Thursday, January 6, 2022

၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ အတွေး

အချီး

 

၁၉၄၈ ခုနှစ်၊ မြန်မာတို့ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရခဲ့စဉ်က ဆရာဇော်ဂျီက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့အတွေး ဟု ကဗျာတစ်ပုဒ် ရေးခဲ့ပါသည်။

ယခု ကျွန်ုပ်ကလည်း ဆရာဇော်ဂျီကို အားကျကာ “၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ အတွေး” ကို ရေးလိုက်ရပါကြောင်း။

 

(၁) စစ်ကျွန်ခေတ်ဦး

 

ကျွန်ုပ်တို့သည် ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့၏။

အင်္ဂလိပ်ကျွန်ဖြစ်ခဲ့စဉ်က ကျွန်ုပ် မမွေးသေးသဖြင့် အင်္ဂလိပ်ကျွန်ဖြစ်ရခြင်း၏ အရသာကို မြည်းစမ်းမကြည့်မိခဲ့ စဖူးပါ။

သို့သော် အင်္ဂလိပ်ကျွန်၏ အရသာကို မမြည်းစမ်းဖူးခဲ့သော်ငြား ကျွန်ုပ်မွေးသည့်အချိန်ကစ၍ မြန်မာနိုင်ငံသည် စစ်ကျွန် ဘဝ ကျရောက်ခဲ့ရာ စစ်ကျွန်၏ အရသာကိုမူ အလွန်ခါးသီးစွာ ပယ်ပယ်နယ်နယ် သိရှိခဲ့ရလေ၏။

 

ကျွန်ုပ်ဖခင်သည် လယ်သမားဖြစ်၏။ 

လယ်ကလေး ၅ ဧက ပိုင်၏။

သို့သော် လယ်ပိုင်သည်ဆိုသော်ငြားလည်း လယ်မှထွက်သည့်စပါးများကို လယ်သမားများ ပိုင်ဆိုင်ခွင့်မရခဲ့ကြ။

လယ်ပိုင်သူများသည် မိမိလယ်မှထွက်သည့် စပါးကို လူတစ်ဦးလျှင် ၁၅ တောင်းစီမျှနှင့် အိမ်တွင်မိသားစုဝင် ရှိသမျှကိုသာ စပါးချန်ထားလျက် ကျန်စပါးအားလုံးကို အစိုးရဒိုင်သို့ သူတို့သတ်မှတ်ပေးထားသည့် ဈေးနှင့် ရောင်းချကြရ၏။ လူ တစ်ဦး ၁၅ တောင်းထက်ပိုပြီး ချန်ထားသည်ဖြစ်အံ့။ တရားမဝင်စပါး လက်ဝယ်ထားရှိမှုဖြင့် ထောင်ချလို့ရ၏။

 

၁၉၈၀ ခုနှစ်၊ ကျွန်ုပ် ဟင်္သာတတွင် ဒေသကောလိပ်တက်စဉ်က ဘုန်းကြီးကျောင်းတွင်တည်းကာ ကျောင်းတက်ရ၏။ နေ့လယ်စာအတွက်ကို ဦးပဏ္ဍိ၊ ဦးတေဇော၊ ဦးဝါယမ၊ ဦးပညိန္ဒ စသည့် ဦးပဉ္စင်းများခံသည့်ဆွမ်းကို ကပ်စား၏။ ညနေစာကို တခါတလေ အချို့ ဦးပဉ္စင်းများ ချန်ထားပေးတာစား၏။ ချန်မထားသည့်အခါ မစားဘဲနေ၏။ အချို့ရက်များတွင် ချက်စား၏။ သို့သော် ကျွန်ုပ်မှာ ထမင်းဟင်းချက်ရမှာကို ဘယ်နံရောအခါကမှ စိတ်ဝင်စားခဲ့သူ မဟုတ်ရကား ချက်မစားသည့်အခါ များပါ၏။ 

 

တစ်ခုသောကျောင်းပိတ်ရက်အပြီး ကျောင်းများပြန်ဖွင့်သော် အရီးတို့က ကျွန်ုပ် ညနေစာချက်စားရန် ဆန်ကလေး သုံးပြည်ကို ဖျင်အိတ်ကလေးနှင့် ထည့်ပေးလိုက်၏။ အိုင်သပြုတွင် ဟင်္သာတသို့ထွက်မည့်ကားပေါ်သို့ ရဲများ တက်လာကာ ခရီးသည်များကို စစ်လားဆေးလား လုပ်၏။ ကျွန်ုပ်၏ ဆန်အိတ်ကလေးကို တွေ့လေသော် ဖမ်းပါလေ၏။ ကျွန်ုပ်မှာလည်း အထိတ်တလန့်ဖြစ်လျက် ကျွန်ုပ်မှာ ကျောင်းသားဖြစ်ကြောင်း၊ ဟင်္သာတတွင် အဆွေအမျိုးမရှိသဖြင့် ဘုန်းကြီးကျောင်းတွင်တည်းပြီး ကျောင်းတက်ရကြောင်း၊ ယခုဆန်မှာ ညနေစာကို ကိုယ့်ဘာသာချက်စားရန် မိဘများက ထည့်ပေးလိုက်တာဖြစ်ကြောင်း မျက်ရည်ကလေး စမ်းစမ်း စမ်းစမ်းနှင့် ကျောင်းသားမှတ်ပုံတင်ကတ်ပြား၊ ဘုန်းကြီး ဓာတ်ပုံများပြလျက် အသနားခံကာ မနည်းတောင်းတောင်းပန်ပန်နှင့် ပြန်လွတ်ခဲ့ရ၏။

 

ချက်စားဘို့ဆန် သယ်တာကိုပင် ဖမ်းလို့ရသော စစ်ကျွန်ဘဝ ဖြစ်၏။

 

ဆပ်ပြာတို့၊ သွားတိုက်ဆေး၊ သွားတိုက်တံတို့ဆိုတာ လူတိုင်းနေ့စဉ်သုံးနေသည့် ပစ္စည်းဖြစ်၏။

အနှီလူတိုင်း နေ့စဉ်သုံးနေသည့် ပစ္စည်းများကိုပင် အလွယ်တကူ ဝယ်လို့မရ။ လူကြီး (ယခင်ခေတ်က လုပ်ပိုင်ခွင့်ရှိသော အရာရှိကြီးများကို လူကြီးဟု ခေါ်၏။ အဘယ်ကြောင့်လူကြီးခေါ်သည်ကိုမူ ကျွန်ုပ် မသိပါချေ။ ဤကား စကားချပ်) များနှင့်ပိုင်သော၊ လူကြီးများ၏ ဆွေမျိုးတသိုက်သာ ဖောဖောသီသီ သုံးနိုင်တာဖြစ်၏။

ဤသည်မှာ စစ်ကျွန်အစ ဖြစ်၏။

 

ဒေါ်လာ၊ နိုင်ငံခြား၊ ပတ်စ်ပို့ စသည့်စကားလုံးများမှာ လူကြီးများနှင့် သူရို့သားသမီး၊ သားမက်၊ ချွေးမ၊ မြေးမြစ်တီကျွတ် များအတွက်သာ ဖြစ်၏။ သာမန်ပြည်သူများ၏ အဘိဓာန်တွင် ထိုစကားလုံးများကို ရှာ၍ မတွေ့နိုင်ပါချေ။

 

ထို့နောက် မြန်မာပြည်ကို အရှေ့တောင်အာရှတွင် ထိပ်သီးဘဝမှ ဘိတ်ချီးဘဝသို့ နှစ်ပေါင်း ၂၀ မျှအတွင်း ရောက်သွားအောင် စွမ်းဆောင်နိုင်ခဲ့သူ ကမ္ဘာ့စွမ်းဆောင်ရှင် အကယ်ဒမီနှစ်ထပ်ကွမ်း နေဝင်းအား ၈လေးလုံး လူထုအုံကြွမှုဖြင့် ကန်ချခဲ့ပြီးနောက် ကံဆိုးလှသည့် မြန်မာပြည်မှာ ဗိုလ်ချုပ်ငတက်ပြားများလက်အတွင်း သက်ဆင်းရပြန်လေ၏။ 

 

(၂) စစ်ကျွန်ခေတ်လယ်

 

ကျွန်တော့်အမြင်ပြောရလျှင် ဗိုလ်ငတက်ပြားတို့လူစုမှာ သူရို့အဖေကြီးထက် ပိုပြီး ယုတ်မာကောက်ကျစ်လေ၏။ ဦးနေဝင်းတုံးက သူ သောက်သုံးမကျ၍၊ ထို့ပြင် သူ သောက်သုံးမကျတာကို ဝိုင်းပြီး ထောက်မပြရဲကြဘဲ ဘောင်းတော်ညိတ် စိတ်တော်သိလုပ်ခဲ့ကြသဖြင့်သာ မြန်မာနိုင်ငံကြီး ငါးပါးမှောက်ခဲ့ရတာဖြစ်၏။ မြန်မာပြည်ကြီးကို အဖတ်ဆယ်မရလောက်အောင်ထိတော့ မယုတ်မာခဲ့ဟု ကျွန်ုပ်ထင်ပါသည်။

 

ငတက်ပြားတို့အုပ်စုမှာမူကား မြန်မာတမျိုးသားလုံး လူညွန့်တုံးအောင် ယုတ်မာခဲ့ကြတာဖြစ်၏။ 

ပထမ အရေးအခင်းအပြီး ကျောင်းများပြန်ဖွင့်တော့ ၆ လ တစ်တန်းနှင့် အအောင်ပေးခဲ့ကြ၏။

ထို့နောက်ဒေါက်တာဘွဲ့များကို မှိုလိုပေါက်အောင် ပေးပစ်ကာ တစ်မြို့လျှင် တက္ကသိုလ်တစ်ခုကျ ဖွင့်ခဲ့၏။

တက္ကသိုလ်ကျောင်းသားများကို အညိုးထားကာ တက္ကသိုလ်များကို မြို့နှင့်ဝေးရာ အစွန်အဖျား (အစွန်အဖျား ဆိုတာထက်ပင် ပိုပါသေး၏။) သို့ ပို့ပစ်ခဲ့၏။ 

ဘာစာမေးပွဲမှ ဟုတ်တိပတ်တိမဖြေရဘဲ မအောင်မရှိ ငါ့တပိ လုပ်ခဲ့ကြ၏။

ဆယ်တန်းရောက်တဲ့ထိ ကိုယ့်နာမည်ကိုယ် စာလုံးမပေါင်းတတ်သူများပင် ရှိသည်ဟု ကျွန်ုပ်မိတ်ဆွေ အထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောဖူးပါ၏။ 

 

ပညာရေးကိုဖျက်ဆီးပစ်တာသည် တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်သည်မည်၏။

မြန်မာတစ်မျိုးသားလုံး လူညွန့်တုံးအောင် လုပ်သည်လည်းမည်၏။

၎င်းတို့လုပ်ခဲ့တာ မျိုးဆက်တစ်ခုတည်းတင်မဟုတ်မူ၍ မျိုးဆက် နှစ်ခုသုံးခုစာထိအောင်ပင် ပျက်စီးသွားလေ၏။

၎င်းတို့ကိုမှ ယုတ်မာသည်ဟု မခေါ်လျှင် အဘယ်သူကို သွားခေါ်ပါဦးမည်နည်း။

၎င်းတို့သည် ယုတ်မာသည်၏ဟိုဘက် သုံးဘူတာလောက်ပင် လွန်နေချေသေး၏။

 

နိုင်ငံကသာ ဆင်းရဲရမည်။

ပြည်သူလူထုတို့သာ စီးပွားရေးကျပ်တည်းကြရမည်။

ဗိုလ်ချုပ်ကြီးတို့မှာမူ ထားစရာမရှိအောင် ချမ်းသာခဲ့ကြ၏။ 

နိုင်ငံခြား၌ ကွန်ဒိုများဝယ်၏။ နိုင်ငံခြားဘဏ်များ၌ ငွေများအပ်နှံ၏။

၎င်းတို့၏ သားသမီးများမှာ ၎င်းတို့ဖျက်ဆီးခဲ့သော မြန်မာနိုင်ငံပညာရေးကို အထင်မကြီးမူ၍ နိုင်ငံခြားသို့သွားကာ ကျောင်းတက်ကြလေကုန်၏။ ကောင်းပေ့ဆိုသော နေရာများ၌၊ ကောင်းပေ့ဆိုသည့် အဝတ်များကို ဝတ်ကာ၊ ကောင်းပေ့ ဆိုသည့် ကားများကို စီးလျက်၊ ကောင်းပေ့ဆိုသည့်အစားအသောက်များကို သောက်စား ပျော်ပါးကြကုန်၏။

 

ဗိုလ်ငတက်ပြားတို့သည် မြန်မာပြည်ကြီးကို သူရို့ပထွေးကပေးထားသည့် အမွေအလား မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်၊ လေပေါ်လေအောက် ဘာတစ်ခုမှမကျန်အောင် သူရို့အဖေများထံသို့ အောက်ဈေးဖြင့် ရောင်းစားခဲ့ကြ၏။ ရသမျှပိုက်ဆံအားလုံးကို အကုန်အိတ်ထဲသို့ထည့်ယူ ခိုးဝှက်ကြလေ၏။

၎င်းတို့နှင့် ခိုးဘော်ခိုးဘက် အပေါင်းပါ လုပ်ငန်းရှင်များကို မယုံနိုင်လောက်သော ဈေးများဖြင့် မြေကွက်များ ရောင်းခြင်း၊​ ငှားခြင်း စသည်တို့လုပ်ခဲ့ကြ၏။

 

အားလုံးခြုံပြောရပါမူ ဗိုလ်ငတက်ပြားတို့အုပ်စုသည် ခိုးဘို့တစ်ခုလောက်သာ အားစိုက်လျက် အခြား မြန်မာနိုင်ငံ ကြီးပွားရာ တိုးတက်ကြောင်း ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့တာ မရှိခဲ့ပါချေ။

 

(၃) စစ်ကျွန်ခေတ်ဆုံး

 

ယခု ခွေးအောင်လှိုင် လမ်းစဖော်ပေး၍ ကျွန်ုပ်တို့ စစ်ကျွန်ခေတ်ကို အဆုံးသတ်ခွင့် ရချေပြီ။

၂၀၂၂ ခုနှစ်အတွင်း ကျွန်ုပ်တို့သည် စစ်ခွေးများအားလုံးကို တစ်ကောင်မကျန် အကုန် သုတ်သင်ပစ်ကြမည်။

စစ်တပ်ကို သူ့အမေ့နောက်လင် အမွေပေးထားသည့် အဖွဲ့ကြီးကဲ့သို့ သဘောထားကာ လိုသမျှအသုံးချလျက် လက်နက်နှင့်အနိုင်ကျင့်ဘို့ကို နောင် အိပ်မက်မျှပင် ယောင်လို့မမက်ရဲအောင် နှိမ်နှင်းကြမည်။

စစ်အာဏာရှင်ဆိုသည့် သောက်ရူးများကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် ဖယ်ရှားပစ်ကြမည်။

စစ်အာဏာရူးများဘောကို လျက်ချင်နေသူများအား မျက်နှာမျှ မဖော်ရဲအောင် ဝိုင်းပြီး နာမ်နှိမ်ကြမည်။

 

ငါတို့ရင်သွေးငယ်များ ပေးဆပ်ခဲ့ရသော သွေးစက်များသည် ယခုတိုင် စိုစွတ်ဆဲရှိသေး၏။

ငါတို့ရင်သွေးငယ်များ၏ သွေးစက်များနှင့်အမျှ သင်တို့ ပြန်လည် ပေးဆပ်ကြရမည်။

ငါတို့ပြည်သူများ၏ ညီညွတ်မှု စုပေါင်းအားဖြင့် နွေဦးတော်လှန်ရေးအောင်ပွဲကြီးကို တပျော်တပါးကြီး ဆင်နွှဲကြမည်။

ငါတို့ရင်ထဲတွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းသွားစေရေးဆန္ဒများ အလွန်ပြင်းပြလျက် ရှိ၏။ 

ပြင်းပြသောဆန္ဒအားဖြင့် မဖြစ်နိုင်သော အရာမည်သည် မရှိ။

ဖြစ်ကိုဖြစ်ရမည်။

 

အို - စစ်ခွေးအပေါင်းတို့

ယခု သင်တို့ကို ငါတို့တော်လှန်နေသည်မှာ မြန်မာနိုင်ငံအတွင်းမှ ပြည်သူများသာ မဟုတ်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအားလုံး၏ အင်အားစုကြီး တစ်ခုလုံးက တော်လှန်နေခြင်း ဖြစ်သည်ကို အသင်တို့ သိကြကုန်လော။

စစ်အာဏာရူးစနစ်ကို ဖြိုဖျက်ပစ်ဘို့ ကျွန်ုပ်တို့ရင်ထဲ၌ မည်မျှ ဆန္ဒပြင်းပြနေသည်ကို အသင်တို့ သိကြကုန်လော။

ကျွန်ုပ်တို့၏ ဤဆန္ဒတစ်ခုတည်းဖြင့်ပင် အသင်တို့ ကျရှုံးနေချေပြီ။

 

ကျွန်ုပ်သည် နတ်မြတ်နတ်ကောင်း နတ်အပေါင်းဆိုသူတို့ကိုလည်း အယုံအကြည်မရှိ။

R2P, R3P, R4P တို့ကိုလည်း အယုံအကြည်မရှိ။

ကျွန်ုပ်သည် ကျွန်ုပ်တို့သားမြေးများ၏ စွမ်းအားကိုသာ ယုံသည်။

ကျွန်ုပ်တို့ခေါင်းဆောင်များသည် ကျွန်ုပ်တို့ကို မှန်ကန်သော ခေါင်းဆောင်မှုပေးနိုင်မည်ဟု ကျွန်ုပ်ယုံသည်။

ကျွန်ုပ်တို့လွတ်မြောက်ရေးအတွက် အစွမ်းကုန်ပံ့ပိုးပေးနေကြကုန်သော ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ယုံသည်။

 

အကျွန်ုပ်တို့ စုပေါင်းအားဖြင့် အသင်တို့ မလွဲမသွေ ကျဆုံးစေရမည်။

 

(၄) လွတ်လပ်ရေးခေတ်

 

ကျွန်ုပ်တို့၏ လွတ်လပ်ရေးခေတ်တွင် -

ဥပဒေအထက်၌ ဘယ်ခွေးသူခိုးမှ ရှိမနေစေရ။

ဘယ်သူ့ယောက္ဖမို့လို့ ဘာအခွင့်အရေးပိုရတယ်ဆိုတာ မရှိစေရ။

 

ဘယ်သူ့မယားပါသားမို့လို့ ပထမဆုရတယ်ဆိုတာ မရှိစေရ။

ဘယ်သူ့မယား၏ လင်ငယ်၏ သား၏ သူငယ်ချင်း၏ ရီးစား၏ မောင်၏ နောက်မိန်းမမို့လို့ ဘာတင်ဒါရတယ်ဆိုတာ မရှိစေရ။

ဘယ်ခွေးမသားနှင့်ပိုင်မှ ဘာအလုပ်ဖြစ်တယ်ဆိုတာ မရှိစေရ။

 

ကျွန်ုပ်တို့၏ လွတ်လပ်ရေးခေတ်တွင် -

ကျွန်ုပ်တို့နိုင်ငံသားများအား တော်တည့်ထက်မြက်သော နိုင်ငံသားကောင်းများ ဖြစ်လာအောင် မွေးမြူကြမည်။

ကျွန်ုပ်တို့သားမြေးများအား လူကောင်းသူကောင်းကလေးများ ဖြစ်လာအောင် ပျိုးထောင်ကြမည်။

နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် လူတန်းစေ့ပညာရေးကို လူတိုင်းသင်ယူခွင့် ရစေ့မည်။

 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နိုင်ငံကို ကမ္ဘာ့အလယ်၌ ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်ကြမည်။

ယခု ကျွန်ုပ်တို့၏ သားမြေးများသည် ၎င်းတို့၏အနာဂတ်ကို ၎င်းတို့လက်ဖြင့် တိုက်ခိုက်ရယူနေကြပြီ။

သူတို့သည် သူတို့အနာဂတ်ကိုလည်း သူတို့လက်နှင့်ပင် ထုဆစ်ယူကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။

 

ယောနသံစင်ယော် ၌ ဤသို့ဆိုထား၏။

“အနာဂတ်ကာလမှနှစ်များသည် ဆုလာဘ်ကတိအပြည့်ဖြင့် တဝင်းဝင်းတောက်လျက် အသံတကြော်ကြော်ဖြင့်လည်း ဖိတ်ခေါ်လျက်ရှိ၏။”

 

ကျွန်ုပ်တို့၏ မဝေးလှသော အနာဂတ်ကာလမှ နှစ်များသည်လည်း ဆုလာဘ်ကတိအပြည့်ဖြင့် တဝင်းဝင်း တောက်လျက် ရှိ၏။

 

ထိုဆုလာဘ်ကို ရဘို့ရာ လက်တစ်ကမ်းမျှသာ လိုတော့၏။

အရေးကြီးသည်မှာ စိတ်ဝမ်းမကွဲကြဘဲ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် တစ်ခုတည်းသော ဘုံရန်သူကို တိုက်ထုတ်ရေးဖြစ်၏။

 

မိတ်ဆွေတို့ - ကျွန်ုပ်တို့ ဆက်လက်ကြိုးစားကြပါစို့။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၆ ဇန္နဝါရီ၊ ၂၀၂၂ နံနက် ၁ နာရီ ၂၅ မိနစ်

No comments: