ကျွန်ုပ်တို့ လေးမျက်နှာမှာနေစဉ် ငဝန်မြစ်ကမ်းပါးများ အသားကုန် ပြိုလေ၏။ ကျွန်ုပ်တို့အိမ်မှာ မြစ်ကမ်းဘက်၌ ရှိသဖြင့် အန္တရာယ်ကင်းစေရန် တာအတွင်းဘက်ရှိ ဦးကြီးကျင်ပျိုတို့အိမ်သို့ ရွှေ့နေကြရလေ၏။ ညဘက်တွင် ဦးကြီးကျင်ပျိုက ကျွန်ုပ်တို့ကို မှတ်စရာသားစရာများ ပြောပြရာ ထိုအထဲမှ ဗျိုင်းနားဘုရင်အကြောင်းကို ယခုတိုင် ကျွန်ုပ် မှတ်မိနေပါ သေး၏။
ဗျိုင်းနားဘုရင်အကြောင်း အတိုချုပ်ပြောပြရလျင် အောက်ပါအတိုင်း ဖြစ်၏။
တောစွန်အုံဖုတ် ဇနပုဒ်တစ်ခု၌ ထင်းခုတ်ပြီး အသက်မွေးရသော ထင်းခုတ်သမား သားအဖရှိသတတ်။
ရွာဦးဘုန်းတော်ကြီးမှာ စိန်ဗေဒါထက် လက်သံပြောင်သူဖြစ်၍ သားဖြစ်သူမှာ ဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်း ဘယ်သင်းသွားမလဲဆိုလျင် သင်္ချိုင်းကို ရွေးမည့်သူဖြစ်ရကား ဘယ်လိုမှ ကျောင်းကိုပို့လို့မရချေ။
သားဖြစ်သူမောင်ပေါချာမှာ စာမတတ်သည့်ပြင်၊ ပေါလည်းပေါ၏၊ ချာလည်းချာ၏၊ နုံလည်းနုံကာ ဖျင်းလည်း ဖျင်းလေ၏။
တစ်နေ့ ၎င်းတို့ထင်းခုတ်နေကြစဉ် မောင်းထုကြေငြာနေသည့်အသံကို ကြားရလေ၏။
“တိုင်းသူပြည်သား လူအများတို့လေး . . . . ဒူ . . . ဝူ ဟူ ဟူ ဟူ . . .”
အဘ အဘ၊ အဲဒါ ဘာတွေကြော်ငြာနေတာလဲဗျ။
ငါတို့ ဗာရာဏသီပြည် ဘုရင်ကြီးနတ်ရွာစံတော့ သမီးတော်တစ်ဦးပဲ ကျန်သတဲ့ကွ။ သမီးတော်က ဘုရင်လုပ်လို့ မရတော့ ဘုရင်လောင်းရွေးပွဲကို တက်နိုင်သူတွေ တက်ကြဘို့ မောင်းထုပြီး အတိုင်းတိုင်းအပြည်ပြည် လှည့်ကြေငြာနေတာလကွ။
ဟာ အဘ၊ ဟန်ကျတာပဲ။ ဘုရင်သာဖြစ်လို့ကတော့ ပွပြီ။ လုပ်ချင်တာ လုပ်စမ်း။ ကျွန်တော် အဲဒီပွဲကို သွားမယ်။
ဟကောင်၊ ဟိုက မင်းညီမင်းသားတွေလာပြီး အရွေးခံမှာ။ မင့်လို စာမတတ်၊ ပေမတတ်၊ ငတုံးငအကောင်ကို ဘယ်သူ အဖက်လုပ်မတုံး။ မသွားပါနဲ့ ငါ့သားရယ်။ မတော် မင်း မဟုတ်တာတွေ လုပ်မိရင် အသတ်ခံနေရပါအုံးမကွာ။
အို အဘကလည်း၊ လှံထမ်းလာတာသာ မြင်ရတယ်။ ကံထမ်းလာတာ မမြင်ရဘူး ဆိုသကိုးဗျ။ မတော် ကျွန်တော့်ကို ကြင်ယာတော်အနေနဲ့ အရွေးခံရရင် အဘ ဘုရင့်အဖေအနေနဲ့ အေးအေးသာထိုင်စားပေရော့။ ခုလို ပင်ပင်ပန်းပန်း ထင်းခုတ်နေစရာ မလိုတော့ဘူး။
မည်ကဲ့သို့မှ ပြောမရသည့်အဆုံး အဖေအိုကြီးမှာ သား ရူးရူးမိုက်မိုက်လုပ်တာကို လက်ပိုက်ကြည့်နေလိုက်ရ လေတော့၏။
မင်းသမီးကြင်ယာတော် ရွေးမည့်နေ့တွင် အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားများမှာ ဂျာမဏီ၊ ပြင်သစ်နှင့် စိန့်တိုင်းပြည်ဖြစ် အကောင်းစား အထည်များ ဝတ်ဆင်ကာ ဆင်များ၊ မြင်းများစီးလျက် ဘွဲ့နှင်းသဘင်သို့တက်ရောက် (ဟုတ်ပေါင် မွှားကုန်ပြီ) ကြင်ယာတော် ရွေးပွဲသို့ ချွေယံသင်းပင်းများနှင့် ချီတက်လာကြလေ၏။
အပြောကြီးလှသည့် မောင်ပေါချာမှာ မင်းညီမင်းသားများ ကြွချီလာသည်ကို မြင်ရသောအခါ ခန်းမနားသို့ပင် မကပ်ရဲဘဲ ခပ်လှမ်းလှမ်း သစ်ပင်တစ်ပင်ထက်သို့ တက်ကာ ကြည့်နေလေ၏။
ကြင်ယာတော် ရွေးပွဲကို အောင်ဇမ္ဗူတို့ကခဲ့သည့် MCC ခန်းမကြီးထဲ၌ ကျင်းပရာ အာဖက်အေ၊ ဒီဗွီဘီ၊ မြန်မာနောင်း၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စသည့် သတင်းဌာနများကလည်း မည်သူများ ဘုရင်ဖြစ်လိမ့်မလဲဟု စိတ်အားထက် သန်စွာဖြင့် အစောကြီးကတည်းက ရောက်နေကြလေ၏။
မင်းလောင်းရွေးရန် အချိန်ကျလေသော် ဝန်ကြီးများက မင်းသမီးကိုင်သော တစ်သျှူး (ဟုတ်ပေါင်) ထိုင်းကလာသည့် လက်ကိုင်ပဝါကို ရက်ဘလွန်ရေမွှေးဆွတ်၊ ဗျိုင်းရုပ်ချိုးပြီး မှော်သွင်းကာလွှတ်လိုက်လေ၏။
“ကိုင်း ကိုရွှေဗျိုင်း၊ မင့်မမလေးနဲ့ ထိုက်တန်တဲ့ မင်းသားကို သွားရွေးပေတော့”
လက်ကိုင်ပဝါဗျိုင်းလေးက ရှေ့ဆုံးတန်း၌ထိုင်နေသော ဇင်ဘာဘွေမင်းသားက စပြီး တစ်ယောက်ချင်းစီ သေသေ ချာချာကြည့်၊ ခေါင်းခါပြီး ဆက်သွား။ အီသီယိုးပီးယားကမင်းသားကို ကြည့်။ ခေါင်းခါပြီး ဆက်သွား။ ပူတင်၊ ထလမ့်နဲ့ ဇလန်စကီးတို့လည်း ငါ့များရွေးတော့မလားဆိုပြီး ရင်တထိတ်ထိတ်ဖြစ်။
ပထမတန်းက မင်းသားအားလုံးကုန်သွားသော် ကိုရွှေမှော်ဗျိုင်းလည်း ဒုတိယတန်းသို့ ဆက်ခဲ့ပြန်၏။ မြောက်ကိုးရီးယား ဝက်ပုတ်လည်း မျှော်လင့်တကြီးနှင့် သွားကြီးဖြဲလျက် စောင့်၏။ ကိုရွှေဗျိုင်းက လှည့်တောင် ကြည့်ဖော်မရ။
သတင်းသမားများလည်း ကင်မရာကြီးများ တကားကားဖြင့်လိုက်လေရာ မြဝတီသတင်းထောက်မှာ အာဖဂန်နစ္စတန် မင်းသား၏ ကလံကလားခြေတံကြီးကို ခလုတ်တိုက်လျက် ဟပ်ထိုးလဲကာ ရှေ့သွားနှစ်ချောင်း ကျိုးသွားလေ၏။ (ဝမ်းသာထှာ)
ဝန်ကြီး၊ မှူးကြီးမတ်ကြီးတို့မှာလည်း ရင်တထိတ်ထိတ်နှင့် လိုက်ကြ၏။ မှော်ဗျိုင်းကလေးမှာ ခန်းမထဲက မင်းသား များကို တစ်ဦးမှ မရွေးဘဲ စွပ်ကနဲ ခန်းမအပြင်ဘက်သို့ ထွက်သွားကာ သစ်ပင်ပေါ်မှ မောင်ပေါချာ၏ ခေါင်းပေါ် သွားနားလေ၏။
သတင်းထောက်များ၊ ဝန်ကြီးနှင့် မူးကြီးမတ်ရာတို့လည်း ပေါချာကို ဝိုင်းကာ ဓာ့ပုံရိုက်၊ ဘုရင်လောင်းအဖြစ် ပင့်မြှောက်ရန် အခန်းအနားများ ပြင်ဆင်လေ၏။
ပေါချာလည်း ဟိုက်၊ ဟိုကောင်တွေ တဖြတ်ဖြတ်နဲ့၊ ဧကန္တတော့ ငါ့ကို ဓာတ်သေနတ်တွေနဲ့ ပစ်တာထင်တယ်။ ဟိုမှာ စစ်သားနဲ့ ဝန်ကြီးတွေပါလား။ ငါ့ကိုလာဖမ်းတာဖြစ်မယ်။ အောင်မယ်လေး၊ ကြောက်ပါပြီဗျ။ နောက်မလာတော့ပါဘူးဗျ ဟု အော်ကာ အတင်းထွက်ပြေးလေ၏။
သို့သော် စစ်သားများ ဝိုင်းချုပ်ထားသဖြင့် ပြေးလို့မရဘဲ မျက်နှာငယ်ကလေးဖြင့် တောင်းပန် တိုးလျှိုးနေရရှာ၏။ နောက်ဆုံးတွင် ပေါချာမှာ ဘုရင်ဖြစ်သွားလေတော့သတည်း။
ဘုရင်ပေါချာက အနီးရှိ ဝန်ကြီးများကို မေး၏။
ဘိုးဘိုးတို့၊ အနို့ ကျုပ်က ဘာလုပ်ရမတုံးဗျ။
အာ အရှင်မင်းကြီး၊ ဘုရင်ဆိုတာ ကြိုက်တာအကုန်လုပ်လို့ရတယ် ဟု ဝန်ကြီးများလည်း မျက်နှာလိုအားရ ဝိုင်းမြှောက် ပေးကြလေ၏။
ယာယီသမ္မတ (ဟုတ်ပေါင်) ဘုရင်ပေါချာ စဉ်းစားမိသည်မှာ အင်း၊ ပုတဲ့မိန်းမနဲ့ ရှည်တဲ့ယောက်ျား ညားနေတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဖြူတဲ့ယောက်ျားနဲ့ မည်းတဲ့မိန်းမလည်း အမြင်မသင့်တော်လှပေဘူး။ နောက်ပြီး ပိန်တဲ့သူနဲ့ ဝတဲ့သူ၊ လှတဲ့သူနဲ့ အရုပ်ဆိုးတဲ့သူ။ အို - တိုင်းပြည်မှာ မဖြစ်သင့်တာတွေ ဖြစ်နေတာ အများကြီးပါလား၊ ဒါတွေကို အမြန် ပြင်မှပဲ။
သို့နှင့် နောက်နေ့မနက်တွင် အရေးကြီး အထူးညီလာခံကို ဆင့်ခေါ်လေ၏။ ဝန်ကြီး၊ မှူးကြီးမတ်ကြီးအားလုံးတက်စေ၊ မတက်မနေရ။
မူးကြီးမတ်ကြီးများစ် . . .
ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာတို့၏ အရှင်သခင်၊ ငါကိုယ်တော် ရာဇာဓိရာဇာ၊ အဘိဓမ္မာ ဘာညာဂုရု ဒေါက်တာပေါချာ၏ တိုင်းပြည်တွင် မဖြစ်သင့်တာတို့ ဖြစ်လျက်ရှိရာ ၎င်းတို့ကို ကနေ့မှစ၍ အမြန် ပြုပြင်ကြရမည်။
ပုတဲ့မိန်းမနဲ့ ရှည်တဲ့ယောက်ျား ညားနေတာ။ ဖြူတဲ့ယောက်ျားနဲ့ မည်းတဲ့မိန်းမလင်မယား၊ ပိန်တဲ့သူနဲ့ ဝတဲ့သူငြားနေတာ၊ လှတဲ့သူနဲ့ အရုပ်ဆိုးတဲ့စုံတွဲ စတာတွေဟာ အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုသလို ဖြစ်နေတယ်။ အဲဒီအတွက် မောင်မင်းတို့က အဲဒီမသင့်တော်တဲ့ စုံတွဲတွေကို စာရင်းကောက်၊ နောက်ပြီး ပုတဲ့သူနဲ့ ပုတဲ့သူ။ ရှည်တဲ့သူနဲ့ ရှည်တဲ့သူ။ ဖြူတဲ့သူနဲ့ ဖြူတဲ့သူ။ မည်းတဲ့သူနဲ့ မည်းတဲ့သူ တော်ရာတော်ရာကို ပြန်ပြီး ပေးစားစေဗျား။ အဲဒီ ကိစ္စကြီးကို ငါကိုယ်တော်၏ ချာရာဏသီပြည်ကြီးမှာ ၃ ရက်အတွင်း အပြီးဆောင်ရွက်ကြရမည်။ အမိန့်တော် . . .
ဝန်ကြီးများလည်း ဘုရင့်အမိန့်အတိုင်း အဖြူ အဖြူချင်း၊ အမည်းအမည်းချင်း စသဖြင့် အတင်းရော အဓမ္မပါ ပေးစား ကြလေရာ ဆူညံပွက်လောရိုက်လျက် တိုင်းပြည်ကြီး ဗွက်ပေါက်လေတော့သတည်း။
အတန်ငယ်တွေးတတ်ခေါ်တတ်ရှိသူ ဝန်ကြီးတစ်ပါးက ဟယောင်တွေ၊ ဒီအတိုင်းတော့ မဖြစ်ချေဘူး။ သူ့ကိုနိုင်တဲ့ သူ့အဖေကို သွားခေါ်မှဖြစ်မယ် ဆိုကာ ဘုရင်ပေါချာ၏ ဖခမည်းတော် ဦးထင်းခုတ်ကို အကျိုးအကြောင်းပြောလျက် သွားပင့်လာခဲ့ကြ၏။
အဖေအိုကြီးလည်း ဘုရင်ပေါချာကိုခေါ်ကာ ဒီမယ်ငါ့သား၊ ယောက်ျားနဲ့မိန်းမ ညားတယ်ဆိုတာ နဖူးစာပါလို့ ညားတာကွ။ သူ့ဟာသူ ဖြူချင်ဖြူမယ်၊ မည်းချင်မည်းမယ်။ အတင်းလုပ်ယူလို့ မရဘူး။ Blah Blah Blah . . .
ဘုရင်ပေါချာလည်း သူ့အဖေကို ခပ်စောင်းစောင်းကြည့်လျက် . . .
ဘာဗျ . . . ညှင်း ညှင်း
ကျုပ် ဘုရင်ရွေးပွဲသွားမယ်ဆိုတုံးက ခညားကြီးပဲ ငတုံးမို့လို့ အဖမ်းခံရမယ်လေး၊ ဘာလေးနဲ့။
ခု ကျုပ်အစွမ်းအစနဲ့ ဘုရင်ဖြစ်တော့မှ ဘာ စဆရက လာလုပ်ချင်တာလဲ။
ခင်ဗျားဟာခင်ဗျား ဖေ့စ်ဘုတ်မှာ စဆရက လုပ်ချင်လုပ်လို့ရမယ်။
ကျုပ်တော့ လုပ်လို့မရဘူး။
ပြန် ပြန် နောက်လှည့်ပြီးတော့ ပြန် (မေခလာ့သီချင်းအလိုက်ဖြင့် ဆိုရန်)
၂၁ ရာစုအလယ်လောက်တွင် ဆင်စီးသည့်သကောင့်သား အမတ်တက်ဖြစ်လာသည့်အခါ ပြဿနာ မတက်စေရန် . . .
အသင်တို့သည် မိမိ၏ကွန်ပင်နီယမ်ကို လေ့လာလျက် ကိုယ်ကဖြူပြီး သူကမည်းနေလျင်သော် လည်းကောင်း၊ ကိုယ်ကရှည်ပြီး သူကပုနေလျင်သော် လည်းကောင်း။
ယခုကတည်းက အဖြူအဖြူချင်း၊ အမည်းအမည်းချင်း၊ အပုအပုချင်း၊ အရှည်အရှည်ချင်း
ကြိုတင်၍ အင်တာချိန်းထားကြပါဟု . . .
စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၆ ဖေဖော်ဝါရီလ၊ ၂၀၂၆
No comments:
Post a Comment