Thursday, February 26, 2026

ကျွန်ုပ်တို့ ဗီယက်နမ်၌ ပျော်မြူးခဲ့ကြပုံ အကြောင်း_၅

၇။ Terminus Rock Pizza Restaurant

 

ဟေ့ယောင်၊ မင်း ဗီယက်နမ်သွားတုံးက ဘယ်ရောက်ခဲ့တုံး

စပ ကွာ

ဟေ့ယောင်၊ မင်းမညစ်ပတ်နဲ့နော်

အဟိ

 

အင်တာနက်၌ ရှာကြည့်တော့ Sa Pa သည် လည်စရာပတ်စရာများပြီး အတော် စိတ်ဝင်စားစရာကောင်းသည့် မြို့လေး တစ်ခု ဖြစ်ကြောင်း တွေ့ရသည်နှင့် ကျွန်ုပ်လည်း စပ သို့ သွားရန် လက်မှတ်ဝယ်၏။ ညရထားရှိ၏။ တစ်ညလုံးအိပ်လိုက် သွား၊​ မိုးလင်းသည်နှင့်ရောက် ဆိုတော့ ကျွန်ုပ်တို့လည်း ၂၅ ရက်နေ့ ညရထားလက်မှတ်ဝယ်ကာ ထွက်ခဲ့ကြ၏။ ဒေသ ရာသီဥတုကို ကြည့်ပြီး အနွေးထည်များ ယူခဲ့ကြ၏။

 

ဘူတာကြီးမှာ ကျွန်ုပ်တို့တည်းသည့်နေရာနှင့် မဝေးလှသဖြင့် ကျောပိုးအိတ်များလွယ်ကာ ၉၆၉၃ဖြင့်ပင် ထွက်ခဲ့ကြ၏။ ဘာမှ မခဲယဉ်းလှပါ။ တီဗီမှန်သားပေါ်တွင် ဘယ်ကိုသွားမည့်ရထားကို ဘ​ယ်ပလက်ဖောင်းမှာ စီးရမည် စသဖြင့် ဖော်ပြ ထား၏။ ကျွန်ုပ်တို့လည်း အချိန်ရသေးသည် ဖြစ်ရကား ဟိုဟိုသည်သည် လျှောက်ကာ ကောင်မလေးချောချောလေးများ ကို ငမ်း (ဟုတ်ပေါင်) လျှောက်ကြည့်ကြ၊ အဆာပြေ စားကြသောက်ကြ၏။

 

ပြီးသော် ရထားတွဲရှိရာသို့လာ၊ ကိုယ့်ကုတင်နံပါတ်သို့တက်ကြ၏။ ကျွန်ုပ်တို့မှာ အနားနီးမှ ဝယ်သည်ဖြစ်၍ upper class အိပ်ယာကို ရ၏။ (သိဘူးလေဗျာ၊ ကျုပ်တို့ငယ်ငယ်တုံးကတော့ ကားခေါင်မိုးပေါ် တက်စီးရရင် Upper ကနေစီးတယ်လို့ ပြောကြသကိုး။) ကုတင်မှာ နှစ်ထပ်ဖြစ်ပြီး အပေါ်တက်ရန် လက်တစ်ဝါးစာ ခြေနင်းကလေး လုပ်ပေးထား၏။ ကျွန်ုပ်လည်း Upper ကလိုက်ရမှာ စိတ်မသက်မသာဖြစ်နေပုံရသည့် မဟေသီကို “How to board the upper deck safely.” သင်တန်းကို သင်တန်းကြေး one kiss ဖြင့် စာတွေ့လက်တွေ့ သင်ကြား ပြသရလေသော ဟူ၏။

 

တံခါးအပါအဝင် အခန်းများကို သစ်သားများဖြင့် ဖွဲ့ထား၏။ သစ်သားဆိုသော်လည်း နဲ့ဂျောက်၊ နဲ့ဂျောက် မဟုတ်ပါ။ အားလုံး ခိုင်ခိုင်ခံ့ခံ့ဖြစ်၏။ ရထား တဂျိမ်းဂျိမ်းသွားနေသည့်တိုင် ကျိုးကျိုးကျွိကျွိ မြည်သံ မကြားရ။ ရထားတွဲထိပ်၌ အိမ်သာတစ်ခုရှိ၏။ အတော်လေး သန့်ပါသည်။ ဘာအနံ့အသက်မှ မရှိ။ တစ်ခန်းလျင် အထက်အောက် အိပ်ယာ လေးခုဖြစ်၏။ သားက နောက်တစ်ခန်း၌ ဖြစ်၏။ ကျွန်ုပ်အောက်တွင် ယောက်ျားဖြစ်သူ အမျိုးသားနှင့် မဟေသီ၏ အောက်တွင် ဇနီးသည်ဖြစ်သူ အမျိုးသမီးတစ်ဦးတို့ နေရာယူကြ၏။

 

ရထားထွက်သော် အားလုံး အိပ်ကြ၏။ ကျွန်ုပ်မူကား ခေါင်းရင်းမှ မီးသီးကလေးဖွင့်ကာ တက္ကသိုလ်ဘုန်းနိုင်၏ ညီမလေးရယ် စိုးရိမ်မိတယ် ကို ဖတ်၏။ သို့သော် မျက်မှန်တပ်ဖတ်ရသည် ဖြစ်၍ ခေါင်းအုံးနှင့် မျက်မှန်မှာ ဓမ္မာသောကကိန်း ဆိုက်နေသဖြင့် အဆင်မပြေလှ။ သို့နှင့် စာမျက်နှာအနည်းငယ်ဖတ်ပြီး စောင်ကို ခေါင်းမြီးခြုံ အိပ်လိုက်ရလေ၏။

 

ရထားကြီးသည် တဂျိမ်းဂျိမ်း ပုံမှန် ခုတ်မောင်းလျက် ရှိ၏။ ရာသီဥတုကလည်း အေး၊ ရထားကြီးကလည်း ကျွန်ုပ်တို့ကို ပုခက်လွှဲ သိပ်နေသည်ဖြစ်ရာ ကျွန်ုပ်မှာ များမကြာမီပင် စက်စဲကမ်းခြေ၌ သဉ္ဇာဝင့်ကျော်နှင့်အတူ ရောင်စုံထီးကလေး အောက်၌ နေပူစာလှုံရင်း အုန်းရည်ကို ဇိမ်ခံသောက်နေသည်ဟု အိပ်မက်မက်နေလေတော့ သတည်း။

 

မိုးလင်းသော် Lao Cai ဘူတာသို့ဆိုက်၏။ ကျွန်ုပ်တို့လည်း ဝမ်းကိုဦးစွာဖြည့်ရန် အနီးအနား၌ စားသောက်ဆိုင် ဘယ်နားရှိသနည်း ဟု စနည်းနာသော် ဘူတာရှေ့ ကွက်လပ်၏ တစ်ဖက်ခြမ်း၌ စ,တည်ခင်းနေသည့်ဆိုင်ကို တွေ့သည်နှင့် အေးကလည်း အလွန်အေးလှသည်ဖြစ်၍ ဆိုင်ထဲသို့ ခပ်သုတ်သုတ်ပင် ဝင်ခဲ့ကြ၏။ အပူချိန်မှာ ၁၇ ဒီဂရီ စင်တီဂရိတ် ဖြစ်၏။

 

ကံအားလျော်စွာ ဆိုင်ရှင်များမှာ ယင်းဂလစ်ရှ်လို ပြောတတ်ကြ၍ စကားစနေ ဆိုကြ၏။ အစားအသောက်များမှာပြီး၍ ကျွန်ုပ်တို့ စပ သို့ သွားမည့်အကြောင်း၊ မည်သို့သွားလျင် အဆင်ပြေမည့်အကြောင်း မေးလေသော် ၈ နာရီမှာ စပကို သွားမယ့် ဘတ်စ်ကားရှိပါတယ်။ ဒီကနေ အေးအေးဆေးဆေး ထိုင်စောင့်ပါဟု ဆို၏။

 

ကျွန်ုပ်တို့ ဆိုင်ရွေးမှန်၏။ ဆိုင်ရှင်မောင်နှံမှာ အလွန်ဖော်ရွေပြီး ဆက်ဆံရေး ကောင်းလှ၏။ ဆိုင်၌ ခင်းကျင်းထားသည့် စားပွဲကြီးများမှာ သစ်အလုံးလိုက်ကြီးကို ခြမ်းထားတာဖြစ်ပြီး အရှည် ၂ မီတာ၊ ဗျက် ၀.၇၅ မီတာ ရှိ၏။ ကာလတန်ကြေးအားဖြင့် နည်းလှမည်မဟုတ်ချေ။ တနည်းအားဖြင့်လည်း သည်ဘက်ခေတ်ကြီးမှာ ပိုက်ဆံပေးဝယ်လျင်တောင် ဤစားပွဲကြီးမျိုးများကို ရရန် မလွယ်လှချေ။ အိမ်သာမှာလည်း အလွန်သန့်၏။

 

ကျွန်ုပ်တို့၌ Adaptor ပါမလာခဲ့။ ဟော်တယ်၌ မေ့ကျန်ခဲ့၏။ (ဤတွင် စကားစပ်၍ ပြောရပါဦးမည်။ ဗီယက်နမ်မှ ဆော့ကက်များမှာ မြန်မာပြည်မှာကဲ့သို့ပင် 2 way socket များ ဖြစ်၏။ စင်ကာပူမှလာသူများ၏ ပလပ်များမှာ 3 pin plug များဖြစ်၍ 2 in 3 out Adaptor များလို၏။ ဗီယက်နမ်သွားလိုသူ မိတ်ဆွေများ Adaptor ဆောင်သွားပါ။) ကျွန်ုပ်က ဒီနားမှာများ လျှပ်စစ်ပစ္စည်းဆိုင်ရှိပါသလား။ ငါတို့ Adaptor မေ့ကျန်ခဲ့လို့။ ဝယ်ချင် လို့ ဆိုလေသော် ဆိုင်ရှင် အမျိုးသမီးလေးက သူသွားဝယ်ပေးမည် ဆိုကာ သွားဝယ်။ ခဏနေတော့ Adaptor လေး ဝယ်လာပေးကာ ဘောက်ချာပါ ပေး၏။ ကျွန်တော်တို့မှာ အလွန်ကျေးဇူးတင်ရပါသည်။ သားက တချိန်လုံး ဖုန်းပွတ် နေလေတော့ သူ့အတွက် Adaptor မှာ မရှိမဖြစ်လို၏။ ရောက်သည့်နေရာမှာ အားသွင်းရ၏။

 




























 

ဆိုင်နာမည်မှာ “Terminus Rock Pizza Restaurant” ဖြစ်၏။

 

၈။ စပ (အောင်မငီး) ၌ ပျော်မြူးကြခြင်း

 

မနက် ၈ နာရီတွင် စပသွားမည့် ဘတ်စ်ကားလေး ဆိုက်လာ၏။ ကျွန်ုပ်တို့လည်း ဆိုင်ရှင်များကို နှုတ်ဆက်ပြီး ထွက်ခဲ့၏။ ဘတ်စ်ကားခ တစ်ယောက်လျင် 40k ဖြစ်၏။ ခရီးမှာ တောင်တက်ခရီးဖြစ်၏။ စပမှာ တောင်ကြီးထက် ပိုမြင့်၏။ Lao Cai က ၈ နာရီမှာထွက်၊ Sa Pa ကို ၉ နာရီခွဲရောက် ဆိုတော့ ၁ နာရီခွဲ မောင်းရ၏။ ကျွန်ုပ်ရင်ထဲ ခံစားရသည့်အတိုင်း အမှန်ကိုပြောရပါလျင် သည်လောက်ဝေးသည့် သည်တောင်တက်ခရီးကို စင်ကာပူ ဒေါ်လာ ၂ ဒေါ်လာလောက်သာ ပေးရသည်ဆိုတော့ ကျွန်ုပ်မှာ ဘတ်စ်ကားကိုတောင် အတော် အားနာမိပါ၏။

 

စပမှာ လောက်ကိုင်ထက် ပိုအေး၏။ ကျွန်ုပ်တို့ရောက်စ၌ အပူချိန်မှာ ၇ ဒီဂရီဖြစ်ပြီး မနက် ၁၁ နာရီတွင် ၁၆ ဒီဂရီ ဖြစ်၏။

 

ဘတ်စ်ကားဂိတ်မှာ Old Church ဖြစ်၏။ အနီးတွင် ဘုရားရှိခိုးကျောင်း အဟောင်းကြီးတစ်ခု တွေ့ရ၏။ ဘတ်စ်ကား ထွက်ချိန်များကို ရေးထားရာ ကျွန်ုပ်လည်း အပြန်ခရီးအတွက် ဓာတ်ပုံရိုက်ယူခဲ့၏။ စပမှ နောက်ဆုံးပြန်ထွက်မည့် ဘတ်စ်ကားမှာ ညနေ ၆ နာရီဖြစ်၏။ ကျွန်ုပ်တို့လည်း ၅ နာရီခွဲကားနှင့် ပြန်လိုက်ရန် ဆုံးဖြတ်ကြ၏။

 

ထို့နောက် မနက်စာ စားကြမည်ဟု ဆိုင်ရှာကြရာ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင် တွေ့သည်နှင့် ဝင်ကာ အစား အသောက်များ မှာကြ၊ စားကြသောက်ကြ၏။ အမှာများသွား၍ ကုန်ပင်မကုန်နိုင်။ သားက ဘာတဲ့ မြင်းသား ဆိုလား မှာတာ အဲသဟာကို မကုန်သဖြင့် ထုပ်လာခဲ့၏။ အစားအသောက်များမှာ ကောင်းပါ၏။ အဲလေ တောင်ပေါ်မြို့ဖြစ် သဖြင့် ဈေးလည်း ကောင်းပါ၏။ အစိမ်းကြော်က 70k, အသီးအရွက်နှင့် ရွာဝက်သားဟင်းက 270k, Fried Horse with Garlic & Green Pepper က 290k, အခွန်နှင့်ပါဆို စုစုပေါင်း 680k (မြန်မာငွေ ၉ သောင်း ၇ ထောင်ခန့်, စင်းဒေါ်လာ $34 ခန့်) ကျ၏။ ဒါတောင် မဆိုးလှသေးဟု ဆိုရပါမည်။ တောင်ကြီးက Restaurant တစ်ခုတွင် သွားစားလျင် သည့်ထက် ပိုကျလိမ့်မည်ဟု ခန့်မှန်းရပါသည်။ ထမင်းမှာမူ အတော့်ကို စားလို့ကောင်းပါသည်။

 

ထို့နောက် Grab ခေါ်ကာ ရေတံခွန်ရှိရာ ရွာသို့ သွားကြ၏။ Grab ခမှာလည်း ဈေးသက်သာပါသည်။ 40k ဖြစ်၏။ ရွာနာမည် Cat Cat Village ဖြစ်ပြီး ရွာကလေးမှာ အတော်လှပါသည်။ ရွာဝင်ခ တစ်ဦးလျင် 150k ဖြစ်၏။ သူတို့က ကားနှင့် သွားမလားဟု မေး၏။ (ဆိုင်ကယ်နှင့်လည်း သွားလို့ရ၏။) ကျွန်ုပ်တို့မှာ သည်ဒေသကို အသေးစိတ် ကြည့်လိုသူများ ဖြစ်ရကား ခြေလျင်သွားဘို့ ဆုံးဖြတ်၏။

 

သွားရသည့် လူသွားလမ်းကလေးများမှာ ကျိုက်ထီးရိုးတောင် တက်သကဲ့သို့ ဖြစ်၏။ ခြေသွားလမ်းဘေး၌ ဆိုင်ကလေးများ ခင်းကျင်းထားပုံမှာ တကယ့်ကျိုက်ထီးရိုးအတိုင်းပင် ဖြစ်ပါ၏။ ဒေသရိုးရာ အဝတ်အစားများကို ဆိုင်များဖွင့် ရောင်းချနေရာ ကျွန်ုပ်တို့ဆီမှ ကချင်၊ ချင်း၊ ပလောင် စသည့် တိုင်းရင်းသား ဝတ်စုံများနှင့် အလားသဏ္ဍာန် တူလှ၏။

 

ကျွန်ုပ်တို့လည်း လမ်း၌တွေ့သည့် ဆိုင်ကလေးများကို စေ့ငုကြည့်မိကြ၏။ ဆီးသီး၊ ပိန်းဥ၊ အာတာလွတ်ဥ၊ ကန်စွန်းဥ စသည်များ၊ တောထွက်ပရဆေးဝါးများ၊ ဒေသခံအဝတ်အစား အသုံးအဆောင်များ၊ ပုတီး၊ လည်ဆွဲ စသည့် လက်ဆောင်ပစ္စည်းများ၊ သမ္မတကြီးဟို၏ ပုံ ပန်းပုရုပ်ကလေးများ၊ မြောက်ပိုင်းဗုဒ္ဓရုပ်ပွားတော်ကလေးများ၊  ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းထုပ်၊ ကြံရည်၊ အုန်းရည် စသည်တို့ကအစ အလွန် စုံလှ၏။ 

 

ကျွန်ုပ်တို့လည်း ဟို့အောက်ဆုံး ရေတံခွန်ရောက်အောင် သွားကြ၏။ ခရီးသွားများ အတော်များများ တွေ့ရ၏။ ပြပွဲတစ်ခုရှိရာ ၂ နာရီခွဲပွဲကို ၁၀ မိနစ်လောက် နောက်ကျနေပြီဖြစ်၍ သားက နောက်တစ်ပွဲ စောင့်ရအောင် ဆိုသဖြင့် အနီးအနား၌ လှည့်လည် ကြည့်ရှုကြ၏။

 

စိတ်ဝင်စားစရာကောင်းသည်မှာ အဖွားကြီးများ ယက္ကန်းယက်နေကြခြင်းဖြစ်၏။ သူတို့ ယက္ကန်းယက်နေပုံမှာ မြန်မာများ ရှေးအခါက ယက္ကန်းယက်ကြသည်နှင့် တစ်ပုံစံတည်း ဖြစ်၏။ ချားနှင့် ချည်ကိုငင်တာ၊ ချည်ကို ဆေးဆိုးတာ၊ လက်ယက္ကန်း ယက်နေတာ အားလုံး မြန်မာပြည်က လက်ယက္ကန်းနှင့် အတူတူပင်ဖြစ်၏။ ကျွန်ုပ်ငယ်စဉ်က အိမ်အပေါ် ထပ်မှာ ယက္ကန်းစင် ပစ္စည်းများ ရှိပါသေးသည်။ ကျွန်ုပ်အမေငယ်စဉ်က ယက္ကန်းယက်ရမှာ အလွန်ပျင်းသည်ဖြစ်၍ မနည်း ချော့မော့ခိုင်းရကြောင်း အရီးတို့ပြောတာ မှတ်မိခဲ့ဖူးပါသည်။

 

အဖွားကြီးတစ်ဦးမှာ ယက်ထားသည့် ဖျင်စများပေါ်တွင် လက်ဖြင့် ဆေးရေးလျက်ရှိရာ သည်မျှ အနုစိတ်လှသည့် ပန်းများကို ဘာကောက်ကြောင်းမှ မဆွဲဘဲ လက်တန်း ရေးသွားသည်ကို အလွန် အံ့ဩဖွယ်ရာ တွေ့ခဲ့ရပါသည်။ ချီးကျူးစရာ ကောင်းလှပါ၏။ သူရေးချယ်ထားသည့် အထည်များကို တန်းများ၌ ဆွဲကာ ရောင်းပေးသည့်တိုင် ကျွန်ုပ်မှာ တစ်ထည်မှ မဝယ်ခဲ့ခြင်းအား ဝမ်းနည်းမိပါ၏။ ထိုအထည်များကို မည်သည့်နေရာ၌ သုံးရမှန်း မသိသောကြောင့် မဝယ်ခဲ့ခြင်းဖြစ်ပါသည်။

 

၃ နာရီတီးသော် ပြပွဲသို့ ဝင်ခဲ့၏။ ရိုးရာအဝတ်အစားများဖြင့် ကပြအသုံးတော်ခံကြသည်မှာ ကြည့်လို့ကောင်းပါသည်။ အချို့အကများမှာ ကချင်အကနှင့်တူ၏။ ချင်း ဝါးညှပ်အကကဲ့သို့ အကတွင်မူ ပရိသတ်များကိုပါ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ် သဖြင့် သားအပါအဝင် ၇ ယောက်လောက် တက် က ကြပါသည်။ ပြပွဲမှာ မိနစ် ၄၀ ကြာ၏။ ပြပွဲပြီးသည်နှင့် ကျွန်ုပ်တို့လည်း ပြန်ခဲ့ကြ၏။

 

တောင်ပေါ်သို့ ပြန်တက်လာသော် ကျွန်ုပ်တို့လည်း ဆိုင်တစ်ဆိုင်ဝင်ကာ ကောက်ညှင်းကျည်တောက်စား၊ အုန်းရည် သောက်၊ အုန်းသီးခွဲစားကြ၏။ ကောက်ညှင်းကျည်တောက် ၃ ခု၊ အုန်းသီး ၃ လုံး၊ ဝက်အူချောင်းတစ်ခု စားတာမှ 200k ဆိုတော့ တန်ပါ၏။ ကောက်ညှင်းကျည်တောက်မှာ စားလို့ကောင်းလှ၏။ အုန်းရည်သောက်ပြီး ဆိုင်ရှင်ကို ခွဲခိုင်းကာ အသားများကို ဇွန်းနှင့်အကုန် ခြစ်စားလိုက်၏။ အုန်းသီးမှာ ဇွန်းခြစ်ဆိုတော့ စားလို့ကောင်း၏။

 

အလာတုံးကခေါ်ခဲ့သည့် ကားသမားက အပြန်ကျ သူ့ကိုခေါ်ပါဟု နံပါတ်ပေးခဲ့သဖြင့် သားလည်း သူ့ကို ဆက်သွယ်၏။ သူ မအားသဖြင့် သူ့ညီကိုလွှတ်လိုက်ပါမည် ဆို၏။ ငနဲက တော်တော်နှင့် ပေါ်မလာ။ တက္ကစီများမှာ တစီးပြီးတစီး လာလျက် Sa Pa, Sa Pa ဟု ခေါ်လေရာ ကျွန်ုပ်လည်း အတော့်ကို မချင့်မရဲ ဖြစ်လေ၏။ ဘယ်လောက်ကြာသလဲ မမှတ်မိ။ အတော်ကြီးကြာမှ ပေါက်ချလာ၏။

 

နည်းနည်းစောသေးသဖြင့် ဒီအနား ဘာကြည့်လို့ရသေးလဲ မေးကြည့်တော့ သူက Roller Coaster သွားစီးချေ ဆိုသဖြင့် ကျွန်ုပ်တို့လည်း သွားကွာ ဟု ခိုင်းလိုက်၏။ သူ့အမေက မစီးရဲ။ မလေးရှားမှာ စီးပြီးကတည်းက တပ်လန်သွားပြီဖြစ်သဖြင့် သားနှင့် ကျွန်ုပ်သာ လက်မှတ်ဖြတ်ကြ၏။ တစ်ယောက်ကို 200k.

 

Roller Coaster က တောက်လျှောက်မောင်းနေတာ ဖြစ်သဖြင့် သိပ် မစောင့်လိုက်ရ။ သူ့ Roller Coaster က တခြား ဟာတွေနှင့်မတူ။ တစ်ယောက်စီးကလေးတွေဖြစ်ပြီး တစ်စီးတစ်ယောက် စီးရ၏။ အစောင့်လုပ်သူက အဲဒါကို တွန်းပြီး သေသေချာချာ ကိုင်ထား။ ဘယ်လိုအကြောင်းနဲ့မှ မလွှတ်မိစေနဲ့ဟုမှာပြီး တွန်းထုတ်လိုက်၏။

 

သား ၁၄ နှစ်သားတုံးက Universal Studio မှာ Roller Coaster စီးကြတာ။ ပြန်ဆင်းလာတော့ မျက်လုံးကြီးပြူးပြီး တော်တော်နှင့် ခေါ်မရတော့ ကျွန်ုပ်မှာ အသည်းအသန်ဖြစ်ခဲ့ဖူးသေးတာ သားကို ပြန်ပြောပြ၏။ အခုတော့ သူက လူကြီး ဖြစ်နေပြီဆိုတော့ မမှုတော့။ ဒါတောင် ကိုယ်တော်က ဆင်းခါနီး ဖုန်းပြုတ်ကျခဲ့လို့ သွားကောက်ခိုင်းရသေး၏။ တော်ပါ သေးသည်။ လက်လှမ်းတမီမှာရှိလို့။ လမ်းမှာသာပြုတ်ကျလို့ကတော့ ဆုံးပြီ။

 

မဆိုးပါ။ သူ့ Roller Coaster လေးကလည်း အသည်းတအေးအေးနှင့် စီးလို့ကောင်းပါသည်။

 

နောက်တော့ အနီးအနားလျှောက်ကြည့်ရင်း ဘတ်စ်ကားစောင့်။ ညနေ ၅ နာရီခွဲတော့ ဘတ်စ်ကားထွက်။ ညနေ ၆း၄၁ နာရီတွင် လောက်ကိုင် ပြန်ရောက်။ ရထားက ည ၉ နာရီခွဲမှဆိုတော့ လောက်ကိုင်မြို့ထဲ လျှောက်ကြည့်ကြ၏။ ဆောင်းတွင်းမို့ အေးလို့လားမသိ။ လူသိပ်မတွေ့ရ။ လမ်းများမှာ လူသူကင်းမဲ့လျက် တိတ်ဆိတ်လျက် ရှိ၏။ မြစ်နံဘေး တွင် လျှောက်လမ်းလုပ်ပေးထားရာ မန္တလေးကျုံးနံဘေးကလမ်းနှင့် ဆင်တူလှပါသည်။ သို့သော် သူ့ပလက်ဖောင်းက အကျယ်ကြီးဖြစ်၏။ စတိတ်ရှိုးလုပ်ချင်လျင်တောင် လုပ်လို့ရပါသည်။ တစ်နေရာတွင် ဆိုင်လေးတစ်ဆိုင် မီးဖိုနှင့်၊ အငွေ့တထောင်းထောင်းထနေသော အိုးကြီးတစ်လုံး၊ စားပွဲနှင့် ထိုင်ခုံပုလေးများ ခင်းကာ ရောင်းနေတာ တွေ့ရ၏။ စားသောက်နေသူ ၄ - ၅ ဦးလည်းရှိ၏။ ဘာတွေစားနေကြသလဲတော့ မသိ။ မြန်မာလိုဆို မုန့်ဟင်းခါးလိုဟာမျိုး ဖြစ်ချင်ဖြစ်ပါမည်။

 

အပြင်တွင်အေးလှသည်နှင့် ကျွန်ုပ်တို့လည်း ရထားပေါ် ခပ်စောစောတက်ကာ စောင်ခြုံကွေးကြပါသည်။ ကျွန်ုပ်တို့ ရောက်တော့ ဘယ်သူမှတောင် မရှိသေး။ သို့နှင့် ရထားကြီး တဂျိမ်းဂျိမ်းစီးကာ ဟနွိုင်းသို့ ပြန်ခဲ့ကြ၏။ 

 

အပိုင်း (၆) ဆက်ရန်  


No comments: