Thursday, February 26, 2026

ကျွန်ုပ် ရင်လေးမိသော မြန်မာနိုင်ငံ၏အနာဂတ် အကြောင်း

ဟိုတစ်နေ့က ဘွဲ့ယူရအောင် ဆင်စီးလာသည့် ဗီဒီယိုနှင့် ပိုက်ဆံများကို တစ်ကိုယ်လုံးချိတ်ကာ ဘွဲ့ယူရအောင် လာသည့် ဗီဒီယို နှစ်ခုကို ကြည့်လိုက်/မြင်လိုက်ရတော့ ကျွန်ုပ် အတော်ပင် စိတ်ပျက်မိ၏။ မြန်မာနိုင်ငံ၏ အနာဂတ်အတွက်လည်း အတော့်ကို ရင်လေးမိပါ၏။

 

ထိုကျောင်းသားနှင့် ကျောင်းသူ၊ ၎င်း၏မိဘဆွေမျိုး အသိုင်းအဝိုင်းတို့သည် သူတို့ကိုယ်သူတို့ ဘာတွေလုပ်နေကြသည်ကို သိပါလေစ၊ ကိုယ်လုပ်တာ ဟုတ်သလားမှန်သလား တွေးမိပါလေစ။ အဲလေ သူတို့ဟာသူတို့ အဟုတ်ကြီးမှတ်နေလို့သာ သည်လိုလုပ်ကြတာ ဖြစ်၏။ ကိုယ်လုပ်သည့် လုပ်ရပ်သည် မှန်သလား၊ မှားသလား။​ သင့်တော်သလား၊​ မသင့်တော်ဘူး လား။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ဆိုတာလောက်မှ ပိုင်းခြား ဆင်ခြင်နိုင်စွမ်း မရှိသူတို့အနေနှင့် ၎င်းတို့ယူမည့် ဘွဲ့နှင့် ထိုက်တန်ပါမည်လား။

 

ဤဗီဒီယိုများကိုကြည့်ခြင်းအားဖြင့် ၎င်းတို့၏ အနေအထား၊ အဆင့်အတန်း၊ အတွေးအခေါ်နှင့် အသိပညာကို ခန့်မှန်းလို့ ရပါသည်။ ဤဗီဒီယိုမှာ ဤကဲ့သို့ ဖြစ်ပျက်နေသည်များထဲမှ တစ်ခုသာဖြစ်ပြီး ဤခေတ် ပညာရေးအဆင့်အတန်း၏ ပြယုတ်တစ်ခုလည်း ဖြစ်၏။

 

အဲလေ၊ ကျောင်းသားများကို မပြောပါနှင့်။ ဟိုတစ်နေ့ကလည်း ဘှာ . . . ‘ပါလဒူဘွက်’ ဆိုလား ပေးရသတဲ့။

ဘာ . . . နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်လို့။ ဒဂယ် . . . ဪ . . ဪ။ မှတ်တောင် ထားလိုက်ရအုံးမယ်။

 

ပေးတဲ့လူကလည်း သောက်ရှက်မရှိ။ ယူတဲ့သူကလည်း ကိုယ်နဲ့တန်လား မတန်လားမသိ၊ ‘အလကားရရင် ရေတောင် သေအောင်သောက်’ ဟူသည့် ပေါ်စလီ (ဟုတ်ပေါင်) ပေါ်လစီကို လက်ကိုင်ထားတာ သောက်ခွက်ပြောင်ပြောင်နဲ့ တက်ယူ။ သောက်ရှက်တွေကလည်း နည်းကြပါ့။ မြန်မာနိုင်ငံ အထင်ကရတက္ကသိုလ်က ဂိုဏ်းချုပ်ကြီး ဆိုသူကလည်း သုံးမတ်ပဲရှိ။ (ကျပ်ပြည့်ဘို့ တစ်မတ်လို)။

 

ဤကဲ့သို့သော ပညာရေးစနစ်ကြီးက ဤကဲ့သို့သော သားကောင်များ (သားကောင်းများ မဟုတ်) မွေးထုတ်လိုက်တာ ဆိုတော့ အံ့ဩစရာမဟုတ်ပါ။

 

အမှန်က သည်တစ်ခုတည်းမဟုတ်ပါ။ ဖေ့စ်ဘုတ်မှာ တက် တက်လာသည့် ဗီဒီယိုများကို ကြည့်ရတာ စိတ်မချမ်းသာ စရာ။

 

တော်ကြာဘာနတ်ဆိုပြီး ကပြန်ပြီ။ ဟို ဘွဲ့ယူလာတဲ့ ခလေးမလို ပိုက်ဆံတွေ တစ်ကိုယ်လုံး တိုးလို့တွဲလောင်း ဆွဲလို့။

တော်ကြာ ဘာနဂါးမယ်တော်ဆိုပြီး ပေါ်ပြန်ပြီ။

မော်တင်စွန်းက နဂါးကျတော့ နို့စိမ်းမှ​ကြိုက်ပြန်သတဲ့။

ကြက်ကို အစိမ်းစားတဲ့ နတ်ကတော်တောင် ရှိသေး။

ဘယ်မှာပေါ်တော်မူဆိုပြီး ရွှံ့ရေတွေကို အလုအယက်သောက်ကြ။ ကမ်းကို ကုန်နေရောခင်ဗျာ။

ရူးလည်းရူးနိုင်ကြတဲ့သူတွေ။

 

ကျွန်ုပ်တို့ငယ်ငယ်ကလည်း သည်လိုဟာမျိုးတွေ ရှိတာပါဘဲ။ သို့ပေသိ အခုလောက် ရုပ်ပျက်ဆင်းပျက်မနိုင်။ အခုကတော့ လွန်သည့်ဘက်ကို ဟိုဘက် ဆယ်ဘူတာလောက် လွန်နေပါသေးသည်။

 

ဆိုတော့ ကျွန်ုပ်တို့ပြည်သူများ အနိုင်ရကာ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ပြီဆိုလျင် သည် မဟုတ်တန်းလျား တွေကို ဖယ်ရှားပစ်ဘို့၊ မြန်မာပြည်သားများ၏ ဖောက်လွဲဖောက်ပြန် အယူအဆများကို ရှင်းလင်းပစ်ဘို့၊ လူချင်းတူတူ၊ သူချင်းမျှမျှ တွေးတတ်ခေါ်တတ် ကြံစည်တတ်လာကြဘို့၊ ပညာဆိုတာ ဘာ ဆိုတာ သိတတ်လာကြဘို့၊ ပညာကို တန်ဘိုးထားပြီး လေ့လာသင်ယူတတ်လာကြဘို့၊ ရရင် ဘနဖူးတောင် သိုက်တူးမည် ဆိုတဲ့ဟာတွေကို အစတုံးပစ်ဘို့၊ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တ ပြန်လည်တည်ဆောက်ဘို့ . . . ဘို့ . . . ဘို့ . . . ဘို့ စ် . . . . . .

 

လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ပြည်သူ့အကျိုးကို မှန်မှန်ကန်ကန်နှင့် စေတနာထား ဆောင်ရွက်ကြမည့် နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဘို့၊ ငါတကောကောပြီး စိတ်ထင်ရာတွေ လျှောက်လုပ်မနေကဘဲ သူများ တကာတွေ လုပ်နေတာ အတုယူပြီး ငါတို့ရော ဘယ်လိုလုပ်ကြမလဲ၊ အကြံကောင်း ဉာဏ်ကောင်းတွေနှင့် တကယ် လက်တွေ့ အလုပ်ဖြစ်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်ကာ စိတ်ကောင်း စေတနာကောင်းနှင့် နိုင်ငံတိုးတက်ရေးကို အမှန်တကယ် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ . . . ဘို့ . . . ဘို့ . . . ဘို့ စ် ခ် . . . . . .

 

၇၀ တွင်းရောက်လာပြီဖြစ်သော ကျွန်ုပ်တို့မျိုးဆက်မှာ လွန်သွားခဲ့ပြီ။ အခုက ကျွန်ုပ်တို့နောက်မျိုးဆက်။

နောင်တွင် ဆင်စီးပြီးဘွဲ့တက်ယူသော သကောင့်သားကလေးများ လက်ထဲသို့ နိုင်ငံ့အနာဂတ်ကို လွှဲအပ်ရလိမ့်မည်။

 

အင်း . . . အနှီ ဆင်စီးလာသည့် သကောင့်သားလေးတွေ၊ နတ်ဝင်သည်တွေလို ပိုက်ဆံဆွဲပြီး ဘွဲ့တက်ယူတဲ့ သကောင့်သမီးလေးတွေလက်ထဲသာ တိုင်းပြည်၏ ကံကြမ္မာကို ထိုးအပ်လိုက်လို့ကတော့ ဗျိုင်းနားဘုရင်ထက် ဆိုးလိမ့်မည်။

 

အေးငြိမ်း

၂၅ ဖေဖော်ဝါရီလ၊ ၂၀၂၆

 


 


 


No comments: