Thursday, February 26, 2026

ကျွန်ုပ်တို့ ဗီယက်နမ်၌ ပျော်မြူးခဲ့ကြပုံ အကြောင်း_၇ (နိဂုံးပိုင်း)

၁၁။ ကျွန်ုပ် သောက်တလွဲလုပ်ပုံ - ၂

 

ညကျတော့ တစ်ပတ်စာဝယ်လာခဲ့သည့် mobile data မှာ ၆ ရက်နှင့် ကုန်သွား၏။ ကုန်သည်ဆိုခြင်းမှာ ကျွန်ုပ်တို့ အသုံးများသောကြောင့် ကုန်တာမဟုတ်။ ၇ ရက်စာရောင်းပြီး ၆ ရက်နှင့် ဖြတ်လိုက်တာ ဖြစ်၏။ ကျွန်ုပ်နှင့် သားကသာ ဖုန်းသုံးတာဖြစ်ပြီး သူ့အမေက လုံးဝနီးပါးလောက် သုံးတာမဟုတ်။ သို့အတွက် Data ကုန်ချင်းကုန်လျင် ကျွန်ုပ်တိုး သားအဖကသာ ကုန်ရမည်။ သူ့အမေ data က ကုန်စရာကို အကြောင်းမရှိ။ သို့သော် စစ်ကြည့်လိုက်တော့ ဖုန်း ၃ လုံးစလုံး တစ်ခုမှ မကျန်တော့။ ဪ - ဒုက္ခ၊ ကျွန်ုပ်တို့မှာ mobile data ကိုပါ ဂျင်းထည့်ခံရလေသေး၏။

 

ညဘက် ဟိုတယ်မှာတော့ ကိစ္စမရှိ၊ ဟိုတယ်ဝိုင်ဖိုင်နှင့် သုံးလို့ရသေးသည်။ သို့သော် ဟော်တယ်ကထွက်လျင် ဘယ်ကဲ့သို့ လုပ်ရပါမည်နည်း။

 

တစ်ရက် အချိန်ရသေးသဖြင့် ညကျတော့ Ninh Binh ကို သွားဘို့ စီစဉ်ကြ၏။ ဘတ်စ်ကားလက်မှတ် ဝယ်၏။ ဘတ်စ်ကား စီးရမည့်နေရာမှာ မိနစ် ၂၀ လောက် လမ်းလျှောက်လျင် ရောက်သည်ဟု သားက ဆိုသဖြင့် ကျွန်ုပ်လည်း ဒါဆို မနက်စာ စားပြီးမှ လမ်းလျှောက် သွားကြတာပေါ့ဟု စီစဉ်လေ၏။

 

မနက်စာစားရင်း ကောင်တာမှ မစ္စတာကို ဖုန်းကတ်များ ဘယ်နားရောင်းသလဲ မေးတော့ နေဦး၊ ငါ့သူငယ်ချင်းလည်း ဖုန်းကတ်ရောင်းတယ်၊ မေးကြည့်လိုက်ဦးမယ် ဆို၏။ ဖုန်းဆက်တော့ မကိုင်၊ အိပ်ယာမထသေးဘူးထင်တယ်ကွ ဆို၏။

 

ကျွန်ုပ်တို့လည်း မနက်စာစားပြီး ထွက်ခဲ့ကြ၏။

ကျွန်ုပ်တို့မှာ အင်တာနက်ကို အားကိုးပြီး သွားလာနေကြသည်ဖြစ်ရာ mobile data မရှိတော့ မျက်လုံးကန်းသူကဲ့သို့ ဖြစ်လေ၏။ ဟိုကွေ့သည်ကောက်နှင့် လျှောက်လာကြရာ ခန့်မှန်းထားသည့် အချိန်ထက် များစွာ ကျော်လေတော့၏။ ဖုန်းကလည်း သုံးလို့မရတော့ ဘတ်စ်ကားကိုလည်း ဆက်သွယ်လို့မရ။ ကားစီးရမည့်နေရာသို့ ၁၀ မိနစ်လောက် ကျော်ပြီးမှ ရောက်သွားတော့၏။

 

သို့နှင့် အနားမှဆိုင်တစ်ခုကို ဝင်၊ ကော်ဖီမှာရင်း ဘတ်စ်ကားအကြောင်း မေး၏။ အန်တီကြီးက ယင်းဂလစ်ရှ်လို မပြောတတ်။ ဆိုင်မှာ ဝိုင်ဖိုင်ရသလား သားက မေးတော့ ရတယ်ဆိုသဖြင့် ဝိုင်ဖိုင်နှင့်ချိတ်ကာ ဘတ်စ်ကား လက်မှတ် ရောင်းသည့်ဆီကို ဆက်သွယ်၏။ နင်တို့ကနောက်ကျနေတာကိုး၊ ကားက ထွက်သွားပြီဟု ဆိုလေ၏။

 

ဤသည်မှာ ကျွန်ုပ် အမှားဖြစ်၏။ မိနစ် ၂၀ လောက်လျှောက်ရင် ရောက်တယ်ဆိုတော့ နီးနီးလေးပဲမှတ်လို့ Grab မငှားမိ။ အကယ်၍သာ Grab ငှားပါက သည်လောက် ဒုက္ခများစရာမရှိ။ ဘတ်စ်ကားလက်မှတ်ဖိုး ပြန်တောင်းတော့ နင်တို့ နောက်ကျတာဖြစ်လို့ ပြန်မပေးနိုင်ဘူးဟု ပြောလေ၏။ ကိုယ့်အမှားဖြစ်နေသဖြင့် ကျွန်ုပ်လည်း ဘာမှ မပြောသာ။

 

၁၂။ Quay Thong Tin ဘုရားကျောင်း

 

မသွားဖြစ်တော့လဲ ပိုက်ဆံအပိုမကုန်တော့ဘူးပေါ့ကွာ။ သားရေ၊ ဘယ်နားသွားလို့ရသေးလဲ၊ ကြည့်ပါအုံးကွ ဆိုတော့ သူက Woman Museum အပြင် အနုပညာလက်ရာများစွာရှိသည့် ဘုန်းကြီးကျောင်း (ဘုရားကျောင်း) လည်း သည်နားမှာပင်ရှိသည် ဆိုသဖြင့် ထိုနေရာသို့ ဦးစွာသွားကြ၏။ Quay Thong Tin ဟု ခေါ်၏။ ဘုန်းကြီးကျောင်း ဆိုလို့ သေးသေးကလေး မထင်လိုက်ပါနှင့်။ အတော့်ကို ကျယ်ပါသည်။ ၃ ဧက လောက်တောင် ရှိမလား မပြောတတ်။

 

ဤနေရာတွင် လာရောက်လေ့လာကြသော ကမ္ဘာလှည့်ခရီးသွားများ၊ သူတို့နိုင်ငံသားများ၊ ကျောင်းသား ကျောင်းသူများ အတော်များများ တွေ့ရ၏။ ဗီယက်နမ်ရိုးရာဝတ်စုံများကို လှလှပပ ဝတ်ဆင်လျက် ရောင်ပြန်ပြားများဖြင့် သေသေချာချာ ဓာတ်ပုံရိုက်နေသူများကိုလည်း တွေ့ရာ ပြက္ခဒိန်၊ Wall Sheet အတွက် ရိုက်သူတွေများ ဖြစ်လေမလားဟု တွေးမိပါ၏။

 

ကျောင်းအလယ်ပိုင်းလောက် ရောက်သော် တက္ကသိုလ် (သို့) ကောလိပ်တစ်ခုခုမှာ ကျောင်းသူကျောင်းသား ၃-၄၀ ခန့်ကို ဘွဲ့ဝတ်စုံများနှင့် တွေ့ရ၏။ ဆရာဆရာမဟု ယူဆရသူများကိုလည်း တွေ့ရ၏။ တန်းစီပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြ၊ အုပ်စုလိုက် ဓာတ်ပုံရိုက်ကြနှင့် ပျော်စရာကြီး ဖြစ်ပါ၏။

 

ကျောင်းတွင်း၌ အနုပညာလက်ရာ အတော်များများကို ပြသထား၏။ ကျွန်ုပ်တစ်ဦးတည်း စိမ်ပြေနပြေသာ လေ့လာရမည် ဆိုပါက တစ်နေ့လုံးအချိန်ယူရပါလိမ့်မည်။ ဘာသာရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးများ စသည်တို့ကို ပန်းချီပန်းပု၊ ရှင်းလင်းချက်များနှင့်တကွ ပြသထားရာ စိတ်ဝင်စားစရာ ဖြစ်ပါ၏။

 

ကျောင်းအတွင်း ရေကန်တစ်ခု၌ ကြာပန်းများ တွေ့ရလေရာ ကျွန်ုပ်မှာ ဗုဒ္ဓဘာသာနှင့် ကြာပန်း ဆက်နွယ်နေပုံကို တသီတတန်းကြီး တွေးတောကာ ငေးမောနေမိလေ၏။ (အနောက်ပိုင်းမှ ဘုရားကျောင်းတစ်ခုသို့ သွားခဲ့ရာတွင်လည်း စဉ့်ရေကန် အသေးလေးများထဲတွင် ကြာပန်းများ စိုက်ထားသည်ကို တွေ့ခဲ့ရ၏။)

 

သိပ်မကြီးလှသော အဆောက်အဦများကို အတန်းလိုက် တွေ့ရ၏။ အဆောက်အဦလေးများမှာ သိပ်ပင် မကြီးလှသော် လည်း အဆောက်အဦ ဆောက်လုပ်ရန် သုံးထားသည့် သစ်သားတုံးကြီးများမှာ လာရောက်ကြည့်ရှုသူတို့ အောက်မေးများ ပြုတ်ကျလောက်သည်ထိ အံ့ဩစရာ ကောင်းလှ၏။ အချို့နေရာများတွင် သစ်လုံးလိုက်၊ အချို့နေရာများတွင် ခွဲသား စသဖြင့် စနစ်တကျ သုံးထားသည်ကို တွေ့ရ၏။ သစ်လုံးများပေါ်တွင် ပန်းပုရုပ်များလည်း ထွင်းထုထား၏။ တရုတ်တို့ သည် ပန်းချီပန်းပု အရာတွင် လက်ရာမြောက်လှပါပေသည်။

 

ဘုရားလိုလို၊ နတ်လိုလို အရုပ်ကြီးများကိုလည်း တွေ့ရ၏။ ဘုရားထက် နတ်ဖြစ်ဖို့ ပိုများပါသည်။ ထင်ပေါ် ကျော်ကြားသော ဘုန်းကြီး သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးလည်း ဖြစ်နိုင်ပါ၏။

 

တစ်နေရာတွင် မန္တလေး ကုသိုလ်တော် ဘုရားဝင်းအတွင်းမှ ပိဋကဋ်သုံးပုံ ကျောက်စာချပ်ကြီးများကဲ့သို့ ကျောက်စာများ ရေးထိုးထားသည်ကို အချပ်ရေ တော်တော်များများ တွေ့ရ၏။ ကျောက်စာများကို ကျောက်လိပ်ကြီးများက သယ်ပိုးပေး ထား၏။ မန္တလေးကျောက်စာတိုက်ကဲ့သို့ပင် အမိုးများ လုပ်ပေးထား၏။ အကာမရှိ။

 

ကျောက်စာအရွယ်အစားမှာလည်း ကုသိုလ်တော်ဘုရားမှ ကျောက်စာများ အရွယ်အတိုင်းပင် ရှိ၏။ ကျောက်စာများကို တရုတ်ဘာသာဖြင့် ရေးထိုးထား၏။ ရှေ့ဘက်တွင်သာ စာရှိပြီး နောက်ဘက်တွင် ဘာမှ ရေးထိုးမထား။

 

တံခါးတစ်ခုအနီး၌ လိပ်ကျောပေါ်တွင် ကြိုးကြာငှက်ကြီး ရပ်နားနေပုံကို ကြေးဖြင့် သွန်းလောင်းထားရာ လက်ရာ မြောက်လှပါပေသည်။ ကနုတ်ပန်းများမှာမူ မြန်မာကနုတ်ပန်းများနှင့် ကွဲပြားပါသည်။ မြန်မာကနုတ်ပန်းများ၌ သစ်ပင်၊ ပန်းနွယ်များသာပါ၏။ မည်သည့် အကောင်ပလောင်မှ မပါ။ သို့သော် တရုတ်ကနုတ်ပန်းများကတော့ ပန်းနွယ်များ အကြား၌ ငှက် စသော အကောင်ပလောင်လေးများပါ ထည့်ထား၏။ မြန်မာကနုတ်ထက် တရုတ်ကနုတ်က ပိုရှင်း၏။

 

တစ်နေရာတွင် စည်ကြီးတစ်ခုနှင့် ကြေးစည်ကြီးတစ်ခုကို တွေ့ရှိ၊ မြန်မာလက်ရာများနှင့် အလွန်ဆင်လှ၏။

အုတ်ရိုးမှ ရှေးအုတ်ကြီးများမှာလည်း မြန်မာပြည်က ရှေးအုတ်များကဲ့သို့ပင် အကြီးကြီး ဖြစ်၏။

 

ကျွန်ုပ် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့စဉ်ကလည်း မြန်မာတို့နှင့်ဆင်သော ရှေးဟောင်း အနုပညာလက်ရာများကို တွေ့ခဲ့ရသည်ဖြစ်ရာ အရှေ့တောင်အာရှနိုင်ငံများသည် ရှေးအခါကပင် ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အစားအသောက် နေပုံထိုင်ပုံခြင်း သိပ်မကွာလှသည်ကို သတိပြုမိခဲ့ပါသည်။

 

ဤဘုရားကျောင်းသည်လည်း ဟနွိုင်သို့ အသင်မိတ်ဆွေများ သွားရောက်လည်ပတ်မည် ဆိုပါက မသွားမဖြစ် သွားသင့် သည့် နေရာတစ်နေရာဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါ၏။ အဲလေ ရှေးဟောင်းပစ္စည်းနှင့် အနုပညာလက်ရာများ ကို စိတ်ဝင်စားသူများအတွက် ဖြစ်ပါ၏။

 












 

 ၁၃။ အမျိုးသမီးပြတိုက် (Vietnamese Womes’s Museum)

 

ကျွန်ုပ်ရောက်ခဲ့ဖူးသည့် နေရာများတွင် အမျိုးသမီးများအကြောင်း တခုတ်တရ ပြတိုက်လုပ်ထားသည်ကို မတွေ့ခဲ့ရစဖူး။ ဗီယက်နမ်တွင်မူ အမျိုးသမီးများ (မိခင်များ) ၏ ဘဝကို ပြတိုက်လုပ်ထားရာ ကျွန်ုပ်မှာ ဗီယက်နမ်တို့ကို မချီးကျူးဘဲ မနေနိုင်ပါချေ။

 

အဝင်ဝတွင် ပုခုံးပေါ်၌ သားကိုထမ်းထားသည့် မိခင်ရုပ်တုကို ရွှေချထားရာ အလွန်လှပ ကြည်နူးဘွယ် ဖြစ်ပါသည်။ ရုပ်တုအမည်မှာ ME VIET NAM ဖြစ်၏။

 

ပြတိုက်၌ အမျိုးသမီး အဝတ်မျိုးစုံ၊ ကလေးပုခက်မျိုးစုံ၊ ငါးရှာဖားရှာသည့် ဓား၊ ပလိုင်း၊ မြှုံး များ (အချို့ပစ္စည်းများကို မည်ကဲ့သို့ခေါ်မှန်း ကျွန်ုပ်မသိပါ။)၊ လေးနှင့် မြား၊ ဆန်ဖွပ်သည့် လက်ထိုးဆုံနှင့် ဇကာကြီးများ၊ မီးနေခန်း၊ မီးနေသည့် အခါသုံးသော ရိုးရာ သစ်မြစ်၊ သစ်ဖု၊ သစ်ခေါက်များ၊ မွေးကင်းစ ကလေးပေါက်စနကို ပြုစုနေပုံ၊ အပ်ချုပ်စက်၊ အပ်နှင့် အပ်ချည်၊ ပစ္စည်းသယ်သည့်အခါ ခေါင်းကိုချိတ်၍ ကျောပိုးကာ သယ်ရသည့် ပလိုင်းကြီးများ၊ အိပ်ယာခန်းနားများ၊ အမျိုးသမီး လက်ဝတ်ရတနာနှင့် အသုံးအဆောင်များ၊ မင်္ဂလာဆောင် သတို့သား၊ သတို့သမီးဝတ်စုံများ။

 

ကောက်စိုက်၊ ကောက်ရိတ်၊ စပါးလှေ့ စသည့် လယ်ယာသုံး ကိရိယာများ၊ စပါးကြိတ်သည့် ကြိတ်ဆုံ၊ ၎င်းတို့၏ ကြိတ်ဆုံမှာ မြန်မာတို့၏ကြိတ်ဆုံနှင့် သဘောတရားချင်းတူသော်လည်း တည်ဆောက်ပုံချင်း မတူပါ။

 

ထို့နောက် အမျိုးသမီးတို့ ကလေးနို့တိုက်ပုံ၊ ကလေးငယ်များကို ပြုစုနေပုံ၊ လယ်ယာလုပ်ငန်းခွင်များ၌ ယောက်ျားသား များနှင့် ဒိုးတူဘောင်ဖက် လုပ်ကိုင်နေကြပုံ။ ငါးရှာ ဖားရှာကြပုံ စသည့်ဓာတ်ပုံများကိုလည်း ပြသထား၏။

 

မုံ့ကြိတ်သည့် ကျောက်ကြိတ်ဆုံမှာမူ မြန်မာတို့ကြိတ်ဆုံနှင့် တထေရာတည်း ဖြစ်၏။ အနောက်တိုင်းသူ အမျိုးသမီးကြီး က ကြိတ်ဆုံကို သဘောကျ၍ ကြိတ်များတောင် နေလိုက်ပေသေး၏။

 

ရှေးခတ်က အမျိုးသမီးများသည် ကိုယ့်အထည်ကိုယ် ယက်လုပ် ဝတ်ဆင်ကြသည်ဖြစ်ရာ ဝါဖတ်၊ ဗိုင်းငင်၊ ချား နှင့် ယက္ကန်းစင်ပစ္စည်းများကိုလည်း ပြသထားပါသေးသည်။

 

စစ်အတွင်းက အမျိုးသမီးများသည် ရိုင်ဖယ်သေနတ်များ ကျောပိုးကာ လယ်ထွန်နေကြပုံ၊ ရပ်ရွာကာကွယ် ရေးအတွက် ညောင့်များ စိုက်နေကြပုံနှင့် အမျိုးသမီးစစ်သည်များ၏ ဓာတ်ပုံများလည်း ပြသထားရာ နာမည်ကျော် ဗီယက်နမ် စစ်ပွဲ အတွင်းက ပုံများဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ ဓာတ်ပုံစာများမှာ ဗီယက်နမ်လိုရေးထား၏။

 

မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများနှင့် ပတ်သက်သည့် ပြတိုက်တစ်ခု ရှိထားသင့်သည်ဟု ထင်မြင်မိပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှုအနုပညာ၊ အားကစားစသည် ဘက်ပေါင်းစုံ၌ပင် ထူးချွန် ထက်မြက်သော အမျိုးသမီးများသည် ရှိ၏။ နေ့စဉ်လူနေမှု ဘဝတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်ဖြစ်ရာ ရှေးယခင်ကတည်းက ရှိခဲ့သော အမျိုးသမီးများ၏ သမိုင်းကြောင်းကိုလည်း မှတ်တမ်းတင်ထား စရာ ကောင်းလှပါပေသည်။

 










 

 

၁၄။ ကျွန်ုပ်ကို အတက်လိုက် ထည့်လွှတ်လိုက်သော ဗီယက်နမ်မှ ဂျင်းများ

 

ကျွန်ုပ်တို့ အနောက်ပိုင်းရေကန်ထဲမှ ဘုရားကျောင်းတစ်ခုသို့ သွားလည်ကြ၏။ ကျောင်းဝင်းထဲ၌ တရုတ်ဘုရားကျောင်း မျှော်စင်ကလေးများ၊ ၃၈ ဖြာမင်္ဂလာလိုဟာမျိုး သရုပ်ဖော်ပုံများ၊ စသဖြင့် ပြသထား၏။ ကျောင်းထဲမှ ပြန်ထွက်လာတော့ Watre Puppet ပြပွဲဆီ သွားကြ၏။ သိပ်ဝေးလှတာ မဟုတ်ပါ။

 

သားက Grab ခေါ်မည်ကြံ၏။ ယောင်လည်လည် လုပ်နေသည့် ကျွန်ုပ်တို့ သုံးဦးအနားကို လူတစ်ယောက် ချဉ်းကပ်လာ ၏။ အင်း - ဟိုခေါင်းဖြူဖြူနဲ့လူကြီးကြည့်ရတာ အူကြောင်ကြောင်နဲ့၊ ငါတော့ ဂျင်းထည့်လိုက်အုံးမှ ဟူသော အကြံနှင့် ဖြစ်၏။

 

သားက ငါတို့ Water Puppet ကိုသွားဘို့ Grab ခေါ်မလို့ ဆိုတော့ သူက ငါလည်း Grab ပဲဆိုကာ သူ့ကားမှ Grab တံဆိပ်ကြီးကို လက်ညှိုးထိုးပြ၏။ ကျွန်ုပ်က ဘယ်လောက်ကျမလဲ ဆိုတော့ သူက မီတာရှိသလောက်ပေး ဆိုသဖြင့် ကျွန်ုပ်တို့လည်း တက်ခဲ့၏။

 

အတက်မှာ သည်အကောင် ခလုတ်တစ်ခုနှိပ်လိုက်တာ သူ့အမေမြင်တော့ ဟဲ့ ဟဲ့ ဟိုမှာ ဘာခလုတ်တွေနှိပ်နေသလဲ မသိဘူးဟု သားကိုပြောတော့ မောင်မင်းကြီးသားက ဆရာကြီးဟန်ပန်ဖြင့် ဘာမှမဖြစ်ဘူးဟု လက်ဟန်ဖြင့် ပြ၏။ ကျွန်ုပ်မှာ အထုပ်အပိုးများ နေရာချနေရတာနှင့် ဘာကိုမှ သတိမပြုနိုင်။

 

ဟိုရောက်လို့ ဆင်းလိုက်တော့ 850k ဟု ဆို၏။ ကျွန်ုပ်လည်း အူကြောင်ကြောင် ဖြစ်သွားလေ၏။ ဘယ့်နှာ လေဆိပ်က ဟိုတယ်ကို အကြာကြီးစီးတာတောင် 500k ပဲ ပေးရတာဟု စိတ်တွက်တွက်နေတုံး မောင်မင်းကြီးသား ဆရာကြီးက ပိုက်ဆံထုတ်ခိုင်းသဖြင့် ကျွန်ုပ်လည်း ယောင်နနနှင့် ထုတ်ပေးလိုက်၏။

 

နောက် လမ်းပေါ်ရောက်မှ (ကားထွက်သွားမှ) နေပါအုံးကွ၊ ငါတို့ လေဆိပ်ကနေ ဟော်တယ်ကို အကြာကြီးစီးတာတောင် 500k ပဲပေးရတာ အခုက ဘာကြောင့် 850k ဖြစ်ရတာတုံးဆိုတော့ ဘာမှ ပြန်မပြော။ သူ့အမေက အဲဒါကြောင့် ကားပေါ် တက်တော့ ခလုတ်တစ်ခု နှိပ်လိုက်တာ တွေ့တယ်လို့ ပြောနေတာကို ဟု ဗျစ်တောက်ဗျစ်တောက် လုပ်လေ၏။

 

ကားသမားက အင်္ဂလိပ်လို ရေရေလည်လည်ပြောတတ်တော့ သားနှင့် လမ်းမှာ သူကျောင်းတက်သည့်အကြောင်း၊ စင်ကာပူအကြောင်းတွေ ပြောပြီး အဖွဲ့ကျလာတာနှင့် အဲသဟာကို အခွင့်ကောင်းယူပြီး အေဘေးက ဂျင်းထည့် သွားတာဖြစ်၏။ အမှန်က ကျွန်ုပ်အနေနှင့် သေသေချာချာ စဉ်းစားတွက်ချက်ပြီးမှ ပေးလိုက်ဘို့ မကောင်းပါသလော။ အဲသလောက် ဒူသည့် ကျွန်ုပ်ဖြစ်၏။

 

ဟိုချီမင်းပြတိုက်အဝင်၌ ဘောင်းဘီတို မဝတ်ရဟူသည့် စည်းကမ်းကို အခွင့်ကောင်းယူကာ 40k တန် ဘောင်းဘီကို 200k နှင့် ဂျင်းထည့်သွားတာ အပေါ်မှာ ပြောခဲ့ဖူးပါပြီ။

 

ဗီယက်နမ်သို့အဝင် လေဆိပ်၌ Mobile Data ကို ၃ ယောက်အတွက် တစ်ပတ်စာ ဝယ်ခဲ့၏။ ၇ ရက်မပြည့်မီ ၆ ရက်နှင့် ဖြတ်သွားသဖြင့် ကျွန်ုပ်တို့မှာ အတော်လေး ကသီလင်တ နိုင်ခဲ့ရ၏။

 

ဂျင်းဒရီးမ်အကြောင်းကိုတော့ ကျွန်ုပ် အသေးစိတ် ပြောခဲ့ပြီးပါပြီ။ သူတို့လုပ်မှုကြောင့် ကျွန်ုပ်မှာ လေယာဉ်လက်မှတ် တစ်ကြောင်းစာ နှင့် ဟော်တယ် တစ်ရက်စာဆုံးခဲ့၏။ 

 






















 ၁၅။ နိဂုံး

 

ဟနွိုင်သည် ရန်ကုန်မြို့နှင့် ဆင်လှ၏။

လူရှုပ် ကားရှုပ်တာချင်းရော၊ ညစ်တီးစုတ်ပြတ်နိုင်တာချင်းရော၊ ပလက်ဖောင်းပေါ် ဆိုင်ခင်းတာချင်းရော၊ ကားများ ဆိုင်ကယ်များ မောင်းချင်သလို မောင်းကြတာချင်းရော၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်းတာချင်းရော၊ လဖက်ရည်ဆိုင် ထိုင်သလို ထိုင်ကြတာချင်းရော၊ အိမ်များ ညစ်ပတ် စုတ်ပြတ်နေတာချင်းရော၊ ဓာတ်ကြိုးများ စာဘူးတောင်းသိုက်လို ရှုပ်ပွနေတာချင်းရော -

 

အထူးသဖြင့် မသိနားမလည်သူများကို ဂျင်းထည့်တာချင်းရော၊ အားလုံးတူ၏။

 

သို့သော် ကျွန်ုပ်စိတ်ထင် ဟနွိုင်က ရန်ကုန်ထက် ဈေးပိုသက်သာ၏။

ဗီယက်နမ်အဝင် လေဆိပ်မှာ ဘာပုံစံတွေမှ ဖြည့်ရတာ၊ အကောက်ခွန်ဘာညာ။ ဘာဆို ဘာမှ​မရှိ။

ဘုရားကျောင်းများပင် ရှိသော်လည်း ရန်ကုန်က ရွှေတိဂုံလို ကြီးမားခန့်ညားသော ဘာသာရေး အဆောက်အအုံများကို မတွေ့မိ။ ကျွန်ုပ်တို့ မြို့တွင်းလမ်းမများပေါ် လျှောက်သွားစဉ်ကလည်း ဘုန်းကြီးနှင့်တူတာဆိုလို့ တစ်ယောက်မှတောင် မတွေ့ခဲ့ရ။ အဲလေ၊ ဗီယက်နမ် ခရီးစဉ်တစ်ခုလုံး၌ ဒါနဆန်များရှင် ဆိုသည့် သီလရှင်များကိုလည်း အရိပ်အယောင်လေး တောင်မှ မတွေ့မမြင်ခဲ့ရ။

 

အဲသဟာ ဟနွိုင်နှင့် ရန်ကုန်၏ ကွာခြားချက် ဖြစ်၏။

အဲလေ နောက်တစ်ခုကတော့ ဤဘဒ္ဒကမ္ဘာတွင် မည်သည့်နိုင်ငံမှာမှ မရှိသော မြန်မာပြည်၏ Unique Feature ဖြစ်သည့် မီးပျက်တာ မကြုံခဲ့ရ။

 

နောက်ပြီးတော့ ဟနွိုင်က ဘတ်စ်ကားမှတ်တိုင်များတွင် ဘတ်စ်ကားနံပါတ်များရေးထားသည့် တိုင်လေးတစ်တိုင်သာ လုပ်ထားပြီး ခရီးသည်များ စောင့်ဘို့ အမိုး၊ ထိုင်ခုံစသည်တို့ လုပ်ပေးမထား။ အံ့စ်ဩဘာ့

 

အကြောင်းကြောင်းကြောင့် ရန်ကုန်ကို လွမ်းလို့ မပြန်ရသူများ ဟနွိုင်ကို သွားကြပါဘိ။

အဲလေ သွားနှုတ်ချင်သူများ၊ သွားစိုက်ချင်သူများလည်း ဟနွိုင်ကို သွားကြပါဘိ။ လေယာဉ်စရိတ် အသွားအပြန်၊ ဟိုတယ်ခပါ ပေါင်းလျင်တောင် စလုံး ဈေးထက် သက်သာပါသေးသည်။

 

အဲလေ ဂျင်းထည့်မခံရအောင်လည်း သတိထားပေါ့ခညာ။

 

သည်ခေတ်ကြီးမှာ လူလိမ်တို့ ပေါများလှ၏။ အွန်လိုင်းကလည်း လိမ်သည်။ အွန်မလိုင်းဘဲလည်း လိမ်သည်။  အရှေ့တိုင်းကလူလည်း လိမ်သည်။ အနောက်တိုင်းက လူလည်း လိမ်သည်။ အမည်းလည်း လိမ်သည်။ အဖြူလည်း လိမ်သည်။ ဟိုဘာသာဝင်လည်း လိမ်သည်။ ဒီဘာသာဝင်လည်း လိမ်သည်။ ဟိုတိုင်းပြည်ကလူလည်း လိမ်သည်။ သည်တိုင်းပြည်ကလူလည်း လိမ်သည်။ ယောကျ်ားလည်း လိမ်သည်။ မိန်းမလည်း လိမ်သည်။ မောင့်ကျက်သရေခေါင်းပေါင်းကြီး ပေါင်းထားသည့် ဗိုက်ပူပူနှင့် လူကြီးလူကောင်း ဆိုသူလည်း လိမ်သည်။ ဘာကောင်မှ မဟုတ်သည့်လူလည်း လိမ်သည်။ ဘာအရာမှ မရှိသူလည်း လိမ်သည်။ ဘာအရာရှိကြီးဆိုသူလည်း လိမ်သည်။ မောင်နှင့်နှမ၊ သားနှင့်အမိချင်းလည်း လိမ်သည်။ ဘာမှမတော်သူကိုလည်း လိမ်သည်။ မြို့ကလူလည်း လိမ်သည်၊ တောကလူလည်း လိမ်သည်။ ပြုံးပြုံးလေးနှင့် လူလည်း လိမ်သည်။ မပြုံးဘဲ ခပ်တည်တည်နေသည့်လူလည်း လိမ်သည်။ သင်လည်းလိမ်သည်။ ကျွန်ုပ်လည်း လိမ်သည်။ (အဲလေ ပြောရင်း အရှိန်လွန်သွားပြီ။ )

 

စကားနှင့်လည်း လိမ်သည်။ ပိုက်ဆံကိုလည်း လိမ်သည်။ ဥစ္စာပစ္စည်းကိုလည်း လိမ်သည်။ လုပ်ပေးမယ်ပြောပြီး လုပ်မပေးဘဲလည်း လိမ်သည်။ ဘာကတိမှ မပေးဘဲလည်း လိမ်သည်။ ကတိတွေ အထပ်ထပ်ပေးပြီးတော့လည်း လိမ်သည်။

 

ကျွန်ုပ် အခု ၆၅ နှစ် ရှိပါပြီ။ (ကိုယ့်ကိုယ်ကိုယ်တော့ ၃၅ နှစ်လို့ထင်ဆဲ၊ အဲသဟာလည်း ကိုယ့်ကိုယ်ကိုယ်လိမ်တာ ဖြစ်ပါသည်။)

 

ကျွန်ုပ် အသက် အစိတ်လောက်ထိ သည် လိမ်သည့်၊ ကောက်သည့်၊ ဖျံကျသည့်၊ မဟားတရားလုပ်သည့် ကိစ္စများကို  မကြားစဖူးခဲ့ပါ။

 

၈၈ အရေးအခင်းပြီးသည့်နောက် နှစ်အတန်ကြာသည်ထိ ပိုက်ဆံလိမ်သည့်၊ ဂျင်းထည့်သည့် ကိစ္စများ သိပ် မကြုံဖူးသေး ဟု ထင်ပါသည်။

 

ကျွန်ုပ် အသက် ၃၀ ကျော်၊ ၃၅ နှစ်လောက်မှစကာ လိမ်သည့်ကိစ္စများ ကြားလာခဲ့ရပါသည်။ ငွေကြေးလိမ်လည်သည့် ကိစ္စများ ရှိသည့်တိုင် ၂၀၀၀ ခုနှစ် ကျော်သည်ထိ သိပ်များများစားစား၊ အကြီးအကျယ်လိမ်တာတွေ ရှိနေပြီဟု မမှတ်မိ စဖူးပါ။

 

လိမ်လည်ရန် အထူးကောင်းမွန်သည့် အခွင့်အရေးတစ်ခုမှာ ဆက်သွယ်ရေးများ အလွန်ကောင်းမွန်လာခြင်းနှင့် အရာရာကို အင်တာနက်သုံးပြီး လုပ်လာနိုင်ခြင်း၊ အထူးသဖြင့် ငွေပေးငွေယူ လုပ်ငန်းများကို အင်တာနက် အသုံးပြုကာ အလွယ်တကူ လုပ်နိုင်ခြင်းတို့သည် အလွန်အရေးပါသော အချက်တစ်ခု ဖြစ်ပါသည်။

 

ဖုန်းမရှိခင်က လိမ်မည်ဆိုလျင်တောင် လူချင်းတွေ့မှ လိမ်လို့ရမည်။ ယုံလောက်အောင် အတန်တန်နားချပြီးမှ လိမ်လို့ ရမည်။ ကိုယ်နှင့်မသိကျွမ်းသော တစိမ်းတယောက်က ကိုယ့်ဆီလာပြီး တကူးတကလိမ်ဘို့ဆိုတာ လွယ်လှသည့် ကိစ္စ မဟုတ်။ လိမ်သူများကတော့ ရှိပါသည်။ သို့သော် လိမ်ဘို့အခွင့်အလမ်းမှာ ယခုထက်စာလျင် အပုံကြီးနည်းသည်။ ပိုက်ဆံကို ချွေးခံအင်္ကျီအိတ်ထဲ ထည့်လိပ်ထားသည့် ကြီးဒေါ်ကြီးဆီက မည်ကဲ့သို့ အွန်လိုင်းကနေ လိမ်လို့ရပါမည်နည်း။

 

အွန်လိုင်း ငွေပေးချေမှုဆိုသည်မှာ ကိုယ့် ခလက်ဒစ်ကတ်နံပါတ်ကို ပေးလိုက်ရတာဖြစ်သဖြင့် သူတို့ ပိုက်ဆံဖြတ်ချင်သပ ဆို အလွယ်လေး ဖြတ်လို့ရ၏။ eDream သည် သည်နည်းနှင့် ကျွန်ုပ်ပိုက်ဆံကို ဖြတ်သွားတာ ဖြစ်၏။

 

ထို့ကြောင့် အလိမ်အညာတွေ ပေါကြွယ်လှသည့် ဤ ၂၁ ရာစုခေတ်ကြီးထဲတွင် ကျွန်ုပ်၏မိတ်ဆွေ အသင်တို့သည် ကျွန်ုပ်ကဲ့သို့ အလိမ်မခံရလေအောင် အသားကုန် သတိထားကြပါဟု သတိအတန်တန်ပေးရင်း ကျွန်ုပ်၏ ပေရှည်လှသော ဗီယက်နမ် ခရီစဉ်ကို ဤတွင် ရပ်တန်းက ရပ်ပါတော့မည်။

 

စာအရှည်ကြီးကို သည်းခံဖတ်ရှုပေးသည့် အသင် သူတော်ကောင်း အပေါင်းတို့အား ကျေးဇူး ၁၅ ကီလိုခွဲလောက် တင်ပါသည်။

 

တော်သေပြီ

 

အေးငြိမ်း

13/02/2026; 20:48 hrs

 
































 


No comments: