၄။ ဟိုချီမင်းပြတိုက်၌ ဂျင်းသုတ်စားမိခြင်း အကြောင်း
ကျွန်တော်တို့သည် ဂျိုဆေရီဇော်၊ မော်စီတုံး၊ ဟိုချီမင်း၊ ချီကွေဗားရား၊ ရာမို့စ်၊ အင်ဒီယာဂန္ဓီ၊ ပတ်ချုံဟီး၊ ကင်မင်ချူး (ဟုတ်ပေါင် မွှားကုန်ပြီ ယခွမ်း) စသည့်နာမည်များကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြ၏။
ဗီယက်နမ်နိုင်ငံ၏ ဖခင်ကြီးဟုဆိုနိုင်သည့် ဟိုချီမင်းအကြောင်းကိုလည်း တို့စိတို့စိ သိမှတ်ခဲ့ရ၏။ သမ္မတကြီး ဟိုချီမင်း ကိုလည်း ငယ်ငယ်လေးကတည်းက လေးစားခဲ့ရ၏။ သို့အတွက် ယခု ဟနွိုင်သို့ ရောက်သည့်အခါ ပထမဆုံးသွားခဲ့သည့် နေရာမှာ ဟိုချီမင်းပြတိုက် ဖြစ်ခဲ့၏။
ကျွန်ုပ်တို့တည်းသည့်နေရာမှ ဟိုချီမင်းပြတိုက်မှာ လမ်းလျှောက်နိုင်သည့် အကွာအဝေး၌ ရှိသဖြင့် ဟိုတယ်ကကျွေးသည့် မနက်စာကို အဝအပြဲစားခဲ့ကာ ၉၆၉၃ဖြင့် ထွက်ခဲ့ကြ၏။
အဝင်ဝ၌ အချက် ၂၀ လောက်ရှိသော စည်းကမ်းချက်များ ရေးထားရာ ဘောင်းဘီတိုများ ဝင်ခွင့်မပြု ဟု ပါသဖြင့် ဘောင်းဘီတိုဝတ်လာသည့် သားက ကျွန်ုပ်ကို ကြည့်လေ၏။ ကျွန်ုပ်တို့ဝင်ပေါက်ရှိရာ လျှောက်လာစဉ် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာကာ သား၏ ဘောင်းဘီကို လက်ညှိုးထိုးပြလျက် ကွိစိကွစဟု ပြောလေ၏။
ကျွန်ုပ်က ပိုက်ဆံအိတ်ကို ပုတ်ပြသော် သူက လက်နှစ်ချောင်းထောင်ပြ၏။ 20k ထုတ်ပေးသော် ခေါင်းခါ၏။ သို့နှင့် 200k ထုတ်ပေးလိုက်မှ ခေါင်းငြိမ့်ကာ ယူသွားသော် ကျွန်ုပ်လည်း အူကြောင်ကြောင်နှင့် ကျန်ခဲ့၏။ ဤသည်မှာ ဟနွိုင်း၌ ပထမဆုံးဝါးမိလိုက်ရသော ဂျင်းတက်ပေတည်း။ သို့သော် သူက ဝက်သားဟင်းထဲ ထည့်ချက်ထားသည့် ဂျင်းကဲ့သို့ သိပ်မသိသာသေးပါ။ နောက် အတက်လိုက် ကိုက်မိသော ဂျင်းတက်ကြီးကျမှ မြိန်ရည်ရှက်ရည် ပြောပြပါမည်။
နောက်တော့ အောင်မငီးစ် . . . တန်းစီနေလိုက်တဲ့ လူတွေခညာ၊ အများကြီးဆိုမှ အများကြီးပါဘဲ။ ထိုလူတန်းကြီးထဲ၌ ဘောင်းဘီတိုဝတ်ထားသည့် အနောက်တိုင်းသား လူကြီးလူကောင်းများကိုတွေ့တော့ ကျွန်ုပ်က သားကို လက်တို့ပြ၏။ သူက သူတို့တိုင်းပြည်လာရင် သူတို့ စည်းကမ်းကိုလိုက်နာရမယ်ဟု ကျွန်ုပ်ကို ဆုံးမလေရာ ကျွန်ုပ်လည်း အသာလေး ဇက်ကိုပုကာ ငြိမ်နေလိုက်လေရသော ဟူ၏။ ယခွမ်း မှတ်ဟ
သူတို့ပြတိုက်က ကိုယ်သွားချင်တိုင်း လွတ်လွတ်လပ်လပ် လျှောက်ကြည့်လို့မရ။ လူသွားလမ်းကလေး လုပ်ပေးထားတာ ထိုလမ်းပေါ်၌ စီတန်းလျှောက်သွားကြလျက် ဘေးဘီဝဲယာကို ကြည့်ကြရတာ ဖြစ်၏။ ရဲများ၊ အစောင့်များ၊ လုံခြုံရေးများ ကိုလည်း အမြောက်အများ ချထား၏။
ဤတွင် တစ်ခုသတိရ၍ ပြောရပါအုံးမည်။ လမ်းဆုံလမ်းခွများ၌ အစိမ်းရောင်ယူနီဖောင်း စစ်ဝတ်စုံလိုဝတ်ထားသူများကို ဟိုဟိုသည်သည် နေရာအနှံ့အပြား တွေ့ရလေရာ ပထမ ကျွန်ုပ်က ဘာကြောင့်များ သည်လောက် စစ်သားတွေ ချထားသလဲဟု တွေးမရ။ နောက်မှ သားက ဖေရီး အဲဒါ စစ်သားမဖြစ်နိုင်ဘူး။ ရဲတွေဖြစ်မယ် ဟု ဆို၏။ ဟုတ်ပါသည်။ ရဲ များ ဖြစ်၏။ သူတို့ရဲများမှာလည်း အနည်းငယ် စုတ်တုတ် ပြတ်တတ် နိုင်လှ၏။ ကြည့်ရတာ ညောင်နာနာနှင့်၊ သိပ်လည်း ပါဝါရှိပုံမရ။
ပုခုံးပေါ်၌ အပွင့်အခက်များနှင့် အရာရှိများကိုလည်း ကြိုကြား ကြိုကြား တွေ့ရ၏။
ပြတိုက်များ အတွင်း၌ သူတို့ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ သေနတ်၊ လက်နှိပ်စက် စသည့် အသုံးအဆောင် ပစ္စည်း၊ စာရွက်စာတမ်းများကို ပြသထား၏။ ပြခန်းကြီးမှာ ပန်းခြံကြီးတစ်ခုဖြစ်လျက် အတော့်ကို ကျယ်ပါသည်။
အထူးခြားဆုံးကား ဟိုချီမင်း၏ အလောင်းကို ဆေးစိမ်ကာ ပကတိအတိုင်း ပြသထားခြင်းဖြစ်၏။ အစောင့်များ ထောင့် လေးထောင့်၌ စောင့်နေ၏။ ဓာတ်ပုံရိုက်ခွင့်မပြု။
သားက ဖေရီး အဲဒါ တကယ့်အစစ်လားဟု မေးရာ ကျွန်ုပ်လည်း ထင်သာဖဲဟု မယုတ်မလွန် ဖြေရ၏။ သားရယ် ပလတ် စတစ်ဆိုမှ ဒီလောက် အစောင့်တွေ တင်းတင်းကျပ်ကျပ် ချထားပါ့မလားကွာ။ အာ ပလတ်စတစ်ရုပ်ကို အစောင့်တွေချ ထားပြီး ဖိန့်ထားတာရော မဖြစ်နိုင်ဘူးလား။ အာ ဘယ်သိမတုံးလကွ။ လာပါကွာ သားရယ်။ သူ့ဟာသူ စစ်စစ်၊ တုတု၊ ငါတို့အကျိုးစီးပွားနဲ့ ဘာမှ မပတ်သက်ပါဘူးကွာ။ သွားကြပါစို့ ဟု အတင်းဆွဲခေါ်ခဲ့ရလေ၏။ အဲသဟာကြောင့်ပြောတာ။ ဒီကောင် သူ့အဖေထက် တစ်လမက၊ တစ်နှစ်လောက်ပိုကြီးပါတယ်ဆိုမှ။
သမ္မတကြီး ဟို အပြင် သူ့နောက်တက်လာသည့် သမ္မတများကလည်း ဗီယက်နမ်နိုင်ငံကို သည်အခြေထိရောက်အောင် မည်ကဲ့သို့ ကြိုးပမ်းခဲ့ကြပုံများကိုပါ ပြသထားသေးရာ စိတ်ဝင်စားစရာ ကောင်းပါသည်။
တစ်နေရာတွင် ယူနီဖောင်းအဖြူဝတ် စစ်သားများ နှစ်ယောက်တစ်တွဲစီ ဆတ်တောက် ဆတ်တောက်နှင့် စစ်ချီတက်လာရာ ကျွန်ုပ်မှာ ဗီဒီယိုပင်ရိုက်ထားချင်သော်လည်း စည်းကမ်းချိုးဖောက်သည်ဟု မောင်မင်းကြီးသားက ဆူမှာကြောက်၍ အောင့်အည်းကာ ထားရလေသော ဟူ၏။
ပြခန်းဝင်းကြီးထဲကပြန်ထွက်လာတော့ ဖေရီး အိမ်သာဝင်ချင်တယ် ဆို၏။ ဟောဟိုမှာလေကွာ၊ သွားချေဟု ပြောသည့်တိုင် ဖေရီးအရင်သွားကြည့်၊ သန့်ရှင်းတယ်ဆိုမှ သား သွားမယ် ဆိုသဖြင့် ကျွန်ုပ်မှာ အိမ်သာကို အရင် သွား စနည်းနာရသေး၏။ သန့်ပါတယ်ခည ဆိုမှ ကိုယ်တော်က သွားတော်မူ၏။ ကျုပ်တို့တောမှာ ဒီလိုပဲ ဆောင့်ကြောင့်ထိုင်ပြီး သစ်ရွက်နဲ့သုတ်လိုက်တာပါဘဲဗျာ။ သူ့ကျမှ။ ယခွမ်း
၂၀၀ တန် ဆင်ရုပ်နှင့် ဂျင်းဘောင်းဘီပါးပါးလေးကို ကျွန်ုပ်မှာ နောင်လိုသည့်အခါ သုံးနိုင်အောင် သေသေချာချာ ခေါက်လျက် သိမ်းထားရလေ၏။ (ထူးဆန်းပါပေ့ ဆတွတ်ရယ်)
မှတ်ချက်။ ။ ဂျင်းဘောင်းဘီဆိုသည်မှာ ဂျင်းဘောင်းဘီမဟုတ်သော ဂျင်းဘောင်းဘီ ဖြစ်ကြောင်း သည်လောက် ဒုံးမဝေးသည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။
၅။ ရထားလမ်း စားသောက်ဆိုင်များ
လိမ္မာသောသူများသည် ပိုက်ဆံကို ဘယ်လိုရှာရမလဲ တတ်သိ နားလည်ကုန်ကြ၏။
ခွေးထက်မိုက်မဲသော ဒေါင်းဇားများကား မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက် ရှိရှိသမျှ သယံဇာတတို့ကို သူတို့အဖေဆီက ရထားသည့် အမွေများအလား တူးဖော် ရောင်းစားကြလေ၏။
ဟနွိုင်ဘူတာကြီးသည် မြို့လယ်၌ ရှိ၏။ ထို့ကြောင့် ဟနွိုင်မြို့လယ်ကို ဖြတ်သွားသော ရထားလမ်းကြီးသည်လည်း ရှိ၏။ စီးပွားရှာကြရာ၌ ဟနွိုင်သားတို့သည် ရထားလမ်းကိုပင် ချမ်းသာမပေး။ ရထားအလာကို အနီးကပ် စောင့်ကြည့်နိုင်ရန် ရထားလမ်းဘေးကပ်လျက်၌ ဆိုင်များ တည်ခင်းရောင်းချကြကုန်၏။ Railway bia ဆိုကာ ထိုဆိုင်များအတွက် အထူး ဘီယာပင် ထုတ်လုပ်ရောင်းချကြပေလေသေး၏။ ထိုနေရာသည် တိုးလစ်အထလက်ရှင် တစ်နေရာ ဖြစ်၏။
လမ်းဘေး၌ ခုံကလေးများချကာ ထိုခုံကလေးများတွင်ထိုင်လျက် ဘီယာကလေးစုပ်၊ အမြည်းကလေးများစားလျက် ရထားအလာကို စောင့်ဆိုင်း၊ နောက်ပြီး အနားကပ် ခုတ်မောင်းသွားသည့် ရထားကြီးကို ဒါ့ပုံတွေရိုက်ကြ၊ ဗီဒီအိုတွေ ရိုက်ကြတာ ဖြစ်၏။ ခုံကလေးများကို ရထားလမ်းနှင့် ကပ်လျက်၌ ချထား၏။ ရထားလာခါနီးမှ ထိုခုံကလေးများကို နေရာရွှေ့လိုက်တာဖြစ်၏။
အမှန်ကတော့ ဘာမှမဆန်းတာကို ဆန်းအောင်လုပ်ထားတာသာ ဖြစ်ပါ၏။ ရထားလာတာကို လူတိုင်းမမြင်ဖူးပါ သလော။ မြင်ဖူးသည်သာ ဖြစ်၏။ သို့သော် ဘီယာလေးစုပ်ရင်း အနားကဖြတ်ပြီး ရထားကြီး ခုတ်မောင်းသွားတာကို တော့ လူတိုင်း ကြုံဖူးချင်မှ ကြုံဖူးကြပါလိမ့်မည်။ ဤအတွေ့အကြုံကို သူတို့က အဆန်းတကြယ် လုပ်ထားခြင်း ဖြစ်၏။
ငင့် - သူတို့ရထားကြီးကလည်း တံခါးကြီးတွေ ပိတ်လို့။ ခရီးသည်တစ်ယောက်ကိုမှ မမြင်ရ။ အနို့ မမြင်ရဆို သူတို့က ညဘက် ပြေးဆွဲသော အိပ်ခန်းရထား ဖြစ်သကိုး။ ခရီးသည်တွေမှာ ကိုယ့်အိပ်ယာပေါ်တွင် ကွေးပြီး တံခါးတွေပိတ်ထား တော့ ရထားကြီးက တံခါးအားလုံး ပိတ်ထားတာ ဖြစ်၏။
ဆိုတော့ ရန်ကုန်က ရထားလမ်းကိုရော သူတို့လိုလုပ်လို့ ဖြစ်ပါမလား ကျွန်ုပ် တွေးကြည့်မိ၏။ မလွယ်ပါ။
တော်ကြာ ရထားပေါ်က ဗျစ်ကနဲထွေးချလိုက်သည့် ကွမ်းတံတွေးသည် အငြိမ့်သား ဘီယာထိုင်သောက်နေသည့် တိုးစ်ရစ် ကြီး၏ မျက်နှာကြီးပေါ်သာ တည့်တည့်သွားကျလို့ကတော့ အောင်စ်မငီး။ မြန်မာဆိုတာ တစ်ခါတည်း ကမ္ဘာကျော်သွား မည်။ (အဲလေ၊ အခုလည်း ကျော်နေတာပါဘဲ။ ထူးပါဘူး။) မဟုတ်လျင်လည်း တံခါးပေါက်ဝတွင် တွဲလွဲခို လိုက်လာသည့် သကောင့်သားတစ်ယောက်ကများ လမ်းနှင့်ကပ်လျက် စားပွဲကို မနေနိုင်မထိုင်နိုင် ကန်ထည့်လိုက်လျှင် Oh my gosh. ကျွန်ုပ်မှာ ကျွန်ုပ်၏ မဟာရန်ကုန် ရထားလမ်းစားသောက်ဆိုင် ပရောဂျက်ကို တွေးရန် မစ,မီကပင် ကမန်းကတန်း ပြန်လည် ရုပ်သိမ်းလိုက်ရလေသော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
၆။ ထောင်ပြခန်း
နောက်တစ်ခုမှာ ထောင်အဟောင်းကို ပြခန်းလုပ်ထားတာ ဖြစ်၏။ ထောင်သားတွေကို ထိပ်တုံးခတ်ထားသည့် ရုပ်တုများ ပါ ထုလုပ် ပြသထားသေး၏။ ကြိုးပေးသည့်သူများကို ထားသည့်အခန်း၊ ထောင်တွင်း၌ ပြဿနာရှာသူများကို တိုက်ပိတ် သည့် အခန်း၊ ထောင်သားများကို အစားအသောက်များ ကျွေးမွေးရာနေရာ၊ ထောင်တွင်းအိမ်သာ စသဖြင့် ဓာတ်ပုံများ ဖြင့် ဝေဝေဆာဆာ ပြသထား၏။ နောက်ပြီး နာမည်ကြီး နိုင်ငံရေးသမားကြီးများကို မည်သည့်အခန်း၌ မည်မျှကြာအောင် ချုပ်နှောင်ထားခဲ့ သည် စသည့် သမိုင်းများကိုလည်း မျက်ဝါးထင်ထင် လေ့လာနိုင်သည်ဖြစ်ရာ သမိုင်းတန်ဘိုး ကြီးမားလှပါသည်။
ထောင်သားများကိုကျွေးသည့် အစားအစာများကိုလည်း ပလတ်စတစ်ဖြင့် ပုံတူလုပ်ပြထားလျင် ကောင်းလေစွ။ မနက်စာ ကဘယ်လို၊ နေ့လယ်စာကို ဘယ်ပုံ၊ ညစာက ဘယ်နည်းစားကြရသည် စသဖြင့်။
ထို့ပြင် သေဒဏ်ပေးခံရသူများကို ခေါင်းဖြတ်သတ်သည့် ဓားစက်ဓာတ်ပုံကြီးကိုလည်း ပြသထား၏။ အကယ်၍သာ ထိုဓားစက်ကြီးကို အသေအချာခြံခတ်လျက် မူရင်းအတိုင်း ပြသထားမည်ဆိုပါကလည်း စိတ်ဝင်စားစရာ ကောင်းပါမည်။သို့သော် အသည်းယားစရာတော့ အလွန်ကောင်းပေမည်။ သူရဲမခြောက်ပါဟုလည်း အာမခံနိုင်မည်မဟုတ်။ အဲလေ - ဦးစောတို့ကို ကြိုးပေးသည့် ကြိုးစင်ကိုလည်း သမိုင်းမှတ်တမ်းအဖြစ် သေသေချာချာ သိမ်းထားသင့်သည် ထင်ပါ၏။ ကြည့်လိုသူများကိုလည်း အခကြေးငွေယူပြီးတောင် ပြနိုင်ပါသေးသည်။ ထိုကြိုးစင် ယခု ရှိသေးသလား၊ ဖျက်ပစ်လိုက် ပြီလား ကျွန်ုပ်မသိပါ။
ဤထောင်ပြခန်းကို ကျွန်ုပ် အတော်စိတ်ဝင်စားမိ၏။ အဘယ်ကြောင့်ဆိုသော် ထောင်ဟူသည် သာမန်လူတို့ မသိနိုင်၊ မမြင်နိုင်သည့်နေရာတစ်ခု ဖြစ်ပေရာ ဤကဲ့သို့ မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရခြင်းအားဖြင့် ဪစ်. . . ထောင်ဆိုတာ ဒီလိုပါလားဟု သိနိုင်လေသည်။
ရန်ကုန်မြို့လယ်၌လည်း ဘလစ်တစ်ရှ်ခေတ်က ထောင်ကြီးတစ်ခုသည် ရှိခဲ့ဖူး၏။ ဗဟိုရ်စည်ရပ်ကွက်ဘေး၌ ဖြစ်၏။ ယခုတော့ အစအနတောင် ရှာလို့မတွေ့တော့ပါ။ အင်းစိန်ကို ပြောင်းလိုက်သည့်အတွက် ဖျက်လိုက်သည်လား ကျွန်ုပ် မသိပါ။ အမှန်တကယ်ဆို ဆရာတော် ဦးဥတ္တမတို့ကို ချုပ်နှောင်ထားသည့် နေရာ၊ ဆရာတော် ဦးဝိစာရ အစာငတ်ခံကာ ပျံလွန်တော်မူခဲ့သည့်နေရာများသည် သမိုင်းမှတ်တမ်းများအရ အလွန်တန်ဘိုးရှိလှသည့် နေရာများ ဖြစ်ပါသည်။
အပိုင်း (၅) ဆက်ရန်














No comments:
Post a Comment