Thursday, October 5, 2017

လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ခြင်း

(၁) စာကောင်းတစ်ပုဒ်ဖြစ်ခြင်းနှင့် ဈာန်ဝင်ခြင်း ဆက်စပ်နေပုံ
------------------------------------------------------------------

စာရေးခြင်း၊ ပန်းချီဆွဲခြင်းစသော အလုပ်များမှာ ဈာန်ဝင်မှ လုပ်လို့ကောင်းသောအရာများ ဖြစ်၏။ မနေနိုင်လွန်း၍ အလိုလိုယိုဖိတ်ကျလာသောကြောင့် ရေးထုတ်လိုက်သော စာတစ်ပုဒ်နှင့် အတင်းဖြစ်ညှစ်ရေးသော စာတစ်ပုဒ်ကို ယှဉ်ဖတ်ကြည့်ပါ။ ဘယ်လိုမှ မတူနိုင်ပါချေ။ စေတနာစိတ်ဇော ထက်ထက်သန်သန်နှင့် ရေးထားသည့် စာတစ်ပုဒ်ဖြစ်အံ့။ အတင်းဖြစ်ညှစ် ကြော်ငြာနေစရာကို မလိုပါ။ စာကောင်းမကောင်းကို စာဖတ်သူတို့က ဆုံးဖြတ်ပါသည်။ စာအုပ်ထုတ်စက လူအများသိအောင် ကြော်ငြာဘို့လိုချင်လိုမည်။ သို့သော် မိမိစာ မည်မျှကောင်းကြောင်း အတင်းကြော်ငြာနေရပြီဆိုလျင် တော့ တစ်ခုခု လွဲချော်နေပါပြီ။
ကျွန်တော်လည်း စိတ်မပါသည့်အခါ၊ စိတ်မကြည်လင်သည့်အခါ စာမရေးဖြစ်ပါ။ တစ်နည်းအားဖြင့် ရေးချင်သည် မဟုတ်ပါဘဲလျက် အတင်းဖြစ်ညှစ်ရေးဘို့ရာ ကိုယ့်ကိုယ်ကိုယ် အတင်းမတိုက်တွန်းလိုပါ။ ကျွန်တော်ရေးသည့်စာများတွင် လက်ယားလာလို့ ရေးခြင်းဖြစ်ကြောင်း မိတ်ဆွေများ ဖတ်မိပါလိမ့်မည်။ ဆိုလိုသည်မှာ သည်အကြောင်းအရာကို ကျွန်တော် အသည်းအသန် ရေးချင်နေသည်။ သည်လိုမှ မရေးလိုက်ရလျှင် ကျွန်တော့်စိတ်ထဲ တနုံ့နုံ့ဖြင့် နေမထိထိုင်မသာ ဖြစ်နေသည်။ ဥပမာအားဖြင့် အိမ်သာတက်ချင်နေသူသည် တခြားဘယ်အရာမှ စိတ်မ၀င်စားနိုင်။ အိမ်သာ အမြန် တက်ရရေးသာ သူ့အတွက် အရေးတကြီးဖြစ်၏။ အိမ်သာတက်ပြီးသွားမှ နေသာထိုင်သာ ရှိသွားသည်။ ထို့အတူ ကျွန်တော်သည်လည်း ရေးချင်နေသည့်အကြောင်းအရာကို လွတ်လွတ်လပ်လပ် ချရေးလိုက်ရမှ အာသာပြေသည်။ ထိုအခါမျိုး၌သာ ကျွန်တော် စာရေးပါသည်။
ရေးချင်နေတုံး ရေးလိုက်ရမှလည်း ရေးရတာ အရသာရှိသည်။ နောင်မှ ရေးမယ်ကွာဟု တေးထားပြီး နောင်တချိန် ရေးလိုသည့်စိတ်မရှိသည့်အခါမှ ချရေးမည်ဆိုလျှင် ရေးချင်နေသည့်အချိန်က ရေးလိုက်သည့်စာကို (အကြောင်းအရာချင်း တူနေသည့်တိုင်) မည်သည့်နည်းနှင့်မှ မမီနိုင်တော့ပါ။
ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားပါပြီ။ နိုင်ငံတကာ သတင်းများ၌ရေးထားသည့် မြန်မာပြည်အနောက်ခြမ်းကိစ္စ သတင်းများသည် ကျွန်တော့်အား အလွန်နှိပ်စက်ကလူ ပြုမူကြလေ၏။ ထိုသတင်းများကိုဖတ်ပြီး ကျွန်တော် ဘယ်လိုမှ မခံစားနိုင်ပါ။ သည်ကိစ္စသည် ကျွန်တော်စာရေးသည့်အလုပ်ကို များစွာ အနှောက်အယှက်ဖြစ်စေ၏။
ကျွန်တော်သည် မြန်မာနိုင်ငံသားဖြစ်၏။ ထို့ကြောင့် ဘာတွေဖြစ်နေဖြစ်နေ၊ ဘယ်အခြေအနေရောက်ရောက် ကိုယ့်မြန်မာပြည်ကိုတော့ ချစ်နေသည်သာ ဖြစ်ပါသည်။ ကျွန်တော်သာ မြန်မာပြည်က ဘယ်လိုမကောင်းတာ၊ ဘယ်လိုဖြစ်တာ စသဖြင့် ပြောချင်ပြောပါမည်။ သို့သော် တခြားတိုင်းတစ်ပါးသားတွေ မဟုတ်တန်းလျားပြောတာကိုတော့ နည်းနည်းမှ သည်းမခံနိုင်ပါ။ စကားစပ်မိလို့ပြောရလျှင် ဦးနု ပြောခဲ့သလို မင်းတို့ စတာလင် ငါတို့နိုင်ငံကိုချစ်တာ ဗိုလ်ချုပ်အောင်ဆန်း -ီးဖြဲနေတာလောက်ပဲ ရှိပါတယ်ကွာ ဟု ဆိုသလိုဖြစ်၏။
ဒါ ကျွန်တော်တစ်ယောက်ထဲမဟုတ်ပါ။ (တချို့ မျိုးမစစ်တွေကလွဲလို့) တခြားမြန်မာနိုင်ငံသားများလည်း ကျွန်တော့်အတူပင် ဖြစ်ပါလိမ့်မည်။

(၂) မြန်မာနိုင်ငံ၌ သြဇာရှိသော သတင်းစာကြီးတစ်စောင် လိုအပ်နေပုံ
--------------------------------------------------------------------------

အခု ရခိုင်ကိစ္စမှာ ကျွန်တော်တို့မြန်မာနိုင်ငံအပေါ် အခြား (သူတို့ကိုယ်သူတို့ နိုင်ငံကြီးသားဟု ခေါ်ဝေါ်သမုတ်နေကြသူ) လူကြီးလူမကောင်းများက မည်မျှ ၀ိုင်းဝန်းတိုက်ခိုက် နေကြသည်ကို မိတ်ဆွေတို့ သိပါသည်။ သည်ကိစ္စမှာ ကျွန်တော်တို့ ဘက်က အင်အားမရှိ၍ တစ်ဖက်သတ် အစော်ကားခံနေရတာဟု ကျွန်တော်ကတော့ သည်လိုပင် မြင်ပါသည်။ (ကျွန်တော့်အထင်သာဖြစ်၍ မှန်ချင်မှလည်း မှန်ပါမည်။)
တရားတပေါင်ဖြစ်လျှင် အပြောကောင်းသူ တစ်ပန်းသာသည်။ မိမိ မည်မျှမှန်နေသည်ဖြစ်ပါစေ၊ တစ်ဖက်လူက ချက်ကျ လက်ကျနှင့် အာပေါင်အာရင်းသန်သန်နှင့် ပြောလိုက်လျှင် ထိုသူ့ဘက်ကိုသာ ယိမ်းမည့်သူများလေသည်။
ပထမ ကျွန်တော်တို့နိုင်ငံတွင် ကမ္ဘာ့စာနယ်ဇင်းလောကအပေါ် သြဇာညောင်းသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တစ်စောင်တလေများ ရှိပါသလား။ နောက်တစ်ခု ကျွန်တော်တို့တွင် ကမ္ဘာ့သတင်းစာလောကကို ထိုးဖောက်နိုင်သည့် သတင်းထောက် ကောင်းကောင်းများ ရှိပါသလား။
ယခုခေတ်ကြီးကား သတင်းခေတ်ဖြစ်၏။ အရာရာကို အင်တာနက်ပေါ်တွင် မြင်တွေ့နေရသည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယို များအပေါ်ကြည့်ကာ ဆုံးဖြတ်ကြတာ ဖြစ်၏။ ကြောက်စရာကောင်းသည်မှာ ယခု ကွန်ပြူတာခေတ်ကြီးတွင် သတင်း၊ ဗီဒီယို၊ ဓာတ်ပုံများကို စိတ်ကြိုက်ပြုပြင် တည်းဖြတ်လို့ ရနေခြင်းဖြစ်၏။ သို့ဖြစ်လေရာ ကျွန်ုပ်တို့ မျက်စေ့နှင့် မြင်တွေ့နေရ သည့်တိုင် ထိုအရာများသည် အတုလား အစစ်လား ဝေခွဲရခက်ပါသည်။ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကို တိုက်ခိုက်လိုသည်ဖြစ်အံ့။ အလောင်းမင်းတရားကြီးတို့ ခေတ်တုံးကလို ဆင်တွေ၊ မြင်းတွေ၊ ခြေလျင်စစ်သည်တော်တွေနှင့် တပင်တပန်း သွားတိုက်နေစရာမလိုတော့။ စားပွဲပေါ်၌ပင် ဓာတ်ပုံလေး၊ ဗီဒီယိုလေးကို အနည်းငယ် တည်းဖြတ်၊ စာလေး တစ်ပုဒ်လောက် ကောင်းကောင်းရေးလိုက်လျှင် ကိစ္စပြီးလေ၏။
ထို့ကြောင့် ကမ္ဘာ့သတင်းပလင်းလောကကို ထိုးဖောက်နိုင်မှ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည်။ သူတို့ပြော တာတွေ ယုတ္တိမတန်ကြောင်း အချက်အလက်နှင့် တင်ပြနိုင်ဘို့လိုသည်။ ယခု ကျွန်တော်တို့ကို ၀ိုင်းဝန်းထိုးနှက်နေမှုကို သိသိကြီးနှင့် ခံနေရသည်မှာ ဤအားနည်းချက်ကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့အနေနှင့် သတင်းစာသမားကောင်းကောင်းများ မွေးထုတ်ရမည်။ အယ်ဒီတာကောင်းကောင်းများ မွေးမြူရမည်။ ကမ္ဘာ့သတင်းလောကအပေါ် သြဇာသက်ရောက်နိုင်မည့် သတင်းစာ၊ ဂျာနယ်ကောင်းကောင်းတစ်ခု ထူထောင်ရမည်။ မြန်မာသတင်းထောက်များကို ကမ္ဘာအနှံ့ စေလွှတ်ထားရမည်။ ဘယ်နိုင်ငံမှာ ဘာဖြစ်နေသည်ဆိုတာကို အချိန်နှင့်အမျှ သူများထက်နောက်မကျစေပဲ သိနေရမည်။ တစ်နည်းအားဖြင့် မိမိသတင်းစာကို နိုင်ငံတကာက စောင့်ဖတ် နေရသည်ထိ ဖြစ်လာအောင် လုပ်ယူရမည်။ သို့မှ သူများ မတရားသဖြင့် ရေးနေတာ၊ ပြောနေတာကို ကာကွယ်နိုင်မည်။
နောက်တစ်ခုက ကမ္ဘာ့သတင်းများကို ကောင်းမွန်မှန်ကန်စွာ ဘာသာပြန်ပေးနိုင်မည့် ဘာသာပြန်ကောင်းများ မွေးထုတ်ရန် လည်း များစွာလိုနေပါသေးသည်။ သည် ဘာသာပြန်ကိစ္စကို မြန်မာနိုင်ငံ လွတ်လပ်ရေးရခါစ ကတည်းက မြန်မာ ပညာရှိကြီးများ အရေးတကြီးထား လုပ်ဆောင်ခဲ့ပါ၏။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဆိုတာ ရှိခဲ့ဖူး၏။ ဘာသာပြန် စာအုပ်စာတမ်း များစွာ ထွက်ခဲ့ဖူး၏။ ဘာသာပြန်စာပေစာတမ်းဖတ်ပွဲများ များစွာ ကျင်းပခဲ့ဖူး၏။ ဘာသာပြန်ခြင်း အတတ် ပညာကို ကျောင်းများဖွင့်၍ စနစ်တကျသင်ကြားပေးကြပါရန် အစိုးရကို တိုက်တွန်းခဲ့ကြဖူးပါ၏။
သို့တိုင် ယခုတိုင် ဘာသာပြန်ခြင်းကို ကျောင်းများ၌သော်လည်းကောင်း၊ သင်တန်းများဖွင့်၍သော်လည်းကောင်း စနစ်တကျ လေ့ကျင့်သင်ကြားပေးနေသည်ဟု ကျွန်တော်ဖြင့် မကြားမိဖူးပါ။ (ရှိပါသည်ဆိုလျှင်တော့ comment တွင် ရေးပေးခဲ့ပါခင်ဗျား။)
ဘာသာပြန်စာပေအကြောင်းကို အဝေးသင်တက္ကသိုလ်၊ မြန်မာစာစာ ဒုတိယနှစ်၌ ပြဌာန်းကာ သင်ကြားပေးပါသည်။ သို့သော် ထိုပြဌာန်းစာအုပ်ကို ဖတ်မည့်သူ၊ ဖတ်ပြီး လေ့လာမည့်သူ၊ လေ့ကျင့်မည့်သူ ဘယ်နှစ်ယောက် ရှိပါသနည်း။ ကျွန်တော်ကတော့ တစ်ယောက်မှ ရှိမည်မထင်ပါ။
ယခု ဘာသာပြန်ထားသည့်စာများကိုဖတ်ရတာ သိပ် အဆင်မပြေပါ။ တချို့ သိပ်မဆိုးလှပေမင့် တချို့မှာ အတော့်ကို အခြေအနေ ဆိုးပါသည်။ မည်သည့်စာများ အခြေအနေဆိုးသည်ကို ထောက်ပြလိုသော်လည်း (ဆရာကြီးရွှေဥဒေါင်း ပြောသကဲ့သို့) ကျွန်ုပ်မှာ အသက်ကလည်း ကြီးပြီဖြစ်၍ ကျန်သည့်အသက်တာကလေးတွင် လူမုန်းများမည့် အလုပ်ကို မလုပ်လိုတော့သောကြောင့် ဖော်မပြလိုတော့ပါ။ မြန်မာစာ အမှားများကိုသော်လည်းကောင်း၊ ဘာသာပြန် အမှားများကို သော်လည်းကောင်း screen shot ရိုက်ကာ စုဆောင်းထားသည်များ ရှိပါသည်။ အကြောင်းအပေါင်းသင့်လျင်တော့ ဆောင်းပါး ရေးချင်ပါသေးသည်။
ထို့ကြောင့် ကျွန်တော့်အနေနှင့် သတင်းစာပညာကျောင်းများ၊ ဘာသာပြန်ကျောင်းများ ဖွင့်လှစ်ပြီး နိုင်ငံတကာ အရည်အသွေးမီ အယ်ဒီတာနှင့် သတင်းထောက်များ မွေးထုတ်ပေးရန် တိုက်တွန်းလိုက်ရပါသည်။

(၃) လူသားအရင်းအမြစ် အရေးကြီးပုံ
----------------------------------------

လူအရင်းအမြစ် အရေးကြီးသည်မှာ သည် သတင်းစာ ကိစ္စတစ်ခုထဲတင် မဟုတ်ပါ။ နေရာတကာပင် ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံသို့ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီ ဖြစ်ပါသည်။ ထိုအခါ ၎င်းတို့နှင့် တန်းတူရည်တူ လုပ်ကိုင်နိုင်မည့် မန်နေဂျာ၊ အင်ဂျင်နီယာ၊ စာရေးစာချီ၊ ကျွမ်းကျင်လုပ်သား စသည်တို့ လိုပါသည်။ သူတို့ကို တကယ် ကျွမ်းကျင်သူများဖြစ်လာအောင် လေ့ကျင့်ပေးရန် လိုပါသည်။ ကျွမ်းကျင်မှုဆိုသည်မှာ ပါရမီမဟုတ်ပါ။ လေ့ကျင့်ပျိုးထောင် ယူရပါသည်။ ပျိုးထောင်ခြင်းဆိုသည်မှာ အမှန်တကယ် တတ်ကျွမ်းအောင် လေ့ကျင့်ပေးခြင်းကို ဆိုလိုပါသည်။ မည်ကာ မတ္တသင်တန်းများပေးပြီး လက်မှတ်များ ရိုက်ထုတ်ပေးခြင်းကို မဆိုလိုပါ။
ကျွန်တော်တို့ မြန်မာများမှာ သင်လွယ်တတ်လွယ်၊ နားပါးသူများ ဖြစ်ပါသည်။ စနစ်တကျ သင်ပေးတာမဟုတ်တာတောင် မျက်မြင်နှင့် တတ်အောင် သင်ယူနိုင်ကြသည်။ ထို့ကြောင့် ထိုလုပ်သားအင်အားစုကြီးကို စနစ်တကျ တတ်ကျွမ်းသူများ ဖြစ်လာအောင် အစိုးရက အရေးတယူလုပ်ကာ လေ့ကျင့်သင်ကြားပေးရန် (ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ဆရာဆရာမများ အပါအ၀င်) လူသားအရင်းအမြစ်ကို ပျိုးထောင်ပေးရန် လိုပါသည်။
စကားစပ်မိ၍ ပြောရလျှင် ဟိုတလောက စင်ကာပူကို ဆယ်လီပါတီကြီးမှ ထိပ်ပိုင်းခေါင်းဆောင်များ ရောက်လာပါသည်။ သူတို့ကို သွားတွေ့သူများတွင် ကျွန်တော်လည်း တစ်ယောက်အပါအ၀င် ဖြစ်ခဲ့၏။ တိုင်းပြည်ကို အုပ်ချုပ်မည့်သူများအား မည်ကဲ့သို့ ပြုစုပျိုးထောင်ပေးနေသနည်းဆိုသည်ကို ကျွန်တော်သိလို၍ မေးကြည့်ပါသည်။
ဒါမျိုးဆိုတာ လူရွေးလို့လည်းမရသလို ပြုစုပျိုးထောင်ပေးဘို့ရာလည်း မလိုပါ။ နဂိုပါရမီအရသာ ဖြစ်ပါသည်ဟု ပြန်ဖြေသံ ကိုကြားရသည့်အခါ ကျွန်တော့်မှာ မေးမိသော ကိုယ့်ကိုယ်ကိုယ်သာ အခါခါ ကျိန်ဆဲမိပါတော့သည်။
သြော် - ဒါကြောင့်လည်း ဒီလိုတွေဖြစ်နေတာကိုးဟု ထိုအခါကျမှ ကျွန်တော်လည်း ကောင်းကောင်းနားလည် သဘောပေါက်ရပါတော့သတည်း။ ကမ္ဘာ့နိုင်ငံရေးသမိုင်း၌ တစ်ခါဖူးမှမပေါ်ခဲ့ဖူးသေးသော အယူဝါဒသစ်တစ်ရပ်ကို အကျွန်ုပ်သည် ထိုနေ့က နောင်တများစွာနှင့် မှတ်သားမိခဲ့ရပါလေ၏။
ယခု ကျွန်တော်တို့နိုင်ငံက ဘာစည်းစနစ်၊ ဘာစံနှုန်းမှ မရှိလေတော့ တခြားသူတွေ အိမ်ဦးခန်းတက် အီးပါနေတာကို သည်အတိုင်း ကြည့်နေရသည်။ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာသည်။ မြန်မာလုပ်သားတွေကို အကြောင်းအမျိုးမျိုးပြကာ မခန့်ဘဲ သူတို့ခေါ်လာသူများကိုသာ ခန့်သည်။ မြန်မာလုပ်သားတွေကို ခန့်တော့လည်း မင်းတို့ကောင်တွေက ဘာမှတတ်တာ မဟုတ်ဘူးကွ ဆိုကာ သူတို့လုပ်သားများနှင့် တန်းတူအခွင့်အရေးမရ။ ကျွန်တော်တို့လူတွေကလည်း နိုင်ငံခြားသားမှ အထင်ကြီးသည်။ သူ့နိုင်ငံမှာ ဘယ်လို ဗလချီးနမ်းကောင် ဖြစ်ဖြစ်၊ မြန်မာပြည်ရောက်လျှင် အိပ်စပတ် ဖြစ်နိုင်သည်။ မန်နေဂျာဖြစ်နိုင်သည်။ မြန်မာများအပေါ် သဟောက်သဟာ လုပ်နိုင်သည်။ အနှီသကောင့်သားများထက် ပိုတတ်သည်ဖြစ်စေ၊ မြန်မာနိုင်ငံသားများမှာ နေရာမရ။ သူတို့လောက် လခမရ။ ကိုယ့်လောက်မှ မတတ်သူများကို ဆရာတင်ထားရသည့်အတွက် ကျွန်တော်တို့ မြန်မာဝန်ထမ်းများမှာ အတော် အောင့်သီးအောင့်သက်ဖြင့် မနိုင့်ရင်ကာ ငြိမ်ခံနေကြရသည်ဟု messenger group chat ၌ အကျွန်ုပ်ဖတ်မိသည်ကို ပြန်လည် ဖောက်သည်ချရပါ၏။
ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့် စနစ်များ၊ စံနှုန်းများ အလျင်အမြန် ချမှတ် ကျင့်သုံးကြရန် အရေးတကြီး လိုနေပါပြီ။ စနစ်ဆိုရာတွင်လည်း မြန်မာတစ်နိုင်ငံလုံးအတွက် မြန်မာစနစ် တစ်ခုသာရှိသင့်ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ချမှတ်လိုက်သည့် ကုမ္ပဏီအဆင့်အတန်းက တစ်မျိုး၊ ရန်ကုန်က အဆင့်အတန်းက တစ်မျိုး၊ မန္တလေးက အဆင့်အတန်းက တစ်မျိုး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက အဆင့်အတန်းက တစ်မျိုး။ အကျွန်ုပ်တို့ မည်သူ့ကို အဖေခေါ်ရပါမည်နည်း။
သူတလူ ငါတမင်း မလုပ်ကြပါနှင့်။ အားလုံးညှိနှိုင်းကာ စနစ်တမျိုးတည်းသာ လုပ်ကြပါရန်လည်း ကျွန်ုပ် ငချွတ် ပမွှား ကလေးက ဆရာ့ဆရာကြီးများကို ဆရာလုပ်လိုက်ရပါ၏။

(၄) လူသားအရင်းအမြစ်မွေးထုတ်ပေးရာတွင် ကျောင်းများ၏ အခန်းကဏ္ဍ
-------------------------------------------------------------------------------

ဘာတဲ့ ဟိုတလောကဖတ်လိုက်ရတာ။ တီယူတစ်ခုမှာ နောက်ဆုံးနှစ်သင်တန်းမှ ဘာသာရပ်တစ်ခုကို ဘာပြဌာန်းစာအုပ်၊ ရည်ညွှန်းစာအုပ်မှမရှိဘဲ သင်ခိုင်းသည်ဆိုလား ဖတ်လိုက်ရသည်။ ထိုဘာသာရပ်ကို ဘယ်လိုသင်ကြမည်နည်း၊ မည်သည့် ဆရာများက သင်မည်နည်း။ သင်ကြားရေးအခက်အခဲရှိပါက ထည့်သွင်းဖော်ပြပါ တဲ့လား။ ကျေးဇူးတင်စရာ ကောင်းလိုက် ပါဘိ။
သူတို့မည်ကဲ့သို့စီစဉ်ထားသည်ကို ကျွန်တော်မသိပါ။ ဖေ့စ်ဘုတ်တွင် ဖတ်ရတာကိုသာ ပြောတာဖြစ်ပါသည်။
မြန်မာပြည်ကြီး၏ ပညာရေးအခြေအနေ ဘယ်ပုံဆိုတာ မိတ်ဆွေများသိပြီးဖြစ်၍ ဘာမှ မပြောလိုတော့ပါ။
ယခု သင်တန်းကျောင်းများအကြောင်း နည်းနည်းလောက် ပြောပါရစေ။ (အပြည့်အစုံသိလိုသူများ မနက်ဖြန် သင်တန်းဖွင့်ပွဲ တွင် ကျွန်တော် ပြောပါမည်။ လာရောက်နားထောင်နိုင်ပါသည်။)
လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးတွင် သင်တန်းကျောင်းများ မရှိမဖြစ် လိုပါသည်။ သို့သော် ကျွန်တော်ကတော့ ပိုက်ဆံယူတာလည်းယူ တကယ်တတ်အောင်လည်း သင်ပေးစေချင်ပါသည်။ လူအများ၏ ပညာငတ်မွတ်နေမှုကို အခွင့်ကောင်းယူကာ လုပ်မစားကြဘို့ တိုက်တွန်းပါသည်။ (ဤသို့ပြောလိုက်ခြင်းဖြင့် ယခုဖွင့်လှစ်နေသော သင်တန်းများသည် တကယ်တတ်အောင် သင်ပေးနေတာမဟုတ်ဘဲ ပိုက်ဆံကို ညာယူနေသော သင်တန်းများဖြစ်သည်ဟု စွပ်စွဲခြင်း မဟုတ်ကြောင်း မိတ်ဆွေတို့ နားလည်ပါသည်။)
တကယ်ထိရောက်သော သင်တန်းတစ်ခုဖြစ်ဘို့ရာ သင်တန်းကျောင်း၊ သင်တန်းဆရာ၊ သင်တန်းသား သုံးဦး သုံးဖလှယ် ညီညွတ်ဖို့ လိုပါသည်။ သင်တန်းကျောင်းက သင်တန်း၌လိုသည်များကို ပံ့ပိုးပေးဘို့လိုသည်။ သင်တန်းဆရာက မိမိသင်မည့် ဘာသာရပ်ကို တကယ်တတ်ကျွမ်းဘို့၊ သင်တန်းပေးရာတွင် တကယ်တတ်စေချင်သော စေတနာနှင့် ထိထိ ရောက်ရောက် ပို့ချဘို့။ သင်တန်းလာတက်သူများကလည်း အချိန်ကုန်၊ ငွေကုန်၊ ပင်ပန်းတာနှင့်ကာမိအောင် ကြိုးစားပမ်းစား လေ့လာကြဘို့ လိုပါသည်။
ကျွန်တော်ကိုယ်နှိုက်လည်း မြန်မာနိုင်ငံတွင်ရော စင်ကာပူတွင်ပါ သင်တန်းပေါင်းများစွာ ပို့ချပေးနေပါသည်။
ကျွန်တော်ပို့ချသည့် သင်တန်းကို တက်ရောက်သူများအနေနှင့် တကယ်မထိရောက်၊ တကယ်မတတ်ပါဆိုလျှင် ကျွန်တော့်ဆီ ပွင့်ပွင့်လင်းလင်း ဖုံးဆက်၍သော်လည်းကောင်း၊ အီးမေးပို့၍ သော်လည်းကောင်း၊ Facebook Messenger မှ နေ၍သော်လည်းကောင်း လှမ်းပြောပါ။ အသင်တို့လိုအပ်ချက်များကို သိရမှ ဒီ့ထက် ပိုကောင်းသည့် သင်တန်းများ ဖြစ်အောင် ပြုပြင်နိုင်ပါမည်။ ကိုယ်ပြောချင်တာပြောသွားပြီး သင်တန်းသားတွေ တကယ်ရမှန်းမသိ၊ မရမှန်းမသိ။ အချိန်တန်လို့ သင်တန်းသာဆင်း၊ လက်မှတ်သာ ရသွားတယ်။ သင်တန်းတက်ရကျိုး မနပ်လိုက် ဆိုလျှင် သင်ပေးသူအတွက်လည်း အကျိုးမရှိ။ လာတက်သည့် သင်တန်းသားများအတွက်လည်း အကျိုးမရှိ။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် တိုင်းပြည်အတွက်လည်း အကျိုးမရှိပါ။ မည်သူ့အတွက်မှ အကျိုးမရှိသည့်အလုပ်ကို ဘယ့်အတွက် ကျွန်ုပ်တို့ ငွေကုန်ခံ၊ အချိန်ကုန်ခံ၊ အပင်ပန်းခံကာ လုပ်ကြမည်နည်း။
ကျွန်ုပ်တို့ ကိုယ့်အရည်အသွေးကိုယ် တောက်ပြောင်နေအောင် စဉ်ဆက်မပြတ် လေ့လာနေခြင်းသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေသည်ဟု ခံယူထားပါ။ ကျွန်ုပ်တို့သာ အရည်အချင်းပြည့်ဝသူများ ဖြစ်နေလျှင် အခြားတိုင်းပြည်များက လုပ်ချင်တိုင်းလုပ်နေတာကို သည်အတိုင်း ခေါင်းငုံ့ခံနေရသည့်ဘ၀က လွတ်ပါလိမ့်မည်။
တစ်နည်းအားဖြင့်လည်း ဗိုလ်ချုပ်ပြောခဲ့သည့် ဟိုနိုင်ငံဘ၀က လွတ်မြောက်ရေးတွင် ကျွန်ုပ်တို့ နိုင်ငံသား တစ်ဦးချင်းစီ၌လည်း တာဝန်ရှိပါကြောင်း ပြောကြားလိုပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၃ စက်တင်ဘာ၊ ၂၀၁၇





No comments: