Monday, January 17, 2022

လူနေတိုက်အိမ်များ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းအကြောင်း

လူနေအိမ်ခန်းများစွာပါသည့် ရန်ကုန်မှတိုက်များကို မည်သူပိုင်သည် ကျွန်တော်မသိပါ။

ရန်ကုန်စည်ပင် ဖြစ်ချင်ဖြစ်ပါလိမ့်မည်။

 

စင်ကာပူမှ လူနေတိုက်ခန်း (HDB Block) များကို HDB (Housing and Development Board) က ပိုင်၏။ အိမ်ခန်းများ၏ သက်တမ်းမှာ ၉၉ နှစ်ဖြစ်၏။ 

အိမ်ခန်းဝယ်ထားသူများမှာ အခန်းကို အကန့်အသတ်နှင့်သာ ပိုင်တာဖြစ်၏။ 

 

ဤတွင် ကျွန်တော်ပြောလိုသည်မှာ တိုက်များ မွမ်းမံထိန်းသိမ်းရေး အပိုင်း ဖြစ်၏။

 

စင်ကာပူမှ HDB Flat များကို HDB က အစဉ်မပြတ် ပြုပြင်ထိန်းသိမ်းရေး လုပ်လျက်ရှိ၏။ 

တိုက်များ ပြုပြင်ထိန်းသိမ်းရေးအတွက် ကန်ထရိုက်တာ ငှားထား၏။

 

အလုပ်သမားလေးများက တိုက်များ၏ စင်္ကြန်ကြမ်းခင်းများကို မနက်တိုင်း တံမြက်စည်းလှည်း၏။

ကြမ်းခင်းများကို နှစ်ပတ်တစ်ခါလောက် ဖိအားမြင့်ရေပိုက်ဖြင့် ဆေးကြောကာ သန့်ရှင်းရေးလုပ်၏။

၅ နှစ်တစ်ကြိမ် တိုက်များကို ဆေးပြန်သုတ်၏။

 

နောက်ပြီးတော့ ဟိုတလောက ဓာတ်လှေခါးရှေ့တွင်ခင်းထားသည့် ကြွေပြားများကို (ကျုပ်တို့အတွက်တော့ အကောင်းကြီးရှိသေးတာဗျာ) အကုန်ခွာကာ ကြွေပြားများ အသစ်ပြန်ခင်း၏။

 

လွန်ခဲ့သည့် နှစ်ပတ်လောက်က ကျွန်ုပ်တို့အိမ်မှ ဓာတ်ငွေ့ပိုက်များကို လာစစ်၏။ ဓာတ်ငွေ့မီတာများကို အသစ်ပြန် လဲတပ်ပေးသွား၏။

 

ဟော - အခုတိုက်အောက်က ကလေးကစားကွင်းကြီး ပြန်ဖျက်ပြီး အသစ်ဆောက်နေပြန်ပြီ။

 

ကျွန်တော်တို့အိမ်ကား ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ယာ၊ တိုက် (၆) တွင် ရှိ၏။

ပြည်ရိပ်မွန်တိုက်များကို မည်သူပိုင်ပါသနည်း။

 

တိုက်ခန်းပိုင်ရှင်များက မိမိတို့အခန်းကိုပိုင်သည်ဆိုလျှင် မိမိတို့ တိုက်ခန်းအတွင်းပိုင်းကို ပြုပြင်ထိန်းသိမ်းခြင်း၊ သန့်ရှင်းခြင်းလုပ်ကြမည်။ သို့သော် သည်တိုက်ကြီးတစ်ခုလုံး၏ ပြုပြင်ထိန်းသိမ်းရေးကို မည်သူများ လုပ်ပါမည်နည်း။ မည်သူများ လုပ်ပါသနည်း။ ကျွန်ုပ်ကတော့ မည်သူမှ လုပ်သည်ဟု မကြားမိစဖူး။ 

 

အဲလေ ရန်ကုန်က လူနေတိုက်ကြီးတွေ ကြည့်လိုက်လျှင် တစ်ခုမှ ပြောင်ပြောင်ယောင်ယောင် မတွေ့မိပါ။ အကုန် စုတ်ပြတ်သတ်နေတာချည်း ဖြစ်၏။

 

ရန်ကုန်စည်ပင်၏ အခန်းကဏ္ဍကို ကျွန်ုပ်သေသေချာချာ မသိပါ။ ထိုလူနေတိုက်ခန်းများ ပြောင်ပြောင်ယောင်ယောင် လှလှပပ ဖြစ်ရေး စည်ပင်တွင်တာဝန်ရှိသလား၊ သို့မဟုတ် မည်သူ့တွင်တာဝန်ရှိသည်ကို ကျွန်ုပ်မသိပါ။ တိုက်နံရံများတွင် ညောင်ပင်များပေါက်လျှင်လည်း ထိုအပင်နှင့်နီးသည့် အခန်းပိုင်ရှင်က ကိုယ့်ဘာသာ ကြံဖန် ဖြေရှင်းလိုက်ရတာသာ ဖြစ်၏။




ဘာရယ်မဟုတ်။

အောက်မှာ အကောင်းသားအမွန်သား ကလေးကစားကွင်းကြီးကို ပြန်ဖျက်ပြီး အသစ်ပြန်ဆောက်ဘို့လုပ်နေတာနဲ့ မနေနိုင် မထိုင်နိုင် ကောက်ရေးလိုက်ခြင်းသာ ဖြစ်ကြောင်း။

 

အေးငြိမ်း

၁၆ ဇန္နဝါရီလ၊ ၂၀၂၂

No comments: