Tuesday, January 4, 2022

AFR နှင့် ASR တို့ အကြောင်း

လုပ်ငန်းခွင်အန္တရာယ်ကင်းရေး လောကတွင် မိမိတို့ လုပ်ငန်းခွင်/ကုမ္ပဏီ/စီမံကိန်း/အဖွဲ့အစည်းသည် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၌ မည်မျှကောင်းသည်ကို KPI (Key Performance Indicator) များဖြင့် တိုင်းတာလေ့ရှိ၏။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၌ တိုင်းတာသည့် KPI တစ်ခုမှာ AFR နှင့် ASR တို့ ဖြစ်၏။

 

AFR နှင့် ASR တို့အားဖြင့် မိမိ လုပ်ငန်းခွင်/ကုမ္ပဏီ/စီမံကိန်း/အဖွဲ့အစည်းသည် အခြား ကုမ္ပဏီ/ အဖွဲ့အစည်းများနှင့် ယှဉ်လိုက်လျှင် မည်မျှအဆင့်ရှိသည်ကိုလည်း လေ့လာနိုင်၏။ ထိုမျှသာမက မိမိတို့ ကုမ္ပဏီ/အဖွဲ့အစည်းအတွင်း၌ပင် ယမန်နှစ်ကနှင့် ယခုနှစ် အခြေအနေ၊ လွန်ခဲ့သည့်နှစ်များက အခြေ အနေနှင့် လက်ရှိအခြေအနေ၊ နောင် မိမိတို့ သွားလိုသည့်ပန်းတိုင် စသည်တို့ကိုလည်း ကြည့်နိုင်/ မြင်နိုင်၊ သုံးသပ်နိုင်၏။

 

AFR နှင့် ASR တို့က လုပ်ငန်းခွင်အတွင်း၌ လုပ်ငန်းခွင်မတော်တဆမှု မည်မျှဖြစ်ခဲ့သည်ကို ညွှန်ပြ၏။ AFR ကို တွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ လုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်နှုန်း တက်လာ သလား၊ ကျသွားသလား ဆိုသည်ကို သိလို၍ ဖြစ်၏။ ထို့ပြင် အခြား လုပ်ငန်း/ကုမ္ပဏီများနှင့်ယှဉ်ပြီး မိမိတို့ ကုမ္ပဏီ၏ လုပ်ငန်းခွင်အန္တရာယ် ကင်းရေး အဆင့်အတန်းကို အကဲခတ်နိုင်၏။

 

AFR = Accident Frequency Rate

 

AFR မှာ အလုပ်လုပ်ချိန် နာရီတစ်သန်း၌ တစ်နှစ်အတွင်းဖြစ်ခဲ့သော လုပ်ငန်းခွင်မတော်တဆမှုနှုန်း ဖြစ်၏။

၎င်း၏ ပုံသေနည်းမှာ အောက်ပါအတိုင်း ဖြစ်၏။



ဤတွင် ကောက်ယူသည့် မတော်တဆမှုအရေအတွက် (Number of Accident) ဟူသည် မတော်တဆမှုတိုင်းကို မဆိုလို။ စင်ကာပူတွင် လုပ်သားအင်အားဝန်ကြီးဌာနသို့ တင်ပြရသော မတော်တဆမှု (MOM Reportable Accident) အရေအတွက် ဖြစ်၏။ 

 

ဤတွင် ဗဟုသုတအနေနှင့်ဖော်ပြရသော် အောက်ပါမတော်တဆမှုများကို MOM သို့ အကြောင်းကြား ရ၏။

၁။ လုပ်ငန်းခွင်အတွင်း လူသေမှု (Fatal accident)

၂။ လုပ်ငန်းခွင် မတော်တဆမှု (Workplace accident) – i) Light Duty, ii) Outpatient sick leave, iii) Hospitalization

၃။ Dangerous occurance

၄။ Occupational disease

 

Dangerous occurance နှင့် Occupational disease ဟူသည် အဘယ်နည်းဆိုသည်ကို WSH Act, First Schedule နှင့် Second Schedule တို့၌ ဖော်ပြထား၏။

 

ASR = Accident Severity Rate

 

ASR မှာ အလုပ်လုပ်ချိန် နာရီတစ်သန်း၌ ASR တွင် ဖော်ပြခဲ့သည့် လုပ်ငန်းခွင် မတော်တဆမှုများ ကြောင့် တစ်နှစ်အတွင်း ဆုံးရှုံးခဲ့ရသော အလုပ်လုပ်ရက်များ၏ နှုန်း ဖြစ်၏။

၎င်း၏ ပုံသေနည်းမှာ အောက်ပါအတိုင်း ဖြစ်၏။



ဤတွင်ကောက်ယူသည့် ဆုံးရှုံးခဲ့ရသော အလုပ်လုပ်ရက်များ (Number of Manday Lost) ဟူသည်မှာ မတော်တဆမှုတိုင်းအတွက် မဟုတ်မူ၍ (စင်ကာပူအတွက်ဆိုလျှင်) MOM သို့ အကြောင်းကြားရသော မတော်တဆမှုများအတွက် ဆုံးရှုံးရသည့် အလုပ်လုပ်ရက်များ ဖြစ်၏။ (AFR ၌ ကြည့်လေ)

 

အကယ်၍ လုပ်ငန်းခွင်မတော်တဆမှုများအတွက် ဆေးခွင့်ယူရသော ရက် စုစုပေါင်းမှာ ၂၅ ရက်၊ ဆေး ရုံတက်ရသော ရက် စုစုပေါင်းမှာ ၄၅ ရက် ရှိသည် ဆိုကြပါစို့။ Number of Manday Lost မှာ ၂၅ + ၄၅ = ၇၀ ဖြစ်မည်။

 

အကယ်၍ AFR (f) မည်မျှဆိုလျှင် ဘယ်နှစ်မှတ်၊ ASR (s) မည်မျှဆိုလျှင် ဘယ်နှစ်မှတ် ဆိုသည်ကို အောက်ပါဇယား၌ ဖော်ပြထား၏။

 

ထိုဇယားအတိုင်း ကောက်ယူ၍ AFR point နှင့် ASR point ကို ပေါင်းလိုက်ပါက Raw Score ရ၏။ 

(f) + (s) = Raw Score

 

အကယ်၍ Raw Score = 0 ဆိုလျှင် သင့်လုပ်ငန်းခွင်သည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက် ၍ အဆိုးဆုံး အခြေအနေဖြစ်၏။ ဆိုလိုသည်မှာ လူသေမှု မကြာခဏဖြစ်နိုင်၏။ Raw Score = 19-20 ဆိုလျှင် အကောင်းဆုံးဖြစ်၍ မတော်တဆမှု အဖြစ်နည်းသည့် လုပ်ငန်းခွင်ဖြစ်၏။

 

လုပ်ငန်းခွင် အန္တရာယ်ကင်းရေး အရာရှိသည် မိမိလုပ်ငန်းခွင်၏ AFR နှင့် ASR ကို လစဉ် ထုတ်ပြန်ရ၏။ သို့မှသာ လုပ်ငန်းခွင်၏ လစဉ်အန္တရာယ်ကင်းရေး အခြေအနေကို သိနိုင်မည်။ ယခင်လများနှင့် ယခု လက်ရှိအချိန် ပို၍ကောင်းလာသလော၊ ပို၍ဆိုးသွားသလော နှိုင်းယှဉ်နိုင်မည်။ ယခင်ကာလများက အခြေအနေကို သုံးသပ်ကာ မိမိတို့၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ရည်မှန်းချက်ကို ဆန်းစစ်နိုင်မည်။



အောက်တွင် ၂၀၁၈ ခုနှစ်ထိ ရှိသော စင်ကာပူနိုင်ငံ၏ AFR နှင့် ASR တို့ကို ဖော်ပြထားပါသည်။






ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (လေးမျက်နှာ)

လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိ

၄ ဇန္နဝါရီ၊ ၂၀၂၂




No comments: