Wednesday, May 31, 2017

ကျွန်ုပ် တောထိုင်အိမ်သာလုပ်ခြင်း အကြောင်း

(၁)

ကျွန်တော်တို့ကျောင်းသားဘ၀က အထက်တန်းကျောင်းသုံး ပင်ရင်းစကားပြေလက်ရွေးစင်၌ ဆရာမောင်ဖေသန်းရေးသော “စလောင်းဖုံးတချပ်” ဟူသည့် စကားပြေတစ်ပုဒ်ကို ဖတ်ခဲ့ဖူး၏။ (သို့သော် ကျွန်တော်တို့ ကိုးတန်း ဆယ်တန်း ရောက်လာ တော့ စနစ်သစ်နှင့်တိုးကာ ထိုဖတ်စာအုပ်ကို မသင်ရတော့ပါ။)

“စလောင်းဖုံးတချပ်” (ထိုခေတ်က တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသည်ကို တခု၊ တကောင်၊ တယောက် စသည်ဖြင့် သုံးပါသည်။ နောက်တော့ ၀န်ဇင်းမင်းရာဇာ၏ တီ ၄၈ ၀မ်းကွဲ၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ မြစ် ၂၇ ၀မ်းကွဲ၊ မဟာ့မဟာ ပညာရှိမင်း ဦးနေ၀င်း၏ လမ်းညွှန်ချက်ဖြင့် “တ” များပျောက်ကာ “တစ်” များ ရောက်လာခဲ့သည်။ မည်မျှအထိ ရောက်သနည်းဟူမူ ယခုခေတ်ပေါ် မော်ဒန်လုံကလေးလုံမကလေးတို့က “တကယ်” ကို တစ်ကယ်၊ “တအားပူတယ်ကွာ” ကို တစ်အားပူတယ်ကွာ၊ “တမလွန်” ကို တစ်မလွန်၊ “တခြား” ကို တစ်ခြား၊ “တချို့” ကို တစ်ချို့ စသဖြင့် ရေးသည်ထိ ဖြစ်လေတော့၏။ ကျွန်ုပ်မှာကား ထိုစာလုံးများကို မြင်သည့်အခါ၌ မျက်စိမြင်ပြင်းကပ်လွန်း၍ ဖေ့စ်ဘုတ်အသုံးကိုပင် လျှော့ချမိလေသော ဟူ၏။ ဤကား စကားချပ်) စကားပြေအကြောင်းအရာမှာ အထူးအဆန်းမဟုတ်ပါ။

စာရေးသူသည် အလုပ်သွား အလုပ်ပြန် မိုးရွာမှာကိုကြောက်ပုံ၊ ကြောက်ရသည့်အကြောင်းများတွင် သားရေဖိနပ်ကိုမိုးမိပြီး တစ်နေ့လုံး ထိုဖိနပ်ကိုစီးရသည့်အတွက် နေထိုင်မကောင်း ဖြစ်တတ်ပုံ၊ ထို့ကြောင့် တစ်နေ့တွင် ရာဘာဖိနပ်ကိုဝယ်စီးပုံ၊ ဖိနပ်အသစ်ကြောင့် ခြေထောက်ပေါက်ရာမှ အနာဖြစ်ကာ ရုံးမသွားနိုင်ပုံ၊ အိမ်တွင်နေရသည့်ရက်များအတွင်း စလောင်းဖုံး ကလေး တစ်ချပ်ကို မိမိလက်နှင့် ကိုယ်တိုင်လုပ်လိုက်ရသဖြင့် ပီတိဖြစ်ရပုံ စသည် ဖြစ်ပါသည်။

အကြောင်းအရာမှာ ရိုးရှင်းသည်။ အရေးအဖွဲ့မှာလည်း ရိုးရှင်းသည်။ အဆက်အစပ်ရှိသည်။ ထို့ကြောင့် စကားပြေကောင်း တစ်ပုဒ်ဖြစ်ပါသည်။

ကျွန်တော်ပြောလိုသည်မှာ “စလောင်းဖုံးတချပ်” ဆောင်းပါးအကြောင်းမဟုတ်။ ထိုဆောင်းပါးဖတ်ရစဉ်က ကျွန်တော်လည်း စလောင်းဖုံးတချပ်ကဲ့သို့ ဆောင်းပါးမျိုး နောင်တစ်ချိန်တွင် ရေးရလိမ့်မည်ဟု မထင်မိခဲ့။ သို့သော် ယခု ရေးစရာအကြောင်း ဖန်လာပါပြီ။ သို့သော် သည်ခေတ်တွင် သည်လို အထပ်သား စလောင်းဖုံးမျိုး မည်သူသုံးပါတော့မည်နည်း။ သို့အတွက် ကျွန်တော်လည်း စလောင်းဖုံးလုပ်စရာ အကြောင်းမရှိပါ။ ယခု ကျွန်တော်လုပ်ရသည်မှာ တောထိုင်အိမ်သာ ဖြစ်၏။

(၂)

ဒီအိမ်သာကြီးနဲ့ သား အီးပါရတာ အဆင်မပြေဘူး ဖေဖေရ။ ဆောင့်ကြောင့်ထိုင်သွားရတဲ့ squat toilet ဆို မြန်မြန်ပြီးတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ဆောင့်ကြောင့်ထိုင်ရင် အူလမ်းကြောင်းနောက်ဆုံးပိုင်းက ဖြောင့်နေပြီး အီးပါတာကို အထောက်အကူပြုတယ်။ ဒီလိုထိုင်တာကျတော့ အူလမ်းကြောင်းက ခွေနေလို့ မနည်းညှစ်မှ ထွက်တယ် . . . . blah blah blah.

သောက်ကျိုးနည်း၊ ဆယ်နှစ်သားပေမို့ပဲ။ အသက် ၂၀ ကျော်ရင် အဖေကို ရောင်းစားမဲ့ကောင်။

သားက ကမုတ်အိမ်သာကို ကွန်ပလိမ်းလုပ်တော့ ကိုင်း၊ ဒါဆို သား အိမ်သာတက်ရတာအဆင်ပြေအောင် ဖေဖေ၊ ဆောင့်ကြောင့်ထိုင်လို့ရတဲ့ အိမ်သာခုံလုပ်ပေးမယ်ကွာ ဟု ပြောလိုက်ရလေ၏။

ပြောပြီး တော်တော်နှင့် လုပ်မပေးဖြစ်။ ဟိုတစ်နေ့ကတော့ ဖေကြီး squat toilet က ဘယ်တော့လုပ်မှာတုံး ဆိုသည်နှင့် ကိုင်း၊ အခုပဲလုပ်မကွ ဆိုပြီး အောက်ဆင်းကာ ကုန်ကြမ်းရှာ၏။ အမှိုက်ပုံးဘေးတွင် ကုလားထိုင်လား၊ စားပွဲလားမသိ။ အကျိုးအပဲ့များ ပစ်ထားတာတွေ့သည်နှင့် အကုန် မ,ချလာခဲ့သည်။ အသားများမှာ သိကြသည့်အတိုင်း မြို့တွင်အသုံးများသည့် ထင်းရူးသားများဖြစ်သည်။ အိမ်သာတစ်ခုစာတော့ ရလောက်ပါရဲ့။

နောက်ပြီး ဖြတ်ဘို့တောက်ဘို့ ထုဘို့ရိုက်ဘို့ လက်နက်ကိရိယာတွေ သွားဝယ်သည်။

ယခင်ကတော့ Jurong Point ရှိ Japan Home တွင် လက်သုံးကိရိယာ တော်တော်များများရသည်။ သို့သော် ယခု ကျွန်တော်သွားရှာတော့ အစုံမတွေ့။ ဆိတ်ချို နှင့် အိမ်ရိုက်သံ၊ ၀က်အူတချို့သာတွေ့သည်။ ထင်းရူးသားကို သံနှင့်ရိုက်လျှင် ခဏလေးနှင့် ကျွတ်ထွက်ကုန်မည်။ ထို့ကြောင့် ၀က်အူသံများဝယ်ရမည်။ သို့သော် ထိုဆိုင်မှာက ၀က်အူ တိုတိုသေးသေး ကလေးတွေသာရှိသည်။

သို့နှင့် ဆိတ်ချိုသာဝယ်ခဲ့ပြီး Fairprice Extra သို့တက်လာတော့ လက်သုံးကိရိယာတော်တော်များများ တွေ့ရ၏။ ၀က်အူလှည့် ရန် Power Screw Driver, 20 mm ရှည်သည့် ၀က်အူများဝယ်၏။ လွှကတော့ ပီဘိ သေးသေးကလေးပဲရှိသည်။ မကြိုက်လှ သော်လည်း သုံးလို့ရလောက်ပါသည်ဟု ၀ယ်ခဲ့၏။ ဖြတ်ဘို့ လွှ၊ ရိုက်ဘို့ တူနဲ့သံ။ ဘာလိုသေးလဲ။ ဘာမှမလိုတော့ပါ။ ဒါလောက်ဆို လုံလောက်ပြီ။

လက်နက်ကိရိယာတွေစုံပြီဆိုတော့ တိုင်းထွာ၊ ဖြတ်တောက်လုပ်သည်။ လွှလေးက Hacksaw, အသွားက ဗျက် 3mm, 4mm လောက်ပဲရှိ၏။ ဆိုတော့ ဖြတ်လိုက်တော့ အသွားက တည့်တည့်မဆင်း။ ဘယ်လိုဖြတ်ဖြတ် စွေသွားသည်ချည်း ဖြစ်၏။ ဖိဖြတ်လျှင် ပိုဆိုးသည်။ အသာလေး ချော့ဖြတ်ရ၏။ ဒါတောင် လိုသလို ဖြောင့်ဖြောင့်မသွား။ သည်တော့ တစ်ဖက်တည်းက ဖြတ်လို့မရ။ လေးဘက်လုံးမျဉ်းသားကာ လေးဘက်မှ ပတ်လည်လှည့် ဖြတ်ရသည်။ ဒါတောင် ထောင့်မတ်ကျမရ။
အားလုံးဖြတ်တောက်ပြီးတော့ လူမှာ အတော်ခေါင်းနောက်လှပြီဖြစ်၏။ လက်ထိုးလွှကြီးနှင့်ဆို ခဏလေးနှင့်ပြီးရမည့်ကိစ္စကို အတော်လုပ်ယူလိုက်ရသည်။

ခြေထောက်လုပ်ရမည့်တိုင်က ပီဘိ သေးသေးကလေး။ ထု တစ်လက်မပတ်လည်ပဲ ရှိသည်။ သို့သော် ဒါပဲရှိတာမို့ ချေးမများနိုင်။ ခိုင်အောင်လို့ အောက်ခံပျဉ်ပြားကို အိမ်သာကြွေခွက်မျက်နှာပြင်နှင့် ထိထားမှရမည်။ အားလုံးဖြတ်တောက်ပြီး  ရိုက်မည်ဆိုတော့ ၀ယ်လာသည့် ၀က်အူများက တိုနေပြန်သမို့ Boonlay Place သွားပြီး 30mm, 35mm, 40mm ၀က်အူများ ထပ်ဝယ်ရပြန်သည်။




ကိုင်း၊ အားလုံးစုံပြီ။ စတော့မကွ ဟု သံ အဲလေ ၀က်အူများ စရိုက်သည်။ အစတော့ ကွဲမှာစိုးလို့ အရမ်းမရိုက်ရဲ။ တူနှင့် နှစ်ချက်လောက်ရိုက်ထည့်ပြီး ၀ယ်လာသည့် power screw driver လေးနှင့် လှည့်သည်။ သို့သော် အဆင်မပြေပါ။ စက်ကလေးက ၀က်အူကိုသာလှည့်ဘို့ ဒီဇိုင်းလုပ်ထားတာဆိုတော့ သစ်သားထဲစုပ်မည့် ၀က်အူကိုကျ မနိုင်။ အတင်းဖိ လှည့်ကြည့်တော့ ၀က်အူခေါင်းတွေ ပြုန်းကုန်သည်။


ဝက်အူက တစ်ချက်နှစ်ချက်တည်းမဟုတ်။ စုစုပေါင်း အချက် ၃၀ လောက် စုပ်ရမည်။ ပထမ ၁၆ ချက်နှင့်ပင် လူမှာ သေချင်စော်နံသွား၏။ အဘယ်ကြောင့်ဆိုသော် ခေါင်းများပြုန်းကုန်သော တစ်ဝက်သာဝင်သေးသည့် ၀က်အူများကို လက်နှင့်လှည့်ရသော ၀က်အူလှည့်အကြီးနှင့် အသားကုန်လှည့်ထည့်ရသောကြောင့် ဖြစ်၏။ ခေါင်းများပြုန်းနေသည့်အတွက် လှည့်လို့ အဆင်မပြေ။ လှည့်ပြီး တစ်ဝက်ဝင်နေပြီဆိုတော့ ရိုက်ထည့်လို့ကလည်း မရ။ အသားကုန်ရိုက်ထည့်လိုက်လျှင် ကွဲကုန်မှာလည်း စိုးရသေးသည်။

ဆိုတော့ အခင်းပြားတွေလည်း အားလုံး ၀က်အူစုပ်ပြီးသွားရော လူမှာလည်း ယဲ့ယဲ့ပဲကျန်တော့သမို့ သည်နေ့အတွက် သည်မျှနှင့် ရပ်လိုက်ရတော့၏။ ခေါင်းများကိုက်ပြီး ဖျားချင်သလိုလိုပင်ဖြစ်လာလေရာ ဆေးသောက်ပြီး အိပ်လိုက်ရလေ သတည်း။ အီအီးစင်လုပ်ရတာ မသက်သာပါလားဗျို့။

နောက်နေ့ကျတော့ မက်သတ်တစ်မျိုးပြောင်းရသည်။ ကွဲခါမှကွဲရော့ဟု ပထမတစ်ချောင်းကို ၀က်အူအဆုံးထိ တစ်ချက်ချင်း ချော့ရိုက်ကြည့်တော့ ရသည်။ မကွဲ။ သည်တော့မှ လူလည်း အတော်သက်သာသွားသည်။ ကျန်ဝက်အူများကို လှည့်မသွင်း တော့ဘဲ အားလုံး တူနှင့် ရိုက်ထည့်လိုက်သည်။

နောက်ပြီး နောက်ခြေထောက်က အိမ်သာနှင့်ခံနေတော့ ချုပ်တန်းထည့်ဘို့မလွယ်။ သည်တော့ ထောင့်ဖြတ်ချုပ်တန်းကို ရှေ့ ခြေထောက်များချုပ်ထားသော တန်းနှင့် လှမ်းချိတ်ရသည်။ ခြေထောက်တွေကို ချုပ်လိုက်တော့ အိမ်သာခုံက အတော်အတန် တောင့်သွားသည်။ အိမ်သာခွက်ပေါ်တင်လိုက်တော့ ကျကျနန အီးထိုင်ပါလို့ရသော အီအီးစင်တစ်ခု ဖြစ်သွားလေတော့၏။ အောင်မယ်၊ တယ်တော်တဲ့ ငါပါလားဟဲ့။

ကိုယ့်ဟာကိုယ် အစမ်းတက်ထိုင်ကြည့်။ နေဦး၊ အီအီးတွေများ နောက်ကတန်းပေါ် တင်နိုင်သလား ပေါ့။ သားရေ၊ လာပါဦးကွ၊ တက်ထိုင်ကြည့်စမ်း ဆိုတော့ ကိုယ်တော်က မ၀ံ့မရဲ။ ဖေကြီးဟာ အလုပ်ဖြစ်ပါ့မလား ဆို၏။ ဟေ့ကောင်၊ ငါတက်ထိုင်ပြီး ပါပြီကွ၊ သားလိမ့်ကျအောင် ဖေဖေက လုပ်ပါ့မလား ဆိုမှ တုန်ချိတုန်ချိ တက်ထိုင်ကြည့်ပြီး အင်း၊ မဆိုးဘူး ဟု ပြောဖော်ရ၏။

အိမ်သာက နည်းနည်းမြင့်တော့ အပေါ်လှမ်းတက်ဘို့ ခြေနင်းခုံ လုပ်ပေးရဦးမည်။


အားလုံးပြီးသွားတော့ အောက်ထပ်က တရုတ်မကြီး တက်လာ၏။
ဟဲ့၊ နင်တို့ဟာ မနေ့ကလည်း တဒုန်းဒုန်း၊ ဒီနေ့လည်း တဒုန်းဒုန်း။ ပွက်လောကို ရိုက်နေတာပဲ။

ကျွန်တော်ကြားသည့်တိုင် ထွက်မတွေ့။ အမျိုးသမီးက ဟိုမှာ အောက်ကတရုတ်မကြီးလာပြောနေတယ် ဆိုတော့ Sorry, finish လို့ပြောလိုက်ဟု ပြောခိုင်းလိုက်သည်။ တကယ်လည်းပြီးသွားမှကိုး။

အတော်ပင်ပန်းသွားသည့်တိုင် အလုပ်တစ်ခုပြီးသွားတော့ အတော် စိတ်ကျေနပ်မှု ရသွား၏။

(၃)

အမှန်က အိမ်သာလုပ်တာ ဒါ ပထမအကြိမ်မဟုတ်ပါ။ ၁၉၉၆ ခုနှစ်လောက်က ကျွန်တော် ရေဆင်းတွင်ရှိနေစဉ် တစ်ခါ လုပ်ခဲ့ဖူးပါသေးသည်။ ထိုစဉ်က ကျွန်တော်တို့နှင့်အတူနေသူ ကျွန်တော့်အရီး (အမေ၏အမ) ဖြစ်သူမှာ အသက်ကြီးပြီမို့ ဆောင့်ကြောင့်ထိုင်အိမ်သာတွင် ကြာကြာမထိုင်နိုင်။ ထို့ကြောင့် ကျွန်တော်က သစ်သားများဖြင့် ထိုင်အိမ်သာ ရိုက်ပေးခဲ့ တာဖြစ်ပါသည်။

ဤဆောင်းပါးအစတွင်ပြောခဲ့သော ဆောင်းပါး၌ ဆရာမောင်ဖေသန်းက စလောင်းဖုံးတချပ်ကို လုပ်ပြီးသွားသည့်အခါ ဆောင်းပါးတစ်ပုဒ်ကို ရေးပြီးသည့်အခါရသည့် စိတ်ကျေနပ်မှုမျိုးကဲ့သို့ ခံစားရသည်ဟု ဆိုပါသည်။ ယခု ကျွန်တော်လည်း အိမ်သာလုပ်ပြီး သွားသည့်အခါတွင် လူရိုင်းတို့၏တိုင်းပြည် ဆောင်းပါးကို ရေးပြီးသောအခါ ရသော စိတ်ကျေနပ်မှုကဲ့သို့ ရပါသည်ဟု ဆိုချင်ပါသည်။

မိတ်ဆွေတို့လည်း တစ်ချိန်ချိန်တွင် တစ်ခုခု လုပ်ခဲ့ဖူးပါလိမ့်မည်။
ကဗျာတစ်ပုဒ် ရေးထုတ်လိုက်ပြီးချိန်တွင် လည်းကောင်း၊
ပန်းချီကားတစ်ချပ် ဆွဲပြီးသွားချိန်တွင် လည်းကောင်း၊
ဝတ္ထု၊ ဆောင်းပါးတစ်ပုဒ် ရေးပြီးသွားချိန်တွင် လည်းကောင်း၊
အခြား လက်မှုပစ္စည်းတစ်ခုခု လုပ်ပြီးသွားချိန်တွင် လည်းကောင်း -
စိတ်ကျေနပ်မှုတစ်ခုခုကို ခံစားရပါလိမ့်မည်။

စိတ်ချမ်းသာပျော်ရွှင်မှု ဟူသည် ပိုက်ဆံပေးဝယ်လို့ ရစကောင်းသော အရာမဟုတ်။
အသင်သည် ကိုယ်စိတ်ပါဝင်စားသည့်အရာတစ်ခုခုကို လုပ်ကြည့်လိုက်ပါ။
ထိုအလုပ်တစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်သွားသည့်အခါ စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရပါလိမ့်မည်။

ထို့ကြောင့် မိတ်ဆွေ -
တစ်ခုခုလုပ်စရာရှိပါသလား။ လုပ်ကြည့်လိုက်ပါ။ စိတ်ကျေနပ်မှုတစ်ခုခု ရသွားပါလိမ့်မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၁ ဧပြီလ၊ ၂၀၁၇

No comments: