Thursday, February 26, 2026

မြန်မာစာ၊ မြန်မာမှု

(၁)

 

ကျွန်ုပ် စိတ်ကူးချိုချိုမှထုတ်သော မြန်မာစာ၊ မြန်မာမှုကို ဖတ်ရ၏။

စာအုပ်ကလေးမှာ သိပ်ပင်မကြီးလှသော်လည်း အင်မတန် အဖိုးတန်သောစာများ ဖြစ်၏။

 

ထိုစာအုပ်ထဲတွင် -

မြန်မာစကားအကြောင်း၊ မြန်မာစကားပြေအကြောင်း၊ မြန်မာပြဇာတ်စာပေအကြောင်း၊ မြန်မာကဗျာအကြောင်း၊ မြန်မာဝတ္ထုတိုအကြောင်း၊ မြန်မာဝတ္ထုအကြောင်း၊ မြန်မာသတင်းစာအကြောင်း၊ မြန်မာမဂ္ဂဇင်းအကြောင်း၊ မြန်မာစာပေသမိုင်းအစ စသည်တို့ပါ၏။

မြန်မာစာအကြောင်း စိတ်ဝင်စားသူတို့ ဤစာအုပ်ကလေးကို ဖတ်သင့်လှ၏။

ဤစာအုပ်၌ မြန်မာစာ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်း လေ့လာခွင့်ရမည်။

 

ဤသည်တို့မှာ ဆရာကြီးများ ပြုစုထားသည့် စာတမ်းများ ဖြစ်၏။

ကျွန်ုပ် ဆရာကြီးဦးဝန် (မင်းသုဝဏ်) ၏ မြန်မာစကားအကြောင်းကို ဖတ်တာ ဆယ်ရက်၊ နှစ်ပတ်လောက် ဖတ်ရ၏။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး၏ စာတမ်းထဲ၌ သိစရာ၊ တတ်စရာ၊ မှတ်စရာ၊ လေ့လာစရာတွေ များလှ၏။ ဤသိစရာများကိုကျော်ပြီး ကျွန်ုပ် ရှေ့ဆက်မသွားနိုင်။

 

ဥပမာ - စာတမ်းထဲ၌ “ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့၊ အပိုဒ် ၂ တွင် “အိန့်၊ မိန့်၊ ထိန့်” ရေးထုံးကို ‘သံမြတ်သာအိန့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဖွယ်’ ဟု စပ်ထုံးပြုခဲ့သည်” ဟု ပါရှိရာ ကျွန်တော် ကိုးခန်းပျို့ကို ရှာဖတ်ရပြန်ပါ၏။

 

ကျွန်ုပ် ကိုးခန်းပျို့ကို ဖတ်စဉ်က ထိုလင်္ကာများမှာ မြန်မာစာလုံးပေါင်းနှင့် သက်ဆိုင်နေကြောင်း မသိခဲ့။ ဆရာကြီး ရှင်းပြမှ နားလည်ရ၏။

 

“. . . ၊ ဟတ္ထိပါလာ၊ ဇာတကကို၊ လင်းပြထင်စွာ၊ ဟောပိမ့်ငှာတည့်၊ ကာယာနုတ္ထ၊ စသည်မေးရှောင်း၊ သို့အကြောင်းဟု၊ ထေရ်ပေါင်းပရိသတ်၊ ပြန်လျှောက်လတ်သော်၊ သံမြတ်သာအိမ့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဘွယ်၊ ဇမ္ဗူလယ်၌၊ သုံးဆယ်စုံအင်၊ ဖြည့်ကျိုးထင်သည်၊ . . .”

 

ထို့နောက် -

“ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲပိုဒ်များ၊ . . .” ဟု သံဝရပျို့ အပိုဒ် ၁၅၄ မှစကာ ဖွဲ့ဆိုပြသည် ဆိုပြန်တော့ သံဝရပျို့ကို ရှာဖတ်ရပြန်၏။

 

ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင် က ပိုဒ်ရေ ၁၆၅ ကျမှ လာ၏။

၁၆၅။ ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲ့ပိုဒ်များ၊ ဆယ့်တစ်ပါးကို၊ မင်းသားသံဝရ၊ မိန့်ဟန်ပြ၏။ အချသည်တု၊ ကြွင်းကျန်ရှုသော်၊ တခုကိုမျှ၊ ဘယ်သူရအံ့၊ ဤမှရွေ့မွေ့၊ ကြွေလည်းဝဆွဲ၊ မကွဲငွေ့တူ၊ ဟူလင့်ကစား၊ နှစ်ပါးယှဉ်ထ၊ ဟရမလို၊ ဝကိုချည်းသာ၊ ဧကာရန္တ၊ မြန်မာ့အမှု၊ မှတ်တခုဖြင့်၊ စေ့ငုရှာဖွေ၊ ရတတ်စေလော့၊ ကြံနေသင်းသီး၊ သည်ကိုမှီး၍၊ အသီးဆန်းပြား၊ ချဘွယ်များလည်း၊ မရှားလေသေး၊ သပ်ကြောင်းပေးသည်။        နည်းရှေးဥပဒေသတည်း။

 

အမှန်ကိုဆိုရလျှင် ဤစာများကို ကျွန်ုပ်အနေနှင့် လုံးစေ့ပတ်စေ့ နားလည်သလားဆိုတော့ နားမလည်ပါ။

ဤစာများမှာ အမှန်တကယ် တတ်သိနားလည်သော ဆရာတစ်ဦးက မသင်ပြမပေးမချင်း အကုန်အစင် သိနားလည်ဘို့ မလွယ်လှပါ။

 

ဤစာတမ်း၌ မြန်မာစကားနှင့် အခြားဘာသာစကားများ ဆက်စပ်နေပုံ၊ အခြားဘာသာများမှ ဆင်းသက်လာသည့် မြန်မာ စကားလုံးများ အကြောင်း စသည်တို့ကို အတော် စုံစုံလင်လင် ဖော်ပြထား၏။ ရှေးပညာရှိကြီးများ ပြုစုခဲ့သည့် မြန်မာ စကား၊ မြန်မာစာဆိုင်ရာ စာအုပ်များအကြောင်းကိုလည်း အတော် ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။

 

ရှေးက ပညာရှိကြီးများသည် မြန်မာစာ ရေးသားရာတွင် သတ်ပုံမှန်ကန်ရေးကို အထူး ဂရုပြုခဲ့ကြ၏။ သတ်ပုံကျမ်းများစွာ ကိုလည်း ပြုစုခဲ့ကြရာ အချို့မှာ အောက်ပါတို့ဖြစ်၏။

 

အသျှင်ဥက္ကံသမာလာ ၏ ဝဏ္ဏဗောဓနသတ်အင်း

ဒုတိယကျော်အောင်စံထားဆရာတော် ၏ ဝေါဟာရတ္ထပကာသနီကျမ်း

လှေသင်းအတွင်းဝန် ဦးချိန် ၏ ဝေါဟာရလိနတ္ထဒီပနီကျမ်း

စိန္တကျော်သူ ဦးဩ ၏ ကဝိလက္ခဏာသတ်ပုံကျမ်း

လက်ဝဲနော်ရထာ ၏ မြန်မာသံယောဂဒီပနီကျမ်း

ဦးကျော်ထွန်း ၏ ကဝိမျက်မှန် သတ်ပုံကျမ်း

 

ထိုမျှသာမကသေး။ ဆရာကြီးဦးဖိုးလတ်က မြန်မာစကား အဖွင့်ကျမ်းကို ပြုစုခဲ့၏။ သူ့ခေတ်သူ့အခါအလိုက်ပေါ်ခဲ့သော ဘန်းစကားများကိုလည်း စာတစ်စောင် ပေတစ်ဖွဲ့ ပြုစုခဲ့ကြ၏။

 

ယခုခေတ်တွင်လည်း ကွီး၊ ဘွီး၊​ စဆရက၊ သူကတော့ ခပ်ချေချေပဲ၊ ဂျင်းထည့်သည်၊ မူစကူဒူးသည်စသည့် ဘန်းစကား အများအပြား ပေါ်ပေါက်လျက် ရှိရာ ၎င်းတို့ကို စုစည်း၍ စာတစ်စောင် ပေတဖွဲ့ ပြုစုသင့်လှ၏။ အဲလေ ပြုစုထားသည့် စာအုပ်များပင် ထွက်ချင် ထွက်နေပါလိမ့်မည်။ ကျွန်ုပ်မသိတာလည်း ဖြစ်နိုင်ပါ၏။

 

(၂)

 

မြန်မာစကားပြေ အကြောင်းကို ဆရာဇော်ဂျီက တင်ပြထား၏။ ဆရာကြီးက မြန်မာစကားပြေ ဖြစ်ထွန်းပေါ်ပေါက်လာပုံ နှင့် ပတ်သက်၍ ဝါဒရေးရာ၊ မျက်မှောက်ခေတ် အဖြစ်အပျက်၊ လူမှုပြဿနာ၊ မြန်မာတိုင်းရင်းသား စသဖြင့် အစုများ ဖွဲ့ကာ တင်ပြထားပုံမှာ နှစ်သက်ဖွယ်ဖြစ်၏။

 

သို့သော် ကျွန်ုပ်စိတ်ကို စနောင့်စနင်းဖြစ်စရာ စာအချို့လည်း ပါ၏။ အခြားမဟုတ်ပါ။ ဆရာဦးဝင်းမွန်နှင့် ဦးဇော်မြင့်တို့ တင်သွင်းသော မြန်မာကဗျာစာတမ်း အဆုံး၌ . . .

 

“ဤစာတမ်းရှင်များကား ကိုယ့်ပြည်သူနှင့် ကိုယ့်ပြည်သူအရေးအခင်းကိစ္စ အဓိကဝါဒီများဖြစ်ပါသည်။ ကိုယ့်ပြည်သူ တစ်ရပ်လုံး၏ အရေးအခင်းကိစ္စဟုဆိုအပ်သော (၁) နယ်ချဲ့ဆန့်ကျင်ရေး (၂) အမျိုးသားစည်းလုံးညီညွတ်ရေး (၃) ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကိစ္စများကိုသာ အဓိကအာရုံစိုက်၍ မဏ္ဍိုင်ဗဟိုပြု၍ ရှေ့တန်းတင်၍ ရေးဖွဲ့သော ကဗျာများ ပေါ်ထွက်လာစေရန် ဆန္ဒပြုနေသူများ ဖြစ်ပါသည်။

 

 

“နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဟူသော လုပ်ငန်းစဉ်သုံးရပ် ချမှတ်၍ ကဗျာများ၊ ဝေဖန်ရေးဆရာများ၊ သဘောတရားပညာရှင်များနှင့် ကဗျာချစ်မြတ်နိုးသော ပြည်သူများ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့” . . . ဟု ဖော်ပြထား၏။

 

ကဗျာဆိုသည်မှာ တစ်ခုခုအပေါ် ကဗျာဆရာ၏ ရင်တွင်းခံစားချက်ကို ဖွဲ့ဆိုထားတာဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ သို့ဖြစ်၍ ကဗျာဖွဲ့ဆိုခြင်းကို အထက်ပါလုပ်ငန်းစဉ်သုံးရပ်နှင့် ဘောင်ခတ်လိုက်လျင် ကဗျာ့နယ်ပယ်သည် အလွန် ကျဉ်းမြောင်းသွားလိမ့်မည် ထင်ပါသည်။ ထိုဘောင်သုံးရပ်ထဲမဝင်လျင် ကဗျာမဖွဲ့ရတော့ပြီလောဟုလည်း မရဲတရဲ တွေးမိပါသည်။ ဆရာကြီးတို့ မြန်မာကဗျာများ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်းကို ခေတ်အလိုက်ခွဲပြီး တင်ပြထားသည် တို့မှာ အလွန် ကောင်းပါသည်။ သို့တိုင် နောက်ဆုံးကောက်ချက်ချပုံကိုတော့ဖြင့် အကျွန်ုပ် သဘောမကျလှပါ။

 

ကျွန်ုပ်သည် ကဗျာချစ်သူဖြစ်၍ ဟို့ ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကတည်းက မဂ္ဂဇင်းပါ ကဗျာများကို ဗလာစာအုပ်၌ ကူးယူ ရေးမှတ်ခဲ့သူ၊ ကြီးလာသည့်အခါ ကဗျာစာအုပ်များကို ဝယ်ယူစုဆောင်း ဖတ်ရှုခဲ့သူ ဖြစ်၏။ ကျွန်ုပ်က ရှေးက ကဗျာများကိုလည်း ကြိုက်၏။​ ခေတ်ပေါ်ကဗျာများကိုလည်း နှစ်သက်၏။

 

ကျွန်ုပ်ထံတွင် မုဒုလက္ခဏပျို့၊ သံဝရပျို့၊ လောကသာရပျို့၊ နတ်သျှင်နောင် ရတုပေါင်းချုပ် အစ၊ လှေတစ်စင်းနှင့် သီချင်းသည်၊ ဗေဒါလမ်း၊ ဂီတဉ္ဖလီ၊ ဘောင်းဘီဝတ်မိုးတိမ်၊ ထင်းရူးပင်ရိပ်၊ ဟိုက္ကူကဗျာ မြည်းစရာ၊ မောင်ခွေးဘို့ ကဗျာများ၊ ထီလာစစ်သူ၏ ကဗျာပေါင်းချုပ် အလယ်၊ သမုဒယခြေရာ ကဗျာများ၊ ရှင်မရေ၊ Kဇော် ၁၀၀၊ မင်းကအောင်ချိမ့်လား အဆုံး ကဗျာစာအုပ် အတော်များများ ရှိ၏။ ငယ်ငယ်က ကျောင်းသုံး ဗလာစာအုပ်တွင် လက်ရေးနှင့် ကူးယူခဲ့သော ကဗျာများလည်း အတော်များ၏။ မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာသစ်ကို ကူးယူခဲ့တာ အရွက် ၆၀ ဗလာစာအုပ် တစ်အုပ်မကပါ။ (ကျွန်ုပ်မှာ ငယ်စဉ်က စာအုပ်ဝယ်ရလောက်အောင် ပိုက်ဆံမပိုခဲ့။)

 

အထက်တွင်ဖော်ပြခဲ့သည့် ဆရာကြီးတို့၏ ပေတံ ၃ ခုနှင့်သာ တိုင်းလိုက်ပါက ကျွန်ုပ်လက်ထဲမှ ထိုကဗျာများမှာ တစ်ခုမှတောင် သုံးလို့ရတော့မည် မဟုတ်။

 

ဆရာကြီးတို့ပြောသလို -

‘သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊ . . . .” စသည့်

တိုင်းကျိုးပြည်ပြု ကဗျာများလည်း လိုအပ်သကဲ့သို့ . . .

 

‘တောစံပယ်ဖြူ၊ ဝတ်မှုန်ကျင်းတဲ့ သင်းကျူကျူကို၊ လေခြူလို့လွှင့်၊ ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျို ကူသံဆင့်ပေလိမ့် . . .” စသည့် ကဗျာများလည်း အမှန်တကယ်ပင် လိုအပ်လှပါသည်။

 

(၃)

 

ကျွန်ုပ် သဘောအကျဆုံးမှာကား စာတမ်းရှင်တို့က ၎င်းတို့ရည်ညွှန်းကိုးကားခဲ့သည့် စာအုပ်များကို စာရင်းပြုစုပေး ထားရာ ကျွန်ုပ်မှာ ဖတ်စရာစာအုပ်စာရင်းကို အလိုအလျောက် စုပြီးဆောင်းပြီးသား ဖြစ်တော့၏။ ကျွန်ုပ်မှာ လောဘကြီးသူ ဖြစ်ရကား ကွန်ပြူတာ၌ စာအုပ်သုံးအုပ်လောက်ဖွင့်လျက် တပြိုင်နက် တစ်အုပ်ပြီးတစ်အုပ် ဖတ်သော ဟူ၏။ ထို့ပြင် စာတစ်အုပ်ကို ကွန်ပြူတာနှင့် ဖုန်း၌ သွင်းထားကာ ကွန်ပြူတာနှင့် ဖတ်ခွင့်ကြုံလျင် ကွန်ပြူတာနှင့် ဖတ်၏။ ကားရထားစီးသည့်အခါ၊ စောင့်သည့်အခါများ၌ ဖုန်းဖြင့် ဖတ်၏။ ကျောပိုးအိတ်ထဲ၌လည်း စာတစ်အုပ် အမြဲပါ၏။

 

မြန်မာစာ မြန်မာမှု စာအုပ်ကလေးမှာ စာမျက်နှာ ၃၀၀ ပင် မပြည့်တတ်သော်လည်း ကျွန်ုပ်မှာ တစ်လကျော်လောက် ဖတ်ယူရ၏။ အဘယ်ကြောင့် ထိုမျှကြာရသနည်းဟူမူ အထက်၌ ဖော်ပြခဲ့သလို စာတမ်းထဲ၌ စာတစ်အုပ်ကို ရည်ညွှန်း လိုက်၊ လိုက်ရှာဖတ်လိုက် လုပ်နေသောကြောင့် ဖြစ်၏။

 

စာပေဝါသနာပါသူများ ဖတ်ကြည့်ကြပါရန် ထပ်မံတိုက်တွန်းလိုက်ပါ၏။

 

အေးငြိမ်း

၂၆ ဖေဖော်ဝါရီလ၊ ၂၀၂၆

 




 


No comments: