Wednesday, October 25, 2017

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ တာဝန်ဝတ္တရားများ

(၁) အချီး

ယခင်အခါက လေသံမျှပင် မဟခဲ့ကြဖူးသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအကြောင်းကို မြန်မာနိုင်ငံတွင် ယခု လိုက်နာလုပ်ဆောင်လာကြသည်ကို တွေ့ရသည့်အတွက် ၀မ်းသာမိပါ၏။ ဥပဒေ၊ နည်းဥပဒေ ခိုင်ခိုင်မာမာမရှိသေးဘဲ မိမိ တို့ အသိဖြင့် လုပ်ဆောင်နေကြသည့် ကုမ္ပဏီများ၊ သင်တန်းကျောင်းများကိုလည်း ကျေးဇူးအထူးတင်ပါသည်။

မနေနိုင်မထိုင်နိုင် အဘယ်ကြောင့် ကျွန်ုပ်က ကျေးဇူးတင်ရသနည်းဟူမူ လုပ်ငန်းခွင်မတော်တဆမှုများကို နေ့စဉ် ကြားသိ နေရသောကြောင့် စိတ်မချမ်းသာ၍ ဖြစ်၏။ လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွား/ဒဏ်ရာအနာတရ ရသွားသူများမှာ ကျွန်ုပ်နှင့် မည်သို့မျှ သွေးမတော် သားမစပ်ပါ။ သို့သော် သူတို့သည်လည်း လူသားများ၊ မြန်မာ နိုင်ငံသားများပင် မဟုတ်ပါလော။ အနှီလုပ်သာများသည် သူတို့မိသားစုကို လုပ်ကိုင်ကျွေးမွေးနေကြသူများ ဖြစ်ကြကုန်၏။ ထို့ကြောင့် မင်းတို့ဟာမင်းတို့ ဘာဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး ဟု ပစ်ထားလို့မရစကောင်း။ အခု မဆိုင်ပေမင့် တော်ကြာဆိုင်လာပါလိမ့်မည်။

မတော်တဆမှုဟူသည် ကြိုတင်ကာကွယ်ရမည့်အရာဖြစ်၏။ ကြိုတင်ကာကွယ်လို့ရသော အရာလည်းဖြစ်၏။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၏ အန္တိမရည်မှန်းချက်မှာ မတော်တဆမှုလုံးဝ မဖြစ်ရေး ဖြစ်၏။ သို့သော် ဤကိစ္စမှာ လွယ်သည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူအများနှင့် ဆက်စပ်ပတ်သက်နေသောကြောင့် ဖြစ်၏။ လူဟူသည် ဖြစ်ကာမှ ဖြစ်ရော အရဲကိုးလုပ်ကြသည်သာတည်း။ ဥပဒေဟူသည် ထိုကဲ့သို့ လူများထင်ရာမလုပ်နိုင်ရန် ရေးဆွဲထားရသော စာရွက်စာတမ်း ဖြစ်၏။ ထို့ကြောင့် မတော်တဆမှုများမဖြစ်စေရန် လူများကို အတင်းအကြပ် ဥပဒေဖြင့် လိုက်နာလုပ်ဆောင်စေရမည်သာ ဖြစ်ပေသည်။

ဥပဒေများ မည်မျှပင်ရေးဆွဲထားစေ၊ ရေးဆွဲထားသော ဥပဒေကြီး မည်မျှပင်ကောင်းနေပါစေ၊ ထိုဥပဒေကို လူများ မလိုက်နာ၊ မလေးစားပါကလည်း အလကားပင်ဖြစ်၏။ ထို့ကြောင့် ထိုဥပဒေ အသက်ဝင်လာအောင်၊ ဥပဒေကို လူများ လေးစားလိုက်နာလာအောင် လုပ်ဖို့လိုသည်။ ဤသို့လုပ်ရာတွင် ဥပဒေဘက်တော်သားများ၏ အခန်းကဏ္ဍ အလွန် အရေးကြီး၏။ ဥပဒေကို မလိုက်နာသူများအား ဥပဒေကပြဌာန်းထားသည့်အတိုင်း ပြတ်ပြတ်သားသား အရေးယူဘို့လို၏။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအတွက် ဥပဒေကို အသက်သွင်းရမည့်သူများမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိများ ဖြစ်၏။ ၎င်းတို့၏တာဝန်မှာ မိမိအားတာဝန်ပေးထားသည့် လုပ်ငန်းခွင်ကို ဥပဒေနှင့်အညီ ထိန်းထားရေးဖြစ်၏။ လူများကို ထိခိုက်ရှနာမဖြစ်ရအောင် ဘာတွေလုပ်ထားရမည်ဆိုသည်ကို ဥပဒေထဲတွင် အားလုံးထည့်သွင်းပြဌာန်းထားသဖြင့် မိမိ လုပ်ငန်းခွင်ကိုသာ ဥပဒေနှင့်ညီအောင် ထိန်းထားနိုင်ပါက မတော်တဆမှုများကို ကောင်းစွာ လျှော့ချနိုင်မည်ဖြစ်၏။
ထို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ ဆိုသူများမှာ ဥပဒေနှင့် ၎င်းကို အထောက်အကူပြုမည့် နည်းဥပဒေ၊ စံချိန်စံညွှန်းများကို ကောင်းစွာကျေညက်ထားရမည်။

(၂) လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ တာဝန်ဝတ္တရားများ

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ အဓိကတာဝန်များမှာ အောက်ပါတို့ဖြစ်၏။

၁။ မိမိလုပ်ငန်းခွင်အတွင်းရှိ အန္တရာယ်များကို ဖော်ထုတ်ရမည်။
၂။ ထို့နောက် ထိုအန္တရာယ်များကို ဖယ်ရှားပစ်ရမည်။
၃။ အကယ်၍ ထိုအန္တရာယ်များကို မဖယ်ရှားနိုင်ဆိုလျှင် အခြားသော နည်းလမ်းများသုံး၍ အန္တရာယ်အနည်းဆုံးဖြစ်အောင် လျှော့ချရမည်။ ထိုနည်းများတွင် အင်ဂျင်နီယာနည်းဖြင့် ထိန်းချုပ်ခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း နှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သုံးစွဲစေခြင်းတို့ပါသည်။
၎။ အလုပ်မှန်သမျှ မည်သည့်အလုပ်မဆို အန္တရာယ်ကင်းစွာလုပ်ကိုင်ရမည့် အစီအစဉ်ရေးဆွဲထားရမည်။ ထိုနည်းစဉ်များအတိုင်း အလုပ်သမားများ လိုက်နာလုပ်ဆောင်ကြောင်း သေချာစေရမည်။

အခြား တာဝန်ဝတ္တရားများမှာ အထက်ဖော်ပြပါ အဓိကတာဝန်များကို ကူညီပံ့ပိုးပေးခြင်းမျှဖြစ်၏။

ပထမဦးဆုံးအနေနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦးသည် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ စံနှုန်းများကို သေသေချာချာ နားလည်သဘောပေါက်နေရန် အရေးကြီး၏။

ယခု မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်း၊ စနစ် စသည်တို့ လောက်လောက်လားလား မရှိသေးပါ။ ရှိပြီးသားဥပဒေများကိုလည်း လူအများ မသိကြ၊ ဂရုမစိုက်ကြပါ။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးသင်တန်းများ ပို့ချကြရာတွင်လည်း သည်ဥပဒေများကို ထည့်သွင်းပို့ချကြပါသလား။ ကျွန်တော်မသိပါ။

စင်ကာပူမှ သင်တန်းများတွင်မူ တခြားဘာမှမသင်မီ ဥပဒေများကို ဦးစွာသင်ပါသည်။ ဘယ်ဥပဒေက ဘယ်လိုဆိုထားပြီး အဲဒါကို မလိုက်နာလျှင် မည်သည့်ပြစ်ဒဏ်များ အချခံရမည် စသဖြင့် ဖြစ်၏။

အလုပ်သမားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက ဥပဒေများ ချမှတ်ထားခဲ့ပါသည်။ ထို ဥပဒေ များမှ အချို့ကို ပြင်ဆင်သုံးစွဲပြီး အချို့ဥပဒေများကို အသစ်ပြန်လည်ရေးဆွဲထားသည်လည်း ရှိ၏။ ထိုဥပဒေများအနက် အောက်ပါတို့မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိများ လေ့လာထားရမည့်ဥပဒေများ ဖြစ်၏။

၁။ ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေ (စက်ရုံအလုပ်ရုံလုပ်သားများအတွက်)
၂။ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ (စက်ရုံအလုပ်ရုံ၊ လုပ်ငန်းငယ်လေးများအတွက်)
၃။ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၎။ လူမှုဖူလုံရေး ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၅။ အလုပ်သမား လျော်ကြေးဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၆။ အခကြေးငွေ ပေးချေရေး ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၇။ ဝင်ငွေခွန် ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၈။ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၉။ အနည်းဆုံးအခကြေးငွေ ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၁၀။ နိုင်ငံ့ဝန်ထမ်းဥပဒေ (နိုင်ငံ့ဝန်ထမ်းများနှင့်ဆိုင်)

အလုပ်သမားများသည် မိမိတို့ရသင့်ရထိုက်သည်များ၊ မလုပ်သင့်မလုပ်အပ်သည်များကို သိထားရပါမည်။ သည်ဥပဒေများ ကို သင်မပေးဘဲ အဘယ်ကဲ့သို့ သိနိုင်ပါအံ့နည်း။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းဟူသည် အကြံပေးဖြစ်၏။ ဘာတွေဘယ်လိုဖြစ်နေသည်။ ဘယ်လိုလုပ်ရမည် စသည်တို့ကို အကြံပေးရန်ဖြစ်၏။ တကယ်လက်တွေ့အကောင်အထည်ဖော်ရန်မှာ အုပ်ချုပ်ရေးပိုင်းတွင် အဓိက တာဝန်ရှိ၏။ ထို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများအနေနှင့် မှန်မှန်ကန်ကန် အကြံပေးနိုင်ရန် မိမိကိုယ်နှိုက်က ဘာတွေမှားပြီး ဘာတွေမှန်တယ်ဆိုတာ သိနေရန် အရေးကြီးလှ၏။

ဤကဲ့သို့သိနေရန် အထက်ဖော်ပြပါ ဥပဒေများကို လေ့လာရပါမည်။ မိမိသည် မိမိလုပ်ငန်းခွင်အတွင်းရှိ အလုပ်လုပ်နေသူ အပေါင်း၏ အားကိုးအားထားရာ ဖြစ်ရမည်။ သို့ဖြစ်နေရန် မိမိ၌ ၀မ်းစာပြည့်နေရန်လို၏။ သို့သော် မိမိမသိသည်ကိုမူ ရမ်းမတုတ်ပါနှင့်။ မသိလျှင် သိအောင်လုပ်ပါ။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ မေးမြန်းပါ။

ဒုတိယတစ်ချက်မှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတကြွယ်ဝမှု ဖြစ်၏။ မိမိသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ရ သည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းများအကြောင်း စပ်စပ် စပ်စပ် သိထားရမည်။ ပိုင်ရိုက်ခြင်းအကြောင်း၊ မြေတူးခြင်း အကြောင်း၊ ဖောင်ဝပ်ဆင်ခြင်းအကြောင်း၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ မီးကာကွယ်ရေးစနစ်၊ ရေပေးမီးပေးစနစ်၊ ပိသုကာ အများကြီးဖြစ်၏။

ထိုလုပ်ငန်းများ၏ လုပ်ငန်းစဉ်များကို သိထားမှ မည်သည့်လုပ်ငန်းတွင် မည်ကဲ့သို့သော အန္တရာယ်များ ဖြစ်နိုင်သည်။ ထို အန္တရာယ်မဖြစ်အောင် မည်ကဲ့သို့ လုပ်ရမည် စသည်တို့ကို သိနိုင်မည်။ သို့သိမှလည်း အထက်တွင်ဖော်ပြခဲ့သည့် အန္တရာယ်ကင်းစွာလုပ်ရမည့် လုပ်ငန်းအစီအစဉ် (Safe Work Procedure) ကို ရေးဆွဲနိုင်မည်ဖြစ်၏။

အင်တာနက်ခေတ်တွင် လက်ညှိုးကလေးဖြင့် အသာတောက်ကြည့်လိုက်ရုံနှင့် Safe Work Procedure အများအပြား ရယူနိုင်ပါလိမ့်မည်။ သို့သော် အခြားသူများလုပ်ထားသည့် Safe Work Procedure များကို ရည်ညွှန်းရုံသာ ယူပါ။ တိုက်ရိုက်ကူးမချပါနှင့်။ မိမိလုပ်ငန်းနှင့်ကိုက်ညီမည့် Safe Work Procedure ကို မိမိကိုယ်တိုင်ရေးယူပါဟု အကြံပြု လိုပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်ပြီး မည်သည့်စံနှုန်းမှ မရှိသေးပါဟုဆိုလျှင် ဆိုလို့ ရနိုင်ပါသည်။ သို့သော် ကိစ္စမရှိပါ။ တကယ်လုပ်ချင်သည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာစံနှုန်းများကို မှီး၍ လုပ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဟူသည် မည်သည့်နိုင်ငံစံနှုန်းဖြစ်စေ၊ အခြေခံ သဘောတရားများ မှာ အတူတူပင် ဖြစ်သောကြောင့် ဖြစ်၏။

ရှင်းအောင် နမူနာပြရပါမူ ၁၀ ထပ်လောက်အမြင့်မှ လိမ့်ကျလျှင် အမေရိကန် ဖြစ်စေ၊  အင်္ဂလိပ်ဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ ကိုးရီးယားဖြစ်စေ၊ မြန်မာဖြစ်စေ သေမည်သာဖြစ်၏။ မန်နေဂျာ ပြုတ်ကျလည်း သေမည်၊ အလုပ်သမားကျလည်း သေမည်။ သူဌေးကျလည်း သေမည်။ အစိုးရအရာရှိမင်း ပြုတ်ကျလည်း သေမည်။ ထို့ကြောင့် လိမ့်မကျအောင် အကာအရံအတားအဆီးများ လုပ်ရမည်။ အတားအဆီး လုပ်သည့်နည်းများမှာလည်း အတူတူပင်ဖြစ်၏။ ပိုက်ဆံ ချမ်းသာသည့်တိုင်းပြည်က ပစ္စည်းကောင်းကောင်းသုံးမည်၊ ခေတ်မီတိုးတက်သော နည်းပညာများ သုံးမည်။ ဒါပဲ ကွာသည်။ သဘောတရားချင်းကတော့ အတူတူသာ ဖြစ်၏။ မိမိတို့နှင့်ကိုက်ညီမည့်နည်းများကို ဉာဏ်သုံးပြီး အသုံးချလို့ရပါသည်။

အရေးကြီးသည်မှာ မည်သည့်နိုင်ငံမှဖြစ်စေ၊ အတည်ပြုထားသော စံနှုန်းတစ်ခုကို နည်းယူကာ လိုက်နာလုပ်ဆောင်ရန် ဖြစ်၏။ သို့အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများ လေ့လာရမည့် နောက်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းများ ဖြစ်၏။ ဥပမာ - အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် စင်ကာပူစံနှုန်း Code of Practice for Working Safely at Height ကို ယူသုံးနိုင်ပါသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းအနေနှင့် အဓိကလုပ်ရမည့်အလုပ်မှာ နေ့စဉ်လုပ်ငန်းခွင်စစ်ဆေးရေး ဖြစ်၏။ လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးရာတွင် မိမိအနေနှင့် မည်သည်တို့က အန္တရာယ်မကင်းသော အခြေအနေ၊ မည်သည်တို့ကတော့ဖြင့် အန္တရာယ်မကင်းသော အပြုအမူ စသည်တို့ကို ပြတ်ပြတ်သားသား မြင်နိုင်ရန် လို၏။  အထက်တွင်ပြောခဲ့သော စံနှုန်းများကို သေသေချာချာ လေ့လာထားသူဖြစ်ပါက လုပ်ငန်းခွင်စစ်ဆေးခြင်းဖြင့် အန္တရာယ်များကို ဖော်ထုတ်ရာတွင် များစွာအသုံးတည့်သည်။

ဥပမာ - အမြင့်မှ လိမ့်မကျစေရန် အကာအရံတန်းများ ကာထားသည်ဆိုပါစို့။ မိမိသည် အကာအရံစံနှုန်းများကို သိထားလျှင် ထိုအကာအရံသည် လုပ်သားများကို ပြုတ်ကျခြင်းမှ ကောင်းစွာ အကာအကွယ်ပေးထားမထား အလွယ်တကူ သိနိုင်ပေသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းတစ်ယောက်အနေနှင့် ကွန်ပြူတာကောင်းကောင်း ကိုင်တတ်လျှင် အားသာချက် တစ်ခုဖြစ်၏။

မိမိလုပ်ခဲ့သမျှအားလုံးကို မှတ်တမ်းတင်ထားပါ။

၁။ နံနက်တိုင်းပြောရသည့် Toolbox meeting ကို မှတ်တမ်းတင်ထားပါ။
    တက်ရောက်သူများစာရင်းနှင့် ပြောခဲ့သည့်အကြောင်းအရာ မှတ်တမ်း။
၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးစည်းဝေးပွဲမှတ်တမ်းများ
၃။ နေ့စဉ် လုပ်ငန်းခွင်စစ်ဆေးရေးမှတ်တမ်းများ
၎။ Safet Work Procedure နှင့် Risk Assessment ကို သီးသန့်ဖိုင်များဖြင့် သိမ်းထားပါ။
    ထို SWP နှင့် RA များကို လုပ်သားများအား ရှင်းပြထားသော မှတ်တမ်း
၅။ Safety Induction Course ပေးခဲ့သော မှတ်တမ်း
၆။ မတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးမှတ်တမ်းများ
၇။ မိမိလုပ်ငန်းခွင်အတွင်းရှိ ၀န်ထမ်းအားလုံး၏ အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့်သင်တန်း တက်ရောက်မှုမှတ်တမ်း
၈။ လုပ်ငန်းခွင်အတွင်းသုံးစွဲနေသည့် ဓာတုပစ္စည်းစာရင်း
    ထိုဓာတုပစ္စည်းများအကြောင်း သက်ဆိုင်ရာ  အလုပ်သမားများအား ရှင်းပြထားသည့် မှတ်တမ်း
၉။ အခါအားလျော်စွာပြုလုပ်သည့် အန္တရာယ်ကင်းရေးလှုပ်ရှားမှု မှတ်တမ်း
၁၀။ အရေးပေါ်ကယ်ဆယ်ရေးစီမံချက် မှတ်တမ်းများ
၁၁။ လုပ်ငန်းခွင်အတွင်းပြုလုပ်သည်း အန္တရာယ်ကင်းရေး သင်တန်းများ မှတ်တမ်း
၁၂။ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သူများကို အပြစ်ပေးအရေးယူသည့် မှတ်တမ်းများ
၁၃။ အစိုးရအဖွဲ့၊ အာဏာပိုင်များ လုပ်ငန်းခွင်သို့လာရောက်သည့်မှတ်တမ်း

အချုပ်ဆိုရလျှင် မိမိလုပ်သမျှအားလုံးကို မှတ်တမ်းတင်ပြီး စနစ်တကျ ဖိုင်များဖြင့် သိမ်းဆည်းထားပါ။ လက်မှတ်ထိုးစရာ လိုလျှင် သက်ဆိုင်သူအားလုံးကို လက်မှတ်ထိုးခိုင်းပါ။


(၃) နိဂုံး

စားဝတ်နေရေးအတွက် ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း အလုပ်လုပ်ကြရကုန်၏။ ထိုသို့အလုပ်လုပ်ရင်း မတော်တဆမှုတို့ ဖြစ်နိုင်၏။

ကျွန်ုပ်တို့တွင် ခန္ဓာကိုယ်အစိတ်အပိုင်း အပိုမပါလာ။ ပီဘိ တစ်စုံစာ ကွက်တိသာဖြစ်၏။ ထို့ကြောင့် ထို မိမွေးတိုင်း၊ ဘမွေးတိုင်း ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပျက်စီးချို့ယွင်းမသွားအောင် ထိန်းသိမ်းထားဘို့ အရေးကြီး၏။ ထို့ထက် ကျွန်ုပ်တို့တွင် အသက်ဟူသည်လည်း တစ်ချောင်းသာ ပါ၏။ ထိုအသက်ကလေး ဆုံးပါးသွားလျှင် မည်သည့်နည်းနှင့်မှ အစားပြန်ရနိုင်စရာမရှိ။ ထို့ကြောင့် ကျွန်ုပ်တို့အသက်ကို ပိုးမွေးသကဲ့သို့ မွေးမြူထားရန်လည်း အလွန်အရေးကြီးလှ၏။

အသက် ဉာဏ်စောင့် ဟူသော စကားပုံကို ရှေးလူကြီးတို့ အလကားထားခဲ့ခြင်းမဟုတ်။ ဉာဏ်ကိုသုံးခြင်းဖြင့် မိမိအသက် မဆုံးရှုံးရအောင် ကာကွယ်နိုင်၏။ ဤနေရာတွင် ဉာဏ်ဟူသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက်သည့် အသိပညာပင် ဖြစ်တော့၏။ ထိုအသိမရှိသည်နှင့် သေရန် အလွန်နီးစပ်လေတော့၏။ 

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများသည် ထိုအသိဉာဏ်ကိုရအောင် ကြိုးစားအားထုတ်ကြပါကုန်။ အန္တရာယ်ကင်းရေးဟူသည် လူအများ၏ အသက်၊ အိုးအိမ်စည်းစိမ်များနှင့် တိုက်ရိုက်ပတ်သက်နေ၏။ ထို့အတွက် ပေါ့လေးတဆ မလုပ်ကြပါနှင့်၊ အလေးအနက်ထားကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

အေးငြိမ်း

၅ အောက်တိုဘာ၊ ၂၀၁၇။ 

No comments: