Thursday, October 5, 2017

မြန်မာစံနှုန်း

(၁)

သည်စံနှုန်းကိစ္စနှင့်ပတ်သက်၍ ကျွန်တော်ပြောခဲ့တာ လွန်ခဲ့သည့် လေးငါးခြောက်နှစ်လောက်ကတည်းက ဖြစ်ပါသည်။
ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် မည်သည့်စံနှုန်းနှင့် သုံးနေပါသနည်း။
ထုထည်အချင်အတွယ် -
စပါးကို တင်းတောင်းနှင့်ခြင်သည်။
သဲတို့ကျောက်တို့ကျတော့ ကျင်းနှင့်ချင်သည်။
ကွန်ကရိမှာတော့ ကုဗမီတာနှင့်မှာသည်။
ရေနံဝယ်တော့ ဂါလံသုံးသည်။ ယခုဆိုင်တော်တော်များများတွင်မတော့ လီတာသုံးသည်ထင်ပါသည်။
အလေးချိန် -
များသောအားဖြင့် ပိဿာနှင့်ချင်သည်။ ရွှေကို ကျပ်သားနှင့်အရောင်းအ၀ယ်လုပ်သည်။
လူခန္ဓာကိုယ်ကျတော့ ဘယ်နှစ်ပေါင်ရှိသည်ဟု ပြောသည်။
အခုတော့ စူပါမားကက်ကြီးများတွင် ကီလိုနှင့်ရောင်းနေတာ တွေ့ရသည်။
အတိုင်းအထွာ -
တခါတလေ အတောင်နှင့်တိုင်းသည်၊
တခါတလေ ပေ၊ လက်မနှင့်တိုင်းသည်၊
တခါလေ မီတာနှင့် တိုင်းသည်။
ရန်ကုန် - နေပြည်တော်လမ်းမကြီးတွင်တော့ မိုင်ရောကီလိုပါ နှစ်မျိုးနှင့်ပြထားတာတွေ့ရသည်။
ကျွန်ုပ်တို့တောတွင် သစ်ကိုတိုင်းရာ၌ အင်္ဂလိပ်၊ မြန်မာနှစ်မျိုးရောတိုင်းထွာသည်။
ဥပမာ - ၆ ငါးမူး ၁၂ တောင်
(ဗျက် - ၆ လက်မ။ အထူ လက်မ၀က်၊ အရှည် ၁၂ တောင်ရှိသောပျဉ်)
၆ ပတ်လည် ၁၄ တောင် (ဗျက် ၆ လက်မ၊ ထု ၆ လက်မ၊ အရှည် ၁၄ တောင်ရှိသောတိုင်)
မိတ်ဆွေတို့ ရွှေဆိုင်တွင် ရွှေတစ်ကျပ်သား သွားဝယ်သည်ဆိုပါစို့။
ထို ၁ ကျပ်သားသည် ၁ ကျပ်သားအပြည့်ရှိပါသည်ဟု မည်သည့်နေရာတွင် ချိန်ကိုက်ထားပါသနည်း။
ထိုချိန်ခွင်သည် တိကျမှန်ကန်ပါသည်ဟု မည်သူက အတည်ပြုပေးထားပါနည်း။
မြန်မာတစ်နိုင်ငံလုံး၌ သုံးနေသည့် တင်းတောင်းများအနက် တောင်း ၁၀၀ လောက်ယူပြီး အတိအကျ တိုင်းကြည့်ပါ။ တစ်တောင်နှင့်တစ်တောင်း မတူသည်ကို တွေ့ရပါလိမ့်မည်။
ထိုတင်းတောင်းများကို ယက်လုပ်သူသည် မည်သည်ကို စံထားရက်လုပ်ပါသနည်း။
ယခင်က တံခါးပိတ်ဝါဒကျင့်သုံးခဲ့တော့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်စနစ် (ကျုပ်ကျက်လိစနစ်) နှင့်ကိုယ် သွားနေလို့ ရသည်။ ဘာပြဿနာမှမရှိ။ သို့သော် ယခု နိုင်ငံတကာနှင့်ဆက်ဆံလာရပြီဆိုတော့ သည်လို စုပေါင်းစပ်ပေါင်း ဟိုက်ဘရစ်စနစ်နှင့် သွားလို့မဖြစ်။ စံနှုန်းတစ်ခုကို လိုက်နာမှဖြစ်မည်။ လိုက်နာစေလိုပါသည်။
မည်သည့်စံနှုန်းကို လိုက်နာမည်နည်း။ ဆုံးဖြတ်ကာ မိမိဆုံးဖြတ်သည့်အတိုင်း လိုက်နာကျင့်ကြံကြရန် တိုက်တွန်းလိုပါသည်။

(၂)

ယခု သြဂုတ်လ (၁၁) ရက်နေ့က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သည့် စံနှုန်းများ ပေါ်ထွက်လာရေး ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို WSH Myanmar မှ ကမကထပြုကာ ၀န်ကြီးဌာနတော်တော်များများ ပူးပေါင်းပါဝင်လျက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပခဲ့ပါသည်။
ကျွန်တော်လည်း သည်အကြောင်းပြောချင်နေသည်မှာ အတော်စောစောကတည်းက လျှာယားနေသည်ဖြစ်၍ ခွင့်တစ်ရက်ယူပြီး ပြန်သွားပြောလိုက်သည်။ ကျွန်တော်ပြောတာ ကြားရသူတွေတော့ သိပ် နားသက်သာလှမည်မဟုတ်ပါ။ သို့သော် ကျွန်တော်ပြောတာ ဟုတ်မဟုတ် လူကြီးမင်းတို့ စဉ်းစားကြည့်ကြစေလိုပါသည်။
ကျွန်တော်က စံနှုန်းတွေရေးဆွဲရာတွင် တကယ်တတ်သိနားလည်သူများ ပါဝင်ရေးဆွဲစေလိုကြောင်း၊ ထိုသူများထဲတွင် တက္ကသိုလ်ပါမောက္ခကြီးများ၊ လုပ်ငန်းခွင်မှ အတွေ့အကြုံရင့်ကျက်နေပြီးဖြစ်သော အင်ဂျင်နီယာကြီးများ၊ ဒါရိုက်တာများ ပါဝင်ရန်လိုကြောင်း၊ ထို့ပြင် ပြည်ပပညာရှင်များကိုပါ ဖိတ်ခေါ်ရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အခြားနိုင်ငံများမှ စံနှုန်းများကို just copy and paste လုပ်ခြင်းထက် ကိုယ့်တိုင်းပြည်နှင့်ကိုက်ညီအောင် ပြုပြင်ရေးဆွဲရန် လိုသည်၊ စံနှုန်းရေးမည့်သူသည် မိမိရေးမည့်စံနှုန်းအကြောင်း အူမချေးခါးမကျန် အားလုံးသဘောပေါက် နားလည်သူဖြစ်ပါမှ ကောင်းမွန်မှန်ကန်သည့် စံနှုန်းဖြစ်နိုင်မှာဖြစ်ကြောင်း စသဖြင့် တော်တော်များများ ပြောခဲ့ပါသည်။

ထိုပွဲတွင်ဆွေးနွေးခဲ့သည်များကို အပြည့်အစုံဆောင်းပါးရေးရန် ရည်ရွယ်ထားပါသည်။ ရေးပြီးလျှင် တင်လိုက်ပါမည်။

ကျေးဇူးတင်ပါသည်ခင်ဗျား -

အေးငြိမ်း
၁၂ သြဂုတ်၊ ၂၀၁၇











No comments: