Thursday, February 26, 2026

ကျွန်ုပ်တို့ ဗီယက်နမ်၌ ပျော်မြူးခဲ့ကြပုံ အကြောင်း_၁

အချီး

 

ကျွန်ုပ်တို့၏ ဗီယက်နမ်ခရီးသည်ကား အထစ်ထစ်အငေါ့ငေါ့, သောက်တလွဲပေါင်းများစွာနှင့် ပြီးဆုံးခဲ့ပေပြီ။

ယခင်နှစ်များဆီက ကျွန်ုပ် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားစသည့်နိုင်ငံများသို့ ခရီးများ ထွက်ခဲ့ပါ၏။ ယခုခရီးလောက် သောက်တလွဲဖြစ်တာ တစ်ခါမှ မကြုံခဲ့ရစဖူးပါ။

ဖြစ်သမှ တစ်ခါတည်းမဟုတ်၊ ဆက်တိုက်ဖြစ်တာ ဖြစ်၏။

 

ဤသည်မှာ ကျွန်ုပ်၏ ပေါ့လျော့မှုများကြောင့် ဖြစ်ပါလိမ့်မည်။ အသက်ကြီးလာသောကြောင့် အမေ့မေ့ အလျော့လျော့ ဖြစ်လာတာလား မသိ။ သားကတော့ နောက်ကျရင် သားပဲလုပ်တော့မယ် ဟု ပြော၏။ ဒါလောက် သောက်တလွဲလုပ်သည့် အဖေကို စိတ်မချတော့။

 

ဘာတွေတောင် သောက်တလွဲလုပ်ခဲ့သည်ကို သက်ဆိုင်ရာနေရာများ၌ အသေးစိတ် ပြောပြပါမည်။

ကျွန်ုပ်၏ အမှားများမှ မိတ်ဆွေတို့ သင်ခန်းစာ ယူနိုင်ရန် ဖြစ်ပါ၏။

 

၁။ JinDream

 

ဒီနှစ် ဘယ်သွားကြမတုံးဟေ့ ဟု တိုင်ပင်တော့ ဟိုနိုင်ငံ သည်နိုင်ငံတွေ လျှောက်တွေးကြပြီးသကာလ နောက်ဆုံး ဗီယက်နမ်သွားရန် ရွေးချယ်ခဲ့ကြ၏။

 

ဗီယက်နမ်တွင် ဟိုချီမင်းစီးတီးနှင့် ဟနွိုင်း ဟု သွားစရာ နှစ်နေရာရှိရာ မြို့ပြနေထိုင်မှုစရိုက်များကို ငြီးငွေ့နေပြီဖြစ်သည် ကျွန်ုပ်နှင့်သားက ဟနွိုင်းကိုသွားရန် ရွေးချယ်ကြလေသော ဟူသတတ်။

 

ဟနွိုင်းတွင် ကိုလိုနီခေတ် အငွေ့အသက်များကို ခံစားရနိုင်မည်။ ဗီယက်နမ်လူမျိုးတို့၏ တကယ့် လူနေမှုဘဝကို အပြည့်အဝ လေ့လာနိုင်မည်။ ဟနွိုင်းပတ်ဝန်းကျင်မှာလည်း စိတ်ဝင်စားစရာတွေ အများကြီးရှိ၏။

 

သို့နှင့် ထုံးစံအတိုင်း လေယာဉ်လက်မှတ်များ ရွေးကြ၏။

၂၃ ရက်သွား၊ ၃၀ ရက်နေ့ပြန်။

လေယာဉ်လက်မှတ်ကို ဈေးတော်သော eDream မှ ဝယ်လိုက်၏။

ထို eDream မှာ ဂျင်းDream မှန်း နောက်မှသိရလေ၏။ သည်းခံပါခင်ဗျာ။ နောက်မှ ရှင်းပြပါမည်။

 

လေယာဉ်လက်မှတ် ၃ ယောက်စာ အသွားအပြန် + ဟော်တယ် ၈ ရက်စာ ၃ ယောက်ခန်းကို $1801.02 ဆိုတော့ မဆိုးလှ ဟု ထင်ပါ၏။

 

နောက်တော့ ဟနွိုင်းပတ်ဝန်းကျင်မှ interesting places များလိုက်ရှာ။ ဘယ်နေ့ဘယ်သွားမည် စီစဉ်။

အသုံးစရိတ်အဖြစ် စလုံး ၂၃၀၀ ကို လဲလိုက်ရာ ဗီယက်နမ်ဒေါင် ၄၆ သန်း ရလေရာ ကျွန်ုပ်မှာ နေ့ချင်းညချင်း သန်းကြွယ် သူဌေးကြီးဖြစ်သွားလေသောဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

လေယာဉ်က နေ့လယ် ၂း၅၅ တွင်ထွက်မည် ဆိုတော့ Check in က ၁၂း၅၅ ဖြစ်မည်။ သားက Grab နှင့် သွားချင်၏။ နောက်လည်း ကုန်စရာတွေ အများကြီးရှိပါသေးတယ်ကွာ။ MRT နဲ့လည်း သက်တောင့်သက်သာ သွားလို့ရပါတယ်။ ရထားနဲ့ပဲ သွားကြပါစို့ ဟုတိုက်တွန်းလေရာ သားကလည်း သဘောတူပါသည်။ သို့နှင့် မနက်စာစားသောက်ပြီး ၁၁ နာရီတွင် ခရီးဆောင်သေတ္တာကိုယ်စီဆွဲကာ အိမ်မှထွက်ခဲ့ကြ၏။

 

ဗီယက်နမ်လေကြောင်းလိုင်းက Terminal 4 မှ စီးရ၏။ Check in လုပ်အပြီး မနက်စာစားကြ၏။ နောက် ၃ နာရီလောက် တွင် လေယာဉ်ထွက်၏။

 

   

ငင့် - ဗီယက်နမ်လေကြောင်းလိုင်းက လေယာဉ်မယ်လေးတွေ ယူနီဖောင်းကလည်း စမတ် မကျလိုက်တာ။ ယခွမ်း

သူတို့ဝတ်ထားသည့် ဘောင်းဘီတိုကလေးများမှာ ကျွန်ုပ်တို့ငယ်စဉ်က ဝတ်ခဲ့သော ၂/၈၀ ပုဆိုးဆင်ကို ဘောင်းဘီတို ချုပ်ထားတာဖြစ်၏။ ဘယ်လိုမှ​ကြည့်လို့မကောင်း။

 

လေယာဉ်မှာ အတော်ကြီး၏။ တစ်တန်းကို ၆ ယောက်ပါ အတန်း ၄၀ ရှိ၏။ သူတို့အစားအသောက်စာရင်းကိုကြည့်ပြီး သားက လေဆိပ်ကဟာတွေထက် ပိုဈေးသက်သာတယ် ဟု ဆို၏။

 

ဟနွိုင်က Noi Bai Terminal 2 သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲလောက်တွင် ဆိုက်၏။

ကမ္ဘာ့အရှင်းဆုံး လ.ဝ.ကကို ပြပါဆိုလျင် ဗီယက်နမ် လ.ဝ.ကကို ပြရပါလိမ့်မည်။

ကျွန်ုပ်တို့က ပတ်စ်ပို့လေးကိုင်ကာ ကောင်တာရှေ့ရပ်လိုက်လျင်ပင် ကိုယ်တော်တို့က မော်မျှပင်ကြည့်ဖော်မရ။ စာအုပ်ထဲ တုံးလေး ဂွပ်ကနဲထုကာ ပြန်ထိုးပေးလိုက်လေ၏။ Finish, Wah Lao!!!

 

ဘာဖောင်မှ ဖြည့်စရာမလို၊ ဘယ်အကောက်စ်ခွန်မှ ဖြတ်စရာမလို။ ရှင်းချက်တော့

ကျွန်ုပ်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက် အထူးအဆန်းသဖွယ် ကြည့်မိကြလေသော ဟူ၏။

 

ပထမဆုံးလုပ်ရသည်မှာ SimCard ဝယ်ခြင်းဖြစ်၏။ တစ်ပတ်စာ ၃ ယောက်အတွက် ဝယ်လိုက်၏။ စင်းကတ်လည်း ဝယ်ပြီးရော ကင်ချီဖမ်းမည့်သူများ ဝိုင်းလာလေ၏။

အာကို့ မြို့ထဲသွားမယ်။ USD 35 ပဲ ကျမယ် ဆို၏။

ဖေရီး ခဏနေအုံးဟု သားက Grab ဖွင့်ကာ လမ်းကြောင်းစုံစမ်း၏။ ထို့နောက် ဖေရီး လာ၊ Grab နဲ့သွားမယ်ဆိုကာ ဟို ဝိုင်းအာနေကြသည့်ဟာများကို လက်ခါပြကာ ထွက်ခဲ့၏။ အပြင်ရောက်တော့ Grab တစ်စီးက ဒီမှာ ငါတို့က Grab ဟု ဆို၏။ သာမန်ဈေးနှုန်းကို ၃ သိန်းပေါင်းကာ ၅ သိန်းနှင့် ဈေးတည့်သဖြင့် တက်ထိုင်လိုက်ကြ၏။ (ထို ၃ သိန်းမှာ ဘာဟု သူတို့ပင်ရှင်းပြသော်လည်း ကျွန်ုပ်မူ နားမလည်လိုက်ပါ။ လမ်းခွန်လိုလို ဘာလိုလို ထင်ပါသည်။)

 

တည်းမည့်ဟော်တယ်ရောက်၊ အထုပ်ပိုးတွေနေရာချ။ ရေမိုးချိုးပြီး သိပ်မဝေးလှသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီး သို့ သွားကြည့်ကြ။ ညစာစားကြ၏။ ကျွန်ုပ်တို့သားအဖက street food စားရတာ ဝါသနာပါသဖြင့် လျှောက်ကြည့်ကြရင်း ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ်သောက်ကြ၏။ ကျွန်ုပ်တို့ စားသောက်နေစဉ် အိတ်စ်ကျုစ်မီ ဆိုပြီး ဥရောပတိုက်သား လူငယ်တစ်ဦး ကျွန်ုပ်တို့နှင့် အတူလာထိုင်လေရာ ကျွန်ုပ်တို့က ဘာကိုဘယ်လိုမှာရမည် သူ့ကိုရှင်းပြ၏။ နောက်တော့ သားနှင့်သူနှင့် စကားလက်ဆုံကျနေကြလေတော့၏။

 

ဗီယက်နမ် အစားအသောက်များမှာ မဆိုးလှပါ။ မြန်မာအစားအစာနှင့် အလွန်ဆင်ပါသည်။ လမ်းဘေးမှာ ဆိုင်ခင်းတာချင်းရော၊ ထိုင်ကြ စားကြ၊ ပြောကြဆိုကြ၊ ညစ်ပတ်ကြတာချင်းရော ရန်ကုန်နှင့် အလွန်ဆင်လှ၏။

အစားအသောက် ဈေးများမှာမူ မြန်မာပြည်ထက် များစွာ သက်သာလေသည်။

ဟနွိုင်သည် မြန်မာပြည်မှ တောင်ကြီးနှင့် လတ္တီတွဒ်ချင်း အတူတူလောက် ဖြစ်လေရာ ရာသီဥတုမှာလည်း အလွန် ချမ်းအေးလှပါပေသည်။

 

မြန်မာပြည် အလွမ်းပြေ သွားလိုသူများ ဟနွိုင်ကို သွားကြပါဟု အကြံပြုပါ၏။

 

အပိုင်း (၂) ဆက်ရန် 

 

 

No comments: