(၁) သေနည်းအမျိုးမျိုး
ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဟူသောစကားသည်ရှိ၏။
အချို့သူတို့မှာ ကမြင်းကြောထရင်းသေရသည်။
အချို့တို့မှာ ဆင်ခြင်စဉ်းစားဉာဏ်မရှိခြင်းကြောင့် သေရသည်။
အချို့မှာမူ အပျော်အပျက် ဆိုသောစကားအတိုင်း အပျော်လွန်ရာမှ
ပျက်သွားရခြင်းဖြစ်လေသည်။
၎င်းတို့ကား သေချင်းဆိုးများဖြစ်လေ၏။
ထိုသူတို့မှာ ကံမကောင်းလို့ သေတာမဟုတ်။ ဉာဏ်နုံ့နဲ့သောကြောင့်
သေရခြင်းဖြစ်သည်။
ဒွန္နယာကြီးတွင် သေချင်းဆိုးများ များစွာရှိသည့်အနက် နမူနာအနည်းငယ်
ထုတ်ပြပါရစေ။ ဖေ့စ်ဘုတ်ကောင်းမှုဖြင့် မိတ်ဆွေတို့လည်း သိကောင်းသိပြီး ဖြစ်ပါလိမ့်မည်။
ပထမဆုံးတစ်ယောက်မှာ လမ်းဖြတ်ကူးရင်း လမ်းကိုမကြည့်ပဲ ဖုံးပွတ်သွား၍
ကားတိုက်သေသော တရုတ်မဖြစ်သည်။ (အသေတောင်နည်းသေး)
နောက်တစ်ယောက်မှာ ဖေ့စ်ဘုတ်တွင် ချစ်သူဖြစ်ကြပြီး ဈေးဝယ်စင်တာတစ်ခုတွင်
ချိန်းတွေ့ကြရာ အမျိုးသမီးမှာ ဖေ့စ်ဘုတ်ထဲကလို အလန်းစားရုပ်မျိုးမဟုတ်ဘဲ အလွန်အရုပ်ဆိုးလှလေရာ
သကောင့်သားကလေးမှာ စိတ်မထိန်းနိုင်ဘဲ အပေါ်ထပ်မှခုန်ချပြီး မိမိကိုယ်မိမိ သတ်သေသွားသောဟူ၏။
(နှစ်ခါပြန်သေသင့်သော တရုတ်ဖြစ်လေသည်။)
နောက်တစ်ယောက်မှာမူ (ဆိုင်ကယ်ကိုလေယာဉ်ပျံတိုက်ခြင်း၊ လူစင်စစ်က
ရဟန္တာဖြစ်ပါသည်ဟု သိန်းပေါင်းနှစ်သိန်း လှူပါသည်ဆိုသူကြီးက ထုတ်ပြန်ကြေငြာခြင်း၊ ဒီနာမည်နဲ့လုပ်လို့မရရင်
ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မကွ စသော အခြားတိုင်းပြည်များတွင်မတွေ့နိုင်သော ဖြစ်ရပ်များ
ဖြစ်လေ့ဖြစ်ထရှိသည့်) ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ ဖြစ်လေ၏။
အခြားမဟုတ်။ ထိုသူ့အိမ်နားတွင် တစ်ယောက်သောသူသည် ကြိုးဆွဲချသေ၏။
ဤသည်ကို အခြားသူများ မျက်စိထဲ မမြင်မှာစိုးရိမ်၍ ဟောဒီလို၊ ဟောဒီလိုသေတာလကွဟု ဆွဲကြိုးချသေတာကို
သရုပ်ပြရာမှသေသော မြန်မာ အမျိုးသားကြီးတစ်ယောက် ဖြစ်၏။
နောက်တစ်ဦးကား မွေးနေ့တွင် အပျော်လွန်ကာ သူငယ်ချင်းများနှင့်
သောက်စားမူးယစ်နေရာမှ အပေါ်ထပ်မှနေ၍ ရေကန်ထဲသို့ ဒိုင်ဗင်ထိုးချရာ ကန်ထဲသို့မရောက်၊
ကွန်ကရစ်ကြမ်းပြင်ပေါ်ကျကာသေသော သြစတေးလျမှ လူငယ်တစ်ဦး ဖြစ်၏။ ၎င်းကား ပျော်ရာမှ ပျက်သောသူဖြစ်လေသည်။
ဒါ့ထက်ထူးဆန်းတာရှိသေးသည်။ ကျွန်တော်တို့ရွာမှ ကောင်လေးတစ်ယောက်အကြောင်းဖြစ်၏။
သူ့နာမည် ထွေးအောင် ထင်ပါသည်။ သူ့မိန်းမနာမည်တော့ မေ့နေပြီ။ ထွေးအောင်က အကြောင်းမရှိ
ခြင်းရာမရှိ၊ သူ့မိန်းမကို မဟ၀ှာရေ၊ ငါ သေချင်လိုက်တာဟယ် ဟု ပြောသည်ဆို၏။ သူ့မိန်းမက
ဟဲ့၊ ထွေးအောင်၊ နင်ရူးနေသလား ဟု ပြန်ပြောသည်။ သို့သော် သိပ် အလေးမထား။ အမှုမဲ့အမှတ်မဲ့သာ
နေလိုက်သည်။ ညနေကျတော့ ထွေးအောင် ဆွဲကြိုးချသေလို့ ဟူသော သတင်းမှာ တစ်ရွာလုံးပြန့်ပါလေတော့၏။
သေတာလည်းကြည့်လိုက်ဦး။ လူတကာသွားလာနေသည့် လမ်းပေါ်မိုးနေသည့် မန်ကျည်းပင် ကြီးမှာ။
ဆိုတော့ တော်ရုံတန်ရုံမိန်းခလေးတွေ သည်လမ်းကို တစ်ဦးတည်း ဖြတ်မသွားဝံ့ကြတော့။ သည်လိုသေပုံသေနည်း
ကား ဤကမ္ဘာလောကတွင် ခပ်ရှားရှားဖြစ်မည် ထင်၏။ အလကားနေရင်းထိုင်ရင်း သေချင်သူ မရှိသလောက်ရှားပါလိမ့်မည်။
(၂) ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ကောင်းသလား
ကျွန်တော်စိုက်ပျိုးတက္ကသိုလ်တွင်ရှိစဉ် ၁၉၉၅ ခုနှစ်လောက်က
သိပ္ပံမှုးတင် နှင့် ရွှေနဂါးတင်ဝင်းတို့ကို ရန်ကုန်အရောက် သွားဖိတ်ကာ စာပေဟောပြောပွဲတစ်ခု
လုပ်ပေးခဲ့ပါသည်။ မှတ်မှတ်ရရ ထိုစဉ်က အင်ဂျင်နီယာအသင်း အတွင်းရေးမှုးမှာ ဗလကြီး (ကိုစိုးနိုင်)
ဖြစ်သည်။
သိပ္ပံမှူးတင်က ဟောပြောပွဲတွင် ဖန်ပေါင်းချောင်ထဲထည့်ထားသည့်
ဆေးစိမ်ထားသော ဆေးလိပ်သောက်ထားသူ၏ အဆုတ်ကြီးကိုပြကာ အဲဒါ သေချင်းဆိုး ဟု ပြော၏။ အဆုတ်ကြီးမှာ
မဲသည်းနေလေသည်။
သို့သော် ဤသည်ကိုမူ သေချင်းဆိုးဟု ကျွန်တော်မဆိုချင်ပါ။ သိလျက်နှင့်မိုက်သူသာဖြစ်လေသည်။
ပုထုဇနော၊ ဥမ္မတ္တကော ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် သိသိကြီးနှင့်
မိုက်မိုက်မဲမဲလုပ်မိသည့်အရာများ များစွာရှိ၏။ ထိုအထဲတွင် ဆေးလိပ်သောက်ခြင်းသည် တစ်ခုအပါအ၀င်
ဖြစ်၏။ ညဘက်အိပ်ရေးပျက်တာ မကောင်းမှန်းသိပါလျက် ကျွန်တော်သည်လည်း ညလုံးပေါက် စာထိုင်ရေးချင်
ရေးနေတတ်ပါသည်။ အနို့ စာရေးတယ်ဆိုတာ ဈာန်ဝင်တုံး ရေးရတာကိုး။
ကျွန်တော်ကတော့ Safety Officer ဖြစ်သည့်အတိုင်း အန္တရာယ်ကင်းရေးရှုထောင့်မှသာ
ဝေဖန်ပြပါမည်။
(ဆန္ဒပြစားနေသူများနှင့် အမျိုးချစ်ရာမှာ နှစ်ယောက်မရှိသူကြီးများမှလွဲ၍)
လူတိုင်းလူတိုင်းသည် နေ့စဉ်လူနေမှုဘ၀တွင် စားဝတ်နေရေးအတွက် အမြဲမပြတ် လှုပ်ရှားရုန်းကန်နေကြရ၏။
ထိုသို့ လုပ်ကိုင်နေရင်းမှ မတော်တဆမှုများ ဖြစ်တတ်ပါသည်။ မတော်တဆမှုဖြစ်ပြီဆိုလျှင် မည်သူ့အတွက်ကောင်းပါသနည်း။
မိမိအတွက်လည်းမကောင်း၊ မိသားစုအတွက်လည်းမကောင်း၊ သူငယ်ချင်း မိတ်ဆွေသင်္ဂဟများအတွက်လည်းမကောင်း၊
ကြီးကြီးကျယ်ကျုယ်ပြောရလျှင် တိုင်းပြည်အတွက်လည်း မကောင်း။ မည်သူ့အတွက်မှ မကောင်းပါ။
ပထမ - မတော်တဆမှုဖြစ်သူကိုယ်တိုင် နာကျင်မှုကို ခံစားရမည်။
နောက် ဆေးရုံဆေးခန်းသွားရမည်။ အခန့်မသင့်လျှင် ပိုက်ဆံတွေ သောက်သောက်လဲကုန်မည်။ မိသားစုတွေ
စိတ်ညစ်ရမည်။ အလုပ်မလုပ်နိုင်၍ ၀င်ငွေလျော့မည်။ အပိုအလုပ်တွေ လုပ်ရမည်။ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမည်။
လူပေါင်းများစွာ အလုပ်ပျက် အကိုင်ပျက် ဖြစ်မည်။
အများစုက safety ဆိုသည်နှင့် အလုပ်ထဲက safety ကိုသာ ပြေးမြင်ကြသည်။
မှားစွတကား။ ဖုံးပွတ်သွားလို့ မြောင်းပေါက်ထဲ ခြေချော်ကျပြီး ခြေကျိုးတာ safety မဟုတ်ဘူးလား။
အိမ်မှာနေရင်း ၃ နှစ်သား ကလေးက ဟိုဟိုသည်သည် လျှောက်သွား၊ ဟိုအပေါ်တက်၊ သည်အပေါ်တက် တက်ရင်း
လှေခါးပေါ်က ပြုတ်ကျတာ safety မဟုတ်ဘူးလား။ အက်စစ်ကို ရေမှတ်ပြီး သောက်လို့သေတာ
safety မဟုတ်ဘူးလား။
Safety ဆိုတာ အလုပ်ထဲမှာသာမဟုတ်။ နေရာတကာရှိသည်။ ယုတ်စွအဆုံး
အိပ်တာတောင် safety ရှိသည်။ အိပ်ယာ ဘေးနားမှာ ဖုံးအားသွင်းပြီး ပေါက်ကွဲလို့ဒဏ်ရာရတာ
မိတ်ဆွေတို့ ဖတ်ဖူးကြပါလိမ့်မည်။
သို့သော် ကျွန်ုပ်တို့သည် တစ်နေ့တာ၏ အချိန်တော်တော်များများကို
လုပ်ငန်းခွင်ထဲ၌ ကုန်ဆုံးကြရသောကြောင့် လုပ်ငန်းခွင် safety ကို ပိုပြောကြရခြင်းဖြစ်လေသည်။
တစ်နည်းအားဖြင့်လည်း အခြားအရာများ၌ မတော်တဆဖြစ်ခြင်းထက် လုပ်ငန်းခွင်၌ မတော်တဆဖြစ်နိုင်ခြေ
ပိုများသောကြောင့် ဖြစ်၏။
(၃) သေချင်းမဆိုးကြရလေအောင်
မတော်တဆမှုမှန်သမျှ ကာကွယ်လို့ရသည်ချည်း ဖြစ်၏။ All
accidents can be prevented.
ထို့ကြောင့် အထက်ဖော်ပြပါ သေချင်းဆိုးမျိုးမဖြစ်အောင် ကာကွယ်လို့ရသည်။
အရေးကြီးသည်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဘို့သာ ဖြစ်၏။
လွန်ခဲ့သော နှစ် ၂၅၀၀ အကျော်ကတည်းက မြတ်စွာဘုရားကလည်း ထပ်ခါတလဲလဲ
သတိပေးခဲ့သည်။
အပ္ပမာဒေန၊ သမ္ပာဒေထ။ မမေ့မလျော့ မပေါ့မဆသော သတိနှင့် ပြည့်စုံကြကုန်။
အရာရာကိုသာ သတိဝီရိယနှင့် ပြုမူ (ပြောဆို) ကြမည်ဆိုလျှင်
သေချင်းဆိုးများမှ လွတ်ကင်းနိုင်ကြောင်း ကျွန်ုပ် ရဲရဲကြီး အာမခံပါသည်။
(အဘယ်ကြောင့် ပြောဆိုတာကိုပါထည့်ရသနည်း။ အပြောမတတ်သဖြင့်
အသတ်ခံရသောဖြစ်ရပ်များကို သတင်းထဲတွင် နေ့တိုင်းလိုလိုဖတ်နေရသောကြောင့် ဖြစ်၏။ ကိုယ်ကြောင့်သေတာလည်း
သေတာဖြစ်သလို သူများသတ်လို့သေတာလည်း သေတာသာဖြစ်ပါသည်။)
အမှန်က ဘာမှမခဲယဉ်းပါ။
အထက်ကဖြစ်စဉ်များကို ပြန်သုံးသပ်ပြပါမည်။
ကားတွေဒလဟိုသွားနေသောလမ်းကို ဖြတ်လျှင် ကားတိုက်နိုင်သည်
မဟုတ်လော။ တိုက်နိုင်ကြောင်း လူတိုင်းသိသည်။
သည်တော့ မီးပွိုင့်ကနေ မီးနီတော့မှ ဖြတ်ပါ။
ဒါမှမဟုတ် (လူကူးမျဉ်းကြားတွင် ကားရပ်မပေးသော ထူးဆန်းလှသည့်
ကျွန်ုပ်တို့ရွှေပြည်ကြီးမှာဆိုလျှင်) ကားရှင်းမှ ဘေးဘယ်ညာကြည့်ပြီး သတိဝီရိယနှင့် ဖြတ်ပါ။
ကားလမ်းကူးနေစဉ် ကားလမ်းဟိုဘက်သည်ဘက်ကို မျက်ခြေမပြတ်ကြည့်ပါ။
ကားဆိုတာ မထင်မှတ်သည့်ဘက်မှ အချိန်မရွေး ၀င်လာနိုင်သည်။
အရေးကြီးဆုံးကား ကားလမ်းဖြတ်နေစဉ် ဖုံးမပွတ်ပါနှင့်။
ကားလမ်းဖြတ်ရင်းဖုံးပွတ်နေလို့ ကားတိုက်သေသောမသာကား နှစ်ခါပြန်သေသင့်သော
မသာဖြစ်လေသည်။
ကျွန်တော်ကတော့ လမ်းဖြတ်ကူးရာတွင် သားကို ဟောသလို သင်ပေးပါသည်။
မီးပွိုင့်မှာရပ်ရင် ဘယ်တော့မှ လမ်းဘေးကပ်မရပ်နဲ့ကွ။ လမ်းနဲ့ခွာရပ်။
မတော် အရှိန်နဲ့မောင်းလာတဲ့ကားက ပွတ်ဆွဲသွားရင် ဘယ့်နှယ်လုပ်မလဲ။
ဟော၊ လူကူးမီး သေသေချာချာ စိမ်းနေပြီဆိုမှကူး။ ဘာမှ အလျင်လိုစရာမရှိဘူး။
မီးနီခါနီးမှ အတင်း ပြေးမကူးနဲ့။ တစ်မိနစ်လောက်နောက်ကျမှာစိုးလို့အတင်းဖြတ်ရင် တစ်လလောက်
ဆေးရုံပေါ်မှာ အိပ်နေရတတ်တယ်။ အခန့် မသင့်ရင် သေတောင် သေနိုင်တယ်။
လမ်းဖြတ်ကူးတဲ့အခါ လက်ကိုင်ဖုံး၊ အိုင်ပက် စတာတွေ ဘာမှမကြည့်နဲ့။
လမ်းကို ဘေးဘယ်ညာ သေသေချာချာ ကြည့်ကူး။ ဘယ်ကကား ဘယ်အချိန်ကွေ့လာမယ်ဆိုတာ ဘယ်သူမှသိတာမဟုတ်ဘူး။
နောက်ပြီး မသန်မစွမ်းတဲ့သူတွေ၊ ကလေးတွန်းလှည်းနဲ့ အသက်ကြီးတဲ့သူတွေကို
ဦးစားပေးရတယ်။ တကိုယ်ကောင်း မဆန်ရဘူး။
နောက်ပြီး ရထားတံခါးပိတ်တော့မည်ဆိုမှ အတင်းပြေးဝင်သူတွေရှိသေးသည်။
တံခါးကြားညပ်လျှင် သို့မဟုတ် အပေါက်ထဲ ကျွံကျလျှင် မိမိအတွက်နှင့် ရထားပေါင်းများစွာ
လမ်းပိတ်သွားမည်။ လူထောင်ပေါင်းများစွာ ဒုက္ခများမည်ကို ထည့်မတွက်။ အလွန်တစ်ကိုယ်ကောင်းဆန်သူများဖြစ်လေသည်။
ရထားစီးတိုင်း တံခါးပိတ်ခါနီးမှ အတင်းပြေးမ၀င်ဘို့ ကျွန်တော် သားကို အမြဲသတိပေးသည်။
နောက်ပြီး ပျော်တာပျော်ပါ။ သေအောင်တော့မပျော်ပါနှင့်ဟု ပြောပြစေ။
ကျွန်တော် ၉ တန်းကျောင်းသားဘ၀လောက်က လေးမျက်နှာတွင် မြစ်ကမ်းစပ်၌ ကျောင်းသားတစ်ယောက်
ကျွမ်းထိုး၍ ဇက်ကျိုးသေခဲ့ဖူးပါသည်။ သူ့နာမည် သန်းဌေးအောင် ထင်ပါသည်။ သိပ်မမှတ်မိတော့ပါ။
နောက်ပြီး မရှိတာထက်၊ မသိတာခက်တာတွေ ရှိသေးသည်။ မသိမှုကြောင့်
သေကြရသည်။ အောက်ပါပုံများကိုကြည့်ပါ။
ပထမနှစ်ပုံမှာ ကိုထွန်းဝင်း ပို့ပေးတာ ဖြစ်ပါသည်။ နောက်ပုံများမှာအင်တာနက်မှယူသုံးထားတာဖြစ်၍
မူလဓာတ်ပုံပိုင်ရှင်များ ခွင့်လွှတ်တော်မူကြပါ။
ပုံ - ၁ တွင် ဘုန်းကြီးတစ်ပါးနှင့်လူတစ်ယောက် Excavator ပေါ်တက်ကာ
ပိုက်ဆံကြဲနေသည် ထင်ပါသည်။ စက်ဟူသည် အချိန်မရွေးချို့ယွင်းနိုင်သည်။ မည်သည့်စက်ကိုမှ
စိတ်မချပါနှင့်။ အကယ်၍ ထို Excavator ဟိုက်ဒြောလစ်ပိုက် ပေါက်ပါက ဘယ်သို့ဖြစ်မည်နည်း။
ပြီးခဲ့သည့် နှစ်လခန့်က ကျွန်တော်တို့ site မှ boom lift ဟိုက်ဒြောလစ်ပိုက် ပေါက်ခဲ့ဖူးသည်။
ပုံ - ၂ မှာလည်း Excavator ပေါ်ပျော်ပျော်ကြီး တက်စီးလာပုံဖြစ်သည်။
တစ်ခုခုဖြစ်လို့ ပြုတ်ကျသေလျှင် သေချင်းဆိုး ဖြစ်မည်။
ပုံ - ၃ မှာ အဲယားကွန်းဆင်ရင်း အမြင့်မှ ပြုတ်ကျသေသည့်ပုံ
ဖြစ်သည်။ အမြင့်မှပြုတ်ကျလျှင် သေဘို့များသည်။ ထို့ကြောင့် အမြင့်တွင်အလုပ်လုပ်သည့်အခါတိုင်း
ပြုတ်မကျရန် အကာအကွယ် အတားအဆီးများ ပြုလုပ်ပေးရမည်။ Work At Height Safet ကို ကိုအောင်ကိုးတို့
သင်တန်းကျောင်းတွင် ကျွန်တော်နှင့် ကိုနွယ်ဝင်း နှစ်ကြိမ်သင်ပေးခဲ့ဖူးပါသည်။ သင်တန်းတက်ခဲ့
သူများ ပြန်လည် ဝေမျှကြပါ။ မိမိတို့ လုပ်ငန်းခွင်တွင် Work At Height safety သင်တန်းလာဖွင့်ပေးစေလိုပါကလည်း
ကျွန်တော်တို့ကို ဆက်သွယ်ပါ။ email: aye475@gmail.com
ပုံ - ၄။ Safety ဆိုတာ play play လုပ်လို့ ရစကောင်းသော အရာမဟုတ်။
၆ ရက်လောက်သင်ပေးရုံနှင့် safety officer ဖြစ်မည်ဆိုတာကတော့ ကျွန်တော် ကိုယ့်ဂျိုင်းကိုယ်
ကလိထိုး ရီလိုက်ချင်သေးသည်။ ပိုက်ဆံရှာလိုလျှင် တခြားနည်းနှင့်ရှာပါ။ Safety ကို ခုတုံးလုပ်ပြီး
မရှာပါနှင့်ဟု ပြောလိုပါသည်။ (သင်တန်းကျောင်းနာမည်နှင့် ဖုံးနံပါတ်များ ဖြုတ်ထားခဲ့ပါသည်။)
မသကာ Safety Supervisor ဆိုတော်သေးသည်။ Safety Officer ဆိုတာကတော့ တဆိတ် မလွန်ပေဘူးလားခင်ဗျာ။
Safety ဆိုတာ လုပ်သားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်း၊ အသက်တို့နှင့် တိုက်ရိုက်ပတ်သက်နေသည်။
ပေါ့လေးတဆ မလုပ်ပါနှင့်။
(ကိုဟ၀ှာတို့က ရေးစမ်းပါမြှောက်ပေးလို့ ရေးရတာပါခင်ဗျ။ ဆဲချင်ရင်
သူတို့သာသွားဆဲတော့။)
နိဂုံးချုပ်ရလျှင် -
သေချင်းဆိုးများမဖြစ်စေရန် -
၁။ အရာရာကို သတိဝီရိယထား လုပ်ပါ။
၂။ အလုပ်လုပ်ဘို့အတွက်သာမဟုတ်။ safety ဆိုတာ နေရာတကာ အရေးကြီးသဖြင့်
Safety နှင့်ပတ်သက်သော ဗဟုသုတ များ ရှာဖွေစုဆောင်းလေ့လာ မှတ်သားပါ။ ကျွန်တော့်ဆီမှာ
safety နှင့်ပတ်သက်သော စာအုပ်တွေ ထောင်နှင့်ချီရှိသည်။ လိုချင်သပဆို ဆက်သွယ်လိုက်ပါ။
ကျွန်တော်က ခွင့်အကန့်အသတ်နှင့်ဆိုတော့ မကြာခဏ စွပ်ကယ်စွပ်ကယ် မြန်မာပြည် ပြန်လာပြီး
သင်တန်းတွေပေးဘို့ဆိုတာ မလွယ်ပါ။ ရန်ကုန်မှာလည်း သင်တန်းကျောင်းတွေရှိပါသည်။ စိတ်ချရသော
သင်တန်းကျောင်းများ (ရိုက်စားမဟုတ်သော သင်တန်းကျောင်းများ) တွင် တက်ကာ လေ့လာသင်ယူနိုင်ပါသည်။
၃။ ကိုယ်သိထားသည်များကို ကိုယ်တစ်ယောက်ထဲ မောင်ပိုင်စီးမထားပါနှင့်။
အခြားသူများကို ပြန်လည်မျှဝေပါ။ အထူးသဖြင့် ကိုယ့်သားသမီး၊ တူတူမ၊ နီးစပ်သူများကို
safe ဖြစ်အောင် ဘယ်လိုနေရထိုင်ရမလဲ သင်ကြားပေးပါ။
သေချင်းဆိုးများမဖြစ်ကြစေရန် စေတနာထား ရေးသားလိုက်ရခြင်း
ဖြစ်ပါကြောင်း
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁ မေ၊ ၂၀၁၇
No comments:
Post a Comment