(၁) နှုတ်လွန်မှု
----------------
----------------
ဘိုးတော်ဘုရားလက်ထက်က မိငြိမ်းအောင် ဆိုသောအမျိုးသမီးတစ်ဦးသည် မိမင်းအောင်ဟု အမည်ရသော အမျိုးသမီး တစ်ဦးအား "နင် ငါ့လို မတတ်ဘူး" ဟု ပြောသည်ဆို၏။
ဤသည်ကို မိမင်းအောင်က မခံနိုင်၍ ရုံးတွင် တရားစွဲ၏။ တရားစွဲရခြင်းအကြောင်းမှာ သူ့လိုမတတ်ဟု အပြောခံရ၍ မဟုတ်။ "နင်" "ငါ" ဟု သုံးနှုန်းပြောဆိုခြင်းကြောင့် အပြောအဆိုရိုင်းစိုင်း၍ တရားစွဲခြင်းဖြစ်၏။
ထိုအခါ တရားသူကြီးဖြစ်သူ ရေစကြိုခုံတော် မောင်မှိုင်းက ဤကဲ့သို့ ဆုံးဖြတ်ချက် ချ၏။
"မင်း၊ မာ၊ နင်၊ သင်" စသော စကားသည် ဖရုဿဝါစာ စကားဖြစ်၏။ မိမင်းအောင်အားပြောသော စကား (၆) လုံးအနက် "နင်" ဟူသောစကားသည် ၀စီဒုစရိုက် လျော်ထိုက်သောစကားဖြစ်သည်။ ကျန်စကားများမှာ အဟောသိကံဖြစ်၏။
ဖရုဿဝါစာဖြစ်သော "နင်" ဟူသောစကားမှာ သံသရာအထိ အပြစ်ရောက်သောစကား ဖြစ်ကြောင်း မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ရာ ကျမ်းဂန်နှင့် ဓမ္မသတ် အကြောင်းတရားနှစ်ပါးကိုထောက်၍ အလျော်မြင်သော် အစင်ပြန်စေ ဟု စီရင်ခဲ့လေသည်။ ကုန်ကျသည့် တရားစရိတ်အားလုံးကို တရားခံက ပေးရန်နှင့် တရားလက်ဖက် ကျနရန် တရားခံ မိငြိမ်းအောင်က ခံစေဟု ဆုံးဖြတ်ခဲ့၏။
(၂) လက်လွန်မှု
-----------------
-----------------
သက္ကရာဇ် ၁၁၆၀ ပြည့်နှစ်တွင် မိုးမိတ်မင်းသည် ယိုးဒယားကို သိမ်းယူရန် စစ်ချီတော်မူ၏။ ပေါင်းလောင်းမြစ်ကမ်းနား၌ စခန်းချစဉ် မိုင်းလုံမြို့စားက စာပေးရန် မိန့်ဆိုသဖြင့် စာရေး ငလှေးက စာရေးရ၏။ ထိုသို့ရေးရာတွင် "မိုင်းလုံသခင် အရှင်စော်ဘွား အမိန့်တော်ရှိသည်" ဟု ရေးရာ၌ "အမိန့်တော်ရှိသည်" ကို နသတ်နှင့် မမိန့်ဘဲ မ သတ်ဖြင့်မိန့်၏။ (ဆိုလိုသည်မှာ "အမိန့်" ဟု ရေးရမည့်အစား "အမိမ့်" ဟု ရေး၏။)
ဤသည်ကို ငသာ က မြင်သော် "အမိမ့်" ဟု မသတ်နှင့်မရေးရ။ "အမိန့်" ဟု နသတ်နှင့် ရေးရမည် ဟု ထောက်ပြ၏။ သူလို မင်းလုလင် စာရေးကြီးတစ်ယောက်ကို ဆရာလုပ်ရပါမည်လောဟု ငလှေးက မခံနိုင်၍ ငသာကို လက်ဖြင့် ထောင်းသတ်လေ၏။
ထိုအခါ ငသာက ငလှေးကို တရားစွဲ၏။
ခုံတော်တရားသူကြီးက -
'နှစ်ဦးစကားကိုထောက်လျှင် စာရေးတို့သည် အသတ်၊ အပင့်၊ အရစ် စသည်တို့ကို သတိထားသင့်ကြောင်း၊ စတုဓမ္မသာရပျို့၊ စိန္တကျော်သူ သတ်ပုံကျမ်းတို့နှင့်အညီ နသတ်ဖြင့်သာ မိန့် သင့်ကြောင်း၊ ငသာအား ငဆနင်သင် ဆို၍ ထောင်းသတ်သည်မှာ ဆရာတပည့်လည်းမဟုတ်။ လူရည်တူချင်းဖြစ်ကြသည့်အတွက် နှုတ်လွန်နှင့်လက်လွန်တွင် လက်လွန်တရားရှုံးစေဟူသည့်အတိုင်း အစုမဲ့ကျွန် (၁၀) လျော်စေ၊ တရားကိုခံစေ' ဟု စီရင်ချက်ချ၏။ သို့ရာတွင် လမ်းခရီး ဖြစ်သည့်အတွက် တရားစရိတ်ခံရန်အစား ရာဇဒဏ် (၁၀) ချက်ကိုသာ ခံစေဟု ဆုံးဖြတ်ခဲ့လေ၏။
(၃) ဖေ့စ်ဘုတ်
---------------
---------------
အထက်ပါ "နှုတ်လွန်မှု၊ လက်လွန်မှု" ဆောင်းပါးမှာ အဝေးသင်တက္ကသိုလ်၊ မြန်မာစာ ဒုတိယနှစ်၊ Module No. မ ၂၁၀၁၊ စကားပြေကောက်နုတ်ချက်မှ ဖြစ်၏။
ဤဆောင်းပါးကိုဖတ်ပြီး ကျွန်ုပ်တွေးမိသည်မှာ -
( ထိုခေတ်ကကဲ့သို့သာ နင်၊ ငါပြောတိုင်း တရားစွဲရလျှင် -
ထိုခေတ်ကကဲ့သို့သာ စာလုံးပေါင်းမှားတိုင်း တရားဖြစ်ရတော့မည်ဆိုလျှင် -
ထိုခေတ်ကကဲ့သို့သာ စာလုံးပေါင်းမှားတိုင်း တရားဖြစ်ရတော့မည်ဆိုလျှင် -
ကျွန်ုပ်တို့ ဖွဘုတ်ခေတ်ကြီး၌
တရားသူကြီးများသည်
အိပ်ပင်အိပ်ရတော့မည်မဟုတ်။
သို့တည်းမဟုတ် -
တစ်မြို့တစ်မြို့လျှင် တရားရုံးပေါင်း (၁၀၀) လောက်ဖွင့်မှ တရားစွဲမှုများကို လောက်ငစွာ ဖြေရင်းပေးနိုင်လိမ့်မည်)
တရားသူကြီးများသည်
အိပ်ပင်အိပ်ရတော့မည်မဟုတ်။
သို့တည်းမဟုတ် -
တစ်မြို့တစ်မြို့လျှင် တရားရုံးပေါင်း (၁၀၀) လောက်ဖွင့်မှ တရားစွဲမှုများကို လောက်ငစွာ ဖြေရင်းပေးနိုင်လိမ့်မည်)
- ဟု ဖြစ်ပါသတည်း။
ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ဆက်ဆံပြောဆိုကြပါစို့။
အမိမြန်မာစာကို လေးစားတန်ဘိုးထားလျက် စာလုံးပေါင်းမှန်အောင် ဂရုစိုက် ရေးသားကြပါစို့ဟု -
တိုက်တွန်း နှိုးဆော်လိုက်ရပါသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာကျောင်းသားကြီး
၃၁ သြဂုတ်လ၊ ၂၀၁၇ ခုနှစ်
အဝေးသင်တက္ကသိုလ်၊ ဒုတိယနှစ် မြန်မာစာကျောင်းသားကြီး
၃၁ သြဂုတ်လ၊ ၂၀၁၇ ခုနှစ်
No comments:
Post a Comment