Monday, January 24, 2022

သိပ်သည်းဆ [Specific Gravity (SG)] အကြောင်း သိကောင်းစရာ

(၁) နိဒါန်း


 

ကျွန်ုပ် safety သင်တန်းများ သင်သည့်အခါ သင်ခန်းစာများနှင့် ပတ်သက်သည့် အင်ဂျင်နီယာ အခြေခံဗဟုသုတများကို သင်တန်းသားများအား မေးလေ့ရှိ၏။ 

 

ဥပမာ - Lifting အကြောင်းသင်သည့်အခါ specific gravity နှင့် centre of gravity ကိုသော်လည်းကောင်း၊ manual lifting သင်သည့်အခါ moment ကိုသော်လည်းကောင်း၊ Respirator အကြောင်း သင်သည့်အခါ atmospheric pressure အကြောင်းကိုသော် လည်းကောင်း၊ Work At Height သင်သည့်အခါ weight နှင့် gravitational force အကြောင်းတို့ကို သော်လည်းကောင်း မေးလေ့ရှိ၏။ 

 

မအံ့ဩဘွယ်ရာပင် အင်ဂျင်နီယာဒီပလိုမာလက်မှတ် ကိုင်ထားသူများသည် Specific gravity, atmospheric pressure, moment, centre of gravity စသည်တို့ကို မသိကြ။

 

အန္တရာယ်ကင်းအောင် အလုပ်လုပ်နိုင်ရေး အစီအမံများ ပံ့ပိုးပေးရာ၌  အင်ဂျင်နီယာဘာသာရပ်သည် အလွန်အရေးပါလှ ၏။ Safety သည် အင်ဂျင်နီယာဘာသာရပ်နှင့် အလွန်နီးကပ် ဆက်နွယ်လျက်ရှိ၏။ အဘယ်ကဲ့သို့ ဆက်နွယ်နေကြောင်း ကျွန်ုပ် ဗီဒီယိုတစ်ခုရိုက်ကာ တင်ပြပါမည်။ ထိုမျှသာမက ကျွန်ုပ်က estimate နှင့် အာဂ အာဂ တို့ မည်ကဲ့သို့ ကွာခြားကြောင်းလည်း ရှင်းပြပါသေး၏။ (မှတ်ချက်။     ။ အာဂ အာဂ ဆိုသည်မှာ စင်ကာပူတွင် အသုံးများသည့် မလေးစကားလုံးတစ်ခုဖြစ်၍ အတိအကျမသိဘဲ မှန်းတုတ်ခြင်းကို ခေါ်သတည်း။)

 

ယခု ကျွန်ုပ်က ထိုများပြားလှစွာသော သိသင့်စရာ အင်ဂျင်နီယာ ဗဟုသုတများထဲမှ အလွန်မှလည်း သေးငယ်ပြီး အလွန်မှလည်း အခြေခံကျလှသည့် specific gravity အကြောင်း တင်ပြပါမည်။

 

(၂) သိပ်သည်းဆ [Specific Gravity]


 

Specific Gravity ကို Relative Density ဟု လည်းခေါ်ကြသေး၏။ အရည် သို့မဟုတ် အခဲတို့၏ Specific Gravity ကို ရေနှင့် နှိုင်းယှဉ် ဖော်ပြ၏။

 

သိပ်သည်းဆ [Specific Gravity (Sp Gr or SG)] ဆိုသည်မှာ ပစ္စည်း/အရည်တစ်ခု၏ သိပ်သည်းခြင်း (density) နှင့် အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်တွင်ရှိသော ရေ၏ သိပ်သည်းခြင်း အချိုးတို့ ဖြစ်၏။ ရှင်းအောင် ဗမာလိုပြောရလျှင် ပစ္စည်း/အရည်တစ်ခု၏ အလေးချိန် နှင့် ရေ၏အလေးချိန်တို့ အချိုး (သို့မဟုတ်) ပစ္စည်း/အရည်တစ်ခု၏သိပ်သည်းခြင်း နှင့် ရေ၏ သိပ်သည်းခြင်းတို့ အချိုးဖြစ်၏။ 

 

အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်နှင့် လေထုဖိအား 1 atm (1 atmosphere) ရှိ ရေ၏အလေးချိန်မှာ ၁ ကုဗစင်တီမီတာတွင် ၁ ဂရမ်ဖြစ်၏။ တစ်နည်းအားဖြင့် ရေ ၁ လီတာသည် ၁ ကီလိုဂရမ် (၁ ကုဗပေလျှင် ၆၂.၄ ပေါင်)လေး၏။ ရေ ၁ ကုဗမီတာ သည် ၁ တန် လေး၏။ အခြားပစ္စည်း/အရည်များ၏ အလေးချိန်ကိုတွက်သည့်အခါ ထို ရေ၏အလေးချိန်ကို ရည်ညွှန်း လျက် တွက်ကြ၏။ ထိုရည်ညွှန်းကိန်းသည်ပင်လျှင် SG ဖြစ်၏။ 

 

Sippel (1958) က SG ဟူသည် အပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ်ရှိ ပစ္စည်းတစ်ခု/အရည်တစ်ခု အလေးချိန်နှင့် အပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ်ရှိ ထိုပစ္စည်း/အရည်နှင့် ထုထည်တူ ရေတို့၏ အလေးချိန် အချိုးဖြစ်သည် ဆို၏။ ပစ္စည်းတစ်ခု၏ SG ကို အောက်ပါအတိုင်း တွက်နိုင်၏။




 တစ်နည်းအားဖြင့်လည်း SG ကို အောက်ပါအတိုင်း ဖော်ပြနိုင်၏။

 


ဤတွင်     SG = Specific Gravity (Dimensionless) (ယူနစ်မရှိ)

              rsubtance = အရာဝတ္ထု သို့မဟုတ် အရည်၏ သိပ်သည်းခြင်း (kg/m3)

              rwater = ယေဘူယျအားဖြင့် အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်ရှိ ရေ၏ သိပ်သည်းခြင်း (kg/m3)

              V = ထုထည် (m3)

 

SG သည် အချိုးတစ်ခုမျှသာ ဖြစ်လေရာ ၎င်းတွင် ယူနစ်မရှိ။ ဂဏန်းသီးသီး ဖြစ်၏။ 

ဥပမာ - ပြဒါး (မာကျူရီ) အရည်၏ သိပ်သည်းကိန်းမှာ ၁ လီတာလျှင် ၁၃.၅၉ ကီလိုဂရမ် ဖြစ်၏။ ထို့ကြောင့် ၎င်း၏ SG မှာ ၁၃.၅၉ ဖြစ်၏။

 

အချို့သော ပစ္စည်းများ၏ SG (Specific Gravity) ကို အောက်တွင် ဖော်ပြထားပါသည်။

 

ပစ္စည်းအမည်

SG

 

ပစ္စည်းအမည်

SG

အယ်လ်ကိုဟော

၀.၈၂

 

သစ်သား (အုတ်)

၀.၇၇

စားဆီ

၀.၉၂

 

စက္ကူ

၁.၂၀၁

ပါရာဖင်

၀.၈၀

 

ကွန်ကရိ

၂.၄၀၃

ရေနံ

၀.၇၂

 

မြေကြီးအခြောက်

၁.၂၄၉

ရေ(၄ ဒီဂရီစင်တီဂရိတ်)

၁.၀၀

 

မြေကြီးအစို

၁.၆၀၂

ပင်လယ်ဆားငံရေ

၁.၀၂၇

 

သိပ်သည်းနေသည့်မြေကြီး

၂.၀၀၂

မာကြူရိ

၁၃.၅၉

 

လက်အုတ်

၁.၉၂၂

သံ

၇.၈၂

 

စက်အုတ်

၂.၄၀၃

သံဖြူ

၇.၂၈

 

သဲ(အခြောက်)

၁.၆၀၂

သွပ်

၇.၁၂

 

သဲ(အစို)

၁.၉၂၂

အလူမီနီယမ်

၂.၇၂

 

ကာဘွန်

၂.၁၄၆

ကြေးဝါ

၈.၄၈

 

ပေါ်တလင်ဘိလပ်မြေ

၁.၅၀၆

ကက်ဒ်မီယမ်

၈.၅၇

 

ပြတင်းပေါက်မှန်

၂.၅၇၉

ခရိုမီယမ်

၇.၀၃

 

နှမ်းဖတ်ကျောက်

၂.၆၉၁

ကြေးနီ

၈.၇၉

 

ကျောက်စရစ်

၁.၅၂၂

သွန်းသံ

၇.၂

 

စပါး

၀.၅၇၇

ခဲ

၁၁.၃၅

 

ဆန်

၀.၇၅၃

နစ်ကယ်

၈.၇၃

 

ဆား

၀.၈၀၁

နိုင်လွန်

၁.၁၂

 

ငါး

၀.၇၂၁

ပီဗီစီ

၁.၃၆

 

ရေခဲတုံး

၀.၉၁၉

ရာဘာ

၀.၉၆

 

သားရေ

၀.၉၄၅

ဆိုဒီယမ်

၀.၉၇၇

 

ထုံး

၀.၈၄၉

တာပင်တိုင်

၀.၈၆၅

 

အခွံမခွာရသေးသော မြေပဲ

၀.၂၇၂

ရေနံဆီ

၀.၈၈၁

 

အခွံခွာပြီးသော မြေပဲဆန်

၀.၆၄၁

ပေါ်စလင်ရွှံ့စေး

၂.၄၀၃

 

 

 

 

ဓာတ်ငွေ့တို့၏ specific gravity ကိုမူ လေ၏ အလေးချိန်နှင့် ရည်ညွှန်းဖော်ပြ၏။ အပူချိန် ၀ ဒီဂရီ စင်တီဂရိတ်နှင့် လေထုဖိအား 1 atm (1 atmosphere) ရှိ လေ၏သိပ်သည်းကိန်းမှာ တစ်လီတာ လျှင် ၁.၂၉ ဂရမ် (၁ ကုဗပေလျှင် ၁.၂၉ အောင်စ) ဖြစ်၏။ ကာဘွန်ဒိုင်အောက်ဆိုဒ်၏ သိပ်သည်းကိန်းမှာ ၁ လီတာလျှင် ၁.၉၇၆ ဂရမ် ဖြစ်၏။ ထို့ကြောင့် ၎င်း၏ SG မှာ ၁.၉၇၆/၁.၂၉ = ၁.၅၃ ဖြစ်၏။

 

ဓာတ်ငွေ့တို့၏ SG မှာ အောက်ပါအတိုင်း ဖြစ်၏။

 

ပစ္စည်းအမည်

SG

 

ပစ္စည်းအမည်

SG

လေ

၁.၀၀၀

 

အက်ဆီတလင်း

၀.၈၉၉

အောက်ဆီဂျင်

၁.၁၀၄၄

 

အမိုးနီးယား

၀.၅၉

ကာဘွန်ဒိုင်အောက်ဆိုဒ်

၁.၅၁၈၉

 

အာဂွန်

၁.၃၈

ကာဘွန်မိုနောက်ဆိုဒ်

၀.၉၆၆၇

 

ဘင်ဇင်း

၂.၆၉၆၉

နိုက်ထြိုဂျင်

၀.၉၆၆၉

 

ဗျူတိန်း

၂.၀၀၆၁

ဟိုက်ဒြိုဂျင်

၀.၀၆၉၆

 

ကလိုရင်း

၂.၄၈၆

မီသိန်း

၀.၅၅၃၇

 

အီသိန်း

၁.၀၃၇၈

ဖလိုရင်း

၁.၃၁

 

ဟီလီယမ်

၀.၁၃၈

အိုဇုန်း

၁.၆၆၀

 

ရေငွေ့

၀.၆၂၁၈

 

အရာဝတ္ထုတစ်ခု၏ specific gravity ကိုသာသိလျှင် ထိုအရာဝတ္ထု၏အလေးချိန်ကို လွယ်ကူစွာ တွက်ယူနိုင်၏။ ဥပမာ - ကွန်ကရိတုံးတစ်တုံး၏ အလေးချိန်ကို သိလိုသည်ဆိုပါစို့။ ထို ကွန်ကရိတုံး၏ ထုထည်ကိုရှာပါ။ ထိုထုထည် (m3) ကို ၎င်း၏ SG ဖြစ်သော 2.4 ဖြင့်မြှောက်လိုက်လျှင် အလေးချိန်ကို လွယ်ကူစွာ သိနိုင်ပြီဖြစ်၏။

 

အကယ်၍ ကွန်ကရိတုံး၏ ထုထည်သည် ၀.၃ ကုဗမီတာ ဖြစ်သည်ဆိုပါစို့။ ၎င်း၏ အလေးချိန်မှာ - ၀.၃ x ၂.၄ = ၀.၇၂ တန် (၇၂၀ ကီလိုဂရမ်) ဖြစ်သတည်း။

 

(၃) ဖိအား နှင့် အပူချိန် (Pressure and Temperature)


 အရာဝတ္ထုတစ်ခု၏ အလေးချိန် သို့မဟုတ် ထုထည်ကို ဖော်ပြရာတွင် အပူချိန်နှင့် ဖိအားကိုပါ ဖော်ပြရန်လို၏။ အရာဝတ္ထုတို့သည် အပူချိန်နှင့် ဖိအားပြောင်းသည်နှင့်အမျှ ၎င်းတို့၏ အလေးချိန်နှင့် ထုထည်လည်း ပြောင်းလဲတတ် ကြ၏။ ပမာပြရလျှင် လေထုဖိအား 1 atm ၌ အပူချိန် ၄ ဒီဂရီ စင်တီဂရိတ်ရှိ ရေ ၁ ကုဗစင်တီမီတာသည် ၀.၉၉၉၉၇၃ ဂရမ်လေးပြီး အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်သွားပါက အလေးချိန် ၀.၉၉၈၂၀၃ ဂရမ်ထိ ကျဆင်းသွား၏။ ၁၅ ဒီဂရီပြောင်းတိုင်း ဒဿမဂဏန်း သုံးလုံးထိ ပြောင်းနိုင်၏။ 

 

Density, Specific Weight နှင့် Specific Gravity တို့ကို တစ်ခုနှင့်တစ်ခု ရောထွေး မှားယွင်းတတ်၏။ ဤအကြောင်းများကို သီးသန့်ရှင်းပြမှ နားလည်နိုင်မည်ဖြစ်၍ တစ်ခုချင်းစီ ရှင်းပြပါအံ့။

 

သိပ်သည်းခြင်း (Density)


 

သိပ်သည်းခြင်း ဟူသည် တစ်ယူနစ်ထုထည်ရှိ ပစ္စည်း၏ဒြပ်ထု ဖြစ်၏။ (mass per unit volume)

သိပ်သည်းခြင်း၏ SI Unit မှာ kg/m3 ဖြစ်၏။ (ပစ္စည်း တစ်ကုဗမီတာတွင် ရှိသည့် ကီလိုဂရမ်)

သိပ်သည်းခြင်းကို အောက်ပါအတိုင်း ဖော်ပြနိုင်၏။

 

ဤတွင်     r = သိပ်သည်းခြင်း (kg/m3)

              m = ဒြပ်ထု (kg) 

              V = ထုထည် (m3)

 

Specific Weight


 

Specific Gravity ကို Spacific Weight နှင့် မမှားသင့်။

Specific Gravity ဆိုသည်မှာ ထိုပစ္စည်း၏ ရေထက် ဘယ်နှစ်ဆလေးသည် သို့မဟုတ် ပေါ့သည်ဟူသည့် “အဆ” ဖြစ်ပြီး Specific Weight ဆိုသည်မှာကား ထိုပစ္စည်း၏ တစ်ယူနစ်ထုထည်ရှိ အလေးချိန်ဖြစ်၏။ ဗမာလို လွယ်အောင်ပြောရလျှင် စပါးတစ်တင်းလျှင် ဘယ်နှစ်ပေါင်လေးသည်ဆိုသည်မှာ specific weight ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရလျှင် ပစ္စည်း ၏ သိပ်သည်းခြင်း (density) ကို ကမ္ဘာ့မြေဆွဲအားအရှိန် (gravitational acceleration) နှင့် မြှောက်ထားတာလည်း ဖြစ်၏။ 

 

ရေ၏ specific weight မှာ အောက်ပါအတိုင်းဖြစ်၏။

 

ရေ၏သိပ်သည်းခြင်း (r) မှာ ၁ ကုဗမီတာတွင် ၁၀၀၀ ကီလိုဂရမ် (1000 kg/m3) ဖြစ်၏။

ကမ္ဘာ့မြေဆွဲအားအရှိန် (g) မှာ 9.81 m/s2 ဖြစ်၏။

ထို့ကြောင့် -

 

ရေ၏ Specific Weight (Y) = SG x g = 1000 kg/m3 x 9.81 m/s2 = 9.81 kN/m3

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ ဇန္နဝါရီလ၊ ၂၀၂၂ ခုနှစ်

 

https://www.britannica.com/science/specific-gravity

https://kids.kiddle.co/Specific_gravity

https://en.wikipedia.org/wiki/Relative_density

https://study.com/academy/lesson/what-is-specific-gravity-definition-formula-calculation-examples.html

https://www.thoughtco.com/definition-of-specific-gravity-604652

https://www.toppr.com/guides/physics-formulas/specific-gravity-formula/

https://www.sciencedirect.com/topics/materials-science/density-specific-gravity

 



No comments: