၉။ ၆တလွဲလုပ်သော ကျွန်ုပ်နှင့် ကျွန်ုပ်လုပ်ခဲ့သော ၆တလွဲများ အကြောင်း
ကျွန်ုပ်ဆိုသည်မှာကား တကယ့်သောက်တလွဲ။ လုပ်လိုက်လျင် အလွဲလွဲ အချော်ချော်ချည်း ဖြစ်သတည်း။
စပကနေ ပြန်မည်ဆိုတော့ ရထားလက်မှတ်ကို အွန်လိုင်းမှ ဝယ်၏။ Sa Pa to Hanoi train ticket ရိုက်ပြီး ဟ ဒါလေးက ဈေးသက်သာတယ်ကွဟု လက်မှတ် ၃ စောင်ဝယ်လိုက်၏။
ရထားပေါ်တက်ဘို့ တွဲနှင့်ခုံကို ကြည့်လိုက်တော့ ငင့် - ဘူတာက ဟနွိုင်မဟုတ်ဘဲ Dong Anh ဆိုသည့်ဘူတာ၌ လမ်းဆုံး ထား၏။ ဘယ်လိုဖြစ်တာတုံးကွဟု သားကိုမေးတော့ ဒါ ဟနွိုင်မဟုတ်ဘူး။ ကြားဘူတာ outskirt ဘူတာတစ်ခုခု ဆို၏။ သူပြောသလို Outskirt ဆိုလျင် ဟနွိုင်နှင့် သိပ်မဝေးဟု ထင်မိ။
မနက် ချမ်းချမ်းစီးစီး အိပ်မောကျနေစဉ် တွဲစောင့်က လာနှိုး၏။ ရောက်တော့မယ်၊ ထကြ၊ ထကြ ဆိုသဖြင့် ကျွန်ုပ်တို့ လည်း အထုပ်ကလေးများဆွဲကာ အပေါက်ဝသို့လာခဲ့ကြ၏။
ရထားကြီးက ရှူးရှူး ရှူးရှူးနှင့် ရပ်သွားလို့ ကြည့်လိုက်တော့ အာလာမာ့စ် . . .
ဘူတာမှာ ဘယ်သူမှ မရှိ။ ဘူတာကလည်း မီးလည်းမရှိ၊ ဘာမရှိ။ ဘယ်သူမှလည်း မဆင်း။
ဘူတာထဲ၌ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတွေ့။ ပြောတော့ပြောတာဘဲ။ သူတို့ ဘာတွေပြောမှန်းမသိ။ ကျွန်ုပ်လည်း အနီးအနား ပတ်ကြည့်သော် ဘာဆိုဘာမှ မရှိ။ အိမ်တွေကလည်း အိပ်မောကျဆဲ။ ဘယ်ဆိုင်မှလည်း မဖွင့်သေး။
အဲသဟာနှင့် သားကို ဟနွိုင်းကိုသွားချင်တယ် ပြောကွာဟု ဂူဂယ် ဘာသာပြန်နှင့် ပြောခိုင်းလိုက်တော့ သူတို့က ကွိစိ ကွစနှင့် တစ်ယောက်ကို လှမ်းပြော။ အဲဒီမှာစောင့်နေဟု သူက လက်ဟန်ခြေဟန်နှင့်ပြ၏။
ဆိုပါတော့။
ထိုကားဖြင့်ပင် ဟနွိုင်သို့ပြန်လာ၏။ အတော်လေးလှမ်းပါသည်။ 300k အပိုထွက်သွား၏။ ယခွမ်း
အဲသဟာ ပထမတလွဲ၊
နောက်ထပ်နှစ်ခါ ဆက်တိုက်လွဲပုံကို ပြောပြပါဦးမည်။
၁၀။ Hanoi National Park
တစ်နေရာရောက်လျင် ကျွန်ုပ်တို့ မဖြစ်မနေ သွားကြည့်သည်မှာ National Park နှင့် Botanical Garden များ ဖြစ်၏။ အနို့ ကျွန်ုပ်တို့က အပင်နှင့် အကောင်ပလောင်လေးများကို ချစ်တတ်သည်ကိုး။
သို့နှင့် 28/11/2025 တွင် ဟနွိုင်း အမျိုးသားပန်းခြံသို့ လာခဲ့ကြ၏။ အတော်ဝေး၏။ ၁ နာရီ မိနစ် ၂၀ လောက် မောင်းရ၏။ ကားသမားကလည်း သဘောကောင်းပါသည်။ မင်းတို့ အေးအေးဆေးဆေးသာ လျှောက်လည်ကြ။ ငါ စောင့်နေမယ် ဆို၏။ Grab ငှားခ အသွားတစ်ကြောင်း 500k.
ဝင်ခ လက်မှတ်ဝယ်တော့ အန်ကယ် အသက်ဘယ်လောက်ရှိပြီလဲ၊ လူအိုဆို လျှော့ဈေးနဲ့ပေးမယ် ဆို၏။ ကတောက်စ်၊ ခုမှ ၆၀ ကျော်ရုံလေးရှိသေးတာ၊ နာ့များ လူအိုတဲ့၊ ကတောက်စ်။
အဲသဟာနှင့် ကျွန်ုပ်က IC ထုတ်ပေးလိုက်တော့ ဝင်ကြေးကို ထက်ဝက်ခပဲ ပေးရတော့၏။ (အဟိ၊ အဖိုးကြီးဖစ်ရတာ မိုက်သခွာ)။ ဝင်ကြေးမှာ လူကြီးခ 60k, အဖိုးကြီးခ 30k ဖြစ်၏။
ယခင်ကလည်း ကျွန်ုပ်တို့ National Park များကို သွားခဲ့ဖူးပါ၏။ ဂိတ်ဝမှဝင်လိုက်သည်နှင့် ပန်းခြံထဲရောက်သွားပြီး လျှောက်ကြည့်ရုံ ဖြစ်၏။
သည်မှာလည်း ကျွန်ုပ်တို့ ၃ ယောက် အထုပ်ကလေးများကိုယ်စီလွယ်ကာ ၉၆၉၃ ဖြင့် ဝင်ခဲ့၏။
အဲ့ငယ် . . . ပန်းခြံသာဆိုတယ် လူတစ်ယောက်မှလည်းမရှိ။ ဘာပန်းမှလည်း မရှိ။ ကားလမ်းကြီးသာ ဖောက်ထား၏။ ကျွန်ုပ်တို့လည်း ပန်းခြံရောက်နိုး ရောက်နိုးဖြင့် လျှောက်လာကြ။
အတော်လေး လျှောက်မိတော့မှ သားရေ - ငါတို့ဟာ မဟုတ်တော့ဘူးကွ။
ဒါ park မဟုတ်ဘူး။ National Forest ကြီးဖြစ်မယ်။ မင့်ကောင်ကိုလှမ်းခေါ်ကွာ ဟု ဆိုကာ ကွက်လပ်ကလေး လုပ်ပေးထားသည့် အရိပ်၌ နားကြ၏။ ဘယ်သွားနှပ်နေသည်မသိ။ မောင်မင်းကြီးသားက တော်တော်နှင့် ပေါ်မလာ။ အတော်ကြီးကြာမှ ရောက်လာ၏။ အေဘေး၊ ဒီထဲ ခြေလျင်သွားလို့ မရဘူးဆိုတာ မပြော။ ကျွန်ုပ်တို့ ဝင်သွားတာ ခါးပါးလက်ထောက်နှင့် သည်အတိုင်းကြည့်နေ၏။ သူလည်း တစ်ခေါက်မှ မရောက်ဖူးဘူး ထင်ပါသည်။
ကျွန်ုပ်တို့လည်း ငါတို့ကို ဘယ်လိုက်ပို့ဟု ပြလိုက်တော့ သူက အသာတကြည်ပင် လိုက်ပို့ပါသည်။
ကျွန်ုပ်တို့လည်း ဘုရား/ဘုရားကျောင်းတစ်ခုရှိရာ ပို့ခိုင်းလိုက်၏။
ကားပါကင်တွင် ရှူးတိုးတိုးဟု ပြောနေပုံ လူမျက်နှာနှစ်ခုကို ကျောက်ဖြင့် ထွင်းထုထားသည်မှာ သဘောကျစရာ ကောင်းလှ၏။ ဟေ့ကောင်တွေ၊ တီးတိုးတီးတိုး သဖန်းပိုးမလုပ်ကြနဲ့ဟု သတိပေးနေသယောင်။
ထို့နောက် ကျွန်ုပ်တို့လည်း တောင်ပေါ်ကို တက်ခဲ့ကြ၏။
တောင်မှာ အတော်စောက်၏။
ဝမ်းနည်းစရာကောင်းသည်မှာ လှေကားထစ်များဘေးတွင် လက်တန်း လုပ်ပေးမထားခြင်း ဖြစ်၏။
လှေကားထစ်များမှာ အတန်စောက်သည်ဖြစ်ရာ မတော် ပြုတ်ကျပါက တောင်အောက်သို့ ဒလိမ့်ခေါက်ခွေးကျကာ သေနိုင်သည့် အနေအထား ဖြစ်၏။ Safety point of view က ကြည့်လျင် အတော် အန္တရာယ်များ၏။
တောင်မှာ အတော်မြင့်၏။ မြင့်သမှ မျှော်မှန်းထားသည်ထက် အပုံကြီး ပိုမြင့်၏။
လမ်းခုလတ်တွင် ခိုနားစရာ တဲကလေးများ ထိုးပေးထား၏။ ပလပ်ပေါက်လည်း ရှိသဖြင့် သားက သူ့ဖုန်းကို အားဖြည့် လို၍ ထိုးကြည့်လိုက်ရာ မီးမလာ။ လမ်းမီးတိုင်ကလေးများကိုလည်း ဆိုလာပြားကလေးများဖြင့် လုပ်ပေးထားသည့်တိုင် အလုပ်မလုပ်တော့ပါ။
လမ်း၌ တောင်တက်သူများကို ကျိုးတိုးကျဲတဲ တွေ့ရ၏။
ကျွန်ုပ်လည်း သားကို ဖြည်းဖြည်းတက်၊ သတိနဲ့တက်ဟု တလျှောက်လုံး သတိပေးလာရလေ၏။
နောက်တစ်ခုက ဤဘုရားကျောင်းသည် မည်သည့်ဘုရားကျောင်းဖြစ်သည်။ ဘယ်နှစ်ခုနှစ်က တည်ထားခဲ့သည်။ ဘယ်လောက်ကြာသည် စသဖြင့် ဘာမှတ်တမ်းတစ်ခုမှ မရှိ။ ယုတ်စွအဆုံး ဘုရားကျောင်းနာမည်တောင် ရေးမထား။ အင်တာနက်တွင်တော့ Uncle Ho’s Temple ဟု ဖော်ပြထား၏။ အမြင့် ၁၂၉၆ မီတာ မြင့်သည် ဆိုပါသည်။
ပထမတော့ သည်လောက် တောင်အမြင့်ကြီးပေါ်မှာ ဘယ်ဘုန်းကြီး၊ ဘယ်လိုများ ကျောင်းထိုင်ပါလိမ့် ဟု တွေးမိ၏။ သူတို့အတွက် ဆွမ်း၊ ကွမ်း၊ ရေ စသည်တို့ကို မည်ကဲ့သို့ သယ်တင်ပါမည်နည်း။ ဟုတ်ပါ့။ ဘယ်ဘုန်းကြီးမှ ကျောင်း မထိုင်ပါ။ မျှော်စင်အမြင့်ကြီးပုံစံ ဘုရားကျောင်းကြီး၊ ထိုဘုရားကျောင်း၏ အစောင့်ရုပ်တုများ စသည်တို့ကလွဲ၍ ဘာမှ မရှိပါ။ သည်လောက်မြင့်သည့် တောင်ထိပ်မှာ သည်လောက်ကြီးမားသည့် ကျောင်းကြီးဆောက်ဘို့ အချိန်အား၊ လူအား၊ ငွေအား အတော့်ကို စိုက်ထုတ်ရပါလိမ့်မည်။
ကျောင်းဘေးနားတွင် တဲကလေးတစ်လုံးဘေး၌ လူတချို့တွေ့၏။ ကျောင်းကို ပြုပြင်ထိန်းသိမ်းသူများ ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်တို့လည်း ကျောင်းကိုလှည့်ပတ်ကြည့်၊ ဓာတ်ပုံရိုက်၊ ခဏနားပြီး ပြန်ဆင်းလာကြ၏။
အဆင်းသည် အတက်ထက်ပိုပြီး အန္တရာယ်များသဖြင့် သားကို မကြာခဏ သတိပေးလျက် သတိဝီရိယ အပြည့်ထားကာ ခပ်ဖြည်းဖြည်း ဆင်းခဲ့ကြ၏။
တောင်အောက်ရောက်သော် နေ့လယ်စာစားချိန် ရောက်ပြီဖြစ်သဖြင့် အနား၌ရှိသော စားသောက်ဆိုင်၌ နေ့လယ်စာ စားကြ၏။ ဆိုင်မှာ လူရှင်းလှ၏။ ရှင်းဆို ကျွန်ုပ်တို့ ၃ ယောက်ပဲရှိသည်။
အစားအသောက်စာရင်းစာအုပ် လာချပေးသော် စွပ်ပြုတ် ၃ ပွဲမှာလိုက်၏။ ကောင်တာပေါ်တွင် ကောက်ညှင်း ကျည်တောက်များ တင်ထားသဖြင့် ၃ တောင့်ဝယ်ပြီး စားကြ၏။ ဗိုက်ကလည်း ဆာနေသဖြင့် ကောင်းလှ၏။ သူတို့လည်း မြန်မာတွေလို နှမ်းထောင်းပေး၏။ သို့သော် နှမ်းထောင်းတော့ ဟုတ်မည်မထင်ပါ။ အစေ့တစ်ခုခုကို ထောင်းကာ ဆားနှင့် ရောနယ်ထားတာ ဖြစ်၏။
ခေါက်ဆွဲစွပ်ပြုတ်မှာလည်း မဆိုးပါ။ အသီးအရွက် အသားများကို သစ်သားပြားပေါ်၌ အစိမ်းလိုက်ချပေးပြီး ဟင်းရည် ထည့်ထားသည့် ခွက်ကို သီးသန့်ပေး၏။ ကျွန်ုပ်တို့လည်း သစ်သားပြားပေါ်ရှိသမျှအရာအားလုံးကို စွပ်ပြုတ်ပန်းကန်ထဲ ထည့်လိုက်၏။
စွပ်ပြုတ်ပန်းကန်မှာ ကျောက်ကို ထွင်းထားတာဖြစ်၏။ ကျောက်ပန်းကန်ဆိုတော့ ဟင်းရည်တွေ အလွယ်တကူ အေးမသွားတော့ဘူးပေါ့ ဟု သားကပြော၏။
တောင်ပေါ်ကဆိုင်ဆိုတော့ ဈေးကြီးမှာပဲ ဟု တွက်ထားသည့်တိုင် ကျွန်ုပ်တို့အတွက်တော့ ဈေးကြီးသည်ဟု မဆိုနိုင်ပါ။
စားသောက်၊ ခနနားပြီး အနီးရှိ နောက်တောင်တစ်ခုပေါ်သို့ ဆက်တက်ကြ၏။
တောင်ပေါ်အတက် ဂိတ်ဝတွင် တိုင်ကြီးသုံးခုနှင့် ဂိတ်ပေါက်ရှိရာ သားက အဲဒီအထဲက မသွားနဲ့။ အဲဒါ နတ်ဒေဝတာ တွေမှ ဝင်ရတာ ဆိုသည်နှင့် ကျွန်ုပ်တို့လည်း ဂိတ်ပေါက်ဘေးကနေ တက်ရလေ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
နောက် တောင်ပေါ် ဆက်တက်ခဲ့ကြ၏။
ဤတောင်မှာ ပထမတောင်လောက် မစောက်ပါ။ ပိုလည်း နိမ့်ပါသည်။ လှေကားထစ်တွေမှာ လက်တန်းထည့်မထားတာ တော့ အတူတူပင်ဖြစ်၏။ လမ်းခုလတ်တွင် ဘုရားကျောင်းဆောင်ကဲ့သို့ အဆောင်တစ်ခုနှင့် ရုပ်တုများတွေ့၍ ဘုရားမှတ်လို့ရှိခိုးကြ။ နောက် တင်မြှောက်ပသထားသည့် အစားအသောက်များကို သေသေချာချာကြည့်လိုက်တော့မှ ယခွမ်း . . .
အရက်အကောင်းစားတွေ ခင်ဗျာ။ အရက်တွေ ဘီယာတွေ မနည်းမနောပါကလား။ အရက် အကောင်းစားတွေမှန်း ကျွန်ုပ် မသိပါ။ အမျိုးသမီးပြောပြတာ ဖြစ်ပါသည်။ ဆိုတော့ ဘုရားကိုတော့ ဘယ်နည်းနှင့်မှ အရက်မကပ်နိုင်။ အဲသဟာ နတ်တွေဖြစ်မည်ဟု သိရတော့၏။ နတ်မြင်းဖြူနှစ်ကောင်ကိုလည်း ဘေးတစ်ဘက်တစ်ချက်တွင် တွေ့ရ၏။ ထုပ်တန်းပေါ်၌ မြွေရုပ်ကြီးမှာ တွန့်လိမ်လျက်ရှိ၏။
တောင်ထိပ်ရောက်တော့ သီချင်းသံများ ဆူညံပွက်လောရိုက်နေတာတွေ့လို့ သွားကြည့်လိုက်တော့ နတ်ကနေတာ ဖြစ်၏။
နတ်ဝင်သည်မှာ အသက် ၃၀ ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အဝတ်နက်များ ဝတ်ဆင်ထား၏။ ခေါင်းမြီးလည်း ခြုံထား၏။ ဟိုယိမ်းသည်ယိမ်းနှင့် ကပြီးသော် အပေါ်က အဝတ်နက်များအားလုံးကို ခွာချလိုက်ပြီး အပြာရောင်၊ အဝါရောင် စသဖြင့် အဝတ်များတလွှာပြီးတလွှာ လဲလေ၏။ ကျွန်ုပ်လည်း အကုန်များ ချွတ်ချလိုက်တော့မလား မျှော်လင့်ချက်နှင့် စောင့်၏။ ကတောက်စ်၊ အကုန်ချွတ်ခန်းမရောက်မီ ပြန်ဆင်းခဲ့ရလေသော ဟူ၏။ ဗီဒီယိုအတိုလေးလည်း ရိုက်ခဲ့၏။
ဟိုဘက်က ဘုရားတောင်မှာတော့ လူအနည်းအကျဉ်းသာရှိပြီး သည်ဘက်နတ်တောင်မှာ အတန် လူစည်သည်ကို တွေ့ရ၏။ အနို့ ဘုရားက ဘာမှ မ မနိုင်။ နတ်ကမှ မ မှာကိုး။
အချိန်နည်းနည်း စောသေးသည်နှင့် သားရေ၊ နောက် ဘယ်နေရာရှိသေးတုံး။ စစ်ပေးစမ်းပါအုံးကွ ဆိုသော် သူက old church ဆီသွားမည်ဆိုသည်နှင့် ဆက်ထွက်ခဲ့၏။
ပြင်သစ်တွေလက်ထက်တုံးက ဆောက်ခဲ့သည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဖြစ်ပါလိမ့်မည်။ ကျောင်းမှာ အမိုးမရှိ တော့။ နံရံများမှာလည်း အတန်ပျက်စီးနေပြီ ဖြစ်၏။ အထဲ၌ သစ်ကိုင်းခြောက်များ အမှိုက်များနှင့် ရှုပ်ပွနေ၏။ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်သူများကို တွေ့ရ၏။ သုတေသန လုပ်နေသူ များ၊ သို့မဟုတ် ရုပ်ရှင်/ဗီဒီယိုသမားများ ဖြစ်ချင်ဖြစ်ပါမည်။
သူ့ဘုရားရှိခိုးကျောင်းအဟောင်းကမှ တကယ့်အဟောင်း။ ဘာတစ်ခုမှ ပြုပြင်မထား။ သဘာဝအပျက်အစီးအတိုင်း ထားတာဖြစ်၏။
သားက သည်နေရာနှင့် မကျေနပ်နိုင်။ တောင်ပေါ်တက်သွားသည့် ခြေလမ်းတစ်ခုတွေ့သည်နှင့် ဆက်လျှောက်သွား သဖြင့် ကျွန်ုပ်လည်း စောင်းငန်းစောင်းငန်းနှင့် သူ့နောက်က လိုက်သွားရလေ၏။ တောထဲ အတော်ဝင်မိလေသော် အတော့်ကို ပြိုပျက်နေပြီဖြစ်သော အဆောက်အဦဟောင်းများကို တောခြုံများအကြား တွေ့ရ၏။ လူသူလေးပါးတို့ သိပ် လာဟန်လက္ခဏာလည်း မရှိ။ ကျွန်ုပ်တို့လည်း အဆောက်အဦများထဲ သရဲမကြောက် တစ္ဆေမကြောက် ဝင်ကြ၏။ အထဲ၌ အကျိုးအပဲ့ အပျက်အစီးများနှင့် ပြည့်နှက်လျက် ရှိ၏။
အဆောက်အဦအပြင်ဘက်တွင် အုတ်ကျွတ်မိုးဖြစ်ဟန်တူသော အပိုင်းအစများ တွေ့ရသဖြင့် ဗုံးကျဲ၍ ပျက်စီးခဲ့သည်ဟု ယူဆနိုင်ပါသည်။ လူများလာရောက်လေ့လာသည့် ခြေရာလက်ရာနှင့်တူတာဆိုလို့ တစ်ခုကမှ မတွေ့ခဲ့ရသဖြင့် အပျက်ကို အပျက်အတိုင်း ပစ်ထားဟန် တူပါသည်။ အင်တာနက်၌ရှာရာ Ruins of Political Prison ဟု တွေ့ရ၏။ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများကို ထားခဲ့ရာ ထောင်များ ဟု ယူဆရပါသည်။ အဆောက်အဦ ခပ်သေးသေး ဆယ်လုံးခန့်ရှိပါမည်။
ထို့နောက် ၄ နာရီခွဲကျော်နေပြီမို့ ပြန်ဆင်းခဲ့ကြ၏။ အတန်လည်း အေးနေပါပြီ။ သွားမယ်ဆို သွားစရာနေရာတွေ အတော်များများ ကျန်ပါသေး၏။
ကျုပ်မှာသာ တစ်ပြားက နှစ်ပြားမှတ်လို့ခွာနေတာ။ သူကတော့ သူဌေးသားစတိုင်ခညာ။
ဖေရီး၊ သားတို့သွားချင်တဲ့ဆီ သူက မငြီးမငြူလိုက်ပို့တာ။ နောက်ပြီးတော့ တစ်နေကုန်လည်း သွားထားတာဆိုတော့ သူ့ကို 1.5 million ပေးလိုက်မယ် ဆို၏။ ဟိုက်ရော
ဟယောင်၊ 1.5 mil တော့ မလုပ်နဲ့ကွာ။ သူ့မေးကြည့်ပြီးတော့မှ သား ဘောက်ဆူးပေးလိုက်ပေါ့ ဆိုတော့ သူ သဘောတူ၏။ မေးကြည့်တော့ ကားသမားက 1 mil ဆို၏။ သားက 200k ဘောက်ဆူးပေးလိုက်၏။ ယခွမ်း
ထို့နောက် သားက ဖေရီး၊ ဒီမှာ Good second hand အထည်တွေ အရမ်းဈေးပေါတယ်၊ ဝယ်သွားဆိုကာ ကျွန်ုပ်ကို ဂျင်းဘောင်းဘီဝယ်ဘို့ အတင်းတိုက်တွန်းသဖြင့် သွားတာပေါ့ကွာဟု ဘေထုပ်တန်းကို လာခဲ့ကြ၏။ သို့သော် အတော် နေနဲနေပြီဖြစ်၍ ဆိုင် အတော်များများမှာ ပိတ်ကုန်ပြီ။ သူက လက်မလျှော့။ ဆက်ရှာသဖြင့် ဆိုင် ၄ - ၅ ဆိုင်လောက် တွေ့၏။ သို့တိုင် အမျိုးသမီး အထည်များသာ များပါသည်။ နောက်ဆုံးကျ ဆိုင်တစ်ဆိုင်ကို တွေ့၏။
သို့သော် ကျွန်ုပ်နှင့်လိုက်ဖက်မည့် ဂျင်းပင်များကို မတွေ့၊ တွေ့တော့လည်း မတော်၊ သေးတာကျ သေးလွန်းနေပြီး ကြီးတာရွေးပြန်တော့ ချောင်ဂလယ်ကြီးဖြစ်နေပြန်၏။ သူတို့ကတော့ တစ်ထည်ပြီးတစ်ထည် ပေးပါသည်။ သို့သော် အဝတ်လဲခန်းက ကျဉ်း၊ အဝတ်တွေ ချွတ်လိုက် စွပ်လိုက်လုပ်နေရတာ ကျွန်ုပ် အတော် စိတ်ပိန်လာပါသည်။ သို့နှင့် ထားလိုက်ပါတော့ကွာ ဆိုကာ ကျွန်ုပ်လည်း ဆိုင်အပြင်ဘက် ထွက်ကာ မောင်သာရ၏ မနုတ်လောက်တော့ တဆယ်ချေး ကို ဖတ်နေလိုက်၏။ သူတို့သားအမိကတော့ မမောနိုင် မပန်းနိုင် ဆက်ရှာဆဲ။
အတော်ကြီးကြာမှ ဆိုင်ထဲက အထည်တပွေ့တပိုက်ကြီးနှင့် ထွက်လာကြ၏။
ဖေရီး၊ ဒါတွေကိုသာ စင်ကာပူမှာ ဝယ်ရရင် ဘယ်လောက်တောင် ပေးရမှာ။
အေးဘာခွာ၊ အေးဘာစ်ခွာ
ပြီးတော့ ကိုင်း၊ အိတ်စ်ပန်းစစ်ဖု စားကြစို့ ဆိုကာ အနီးရှိ စူပါမားကက်ကြီးထဲ ဝင်ခဲ့ကြ။
သားကတော့ စိတ်ကြိုက်မှာပြီး စိတ်ကြိုက်စား၏။ ပေါ့လျှံလျှံ၊ အီဆိမ့်ဆိမ့်နဲ့ ကျွန်ုပ်ကတော့ မကြိုက်ပါ။
နောက်တော့ window shopping ခဏတဖြုတ်လုပ်ပြီး ပြန်ခဲ့ကြ၏။
အပိုင်း (၇) ဆက်ရန်












No comments:
Post a Comment