏချေးပါဦး။ အလုပ်ရလျှင်
ပြန်ဆပ်ပါ့မည် နှင့် တဖြည်းဖြည်းစုလာလိုက်တာ တစ်သောင်းကျော်ပါသည်။ ထိုအချိန်တွင် ကျွန်တော်
အိမ်ထောင်ကျနေပြီ။ သည်ကိစ္စ အမျိုးသမီးကို ပြောလို့မဖြစ်ပါ။ တော်ကြာ ကျွန်တော် က ဘာဖြစ်လို့
ပေးနေတာဆိုပြီး လင်မယားပြဿနာ တက်နိုင်သည်။ စချေးတုံးက ၂၀၀၇ ခုနှစ် အစပိုင်း ဖြစ်၏။
၂၀၀၉ ခုနှစ်ကုန်ခါနီးတွင် အလုပ်အဆင်မပြေသဖြင့် သူပြန်သွားသည်။ အောင်မယ်၊ အရင်ကချေးထားတာတွေ
ပြန်ဆပ်ဖို့ဝေးလို့ ပြန်တော့တောင် လေယာဉ်စရိတ် မရှိသည့်အတွက် နောက်ဆုံးဘိတ် ၃၀၀ ချေးလိုက်
အဲလေ ပေးလိုက်ရပါသေး။ သူချေးသွားတာ အဲလေ ချေးတာလား၊ ယူတာလားတောင် ကျွန်တော် သေသေချာချာမသိပါ၊
စုစုပေါင်း စင်းဒေါ်လာ ၁၃၁၀၀ ဖြစ်ပါ၏။ ပျမ်းမျှခြင်းအားဖြင့် မြန်မာငွေ သိန်း ၉၀ ခန့်
ဖြစ်ပါသည်။
ခုတော့
ကျွန်တော်လည်း သည်ကိစ္စ ခေါင်းထဲမထည့်တော့ပါ။ အနို့ မြန်မာပြည်တွင် အလုပ်လုပ်နေခြင်းအားဖြင့်
အဘယ်မှာ သိန်း ၉၀ ပြန်ဆပ်စရာ ရနိုင်ပါမည်နည်း။ ထိုအချိန်မှစကာ သူလည်း ကျွန်တော့်ကို
လုံးဝ အဆက်ဖြတ်သွားပါတော့သည်။ အဟောဝတ၊ ကောင်းလေစွ။ အဆက်အသွယ်ရနေလျှင် တောင်းနေမိဦးမည်။
တောင်းလျှက်နှင့် ပြန်မဆပ်လျှင် အကုသိုလ် ပွားနေရဦးမည်။ အခုလို မဆက်သွယ်တာ ကျွန်ုပ်အတွက်
ပိုကောင်းပါ၏။ ဤကောင်းမှုကြောင့် ငါသည်လည်း ဤလှိုင်းတံပိုးကြီးများကဲ့သို့ ဉာဏ်ပညာကြီးမားသူ
ဖြစ်ရပါလို၏ ဟုသာ အရှင်နာဂသေန လောင်းလျာလို ဆုတောင်းရပါတော့မည်။
ထို့ပြင်
ယခုတိုင် ဟို ဆယ်တန်းတက်နေတဲ့ ကောင်လေး ကျောင်းစရိတ်မတတ်နိုင်လို့၊ နင့်တူမတော့ ကျူရှင်ခ
မတတ်နိုင်လို့တဲ့ စသဖြင့် အဆက်မပြတ် ထောက်ပံ့နေရပါသည်။ ဤအကြောင်းများကို သက်ဆိုင်ရာအခန်းများတွင်
ထည့်သွင်း ရေးသားသွားပါမည်။
(၇၉) ဇာတိရပ်ရွာသို့ အလည်တစ်ခေါက် ပြန်ခြင်း
နောက်အလုပ်က
သေချာပြီးသားမို့ ဘာမှ ပူစရာမလို။ ထို့ကြောင့် သည်တစ်ခေါက်တွင်လည်း နှစ်လလောက် ပျော်ပျော်ကြီး
နေပစ် လိုက်သည်။ ထိုအတောအတွင်း မရောက်တာကြာပြီဖြစ်သော မွေးရပ်မြေ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊
ဝါးတောကွင်းကျေးရွာ) သို့ တစ်ခေါက်ပြန်သည်။
နှစ်တွေလတွေပင်
မည်သို့ပြောင်းလဲသွားသော်လည်း ကျွန်တော့်မွေးရပ်မှာတော့ သည်အတိုင်း မပြောင်းမလဲပင်
ရှိနေသည်ဟု ထင်ရပါသည်။ သို့သော်လည်း ပြောင်းတော့ပြောင်းပါသည်။ ကောင်းသော ပြောင်းခြင်းတော့မဟုတ်။
ကျွန်တော်တို့ငယ်စဉ်က ရွာကြီးမှာ သစ်ပင်ကြီးတွေနှင့် သွပ်မိုး၊ ပျဉ်ထောင် ၁၆ လုံးအိမ်ကြီးတွေနှင့်။
ခြံစည်းရိုးတွေနှင့်။ စည်စည်ကားကား လှလှပပ ရှိပါသည်။ ရွာသူရွာသား တို့၏ စီးပွားရေးမှာလည်း
အချမ်းသာကြီးမဟုတ်တောင် ဆင်းတောင့်ဆင်းရဲမဟုတ်။ သူ့ဟာနှင့်သူ အားလုံးအဆင်ပြေပြေ နေနိုင်ကြသည်။
ကျွန်တော်တို့ရွာမှာ
အိမ်ခြေ ၂၆၀ ရှိသော ရွာကြီးဖြစ်သည်။ မူလက ရွာဟောင်းမှာ ခတ္တူချောင်းဖျား ကမ်းပါးတစ်လျှောက်
တည်ထားသော ရွာတန်းရှည်ကြီးဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ် ၁၉၆၅ ခုနှစ်ခန့်တွင် အနောက်ရိုးမ၌
ခိုအောင်းနေသော ရောင်စုံ သူပုန်များကို အပြတ်ချေမှုန်းရန် အစိုးရက ဆင်မင်းစစ်ဆင်ရေး
လုပ်ပါသည်။ ထိုစစ်ဆင်ရေးအတွက် ရိုးမတောင်ခြေတွင် ကပ်လျှက်ရှိသော ကျွန်တော်တို့ရွာကို
ခြေကုပ်ယူပါသည်။ သို့သော် ရွာအနေအထားမှာ စစ်ဆင်ရေးအတွက် မကောင်းလှ။ ထို့ကြောင့် ရွာကို
အသစ်ပြန်တည် ရန် စစ်ကြောင်းမှူးဗိုလ်မှူးကြီး ရဲထွန်း၊ မြေစာရင်းမှူး ဦးစံကြိုင် နှင့်
ရွာလူကြီးများဖြစ်သော ဦးအေး၊ ဦးအောင်သင် နှင့် ဦးသိန်း တို့ ဆွေးနွေး တိုင်ပင်ကာ
ရွာသစ်ပုံစံရေးဆွဲပြီး အထက်သို့တင်ပြ၊ ခွင့်ပြုမိန့်ကျလာသောအခါ ယခုလက်ရှိရွာသစ်ကို
ပြောင်းရွှေ့ တည်ဆောက်ခဲ့ကြ ပါသည်။
ထို့ကြောင့်
တောဟုပင်ဆိုသော်လည်း ကျွန်တော်တို့ရွာပုံစံမှာ အလွန်ကျန၊ လှပပါသည်။ ပေ ၄၀၊ ပေ ၆၀ အကျယ်၊
အိမ်ယာကွက် ပေါင်း ၂၆၀၊ အရှေ့အနောက်တန်းလျှက် ပေ ၃၀ ကျယ်သော အလျားလိုက် လမ်းမကြီး ၃
သွယ်၊ ၁၂ ပေကျယ်သော လမ်းသွယ် ၂ ခု ကျလျှင်
ပေ ၃၀ ကျယ်သော လမ်းမကြီး တစ်ခုကျဖြင့် တောင်မြောက်သွယ်တန်းလျှက်ရှိသော လမ်းမကြီး ၃
လမ်း၊ လမ်းသွယ် ၁၀ ခု ။ ထို့ပြင် ဘုန်းတော်ကြီးကျောင်း၊ အစိုးရမူလတန်းကျောင်း၊ ဆေးပေးခန်း၊
စစ်တပ်တည်နေရာ၊ သမ၀ါယမဆိုင်၊ ဘောလုံးကွင်း စသဖြင့် စနစ်တကျ တည်ထားပါသည်။
ရွာလမ်းများကိုလည်း
နာမည်များပေးထား၏။ ရွာလယ်လမ်းမကြီးကို ဆင်မင်းစစ်ဆင်ရေးအား ဂုဏ်ပြုသောအားဖြင့် ဆင်မင်း
လမ်းမကြီး ဟုလည်းကောင်း၊ အခြားလမ်းများကို နီလာလမ်း၊ ပတ္တမြားလမ်း၊ ရွှေလမ်း၊ ငွေလမ်း၊
သံလမ်း၊ ကျောက်မီးသွေးလမ်း စသဖြင့် နာမည်အသီးသီးပေးထားပါသည်။
အိမ်တိုင်းတွင်လည်း အိမ်နံပါတ်ရှိ၏။ ကျွန်တော်တို့ အိမ်နံပါတ်မှာအလွန်ကောင်းလှ၏။ ၁၁၁
ဖြစ်ပါသည်။ ရွာတွင် ရပ်ကွက် ၄ ခု ရှိ၏။ (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက် နှင့်
(၄) ရပ်ကွက်တို့ ဖြစ်သည်။ အနည်းငယ် တောင့်တင်းသော သူများမှာ (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်များတွင်
နေထိုင်ကြသည်။
ရွာလူကြီးများမှာလည်း
တည်တည်တံ့တံ့နှင့် ရွာအပေါ်သြဇာညောင်းသူများ ဖြစ်ပါသည်။ ခေတ်ပညာပင်မတတ်သော်လည်း ရွာကို
မည်သို့အုပ်ချုပ်ရမည်ကို ကောင်းစွာနားလည်ကြသည်။ ကျွန်တော်တို့ ငယ်စဉ်က သူကြီးမှာ ဦးအေး
ဖြစ်သည်။ ဦးအေးမှာ ထောင်ထောင် မောင်းမောင်း ခန့်ခန့်ငြားငြား ဖြစ်၏။ ပစ္စည်းဥစ္စာပင်
မတောင့်တင်းလှသော်လည်း သူ့ဟာနှင့်သူ ဣနြေ္ဒရရ နေနိုင်စားနိုင်ထဲကဖြစ်သည်။ သူတို့ ရွာအပေါ်
သြဇာညောင်းသည်မှာ မဟုတ်တာ မလုပ်သောကြောင့်၊ ရွာ့အရေးကိစ္စများကို အသိဉာဏ်နှင့်ယှဉ်ကာ
နှိုင်းနှိုင်းချိန်ချိန် သမာသမတ်ကျကျ ဆုံးဖြတ်ကြသောကြောင့် ဖြစ်သည်။
ရွာသားများအပေါ်
သြဇာညောင်းသည် ဆိုခြင်းမှာ သူ့တွင်ရှိသော အာဏာကို ကြောက်သောကြောင့်မဟုတ်။ ရွာကို အကြောက် တရားနှင့် အုပ်ချုပ်တာမဟုတ်။ သြဇာညောင်းတာနှင့်
ကြောက်တာ တခြားစီဖြစ်သည်။ ရွာသားများက သူတို့ရွာသူကြီးကို ချစ်သည်၊ ရိုသေ လေးစားသည်၊
နေရာပေးသည်။ လူကြီးကလည်း လူကြီးနေရာနေသည်။ သည်တော့ ရွာတွင် ကြီးကြီးမားမား အမှုအခင်းရယ်လို့
သိပ်မရှိလှ။ ရွာအနီးတွင် သူပုန်များပင် ရှိနေလင့်ကစား အေးအေးချမ်းချမ်း ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်
သူပုန်ဆိုသူများမှာလည်း အခြားသူများ မဟုတ်။ သည်ရွာနှင့် အနီးပတ်ဝန်းကျင် ရွာသားတွေပင်ဖြစ်သည်။
ယုံကြည်ချက်ကြောင့် တောတွင်းရောက်နေရသော်လည်း မဟုတ်တာ လုပ်သူများမဟုတ်။ ခိုးဆိုးတိုက်ခိုက်နေသော
ဓါးပြများမဟုတ်။ ကိုယ့်ရွာကိုယ် မည်သူပြန်ဓါးပြတိုက်ပါမည်နည်း။
အဖေကြီးတို့ပြန်ပြောပြသည်မှာ
ထိုသူများမှာ များသောအားဖြင့် ဗ.က.ပ (ဗမာပြည် ကွန်မြူနုစ်ပါတီဝင်) များဖြစ်သည်။ သူတို့က
ပစ္စည်းမဲ့လူတန်းစားများ ဘက်မှဖြစ်သည်။ အရင်းရှင်နှင့် ဗျူရိုကရက်များကို အလွန်ရွံမုန်းသောသူများ
ဖြစ်၏။ ထို့ကြောင့်လည်း ဆိုရှယ်လစ် အစိုးရကိုဖြုတ်ချရန် တိုက်ခိုက်နေသူများ ဖြစ်သည်။
ရွာတွင် သူခိုး၊ ဒါးပြများ သောင်းကျန်းလာလျှင် သူတို့ကို သွား သတင်းပေးလို့ရသည်။ ထိုအခါ
သူတို့က ထို သူခိုး၊ ဒါးပြများကို သူတို့ထံ ဘယ်နှရက်အတွင်း အရောက်လာပါဟု ဆင့်ဆို၏။
သူခိုး၊ ဒါးပြများမှာ ဗ.က.ပ များကို တုန်နေအောင် ကြောက်ကြရသည်။ သူတို့က လာခဲ့ဆိုလျှင်
သွားကိုသွားမှ။ သူတို့က လာပါဆိုလျှက်နှင့်မှ ပုန်းနေမည်၊ ဂျစ်ကန်ကန် လုပ်နေမည်ဆိုလျှင်
တစ်သက်စာမက၊ သုံးသက်စာလောက်နောင်တရသွားအောင် ဆုံးမတာ ခံရလိမ့်မည်။
အကြင်သူ တစ်ဦးတစ်ယောက်သည် မုဒိန်းကျင့်၊ လူသတ်သည်ဖြစ်အံ့။ ဗ.က.ပ တို့က ထိုသူအား
ပေါက်တူးထမ်းလျှက် လာခဲ့ရန် ဆင့်ဆိုလိမ့်မည်။ သူတို့ရှိရာရောက်လျှင် ထိုသူအား ကိုယ့်မသာတွင်း
ကိုယ့်ဟာကိုယ် တူးခိုင်းသည်။ ထို့နောက် တွင်းဝတွင် ထိုင်ခိုင်းလျှက် ပေါက်တူးနှောင့်နှင့်
ခေါင်းကိုထုကာ သတ်ပြီးမြှုပ်ပစ်သည်။ ဈေးကြီးသော ကျည်ဆံကို အလကားမဖြုံးတီး။ သည်တော့
သည်လိုအမှုအခင်း မျိုး ကျွန်တော်တို့ဘက်တွင် မကြားစဖူး။ အလွန်ဆုံးရှိလှမှ ကြက်ခိုးမှုလောက်
ဖြစ်သည်။ ကြက်ခိုးတာလောက်ကတော့ သူကြီးက ခြောက်ပေါက်ထဲချကာ ဟဲ့ကောင်လေး၊ နောက်မလုပ်နဲ့
ဆိုကာ ပြီးသောကိစ္စဖြစ်၏။
ထို့ကြောင့် သူပုန်များပင်ရှိလင့်ကစား ကျွန်တော်တို့ရွာဘက်မှာ
ငြိမ်းငြိမ်းချမ်းချမ်းရှိသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က
လသာသော ညအခါများတွင် ရွာလမ်းမကြီးပေါ်၌ စိမ်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း ကစားကြသည်များမှာ
လွမ်းမောဘွယ်ရာ ဖြစ်ပါသည်။ ယခု သည်လိုမရှိတော့။ ခေတ်တွေပြောင်းကုန်ပြီ။
ယခုတစ်ခေါက်
ကျွန်တော်ရွာပြန်တော့ ရွာတွင်းဝင်လိုက်ကတည်းက ရွာမှာ ခြောက်သယောင်းထနေသည်။ ယခင်က အိမ်ယာတစ်ကွက်တွင်
အိမ်ကြီးတစ်လုံး ရှိနေရာမှ ယခု အိမ်တစ်ကွက်တွင် အိမ်ပေါက်ကလေး ၂ လုံး သုံးလုံး စသဖြင့်
ဖြစ်နေ၏။ ယခင် လက်ကျန် အိမ်ကြီးအနည်းငယ်မှာလည်း သွပ်မိုးများမှာ ပြောင်ပြောင်ယောင်ယောင်
မရှိတော့။ ရေနံချေးနှင့်ဝေးနေပြီ ဖြစ်သော ပျဉ်ထောင်နံရံများမှာ ဖြူဆွတ်လျှက်။ ခြံစည်းရိုးများမှာလည်း
အပျက်ပျက် အစီးစီး။ ကျွန်တော်တို့ငယ်စဉ်က ခြုံပင်ပေါင်းပင်များ မရှိခဲ့သော ဖြောင့်ဖြူးလျှက်
သာသာယာယာရှိသော ရွာလယ်လမ်းမကြီးမှာ အချို့နေရာများတွင် ရွံ့ဗွက်များနှင့်။ အချို့နေရာများတွင်
ခြုံနွယ်ပိတ်ပေါင်း များနှင့်။ လမ်းလျှောက်ချုင်စရာပင် မကောင်းပါ။ ရွာအခြေအနေကိုကြည့်ပြီး
ကျွန်တော် အတော်စိတ်ပျက်မိ၏။
ရွာ၌ ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တင်ဦးတို့အိမ်တွင် တည်းပါသည်။
ထို့နောက် ရွာအရေးကိစ္စများတွင် ပါဝင် ဦးဆောင် လှုပ်ရှားလေ့ရှိသော လူပျိုကြီး ကိုဖိုးအောင်နှင့်
ဦးလေးဝင်းမြင့်တို့အိမ်သွားကာ ရွာအခြေအနေများ မေးမြန်း ဆွေးနွေးပါသည်။ ရွာလူကြီးမှာ
ကျွန်တော့်အစ်ကိုဝမ်းကွဲတော်စပ်သူ ကိုမြင့်အောင် ဖြစ်၏။
ကျွန်တော်က
သူတို့ကို ရွာအခြေအနေအား အလွန်အားမလို အားမရဖြစ်မိကြောင်းနှင့် ရွာသားများ၏ စီးပွားရေးအခြေအနေ၊
စားဝတ်နေရေးများ မေးမြန်းကြည့်သည်။ သူတို့ပြန်လည် ဖြေကြားချက်များမှာ အားရစရာမရှိပါ။
ကျွန်တော်က သူတို့သာ စိတ်ဝင်တစား လုပ်ကြမည်ဆိုလျှင် ရွာ၌ လုပ်စရာအများကြီးရှိကြောင်း၊
ရွာကို စိတ်ဝင်တစား ဦးစီးဦးဆောင်လုပ်ပေးမည့်သူ လိုနေကြောင်း၊ ရွာသူရွာသား များအားလည်း
အလုပ်ကို ကြိုးစားပမ်းစားလုပ်ကြစေလိုကြောင်း စသည်တို့ ပြောပြပါသည်။
ကျွန်တော်က
ရွာလူကြီးဖြစ်သူ ကိုမြင့်အောင် ကို လူစုပေးပါ။ ရွာသားများအား စကားပြောချင်သည် ဟု ဆိုသောအခါ
ကိုမြင့်အောင်က အသံချဲ့စက်နှင့် မနက်ဖြန် နေ့လည် ၃ နာရီ မူလတန်းကျောင်းသို့ တစ်အိမ်တစ်ယောက်
မလာမနေရ လာကြရမည်ဟု ဆင့်ဆိုလိုက်၏။ ကျွန်တော်က သူတို့ကို ဘာတွေပြောမည်၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့က
ဘာတွေလုပ်ပေးရမည် စသဖြင့် အစီအစဉ်ကို ပြောပြ လိုက်၏။
ထိုညနေတွင်
ကျွန်တော်တည်းသည့် တင်ဦး၏ အိမ်သို့ ကျွန်တော့်ငယ်သူငယ်ချင်းများ၊ ဆွေမျိုးများ၊ လူငယ်များ
စသည်တို့ လာကြ သည်။ ကျွန်တော်က စင်ကာပူတွင် ဘယ်လိုအလုပ်လုပ်ကြသည် ဆိုသည့်အကြောင်း။
သူတို့အစိုးရက သူတို့တိုင်းသူပြည်သားများအတွက် ဘာတွေ ဘယ်လိုပံ့ပိုးပေးသည် ဆိုသည့်အကြောင်း၊
ပညာမတတ်လျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၌ ရပ်တည်ရေးမှာ အလွန်ခက်ခဲသည့် အကြောင်း
စသဖြင့် ပြောပြပါသည်။ ထို့ပြင် ကျွန်တော်တို့ရနေသော လခမှာလည်း လွယ်လွယ်လေး ရနေတာမဟုတ်ကြောင်း၊
မည်မျှရင်းနှီး ပေးဆပ်ရသည် ဆိုသည့်အကြောင်းများပါ သူတို့နားလည်အောင် သေသေချာချာ ပြောပြပါသည်။
လာသူများထဲမှ
ကိုခင်စိုး က သူ့သားမှာ ယခု ဆယ်တန်းစာမေးပွဲ ဖြေထားကြောင်း၊ သူ့သားရှေ့ရေးမည်သို့ လုပ်ရင်ကောင်းမည်
နည်း၊ ကျွန်ုပ်ကဲ့သို့ပင် နိုင်ငံခြားသို့စေလွှတ်ကာ အလုပ်လုပ်စေချင်ကြောင်း စသဖြင့်
မေးလည်းမေး၊ အကြံဉာဏ်လည်း တောင်းလှာပါ၏။ ထိုအခါကျွန်ုပ်လည်း ပြောရန်လမ်းစရသည်နှင့်
တင်ဦး၏သားကို သူ့သူငယ်ချင်း လူငယ်လေးများအား လိုက်ခေါ်ခိုင်းကာ ပညာ၏တန်ဖိုးကို ပြောပြပါသည်။
ယခုခေတ်လူငယ်များမှာ ပညာကို စနစ်တကျမသင်ယူခဲ့ရသဖြင့် ပညာ၏တန်ဘိုးကိုသော်လည်းကောင်း၊
ပညာ၏ အသုံးဝင်ပုံကို သော်လည်းကောင်း၊ လူ့လောကနေထိုင်ရေးတွင် ပညာကိုမည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း
မသိသဖြင့် မြန်မာ့လူ့ဘောင်တွင် အသုံးဝင် အဖိုးတန်သော လူအရင်းအမြစ်များ တစ်နေ့တခြား
ဆုတ်ယုတ်လာနေကြောင်း၊ လက်တွေ့ပြရလျှင် လက်ရှိ ၀ါးတောကွင်းကျေးရွာ ဖြစ်ပျက်နေပုံကို
လက်ညှိုးထိုးပြရမည်ဖြစ်ကြောင်း။
ကျွန်ုပ်တို့ငယ်စဉ်က
ဝါးတောကွင်းကျေးရွာ စည်ပင်ဝပြောပုံ၊ ခေတ်ပညာပင် မတတ်သော်လည်း အရည်အချင်းပြည့်သော ရပ်ရွာခေါင်းဆောင်များ
ရခဲ့ပုံ၊ ယခုလူငယ်များမှာမူ ခေတ်ပညာကိုပင် သင်ခဲ့ရသော်လည်း ရပ်ရွာမှ အားကိုးရသော၊ ရပ်ရွာကို
စနစ်တကျ အုပ်ချုပ်နိုင်သော အရည်အချင်းများ ချို့တဲ့နေပုံ၊ ထို့ကြောင့်လည်း ရွာကြီးမှာ
ဤကဲ့သို့ ဆုတ်ယုတ်ပျက်စီးနေရပုံ၊ ယခု ၀ါးတောကွင်းရွာတွင် ဆယ်တန်းအောင်နှင့် ဘွဲ့ရအတော်များများရှိကြောင်း၊
သို့သော် ကျွန်တော့်အနေနှင့် ရွာကိုအုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူ တစ်ဦး တစ်ယောက်ကိုမှ
မမြင်မိကြောင်း။
ပညာရေးစနစ်၏
ချို့ယွင်းမှုကြောင့် ခေတ်လူငယ်အများစုမှာ ကျောင်းတက်ပြီး စာမေးပွဲများပင် အောင်လာခဲ့၊
ဘွဲ့များပင်ရလာခဲ့ သော်ငြားလည်း လက်တွေ့လောက၌ ပညာကို မည်ကဲ့သို့ ဆက်စပ်အသုံးချရမည်ကို
မသိကြကြောင်း။ ကျွန်တော်တို့ စင်ကာပူတွင် အလုပ်လုပ်၊ လခကောင်းကောင်းရနေတာသာ အားကျနေကြပြီး
ကျွန်ုပ်တို့ ဤအဆင့်ရောက်အောင် မည်ကဲ့သို့ကြိုးစားခဲ့၊ ရင်းနှီးပေးဆပ်ခဲ့ရ သည်များကို
လေ့လာရန် မည်သူတစ်ဦးတစ်ယောက်မှ စိတ်မ၀င်စားကြောင်း။ အမှန်ဖြစ်ရမည်မှာ နောက်ဆုံးးရလဒ်ကိုချည်း
ကြည့်မနေဘဲ သူဘယ်လိုလေ့လာဆည်းပူးခဲ့၊ ကြိုးစားခဲ့သည်များကို စူးစမ်းကာ သူ့လိုဖြစ်အောင်
ငါလည်းလုပ်မယ် ဟူသော စိတ်ထားကို မွေးရမည် ဖြစ်ကြောင်း၊ တကယ်လည်းလုပ်ကြရန် တိုက်တွန်းကြောင်း၊
အဆုံးပိတ်တွင် ဒါ ၀ါတောကွင်းတစ်ရွာတည်း ဖြစ်နေတာမဟုတ်ဘူး။ ဗမာတစ်ပြည်လုံး ဒီအတိုင်းချည်းပဲ၊
ဗလချီးနမ်းလူတွေ စုနေတဲ့ရွာဟာ ဗလချီးနမ်းရွာ ဖြစ်မှာပဲ။ ဗလချီးနမ်းရွာတွေ စုနေတဲ့တိုင်းပြည်
ဟာလည်း ဗလချီးနမ်းတိုင်းပြည် ဖြစ်မှာပဲ။ အဲဒီတော့ ဗလချီးနမ်းတိုင်းပြည်မှာ မနေချင်ရင်
မင်းတို့ကိုယ်တိုင်က စပြီး ကြိုးစားကြရမယ် ဟု
စသဖြင့် အရှည်ကြီး ပြောပြလိုက်ပါသည်။ သူတို့မည်မျှ သဘောပေါက်မည်၊ နားလည်သည်၊
ကျွန်တော်ပြောသည်များကို မည်မျှလိုက်နာ ကျင့်သုံးကြမည် ဆိုသည်များကိုမူ ကျွန်တော်မသိပါ။
(၈၀) ၀ါးတောကွင်းရွာ ဟောပြောပွဲ
နောက်နေ့
နေ့လည်ပိုင်းတွင် ဆင့်ဆိုထားသည့်အတိုင်း ရွာသားများလာကြပါ၏။ သိတော်မူကြသည့်အတိုင်း
စည်းဝေးပွဲဆိုလျှင် ရွာလူကြီးအမိန့်ကိုကြောက်သဖြင့် မဖြစ်နိုင်လို့သာ လာကြရသည်။ တကယ်ဆွေးနွေးနိုင်၊
ဆုံးဖြတ်နိုင်မည့် ယောက်ျားဘသားများ၊ အိမ်ထောင်ဦးစီးများ တက်တက်ကြွကြွနှင့် စိတ်ဝင်တစား
လာကြလိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ မည်သည့်အခါမှ လာလိမ့်မည်မဟုတ်။ ယခုလည်း လာသူများမှာ
ကလေးတို့လို့ တွဲလောင်းနှင့် အမျိုးသမီးများ၊ အချို့ကတော့ သူများပြောတာ နားလည်နိုင်မည်
မဟုတ်သည့် ကလေးငယ်များကို ပြီးပြီးရော လွှတ်လိုက်တာဖြစ်သည်။
ယောက်ျားဘသားဆို၍
ဤဟောပြောပွဲကို ဦးဆောင်လုပ်ပေးသည့် ရွာလူကြီးအနည်းငယ်နှင့် ကျွန်တော့်မိတ်ဆွေများသာရှိသည်။
သို့သော်လည်း အရိုးများသော၊ ချေးခါးသော ရွေးမနေနိုင်။ သည်လောက်လာတာ ကျေးဇူးတင်ပါဦးဟု
ကျွန်တော့်မှာ အားပင်မရှိသော်ငြား လည်း သူတို့ကို တတ်နိုင်သမျှ နားလည်အောင် ပြောပြရပါသည်။
မနေ့ညက
ကျွန်တော်ပြောထားသော အရှိန်နှင့် ရွာလူကြီး ဦးမြင့်အောင်မှာ သူ့ရွာသားများအား ဖိဟောက်နေပါသည်။
မိမိအိမ်ခေါင်းရင်းမှ ရွှံဗွက်များကို ကျောက်ဖို့ဘို့၊ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းဘို့၊
မရှင်းသူများကို မည်သို့အရေးယူမည် စသဖြင့် ဖြစ်ပါ၏။ သူ့ပြောတာ နားထောင်ရတာ ကျွန်တော်
ကြက်သီးပင် ထမိပါ၏။ ထို့နောက် ကျွန်တော် ပြောသည်။
ကျွန်တော်က
လက်ရှိရွာအခြေအနေကို စိတ်ပျက်မိကြောင်း၊ ကျွန်တော်တို့ငယ်စဉ်က ရွာအခြေအနေနှင့် ယခုရွာအခြေအနေကို
ယှဉ်ကြည့်နိုင်ပါကြောင်း။ ရွာသားများ၏ စီးပွားရေးအခြေအနေမှာလည်း ယခင်ကာလများကထက် များစွာ
ဆုတ်ယုတ်ကျဆင်းလျှက် ရှိကြောင်း။ မိမိအလုပ်ကို မိမိလုပ်ကြရာဝယ် မဖြစ်နိုင်လို့ လုပ်နေရတာထက်
စေတနာပါပါနှင့် ကြိုးစားပမ်းစား လုပ်ကြစေလိုကြောင်း။ ကျွန်တော်တို့ စင်ကာပူမှာလုပ်ရတာ
တစ်ရက်လျှင် အနည်းဆုံး ဆယ်နာရီရှိကြောင်း၊ မနက် ၇ နာရီခွဲလျှင် အလုပ်ထဲ ရောက်နေရကြောင်း၊
ည ၇ နာရီခွဲမှ အလုပ်ပြီးကြောင်း။ ကျွန်တော်တို့ရွာသားများအနေနှင့် ယခုလုပ်နေသည်ထက်
တစ်နေ့လျှင် တစ်နာရီမျှ ပိုလုပ်ကြစေလို ကြောင်း၊ သေသေချာချာသာ လုပ်မည်ဆိုပါက ဤတစ်နာရီသည်လည်း
အများကြီးတာသွားပါကြောင်း၊ (ဤတွင် အနား၌ထိုင်နေသူ တင်ဦးက မင်းယောက္ဖ ဖိုးသောင်းဆို
တစ်နာရီပိုလုပ်ဖို့ မပြောနဲ့။ တစ်နေ့ တစ်နာရီပြည့်အောင်တောင် အလုပ်လုပ်တဲ့ကောင် မဟုတ်ဘူး
ဟု မကြားတကြား လှမ်းခနဲ့ပါသည်။)
အိမ်ခြံဝင်းများထဲတွင်
ငှက်ပျောပင်စိုက်ထားက ငှက်ပျောသီးစားရမည်။ သင်္ဘောပင် စိုက်ထားက သင်္ဘောသီးစားရမည်၊ ဘူးပင်
စိုက်ထားလျှင် ဘူးသီး၊ ဘူးရွက်များ စားရမည်ဖြစ်ပါလျှက်၊ အိမ်ခြံဝင်းများ၌ နေရာလပ်များလည်း
ရှိပါလျှက်၊ ဘာပင်မှစိုက်မထားသောအခါ ယခု ကျွန်တော်တို့ရွာတွင် သင်္ဘောသီးစားချင်လျှင်ပင်
မြို့ဈေးများမှ ၀ယ်ယူစားသုံးရကြောင်း။ ယုတ်စွအဆုံး ဘောင်ပြင်ကာ ငရုပ်ပင်များ စိုက်ထားလျှင်
ငရုပ်သီးအလျှံပယ်စားရရုံမျှမက အနီးပတ်ဝန်းကျင် ရွာများသို့ပင် သွားရောက် ရောင်းချနိုင်ကြောင်း။
ယခု ကျွန်တော်တို့ရွာ၌
ဖြစ်နေသည်မှာ ဧည့်သည်လာလို့ ထမင်းကျွေးလိုလျှင်ပင် ကြက်ဥကို ကွင်းကောက်ဈေးမှ မှာယူချက်ပြုတ်
ရကြောင်း။ ဤသည်မှာ တွေးတတ်လျှင် အလွန်ရှက်ဖွယ်ကိစ္စဖြစ်ကြောင်း။ ကျွန်တော်တို့ ငယ်စဉ်က
ကြက်သား၊ ၀က်သားဟူသည် ရှားပါး ပစ္စည်းမဟုတ်။ မကြာခဏ စားရတတ်သော်လည်း ယခုအခါ တစ်လနေလို့
အသားဟင်းတစ်ခွက်မစားရဟု ဦးလေးဝင်းမြင့်က ပြောသည်ကို သိရသောအခါ အလွန်အံ့သြမိကြောင်း။
အဘယ်ကြောင့် မိမိအိမ်တွင် ကြက်၊ ဘဲများမမွေးကြသည်ကို နားမလည်နိုင်ကြောင်း။ အကယ်၍သာ
ကြက်များမွေးထားပါက မိမိလည်းကြက်ဥလှိုင်လှိုင်စားရမည့်အပြင် ဆိုင်တည်ကာပင် ရောင်းချနိုင်ကြောင်း။
စိုက်စရာ
မွေးစရာ နေရာပင်မရှိသော်လည်း စင်ကာပူတွင် ကြက်သား၊ ကြက်ကြော်ဆိုသည်ကို မုန်းအောင်စားရကြောင်း၊
ကျွန်တော်တို့မှာ ထမင်းစားပြီးလျှင် ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး၊ စပျစ်သီး စသည် တစ်မျိုးမျိုးကို
စားလေ့ရှိကြောင်း။ အာဟာရ ပြည့်ဝသည့်အခါ လူလည်းကျန်းမာကြောင်း။ မကျန်းမာသည့်အခါ ကုန်ကျရမည့်
ဆေးဘိုးသည် ကျန်းမာရေးအတွက် စားလိုက်သည့် အစားအသောက်ဖိုးထက် အဆမတန် ပိုမိုများပြားပါကြောင်း။
ထို့ကြောင့် စားသင့်စားထိုက်သည်များကို စားနိုင်အောင် မိမိဘာသာ ကြိုးစားကြရမည်ဖြစ်ကြောင်း။
ခုန ရွာလူကြီး
ဦးမြင့်အောင်ပြောသွားသည့် ရွာလမ်းမကြီးမှ ရွှံ့ဗွက်များကိစ္စတွင် လူကြီးက ခြိမ်းခြောက်ပြောရသည်မှာ
အင်မတန် ရှက်စရာကောင်းကြောင်း၊ ရပ်ရွာအရေးမှာ လူကြီးက အာဏာနှင့်ပြောမှ လုပ်ရမည့်ကိစ္စမဟုတ်ဘဲ
မိမိအသိနှင့် မိမိလုပ်ရမည့် ကိစ္စများ ဖြစ်ကြောင်း။ ညနေဘက် ချောင်းထဲတွင် ရေချိုးပြီး
ပြန်အလာ ကျောက်စရစ်တစ်ခြင်းစာလောက် လူတိုင်းဆွဲလာဘို့ရာ မည်မျှပင်ပန်းသည့် ကိစ္စမဟုတ်ကြောင်း၊
လူတိုင်းသာ မိမိအိမ်ခေါင်းရင်းလမ်းကို ဤသို့ကျောက်ခဲဖို့မည်ဆိုပါက ရွာလမ်းမကြီးမှာ
ဖြူးနေမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွာအတွင်း ပေါင်းမြက်များ သုတ်သင်ရှင်းလင်းရေးမှာလည်း
ရွာရှိလူငယ်များ စုပေါင်းလျှက် တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါလောက် ရှင်းလင်း ပေးလျှင် တစ်ရွာလုံး
သန့်ရှင်းသပ်ယပ်နေမည်ဖြစ်ကြောင်း။
ကျွန်တော်တို့ငယ်စဉ်က
အိမ်များမှာ ၀င်းနှင့်ခြံနှင့်ရှိသော်လည်း ယခုအိမ်ခြံဝင်းများမှာ ပျက်စီးယိုယွင်းနေသည်ကို
မည်သူမှ ဂရုစိုက် ပြန်လည်ပြင်ဆင်ခြင်းမရှိသဖြင့် ရွာကြီးမှာ စုတ်ဖရာဇာကြီး ဖြစ်နေကြောင်း။
မိမိတို့သာ နေချင်သလို နေနေကြသည်မဟုတ်ဘဲ မိမိတို့ ကလေးသူငယ်များကိုလည်း လိမ္မာယဉ်ကျေးလာအောင်
သွန်သင်ဆုံးမပေးဘို့ အားနည်းနေကြောင်း၊ ဘုန်းတော်ကြီးကျောင်းကလည်း ကလေးများအတွက် နွေရာသီကျောင်းပိတ်ရက်များတွင်
ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပေးသင့်ပါလျှက် ဘာမှ မလုပ်ပေးကြောင်း၊ ယုတ်စွအဆုံး နှစ်ကျိပ်ရှစ်ဆူဆိုတာတောင်
ဘာမှန်းမသိကြောင်း။ ကျွန်ုပ်ကိုသာ နှစ်ကျိပ်ရှစ်ဆူဘုရားများထဲမှ ဆယ်ဆူပြည့်အောင် ရေပြနိုင်သူရှိပါက
ဤရှေ့တွင်ချထားသည့် ခုနစ်သိန်းလောက်တန်သော ကင်မရာကို ဆုချမည်ဖြစ်ကြောင်း။ ရေတွက်ပြနိုင်သူများရှိပါက
ယခု ချက်ခြင်းထပြီး ရေတွက်ပြလို့ရကြောင်း၊ ဤသို့ရေတွက်ပြနိုင်သူများအား ဤကင်မရာကို
ချက်ချင်းပေးလိုက်မည်ဖြစ်ကြောင်း၊ ကိုယ်ကိုးကွယ်သည့်
ဘာသာ၊ ဘာလဲဆိုတာ ကျကျနနသိအောင် လေ့လာကြစေလိုကြောင်း။
ရွာမှလူများမှာ
ဟေးလားဝါးလားနှင့် အချိန်များဖြုန်းတီးနေကြကြောင်း၊ အချိန်ဆိုသည်မှာ ဘာမှမလုပ်လည်း
ကုန်သွားမည်သာ ဖြစ်ကြောင်း၊ အမြဲလေ့လာကြိုးစားနေသူနှင့် ဘာမှမလုပ်သူ အလွန်ကွာကြောင်း။
ထို့ကြောင့် အချိန်ကို တန်ဖိုးရှိစွာအသုံးချကြရန်၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
စေတနာထားကာ အားကြိုးမာန်တက် လုပ်ကြပါရန် - - -
ကျွန်တော်ပြောတာ
တစ်နာရီကျော်ကျော် ကြာပါသည်။ သူတို့တော့ ဘယ်လောက်နားလည်သည်မသိ။ တစ်ခါတစ်ခါ တစ်ထောင့်
မှ ကလေးငိုသံ ဗြဲကနဲထွက်လာကာ ဟဲ့ကောင်လေး၊ တိတ်တိတ်နေစမ်း၊
ဟိုမှာ နင့်အဖေပြောလို့မပြီးသေးဘူး ဟု ငေါက်သံလည်း ကြားရပါသေး၏။ ကျွန်တော်လေရှည်နေသည်ကို
စိတ်တိုနေသူ သားသည်အမေမှာ ထပြန်လို့ကလည်း မရသဖြင့် သူ့ဒေါသများကို သားဖြစ်သူထံ စုချလိုက်ခြင်း
ဖြစ်ပါသည်။ ကျွန်တော့်မှာ အလိုလိုနေရင်း ခေါင်းကြိမ်းရပါသေး၏။
ကျွန်တော်ပြောတာ
သူတို့မည်မျှ နားဖာပေါက်သနည်းဆိုလျှင် ယခု ၂၀၁၂ ထိတိုင် ရွာမှာ တိုးတက်မလာသည့်ပြင်
ပိုပို ဆိုးလာတာသာ မျက်မြင်ကိုယ်တွေ့ တွေ့ရပါလေ၏။
(၈၁) စင်ကာပူတစ်ခေါက် ရောက်ရပြန်ခြင်း
အိမ်တွင်
အေးအေးဆေးဆေးနေသည် ဆိုသော်ငြား စင်ကာပူအလုပ်သတင်းလည်း နားထောင်ရသေးသည်။ သူတို့ဘက်မှ
မဆက်သွယ်တော့ ကိုယ်ဘဲ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ လှမ်းဆက်ရသည်။ ဟိုက်ရှားဘား၊ ကြိုက်တဲ့အချိန်
လာလို့ရသည် ဆိုပါလား။ ရုံးမှ ကုလားမကြီးက ပြန်ပြောသည်။ သည်တော့ ကျွန်တော်လည်း အချိန်မဆွဲတော့ဘဲ
ရောက်တာလည်း ၂ လ ပြည့်တော့မည်မို့ စင်ကာပူ ပြန်ထွက်ရန် ပြင်ဆင်ရပြန်သည်။ မမတို့ကတော့
ထုံးစံအတိုင်း ငါးပိကြော်ကြော်ခြင်း၊ ငါးခြောက်၊ ၀က်သားခြောက်များလုပ်ခြင်း၊ လဖက်ပဲခြမ်းများဝယ်ခြင်း
စသည်တို့နှင့် အလွန်အလုပ်ရှုပ် နေပါတော့သတည်း။ သူတို့လုပ်ကိုင်နေတာကြည့်ရင်း ကျွန်တော့်မှာ
သက်ပြင်းမောကြီးကို ၀ှူးကနဲမှုတ်ထုတ်လျှက် အင်း၊ အိမ်ပြန်လာလိုက်။ သူများတိုင်းပြည်သွား
အလုပ်လုပ်လိုက်။ ဒီသံသရာက ဘယ်တော့များမှ လွတ်မှာပါလိမ့်ဟု မသက်မသာ တွေးနေမိပါသည်။
ကျွန်တော်ဗေဒင်ပညာ
လေ့လာလိုက်စားစဉ်က ၁၂ တန့်ဘာဝတွင် ရပ်တည်သော တနင်္လာဂြိုဟ်သည် ဇာတာရှင်အား နိုင်ငံရပ်ခြား
သို့မဟုတ် မိမိမွေးရပ်မြေနှင့် ဝေးရာအရပ်သို့ ပို့ပေးလိမ့်မည် ဟု မှတ်သားရပါသည်။ သို့သော်လည်း
ကျွန်တော့်မှာ မိမိဘယ်နေ့မွေးသည်ကို အတိအကျမသိရကား ကိုယ့်ဇာတာကိုယ် မဖွဲ့နိုင်သည့်ဘဝ
ဖြစ်ရချေသည်။ သို့သော် ကျွန်တော့်ဇာတာတွင် တနင်္လာဂြိုဟ်သည် ၁၂ တန့် ရပ်မည်မှာ သေချာလှပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော့်မှာ လူမှန်းသိတတ်စကတည်းက မွေးရပ်မြေနှင့်လည်းကောင်း၊
မိသားစုနှင့်လည်းကောင်း ကြာရှည်စွာ အတူနေရသည်ဟူ၍ မရှိဘဲ မိသားစုနှင့် ခွဲနေရသည့်အချိန်သာ
များနေသောကြောင့် ဖြစ်ပါသည်။ ယခုပင် စင်ကာပူရောက်တာ ၇ နှစ်ပြည့်တော့မည်။ သည်ခုနစ်နှစ်အတွင်း
မိသားစုဆီပြန်နေရတာ ၇ လ ပင် မပြည့်တတ်သေးပါ။
ခုခေတ်ရောက်မှသာ
အတွေးအခေါ်အယူအဆတွေ ကပြောင်းပြိ ကပြောင်းပြန်ဖြစ်လျှက် နိုင်ငံရပ်ခြားသွားရခြင်းကို
ကံကောင်းသည်ဟု မှတ်ယူကြခြင်း ဖြစ်သည်။ ရှေးခေတ်လူကြီးများကမူ မိသားစုနှင့်ခွဲကာ အဝေး၌နေရခြင်းကို
ကံဆိုးမိုးမှောင်ကျခြင်းဟု ယူဆပါသည်။ သို့မို့ကြောင့်သာ တနင်္လာ (စန်း) ဂြိုလ် - ၁၂ တန့်ရပ်ခြင်းကို
နိုင်ငံခြားခရီးဟု သတ်မှတ်တာ ဖြစ်ပါသည်။ ၁၂ တန့်ဟူသည် ဗျာယဘာဝ ဖြစ်၏။ ဗျာယ ဟူသည် မြန်မာလို
ပူဆွေးသောကရောက်ခြင်း ဟု အဓိပ္ပါယ်ရသည်။ တနင်္လာဂြိုလ်ဟူသည် မိမိကို တစ်နည်းအား ဖြင့်
မိမိ၏ ကံကြမ္မာကို ကိုယ်စားပြုသည်။
ထိုအခါ
မိမိ၏ ကံကြမ္မာဂြိုဟ် ပူဆွေးသောက ရောက်နေရသည် ဆိုကတည်းက ကောင်းနိုင်ပါတော့မည်လော။ နိုင်ငံရပ်ခြားတွင်
ရောက်ရှိနေထိုင် အလုပ်လုပ်နေရသော ကျွန်ုပ်တို့သည်လည်း မိမိ မိသားစုကို အချိန်နှင့်အမျှ
သတိရ တမ်းတနေကြသူချည်းသာ ဖြစ်ပါ သည်။ သို့တိုင် မြန်မာပြည်မှ အဆီအနှစ်များကို စားကာ
ချမ်းသာနေကြသဖြင့် မြန်မာပြည်ကြီးကို ချစ်လှချည်ရဲ့ဟု အော်ဟစ်နေသူများ က မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်နေရသူ
ကျွန်တော်တို့ကို ကျုပ်တို့ကတော့ ခင်ဗျားတို့ကို
ကိုယ့်တိုင်းပြည်မချစ်လို့ သွားကြတဲ့သူတွေလို့ ဒီလိုပဲ မြင်တယ် ဟု ဆိုကြပါသေးသည်။
ကျွန်တော် ပုံပြင်ပြောတာ မဟုတ်ပါခင်ဗျား။ ကျွန်တော်နှင့် အလွန်ရင်းနှီးသည့် ကျိကျိတက်
ချမ်းသာသူ သူဌေးကြီးတစ်ဦးက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်လျှက်ပြောတာ ခံရခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ခံစားနေရသော ဝေဒနာကို ကိုယ်ချင်းမစာ၊ သည်ကဲ့သို့ပြောရက်သူများအား ကျွန်တော်
အလွန် စိတ်ကုန်မိပါသည်။
သည်လိုနှင့်ပင်
ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဟူသောစကားကို နှလုံးမူကာ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင်
စင်ကာပူတစ်ခေါက် ပြန်ရောက်ရပြန်ပါတော့သည်။
စင်ကာပူပြန်ရောက်တော့
ကျွန်တော့်မှာ အခန်းမငှားရသေးသဖြင့် ကိုနွယ်ဝင်းကို အကူအညီတောင်းကာ သူ့ထံကပ်နေရသည်။
သူတို့နေသည်မှာ သူအလုပ်လုပ်သော သင်္ဘောကျင်းထဲတွင်ပင် ဖြစ်၏။ သင်္ဘောကျင်းက သေးသေးလေးဆိုတော့
စည်းမျဉ်းစည်းကမ်းတွေ သိပ်မတင်းကျပ်။ နောက်ပြီးသူတို့က သည်မှာ လုပ်တာကြာပြီဆိုတော့
သူဌေးက သူတို့ကို သင်္ဘောကျင်းတစ်ခုလုံး ယုံကြည်စွာ လွှဲအပ်ထား တာဖြစ်သည်။ သည့်အတွက် သူ့ဆီ
ကျွန်တော်ခေတ္တလာရောက် တည်းခိုနေထိုင်ရေးမှာ ဘာမှ ပြဿနာမရှိ။
ပြဿနာရှိသည်က
ယခင်လုပ်ခဲ့သော ကုမ္ပဏီတွင် နေသည့်အိမ်၌ ပစ္စည်းများထားခဲ့မိတာ ဖြစ်သည်။ ထိုအိမ်သို့
ကျွန်တော်သွား တော့ ဘေးနားအိမ်က ကုလားလေးက လာပြောသည်။ ဟေး၊ မင်းပြန်လာပြီလား။ မင်းနဲ့အတူနေတဲ့
တရုတ်တော့ မရှိတော့ဘူး။ အိမ်ရှင်က နှင်ချလိုက်ပြီ။ ငါလည်းသူတို့ ဘယ်ပြောင်းသွားသလဲဆိုတာ
မသိဘူး။ မင်းသူ့ဆီသာ ဖုံးဆက်ပေတော့ ဟု ဆို၏။
ကျွန်တော့်တွင်ချမ်းသာသမျှ
ပစ္စည်းအားလုံးကို သည်တွင်ထားခဲ့သည်ဖြစ်ရာ ကျွန်တော့်မှာ ခေါင်းနားပန်းများ ကြီးသွားရပါလေ၏။
သို့နှင့် ကျွန်တော်လည်း ကျွန်တော်နှင့်အတူနေခဲ့သူ အ,ဟို ထံဖုံးဆက်ရသည်။ တော်ပါသေး၏။
ဖုံးက လွယ်လွယ်ကူကူခေါ်လို့ရသည်။ အ,ဟိုနှင့် ဖုံးအဆက်အသွယ်ရတော့ သူက ဆဲသည်။ ကာနီနာ၊
မင်းပြန်ခါနီး ဖုံးတွေ မဟားတရား ဆက်သွားတယ်မဟုတ်လား။ ငါ ဖုံးဘိုးတွေ အများကြီးပေးလိုက်ရတယ်။
ပြန်လျော်ပေး ဟု ဆို၏။ ထိုအခါမှ ကျွန်ုပ်မှာ ၀မ်းသာအားရနှင့် မပူပါနဲ့ကွာ၊ ငါဖုံးရုံး
သွားမေးပြီးပါပြီ။ ငါမင်းကို ဖုံး ဘီလ်ပြပြီး ငါဆက်ထားသမျှ အကုန်ပြန်ပေးပါ့မယ်။ မင်းသာ
င့ါပစ္စည်းတွေ ဘယ်မှာထားတယ်ဆိုတာ ပြောပါ ဟု အပေးအယူ လုပ်ရသည်။ သူက ဖုံးနံပါတ်တစ်ခုပေးကာ
မင်းအဲဒီမှာ သွားယူချေ ဟု ဆိုသည်။
သူပေးသောဖုံးနံပါတ်သို့ဆက်ရာ
သူတို့က လိပ်စာပေးပြီး ဒီမှာလာယူဟု ဆို၏။ ထိုသူတို့မှာ စင်ကာပူမှ အိမ်ထောင်စုများ တစ်အိမ်မှ
တစ်အိမ်ပြောင်းရာတွင် ပစ္စည်းရွှေ့ပြောင်းပေးသူ Home Mover များ ဖြစ်၏။ အ,ဟိုမှာ ဟိုအိမ်က
နှင်ထုတ်လိုက်တော့ သူ့သူငယ်ချင်းအိမ် သွားနေသည်။ သို့သော် အတန်များပြားလှသော ကျွန်တော့်ပစ္စည်းများ
ယူသွားလို့မဖြစ်။ ထို့ကြောင့် home mover များ ခေါ်ကာ သူတို့ထံအပ်ထားခြင်း ဖြစ်သည်။
ကျွန်တော်လည်း
လိပ်စာအတိုင်းသွားယူတော့ ကျွန်တော့်ပစ္စည်းများမှာ မဏ္ဍပ်ထဲတွင် ဟိုတချို့၊ သည်တစ်ဝက်
အပြန့်သား တွေ့ရပါလေ၏။ အားလုံးစုံပါသည်။ သို့သော် ပရင်တာမတွေ့။ အ,ဟိုကို ဖုံးဆက်တော့
သူက ပရင်တာကို သူယူထားသည်။ သူ့ဆီလာယူပါ ဆို၏။ ကျွန်တော်လည်း သူ့ထံ ဖုံးဘိုးများပေးရင်း၊
ပရင်တာလည်း ယူရင်း သွားပါသည်။ အားလုံးချောချောမောမောပင် ဖြစ်၏။ ကျွန်တော့် ပစ္စည်းအားလုံးကို
ခေတ္တတည်းခိုနေရာ ကိုနွယ်ဝင်းထံ သယ်လာခဲ့သည်။ အလွန်ထူထဲလေးလံလှသော မွေ့ရာ၊ ခေါင်းအုံးနှင့်
စောင်များကို တော့ မင်းတို့ဘဲယူလိုက်တော့ဟု ထားပစ်ခဲ့သည်။
ကိုနွယ်ဝင်းတို့က
ကွန်တိန်နာနှင့်နေတာ ဖြစ်သည်။ အလွန်လွတ်လပ်လှ၏။ သူတို့တစ်သိုက်မှာ ဟင်းချက်ကောင်းသူများ
ဖြစ်ရကား ကျွန်တော့်မှာ အလကားလည်းနေရသေး။ ထမင်းကိုလည်း ဟင်းကောင်းကောင်းနှင့် စားရသေး
ဖြစ်ရာ ကိုနွယ်ဝင်းနှင့် အပေါင်းအပါ သူငယ်ချင်းတစ်သိုက်ကို အလွန်ကျေးဇူးတင်ရပါသည်။
အေးဂျင့်နှင့်အိမ်ရှာရာ
တစ်ပတ်၊ ဆယ်ရက်ခန့်ကြာသော် အိမ်ငှားလို့ရပါသည်။ အိမ်ငှားရတာလည်း တစ်ဒုက္ခဖြစ်၏။ ပထမ
လိုက်ကြည့်သော အိမ်များမှာ ကုလားအိမ်၊ မလေးအိမ် စသည်တို့ဖြစ်သည်။ သူရို့အိမ်ခန်းများမှာ
အတန် ညစ်ပတ် မှောင်မဲလှသည်ဖြစ်ရာ ကျွန်တော်မကြိုက်။ သန့်သော တရုတ်အိမ်တွေ့တော့လည်း
မင်းက မလေးလား၊ ဆိတ်သားစားသလား။ ထမင်းချက်စားတတ်သလား။ အလုပ်ကို ဘယ်အချိန်သွားသလဲ။ အိမ်ကို
ဘယ်အချိန် ပြန်လာသလဲ။ စနေတနင်္ဂနွေပိတ်ရက်တွေ အိမ်မှာဘဲ အမြဲနေသလား၊ အပြင်ထွက်တတ်သလား၊
ည အိမ်ပြန်ချိန် နောက်ကျတတ်သလား စသဖြင့် မေးခွန်းပေါင်းစုံ မေးလေရာ ကျွန်ုပ်မှာ သည်းမခံနိုင်။
ဝမ်းနည်းပါ၏၊ ဤမျှ ချေးများသောအိမ်တွင် ငါမနေလိုပါ ဟု ပြန်လာခဲ့သည်။ အေးဂျင့်က သူတို့က
ခုမှ လင်မယား ညားခါစကွ။ ဒါကြောင့် သူ့မယားကို စိတ်မချလို့ မေးနေတာ ဟု ဆိုပါသည်။
နောက်တော့
ရှာရွန်ဆိုသူ တရုတ်အေးဂျင့် အဖွားကြီးက မင်း၊ မပူနဲ့ ဒီအိမ်ဟာ မင်းနဲ့ အသင့်တော်ဆုံးဘဲ
ဆိုကာ ဘွန်လေးဘူတာ အနီးရှိ အိမ်တစ်အိမ်သို့ လိုက်ပြသည်။ မြန်မာအိမ်ဖြစ်ပါသည်။ အိမ်ရှာရတာ
စိတ်ကုန်လှပြီဖြစ်သော ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ တစ်ခါတည်း စာချုပ်ခဲ့သည်။ အိမ်ရှင်များမှာ
ဦးသိန်းအောင် နှင့် အန်တီကြူး ဖြစ်သတည်း။ Blk 663D, ၁၆ ထပ်တွင် ဖြစ်၏။ သူတို့က ခုမှ
အိမ်ဝယ်ပြီး ပြောင်းလာခါစ ဖြစ်သည်။ အိမ်ရသည်နှင့် ကျွန်တော်လည်း ကိုနွယ်ဝင်းတို့ကို
ကျေးဇူးစကားဆိုကာ ပြောင်းလာခဲ့ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၈-၆-၂၀၁၂၊ သန်းခေါင်ကျော် ၀၀း၁၉ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
http://shwenyein.blogspot.com