Wednesday, May 31, 2017

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ (၂)

(၃) စင်ကာပူအစိုးရနှင့်စနစ်များအကြောင်း မိတ်ဆက် - ဒေါက်တာသိန်းသန်းဝင်း

ကျွန်တော်က ၂၀၀၃ ခုနှစ်မှာ ဆေးတက္ကသိုလ် (၂) ကနေ ဆရာဝန်ဘွဲ့ရခဲ့ပါတယ်။ ၂၀၀၄ မှာ AZG (Doctors without Border) လို့ခေါ်တဲ့ International NGO တစ်ခုမှာ ဆရာဝန်အနေနဲ့ သုံးနှစ်လောက် အလုပ်လုပ်ခဲ့ပါတယ်။ ရခိုင်က ဘူးသီးတောင်၊ မောင်းတော ဒေသအတော်များများကို ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်ပြန်လာပြီး HIV ကုတဲ့ ဆေးခန်းမှာ တစ်နှစ်လောက်လုပ်ခဲ့ပါတယ်။

အဲဒီနောက် National University of Singapore တက္ကသိုလ်အောက်က Lee Kuan Yew School of Public Policy မှာ Master in Public Administration တက်ခဲ့ပါတယ်။ ဘွဲ့ရပြီးနောက် အစိုးရ statutory board တစ်ခုမှာ ၂ နှစ်လုပ်ခဲ့ပါတယ်။ နောက်ထပ် ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့အဖွဲ့တစ်ခုမှာ Technical and Health education အနေနဲ့ ၄ နှစ် လုပ်ခဲ့ပါတယ်။ မနှစ်က ရန်ကုန်ကိုပြန်ပြီး UN အဖွဲ့တစ်ခုမှာ National consultant အနေနဲ့လုပ်ခဲ့ပါတယ်။ အခု လောလော ဆယ် prison health ဆိုတဲ့ပရောဂျက်ကို တာဝန်ယူလုပ်နေပါတယ်။

အခုလိုပြောခွင့်ရတဲ့အတွက် ကျွန်တော် အတော်လေး ၀မ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့က ဒီ မန်းစည်ပင်အဖွဲ့ဝင် တွေနဲ့ ထမင်းအတူစားရင်း သူတို့လုပ်ကိုင်နေတာတွေ သိခွင့်ရပါတယ်။ သူတို့က ကိုယ့်မြို့ကိုယ် ကောင်းအောင်လုပ်ချင်စိတ် တွေရှိမှန်းသိတော့ သူတို့ကို ပြောကြားခွင့်ရတဲ့အတွက် အထူးကို ၀မ်းသာမိတာပါ။

ကျွန်တော်ပြောမှာကတော့ စင်ကာပူအစိုးရရဲ့ စနစ်တွေအကြောင်းပါ။ မန်းစည်ပင်ကို ကျွန်တော်က ဘာဖြစ်လို့ စင်ကာပူနိုင်ငံရဲ့ အစိုးရစနစ်အကြောင်း ပြောမှာလဲ။ အကြောင်း (၂) ချက်ရှိပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ decentralization process လုပ်နေတယ်။ ပါဝါကို အစိုးရကနေ ပြည်နယ်တိုင်း ဒေသကြီးတွေကို ခွဲပေးတော့မှာ။ ဆိုတော့ မန္တလေးတိုင်းဒေသကြီးကလည်းပဲ မကြာခင်ကာလမှာ ကိုယ့်တိုင်း၊ ကိုယ့်ဒေသကို ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ သိထားသင့် သိထားထိုက်တာတွေ သိထားဘို့ လိုပါတယ်။ ကျွန်တော်တို့ပြောနေကြတဲ့ ပြောင်းလဲတယ်ဆိုတာကို ပြောပြပါမယ်။ အပြောင်းအလဲအကြောင်း ပြောတဲ့နေရာမှာ အစိုးရစနစ်တွေချည်း ပြောင်းလို့မရပါဘူး။

ဆိုရိုးတစ်ခုရှိပါတယ်။ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတာ mid level ဗျူရိုကရက်တွေပါ တဲ့။ အဲဒီဗျူရိုကရက်တွေနဲ့ ဗျူရိုကရေစီယန္တယားကြီးကို မပြောင်းလဲဘဲ ကျွန်တော်တို့လိုချင်တဲ့ အပြောင်းအလဲကိုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အစိုးရစနစ် ကို မောင်းနှင်နေတဲ့ ဗျူရိုကရေစီယန္တယားကြီးကို ပြောင်းလဲဘို့ လိုပါတယ်။

ကိုယ့်ဒေသကိုကိုယ် အုပ်ချုပ်ခွင့်ရလာတဲ့အချိန်မှာ ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ အခြေခံအချက်တွေ၊ ကောင်းတဲ့အချက် တွေကို အဓိကဦးစားပေး ပြောပါမယ်။

မန္တလေးတိုင်းဒေသကြီးနဲ့ စင်ကာပူနဲ့ ဘာတူသလဲဆိုရင် လူဦးရေ (၆ သန်း) မနီးယိုးစွဲတူပါတယ်။ စင်ကာပူဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကမ္ဘာ့ညွှန်းကိန်း တော်တော်များများမှာ ထိပ်ဆုံးမှာရှိပါတယ်။ အစိုးရယန္တယားစနစ်ကလည်း မြန်ဆန် တယ်၊ သွက်လက်တယ်၊ ထိရောက်တယ်။

စင်ကာပူအစိုးရလို့ဆိုတဲ့အခါ ၀န်ကြီးဌာနတွေရှိပါတယ်။ ၀န်ကြီးဌာန (၁၆) ခုနဲ့ Stat board (Statutory Board) လို့ ခေါ်တဲ့ အဖွဲ့တွေနဲ့ အစိုးရအေဂျင်စီ (၆၄) ခုရှိတယ်။ စင်ကာပူအစိုးရယန္တယားကြီးတစ်ခုလုံးကို ဒီ ၀န်ကြီးဌာန ၁၆ ခုနဲ့ stat board ၆၄ ခုကနေ စီမံကြီးကြပ်ပြီး မောင်းနှင်နေပါတယ်။

ကျွန်တော်ပြောချင်တာက အစိုးရရဲ့ ယန္တယားကို ဘယ်လိုသွက်လက်မြန်ဆန်အောင် လုပ်မလဲဆိုတာပါ။
အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရဌာနတွေကို ကြီးကြပ်ရတဲ့သူတွေ (ဥပမာ - မန်းစည်ပင်) ပဲဖြစ်ဖြစ် အစိုးရဌာနတွေနဲ့ဆက်ဆံပြီးလုပ်ရတဲ့အခါ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ နှေးကွေးတယ်၊ လေးလံတယ်၊ မထိရောက်ဘူး။ ပြဿနာပေါင်းစုံနဲ့တွေ့ရတယ်။

မြန်မာပြည်မှာက ၀န်ကြီးဌာနတွေနဲ့ သူ့လက်အောက်က ဦးစီးဌာန စသဖြင့် ဒါတွေပဲရှိတယ်။
စင်ကာပူမှာကျတော့ ၀န်ကြီးဌာနတွေအပြင် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာရှိတဲ့ Statutory board တွေရှိတယ်။
ဒီမှာ ကျွန်တော်က ကျန်းမာရေးဌာနက လုပ်ကိုင်နေပုံတွေကို နမူနာထားပြောပါမယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဘာလုပ်သလဲဆိုတော့ Healthcare system တစ်ခုလုံးကို ဒီဇိုင်းဆွဲတယ်။ နောက်ပြီး National Health Service Planning လုပ်တယ်။ စင်ကာပူလူထုမှာ ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုနေသလဲ၊ ဒီကျန်းမာရေး စောင့်ရှောက်မှုကို ဘယ်လိုပေးမလဲ၊ ဒီနှစ်မှာဒါတွေ ဒီလောက်လိုတယ်။ နောက်နှစ်မှာ ဘာတွေလိုမလဲ၊ နောက် (၅) နှစ်မှာ ဘာတွေလိုမလဲ စသဖြင့်ပေါ့။

တိုးတက်တဲ့နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ပြဿနာတွေအတိုင်း စင်ကာပူမှာလည်း ပြဿနာတစ်ခုရှိတယ်။ အဲဒါက aging population ဆိုတဲ့ အသက်ကြီးတဲ့သူတွေ များလာတာ။ ကျန်းမာရေးစောင့်ရှောက်မှုကောင်းတယ်။ သဘာဝပတ်ဝန်းကျင် ကလည်း သန့်ရှင်းတယ်။ နေလို့ထိုင်လို့အဆင်ပြေတယ် ဆိုတော့ တော်တော်နဲ့ မသေကြဘူး။

အသက်ကြီးတဲ့သူတွေများလာတော့ သွေးတိုး၊ ဆီးချို၊ လေဖြတ်တာစသဖြင့် အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေလည်း များလာတယ်။
ဆိုတော့ သူတို့က လူတွေရဲ့သက်တမ်းကိုလိုက်ပြီး နောက် (၅) နှစ်မှာ ဆီးချိုရောဂါသည်က ဘယ်လောက်၊ သွေးတိုးရောဂါ သည်က ဘယ်လောက်၊ လေဖြတ်တဲ့လူနာက ဘယ်လောက်ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းရတယ်။ ခန့်မှန်းတယ်ဆိုတာ စာရင်းဇယားအတိအကျကောက်ယူပြီး ခန့်မှန်းတာ။ နောက်ပြီးတော့ အဲသလိုတိုးလာမဲ့ လူနာတွေအတွက် ဆရာဝန်က ဘယ်လောက်၊ သူနာပြုဘယ်လောက်၊ ဆေးကုသတဲ့ကိရိယာက ဘယ်လောက် စသဖြင့်လိုမဲ့ဟာတွေကို စီမံကိန်းချရတယ်။ ဆရာဝန်ဘယ်လောက် မွေးထုတ်ရမယ်။ သူနာပြုဘယ်လောက် မွေးထုတ်ရမယ်၊ တကယ်လို့မလောက်ရင် နိုင်ငံခြားက ဘယ်လောက်ခေါ်မယ် စသဖြင့် ကြိုတင်ပြီးတော့ ခန့်မှန်း တွက်ချက်တယ်။ ဒါက ပြင်ဆင်တဲ့အပိုင်းပေါ့။

နောက်တစ်ခုက ပိုက်ဆံပေးတဲ့ healthcare financing system ကိစ္စ။ မြန်မာပြည်မှာတော့ ဆေးရုံကိုသွားရင် ဆရာဝန်၊ သူနာပြုနဲ့ဆေးတွေကအစ တော်တော်များများ အခမဲ့ရတယ်။ ပိုက်ဆံမပေးရဘူး။ ဒါကို လူတွေကြိုက်မယ်။ ဒါပေမဲ့ အဲသလို အခမဲ့ကုပေးမယ်ဆို ဘယ်လောက်ကောင်းအောင် ကုပေးနိုင်မလဲ။ အခမဲ့ကုသရေးစနစ်ဟာ ကြာကြာမရပ်တည်နိုင်ပါဘူး။ အစိုးရကချည်း တောက်လျှောက်အကုန်အကျခံနေရမှာကိုး။

စင်ကာပူမှာ လူတွေဟာ ကိုယ်ရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို Medisave, medicare စသဖြင့် ကျန်းမာရေးအတွက် စုထားရပါတယ်။ စုတဲ့နေရာမှာ ကာယကံရှင်ကိုယ်တိုင်က ထည့်ဝင်ရသလို အလုပ်ရှင်ကလည်း ထည့်ဝင်ပေးရပါတယ်။ မထည့်ချင်လို့ကို မရပါဘူး။ လခထုတ်ကတည်းက တစ်ခါတည်း ဖြတ်ယူထားလိုက်တာပါ။ PR တို့၊ စင်ကာပူနိုင်ငံသားတို့ အတွက် ထည့်ပေးရတယ်။ နိုင်ငံခြားသားတွေအတွက်တော့ မပါပါဘူး။ တကယ်လို့ ဆေးရုံ၊ ဆေးခန်းသွားရတယ်ဆိုရင် အဲဒီ စုငွေထဲက တစ်စိတ်တစ်ပိုင်း ယူသုံးလို့ရပါတယ်။

နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းပါ။ အာမခံဝယ်ထားတာ ဘာကောင်းသလဲဆိုတော့ တကယ်လို့ ဆေးရုံတက်ရတဲ့အခါ ကျသင့်ငွေကို အာမခံကုမ္ပဏီက ပေးပါတယ်။ ကိုယ်က ၅ ရာနှုန်း၊ ၁၀ ရာနှုန်း စသဖြင့်လောက်ပဲ ပေးဘို့ လိုတော့တယ်။ ဆိုတော့ ပိုက်ဆံအများကြီးသက်သာတာပေါ့။

ဒါက တကယ်ဖြစ်သင့်တဲ့ ကမ္ဘာအရပ်ရပ်မှာလည်း ကျင့်သုံးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ပါ။ မြန်မာပြည်မှာ ကျတော့ အားလုံးက ဆေးရုံသွားတဲ့အခါ အခမဲ့လိုချင်ကြတယ်။ အစိုးရကပဲ အားလုံး အကုန်အကျခံစေချင်တယ်။ ဒါပေမဲ့ အခွန်ပေးဘို့ ကျ လက်ရှောင်ချင်ကြတယ်။

ကျန်းမာရေးကုန်ကျစရိတ်အတွက် အာမခံက ဘယ်လောက်ပေးရမယ်။ စုငွေထဲက ဘယ်လောက်ပေးမယ်။ လခ ဘယ်လောက်ပဲရတဲ့သူ (ဆင်းရဲသား) တွေကို အစိုးရက ဘယ်လောက်စိုက်ပေးမယ် (subsidy)  စတာတွေကို ကျန်းမာရေး ၀န်ကြီးဌာနက ဆုံးဖြတ်ပါတယ်။

နောက်တစ်ခုက Regulations ပါ။ Regulations က ဘာလုပ်ပေးသလဲဆိုတော့ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်စတဲ့သူတွေဟာ သတ်မှတ် ထားတဲ့ ကျင့်ဝတ်၊ ဥပဒေတွေကို တိတိကျကျလိုက်နာရဲ့လား ဆိုတာကို ထိန်းကျောင်းပေးပါတယ်။။ ဥပမာ ဆိုကြပါစို့။ အကြောင်းပြချက်မခိုင်လုံဘဲ ကိုယ်ဝန် ဖျက်ချပေးသလား။ ထိုက်သင့်တဲ့အခကြေးငွေထက် ပိုယူသလား စသဖြင့်ပေါ့။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နောက်လုပ်တာတစ်ခုက Benchmark ထားပြီး သူတို့စံနှုန်းကို ထိန်းထားတာပါ။ ဥပမာ သြစတေးလျားက ဘာတွေ လုပ်ပေးနိုင်တယ်။ ငါတို့က ဘာတွေလုပ်ပေးနိုင်သလဲ စသဖြင့်ပေါ့။ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးကို ထိန်းထားဘို့ပါ။

ဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လုပ်တာကတော့ အဲသလောက်ပါဘဲ။ ဘယ်လိုဆေးကုသလဲဆိုတော့ ဒီမှာ အစိုးရ တစ်ပိုင်း၊ ပုဂ္ဂလိကတစ်ပိုင်းအဖွဲ့တွေ ဥပမာ - SGH (Singapore General Hospital), NUH (National University Hospital) စတာတွေ ရှိပါတယ်။ အဲဒီဆေးရုံတွေက ဆေးကုပေးတယ်။ ဒါပေမဲ့ မြန်မာပြည်က ကျန်းမာရေးဝန်ကြီးဌာနလို ကုတင် ၁၀၀ ဆန့်၊ ၂၀၀ ဆန့် ဆေးရုံတွေ ဖွင့်တယ်ဆိုတဲ့အသေးစိတ်တွေ လျှောက်မလုပ်ပါဘူး။

ပြန်ချုပ်ရရင် စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (MOH - Ministry of Health) က ကျန်းမာရေးမူဝါဒချမှတ်တာ (Policy and Issues), အသုံးစရိတ် နဲ့ ဘဏ္ဍာရေး (Costs and Financing), နောက် ကျန်းမာရေးပညာပေး (Diseases and Conditions) စတာတွေ လုပ်ပါတယ်။

ကျွန်တော်ဆိုလိုချင်တာက MOH က အကုန်လုံးအသေးစိတ်ဝင်ပြီး ဆေးကုတာ၊ စသဖြင့် လူတွေနဲ့ထိတွေ့ပြီး ၀န်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေ မလုပ်ပါဘူး။ အရေးကြီးတဲ့ မူဝါနဲ့ ဘဏ္ဍာရေးကိစ္စတွေကိုပဲ အသေးစိတ်ကိုင်တွယ်ပါတယ်။

ဒီနေ့မနက်ပဲ ကျွန်တော် သတင်းတစ်ခုဖတ်လိုက်ရပါတယ်။ ဆေးရုံတွေကျောင်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ တာဝန်ယူ ဆောက်တော့မယ်တဲ့။ ကျွန်တော် အတော်လေး စိတ်ပျက်သွားမိပါတယ်။ စင်ကာပူမှာလုပ်နေတဲ့သူတွေကတော့ သိပါတယ်။ စင်ကာပူမှာက အစိုးရက အပြင်က ကန်ထရိုက်တာတွေကိုခေါ်ပြီးလုပ်ခိုင်းတာပါ။ အစိုးရလုပ်တာက သူတို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း တိတိကျကျတကယ်လုပ်ရဲ့လားဆိုတာကိုပဲ စောင့်ကြည့်စစ်ဆေးတာပါ။

တကယ်ဆို အဲဒီစနစ်က ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ပြိုင်မှုရှိမှ အကောင်းဆုံးဈေး၊ အကောင်းဆုံး အရည်အသွေးကို ရမယ်ပေါ့။ တကယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ သူတို့တင်တဲ့ဈေးနဲ့ သူတို့ဘာသာ ဆောက်မယ်ဆိုရင် ပြိုင်ဘက်လည်း မရှိဘူး။ အရည်အသွေး (Quality assurance) ကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။

ကျွန်တော်ကတော့ မြန်မာပြည်က ၀န်ကြီးဌာနတွေအနေနဲ့ အစအဆုံး အကုန်လုံးလိုက်လုပ်နေတာမျိုး မဖြစ်စေချင်ပါဘူး။ စည်ပင်သာယာရေးကော်မတီအနေနဲ့ဆိုရင်လည်း အမှိုက်သိမ်းတာ၊ ရေးဆိုးမြောင်းရှင်းတာစတဲ့ အသေးအဖွဲတွေကို လိုက်လုပ် မနေရပါဘူး။ အပြင်ကလူတွေကိုခိုင်းပြီး ကိုယ်ကလိုချင်တာရအောင် ကြီးကြပ်ရုံပါဘဲ။ အဲဒါက ပိုပြီးထိရောက်ပါတယ်။ နိုင်ငံတကာမှာလည်း အဲသလိုပဲ ကျင့်သုံးကြပါတယ်။

ဝန်ကြီးဌာနပြီးတော့ Stat Board (Statutory Board) တွေအကြောင်း ပြောချင်ပါတယ်။ Stat board ဆိုတာလည်း ၀န်ကြီးဌာနရဲ့ အစိတ်အပိုင်းပါ။ သူတို့မှာ သူတို့ဘာသာသူတို့ အုပ်ချုပ်ခွင့်အာဏာရှိတယ်။ ကိုယ်ပိုင်ငွေကြေးရှိတယ်။ ကိုယ့် လုပ်ငန်းဆောင်တာတွေကို ကိုယ့်ဘာသာလုပ်လို့ရတယ်။ သူတို့ကိုကြီးကြပ်တာကတော့ အစိုးရ၀န်ကြီးတစ်ယောက်က ကြီးကြပ်ပါတယ်။ ၀န်ကြီးနဲ့ အမြဲအဆက်အသွယ်ရှိတယ်။ ဒါပေမဲ့ ၀န်ကြီးက ဒီဘုတ်အဖွဲ့ရဲ့လုပ်ငန်းဆောင်တာတွေကို နေ့စဉ်နဲ့ အမျှ ကြီးကြပ်နေတာမျိုး မရှိပါဘူး။

မြန်မာပြည်မှာကျတော့ အကုန်လုံး ၀န်ကြီးဆီပဲ သွားတယ်။ ၀န်ကြီးကပဲဆုံးဖြတ်တယ်။ နောက်ပြီးမှ အောက်ကိုပြန်ဆင်းလာ တယ် ဆိုတော့ ကြာသွားတာပေါ့။ ဒီစားပွဲကနေ ဟိုစားပွဲပြောင်း။ ဟိုစားပွဲကနေ ဟိုစားပွဲပြောင်း။ အဆင့်ဆင့်ဆိုတော့ လုပ်ငန်း တွေ အရမ်းကြာတယ်။ မထိရောက်ဘူး။ ဒါဟာ ဗျူရိုကရေစီစနစ်။

Stat board မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ လူထုလူတန်းစားအဖွဲ့နဲ့ အစိုးရ၀န်ထမ်းဟောင်းတွေ၊ ပညာရှင်တွေ၊ တက္ကသိုလ်က ပါမောက္ခတွေ၊ အဖွဲ့အစည်းတွေရဲ့ ဥက္ကဌ၊ အလုပ်သမားရေးရာအဖွဲ့တွေစသဖြင့် ပါတယ်။ ဥက္ကဌကိုတော့ ၀န်ကြီးကပဲ ရွေးခန့် တယ်။ ဒါပေမဲ့ ဥက္ကဌက သူ့ဘာသာသူ စီမံတယ်၊ ကြီးကြပ်တယ်။

ဒီဘုတ်အဖွဲ့မှာလုပ်နေတဲ့သူတွေက Public Service Committee က ခန့်တဲ့သူတွေမဟုတ်ဘူး။ များသောအားဖြင့် သူတို့က အစိုးရဆီက ပိုက်ဆံမရဘူး။ ကိုယ့်ဘာသာ ပိုက်ဆံရှာရတယ်လို့ ပြောတယ်။ ဒီအဖွဲ့တွေက သူ့ဥပဒေနဲ့သူရှိတယ်။ ပါလီမန်က တရားဝင်ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့တွေပါ။

အခု ကျွန်တော်ပြောချင်တာက အဲဒီ Stat board တစ်ခုဖြစ်တဲ့ ကျန်းမာရေး မြှင့်တင် စောင့်ရှောက်မှုအဖွဲ့ (HPB - Health Promotion Board) အကြောင်းပါ။ သူတို့အဓိကလုပ်တာက လူတွေကျန်းကျန်းမာမာဖြစ်အောင်၊ အသက်ရှည်အောင် ဘယ်လို နေထိုင် လုပ်ကိုင်စားသောက်ကြမလဲလို့ အသိပညာပေးတဲ့အလုပ်ကို လုပ်ပါတယ်။ ဆေးကုတဲ့အလုပ်ကို မလုပ်ပါဘူး။ ကျောင်းတွေ၊ လုပ်ငန်းခွင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။

ဒီမှာလည်းပဲ အဲဒီ HPB က ကျောင်းတွေကို တိုက်ရိုက်သွားပြီး ပညာပေးဟောပြောတာတွေ မလုပ်ပါဘူး။ သူက Community partner နဲ့ ကုမ္ပဏီတွေကို ပိုက်ဆံပေးပြီးခိုင်းပါတယ်။ ဥပမာဆိုကြပါစို့။ ဒီနှစ် ငါတို့ ကော်လာပြာအလုပ်သမား တစ်သောင်းကို တီဘီရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးပွဲတွေလုပ်ချင်တယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ လို့ ကုမ္ပဏီတွေကို ခေါ်လိုက် တယ်။ သူတို့က ဘာတွေပြောရမယ်။ ဘာတွေလုပ်ပေးရမယ်ဆိုတာ သတ်မှတ်ပေးလိုက်တယ်။ နောက်ပြီး ဒီလိုလုပ်တာ တကယ် ထိရောက်မရောက် ပြန်ပြီး ဆန်းစစ်တာ၊ စစ်တမ်းကောက်တာ (evaluation) လုပ်တာတွေ လုပ်ခိုင်းတယ်။

HPB က ကျန်းမာရေးပညာပေးတွေလုပ်တဲ့အခါမှာလည်း ကိုယ်စိတ်ထင်တာတွေကို ရမ်းလုပ်တာမဟုတ်ပါဘူး။ အချက်အလက်တွေ၊ စစ်တမ်းတွေကို သေသေချာချာလေ့လာပြီး လုပ်ပါတယ်။ ဥပမာဆိုကြပါစို့။ HIV အတွက် ပညာပေးမယ် ဆိုရင် အရင်နှစ်ကထက် ဒီနှစ် HIV ပိုများလာတယ်။ ဒါဖြင့် ဘာကြောင့် ပိုများလာသလဲ ဆန်းစစ်တယ်။ လိင်ဆက်ဆံရာမှာ အသိပညာမရှိတဲ့အတွက် အကာအကွယ်မသုံးကြဘူး။ အဲဒါကြောင့် အကာအကွယ်သုံးဘို့လို့ ပညာပေးရမယ် စသဖြင့် လုပ်တာ။ ရမ်းမလုပ်ဘဲ ပြဿနာရဲ့အကြောင်းရင်းခံကို သိအောင် သုတေသနလုပ်ပြီး ဒါကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ သက်သေ အထောက်အထားနဲ့ လုပ်တာပါ။

ကျောင်းတွေမှာ သွားကျန်းမာရေးနဲ့ပတ်သက်တာတွေ လုပ်တယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းတွေ လုပ်ပေးတယ်။ အရောင်းစင်တာတွေမှာ စက်လှေခါးမသုံးဘဲနဲ့ ရိုးရိုးလှေခါးကတက်တာ ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာ လူတွေ လုပ်ချင်လာအောင် လှေခါးထစ်တွေ ပြင်ပေးတယ်။ ပညာပေးစာတွေ ကပ်ပေးတယ် ပေါ့။

အခု Stat board နဲ့ ၀န်ကြီးဌာန ဘယ်လိုတွဲလုပ်သလဲဆိုတာ ရှင်းပြပါမယ်။ ဥပမာ -
ဝန်ကြီးဌာနက HIV ဘယ်လိုကူးတယ်ဆိုတာ လူတွေဘယ်လောက်သိသလဲလို့ စစ်တမ်းကောက်တယ်။ လူ ၆၀ လောက်ကပဲ သိတယ်ဆိုရင် ၀န်ကြီးဌာနက ဒါကို မကြိုက်ဘူး၊ ဘယ်နှစ်ကျရင် HIV ကူးစက်ရောဂါအကြောင်းကို လူ ၈၀ လောက် သိအောင် လုပ်ချင်တယ်။ အဲဒီတော့ သူက Stat board ကို နောင် (၅) နှစ်ကြာတဲ့အခါ လူ ၁၀၀ မှာ ၈၀ လောက်က HIV ကူးစက်ရောဂါ အကြောင်း သိအောင်လုပ်ပါ ဆိုပြီး ခိုင်းလိုက်တယ်။ ရော့ တစ်နှစ်ကို ဒေါ်လာ ၂ သန်းနဲ့ ၅ နှစ်စာ ဆယ်သန်းယူ။

ဝန်ကြီးဌာနက ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားချက်ပေးတယ်။ ပိုက်ဆံပေးတယ်။ HPB က အဲဒါကို အကောင်အထည် ဖော်ရတယ်။ ဒါပေမဲ့ HPB ကလည်း သူကိုယ်တိုင် လုပ်တာမဟုတ်ဘူး။ ကျန်းမာရေးပညာပေးတဲ့အဖွဲ့တွေကို တင်ဒါခေါ်ပြီး လုပ်တယ်။ သူတို့လုပ်တာတွေကို HPB က ကြီးကြပ်တယ်။

နောက် stat board တစ်ခုက LTA (Land Transport Authority) ပါ။ သူ့မှာလည်း ဥပဒေရှိပါတယ်။ မီးရထားတို့၊ ဘတ်စကား တို့ မှန်မှန်ကန်ကန် အဆင်ပြေပြေ ပြေးဆွဲနိုင်အောင် ကြီးကြပ်ပါတယ်။ သူ့အောက်မှာ မီးရထားဌာန၊ လမ်းဌာန၊ အန္တရာယ်ကင်းရေးဌာနစတာတွေ ရှိပါတယ်။

သူတို့ကလည်း ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ပိုင်တဲ့ကုမ္ပဏီ၊ တစ်ဝက်လောက်ပိုင်တဲ့ကုမ္ပဏီ စတာတွေနဲ့ လုပ်ပါတယ်။ EZLink Card ကုမ္ပဏီကျတော့ ကား၊ ရထားစီးဘို့ ကဒ်တွေရောင်းတယ်။ ပြန်အမ်းစရာရှိရင် ငွေပြန်အမ်းတယ် စတာတွေလုပ်တယ်။ သူတို့က ဒီလိုလုပ်ရင်းကိုင်ရင်းနဲ့ အခက်အခဲပြဿနာတွေကနေ ပိုသိလာတယ်။ တတ်လာတယ်။  ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလာတဲ့အခါ ကုမ္ပဏီထောင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံပေးတယ်။ ရောင်းစားတယ်ပေါ့။

ပြန်ချုပ်ရရင် ၀န်ကြီးဌာနက National level policy guidance တွေလုပ်တယ်။ သူတို့လိုချင်တဲ့စံတစ်ခုရောက်အောင် လုပ်တယ်။ နောက်ပြီး ဆေးရုံ၊ ဆေးခန်းတွေ၊ ဆရာဝန်တွေကို လိုင်စင်ချပေးတယ်။ ဥပဒေချိုးဖောက်သူတွေကို အရေးယူတယ်။ နောက်ပြီး ဆေးရုံဆေးခန်းတွေမှာရှိရမဲ့ Quaity of service တွေ၊ စံတွေချပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ငွေကြေးအသုံးစရိတ်တွေ ကြီးကြပ်တယ်။

Stat board တွေကျတော့ သူ့အဖွဲ့အစည်းရဲ့ ပေါ်လစီချမှတ်တယ်။ စီမံကိန်းရေးတယ်။ အကောင်အထည်ဖော်တယ်။ စီးပွား ရေးအဖွဲ့တွေနဲ့တွဲပြီး အလုပ်လုပ်တယ်။ ၀န်ကြီးဌာနက ခိုင်းတာတွေလုပ်တယ်။ Stat board ရှိတာ ဘာကောင်းသလဲဆိုတော့ ဟို့အောက်ဆုံးကနေ ၀န်ကြီးထိ စားပွဲပေါင်းမြောက်များစွာကို ဖြတ်နေစရာမလိုတော့ဘူး။ Stat board မှာ သူဘာလုပ်ရမလဲ ဆိုတဲ့ သီးခြားလုပ်ငန်းတွေရှိတယ်။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သူ့ဘာသာလုပ်ခွင့်ရှိတယ်။ အဲသလို Autonomy ရှိတော့ လုပ်ငန်းကိုင်ငန်းတွေ အရမ်းမြန်တယ်။ ၀န်ကြီးထိသွားနေစရာမလိုတော့ဘူး။ ပိုထိရောက်တယ်။ မြန်တယ်။ နောက်တစ်ခုက ဒီဟာဆို ဘယ်ဌာနနဲ့ဆိုင်တယ် ဆိုပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို ခွဲထားလို့ရတယ်။

အဲဒါက ဗျူရိုကရေစီယန္တယားကြီးကိုလည်ပတ်တဲ့နေရာမှာ ပိုပြီး သွက်လက်မြန်ဆန်၊ ထိရောက်စေမဲ့ အကြောင်းတွေပါ။

မြန်မာပြည်မှာ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေ ပိုပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ချင်တယ်ဆိုရင် အခုလုပ်နေတဲ့ အစိုးရယန္တယားကြီးကို ပြောင်းပစ်ရမှာပါ။ ဘယ်လိုပြောင်းရမလဲဆိုတော့ စင်ကာပူ၊ အမေရိကား စတဲ့နိုင်ငံတွေမှာ ဘယ်လိုတွေလုပ်နေသလဲ လေ့လာရပါမယ်။

ဘီးကို သူများတီထွင်ပြီးသားရှိနေပြီ။ တစ်ခါထပ် တီထွင်စရာမလိုတော့ဘူး။ သူများတွေဘယ်လိုလုပ်ထားသလဲ ဆိုတာ ကိုယ်က လေ့လာဘို့ပါပဲ။ ကိုယ်က နောက်ဆုံးမှလိုက်လုပ်ရမှာဖြစ်တော့ အားသာချက်က သူများတွေဆီက အကောင်းဆုံး နည်းလမ်းတွေကို ရွေးချယ်ဘို့ အခွင့်အလမ်းတွေ ရှိနေတာပါ။ အဲဒီအခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး အပြောင်းအလဲကို အပြည့်အ၀ ဖော်ဆောင်ရမှာပါ။ ဖော်ဆောင်ကြပါလို့လည်း အလေးအနက်တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။


အခုလိုပြောခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

No comments: