(၈၂) စနေဓမ္မမိတ်ဆွေများ ကောင်းမှု
ကိုနွယ်ဝင်းထံတွင်နေရတာ
ဇိမ်ကျ၏။ အလုပ်သစ်၌ ရုံးချိန်က ၉ နာရီမှစတာဆိုတော့ အိပ်ရေးဝအောင်အိပ်ရသည်။ မနက် ၆ နာရီခွဲလောက်ဆိုလျှင်
ကိုဇော်မိုးပြန်လာ၏။ သူက ညဆိုင်းဆင်းရသဖြင့် အလုပ်သိမ်းကာ ပြန်လာခြင်းဖြစ်သည်။ ပြန်ရောက်လျှင်
ခင်ဝမ်း သီချင်းကို ခပ်တိုးတိုးဖွင့်သည်။ သည်တော့ ကျွန်တော်က ဆယ်လမွန်ငါးတို့အပြန် နှင့် အိပ်ယာထသည်။
ကိုနွယ်ဝင်းမှာ
သားဦးရစ။ ဆိုတော့ ညတိုင်း သူ့သားအကြောင်း မမောနိုင်၊ မပမ်းနိုင် ပြော၏။ တခါတလေ ည နာရီပြန်
၂ ချက် ထိုးသည်။ သူ့သားနာမည်မှာ လင်းသစ်ဝင်း ဖြစ်၏။ ဒီကောင်က သိပ်လက်ကြိုက်တာ အစ်ကိုရ၊ သူ့ကို ချီသိပ်မှအိပ်တယ်။ အောက်ချလိုက်တာနဲ့
ချက်ချင်းနိုးရော . . . စသဖြင့် ဖြစ်၏။ အိပ်ချင်လှသည့်တိုင် ကျွန်တော့်မှာ မနည်းမျက်လုံးဖျဲကာ
ဟုတ်လား၊ သြော်၊ အင်း - - နှင့် မနည်း မချိသွားဖြဲနားထောင်နေရသည်။
သူတို့နှင့်နေရတာ ဗမာရုပ်ရှင်ကား တစ်ဝကြည့်ရသည်။ သူတို့က ပင်နင်စူလာ မှ ဗီစီဒီများကို
ငှားလာကာ မပြတ်တမ်းကြည့်၏။ ဘယ်လိုမှ မအောက်မေ့ပါနှင့်။ အမှန်ဆိုရလျှင် ခေတ်ဟောင်းရုပ်ရှင်နှင့်
ကျော်ဟိန်းကား တစ်ချို့မှလွဲ၍ မြန်မာကားများကို ကျွန်တော် ကြည့်ခဲပါသည်။ အာခေါင်ခြစ်ပြီး
အော်ဟစ်ဆဲဆိုသံ၊ အတင်းခြစ်ခြုပ် ဟာသလုပ်ထားဟန်များ နှင့် အိုဗာအက်ရှင်များကို ကျွန်တော်
မနှစ်သက်တတ်ပါ။
တစ်ညနေတွင် ကနေဒါမှဆိုကာ ကျွန်တော့်ထံ ဖုံးဆက်လာပါသည်။
သူ့ကိုယ်သူ မိတ်ဆက်ပါသည်။ ဦးဝင်းအောင်ကျော် ဟူ၏။ အမှန်မှာ သူက ကိုနွယ်ဝင်းထံ အရင်ဖုံးဆက်ပြီးဖြစ်သည်။
ကိုနွယ်ဝင်းက ကျကျနနမပြောတတ်သဖြင့် ကျွန်တော့်ဖုံးနံပါတ် ပေးလိုက် သောကြောင့် ကျွန်တော့်ထံ
ဖုံးဆက်လာခြင်းဖြစ်၏။ သူက ကျွန်တော်တို့အကြောင်း မည်ကဲ့သို့သတင်းရသည်ဆိုသည်ကို အကျဉ်းရုံးပြောပြ
ပါသည်။
စနေဓမ္မမိတ်ဆွေများက
လစဉ်အလှူလုပ်သည်ဆိုတော့ သည်အကြောင်း ဆောင်းပါးရေးချင်ပါသည်ဟု စာရေးဆရာ မင်းလှမြတ်ထွေးက
မေတ္တာရပ်ခံလာပါသည်။ ကျွန်တော်တို့အဖွဲ့အကြောင်း သူသိသည်မှာ ကျွန်တော့်ငယ်ဆရာ ဦးထိန်ဝင်းမှ
တစ်ဆင့် ဖြစ်၏။ သည်တော့ ကျွန်တော်လည်း စနေဓမ္မမိတ်ဆွေများအဖွဲ့ ၏ ဆောင်ရွက်မှုမှတ်တမ်းများ
ဟု ရေးထားတာအဆင်သင့်ရှိသည်နှင့် အနည်းငယ် တည်းဖြတ်ကာ ပေးလိုက်ပါသည်။ သူက ဆောင်းပါးရေးကာ
ရောင်ပြန်မဂ္ဂဇင်းထဲတွင် နှစ်လဆက်တိုက်ထည့်သည်။ မဂ္ဂဇင်းထဲပါလာတော့ ကျွန်တော်တို့ ၀ယ်လည်းဖတ်၊
အမှတ်တရအဖြစ်လည်း သိမ်းထားကြ၏။
သို့သော်
ဆရာကြီးက ကျွန်တော်ရေးထားသည်များကို သူ့အာဘော်နှင့်သူ ပြန်လည်ရေးလေရာ အချက်အလက် တော်တော်
များများ မှားကုန်သဖြင့် ကျွန်တော့်မှာ ထုံးစံအတိုင်း ဒေါပွပါလေ၏။ သို့နှင့် မဂ္ဂဇင်းဆောင်းပါးကို
မိတ္တူကူး၊ ဒါတွေမှားနေတယ်၊ ဒါတွေ မမှန်ဘူး၊ ဒါတွေလွဲနေတယ် စသဖြင့် မှင်နီများတား၊ ဟိုက်လိုက်
လုပ်လျှက် မြန်မာပြည်သို့ပို့လိုက်ရာ စာရေးဆရာကြီးမှာ ပြာပြာသလဲ တောင်းပန်ရှာပါ၏။ နောက်မှ
ကျွန်တော့်မှာ အားတုံ့အားနာဖြစ်ရသည်။ ဆရာကြီးမှာ အသက်ကြီးလှပြီ။
အထက်တွင်ပြောခဲ့သည့်
ကျွန်တော့်ထံဖုံးဆက်လာသူ ဦးဝင်းအောင်ကျော်မှာ ထို ရောင်ပြန်မဂ္ဂဇင်းထဲတွင် ပါလာသည့်
ဆောင်းပါး ကို ဖတ်မိသဖြင့် ဆောင်းပါးထဲမှ ဖုံးနံပါတ်အတိုင်း ကျွန်တော်တို့ထံ ဆက်သွယ်လာခြင်း
ဖြစ်ပါသည်။ ဆောင်းပါးထဲတွင် ဖော်ပြထားသော ဖုံးနံပတ် ၅ ခုခန့်မှာလည်း ကိုနွယ်ဝင်းနံပါတ်မှလွဲ၍
အကုန်မှားနေသည်။ သို့အတွက် ကိုနွယ်ဝင်းနှင့် အဆက်အသွယ်ရခြင်းဖြစ်လေသည်။ သူဆက်သွယ်လာသည်မှာ
အကြံနှင့်ဖြစ်၏။
သူက ကနေဒါသို့
အလုပ်သမားခေါ်သည့် အေးဂျင့် လုပ်ချင်သည်။ ထိုခေတ်နိုင်ငံရေးအခြေအနေနှင့် မြန်မာပြည်မှ
ခေါ်ရတာ အဆင်မပြေ။ သည်တော့ စင်ကာပူတွင် အလုပ်လုပ်နေသူ မြန်မာအလုပ်သမားများကို ခေါ်ချင်သည်။
သည်တော့ စင်ကာပူဘက်မှ ယုံကြည် စိတ်ချရသူကို ရှာနေခိုက်ဖြစ်၏။ ကျွန်တော်တို့က ကိုယ်ကျိုးမဖက်၊
ပရဟိတလုပ်နေတာဆိုတော့ အင်း၊ ဒီကောင်လေးတွေကတော့ လူသူတော်ကောင်းလေးတွေ ထင်ပါရဲ့ ဟု တွက်ဆကာ
ဆက်သွယ်လာခြင်း ဖြစ်ပါလိမ့်မည်။
ကျွန်တော်က
ကျွန်တော်တို့အဖွဲ့အကြောင်း ရှင်းပြတော့ သူက အလှူငွေထည့်ပါသည်။ (ဤသည်မှာ အစပိုင်းလများတွင်
ဖြစ်ပါ၏။) ထို့နောက် လူခေါ်သည့်ကိစ္စ ဆက်လုပ်သည်။ လုပ်သည်ဆိုရာတွင်လည်း အခြားလူများနှင့်မဟုတ်။
ကျွန်တော်နှင့်ဖြစ်၏။ ကျွန်တော် အဘယ်မျှ နုံသနည်း၊ ချာတူးလန်သနည်းဟူမူ အခြားသူများ
အေးဂျင့်လုပ်ရာတွင် ပိုက်ဆံကို သပိတ်ဝင်အိတ်ဝင် သဲ့ယူသလို ရစေကာမူ ကျွန်တော့်မှာတော့
စင်ကာပူဒေါ်လာ ၄၀၀၀ ကျော် အိတ်ထဲမှ ထွက်သွားရချေသည်။ ဤသည်မှာ စနေဓမ္မမိတ်ဆွေများအဖွဲ့၏
ကောင်းမှုပင် မဟုတ်ပါလော။ ကျွန်ုပ်ကား လခစားအလုပ်နှင့်သာ သင့်တော်သူပါပေတည်း။
ဤအကြောင်းများကို
မိတ်ဆွေများ သင်ခန်းစာယူနိုင်ရန် ခရေစေ့တွင်းကျ ရေးပြပါမည်။ ယခုတော့ ကျွန်တော်ပို့လိုက်သူများမှာ
ကနေဒါတွင် ပီအာများဖြစ်လျှက် သားနှင့်မယားနှင့်၊ ကောင်းစားကုန်ပြီ။ သို့သော် ဖုံးလေးတစ်ချက်တစ်လေမျှပင်
ဆက်ဖော်မရပါ။ အတော် မ,စ စရာကောင်းသော လူမျိုးများ ဖြစ်ပါ၏။
စင်ကာပူ
ပြန်ရောက်ရောက်ချင်း Marinteknik သို့ သွားသည်။ ထုံးစံအတိုင်း လက်ဗွေနှိပ်၊ ကဒ်ထုတ်
စသဖြင့်လုပ်ရသည်ပေါ့။ S Pass ကဒ် လက်ထဲရောက်ပြီဆိုမှ
ဒယ်နီကို လှမ်းဖုံးဆက်သည်။ သူက မင်းမနက်ဖြန်
ဘယ်ကိုလာခဲ့ ဟု ဆို၏။ ခဏနေပါအုံး ဘော့စ်ရယ်၊
အခု၊ ငါ မင်းကုမ္ပဏီမှာ မဟုတ်တော့ဘူးကွဲ့၊ အဲဒါမင်းသိရအောင် လှမ်းပြောတာ ဆိုလေသော်
သူအကြီးအကျယ် ဒေါကန်ပါလေတော့၏။ ဟေ့၊ မင်းအဲဒီလိုလုပ်လို့ရမလား၊
ငါ့လက်မှတ်မပါဘဲ မင်းဘယ်လိုလုပ် cancel လုပ်မလဲ၊ ငါမင်းကို ရဲတိုင်မယ် ဟု ဆိုလေ၏။
ခဏ နေပါဦးလေ၊ စိတ်အေးအေးထား နားထောင်ပါကွာ၊
ငါ အခု ကဒ်အသစ်ရလို့ မင်းကိုလှမ်းဖုံးဆက်တာ။ မင်းတိုင်ချင်သပဆို ကြိုက်တဲ့ နေရာသွားတိုင်လို့
ရတယ်။ ဒါပေမဲ့ တိုင်တာတောတာတွေ ခဏထားပြီး MOM ကိုသွားမေးတာ အကောင်းဆုံးပဲ။ ငါ့နာမည်
မင်းကုမ္ပဏီမှာ ရှိနေသေးတယ် ဆိုရင်တော့ ငါ မင်းကိုငါ့လိပ်စာပေးလိုက်ပါ့မယ်ကွာ။ ရဲကိုသာလွှတ်လိုက်ပါ၊
ဟုတ်ပြီလား ဟု မခံချိမခံသာ ပြောလေသော် ၎င်းမှာ ဒေါကန်လျှက် တွေ့ကြသေးတာပေါ့ကွာ၊ ငါ အခု MOM သွားမယ် ဆို၏။ ထိုသည့်နောက်တော့ ဘယ်တော့မှ
ဖုံးမဆက်တော့ပါ။
ကျွန်ုပ်မှာ
ကျွန်ုပ်ပစ္စည်းများအားလုံးကိုသော်လည်းကောင်း၊ ကုမ္ပဏီအသစ်မှ ကဒ်ကိုသော်လည်းကောင်း လက်ထဲရမှ၊
ပိုင်တော့မှ သူ့ကို လှမ်းဖုံးဆက်သည်ဖြစ်ရာ သူဘာလုပ်လို့ရပါမည်နည်း။ သူနှင့်ဘာပတ်သက်စရာအကြောင်းမှ
မရှိတော့သည်ဖြစ်ရာ အဘယ်ကြောင့် ကျွန်ုပ်မှာ ပူပင်သောကဖြစ်ရပါမည်နည်း။ သို့သော်လည်း
သူ့ထံတွင် ကျွန်တော်ရစရာ နောက်ဆုံးတစ်လစာ ကျန်ခဲ့ပါသည်။ ကျွန်တော်မြန်မာပြည်ကို ဆေးကုပြန်မည်ဆိုတော့
တစ်လစာမပေးဘဲ သက်သက်ချန်ထားခြင်း ဖြစ်ပါသည်။ စင်ကာပူမှ ကုမ္ပဏီများ ထုံးစံ ဖြစ်၏။ သူ့ကုမ္ပဏီသို့
ပြန်လာစေရန် လုပ်ထားခြင်းဖြစ်သည်။ သို့သော် သည်ပိုက်ဆံ ၉၀၀ - ၁၀၀၀ လောက် ကို ကျွန်တော်မှုစရာ
လိုပါမည် လော။ တောင်းလည်း ပေးမှာမဟုတ်သည့်အတွက် သည်ကိစ္စဘာမှ စကားမစပ်တော့ပါ။ သူနှင့်ဘာမှ
မပတ်သက်ချင်တော့သောကြောင့် ဖြစ်ပါ၏။
သို့သော်လည်းပေါ့လေ။
ကုမ္ပဏီအသစ်ဖြစ်သော မရင်းတက္ကနစ်မှ ကုလားမကြီးက တမှောင့် ဖြစ်ပါ၏။ သူ့နာမည်မှာ ဒစ်ပ်
(Dip) ဖြစ်၏။ ကုလားနာမည်အရှည်ကြီးကို အဖျားဆွတ်ခေါ်ခြင်း ဖြစ်သည်။ သူက သည်ကုမ္ပဏီတွင်
ဖင်ဆွေးဆွေး၊ ခေါင်းဆွေးဆွေးလုပ်လာတာ ဆိုတော့ ဒါရိုက်တာပြီးလျှင် သူအာဏာအရှိဆုံး ဖြစ်လေ၏။
သည်တော့ ကုမ္ပဏီဝန်ထမ်းများအပေါ် ချေးကိုခွေးနိုင်သကဲ့သို့ နိုင်လေသည်။ ကျွန်တော်တို့
အင်ဂျင်နီယာဌာနမှ မန်နေဂျာကစ ကြောက်ရသည်။ အနို့ မကြောက်လို့က မဖြစ်။
ကုလားမကြီးက ဒရ၀မ်ကုလားကလေးကို လက်သပ်မွေးထားသည်။ ကုလားလေးကလည်း သစ္စာရှိပါပေ့။
သည်သင်္ဘောကျင်းမှ လူအားလုံးကို မျက်စေ့ဒေါက်ထောက်ကြည့်နေသည်။ ဘယ်သူ ဘယ်အချိန်ဝင်လာသည်။
ဘယ်အချိန်ထွက်သွားသည်။ ဘယ်သူက ဘယ်သူနဲ့ စကားပြောနေတာ ဘယ်လောက်ကြာသည်။ ကန်တင်းကို ဘယ်သူတွေ
ဘယ်အချိန်ဝင်လာသည်။ လဖက်ရည်သောက်တာ ဘယ်လောက်ကြာသည်။ အိုး - သူမသိတာ ဘာမှမရှိ။ နောက်ပြီး
သူ့သခင် ကုလားမကြီးကို အကုန်အစီရင်ခံသည်။ သည်တော့ ကျွန်တော်တို့တတွေမှာ နားရွက်တောင်မခတ်ရဲ။
နောက်ပြီး သင်္ဘောကျင်းမှ ဌာနများအနက် ကျွန်တော်တို့ အင်ဂျင်နီယာဌာနက ဘယ်သူနှင့်မှ
လုံးထွေးလုံးထွေးမနေ။ ကိုယ့်ဌာန ထဲ၌ပင် စည်းစည်းလုံးလုံးဖြစ်၏။ သည်တော့ ဒစ်ပ်က ကျွန်တော်တို့ကို
ခပ်တင်းတင်း ဆက်ဆံသည်။ ကျွန်တော်တို့ဌာနဆိုသော်လည်း သိပ် များများစားစားရှိတာ မဟုတ်ပါ။
မန်နေဂျာတစ်ယောက် ပုံဆွဲ နှစ်ယောက်နှင့် ကျွန်တော်။ သည်မျှသာ ဖြစ်၏။ အားလုံးခင်ဘို့ကောင်းပါသည်။
သို့သော် ကျွန်တော်တို့မန်နေဂျာ စိတ်ဓါတ်ကိုတော့ တစ်ခါတစ်ခါ ဖတ်ရခက်လှသည်။ ကောင်းချင်တော့လည်းသူ၊
မကောင်းချင်တော့လည်း သူ။ မန်နေဂျာနာမည်က ဆိုင်မွန်။ အခြားနှစ်ယောက်မှာ ဂျော့ဂ်ျ နှင့်
ကာမစ်ဟုခေါ်သော မလေးကြီး ဖြစ်၏။ မလေးကြီးမှာ အလွန် သဘောမနော ကောင်းလှသည်။ သူက သူပုံဆွဲစရာရှိတာဆွဲသည်။
နောက်ပြီး နေ့ခင်းတစ်ခါ၊ ညနေတစ်ခါ ဘုရားရှိခိုးသည်။ သောကြာနေ့နေ့လည်ပိုင်းတွင် ပလီသွားသည်။
သည်သင်္ဘောကျင်းမှာလုပ်တာ ဆယ်နှစ်ကျော်ပြီဆို၏။ လခအကြောင်းမေးတော့ ဟဲဟဲ ဟဲဟဲ နှင့် နေ၏။
ဟေ့ကောင်လေး၊ မင်း လခတိုးချင်သပဆို တခြားကုမ္ပဏီသာပြောင်း။ ဒီမှာတော့ လခအကြောင်း လေသံတောင်
မဟလေနဲ့။ ငါ ဆယ်နှစ်ကျော်ပြီ။ စ၀င်ကတည်းက ခုထိ တစ်ကျပ်တောင်မတိုးသေးဘူး။ ငါတို့ကတော့
အသက်ကြီးပါပြီကွာ။ မင်းသာ ကိုယ့်တက်လမ်းကိုယ်ရှာပါ ဟု ဆိုလေ၏။
တစ်ခုဆိုးသည်မှာ ကာမစ်က မနက်တိုင်း သူ့ကိုယ်ကို ဆီများလိမ်းသည်။ သည်ဆီများမှာ
အလွန်နံလှ၏။ ထို့ပြင်တ၀ အဲယားကွန်း ခန်းထဲမှာဆိုတော့ သည်အနံ့ကြီးက ချက်ခြင်းပျောက်သွားတာ
မဟုတ်။ ကျွန်တော့်စားပွဲနှင့် ကာမစ်စားပွဲမှာ ကပ်လျက်ရှိသည်ဖြစ်ရာ ကျွန်တော့်ခမျာ မနက်တိုင်း
သည်ဒုက္ခကို ကောင်းကောင်းခံစားရလေ၏။
ဂျော့ဂ်ျက တရုတ်ကြီးဖြစ်၏။ သူကလည်း တစ်ဘာသာဖြစ်သည်။ မကြိုက်လျှင် မကြိုက်သလို
ဘုတောသည်။ အလွန် ဘုကျလှသော ကျွန်ုပ်မှာ ဂျော့ဂ်ျနှင့်ကျမှ အပိုးကျိုးရတော့သည်။ သည်တော့
သူ့ကို အသာချော့ပေါင်းရသည်။ သို့သော် ကျွန်တော့် အတွက်တော့ အဆင်ပြေပါသည်။ အိမ်ပြန်သည့်အခါတိုင်း
သူ့ကားနှင့် ကားကြုံလိုက်ရသောကြောင့် ဖြစ်၏။ သည်တော့ သက်လည်း သက်သာသည်။ ကားခလည်းမကုန်တော့။
ကျွန်တော့်ကို အလုပ်ခန့်တုံးက ဒီဇိုင်နာအဖြစ်နှင့်ဖြစ်၏။ ကျွန်တော်က ပိုက်ဆင်သည့်လုပ်ငန်းတွင်
၆ နှစ်လုပ်လာတာ ဆိုတော့ piping design ကို စိတ်လည်းဝင်စားသလို တကယ်လည်း လုပ်ချင်ပါသည်။
သို့သော် တကယ်လုပ်ရသည်က ပုံဆွဲသက်သက်သာ ဖြစ်၏။ ပုံဆွဲတာတောင်မှ ဘာမှခဲရာခဲဆစ်ဆွဲရတာမဟုတ်။
သင်္ဘောတည်ဆောက်ရာ၌ သင်္ဘောပေါ်တွင် ဆင်သည့် ပိုက်လိုင်းပုံများ ဆွဲပေးရခြင်း ဖြစ်သည်။ ဒါလည်း
ဘာမှ မခဲယဉ်းပါ။ နဂိုရှိပြီးသား ပိုက်လိုင်းများကို အနည်းငယ် ပြုပြင်ပြောင်းလဲပေးရုံမျှ
ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ မှာ အလုပ်များနှင့် အသည်းအသန် နပန်းလုံးနေရသည့်အခါ
တစ်ခါမှမရှိစဖူး။ ဆိုင်မွန်က မရင်းတက္ကနစ်မှာ အပေါဆုံးကတော့ အချိန်ပဲကွ ဟု ဆိုလေသည်။
Marinteknik ၏ သူဌေးက ဟောင်ကောင်သူဌေးဖြစ်၏။ သူ့သင်္ဘောကျင်းများမှာ ဟောင်ကောင်တွင်လည်းရှိသည်။
စင်ကာပူတွင် အမြဲနေတာမဟုတ်။ တစ်ခါတစ်ခါမှ ပေါ်လာတတ်သည်။ သူက ခရီးသည်တင် ဖယ်ရီသင်္ဘောများ
ဆောက်ကာ ရောင်းတာဖြစ်သည်။ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး၊ ဂျပန် စသည်တို့သို့ ပြေးသော
သင်္ဘောများဖြစ်၏။ တစ်ခါ တစ်ရံတွင် ယူအေအီးသူဌေးများကလည်း မှာသည်ဆို၏။
သင်္ဘောများကို
အလျူမီနီယမ်နှင့်ဆောက်သည်။ ဈေးတော့ကြီး၏။ သင်္ဘောတစ်စီးလျှင် အကြီးအသေးကိုလိုက်၍ အမေရိကန်
ဒေါ်လာ ၂၅ သန်းမှ သန်း ၅၀ ထိရှိသည်ဟု ဂျော့ဂ်ျက ပြောပြပါသည်။ သင်္ဘောများမှာ အကြီးကြီးမဟုတ်။
အရှည် ၄၅ မီတာမှ ၆၅ မီတာ ထိသာရှိသည်။ အင်ဂျင်တစ်လုံးထဲပင် စင်ကာပူဒေါ်လာ တစ်သန်းကျော်တန်သည်
ဟု သိရပါသည်။ သင်္ဘောကလေးများမှာ မြန်နှုံးမြင့် High Speed Boat များဖြစ်၏။ အောက်ပါဓါတ်ပုံတို့မှာ
မရင်းတက္ကနစ်မှ ဆောက်ခဲ့သော သင်္ဘောပုံစံများဖြစ်ပါသည်။
သင်္ဘောများမှာ ၀မ်းတစ်လုံး (Mono Hull) နှင့် ၀မ်းနှစ်လုံး (Twin Hull) ဟု နှစ်မျိုးရှိ၏။ ၀မ်းနှစ်လုံးသင်္ဘောကို Catamaran ဟုခေါ်သည်။ အောက်ကပုံမှာ ကာတာမာရန် သင်္ဘောပုံဖြစ်ပါသည်။
မရင်းတက္ကနစ်တွင်လည်း အတော်ပညာရပါသည်။ ကျွန်တော်ယခင်က ကက်ပဲတွင်လုပ်ခဲ့သည်မှာ သင်္ဘောကြီးများ ဖြစ်ပြီး ပိုက်လိုင်းပြေးခြင်းကို သီးသန့်လုပ်ရတာဖြစ်၏။ သည်မှာတော့ သင်္ဘောဆောက်တာပါ လေ့လာခွင့်ရသည်။ အလုပ်သိပ်မရှိတော့ စာတွေ လှိမ့်ဖတ်သည်။ ရှိသမျှ ဘုတ်အုတ်ကြီးများလှန်ကာ ဖတ်သည်။ ကူးတန်တာကူးပြီး စာအုပ်ချုပ်ထားသည်။
အမြန်သင်္ဘောများတည်ဆောက်ရာတွင် HSC Code 2000 ကိုလိုက်နာရသည်။ သည်စာအုပ်ကို ဘာသာပြန်ထုတ်လိုက်ရလျှင်
မြန်မာပြည်မှ သင်္ဘောတည်ဆောက်သူများအတွက် အကျိုးများလိမ့်မည်ဟုပင် တွေးမိပါသေး၏။ သို့သော်လည်း
မင်းကွာ၊ ခုမှလာ ကြီးကြီးကျယ်ကျယ် ကုတ်တွေကက်တွေ
လုပ်မနေပါနဲ့။ ငါတို့ဒီလို ဆောက်လာခဲ့တာ ရာစုနှစ်ပေါင်းများစွာကြာခဲ့ပေါ့၊ အလောင်းစည်သူ
မင်းကြီးတောင် ငါတို့ဆောက်ပေးတဲ့ ဖောင်တော်နဲ့ တိုင်းခန်းလှည့်လည်တော်မူခဲ့တာမဟုတ်လား
ဆိုသည့်အသံများ ကြားယောင်မိသဖြင့် အသာခေါက်ထားလိုက်ခြင်း ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ
ကျွန်ုပ်ထံ တောင်းယူနိုင်ပါသည်။ မရင်းတက္ကနစ်မှ ထွက်လာကတည်းက
သည်စာအုပ်ကို ချောင်ထဲထိုးထားလိုက်တာ အခု ဘာဆိုဘာမှမမှတ်မိတော့ပါ။
ထိုသင်္ဘောများတည်ဆောက်ရာတွင်
ယခု သြစတေးလျ ရောက်နေသည့် ကိုရေချမ်းတို့အဖွဲ့လည်း အပါအ၀င်ဖြစ်၏။ သို့သော် ကိုရေချမ်းတို့လုပ်ရတာ
ကျွန်တော် သည်သင်္ဘောကျင်းမရောက်မီကဖြစ်ပြီး ကျွန်တော်သည်မှာ အလုပ်ဝင်တော့ သူတို့မရှိတော့ပါ။
သူ့လူများ (သူနှင့်ကုမ္ပဏီတူဖြစ်သည့် ကိုစိုးဇော်ဇော်၊ ကိုသန်းဝင်း၊ ကိုကျော်မြင့်ဦး
စသည်) ကိုတော့ တစ်ခါတစ်ရံတွေ့တတ်ပါသေးသည်။
ကျွန်တော်စရောက်တော့
သင်္ဘောနံပါတ် ၁၈၉၊ ၁၉၀ တည်ဆောက်ကာစ ဖြစ်၏။ သင်္ဘောနှစ်ခုမှာ ပုံစံတူဖြစ်ပြီး နှစ်စီးစလုံး
တစ်ပြိုင်နက်တည်ဆောက်တာ ဖြစ်သည်။ သို့သော်လည်း သင်္ဘောနှစ်စင်းမှာ လုံးဝကွက်တိ တူတာတော့မဟုတ်။
အနည်းငယ် ကွာသေး သည်။ သို့တိုင် ပြောပလောက်အောင် ကွာတာမဟုတ်ပါ။
ဆောက်သည်ဆိုရာတွင်
အမှာရှိ၍ ဆောက်တာမဟုတ်။ သူဌေးက သူ့ဟာသူဆောက်ပြီး ရောင်းမှာဖြစ်၏။ သို့အတွက် ၀ယ်မည့်သူ
ရှာရင်း ဆောက်တာဖြစ်သဖြင့် အေးရာအေးကြောင်း စိတ်ရှိလက်ရှိ ဆောက်နေတာဖြစ်သည်။ တော်ကြာ
လူစီးတစ်ထပ်၊ ကားသယ်မည့် နေရာတစ်ထပ် လုပ်လိုက်။ တော်ကြာ ကားမသယ်တော့ဘူး၊ လူစီးချည်းပဲ
လုပ်မယ် ဟု ပြင်လိုက်။ ဖျက်လိုက်၊ ပြင်လိုက်။ ဆောက်လိုက်၊ ဖျက်လိုက် အမျိုးမျိုးပုံစံပြောင်း
လုပ်နေသည်။ ပုံစံပြောင်းတယ်ဆိုတာ လွယ်လွယ်လေးမဟုတ်ပါ။ အလူမီနီယမ်အပြားကြီးများကို ဆင်လိုက်၊
ဖြတ်လိုက်လုပ်ရတာ ဖြစ်၏။ ကလေးကစားစရာများလို ခုဆောက်လိုက်၊ ခုပြင်လိုက်လုပ်လို့ရတာမဟုတ်။
အနည်းဆုံး ငါးလ ခြောက်လ အချိန်ယူပြီး ပြင်ရတာဖြစ်သည်။ သို့သော် ဆိုင်မွန်ပြောသလို မရင်းတက္ကနစ်တွင်
အပေါဆုံးမှာ အချိန်ဖြစ်လေရကား သူတို့မှာ စိတ်ရှိတိုင်း ကစားနေပါ၏။
ကျွန်တော် မရင်းတက္ကနစ်တွင် ၂ နှစ်လုပ်ခဲ့ရာ ထို ၂ နှစ်အတွင်း ကျွန်တော်လုပ်ပေးခဲ့ရသော
အလုပ်နှင့် ကျွန်တော်ထုတ်ခဲ့ရသော လခမှာ ဘယ်လိုမှ တန်စရာအကြောင်းမရှိ။ ကျွန်တော်သာမဟုတ်။
အခြားသူများလည်း သည်အတိုင်းချည်း ဖြစ်သည်။ သည်ပုံစံအတိုင်း သာဆို သည်သင်္ဘောကျင်း မကြာမီ
ဒေ၀ါလီခံရဘို့သာ ရှိသည်။ သူဌေးက မချိမဆန့်ချမ်းသာနေရင်တော့လည်း မပြောတတ်ပါ။ ခုတော့
ဘယ်လိုစခန်းသွားနေသည်မသိ။
ကျွန်တော်လုပ်ခဲ့သည့် ၂ နှစ်အတွင်း သူတို့ ဤ ၁၈၉၊ ၁၉၀ ကို ဆောက်ပါသည်။ ကျွန်တော်ထွက်လာသည့်တိုင်
လက်စမသပ် သေး။ ကျွန်တော်လုပ်ရသည်မှာ ထိုသင်္ဘောများတွင် ပြေးထားသည့် ပိုက်လိုင်းပုံများ
ဆွဲပေးရခြင်း ဖြစ်သည်။ သင်္ဘောက သေးသေးကလေး ဖြစ်ရာ ပိုက်လိုင်းမှာ သိပ်များများစားစား
ရှိတာမဟုတ်။ သည်တော့ သူတို့က ဒီဟာမကြိုက်ဘူး။ ဒီလိုပြောင်းမယ် ဟုပြောချိန်မှအပ အခြား
အချိန်များတွင် ပြောပလောက်အောင် လုပ်စရာမရှိ။ ထို့ကြောင့် အထက်တွင်ပြောခဲ့သလို သင်္ဘောဆောက်ခြင်းနှင့်
ပတ်သက်သည့် ABS, DNV, LLOYDS တို့မှ ဘုတ်အုပ်အထူကြီးများကို တစ်ခန်းချင်း လှန်လှော
ဖတ်ရှုခြင်းဖြင့် အချိန်ဖြုန်းရပါသည်။
သည်တွင်
အလျဉ်းသင့်သဖြင့် သူတို့လူလည်ကျပုံကလေး ပြောပြပါရစေ။ အခြားမဟုတ်ပါ။ စားပွဲနေရာချပေးပုံ
ဖြစ်၏။ အခန်းတွင် နံရံလေးဖက်ရှိသည့်အနက် နံရံတစ်ဖက်တွင် drawing များထားသည့်စင်နှင့်
တံခါးရှိသည်။ သူတို့ ၃ ယောက်က အခြားနံရံသုံးဖက်ကို ကျောပေးကာ ထိုင်ကြသည်။ အခန်းတွင်းသို့
အားလုံးမျက်နှာမူထားကြ၏။ သို့သော် ကျွန်တော့်စားပွဲကိုမူ တံခါးရှိသော နံရံဖက်တွင်ထားပြီး
နံရံနှင့်ကပ်ထားသည်။ ဆိုတော့ ကျွန်တော်က အားလုံးကို ကျောပေးထားရပြီး ကျွန်တော့် ကွန်ပြူတာမျက်နှာပြင်မှာ
သူတို့ လှမ်းကြည့်လျှင် မြင်ရသည့်အနေအထား ဖြစ်၏။
လူပေကပဲ၊
ဘယ့်နဲ့ အမြဲတမ်း အလုပ်ချည်း လုပ်နေနိုင်ပါ့မလဲဗျာ။ တစ်ခါတလေတော့လည်း အီးမေးလေးဘာလေး
ဖွင့်ဖွက် ဖတ်မှာပေါ့။ မဟုတ်ဘူးလား။ ကျွန်တော်က ကိုယ့်လိပ်ပြာကိုယ် သန့်ချင်သူဖြစ်သဖြင့်
အလုပ်ထဲတွင် အလီဘာဘာလုပ်မည် တစ်ခါမှ စိတ်ကူးဖူးသူ မဟုတ်ပါ။ သို့သော် ခဏတစ်ဖြုတ် အီးမေး
၅ မိနစ်လောက်၊ မနက်တစ်ခါနှစ်ခါ၊ ညနေတစ်ခါနှစ်ခါ ဖွင့်ဖတ်တာ ဘာမှ အလုပ်ကို ထိခိုက်စရာမလိုဟု
သည်လိုပင်ယူဆပါသည်။ ထို့ပြင်တ၀ ကျွန်တော်တို့မှာ ဘာမှ လုပ်စရာအလုပ် ရေရေရာရာမရှိဘဲ
အချိန်များစွာ ပိုနေသည်ဖြစ်ရာ၊ အလုပ်မရှိသည့်အခါများတွင် ကျွန်တော် အီးမေးဖွင့်ပါသည်။
ထိုအခါ မစ္စတာဆိုင်မွန်ဆိုသည့် မန်နေဂျာကြီး က အလုပ်ထဲတွင် ကိုယ်ရေးကိုယ်တာကိစ္စနှင့်
အင်တာနက်မသုံးရန် ခေါ်သတိပေးပါ၏။
သူနှင့်တကွ
အခြားသူများရော ၈ နာရီပတ်လုံး အလုပ်ချည်း ကုန်းရုန်းလုပ်နေပါသလား။ ကျွန်တော်ကတော့ သူတို့လုပ်ပါသည်
ဟု ပြောလျှင်တောင် မယုံပါ။ လုပ်စရာအလုပ် ရေရေရာရာမရှိဘဲ တစ်နေ့လုံး သူတို့ ဘာအလုပ်တွေကို
မနားမနေလုပ်နေပါသလဲ။ သူတို့ မော်နီတာများမှာ နံရံကို မျက်နှာမူထားသဖြင့် သူတို့ ဘယ်ဆိုဒ်ဝင်နေသည်ကို
မည်သူသိနိုင်ပါမည်နည်း။ ကျွန်တော် အီးမေးဖွင့်တာကျတော့ မကြိုက်။
ကျွန်တော် မရင်းတက္ကနစ်မှ ထွက်မလာမီ ၃ လလောက်အလိုတွင် ဆိုင်မွန်၌ ကင်ဆာရောဂါ
ရပါသည်။ ထိုအခါ အလုပ်သို့ ကောင်းကောင်းမလာနိုင်တော့။ သည်တော့ ကျွန်တော်က သူ့ကိုယ်စား
ကာစတန်မာများမေးလာသော မေးခွန်းများ၊ Class က မေးလာသော မေးခွန်းများကို ဖြေပေးရသည်။
ထို့ကြောင့် သူ့ကွန်ပြူတာကို ဖွင့်ရသည်။ သည်တော့မှ သူ့ကွန်ပြူတာထဲတွင် ရာပေါင်းများစွာသော
သေနတ်ပုံစံအမျိုးမျိုး၊ လေယာဉ်ပုံစံအမျိုးမျိုး၊ ခွေးပုံစံအမျိုးမျိုး၊ ဘီကီနီနှင့်
ကောင်မလေးပုံများ စသည်တို့ကို တွေ့ရပါတော့သည်။ သူ သည်ပုံများကို ရုံးချိန်အတွင်း ရှာဖွေ
ဒေါင်းလုတ်မလုပ်ဘဲ မည်သည့်အချိန် သွားလုပ်ပါသနည်း။ သို့သော် ကျွန်တော် သူနှင့်ဖက်ပြိုင်
အငြင်းပွားနေစရာ မလိုတော့ပါ။ ယခုသူ့မှာ ကင်ဆာရောဂါရနေပြီ ဖြစ်သဖြင့် အချိန်ရှိသမျှ
ဆေးရုံ၌ ကုန်ဆုံးနေရပြီ ဖြစ်ပါသည်။ (ကျွန်တော် မရင်းတက္ကနစ်မှ ထွက်လာပြီး ၂ လခန့်အကြာတွင်
ဆိုင်မွန်ဆုံးသွားပြီဖြစ်ကြောင်း ထိုသင်္ဘောကျင်း၌ အတူလုပ်ခဲ့သူ၊ ယခုလည်း ဆက်လုပ် နေသေးသူ
မြန်မာမိန်းကလေးက လှမ်းဖုံးဆက်ပါသည်။)
ဒစ်ပ်တို့က သောကြာနေ့ညနေဆိုလျှင် ဖဲဝိုင်းဖွဲ့သည်။ အထူးသဖြင့် လကုန်ရက်များဖြစ်၏။
ဖဲဝိုင်းမှ ခွက်ထိုးခွက်လန် အော်ဟစ် ရယ်လိုက်သံများကြားရလျှင် ကာမစ်က ဟွာလားဝေ၊ တာဘိုလေတာဟန်းလား ဟု ဆို၏။ မြန်မာလို
မခံစားနိုင်ဘူး ဟု ဘာသာပြန်ရမည် ထင်ပါသည်။ ရီသူမှာ အခြားသူမဟုတ်။ သူတို့က လေဒီဘော့စ်ဟုခေါ်သူ
ပရီစီလီယာ ဖြစ်၏။ သောကြာနေ့ညနေ ၃ နာရီလောက်ဆိုလျှင် တစ်ရုံးလုံး တိတ်ဆိတ်နေသည်။ အားလုံးစည်းဝေးပွဲခန်းထဲရောက်ကာ
ဝိုင်းဖွဲ့ကြ၏။ ဆိုခဲ့သည့်အတိုင်း ထိုဝိုင်းထဲတွင် မပါသည်မှာ ကျွန်တော်တို့ဌာန တစ်ခုသာရှိသည်။
(၈၄) ကျွန်ုပ် ကနေဒါ အေးဂျင့်ဖြစ်ရပြန်ခြင်း
အထက်တွင်ဆိုခဲ့သည့်
ဦးဝင်းအောင်ကျော်၏ ဆတ်ဆော့မှုကြောင့် ကနေဒါသို့လူပို့ရန် ကျွန်တော်လှုပ်ရှားပါသည်။ ပထမ
အသိ မြန်မာများမှ ပိုက်ဖစ်တာလုပ်တတ်သူ၊ ဂဟေဆော်တတ်သူများကို စည်းရုံး၏။ ကနေဒါသွားရမည်၊
လခကောင်းကောင်းရမည် ဆိုတော့ လာကြသည်ပေါ့။ နောက်တော့ အသိများတွင်ပါမက အသိများ၏အသိများရော၊
သတင်းအနံ့ရသူများရော၊ ရောရာသောင်းပြောင်း အကုန် လာသည်။
သို့သော်
ကနေဒါဆိုတာ အမေရိကန်နှင့်စပ်နေသော အနောက်နိုင်ငံကြီးဖြစ်သဖြင့် အရှေ့နိုင်ငံများလို
တော်ရိလျော်ရိနှင့် ရတာ မဟုတ်။ ပိုက်ဖစ်တာဆိုလျှင် ဘယ်လိုအရည်အချင်းတွေရှိရမည်။ ဘာစာမေးပွဲတွေ
ဖြေရမည်၊ ဘာတွေသိထားရမည် စသဖြင့် ပိုက်လုပ်ငန်း သာမက အင်္ဂလိပ်စာ၊ သင်္ချာအတွက်အချက်၊ သူတို့ဆီက
အလုပ်သမားဆိုင်ရာဥပဒေ၊ အထွေထွေဗဟုသုတ စသဖြင့် အားလုံးလိုသည် ဖြစ်ရာ ထိုကိစ္စများအတွက်
ကျွန်ုပ်မှာ သွားချင်သူ မောင်မင်းကြီးသားများကို အလကားမတ်တင်း သင်တန်းများ ပေးရပါတော့၏။
ပရောဂျက်က
ဘယ်နေမှန်းမသိသေး။ လူဘယ်နှယောက် ခေါ်မည်မှန်းမသိသေး။ မည်သည့် ကုမ္ပဏီမှန်းလည်း မသိသေး။
ဦးဝင်း အောင်ကျော်က လူတစ်ရာလောက်လိုချင်တယ်။ သေသေချာချာ ရအောင်စုထားလိုက်ပါ ပြောလိုက်။
တော်ကြာ လူ ၄၀ မကြာခင် ခေါ်တော့ မယ်။ ခုကတည်းက အားလုံး အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက်ပါ
ပြောလိုက်။ သူပြောတာ အဟုတ်ကြီးမှတ်ပြီး ကျွန်တော့်မှာ လုပ်ပါဦးဟ၊ ခု ကိုယ့်မှာ ကောင်းရာမွန်ရာဆိုလို့
လူအစိတ်ပဲ ရသေးတယ်။ ကိုသောင်းတန် ခင်ဗျားသူငယ်ချင်းတွေထဲမှာ မရှိတော့ဘူးလား၊ စသဖြင့်
ဟိုလူ့ဖုံးဆက်၊ ဒီလူ့ဖုံးဆက်။
ကျွန်တော့်ထံလာသော
လူများအနက်မှ အချို့မှာ ကနေဒါသို့ရောက်ကာ ကြီးပွားနေပြီဖြစ်သော ပထမဆုံးအသုတ် ၅ ယောက်
ဖြစ်သည့် ကိုစောထွန်းမြတ်၊ ကိုမင်းသွင်၊ ကိုစိုးသိန်း၊ ကိုတိုးလွန်း၊ ကိုဉာဏ်ဝင်း တို့
ဖြစ်၏။ ၅ ယောက်သွားတာ မှန်သော်လည်း ကိုဉာဏ်ဝင်း မှာမူ စာမေးပွဲမအောင်သဖြင့် ပြည်တော်ပြန်ခဲ့ရသူ
ဖြစ်ပါသည်။ သူ့အတွက် ကျွန်တော် အလွန်စိတ်မကောင်း ဖြစ်မိပါသည်။ အဘယ်ကြောင့် ဆိုသော်
သူတို့မှာ စင်ကာပူ၊ Keppel FELS တွင် လုပ်သက်ဆယ်နှစ်ကျော်ကာ လခ ၂၀၀၀ ကျော်ရနေပြီ ဖြစ်သောကြောင့်
ဖြစ်၏။ ပိုက်ဆံလည်း စင်ကာပူဒေါ်လာ ၄ - ၅ ထောင်လောက်ကုန်သေး။ လက်ရှိအခြေအနေလည်း ပျက်ယွင်းသေး
ဆိုခြင်းကြောင့်ဖြစ်၏။ FELS တွင်ပြန်ဝင်ဘို့ရာမှာ မသေချာတော့ပါ။ အလုပ်သစ်ရှာလျှင်လည်း
သည်လိုလခ၊ သည်လိုအခြေအနေပြန်ရဘို့ အတော့်ကိုမလွယ်တော့ပါ။ ခုတော့ ကိုဉာဏ်ဝင်းမှာ မြန်မာပြည်သို့အပြီးပြန်သွားပြီ
ဖြစ်ပါသည်။ နောက်ထပ် သူနှင့်အဆက်အသွယ် မရတော့ပါ။
သူတို့မှာ
တစ်ယောက်မှလွဲလျှင် အလွန်ရိုးသားသူများဖြစ်သည်။ သူတို့ကနေဒါသွားရဘို့ သေချာတော့ ကျွန်တော့်ကို
တစ်ယောက် ၅၀၀ စီပေးပါသည်။ ဤသည်မှာ ကျွန်တော်တောင်းခြင်းမဟုတ်ပါ။ ကျွန်တော်ပိုက်ဆံ ၄၀၀၀
လောက် အိတ်ထဲကထွက်ထားတာ သူတို့ သိပါသည်။ အေးဂျင့်ဖီးကိစ္စတော့ ကျွန်တော်ဘာမှ မပြောတော့ဘဲ
နောက်ဆက်မလုပ်ဘို့ရာ စိတ်ဒုံးဒုံးသာချလိုက်ပါတော့သည်။
အခြားသူများမှာ
ကိုကျော်မြတ်သူ၊ ကိုဇော်ခင်၊ ကိုကြည်လွင်၊ ကိုဇင်မြတ်၊ ကိုအောင်အောင်၊ ကိုနိုင်ဝင်း၊
ကိုသိန်းလွင်၊ ကိုကောင်းမြတ်စံ၊ ကိုမျိုးဇော်၊ ကိုမင်းသစ္စာ၊ ကိုစိုးကြည် အတော့်ကိုများပါသည်။
လူ ၅၀ ကျော်လောက်ရှိမည်ထင်၏။ အားလုံး မမှတ်မိ တော့ပါ။
ယခု ပြန်စဉ်းစားကြည့်လိုက်တော့မှ
သြော်- အတော်လည်း ရူးတဲ့ငါပါလား ဟု ကိုယ့်ကိုယ်ကိုယ် ပြန်နှုတ်ခမ်းမဲ့မိပါသည်။ သူက လူ
၄၀ အလျင်စလို လိုတယ်ဆိုသည့်တိုင် ကဲ၊ အဲဒါဆို အဲဒီဘက်က လူလိုတဲ့အထောက်အထား ပြပါ။ ဘယ်ပရောဂျက်မှာ
ဘာတွေလုပ်ရမှာလဲ။ ကုမ္ပဏီနာမည်က ဘာတဲ့လဲ။ တစ်နာရီဘယ်လောက်ရမလဲ။ ဘယ်တော့စမလဲ စသဖြင့်
သေသေချာချာ ပြန်မေးဘို့ မသင့်ပါလား။ ခုတော့ သူ လူလိုတယ်ဆိုတာနှင့် ကျွန်ုပ်မှာ ပြာပြာသလဲ
လူတွေလိုက်စု။ ဟိုဘက်က ဒီစာမေးပွဲတွေဖြေရမည်ဆိုတာနှင့် ပိုက်ဆံလည်း တစ်ပြားမှ မရပါဘဲလျှက်
ကိုယ့်ဟာကိုယ် သင်တန်းတွေပေး။ သင်္ချာတွေ၊ အင်္ဂလိပ်စာတွေသင်ပေး။ အင်တာဗျူးရင် ဘယ်လိုဖြေရမည်ဆိုတာတွေပါ
လေ့ကျင့်။
ကျွန်တော်သည်လို
လုပ်နေသည်မှာ ခဏလေးမဟုတ်ပါ။ တစ်နှစ်ခွဲခန့် ကြာပါသည်။ စဉ်းစားသာကြည့်ပါတော့ မိတ်ဆွေများ
ခင်ဗျား။ ဟိုဘက်က ပို့လာသမျှ စာရွက်စာတမ်းတွေ မိတ္တူကူးပြီး သွားချင်သူများကို ဝေရသည့်အခတင်
မနည်းပါ။ တော်ကြာ ဟိုဖောင်တွေ ဖြည့်ပါဦး။ တော်ကြာ ဒီပုံစံတွေလိုသေးတယ်။ တော်ကြာ ဟောဒီအင်္ဂလိပ်စာမေးခွန်းတွေ
လေ့ကျင့်ထားပါ စသဖြင့် အတော့်ကိုများပါသည်။
အင်တာနက်မှ
အခမဲ့ ဒေါင်းလုတ် လုပ်ယူနိုင်သည့်ပုံစံများမှအပ သူလည်း မေးခွန်းများ၊ ညွှန်ကြားချက်များ၊
သင်ရိုးများကို ဈေးကြီး ပေး ၀ယ်ရတာ ဖြစ်၏။ ပုံစံအလွတ်များ၊ အင်္ဂလိပ်စာ မေးခွန်းများ၊
ပိုက်ဖစ်တာမေးခွန်းများ၊ ဂဟေမေးခွန်းများ ယခုတိုင် ကျွန်တော့်တွင် ရှိပါသေးသည်။ ဖြည့်ပြီးသားပုံစံများ၊
အဖြေလွှာများ၊ လက်ကမ်းစာစောင်များ၊ ညွှန်ကြားချက်များ စသည်များကိုတော့ လွှင့်ပစ်လိုက်တာ
ကြာပါပြီ။ မေးခွန်းများမှာ အင်္ဂလိပ်စာကို ဘယ်လောက်နားလည်သနည်းဟု စစ်ဆေးသောမေးခွန်းများဖြစ်ပါသည်။
အောက်တွင် နမူနာတစ်ပုဒ်ကို ပြထားပါသည်။
လေးငါးလလောက်ကြာတော့ ဦးဝင်းအောင်ကျော် စင်ကာပူကို ရောက်ချလာ၏။
စင်ကာပူတွင် ရုံးခန်းဖွင့်သည်။ ကြော်ငြာများ ဝေသည်။ ကျွန်တော်ရွေးထားသူများနှင့် တွေ့သည်။
အခြားအေးဂျင့်များဖြစ်သော ငွေစင်ယော်၊ ဂလိုဘယ်စသည်တို့နှင့် ဆက်သည်။ ကျွန်တော်တို့
ဓါတ်ပုံများရိုက်ယူကာ website တွေဘာတွေ လုပ်သည်။ သူက သူ့ကုမ္ပဏီကို WEA ဟုနာမည်ပေး၏။
သူနှင့်ကနေဒါလူမျိုး ပါတနာ တစ်ယောက်ပေါင်းကာ လုပ်ခြင်းဖြစ်သဖြင့် သူတို့နာမည်ရှေ့စာလုံးများကိုယူကာ
အမည်ပေးခြင်းဖြစ်၏။ A ကတော့ Agency ဖြစ်ပါသည်။
အပြောကတော့
ရွှေမန်း ဖြစ်၏။ မြန်မာလူမျိုးတွေ ကောင်းစားအောင်။ ကနေဒါတွင် မြန်မာအသိုင်းအ၀န်းတစ်ခု
ထူထောင်ရ အောင်။ ကနေဒါရောက်လာသူများကို မှီကာ အခြားမြန်မာများကိုလည်း ခေါ်နိုင်အောင်
စသဖြင့် ဖြစ်၏။ သူက ရှေ့နေဖြစ်သည်။ ရှေ့နေ ဆိုသောလူတန်းစားများမှာ အလုပ်သဘောအရပင် ကြမ်းပိုးကို
လိပ်ဖြစ်အောင်ပြောရသူများဖြစ်လေရာ သူပြောသလို ကျွန်တော်ပြန်မပြောပြ တတ်ပါ။
သူက ပင်နင်စူလာတွင် အခန်းငှားကာ ရုံးခန်းဖွင့်သည်။
စာရေးငှားသည်။ သွားချင်ပါသည်ဟု စာရင်းပေးထားသူများကို ကိုမျိုးသန်းဦးက ထိုအခန်းတွင်ပင်
ပိုက်ဖစ်တာ သင်တန်းပေးသည်။ ကျွန်တော်က အင်ဂျင်းနီးယားရင်းသင်္ချာအခြေခံ၊ ဂဟေဆက်နည်း အတတ်ပညာ
အခြေခံများကို ပင်နင်စူလာအနီး ကက်ပီတော် စင်တာရှိ TMC Education Centre တွင် အခန်းငှားကာ
သင်ပေးသည်။ အင်္ဂလိပ်စာအနေနှင့် အင်တာဗျူးလျှင်
မည်ကဲ့သို့ပြောရဆိုရမည်ကို မြန်မာကလပ်မှ ဦးစိန်ဝင်းပင်လျှင် တစ်ချိန်လာကာ သင်ပေးပါသေး၏။ နောက်တော့ မြို့ထဲတစ်တန်တကသွားရတာ အလုပ်ရှုပ်လှသည်နှင့်၊
ထို့ပြင်တ၀ အခန်းငှားခမှာလည်း ဈေးကြီးသဖြင့် ထိုအခန်းကို ဆက်မငှားတော့ပဲ အိမ်အနီး၊
တိုက်အောက်မှ ကျောက်ခုံများတွင်ပင် သင်ပေးပါတော့သည်။
ပြောရလျှင်
ဇာတ်လမ်းက အရှည်ကြီးဖြစ်၏။ သို့သော် ပျင်းစရာကောင်းလှသော မလိုအပ်သည်များ ချန်ခဲ့ပါတော့မည်။
လက်ရွေးစင်စစ်ရန်
ကနေဒါမှ အေးဂျင့်များလာမည်။ အဆင်သင့်ပြင်ထားလိုက်ပါဆို၍ ကျွန်တော့်မှာ စာမေးပွဲခန်းငှားခြင်း၊
ဂဟေ လက်တွေ့စစ်ရန် ဂဟေစစ်ဆေးသည့်စင်တာရှာခြင်းများ လုပ်ရ၏။ ဂဟေသင်တန်းကျောင်း သုံးလေးကျောင်းလိုက်ကြည့်ပြီး
ကျွန်တော်တို့ သင်္ဘောကျင်းနှင့် မလှမ်းမကမ်းမှ စင်တာတစ်ခုကို စရံသတ်လိုက်သည်။ စင်တာပိုင်ရှင်
တရုတ်အဖိုးကြီးမှာ အလွန်လည်သူဖြစ်သည်။ ဒရ၀မ် ကလေးမှာ ရခိုင်ကလေးဖြစ်၏။ သွားရင်းလာရင်း
သူနှင့်စကားစနေပြောကြည့်သည်။ သူကတော့ သူ့အနေအထားကို အလွန်ကျေနပ် နေသူဖြစ်၏။
အင်္ဂလိပ်စာစစ်ရန်
ကနေဒါမှ အေးဂျင့်လားဘာလား (မေ့နေပါပြီ) လာသည်။ သူတို့က မေးခွန်းများကို စာအိတ်နှင့်ချိတ်ပိတ်ယူခဲ့
တာ ဖြစ်ပြီး စာမေးပွဲခန်းထဲရောက်မှ ဖောက်တာဖြစ်သည်။ စာမေးပွဲခန်းကို ကျွန်တော်က ငှားနေကျ
TMC Education Centre တွင်ငှားလိုက် ပါသည်။ အင်္ဂလိပ်စာကမူ သိပ်မဆိုးလှပါ။ ကျွန်တော်
ဖန်တစ်ရာတေနေအောင် သင်ပေးထားတာဖြစ်သဖြင့် တော်တော်များများ ဖြေနိုင်ကြပါ သည်။ သို့တိုင်
ဘာမှသင်မပေးထားသော အိန္ဒိယကုလားကလေးတစ်ချို့က သေသေချာချာသင်ပေးထားသော မြန်မာကလေးများထက်
အမှတ်ပိုများတာ တွေ့ရပါသေးသည်။
ထို့နောက် welder များကို လက်တွေ့စစ်ရန် ၀ပ်ရှော့သို့ခေါ်သွားသည်။ ဖြတ်တာတောက်တာ၊
ဂဟေဆော်တာ စသည်တို့လုပ်ရန် ကျွန်တော်က နဂိုကတည်းက ပစ္စည်းများပြင်ခိုင်းထားသည်။ ထို့ပြင်
သေချာစေရန် နေ့ခင်းပိုင်းကတည်းက ကျွန်တော့်လူများကိုလွှတ်ကာ ဂဟေစက်များကို သွားရောက်စစ်ဆေး
ပြင်ဆင်ထားစေပါသည်။
ညနေပိုင်းတွင်
ကနေဒါမှ စစ်ဆေးသူများအပါအ၀င် ဦးဝင်းအောင်ကျော်၊ ဒေါ်ဌေးဌေးယုစံ စသော အေးဂျင့်များပါလာကာ
ဂဟေဆော်ခြင်း၊ ဖြတ်တောက်ခြင်းများ စစ်ဆေးပါသည်။ ဘာပြဿနာမှမရှိ။ အားလုံးချောချောမောမောပင်
ဖြစ်၏။ ပြဿနာက စာမေးပွဲ စစ်ပြီးမှ စသည်။
အားလုံးပြန်ကြရန်ပြင်တော့မှ
လာဖြေကြသူများက ကျွန်တော်တို့ ၀ပ်ပါမစ်တွေ ဟိုတရုတ်အဖိုးကြီးက အကုန်သိမ်းထားတယ် ဆို၏။
ကျွန်တော်လည်း ဒေါပွလျှက် မင်းဘာကြောင့်သူတို့ ၀ပ်ပါမစ်တွေ သိမ်းထားရသလဲ ဟု ရန်ထောင်၏။
ထိုအခါကျမှ အဘိုးကြီးက ဘီလ်စာရွက်ထုတ်ပေးကာ မင်း၊ ဒီပိုက်ဆံအကုန်ရှင်းပေးရင် ငါပြန်ပေးမှာပေါ့ကွာဟု
မထီလေးစားဆိုသတည်း။
ဟိုက်၊
ရှာလပတ်ရည်။ ကျွန်တော်သူနှင့် ဈေးစကားပြောတုံးက တစ်ယောက်ကို ဘယ်လောက်၊ နှစ်နာရီကြာမည်
စသဖြင့် သေသေချာချာ ပြောထားတာ ဖြစ်သော်လည်း သူက သူ့ပစ္စည်းများကို ကျွန်တော့်လူများလွှတ်ပြင်ခိုင်းချိန်က
စမှတ်ထားပြီး လာသမျှ လူုဦးရေကို စရောက်သည့်နာရီဖြင့်မြှောက်ထားသည်ဖြစ်ရာ စုစုပေါင်း
စင်ကာပူဒေါ်လာ ၃၈၀၀ ကျသည်ဟု ရေးထားပါသည်။ ကျွန်တော်က ပြောထားသည့်ဈေးနှုံးအတိုင်းမဟုတ်သဖြင့်
ငြင်းသော်လည်း သူက ‘မင်းပြောတာ စာမေးပွဲဖြေဘို့ပဲ၊
ဒါတွေကြိုပြင်ဘို့မပါဘူး။ မင်းလူတွေ ငါ့ပစ္စည်းတွေကိုင်တယ်ဆိုကတည်းက ငါ့ဝပ်ရှော့ကို
မင်းတို့သုံးတာပဲ။ အဲဒီတော့ အဲဒီအတွက်ငါတောင်းတာပဲ’ ဟု ဆို၏။ ‘မင်းဝပ်ရှော့ကို
လာပြင်တယ်ဆိုတာ ဟုတ်ပါပြီ။ ဒါပေမဲ့ မင်းတောင်းထားတာက စာမေးပွဲဖြေတဲ့နှုံးအတိုင်း တောင်းထားတာပါလား။
မင်းပစ္စည်းတွေကို အဆင်သင့်ဖြစ်အောင် ငါတို့လာလုပ်တာ။ ဘာတစ်ခုမှ မသုံးရသေးဘဲနဲ့ ဘယ့်နဲ့လုပ်
ဒီဈေးပေးနိုင်မလဲ’ ဆိုသော်လည်း မရပါ။
အတင်းငြင်း နေ၏။ သူက အလုပ်သမားများ၏ ၀ပ်ပါမစ်များကိုသိမ်းထားကာ ချည်ပြီးတုပ်ပြီး အပိုင်ကိုင်ခြင်း
ဖြစ်သည်။ ဒါမျိုးလုပ်စားလာတာ ဘယ်နှစ်ခါရှိပြီမသိ။
ထိုအချိန်၌
မလှမ်းမကမ်းတွင် ဦးဝင်းအောင်ကျော် ရှိနေပါသည်။ ထို့ကြောင့် ကျွန်တော်လည်း စစ်ကူလေးများ
ရလိုရငြား သူ့ဆီသွားကာ ဒီမှာဦးဝင်းအောင်ကျော်၊
ဒီလိုဒီလိုတော့ ဖြစ်နေပြီ၊ ဒါ ဒီတရုတ် သက်သက်ညစ်တာ ဟု ပြောပြလေသော် အင်မတန် ချစ်စရာ
ကောင်းလှပါသော ၎င်းက မည်သို့ ပြန်ပြောသည်ထင်ပါသနည်း။
ဒါ ခင်ဗျားလုပ်ထားတာလေဗျာ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး
ဟု မျက်နှာထိ၊ မျက်နှာထားကြီးနှင့် ပြန်ပြောလေ၏။ ကျွန်တော့်ရင်ထဲ ဒိန်းကနဲ အလုံးတစ်လုံး
တက်ဆောင့်၏။ ရင်ထဲ၌ပင် တောက်တစ်ချက် ပြင်းစွာခေါက်ကာ ဘယ်သူ့ကို ဘာမှ မပြောတော့ဘဲ တရုတ်ကို
ကိုင်း၊ မင်းငါနဲ့လိုက်ခဲ့ ဟု ခေါ်ကာ တက္ကစီငှားလျှက် အိမ်ပြန်ခဲ့သည်။ ၀ပ်ပါမစ်များလည်း
ယူခိုင်းခဲ့၏။ ကိုစောထွန်းမြတ်ကိုလည်း အတူလိုက် လာရန်ခေါ်ခဲ့ကာ အိမ်ရောက်သော် သူတောင်းသလောက်
ချက်လက်မှတ်ရေးပေးလိုက်၏။ ထိုအခါမှ သူလည်း ၀ပ်ပါမစ်များအားလုံးကို ပြန်ပေးသည်။ ကျွန်တော်လည်း
ဝပ်ပါမစ်များကို စုံမစုံစစ်ဆေးပြီး ကိုစောထွန်းမြတ်ကိုပင် တက္ကစီနှင့် ၀ပ်ရှော့သို့ပြန်လွှတ်လိုက်ရသည်။
ဝပ်ရှော့တွင် စာမေးပွဲလာဖြေသူအားလုံး ၀ပ်ပါမစ်ပြန်ယူရန် စောင့်နေသည်မဟုတ်လား။
ထိုညတွင်
ကျွန်တော့်မှာ ကီလို ၄၀၀၀ မာရသွန်ပြေးလိုက်ရသူပမာ အလွန်ပင်ပန်းနွမ်းနယ်လျှက် ခြေကုန်လက်ပမ်းလည်းကျ၊
စိတ်ဓါတ်များလည်းကျကာ ဘာမှမလုပ်တော့ဘဲ စိတ်ညစ်ညစ်ဖြင့် အိပ်လိုက်ပါတော့သည်။ ချွေးတွေသံတွေနှင့်
ညစ်ပတ်၊ နံစော်လျှက် ရှိသော်လည်း ရေတောင်မချိုးမိဟု ထင်ပါသည်။ သည် ကနေဒါသို့ လူပို့သည့်ကိစ္စ
စလုပ်ပါပြီ ဆိုကတည်းက ကျွန်တော့်မှာ အိတ်စိုက်ချည်း ဖြစ်သည်။ ယခုထိ ပိုက်ဆံတစ်ပြားမှ
မရသေး။ သို့သော် ယခုတစ်ခါစိုက်လိုက်ရသည်ကတော့ အတော့်ကို အီစလံဝေအောင် စိုက်လိုက်ရခြင်း
ဖြစ်သည်။ သည်ကတည်းက ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ကာ နောင်တများလည်း အတော်ရသွားပါတော့၏။
ပြောရမည်ဆိုလျှင်
သည်လိုနှင့် ကျွန်တော့်ဘက်က ခံရတာ သည်တစ်ကြိမ်တည်း မဟုတ်ပါ။ ဟိုးငယ်စဉ်၊ ကျောင်းပြီးစ
အလုပ်မရှိ၍ အိမ်၌ရှိသမျှ ရွှေတိုငွေစကလေးများရောင်းကာ ဗီဒီယိုထောင်၊ ပြစားစဉ်ကလည်း သည်လိုပင်ဖြစ်ပါသည်။
ဗီဒီယို ကန်ထရိုက် ဆွဲပြပြီး ပိုက်ဆံမရှင်း၊ တစ်နေ့ပေးနိုး၊ တစ်နေ့ပေးနိုးနှင့် နောက်ဆုံး
မတောင်းဘဲထားလိုက်ရတော့သည်ထိ ဖြစ်၏။ သိပ်မကြာခင် နှစ်များကလည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက
သူတို့ စက်ဝယ်တာ ပိုက်ဆံမလောက်သဖြင့် ကျွန်တော့်အား ခေတ္တစိုက်ထားပေးရန် ပြောပါသည်။
ကျွန်တော်ကလည်း အတိုးတောင်းကာ စိုက်ပေးလိုက်၏။ သို့သော် ပိုက်ဆံတကယ်ပြန်ဆပ်တော့ အမေရိကန်ဒေါ်လာ
ဈေးကွက်ပျက်ပြီး ငွေလဲနှုံးများ အကြီးအကျယ်ကျဆင်းသွားရာ ကျွန်တော့်မှာ သူတို့ပေးသော
အတိုး ၃၀၀၀ ရသည့်တိုင် စင်းဒေါ်လာ ၇၀၀၀ ခန့် ဆုံးရှုံးသွားပါသည်။ ကျွန်တော် ချမ်သာသူမဟုတ်ပါ။
သည်ပိုက်ဆံများမှာ အိမ်ဝယ်ရန် စုထားသော ပိုက်ဆံများဖြစ်ရာ သည်လိုဆုံးရှုံး သွားတော့
အိမ်ဘိုးပေးချေရာတွင် အနှောင့်အယှက်ဖြစ်ပါသည်။
သို့သော်လည်း
ဘာတတ်နိုင်မလဲကွာ၊ ကံပေါ့ ဟု စိတ်ကိုဖြေကာ မေ့ဖျောက်ထားရပါသည်။ စိတ်ညစ်နေလို့လည်း သည်ပိုက်ဆံ
ပြန်ရလာစရာအကြောင်း မရှိပါ။
၂၀၀၆ ခုနှစ်၏
တစ်နေ့သော နေ့ခင်း။ အလုပ်ထဲ၌ ဘာမှလုပ်စရာမရှိသဖြင့် ငိုက်မျဉ်းနေစဉ် ကိုမြင့်သိန်းထံမှ
ဖုံးမက်ဆေ့ခ်ျ ၀င်လာ ၏။ မြန်မာအိမ်ဖော်မိန်းကလေးတစ်ဦး သူ့အလုပ်ရှင် မတရားလုပ်သဖြင့်
ထွက်ပြေးလာသည်။ ယခု သီလရှင်ကျောင်း၌ နေနေသည်။ အဲဒါ ရဲတိုင်ချင်လို့ လိုက်လုပ်ပေးစမ်းပါ
စသဖြင့် ဖြစ်၏။
ပြောရလျှင်
ကိုမြင့်သိန်းကြောင့် ကျွန်တော် ချောက်ကျခဲ့ရပေါင်း မနည်းတော့ပါ။ သူကအချွန်နှင့်တွန်းပေး။
ကျွန်တော်က အဟုတ် မှတ်လို့ သွားလုပ်ပေး။ နောက် ဒုက္ခနှင့်တွေ့။ သူကတော့ အင်မတန်ပါးနပ်လှသူဖြစ်၏။
အခြေအနေဟန်ပုံမပေါ်လျှင် အသာလစ်ထွက်သွား တတ်သူ ဖြစ်သည်။ ယခင်အခေါက် မြန်မာပြည်ပြန်စဉ်က
သူပေးလိုက်သော ဒီဗီဒီပလေယာကြီးကြောင့် ကာစတန်အမျိုးသမီးနှင့် အခြေအတင် စကားပြောခဲ့ရပြီ။
သည်လိုကိစ္စမျိုးဆိုလျှင်
ဆရာကြီးလုပ်ကာ ကယ်တင်ရှင်လုပ်တတ်သူ ကျွန်တော်ကား ဘာဖြစ်မလဲဆိုတာ ရှေ့ရေးနောက်ရေး စဉ်းစားတွက်ဆမနေဘဲ
မန်နေဂျာကို မြန်မာမိန်းကလေးတစ်ယောက် ဒုက္ခရောက်နေလို့တဲ့၊ ငါ ရဲစခန်းခဏသွားလိုက်ဦးမယ်
ဟု ပြောခဲ့ကာ ထွက်လာခဲ့၏။ ထို့နောက် ထိုအမျိုးသမီးရှိရာ ဆီရန်ဂုံးမှ သီလရှင်ကျောင်းသို့သွား၊
နောက် သူနှင့်အတူ ရဲစခန်းသို့သွားကြသည်။ ကိုမြင့်သိန်း ကတော့ အလုပ်ရှိသေးလို့ ဆိုကာ
ပြန်သွားပါသည်။ အောင်မယ်ဗျာ၊ အလုပ်ထဲကထွက်လာတဲ့ ကျွန်ုပ်ကိုတော့ နည်းနည်းကလေးမှ အားမနာ၊
လျှာမကျိုး။ သူက အလုပ်ရှိတယ်ဆိုပြီး သည်အမျိုးသမီးကို ကျွန်တော့်လက်ထဲ ၀ကွက်အပ်လျှက်
လက်လွတ်စပယ် ထွက်သွားတာ ဖြစ်၏။
ထိုအမျိုးသမီးက
ဖြစ်ကြောင်းရယ်ကုန်စင်ကို နတ်သံနှောကာ ပြောပါသည်။ အိမ်ရှင်အမျိုးသမီးက သူ့ကိုနှိပ်စက်ပုံ၊
ဘယ်လို အလုပ်လုပ်ရပုံ၊ ပါးနားအရိုက်ခံရပုံ၊ ကလေးများက မည်ကဲ့သို့အနိုင်ကျင့်ပုံ စသည်တို့
ဖြစ်ပါ၏။
ပထမ နီးရာရဲစခန်းတစ်ခုသို့သွားသည်။
သို့သော် သူတို့က သည်ကိစ္စကိုင်တွယ်သည့် ရုံးချုပ်ရှိရာသို့ လွှတ်လိုက်သည်။ ကျွန်တော်
တို့ ရဲစခန်းရုံးချုပ်ရောက်သော် အမှုစစ်အရာရှိများ မအားသေးသောကြောင့် အကြာကြီးစောင့်နေရသည်။
အလုပ်ပြန်ဝင်ရန် အချိန်မရှိတော့ သည်နှင့် ရုံးသို့ဖုံးဆက်ကာ ယခုရဲစခန်း၌ အမှုမပြတ်သေးသဖြင့်
ကျွန်တော်ဒီနေ့ပြန်လာနိုင်မည်မဟုတ်ကြောင်း လှမ်းအကြောင်းကြား ရပါသည်။ ရုံးကလည်း No
problem ဟု ဆိုပါသည်။
အတော်ကြာတော့မှ
အမှုစစ်အရာရှိတစ်ယောက် ရောက်လာကာ ကျွန်တော်တို့ကို အခန်းတစ်ခုတွင်းသို့ ခေါ်သွား၏။ အခန်းမှာ
အမှုစစ်ရန် အထူးတည်ဆောက်ထားသည်ဖြစ်ရာ အခန်းတွင်း ၀င်လိုက်သည်နှင့် မဟုတ်တာလုပ်ထားသူဖြစ်လျှင်
အမှန်ကို မပြောဘဲ မနေရဲ လောက်အောင် ချောက်ခြားစရာ ဖြစ်ပါသည်။ အခန်းကလေးမှာ လူ ၃ - ၎
ယောက်မျှသာ ဆန့်လောက်သည့် အခန်းကျဉ်းကလေး ဖြစ်သည်။ ပြတင်းပေါက်မရှိ။ အလုံပိတ်ဖြစ်၏။
အမိုးကမူ အမြင့်ကြီး ဖြစ်သည်။ သို့အတွက် အခန်းတွင်းဝင်လိုက်သည်နှင့် ထွက်ပေါက် အားလုံး
ပိတ်ထားလိုက်သကဲ့သို့ စိတ်အလွန်ကျဉ်းကြပ်စွာ ခံစားရပါသည်။
အခန်းထဲတွင်
စားပွဲငယ်တစ်လုံး၊ ကုလားထိုင် သုံးခု။ သည်မျှသာရှိသည်။ အခြား အသုံးအဆောင်ပစ္စည်း ဘာမှ
မရှိ။ အမှုစစ် အရာရှိက စားပွဲ၏ တစ်ဖက်တွင်ထိုင်လျှက် အိတ်ဆောင်မှတ်စုကိုထုတ်ကာ မေးခွန်းများမေးပါသည်။
ရဲက မေးတာကို ကျွန်တော်က ဟို အမျိုးသမီးအား ဘာသာပြန်ပြ။ ဟို အမျိုးသမီးပြန်ဖြေတာကို
ရဲအရာရှိသို့ ပြန်ပြော။
သိပ်တော့မကြာလှပါ။
မိနစ် ၂၀ လောက်ပဲကြာသည်ထင်ပါသည်။ နောက်တော့ ရဲအရာရှိက ကဲ၊ ဒီတော့မင်းဘာဖြစ်ချင်သလဲ
ဟု မေး၏။ မင်းဖြစ်ချင်တာ ငါတို့လုပ်ပေးမယ် ဟု ဆို၏။ အလုပ်ရှင်ဆီပြန်သွားချင်သလား၊ မြန်မာပြည်ပြန်ချင်သလား
ဟု ပြော၏။
သည်လိုဆိုတော့လည်း
ကောင်မလေး (အဲလေ၊ ကောင်မလေးဆိုရလောက်အောင်လည်း မငယ်တော့ပါဘူး) မှာ တွေတွေဝေေ၀၊ ဘာလုပ်ရမလဲ
မဆုံးဖြတ်နိုင်။ ကျွန်တော်က သူဆုံးဖြတ်နိုင်အောင် အကျိုးအကြောင်း ဆက်စပ်ပြသည်။ စင်ကာပူတွင်
ဆက်လုပ်လျှင် ရမည့် ကောင်းကျိုး၊ ဆိုးပြစ်။ မြန်မာပြည် ပြန်လျှင် ရမည့် ကောင်းကျိုး၊
မကောင်းကျိုး။ နောက်တော့ သူ ခေါင်းမော့လာကာ မျက်ရည်စများနှင့် ကျွန်တော့်ကို အားကိုးတကြီးကြည့်လျှက်
အိမ်ပြန်ချင်တယ် ဟု ဆိုလာပါသည်။
ကျွန်တော်ကလည်း
သူပြောသလို သူအိမ်ပြန်ချင်တယ် ဆိုသည့်အကြောင်း ရဲအရာရှိသို့ ပြောပြလိုက်ပါသည်။ ထိုအခါ
ရဲအရာရှိက သူ့အေးဂျင့်သို့ ဖုံးဆက်သည်။ သူ့အေးဂျင့်၏ ကိုယ်စားလှယ်တစ်ယောက် ရောက်လာသောအခါ
သူ့ကို ကောင်းကောင်းထားဘို့၊ မြန်မာပြည် သို့ ကောင်းကောင်းမွန်မွန် ပြန်ပို့ဘို့ ပြောပြီး
အေးဂျင့်လက်ထဲ လွှဲအပ်လိုက်သည်။
ရဲအရာရှိက
မင်းမပူပါနဲ့ကွာ။ သူ့ကို တစ်စုံတစ်ခုလုပ်ရင် ငါတို့ဆီဖုံးဆက်လိုက်ပါ ဟု ဆိုလေသည်။ သည်အခါမှ
ကျွန်ုပ်လည်း စိတ်အေးလက်အေး ပြန်ခဲ့သည်။ သို့သော် အကုသိုလ် အကောင်လိုက်ဝင်ချင်တော့
ကျွန်တော့်မှာ အိမ်ပြန်အလာ ရထားပေါ်တွင် အင်း၊ ငါတို့ဆီ အားကိုးတကြီး အကူအညီလာတောင်းကာမှ
သူတို့လက်ထဲ ပြန်ရောက်ရတယ် ဟု စိတ်မချ၊ လက်မချဖြစ်ကာ Outram Park MRT မှ နောက်ကြောင်းပြန်လှည့်ကာ
သူ့ကိုခေါ်သွားသော အေးဂျင့်ရုံးခန်းသို့ လိုက်သွား၏။ အေးဂျင့်မှာ ဘရာ့စ်ဘာစာ ကွန်ပလက်စ်
(Bras Basah Complex) တွင်ရှိသည်။
အေးဂျင့်အမျိုးသမီးမှာ
ဖောက်သည်များနှင့် စကားပြောနေသည်ဖြစ်ရာ တော်တော်နှင့်ထွက်မလာ။ ကျွန်တော်စောင့်နေရသည်မှာ
နာရီဝက် ကျော်ကြာပါသည်။ ထွက်လာတော့ ဟော့ရှော့။ ရင်သားတစ်ဝက်ဖော်ထားသော အင်္ကျီနှင့်၊ ပေါင်းရင်းရောက်နေသော
မီနီစကတ် နှင့်။ ကျွန်တော်က သူ့ကို ရန်ထောင်ရန် အစက မောင်းတင်ထားသော်လည်း သူ့ကို စောင့်နေရတာ
နာရီဝက်ကျော်ကြာသည်ဆိုတော့ ဒေါသ များ ပြေတန်သလောက် ပြေသွားပြီ။ နောက်ပြီး တစ်နေ့ခင်းလုံးသွားလာ၊
ပြောဆိုနေရတာ ဆိုတော့ ပင်လည်းပင်ပန်းလှပြီ။
သူက ကျွန်တော်ဘာလို့လာမှန်း
အတတ်သိသည့်အလား ကျွန်တော်ရှိရာသို့ တန်းတန်းမတ်မတ် ကြွတော်မူလာလျှက် ကက်ကက်လန်အောင် ရန်ထောင်ပါတော့သည်။ ပထမ ဒီကောင်မလေးကို
ကျွန်တော်က ခေါ်ထုတ်သွားသည့်ပုံမျိုး၊ ကျွန်တော့်ထံ လိုက်အိပ်ပုံမျိုး စွပ်စွဲပါသည်။
ထို့နောက်တော့ အပျိုမဟုတ်ပါဘဲလျှက် အပျိုဟုညာသည် ဆိုသည့်အကြောင်း၊ မလုပ်တတ်ပါဘဲလျှက်
လုပ်တတ်သည်ဟု ညာသည့်အကြောင်း ဘာဖြစ်ကြောင်း ညာဖြစ်ကြောင်း တစ်သီကြီး ရေပက်မ၀င်အောင်
ပြောလေသောအခါ ဘာပြော လိုက်မဟဲ့၊ ညာပြောလိုက်မဟဲ့ ဟု မောင်းတင်သွားသော ကျွန်တော့်မှာ
ဠင်းတကြီး ဇက်လိမ်ထားသလို ဖြစ်နေပါတော့၏။ သူပြောပြီး အတော်မောသွားသောအခါ ကျွန်တော့်မှာ
ပြောစရာစကား မရှိတော့ပြီဖြစ်ရကား မင်းသူ့ကိုကောင်းကောင်းစောင့်ရှောက်ပြီး ပြန်ပို့လိုက်ပါ
ဟု ပြောကာ ပြန်မည်ပြု၏။ သဟာတောင် မယ်မင်းကြီးမက ငါ သူ့ကို စောင့်ရှောက်ရအောင် ငါက သူ့အမေမို့လား ဟု ပြန်တုတ်လိုက်ပါ သေးသည်။
ထို့နောက် ကျွန်တော့်အိုင်စီကို အတင်းတောင်းကာ ကော်ပီကူးယူထားလိုက်သည်။
ရန်အတွေ့ခံလိုက်ရတော့မှ
ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နှင့် အိမ်ကို ပြန်ခဲ့တော့သည်။ အမှန်မှာ ရဲကစီစဉ်ပေးပြီးသည့်
နောက် ဘာကိစ္စ ကျွန်တော်ထပ်လိုက်သွားစရာ လိုပါတော့သနည်း။ ခုတော့ မနေနိုင်မထိုင်နိုင်
လျှာရှည်မိသည့်အတွက် ရန်တွေ့ခံရခြင်း ဖြစ်၏။ မည်မျှမိုက်မဲသော ကျွန်ုပ်ပါနည်း။ ကျွန်တော်
အိမ်ကို ည ၁၁ နာရီလောက်မှ ပြန်ရောက်သည်။ လူရောစိတ်ပါ အလွန်ပင်ပန်းနေပြီ ဖြစ်၏။ မူရင်း
အစထောင်ပေးသူ ကိုမြင့်သိန်းမှာ ခုအချိန်လောက်ဆို တစ်ခေါခေါနှင့် စိတ်အေးလက်အေး နှပ်နေလောက်ပြီ
ဖြစ်ပါသည်။
ထို့ကြောင့်ပင် အထက်၌ဆိုခဲ့သလို ကျွန်တော့်ထက်စုံသူပင် ကျွန်တော့်လောက်စုံမည်မဟုတ်ဟု
ဆိုခဲ့ခြင်း ဖြစ်ပါသတည်း။
၁၅-၇-၂၀၁၂၊ ညနေ ၃း၅၂ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Email: y_nyein@yahoo.com.sg, aye475@gmail.com
Tel: 97303027
http://shwenyein.blogspot.com
No comments:
Post a Comment