Wednesday, May 31, 2017

Safety Officer တစ်ဦး၏ မြန်မာနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ဥပဒေကြမ်းအပေါ် ရှုမြင် သုံးသပ်ချက်

၁။
၂၀၁၇ ခု ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာ့အလင်းသတင်းစာမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာ အကြံပြုနိုင်ပါရန်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီ ဥပဒေကြမ်းအပေါ် Safety Officer တစ်ဦးအနေနဲ့ ဘယ်လိုမြင်တယ်ဆိုတာ သိပါရစေ။

အဖြေ -

ကျွန်တော်ပထမဆုံးပြောချင်တာကတော့ သတင်းရဲ့မပြည့်စုံမှုပါ။ ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာ အကြံပြုနိုင်ပါရန် လို့သာ ဖော်ပြထားတယ်။ ဘယ်လိုအကြံပြုရမယ်။ အဲဒီအကြံပြုချက်တွေကို ဘယ်ကိုပို့ရမယ်။ အကြံပြုချက်တွေတင်ပြဘို့ အချိန်ဘယ်လောက်ပေးထားတယ် စသဖြင့် ဘာမှဖော်ပြမထားပါဘူး။ ဒါ အဓိက လိုအပ်ချက်ပါ။

ဖြစ်ရမှာက ဟောဒီဥပဒေကြမ်းအပေါ် အကြံပြုချင်တယ်ဆိုရင် ဘယ်လိုပုံစံကိုသုံးပြီး အကြံပြုရမယ်။ ဘယ်သူတွေ အကြံပြုခွင့် ရှိတယ်။ အကြံပြုချက်တွေကို ဘယ်ကိုလိပ်မူပြီး ဘယ်ရက်အတွင်း အရောက်ပို့ရမယ်။ အဲဒီအကြံပြုချက်တွေအပေါ် ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာကို အပြည့်အစုံဖော်ပြပေးဘို့လိုပါတယ်။

၂။
ဟုတ်ကဲ့၊ ဒါက သတင်းအချက်အလက်မပြည့်စုံမှုပေါ့။ နောက်ပြီး ဥပဒေကြမ်းအပေါ်လည်း ဘယ်လိုအားသာချက် အားနည်းချက်တွေရှိတယ်ဆိုတာ သုံးသပ်ပြပါအုံး။

အဖြေ -

ဥပဒေပုဒ်မ ၂ (ဒရေမှုတ်) မှာ အလုပ်ရုံနဲ့အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ကို စစ်ဆေးရေး အရာရှိချုပ်တာဝန် ပူးတွဲပေးထားပါတယ်။

ဌာနတစ်ခုရဲ့ ညွန်ကြားရေးမှူးချုပ်ဆိုတာ အဲဒီဋ္ဌာနတစ်ခုလုံးကို ကိုင်ရတာဖြစ်လို့ သူ့ဌာနတာဝန်တွေနဲ့ အလွန်အလုပ်များမှာပါ။ အဲဒါကြောင့် စစ်ဆေးရေးအရာရှိချုပ်တာဝန် ပူးတွဲပေးထားဘို့ မသင့်ပါဘူး။ ဒါ တစ်ချက်။

နောက်တစ်ချက်က စစ်ဆေးရေးအရာရှိချုပ်ဆိုတာ safety ကို သေသေချာချာ နားလည်သဘောပေါက်တဲ့သူပဲ ဖြစ်ရပါမယ်။ ညွှန်ကြားရေးမှူးဆိုတာ အုပ်ချုပ်ရေးပိုင်းပါ။ သူ့အနေနဲ့ safety ကို သေသေချာချာ နားလည်သဘောပေါက်ပါသလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

တကယ်လို့ သူဟာ safety professional မဟုတ်ရင် အောက်ကတင်ပြလာတဲ့ စစ်ဆေးရေးအစီရင်ခံစာတွေ မှန်တယ်၊ မမှန် ဘူး၊ ပြည့်စုံတယ်၊ မပြည့်စုံဘူး သူဘယ်လို သုံးသပ်၊ ဆုံးဖြတ်မလဲ။ အဲဒီအတွက် စစ်ဆေးရေးအရာရှိချုပ်တာဝန်ယူမဲ့သူဟာ safety အကြောင်း စာတွေ့ရော၊ လက်တွေ့ပါ သေသေချာချာ နားလည်သဘောပေါက်တဲ့ safety professional ပဲ ဖြစ်ရပါမယ်။ အဲဒီပုဒ်မကို ပြင်ဘို့လိုပါတယ်။

၃။
ဟုတ်ကဲ့။ နောက်ပြီးတော့ရော။

ဖြေ -
နောက်တစ်ခုက အဲဒီပုဒ်မ ၂။ ပုဒ်မခွဲ (ည) မှာ ကြီးမားပြင်းထန်သောမတော်တဆမှုကို အဓိပ္ပာယ်ဖွင့်ရာမှာ ပြိုကျတာတွေ မပါပါဘူး။ မြန်မာပြည်မှာ ဖောင်ဝပ်ပြိုလို့ လူသေတဲ့သတင်းတွေ ကြားရမှာပါ။ အဲဒါကြောင့် ကြီးမားပြင်းထန်သော မတော်တဆမှုတွေမှာ “ပြိုကျခြင်း“ ဆိုတာကိုပါ ဖြည့်စွက်ထည့်သွင်းဘို့လိုပါတယ်။

၎။
နောက်ပြီး ဒီဥပဒေဟာ ဘယ်နေရာတွေမှာ၊ ဘယ်လုပ်ငန်းတွေမှာ အကြုံးဝင်ပါသလဲ။

ဖြေ -

ဒီဥပဒေနဲ့အကြုံးဝင်တဲ့လုပ်ငန်းတွေကို အခန်း (၃)၊ ပုဒ်မ (၄) မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီမှာ လုပ်ငန်းအတော်များများ ကျန်ခဲ့ပါတယ်။ ဥပမာပြောရရင် -
၁) ကုန်သွယ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများ
၂) လက်လီ၊ လက်ကားအရောင်းလုပ်ငန်းများ
၃) စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းများ
၎) ဟိုတယ်၊ တည်းခိုခန်းနှင့် အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းများ
၅) သန့်ရှင်းရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ
၆) သုတေသန၊ စမ်းသပ်မှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ လုပ်ငန်း များ(ကျန်းမာရေးနှင့် မသက်ဆိုင်သည့် အခြားလုပ်ငန်းများ)
၇) မြေတိုင်းလုပ်ငန်း
၈) အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဘယ်လုပ်ငန်းမဆို - စတာတွေ ဖြစ်ပါတယ်။

၅။
ဟုတ်ကဲ့။ နောက် ဘာကျန်ပါသေးသလဲ။ ဆက်ပြောပါဦး။

ဖြေ -
အင်း၊ နောက်တစ်ခုကတော့ အတော်ဆိုးတယ်ခင်ဗျ။
အခန်း (၆) ပုဒ် (၁၄) မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအရာရှိများသည်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန်၊ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များနှင့် ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် အခြားလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ရမည် . . လို့ ဖော်ပြထားပါတယ်။

အဲဒီမှာ “၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် အခြားလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ရမည်။” ဆိုတော့ ၀န်ကြီးဌာနက ဘာလုပ်ခိုင်းလုပ်ခိုင်း၊ safety နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် လုပ်ရမဲ့သဘောဖြစ်နေတယ်။ ဒါဟာ ဥပဒေတစ်ရပ်အဖို့ မဖြစ်သင့်ပါဘူး။ သိပ်ယေဘူယျဆန်ပါတယ်။ တကယ်ဖြစ်သင့်တာက  -
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အရာရှိများသည်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် လုပ်ငန်းခွင်ဖြစ်စေရန်အတွက်၊ ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများ၊ ညွှန်ကြားလွှာ၊ အမိန့်တို့နှင့်အညီ လုပ်ငန်းခွင်ကို အနီးကပ်ကြီးကြပ်ရမည်” လို့ ဖြစ်သင့်ပါတယ်။

၆။
ဟုတ်ကဲ့။ ဒါက မသင့်တော်တာ၊ ပြင်ဆင်စရာရှိတာတွေပေါ့နော်။ နောက်ထပ် အများကြီး ရှိလိမ့်ဦးမယ်ထင်ပါတယ်။ ဆက်ပြောပါဦး။

ဖြေ -
နောက်တစ်ခုက စကားလုံးအသုံးအနှုန်းတွေပါ။ အတိအကျပြောရရင် အခန်း (၈)၊ ပုဒ်မ (၂၈) မှာ သက်သာချောင်ချိရေး လို့ ပါပါတယ်။ သက်သာချောင်ချိရေးဟာ safety နဲ့ သိပ်မဆိုင်ပါဘူး။ ဒါက လူမှုဖူလုံရေးဥပဒေအပိုင်းပါ။ ဆိုတော့ ဒီမှာ သက်သာ ချောင်ချိရေးလို့မသုံးဘဲ “ထောက်ပံ့ပေးမှု” ဆိုမှသာ ပိုမိုသင့်တော် မှန်ကန်ပါလိမ့်မယ်။
တစ်ဆက်တည်းမှာပဲ အဲဒီအခန်း (၈) ပုဒ်မ (၃၂ - ) မှာ အငြင်းပွားစရာစာပိုဒ်ကလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရေးအသားနဲ့ ဆိုင်ပါတယ်။ မူရင်းစာသားက -
အလုပ်သမားများလိုက်နာရမည့် ဥပဒေမှာ -
အန္တရာယ်ကျရောက်မည့်ဆဲဆဲ အခြေအနေတွင် အလုပ်ဆက်လက်လုပ်ကိုင်ရန် ငြင်းပယ်နိုင်သော်လည်း အလုပ်ရှင်က ပြောင်းလဲလုပ်ကိုင်စေသည့်အလုပ်အား ငြင်းပယ်ခြင်းမပြုရ။ လို့ ဖော်ပြထားပါတယ်။
ဆိုတော့ အလုပ်သမားအနေနဲ့ အလုပ်ရှင်က နောက်အလုပ်တစ်ခုပြောင်းခိုင်းတဲ့အခါ အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ကိုလုပ်ရမယ် လို့ သဘောသက်ရောက်နေတယ်။ အဲဒါ မဖြစ်သင့်ပါဘူး။ ဖြစ်ရမှာက -
"အန္တရာယ်ကျရောက်မည့်ဆဲဆဲအခြေအနေတွင် အလုပ် ဆက်လက်လုပ်ကိုင်ရန် ငြင်းပယ်နိုင်သော်လည်း  အလုပ်ရှင် (သို့) တာဝန်ရှိသူများမှ ကျရောက်နိုင်မည့် အန္တရာယ်အားတားဆီးနိုင်ရန် လိုအပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ကျင့်သုံး၍ ပြောင်းလဲလုပ်ကိုင်စေသည့်အလုပ်အား ငြင်းပယ်ခြင်းမပြုရ။" - လို့ ဖြစ်ရပါမယ်။
၇။
အလုပ်သမားတွေကို တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းတွေ ထုတ်ပေးဘို့နဲ့ပတ်သက်လို့ရော ထည့်သွင်း ပြဌာန်းထားတာ ရှိပါသလား။

ဖြေ -
ဟုတ်ကဲ့။ အခန်း (၈) ပုဒ်မ (၂၈ - ဂ) မှာ အလုပ်သမားများအား လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် ကျန်းမာရေး ထိခိုက်မှုများ မခံစားရစေရန် သင့်လျော်သော ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ၊ ၀တ်စုံများ အခမဲ့လုံလောက်စွာ ထုတ်ပေးရမယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီမှာ သင့်လျော်သောပစ္စည်းဆိုတာ ဘယ်လိုပစ္စည်းမျိုးကို ဆိုလိုသလဲ။ ဘယ်ဟာကို သင့်လျော်တယ်လို့ သတ်မှတ်မလဲဆိုတာ အငြင်းပွားဖွယ်ဖြစ်ပါတယ်။ ဖြစ်သင့်တာက -

စံချိန်စံညွှန်းကိုက်ညီသော တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ၀တ်စုံများ လို့ ဖြစ်ရပါမယ်။ အဲဒါကျမှ ဘယ်ပစ္စည်းဆို ဘယ်စံချိန်စံညွှန်းနဲ့ကိုက်ရမယ်လို့ တိတိကျကျ ပြောနိုင်မှာ ဖြစ်ပါတယ်။

၈။
အင်း၊ စကားအသုံးအနှုန်းတွေ လွဲချော်တာပေါ့နော်။ နောက်ပြီး အခုထိ တာဝန်ဝတ္တရားဆိုတဲ့ စကားလုံး မတွေ့မိသေး သလိုပဲနော်။ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ရော ပြဌာန်းထားတာ ရှိပါသလား။

ဖြေ -
တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့လဲ အများကြီးပြောစရာရှိပါတယ်။ အခန်း (၉) မှာ ဒီဇိုင်းထုတ်သူ၊ ထုတ်လုပ်သူ၊ တင်ပို့သူ၊ ရောင်းချသူ၊ တင်သွင်းသူ၊ တည်ဆောက်သူ၊ ထုတ်လုပ်သူ၊ တင်ပို့သူ၊ ရောင်းချသူ၊ တင်သွင်းသူ၊ တပ်ဆင်သူ၊ ဖြိုဖျက်သူ ဆိုပြီး အကုန်လုံး စုဆောင်းထည့်ထားတာကို တွေ့ရပါတယ်။ အဲဒါ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ -

ဒီဇိုင်းထုတ်သူနဲ့ ထုတ်လုပ်သူ။ ထုတ်လုပ်သူနဲ့ တင်ပို့ရောင်းချသူ။ ရောင်းချသူနဲ့ တပ်ဆင်သူ။ တပ်ဆင်သူနဲ့ ဖြိုဖျက်သူ စတဲ့ သူတွေဟာ လုပ်ကိုင်ရတဲ့ လုပ်ငန်းသဘာဝ၊ ယူရမယ့်တာဝန်၊ လုပ်ငန်းဖြစ်စဉ်၊ တွေ့ရမယ့်အန္တရာယ်၊ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် စတာတွေ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အဲဒါကြောင့် အခုလို ပုဒ်မတစ်ခုတည်းမှာ ရောနှော ထည့်သွင်း ပြဌာန်းထားတာဟာဖြင့် အလွန်အင်မတန်မှာကို မသင့်တော်ပါဘူးခင်ဗျာ။ နောက်ပြီး ပြဌာန်းထားတဲ့ ဥပဒေဟာ လည်းပဲ အင်မတန်မှကို ယေဘူယျဆန်လွန်းလှပါတယ်။

ဖြစ်သင့်တာက stake holder တစ်ဦးချင်းအလိုက် ခွဲထုတ်ပြီး သီးခြားတာဝန်တွေ ပြဌာန်းသတ်မှတ်ပေးရပါမယ်။ အဲဒါမှ stake holder တွေအနေနဲ့ ကိုယ့်တာဝန်ကဘာလဲ။ ဘယ်လို တာဝန်ယူလုပ်ဆောင်ရမယ် စသဖြင့် ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်မှာပါ။ အဲဒီပုဒ်မအတွက် ကျွန်တော်တို့ကို အကူအညီပေးပါဆိုရင်လည်း အကူအညီပေးဘို့ အသင့် ရှိတယ်ဆိုတာလည်း ပြောပြစေခင်ဗျ။

အဲဒါအပြင် ဒီပုဒ်မှာ Design for Safety ကို ထည့်သွင်းပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ် အဲဒါကို အကောင်အထည်ဖော်ဘို့ အဆင်သင့်မဖြစ်သေးပါဘူး။ တကယ်လို့ထည့်သွင်းပြဌာန်းရင်တောင် လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာနိုင်ဘို့ မလွယ်ပါဘူး။ အဲဒီအတွက် နောင်ကျမှ Design for Safety ကို သီးသန့် နည်းဥပဒေတစ်ခုအနေနဲ့ ပြဌာန်း သင့်ပါတယ်။ အခုတော့ မလိုအပ်သေးပါဘူး။

၉။
နောက်ပြီး လူသေမှုတွေ၊ မတော်တဆမှုတွေအတွက် သတင်းပို့တာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပါဦး။

လူသေမှုတွေ၊ မတော်တဆမှုတွေအတွက် သတင်းပို့ဘို့ကို အခန်း (၁၀) မှာ ဖော်ပြထားပါတယ်။ အဲဒီမှာလည်း ပြောစရာတွေ ရှိပါတယ်။

သေဆုံးမှုဖြစ်ပွားရင် (၁) နာရီအတွင်း၊ ဝေးလံတဲ့ဒေသတွေဆို (၂၄) နာရီအတွင်းအကြောင်းကြားရမယ်ဆိုတာ သိပ် လက်တွေ့ မဆန်ပါဘူး။ (၁) နာရီအတွင်း ဘယ်လိုနည်းနဲ့ အကြောင်းကြားမလဲ။ ဖုံးဆက်ရင်တောင် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လက်ခံဖြေဘို့ အဆင်သင့်ဖြစ်ပါသလား၊ တကယ်လို့ ဖုံးခေါ်မရရင် ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။

နောက်ပြီး လုပ်ငန်းခွင်ထဲမှာ လူသေလို့ အကြောင်းကြားတယ်ဆိုတာ အရပ်ထဲမှာလို “ဟေ့၊ ဟိုဘက်ရွာက အောင်ဘုရဲ့အဖေ သေလို့တဲ့ဟေ့” ဆိုသလို ပြောလို့မရပါဘူး။ ဘယ်သူ၊ ဘယ်နေရာမှာ ဘာဖြစ်လို့သေတယ်ဆိုတာ သေသေချာချာ ကျကျနန စုံစမ်းစစ်ဆေးရမှာ ပါ။ ပြီးတော့မှ စုံစမ်းစစ်ဆေးထားတဲ့အစီရင်ခံစာကို တင်ပြရမှာပါ။ အဲဒီအတွက် အချိန်လိုပါတယ်။ စင်ကာပူ မှာတောင် သတင်းပို့ဘို့ (၁၀) ရက် အချိန်ပေးထားပါတယ်။

နောက် မတော်တဆမှုဖြစ်ရင် (၄၈) နာရီ၊ (၇၂) နာရီ စသဖြင့် ဖော်ပြထားတာဟာလဲ အချိန်အလွန်နည်းပါတယ်။ လက်တွေ့ မဖြစ်နိုင်ပါဘူး။ ဒဏ်ရာနဲ့ပတ်သက်လို့ ဆေးစစ်ဆေးမှုတွေလုပ်ရတာ ချက်ချင်းအဖြေထွက်ဘို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ ဘူး။ လုပ်ငန်းခွင်ကြောင့် ရောဂါရရင် (၇) ရက်အတွင်း သတင်းပို့ပါဆိုတာလည်း အတူတူပါဘဲ။

ဒီလိုလုံလောက်တဲ့အချိန်ပေးမထားရင် ဘာဖြစ်လာမလဲဆိုတော့ ဆရာဝန်နဲ့အလုပ်ရှင် လက်ဝါးချင်းရိုက်ပြီး ဆေးစာတစ်ခု ထုတ်ပေးလိုက်လိမ့်မယ်။ ဖြစ်ရပ်မှန်၊ ရောဂါမှန်တွေ ရတော့မှာမဟုတ်ပါဘူး။ နစ်နာမဲ့သူကတော့ အလုပ်သမားပေါ့။

၁၀။
အင်း၊ ဒီလိုဆိုတော့လည်း ပြင်ရမှာ အများကြီးပါလား။ နောက်ပြီး ဒီဥပဒေထဲမှာ Safety နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ သင်တန်းကျောင်းတွေ၊ သင်တန်းဆရာတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ အဲဒါလေးလည်း ပြောပြပါဦး။

ဒီဥပဒေ ပုဒ်မ (၄၀) မှာ စမ်းသပ်စစ်ဆေးပိုင်ခွင့်ရှိသူအဖြစ် လည်းကောင်း၊ သင်တန်းပေးသူအဖြစ်လည်းကောင်း လုပ်ကိုင်လိုသူသည် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ကိုက်ညီပါက အသိအမှတ်ပြုလက်မှတ်ရရှိရန် ညွှန်ကြားရေးမှူးချုပ်ထံသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည် - လို့ ပါရှိပါတယ်။

ဒါဆို ဘာတွေကို စမ်းသပ်စစ်ဆေးမှာတုံးဗျာ။ သူ့ဟာက အရင်းမရှိ၊ အဖျားမရှိ။ တကယ်ဆို ဘာတွေကို စမ်းသပ်စစ်ဆေးမယ် ဆိုတာ တိတိကျကျဖော်ပြပေးရပါမယ်။

နောက်ပြီး သင်တန်းပေးသူဆိုရာမှာလည်း သင်တန်းပေးသူ၊ သင်တန်းမှာသင်မဲ့စာတွေ၊ သင်တန်းကျောင်းတွေကို လိုင်စင်ချပေး၊ အတည်ပြုပေးဘို့ ဘယ်သူက စစ်မှာလဲ။ ဘယ်လိုစံတွေနဲ့ စစ်မှာလဲ။

သေချာတာကတော့ စစ်မဲ့သူဟာ သူစစ်မဲ့အကြောင်းအရာကို နောကျေနေဘို့ လိုတယ်။ စစ်မဲ့သူသည် မိမိစစ်မဲ့ အကြောင်းအရာမှာ တကယ်တတ်မြောက်ကျွမ်းကျင်သူဖြစ်ရမယ်။ ဥပမာ - ဓာတုပစ္စည်းနဲ့လုပ်မဲ့အလုပ်သမားတွေကိုပေးမဲ့ သင်တန်းအတွက် ပြင်ထားတဲ့ သင်တန်းမှတ်စုတွေကို စစ်ဆေးအတည်ပြုပေးဘို့ဆိုရင် အဲဒီစစ်ဆေးမဲ့သူသည် ရေနံဓာတုလုပ်ငန်းမှာ နှစ်ပေါင်းများစွာလုပ်လာတဲ့ safety professional ဖြစ်ဘို့လိုတယ် . . စသဖြင့်ပေါ့။

ဒါကတော့ အလုပ်သမားဝန်ကြီးဌာနအတွက် စိန်ခေါ်မှုတွေပေါ့။ သူတို့လက်ခံမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်ပရောက် safety professional တွေအနေနဲ့ အဲဒီကိစ္စတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း ဒုတိယအကြိမ် ထပ်မံ ပြောလိုက်ပါရစေဦး။ ဒါ ကျွန်တော်က စီးပွားရေးလုပ်ဖို့ စကားခေါ်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ လုပ်နိုင်သလောက် ပါဝင်ကူညီပေးမယ်လို့ သတင်းစကားပေးရုံသက်သက်ပါ။

၁၁။
ဟုတ်ကဲ့ ဆွေးနွေးတာလည်း တော်တော်စုံသွားပြီဆိုတော့ နောက်ဆုံးတစ်ခုလောက် မေးပါရစေဦး။ အဲဒါကတော့ ပြစ်မှု ပြစ်ဒဏ်တွေ အကြောင်းပါ။ ဒီဥပဒေမှာ ပြဌာန်းထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်လို့ ဘာပြောစရာများ ရှိပါသေးသလဲ။

ဖြေ -
အင်း၊ ပြစ်မှုပြစ်ဒဏ်တွေကလည်း ရီစရာပဲဗျ။
ဒီဥပဒေ အခန်း (၁၅) မှာ ပြစ်မှုနှင့် ပြစ်ဒဏ်များဆိုပြီး ပြဌာန်းထားပါတယ်။

အလုပ်သမားတွေဟာ ဒီဥပဒေပါပြဌာန်းချက်တွေကို မလိုက်နာရင် ဒဏ်ငွေ သုံးသောင်း။ Safety officer အတွက်က ဒဏ်ငွေ၊ ၅ သိန်းမှ ၁၀ သိန်း။ အလုပ်ရှင်အတွက် ဒဏ်ငွေ (၁၀) သိန်းကနေ သိန်း (၅၀) စသဖြင့် ဒဏ်ရိုက်မယ်ပေါ့။

ပြစ်မှုပြစ်ဒဏ်ပေးခြင်းရဲ့ ရည်ရွယ်ချက်က နောင်ဒီပြစ်မှုမျိုး မကျူးလွန်ရအောင် ရည်ရွယ်တာဖြစ်လို့မို့ ပြစ်မှုကျူးလွန်တဲ့သူကို မှတ်လောက်သားလောက်အောင် အပြစ်ပေးအရေးယူဘို့ လိုပါတယ်။ ဘယ်သူမှ ဂရုမစိုက်လောက်တဲ့ ပြစ်ဒဏ်ပေးလိုက်ရင် ဒီဥပဒေကို ဘယ်သူလေးစားတော့မလဲခင်ဗျာ။ တခါအဖမ်းခံရမှ ငွေ သုံးသောင်းလောက်ဆိုတော့ ဖမ်းကာမှဖမ်းရော လူတိုင်း က အရဲစွန့်လုပ်နေဦးမှာပဲ ခင်ဗျ။

ချမှတ်မယ့် ပြစ်မှုပြစ်ဒဏ်တွေရဲ့ပမာဏကို တွက်ချက်ဘို့ လက်ရှိဈေးကွက်က လုပ်ခလစာတွေ၊ ကန်ထရိုက်တန်ဘိုးတွေ၊ စက်ပစ္စည်းတွေရဲ့ တန်ဘိုးတွေ၊ ဒီဇိုင်းတန်ဘိုးတွေ၊ အဲဒီဒီဇိုင်း၏ ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူသေပျောက်မှု၊ ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဘိုး စတာတွေကို လေ့လာဆန်းစစ်ပြီး သတ်မှတ်ဘို့ လိုပါတယ်။ နောက်ပြီး တခြားနိုင်ငံက ဥပဒေ တွေရယ်။ သူတို့ ပြစ်ဒဏ်သတ်မှတ်ပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။


ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments: