Sunday, January 23, 2022

ချွေတာသော ကျွန်ုပ် နှင့် ကျွန်ုပ် ချွေတာပုံအကြောင်း

အချီး


 

ကျွန်ုပ်ကား အလွန်ချွေတာသူ လူတစ်ယောက် ဖြစ်ချေ၏။

ကျွန်ုပ်ချွေတာသည်ကို မိတ်ဆွေအချို့က ကော်တရာ ကပ်စီးနဲဟု ဆိုကြ၏။

အမှန်မှာ သူတို့သည် ကပ်စီးနဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြား နားမလည်ကြသူများ ဖြစ်၏။

 

ကျွန်ုပ် ပရောဂျက်လုပ်လို့ရသမျှပိုက်ဆံအားလုံးကို ခွေးမောင်းဘို့အတွက် အားလုံးသုံးခဲ့၏။

များမကြာမီကလေးကမှ ဆရာလေးမှတစ်ဆင့် တစ်ဦးက ကျွန်ုပ်ကို Fall Prevention Plan အပ်လှာ၏။

Fall Prevention Plan မှာ အများဆုံးတန်မှ ၃၅၀ လောက်သာ ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်ုပ်က စင်းဒေါ်လှ ၅၀၀ တောင်းလိုက်၏။ မင်းဟာကလည်း ဈေးကြီးလိုက်တာ ဆိုလေသော် ဟဲဟဲ၊ ငါ့လူရာ မင်းက အသည်းအသန် လိုချင်နေတော့ ငါက express ဈေး တောင်းရသပေါ့ကွာ ဟု ပြောလိုက်၏။ ဤသည့်ပိုက်ဆံမှာ ကျွန်တော်က လောဘ တက်လွန်း၍ တောင်းတာမဟုတ်။ 007 ဝယ်ဘို့တောင်းရတာ ဖြစ်၏။ ကျွန်ုပ်က နေ့ခင်းပိုင်း စာသင်၊ နောက်ပြီး ညဦးပိုင်းမှာ မြန်မာစာသင်နေရတော့ သူများတကာတွေ တခူးခူးအိပ်မောကျချိန်မှ အိပ်ရေးပျက်ခံကာ ပြင်ပေးရတာ ဖြစ်၏။ 

 

ကျွန်ုပ် GCEO သင်လို့ရသမျှပိုက်ဆံအားလုံးကိုလည်း ခွေးမောင်းနေသူများအတွက် ပေးလှူခဲ့၏။ ပေးလှူနေ၏။ ဆက်လည်း ပေးလှူနေဦးမှာဖြစ်၏။

ဆိုရလျှင် ကျွန်ုပ်၌ ပိုသည်ထင်ရသမျှပိုက်ဆံအားလုံးကို မြန်မာ့မြေပေါ်မှ ခွေးရူးများအား အပြီးအပိုင် မောင်းထုတ်ရေး အတွက် အသားကုန် သုံးစွဲနေခဲ့တာသာ ဖြစ်၏။

 

သို့ဆိုလျှင် အသင်တို့သည် ကျွန်ုပ်ကို ကပ်စီးနဲသူဟု စွပ်စွဲပါဦးမည်လော။

 

သို့သော် ကျွန်ုပ်သည် မကုန်တန်တာမှန်သမျှမကုန်ရအောင် အသားကုန် စစ်စီသုံးစွဲသူသာ ဖြစ်ဘိ၏။

 

ကျွန်ုပ်ချွေတာပုံအကြောင်း ယခု မိတ်ဆွေတို့ကို ဖောက်သည်ချပါအံ့။

 

(၁) ကျွန်ုပ် ရေကို မည်ကဲ့သို့ ချွေတာပုံ


 

ကျွန်ုပ်သည် ပန်းကန်ခွက်ယောက်များ ဆေးသည့်အခါ အဆင့် (၃) ဆင့်ဖြင့်ဆေး၏။

ပထမ အကြမ်းဆေး၏။

ဒုတိယ ဆပ်ပြာရေဖြင့်ဆေး၏။

တတိယ အချောဆေး၏။

 

ထမင်းချက်ရန် ဆန်ဆေးသည့်အခါ ထို ဆန်ဆေးရေကို ကျွန်ုပ်သည် သွန်မပစ်ဘဲ ဒန်အိုးတစ်ခုဖြင့် ခံထား၏။

ထိုဆန်ဆေးရေကို ပန်ကန်ခွက်ယောက်များ အကြမ်းဆေးရာ၌ သုံး၏။ 

ပန်းကန်ခွက်ယောက်များကို ဆပ်ပြာရေဖြင့် ဆေးချလိုက်ရာတွင်လည်း သုံးနိုင်ပါ၏။

နောက်ဆုံး အချောဆေးသည့်အခါတွင်မူ ရေသန့်ဖြင့်ဆေး၏။ 

ထိုရေသန့်များကို လွှင့်မပစ်မူ၍ ကျွန်ုပ်သည် ယခင်က ဒန်အိုးထဲ၌ သိုလှောင်ပြန်၏။ နောင် အိုးခွက်ပန်ကန်များ ဆေးသည့်အခါ ထိုရေကို အကြမ်းဆေးရာတွင် ပြန်သုံး၏။ ဤသို့လုပ်ခြင်းအားဖြင့် ကျွန်ုပ်သည် ပန်းကန်ဆေးရာတွင် သာမန်လူတို့ဆေးလျှင် ကုန်မည့်ရေ၏ ထက်ဝက်မျှကို ချွေတာလိုက်နိုင်၏။

 

ကျွန်ုပ်တို့သည် အကြောင်းများစွာဖြင့် လက်ဆေးကြရ၏။ များစွာသောလူတို့သည် လက်ဆေးရေကို လွှင့်ပစ်ကြကုန်၏။

ကျွန်ုပ်သည်ကား လက်ဆေးရေကို လွှင့်မပစ်။

ကျွန်ုပ် လက်ဆေးသည့်အခါ ရေချိုးခန်း ရေဘုံဘိုင်ခေါင်း၌ လက်ဆေး၏။

ထိုဘုံဘိုင်ခေါင်းအောက်တွင် ပလတ်စတစ် ဇလားကြီး ခံထား၏။

ထိုအခါ ဆေးချလိုက်သည့်ရေများသည် ထိုပလတ်စတစ် ဇလားကြီး၌ ခံယူထားပြီးသား ဖြစ်လေ၏။

 

ကျွန်ုပ်သည် ခြေအိတ်နှင့် အတွင်းခံတို့ကို နေ့တိုင်း လက်ဖြင့်လျှော်၏။

ထိုလျှော်ရာမှထွက်လာသည့် ရေအားလုံးကိုလည်း ပလတ်စတစ် ဇယားကြီးအတွင်း၌ စု၏။

ထိုဇလားအတွင်းမှ ရေများကို ရေပုံးကြီးတစ်ပုံးအတွင်း လှယ်ထည့်၏။

သုံးပြီးသမျှရေအားလုံးကို ထိုရေပုံးကြီးအတွင်း၌ စုဆောင်း၏။

 

ကျွန်ုပ်ရေချိုးသည့်အခါ အထက်ဖော်ပြပါ ဇလားကြီးအတွင်း၌ ရပ်လျက်ချိုး၏။

ထိုအခါ ချိုးချလိုက်သည့်ရေအားလုံးသည် ဇလားကြီးအတွင်း၌ စုပြီးသား ဖြစ်လေ၏။

ထိုရေတို့ကို ရေပုံးကြီးအတွင်း လှယ်ထည့်၏။

 

ထိုပလတ်စတစ်ပုံးကြီးအတွင်းမှ ရေများကို အိမ်သာလောင်းရာ၌ ကျွန်ုပ်သုံး၏။

အခင်းကြီးအခင်းလေးသွားသည့်အခါတိုင်း ကျွန်ုပ်တို့ ရေဆွဲချရ၏။ 

တစ်နေ့တစ်နေ့ ကျွန်ုပ်တို့ဆွဲချလိုက်သည့် အိမ်သာရေပမာဏမှာ မနည်းလှ။

ကျွန်ုပ်သည် ထိုရေကောင်းရေသန့်များကို ဆွဲချမည့်အစား ပလတ်စတစ်ပုံးကြီးအတွင်း သိုလှောင်ထားသည့် ရေများကိုသာ သုံး၏။ သို့အတွက် တစ်နေ့တစ်နေ့ ကျွန်ုပ် ချွေတာလိုက်နိုင်သည့် ရေပမာဏမှာ အနည်းဆုံး လီတာ (၄၀) ခန့်မျှ ရှိလေ၏။

 

ဤသည်မှာ ကျွန်ုပ် ရေချွေတာပုံ တစိတ်တဒေသ ဖြစ်၏။





 

(၂) ကျွန်ုပ် ဆပ်ပြာကို မည်ကဲ့သို့ ချွေတာပုံ


 

ကျွန်ုပ်သည် ကိုယ်တိုက်ဆပ်ပြာကို ဆပ်ပြာတုံး (Lux) ကိုသာသုံး၏။

ဆပ်ပြာရည်များ၏ ချွဲကျိကျိအတွေ့ကို ကျွန်ုပ် အလွန်မုန်းလှသောကြောင့် ဆပ်ပြာရည်ကို အနံ့မျှ မခံလေ။

 

များစွာသောလူတို့သည် ဆပ်ပြာတုံးများ ကုန်ခါနီးသည့်အခါ တိုက်ရန်ခက်သောကြောင့် ပစ်လိုက်ကြ၏။

ထိုများစွာသောလူတို့အထဲ၌ မပါသူကျွန်ုပ်သည်ကား ဆပ်ပြာတုံး ပါးပါးကလေးကျန်သည့်အခါ ဆပ်ပြာတုံးအသစ်တွင် ကပ်လိုက်၏။ ထိုအခါ ထိုဆပ်ပြာတုံးဟောင်းကို အလေအလွင့်မရှိဘဲ လုံးဝကုန်သွားသည်အထိ သုံးနိုင်လေ၏။

 

သာမန် လက်ဆေးရာတွင် ဆပ်ပြာကြမ်းကို သုံးနိုင်၏။ 

 

ခြေအိတ်၊ အတွင်းခံစသည်တို့ကို နေ့စဉ်လျှော်ရ၏။ ၎င်းတို့မှာ ဘာအညစ်အကြေးမှ သိပ်မရှိသဖြင့် ဆပ်ပြာများစွာဖြင့် ရေအများကြီးသုံးလျက် ဘာမှ အသည်းအသန် လျှော်နေစရာမလို။ 

ကျွန်ုပ်ကမူ ဆပ်ပြာမှုန့်ကို ရေဖျော်လျက်သုံး၏။ 

ဆပ်ပြာမှုန့်ကို အမှုန့်အတိုင်းသုံးသည်ထက် ရေဖျော်ပြီးသုံးလျှင် ညီညာစွာ ဖြန့်နိုင်သလို ပို၍လည်း အကုန်အကျသက်သာ ၏။

 

(၃) သွားတိုက်ဆေးကို မည်ကဲ့သို့ ချွေတာရမည် ဆိုခြင်းအကြောင်း


 

နေ့စဉ်ကုန်ခမ်းပစ္စည်းများတွင် သွားတိုက်ဆေးနှင့် ဆပ်ပြာတို့မှာ ထိပ်ဆုံးကပါ၏။ ထို့ကြောင့် တစ်ကြိမ်လျှင် အနည်းငယ်စီမျှ သွားတိုက်ဆေးကို ဖြုန်းမိသည်ဖြစ်အံ့။ ကာလကြာလျှင် သိသာ၏။

 

ကျွန်ုပ်တို့သည် သွားတိုက်ဆေးကို သွားတိုက်တံအတွင်း ထည့်ရာ၌ အများကြီး ထည့်စရာမလို။ စားတော်ပဲ တစ်စေ့ခွဲမျှ ဆိုလျှင်ပင် လောက်တော့၏။ သွားတိုက်ပေါ်အတွင်း ပုံချလိုက်သည့် သွားတိုက်ဆေးကို သည်အတိုင်းတိုက်လျှင် သွားတိုက်ဆေးများ လေလွင့်၏။ ပုံထားသည့် သွားတိုက်ဆေးကို ဦးစွာ ညီမျှသွားအောင် သွားတိုက်တံပေါ် လက်ဖြင့်ညှိ ပါ။ ထို့နောက် သွားတိုက်ဆေးကို သွားတိုက်တံ အချောင်းကလေးများအကြား နစ်ဝင်သွားအောင် လက်ဖြင့် ဖိချပါ။ ထိုအခါ သွားတိုက်ဆေးများ အလေအလွင့်မရှိဘဲ တိုက်နိုင်ပါလိမ့်မည်။

 

သွားတိုက်ဆေးဘူးကို ညှစ်သည့်အခါ မည်သည့်အခါမှ အဝနားကပ်လျက် မညှစ်ပါလေနှင့်။ သွားတိုက်ဆေးဘူး ဖင်ဘက် အကျဆုံးနေရာမှသာညှစ်ပါ။ ထိုအခါ သွားတိုက်ဆေးများသည် အဝဘက်သို့ တိုးကပ်သွားပါလိမ့်မည်။ ဖင်ဘက်တွင် ပြားကပ်သွားသည့်အပိုင်းကို ခေါက်လျှက် ကလစ်နှင့်ဖြစ်စေ၊ သားရေပင်နှင့်ဖြစ်စေ စည်းထားလိုက်ပါ။ ထိုအခါ သင်တို့သည် အလိုရှိသမျှ သွားတိုက်ဆေးကို အလွယ်တကူ ချိန်ညှိကာ ညှစ်နိုင်ပါလိမ့်မည်။

 

သွားတိုက်ဆေးဘူး လုံးဝကုန်သွားပြီဟု ထင်ရသည့်တိုင် ကျွန်ုပ်အတွက် မကုန်သေးပါ။ အနည်းဆုံး နောက်ထပ် အခါ (၂၀) မျှ တိုက်နိုင်ပါသေး၏။

 

သွားတိုက်ဆေးဘူးကို ဆက်၍ ညှစ်မရတော့လျှင် သားရေပင်နှင့်စည်းထားသည့် ဖင်ဘက်ကို အနည်းငယ်ဖွင့်လိုက်ပါ။ ထို့နောက် တစ်ခါတိုက်စာရုံမျှ သွားတိုက်တံနှင့် လုံးဝကုန်စင်အောင် ခြစ်ယူလျက်  ထိုအပိုင်းကို ဖြတ်ထုတ်လိုက်ပါ။ ကျန်သည့်အပိုင်းကို ခေါက်ပိတ်လျက် သားရေပင်နှင့်ဆက်စည်းပါ။ (ပိတ်မထားဘဲ ဖွင့်ထားမည်ဆိုပါက ကျန်သည့် သွားတိုက်ဆေးများ ခြောက်ကုန်ပါလိမ့်မည်။)

 

ဤကဲ့သို့ ခေါင်းဘက်သို့ရောက်သည့်တိုင် ဆက်ဖွင့်သွားပါ။ 

သွားတိုက်ဆေးဘူးခေါင်းဘက်ကို ဖွင့်လိုက်သည့်အခါ အသင်တို့ ကုန်ပြီထင်နေသည့် သွားတိုက်ဆေးများ အကြိုအကြား၌ ကပ်နေသည်ကို အမြောက်အများ တွေ့ရပါလိမ့်မည်။ အနှီသွားတိုက်ဆေးများကို နည်းနည်းချင်း ထုတ်ယူတိုက်ပါက နောက်တစ်ပတ်ခန့်ထိ အသင်တို့ သွားတိုက်ဆေးဘူးအသစ် ထုတ်စရာမလိုကြောင်း လက်တွေ့ သိမြင်ရပါလိမ့်မည်။ 




 

(၄) ထမင်းခူးနည်း နိဿရည်း


 

အသင်တို့သည် ထမင်းအိုးအတွင်း၌ လက်ကျန်ထမင်းစေ့ လုံးဝမရှိအောင်၊ ထမင်းအိုးအတွင်း၌ ထမင်းတစ်စေ့မျှ ကပ်မကျန်ရလေအောင် ထမင်းခူးဖူးကြပါလား။ ခူးဖူးသည် ခူးတတ်သည်ဆိုလျင်မူ ဤအပိုဒ်ကို ကျော်သွားပါ။

 

ထမင်းအိုးအတွင်း၌ ထမင်းများကပ်ကျန်လျက် ရေကို တစ်အိုးလုံးအပြည့်ထည့်ကာ ညသိပ်နှပ်ပြီးဆေးခြင်းကို ကျွန်ုပ် အလွန် အော့နှလုံးနာလှ၏။ ၎င်းတို့ ထမင်းအခူးမတတ်သဖြင့် ချိုးကပ်နေသည့် ထမင်းများကို ရေစိမ်ကာ လွှင့်ပစ်လိုက်ရ သည့် ပမာဏမှာ ကျွန်ုပ် တစ်ခါစားမျှပင် မကပါ။ အလွန်နှမြောစရာ ကောင်းလှ၏။ သို့သော်လည်း တစ်ခါတရံတွင် ကျွန်ုပ် ကွန်ထရိုးလုပ်မရသည့်ကိစ္စများ၌ အောင့်သက်သက်နှင့် ကြည့်နေရသည့်အခါများသည်လည်း ရှိ၏။

 

ထမင်းအိုးကို လုံးဝနပ်သွားသည့်တိုင် နှပ်ပါ။ ထို့နောက် ပေါင်းအိုးအတွင်းမှ ထုတ်ပြီး အနည်းဆုံး ၅ မိနစ်မျှကြာအောင် ထားပါ။ ထို့နောက်မှ​ ခူးပါ။ ထိုအခါ ထမင်းတစ်စေ့မှ အိုးတွင်မကပ်ဘဲ ခူးနိုင်သည်ကို တွေ့ရပါလိမ့်မည်။

ပေါင်းအိုးအတွင်းမှ​ ထုတ်လျင်ထုတ်ချင်း ထမင်းကို ခူးလိုက်ပါက ထမင်းအိုးတွင် ချိုးများစွာ ကပ်ကျန်နေလိမ့်မည်။

 

နောက်တစ်ခု -

လူတော်တော်များများမှာ ထမင်းကိုပင် ဟန်ကျပန်ကျ မခူးတတ်။

၎င်းတို့ထမင်းခူးထားလိုက်သည်မှာ ဆန်ပုံပေါ် ကြက်များ တက်ယက်ထားသကဲ့သို့ လည်းကောင်း၊ ဝက်များ ၎င်းတို့ အစာကို မွှေထားသကဲ့သို့လည်းကောင်း ဖြစ်၏။ 

ဤကဲ့သို့ ထမင်းခူးလျှင် ထမင်းအလေအလွင့် များလှ၏။

ထမင်းကိုသာ သပ်သပ်ခပ်ခပ်ခူးတတ်မည်ဆိုပါက ထမင်းတစ်စေ့မှ အလေအလွင့်မရှိဘဲ စားသုံးနိုင်၏။

 

ပြောရလျှင် ကျွန်ုပ်ထမင်းစားသည့်အခါ ပန်းကန်ထဲတွင် ဘာတစ်ခုမှ မကျန်နေစေရ။ အားလုံးပြောင်စင်နေအောင် စား၏။ အချို့လူများမှာ ထမင်းကို ပြောင်အောင်စားလျှင် ဂုဏ်ကျက်သရေများ ယုတ်ရော့သွားတော့မည့်အလား ထမင်း လုံးများကို တမင်တကာ ချန်လျက် စားလေ၏။ အစားအသောက် ဖြုန်းသော လူများပါပေတည်း။

 

(၅) ကျွန်ုပ် မီးကို ချွေတာပုံအကြောင်း


 

ကျွန်ုပ်သည် ရေကိုသာမဟုတ်သေး။ မီးအသုံးကိုလည်း ချွေတာပေလေသေး၏။

အချို့သူများမှာ နေ့ခင်းကြီးကြောင်တောင် နေအလင်းရောင် ကောင်းစွာရနေပါလျက် မီးဖွင့်ပြီး ထမင်းချက်၏။

မိုးအေးနေပါလျက် လေအေးပေးစက်ကို ဖွင့်၏။

မလိုအပ်ဘဲ မီးကို နှစ်ပွင့်ဖွင့် သုံး၏။

တခါတရံတော့လည်း မြင်နေ/သိနေပါလျက် မျက်စိမှိတ်ထားရသည့်အခါများလည်း ရှိ၏။

 

ကျွန်ုပ်သည် စားပွဲတင် LED light ကလေး ဝယ်ထား၏။ ညဘက် စာရေးသည့်အခါ/ရုပ်ရှင်ကြည့်သည့်အခါများတွင် ထိုမီးကလေးကို သုံး၏။ ၎င်းသည် USB Drive ဖြစ်သည့်ပြင် LED လည်းဖြစ်၍ ပါဝါစားနှုန်း အတော်သက်သာ၏။ ကျွန်ုပ် သည် ဧည့်ခန်း၌လည်း LED မီးကို ပြောင်းတပ်၏။ LED ၏ အားသာချက်မှာ မလိုအပ်သည့်အခါ မီးကို အလိုရှိသလောက် မှိန်ထားနိုင်ခြင်းဖြစ်၏။ ထို့ပြင် သာမန်မီးချောင်းများထက်လည်း ပါဝါအစား များစွာ သက်သာ၏။ ဧည့်ခန်းတွင် လူမရှိသည့်အခါ ကျွန်ုပ်က မီးကို မှိန်မှိန်လေးသာ ထွန်းထားလေ့ရှိ၏။

 

ကျွန်ုပ်သည် ညဦးပိုင်းတွင် လေအေးစက်မဖွင့်။ ကျွန်ုပ်တို့အခန်းမှာ ၁၅ ထပ်တွင်ဖြစ်၍ ပြူတင်းတံခါးများကိုသာ ဖွင့်ထားပါက လေတဖြူးဖြူးနှင့် နေကောင်းရုံမျှ အပူချိန်ရှိ၏။ လေအေးစက် ဖွင့်စရာကို မလို။ ကျွန်ုပ်အိပ်သည့် အစောဆုံးအချိန်မှာ ည ၁၂ နာရီဖြစ်ပြီး ထိုအချိန်ထိ လေအေးစက်မဖွင့်။ အိပ်သည့်အခါမှ လေအေးစက် ဖွင့်၏။ လေအေးစက်၏ အပူချိန်ကို ၂၇ တွင်ထားပါက အနေတော် အေးလေ၏။ မီးဘိုးပိုက်ဆံပေးစရာမလိုသူများမှာမူ လေအေးပေးစက်ကို အသားကုန်ဖွင့်လျက် အနွေးထည်ဝတ်ကာ နေလေ၏။ ကျွန်ုပ်မှာ ဖင်ပိတ်ကန်ချင်စိတ်ကို မနည်းမြိုသိပ်ထားရလေ၏။

နောက်ပြီး ကျွန်ုပ်က ဧည့်ခန်းတွင် အခန်းတစ်ခန်းဖွဲ့ကာ ထပ်ငှားထားသဖြင့် ထိုအခန်းမှ မီးထွန်းထားလျှင် ဧည့်ခန်း တစ်ဆောင်လုံးလင်းနေသဖြင့် မီး အပိုဖွင့်စရာမလို။ ပိတ်ထားလို့ရသဖြင့် ဧည့်ခန်းမီးကို အလိုလိုချွေတာပြီး ဖြစ်တော့၏။

 

နိဂုံး


 

ကျွန်ုပ်ချွေတာသည့်အကြောင်း များစွာရှိသေး၏။ သို့သော် အသင်တို့အဖို့ ရီစရာဖြစ်နေမှာစိုး၍ ဆက်မဖော်ပြဝံ့တော့ပါ။

 

သို့သော်တစ်ခုလောက်တော့ ပြောပြပါရစေဦး။ 

ကိုဗစ်ဖြစ်သည့် ၂ နှစ်အတွင်း ကျွန်ုပ်ဝယ်ခဲ့ဖူးသည့် မျက်နှာအကာမှာ ပထမဦးဆုံးဝယ်ခြင်းဖြစ်သည့် အဝတ်မျက်နှာ အကာ အနက်ရောင် တစ်စုံသာ ဖြစ်၏။ ၂ ကျပ်ပေးရ၏။ ဤသည့်နောက်ပိုင်း ယခုအချိန်အထိ ကျွန်တော် မည်သည့်အခါ မှ မျက်နှာအကာ မဝယ်ခဲ့စဖူးပါ။ ထူးဘာဘေ့စ်။

 

ကျွန်ုပ်က Ever Safe တွင် Safety သင်တန်းသင်၏။ ထို Safety သင်တန်းများတွင် ဖုန်ကာ (dust mask) ဝတ်နည်း သင်ပေးတာလည်း ပါ၏။ ယခင်က Ever Safe က ထို mask များကို 3M mask အကောင်းစားများ ထုတ်ပေး၏။ ကျွန်ုပ်တို့က ထို mask ကို မည်ကဲ့သို့ဝတ်ရသည်ကို သရုပ်ပြရ၏။ သရုပ်ပြခြင်းဆိုသည်မှာ ပီဘိ ခဏကလေးမျှသာ ဖြစ်၍ သုံးပြီးသည်ဆိုသည့်တိုင် အသစ်ကျပ်ချွတ်အတိုင်း ဖြစ်ချေ၏။ ထို mask များကို ကျွန်ုပ်သည် လွှင့်မပစ်။ အားလုံးကို သေသေချာချာ သိမ်းထား၏။ ဟော - ကိုဗစ်ဖြစ်လို့ mask တွေဝတ်ရမည်လည်းဆိုရော ကျွန်ုပ်အဖို့ ထို mask များမှာ “တိုင်း၍ယက်သည့် ကပ္ပလာ၊ မိုးရွာသည်နှင့် အခန့်သင့်” ဖြစ်လေတော့၏။ ထို့ပြင်တဝ ထို mask များမှာ အကောင်းစား များ ဖြစ်၍ ကျွန်ုပ်က ရေလျှော်ပြီး ပြန်သုံး၏။ Mask တစ်ခုကို အနည်းဆုံး ဆယ်ခါလောက် ပြန်သုံးနိုင်၏။ ဤသည့် နောက်တွင်မတော့ အစိုးရက mask များ ထုတ်ပေးလေရာ ကျွန်ုပ်အဖို့ mask များ ဝယ်စရာမလိုသည်သာမက ပိုတောင် နေပေလေသေး၏။ 

 

ဈေးဝယ်သည့်အခါ မလိုလျှင် ဆိုင်မှ ပလတ်စတစ်အိတ်နှင့်ထုတ်ပေးသည်ကို ကျွန်ုပ်လက်မခံ။ အိတ်ထဲ၌သာ ထည့်ယူ၏။ နောက်ပြီး ဆိုင်မှ အရောင်းစာရေးမကလေးကိုလည်း “Save the environment” ဟု ကလိလိုက်သေး၏။

 

ကျွန်ုပ်က ကော်ဖီသမားဖြစ်သဖြင့် ကော်ဖီကို မပြတ်မလပ် သောက်၏။ ယခု ဤစာကိုရေးနေရင်းလည်း ကော်ဖီကို တစ်ကြိုက် ကြိုက်လိုက်သေး၏။ ကော်ဖီဖျော်ရာတွင် ကျွန်ုပ် မည်သည့်အခါမှ မွှေသည့်အတံကိုသော်လည်းကောင်း၊ ဇွန်းကိုသော်လည်းကောင်းမသုံး။ ကော်ဖီမှာ 2 in 1 အထုပ်ရှည်ရှည်ကလေးဖြစ်လေရာ ကော်ဖီထုပ်ကို ဖောက်ပြီး ခေါက်လိုက်လျှင်ပင် ကော်ဖီမွှေဘို့ တုတ်ကလေး ဖြစ်သွားလေ၏။ ထိုတုတ်ဖြင့် ကော်ဖီမွှေ၏။ ဇွန်းဖြင့်မွှေသည့်တိုင် ဇွန်းကိုဆေးသည့်အခါ ရေကို သုံးရဦးမည်ဖြစ်၏။ 

 

ကျွန်ုပ်သည် တတ်နိုင်သမျှ တစ်ခါသုံးဟူသည့်အရာများကို ရှောင်၏။ ကျွန်ုပ်သည် မုတ်ဆိတ်ရိတ်သည့်အခါ တစ်ခါသုံး ဂျုတ်များ ဝယ်သုံး၏။ ထိုဂျုတ်များမှာ အခြားသူများအတွက် တစ်ခါသုံးဖြစ်သော်လည်း ကျွန်ုပ်အဖို့မူ ဆယ်ခါသုံး ဖြစ်ဘိ၏။

 

သည်မှာပဲ ရပ်ခွင့်ပြုပါတော့ခင်ဗျာ။

တော်ကြာ ချွေတာရာကနေ ကပ်စီးနည်းသည့်ဘက် ရောက်တော့မည်။

နေရင်းထိုင်ရင်း လူအမြင်ကပ်တော့ မခံပါရစေနှင့်။

 

ခွေးဒေါင်းဇားများ၊ ငရဲသွား။ နားကားကြပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၂ - ၁ - ၂၂ 

No comments: