Thursday, February 26, 2026

ကျွန်ုပ်တို့ ဗီယက်နမ်၌ ပျော်မြူးခဲ့ကြပုံ အကြောင်း_၃

၃။ ရန်ကုန်မြို့နှင့် သိပ်မကွာလှသော ဟနွိုင်

 ဟနွိုင်သည်လည်း လူထူတာချင်း၊ ပလက်ဖောင်းများပေါ် ဆိုင်ခင်းတာချင်း၊ လဖက်ရည်ဆိုင် ထိုင်ကြတာချင်း၊ လမ်းဘေး ဆိုင်များ ပေါတာချင်း၊ လူကူးမျဉ်းကြားတွင် ကားရပ်မပေးတာချင်း၊ ဒေသခံမဟုတ်သည့်လူများကို ဝိုင်းပြီး ဂျင်းထည့်တာ ချင်း၊ လမ်းဘေးတွင် ဟင်းသီးဟင်းရွက် အသားငါးများ ရောင်းတာချင်း အားလုံး ရန်ကုန်နှင့် အတူတူပင် ဖြစ်၏။

 ဟနွိုင်၌ မော်တော်ဆိုင်ကယ်များ အလွန်များလှ၏။​ ကျွန်ုပ်စိတ်ထင် မန္တလေးထက်ပင် ပိုများလိမ့်ဦးမည် ထင်ပါသည်။ မီးပွိုင့်များ၌ ဆိုင်ကယ်များ၊ ကားများ ရပ်ပေးပါ၏။ သို့သော် ၎င်းတို့မောင်းပုံမှာ အတော် မျက်စိနောက်စရာ ကောင်းလှ၏။ ကားသော၊ မော်တော်ဆိုင်ကယ်သော မောင်းချင်သလို မောင်းကြ၏။ ဆိုင်ကယ်များမှာ ပလက်ဖောင်းများပေါ်လည်း တက်မောင်းကြ၏။ လမ်းကြီးလမ်းငယ်၊ လမ်းအကြိုအကြား၊ လူသွားလမ်း စသဖြင့် ဆိုင်ကယ်တစ်စီးစာ မောင်းလို့ရသော နေရာမှန်သမျှ အကုန် မောင်းကြ၏။ အတည့်လည်းမောင်း၏။ ပြောင်းပြန်လည်း မောင်း၏။ အလျားလိုက်လည်း မောင်း၏။ ကန့်လန့်ဖြတ်၍လည်း မောင်း၏။ ကျွန်ုပ်တို့မှာ ဆိုင်ကယ် ရှောင်နေရတာနှင့် လမ်းတောင် ဘယ်လိုလျှောက်လိုက်ရမှန်း မသိ။ အောင်မယ် သူ့အရပ်နဲ့ သူ့ဇာတ်တော့လည်း ဟုတ်လို့ဗျို့။

 သားက ဖေရီး၊ ဒီမှာ အများပြည်သူသုံး ဘတ်စ်ကားတွေ သိပ်မတွေ့ရဘဲ ဘာကြောင့် ဆိုင်ကယ်တွေ အရမ်းများနေရ တာတုံးဟု မေး၏။ အဲဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လက္ခဏာတွေထဲက တစ်ခုဘဲ သားရဲ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများပြည်သူတွေအတွက် စနစ်ကျပြီး မြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် အရမ်းအားနည်းတယ်။ ဖေရီးတို့ ဘန်ကောက်သွားတုံးကလည်း သား ဘတ်စ်ကားတွေ သိပ်မတွေ့ရဘူးမဟုတ်လား ဟု ရှင်းပြရ၏။

 နောက်ပြီး ဒီဇိုင်းဆန်းဆန်း မောတော်ကားများကိုလည်း တွေ့ခဲ့ရသေး၏။ တံခါးကို သော့ခလောက်နှင့် ခတ်ရသည့် မစ္စတာဘီးန်၏ ကားမျိုး၊ စစ်သားများသုံးသည့် ဂျစ်ကားမျိုး၊ ဟို့အရင် ၁၉၉၀ များဆီက ရန်ကုန်၌ ခေတ်စားခဲ့သည့် SE ကားမျိုးများ စသည့် ခေတ်ဟောင်းကဒီဇိုင်းမျိုး ကားတော်တော်များများကို တွေ့ခဲ့ရ၏။

 ဟနွိုင်သည် အလွန်အင်မတန် ဖုံထူလှသည့်မြို့ ဖြစ်လေရာ ကားများမှာလည်း ဖုန်အထပ်ထပ်နှင့် ညစ်ပတ် စုတ်ပြတ်လျက် ရှိ၏။ တစ်နည်းအားဖြင့်ဆိုရလျင် ရှုပ်ထွေးလှသောမြို့၊ ဘရုတ်သုက္ခနိုင်လှသော လမ်း၊ ဖြစ်ကတတ်ဆန်းမောင်းသော ကားဆိုင်ကယ်များမှာ သူ့ပတ်ဝန်းကျင်နှင့်သူ သဟဇာတလည်း ဖြစ်လှပါပေ၏။

 စင်ကာပူမှာ ကြီးပြင်းလာသည့် သားကတော့ လေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုကာ နှာခေါင်းကာ ဝယ်ဝတ်၏။ သို့တိုင် သူတို့နှာခေါင်းကာများကို မကောင်း၊ N95 မဟုတ်ဆိုကာ သဘောမကျ။ တောမှာမွေးပြီး ချောင်းရေကို လက်ခုပ်နှင့်ခပ်သောက်ခဲ့သော ကျွန်ုပ်ကတော့ မာ့စ်မတပ်ခဲ့ပါ။ သူတို့မြို့သားတချို့လည်း နှာခေါင်းကာ ဝတ်တာ တွေ့ရ၏။ သို့သော်လည်းပေါ့လေ၊ Prevention is better than cure. ဖြစ်သဖြင့် နှာခေါင်းကာတပ်တာ ကောင်းပါသည်။ မိတ်ဆွေတို့ ဟနွိုင်သွားမည်ဆို N95 mask ယူသွားပါ။


 

 

 

 

 

ဟနွိုင်မှ ပလက်ဖောင်းဆိုသည်မှာ (ရန်ကုန်က ပလက်ဖောင်းများကဲ့သို့) လူလမ်းလျှောက်ဖို့ လုပ်ပေးထားတာ မဟုတ်။ ဆိုင်ကယ်များရပ်ဖို့၊ ကားများရပ်ဖို့၊ ဆိုင်များ တည်ခင်းဘို့၊ လဖက်ရည်ဆိုင်မှ စားပွဲများခင်းဘို့ စသည်တို့အတွက် ဖြစ်၏။ နည်းနည်းလောက် လွတ်နေလို့ ပလက်ဖောင်းပေါ်က တက်လျှောက်မည် မစဉ်းစားပါနှင့်။ အသင် ပလက်ဖောင်းပေါ် တက်လျှောက်သည့်တိုင် ရှေ့နားတွင် ဆိုင်ကယ် (သို့) ကားများရပ်ထားသဖြင့် သေချာပေါက် လမ်းပေါ် ဆင်းလျှောက် ရမည် ဖြစ်၏။

 

ကျွန်ုပ် သံဖြူဇရပ်ရောက်တုံးက မော်တော်ဆိုင်ကယ်များ ရောင်းဘို့ တန်းစီထားတာ များလှချည့်ဟု အောက်မေ့မိ၏။ သို့သော် သံဖြူဇရပ်မှ ဆိုင်ကယ်တန်းမှာ ဟနွိုင်းပလက်ဖောင်းများပေါ် ရပ်ထားသည့် ဆိုင်ကယ်များနှင့် စာလိုက်လျင် ဝေလငါးနှင့် ငါးဇင်ရိုင်းလောက် ကွာပါသည်။ ကားများလည်း ပလက်ဖောင်းပေါ်တွင် ရပ်ထားရာ ကျွန်ုပ်က ပလက်ဖောင်း တည်ဆောက်ထားပုံကို စေ့ငုကြည့်မိ၏။

 

၎င်းတို့ ပလက်ဖောင်းခင်းထားသည့် ကျောက်ပြားများမှာ ၁ ပေပတ်လည်၊ အထူ တစ်လက်မ ကျောက်ပြားများ ဖြစ်၏။ နောက်ပြီး ဆိုင်ကယ်နှင့် ကားများ တက်နိုင်စေရန် ပလက်ဖောင်းနှုတ်ခမ်း (kerb) အတုံးကို စောင်းချိုးပေးထား၏။ ပလက်ဖောင်းကကျဉ်း၍ ကားအပြည့်မရပ်နိုင်လျင်သော်မှ ပလက်ဖောင်းတစ်ခြမ်း၊ လမ်းတစ်ခြမ်း စောင်းရပ်ကြသေး၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

 

လမ်းများတွင် လူကူးဘို့ရာ မျဉ်းကြားများ လုပ်ပေးထား၏။ သို့သော် နင့်ဘာသာနင် ကျားချင်ကျား၊ ခြင်္သေ့ချင် ခြင်္သေ့။ သူတို့ကတော့ ရပ်မပေးပါ။ သို့သော်လည်း တခြားနိုင်ငံခြားသားတွေအတွက်သာ အဆန်းတကြယ် ဖြစ်ချင် ဖြစ်နေမည်။ ရန်ကုန်နှင့် အသားကျနေသည့် ကျွန်ုပ်တို့အဖို့မူကား ဘာပြဿနာမှ မရှိ၊ အဟိ။ (မြန်မာပြည်သား ဖြစ်ရခြင်းကား ဤနေရာ၌ ကံကောင်းလေစွ ဒဂါး)

 ဗီယက်နမ် ကားသမားများသည်လည်း ရန်ကုန်က ကားသမားတွေလို ဟွန်းကို အသားကုန် တီးကြလေကုန်သတည်း။ နောက်ပြီး ဟနွိုင်ဆိုသည်မှာ ကွန်မြူနစ်နိုင်ငံဖြစ်သမို့ ယာဉ်မောင်းသည့်စနစ်မှာ ကျွန်ုပ်တို့ ဗမှားပြည်မှာလို လက်ယာကပ်မောင်းစနစ် ဖြစ်၏။ ကျွန်ုပ်တို့ တိုင်စီစီးတော့ ကားမောင်းသမားက ဘယ်ဘက်မှာထိုင်နေသည့်အတွက် စင်ကာပူက ကားတွေလိုမှတ်ပြီး ကားတံခါးဖွင့်လိုက်တိုင်း ဒွတ်ခများလေ၏။ ၃ - ၄ ရက်လောက်ကြာမှ အသားကျသွား၏။

 ကွန်မြူနစ်ဆိုလို့ ရောက်စတွင် လမ်းများပေါ် လျှောက်သွားရင်း သားက တစ်ခု သတိပြုမိ၏။ လမ်းများပေါ်တွင် လမ်းတိုင်းလိုလို ကြိုးတန်းများ၌ အလံသေးသေးကလေးများ ချိတ်ဆွဲလျက် လမ်းကို ကန့်လန့်ဖြတ် သွယ်တန်းထား၏။ အနီရောင်အောက်ခံ၌ ကြယ်တစ်လုံးပါသည့် အလံနှင့် တူ၊ တံစဉ် အလံလေးများကို တစ်ခုခြား ချိတ်ဆွဲထားရာ သားက ဖေရီး၊ ဗီယက်နမ်က အခုထိ ကွန်မြူနစ်နိုင်ငံလားဟု မေးလေ၏။ ကျွန်ုပ်လည်း တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ်၊ ဗီယက်နမ် - အမေရိကန်စစ်ပွဲများအကြောင်း မှတ်မိသမျှ ရှင်းပြရလေ၏။

 ဟနွိုင်းမှ ပန်းခြံတစ်ခုအတွင်း၌ လီနင်၏ ရုပ်တုကြီးတစ်ခုကိုလည်း မြင်တွေ့ခဲ့၏။ ဤရုပ်တုကြီးရှေ့တွင် သိပ်မကြီးလှ သော ရင်ပြင်တစ်ခု လုပ်ပေးထားရာ လူငယ်များ စကိတ်စီးနေသဖြင့် မနည်းရှောင်ခဲ့ရသေး၏။

 ကျွန်ုပ်နှင့်သားမှာ စိတ်ဝင်စားတာချင်း၊ သဘာဝချင်း တူ၏။ ကျွန်ုပ်တို့က သူတို့လူနေမှုစနစ်ကို လေ့လာချင်သည့်အတွက် လမ်းအကြိုအကြားများကို လျှောက်သွားကြည့်ကြ၏။

တစ်နေရာတွင်မူ လမ်းဘေးတွင် ဈေးဗန်းများချပြီး အသီးအရွက်၊ အသားငါးများ ရောင်းနေသည်ကို တွေ့ရတော့ လှည်းတန်းဈေးကိုတောင် အတော်လေး လွမ်းမိသွားပါသည်။ တကယ့် လှည်းတန်းဈေးအတိုင်းပင် ဖြစ်ပါ၏။ ကြက်သွန် ဖြူနီစသည့် ကုန်ခြောက်များ၊ ကန်စွန်းရွက်၊ မုန်လာဥစသည့်အသီးအရွက်များ၊ လိမ္မော်သီး၊ ပန်းသီးများကို လမ်းပေါ်၌ ဗန်းများနှင့် တည်ခင်း ရောင်းချနေကြ၏။ သစ်သားနှင့်လုပ်ထားသည့် ခနော်ခနဲ့ သစ်သားစင်ကလေးများပေါ်တွင် ကြက်သား၊ ဝက်သား အမဲသားများကို ခုတ်ထစ် ရောင်းချနေကြ၏။

 

 

 

 

 

 

 

 

 

 

ဟဲဟဲ၊ ရန်ကုန်နှင့် တူလိုက်သမှ ဓာတ်တိုင်ပေါ်တွင် ဓာတ်ကြိုးများ ရှုပ်ပွနေတာလည်း ရန်ကုန်အတိုင်းပင် ဖြစ်ပါ၏။ ဓာတ်ကြိုးများ ဖုန်းကြိုးများ ရှုပ်ရှက်ခတ်နေပါသည်။ တစ်နေရာတွင် မြောင်းကိုဖြတ်ပြီးပိုက်ကို သွယ်တန်းထားရာ ထိုပိုက်ကိုမှီလျက် ဓာတ်ကြိုးများ သွယ်တန်းထားလိုက်သည်မှာလည်း ရန်ကုန်ကပင် လက်မြှောက်ရပါလိမ့်ဦးမည်။ အကယ်၍သာ ကျွန်ုပ်က ဤသာမှာ ဟနွိုင်၌ ရိုက်လာသော ဓာတ်ပုံများ ဖြစ်ပါသည်ဟု ဖွင့်မပြောလျင် အသင်တို့သည် ဤဓာတ်ပုံများမှာ ရန်ကုန်တွင် ရိုက်ထားသည့် ဓာတ်ပုံများဖြစ်သည်ဟု သေချာပေါက်ထင်ကြမည် မုချဖြစ်၏။ 

 

 

 

 

 

 

 အပိုင်း (၄) ဆက်ရန်

 


No comments: