Thursday, February 26, 2026

ကျွန်ုပ်တို့ ဗီယက်နမ်၌ ပျော်မြူးခဲ့ကြပုံ အကြောင်း_၂

၂။ မြန်မာအစားအစာများနှင့် သိပ်မကွာလှသော ဗီယက်နမ်က အစားအသောက်များ

 

ကျွန်ုပ်တို့သည် ကမ္ဘာ့ဈေးအကြီးဆုံးနိုင်ငံတွင် နေထိုင်ကြကုန်သည်ဖြစ်၍ တခါတရံ သိပ်မဖွံ့ဖြိုးသေးသော တိုင်းပြည်များသို့သွားကာ (ဝေဿန္တရာမင်းကြီးကို အားကျသည်လည်း တကြောင်း) အလှူအတန်းများ ပေးလေ့ရှိ၏။ သွားခဲ့ဖူးသမျှသော ခရီးများအားလုံးတွင် ဗီယက်နမ်၌ အလှူပေးခဲ့ရသည်မှာ အများဆုံးဖြစ်၏။ မြန်မာပြည်မှာသာဆို ထမင်းရည် ချောင်းစီး၊ မောင်းတီးပြီးတောင် လှူနိုင်ပါလိမ့်မည်။

 

ကျွန်ုပ်တို့၏ အလှူအကြောင်း မိတ်ဆွေတို့ သာဓုခေါ်နိုင်စေရန် သက်ဆိုင်ရာ အခန်းများ၌ အသေးစိတ်ပြန်လည် ဖောက်သည်ချပါမည်။

 

ရမ်းသမ်းပြီး ကျွန်ုပ် ဟိုတယ်ရွေးလိုက်တာ မှန်သွား၏။

ကျွန်ုပ်တို့တည်းခိုသည့်ဟော်တယ်မှာ လည်စရာပတ်စရာနေရာများ၏ အလယ်လောက်တွင်ရှိလေရာ မည်သည့်နေရာ သွားသွား လမ်းလျှောက်သွားလို့ ရ၏။ သို့အတွက် ကျွန်ုပ်တို့လည်း များသောအားဖြင့် လမ်းလျှောက်ကာ လည်ပတ်ကြလေသော ဟူ၏။

 

ရောက်သည့်ည၌ပင် မဟေသီဖြစ်သူက သွားကိုက်လို့ နှုတ်ချင်တယ်ဆိုလေ၏။ သားက အထွေထွေရောဂါကု ဆေးရုံက လမ်းထိပ်မှာရှိတယ်။ သွားဆေးရုံက ၇ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်တယ်ဟု ဆို၏။

 

သို့နှင့် ကျွန်ုပ်တို့လည်း မနက်စောစော ချမ်းချမ်းစီးစီး၌ သွားဆေးရုံသို့လာကြ၏။ ကျွန်ုပ်က ပုဆိုးဝတ်ကာ၊ ဂျာကင်ထပ်ဝတ်လျက် လာလေသော် သူတို့က အထူးအဆန်းလုပ် ကြည့်ကြ၏။ သားက ဖေရီးတို့အဲဒီမှာ ဆက်လုပ်နှင့်။ သားတော့ ပန်းချီဆွဲထွက်လိုက်အုံးမယ်ဟု ကျွန်ုပ်တို့ကိုထားကာ ထွက်သွားလေ၏။

 

ဗီယက်နမ်နိုင်ငံဆိုတော့ ရေးထားသမျှစာအားလုံးမှာ ဗီယက်နမ်လိုချည်း ဖြစ်လေ၏။ ကျွန်ုပ်လည်း ဘယ်သွားကာ ဘာလုပ်ရမှန်းမသိသည်နှင့် ယောင်လည်လည်ဖြစ်နေခိုက် ဆေးရုံမှ customer service ကောင်မလေးတစ်ယောက် ရောက်လာကာ မေးစမ်းသည်နှင့် ကျွန်ုပ်လည်း သွားနှုတ်လိုကြောင်းပြောပြ၍ သူလည်း အခန်းတစ်ခုသို့ ခေါ်သွား၏။ ဘာ register လုပ်တာဘာညာ၊ ဘာမှ မလို။ (ဗီယက်နမ်အများစုမှာ ယင်းဂလစ်ရှ်လို မပြောတတ်၍ ကျွန်ုပ်တို့လည်း အတန်ငယ် ဒုက္ခများခဲ့၏။ အချို့ကတော့ လည်လည်ဝယ်ဝယ် ပြောတတ်ပါသည်။ ကျွန်ုပ်တို့ကို လာခေါ်သည့် မိန်းကလေးမှာ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်၍ တော်ပါသေး၏။)

 

သူတို့က သွားကို ဓာတ်မှန်ရိုက်ကြည့်၊ သွေးစစ်ကြည့်ရမည်ဆိုသဖြင့် ကျွန်ုပ်လည်း ခေါင်းညိတ်လိုက်ရာ သူတို့က ခေါ်သွား၏။ သိပ်မကြာခင်ပြန်ရောက်လာကာ သွားက နှုတ်စရာမလို။ Root canal treatment လုပ်ရင်ရတယ်။ ၃ သန်း လောက်ကုန်မယ်ဆိုသဖြင့် ကျွန်ုပ်လည်း ပေသီးခေါက်လျက် အတန်ငယ်ရင်ထိတ်သွားကာ သားထံ message ပို့၏။ သားရေ - မေရီးသွားကိစ္စ စင်းဒေါ်လာ ၁၅၀၀ လောက်ကျမကွ ဟု ဆိုလေသော် သူက No ဟု အကြောင်းပြန်၏။ ဖေရီး currency exchange မှာ သုညတစ်လုံးလိုသွားတယ်။ စင်းဒေါ်လာ ၁၅၀ ပဲကျမှာ ဟု ပြောမှ ကျွန်ုပ်တွက်ထားတာ ပြန်ကြည့်။ ဟုတ်ပ။ စင်းတစ်ဒေါ်လာ ၂၀,၀၀၀ ကို ကျွန်ုပ်က ၂၀၀၀ နှင့်တွက်ထားတာဖြစ်၏။ ထိုအခါကျမှ ကျွန်ုပ်လည်း ရင်ထဲမှ အလုံးကြီးကျကာ root canal treatment လုပ်မယ်ဟု သဘောတူလိုက်၏။ ၁၅၀၀ လောက်ကုန်မယ်ဆိုတော့ အမျိုးသမီးလည်း မျက်စိပျက် မျက်နှာပျက် ဖြစ်နေ၏။ နောက် ၁၅၀ ဆိုတော့မှ ပြုံးနိုင်ရယ်နိုင် ဖြစ်လာလေသည်။ ကျွန်ုပ် ဆိုသည်မှာလည်း ဤကဲ့သို့ နည်းနည်းလေးမှ မလွဲလိုက်ရလျင် စားမဝင် အိပ်မပျော်တတ်။

 

ကျွန်ုပ်က ပုဆိုးဝတ်သွားလို့ နိုင်ငံခြားသားမှန်းသိလို့များ ဦးစားပေးလုပ်လေသလား မပြောတတ်။ သူတို့လုပ်တာ အတော် မြန်၏။ ကျွန်ုပ်တို့ ဆေးရုံရောက်သွားသည်မှ ပြန်ထွက်လာသည်ထိ ၃ နာရီမျှသာ ကြာ၏။ နောက်ထပ် ၁ နာရီလောက် ဘာမှ မစားနဲ့ဦး ဆို၍ ကျွန်ုပ်တို့လည်း နေ့လယ်စာမစားသေးဘဲ ဟိုဟိုသည်သည် လျှောက်ကြည့်ကြ၏။

 

လမ်းဘေးတွင် အဖွားကြီးများ အသီးအနှံများကို ဗန်းကလေးများဖြင့် ချရောင်းနေတာ တွေ့ရ၍ ကျွန်ုပ်လည်း စိတ်ဝင်စားသည်နှင့် အာတာလွတ်ဥ၊ ပိန်းဥ နှင့် ပိန်းရွက်များဖြင့် ထုပ်ထားသည့် ကောက်ညှင်းထုပ်လိုဟာလေးများ ဝယ်ခဲ့၏။ ဗီယက်နမ်တွင် ပိန်းဥ၊ ကန်စွန်းဥ၊ ပီလောပီနံဥ၊ ဩဇာသီး၊ ငှက်ပျောသီး၊ အုန်းသီး၊ မာလကာသီး၊ သရက်သီး၊ သင်္ဘောသီး၊ ကျွဲကောသီး၊ ဖရဲသီး၊ စပျစ်သီး စသည့် အသီးအနှံများအပြင် ကောက်ညှင်းကျည်တောက်၊ အီကြာကွေး စသော မြန်မာပြည်မှ အစားအသောက် အတော်များများကို တွေ့ရ၏။ ပြောင်းဖူးပြုတ်၊ ကန်စွန်းဥပြုတ်များကိုလည်း အချိန်နှင့်ရောင်း၏။

 

ပိန်းရွက်နှင့်ထုပ်ထားသည်များမှာ ဘာတွေမှန်း သေသေချာချာ မပြောတတ်။ မြန်မာမုန့်ဆန်းနှင့် အနံ့ရော အရသာပါ အတူတူပင်ဖြစ်၏။ သို့သော် မြန်မာမုန့်ဆန်းလို စပါးကို ထောင်းထားတာတော့ မဟုတ်။ အုန်းသီးခြစ်လေးလည်း ပါ၏။

 

နောက်ပြီး သူတို့ ဩဇာသီးမှာ မြန်မာဩဇာသီးထက် အသားပိုများ၏။ အစေ့ထုတ်ရတာလည်း ပိုလွယ်၏။ အစေ့များမှာ အူတိုင်နားတွင် စုပြုံ ကပ်နေကြတာဖြစ်၏။ အစေ့အားလုံးကို အလွယ်တကူထုတ်ပြီး အသားချည်း စားလို့ရ၏။ သို့သော် ကျွန်ုပ်စိတ်ထင် မြန်မာဩဇာသီးက ပိုအရသာရှိ၏။ အာတာလွတ်ဥမှာမူ မြန်မာအာတာလွတ်ဥနှင့် အတူတူပင် ဖြစ်၏။ ကောက်ညှင်းကျည်ထောက်မှာလည်း မြန်မာကောက်ညှင်းကျည်တောက်လိုပင် စားလို့ကောင်း၏။ ဈေးလည်း သက်သာ ပါသည်။ ပလောပီနံဥမှာလည်း စီးစီးလေးနှင့် စားလို့အရသာရှိပါသည်။

 

သူတို့လည်း မြန်မာပြည်မှာလို ကြံချောင်းကလေးများကို ကြိတ်စက်နှင့်ကြိတ်၍ ကြံရည်ရောင်းကြ၏။ ကျွန်ုပ်မူကား ဆီးချိုရှိသဖြင့် သူတို့ကြံရည်ကို မမြည်းခဲ့ရ။ သို့သော် ကျွန်ုပ်သောက်ခဲ့ရသမျှသော အုန်းရည်များထဲ၌ ဗီယက်နမ် အုန်းရည်မှာ အချိုဆုံးနှင့် အရသာအရှိဆုံး ဖြစ်၏။ (ဤတွင် စကားဖြတ်၍ ပြောရလျင် အုန်းရည်မှာ ကျွန်ုပ် အကြိုက်ဆုံး အရည်များထဲမှ တစ်ခုဖြစ်လေရာ ကျွန်ုပ်ရောက်သည့်နေရာတိုင်း၌ အုန်းရည်သောက်လေ့ရှိပါသည်။ ဤကား စကားချပ်)

 

ယခင်အခါကာလများကမူ ထိုင်းအုန်းရည်ကို နံပါတ် ၁ ထားခဲ့ရာ ဗီယက်နမ်အုန်းရည်မှာ ထိုင်းအုန်းရည်ထက် ပိုကောင်းတာ ယခုမှ​သိရ၏။ အုန်းရည်ထဲ၌ အင်ဒိုနီးရှားအုန်းရည်သည်ကား ချာတူး အလန်ဆုံးဖြစ်သတည်း။

 

ဈေးကတော့ ဗီယက်နမ်အုန်းရည်မှာ စင်းဒေါ်လာ ၃ ဒေါ်လာမျှဖြစ်၏။ ကျွန်ုပ်တို့ ဘန်ကောက် သွားစဉ်က သောက်ခဲ့သည့် အုန်းရည်ဈေးမှာလည်း စင်ကာပူကဈေးနှင့် အတူတူလောက်ပင် ဖြစ်၏။ ဟနွိုင်းမှ ပစ္စည်းဈေးနှုန်း များမှာ များစွာ သက်သာပါသည်။

 

ဘီယာဈေးသည် ဖျော်ရည်များထက် ပိုသက်သာ၏။ ဘီယာတစ်ပုလင်းကို စင်းဒေါ်လာ ၂.၅ ဒေါ်လာမျှဖြစ်၏။ ကျွန်ုပ်လည်း နေ့တိုင်းလိုလို ဘီယာသောက်လေသော ဟူ၏။ နာမည်ကြီး ဘတ်ဒ်ဝိုက်ဇာကိုလည်း ဈေးသက်သက်သာသာနှင့် သောက်ခဲ့၏။ အုန်းရည်နဲ့ ဘီယာသောက်ရအောင် ဟနွိုင်ကို နောက်တစ်ခေါက် ထပ်သွားပါဦးမည်။ အဟိ

 

သူတို့လည်း မြန်မာများကဲ့သို့ လမ်းဘေး၌ ဆိုင်များဖွင့်ကာ မြန်မာများ လဖက်ရည်ဆိုင် ထိုင်သကဲ့သို့ ခုံပုကလေးများဖြင့် ထိုင်ကာ စားကြသောက်ကြ၊ စကားတင်းဆိုကြ၏။ ဘာတွေများ သောက်နေကြသလဲ စေ့ငုကြည့်တော့ သူတို့သောက်တာ ကော်ဖီလည်းမဟုတ်၊ လဖက်ရည်လည်းမဟုတ်။ သံပုရာရည်ကဲ့သို့ အရည်ခပ်စိမ်းစိမ်းများကို ဖန်ခွက်များနှင့် ထည့်သောက်နေကြတာ ဖြစ်၏။

 

အစားအသောက်မှာလည်း စွပ်ပြုတ်များနှင့် ခေါက်ဆွဲပြုတ်များ စားကြ၏။ ဘဲသား၊ ကြက်သား၊ အမဲသားခေါက်ဆွဲများ စားကြရာ ကျွန်ုပ်တို့လည်း ခေါက်ဆွဲပြုတ်နှင့် နေ့စာညစာ နပန်းလုံးရလေသော ဟူ၏။ ထို့ပြင် ကြက်သားဆန်ပြုတ်၊ ဘဲသားဆန်ပြုတ်နှင့် ဝက်သားဆန်ပြုတ်များလည်း ရပါသေးသည်။ မြန်မာတွေလို ဆန်ပြုတ်ကို အီကြာကွေးထည့် သောက်ကြတာလည်း တွေ့ရ၏။ ကျွန်ုပ်အဖို့မူ စားစရာများ များပြားလှသဖြင့် အီကြာဆန်ပြုတ်ကို မြည်းမစမ်းခဲ့ရ။

 

နောက်ပြီးတော့ ပေါင်မုန့်အဆာသွတ် Banh Mi ကိုလည်း ဆိုင်တိုင်းလိုလို၌ တွေ့ရသဖြင့် Banh Mi မှာ လူစားများသည့် အစားအစာတစ်မျိုးဟု ယူဆနိုင်ပါသည်။ သားကလည်း Banh Mi ပဲ မှာစား၏။ နိုင်ငံခြားသားခရီးသွားများ လာသဖြင့် Banh Mi ကို ဆိုင်တိုင်း၌ ရောင်းတာလည်း ဖြစ်နိုင်ပါ၏။ Banh Mi ဈေးမှာ ကော်ဖီတစ်ခွက်စာလောက်သာ ရှိသဖြင့် ဈေးသက်သာသည်ဟု ဆိုနိုင်ပါသည်။

 

ကော်ဖီကိုမူ ဒီဇိုင်းမျိုးစုံနှင့် ရပါသည်။ ကျွန်ုပ်ကလည်း ကော်ဖီသမား ဖြစ်လေရာ ဗီယက်နမ်ကော်ဖီ အတော်များများကို မြည်းစမ်းကြည့်ခဲ့၏။ မြည်းစမ်းကြည့်နိုင်သော ကော်ဖီများမှာ ကြက်ဥကော်ဖီ၊ ဆားခတ်ထားသော မလိုင်ကော်ဖီ၊ ဆစ်လဗားကော်ဖီ၊ ဘလက်ကော်ဖီ၊ နို့ကော်ဖီ၊ ဒိန်ချဉ်ကော်ဖီ၊ အုန်းနို့ကော်ဖီ၊ ကပူချီနို စသည်တို့ဖြစ်၏။ ကျွန်ုပ် ဆားကော်ဖီ မှာသောက်ကြည့်တာ ငံညိညိနှင့် မစွံလှပါ။ ထို့အတူ အုန်းနို့ကော်ဖီမှာလည်း အုန်းနို့အရသာပေါ်နေပြီး ကော်ဖီအရသာ ပျက်သွားသဖြင့် ကော်ဖီကြိုက်သူများအနေနှင့် သိပ်မမိုက်ပါ။ ကပူချီနိုမှာမူ သောက်လို့ကောင်းပါသည်။

 

 

 

 

   

ဗီယက်နမ်ထမင်းမှာ စားလို့ကောင်းလှ၏။ စားလို့ အလွန်အရသာရှိပါသည်။ ဆိုင်က အစားအသောက်စာရင်းမှာ steamed rice တွေ့လို့ ရေနွေးနဲ့ပေါင်းထားသည့် ထမင်းမှတ်ပြီး မှာလိုက်၏။ သူက ထမင်းမဟုတ်ပါ။ ၎င်းမှာ အချို့က ဆန်ပြားဟုလည်းကောင်း၊ အချို့က ခေါက်ဆွဲပြားဟုလည်းကောင်း၊ အချို့မှာမူ နန်းပြားဟုလည်းကောင်း ခေါ်သည့် ဆန်ခေါက်ဆွဲအပြား ဖြစ်၏။ နူးနူးညံ့ညံ့ အိအိလေးနှင့် စားလို့ကောင်းပါသည်။

 

မိတ်ဆွေတို့ လေ့လာနိုင်စေရန် အစားအသောက် ဈေးနှုန်းများ တင်ပေးလိုက်ပါသည်။

(ဘန်ကောက်မသွားဘဲ ဟနွိုင်သွား နေချင်နေလို့ရအောင်ပေါ့။ )

 

အပိုင်း (၃) ဆက်ရန် 

 

No comments: