မြန်မာပြက္ခဒိန်အကြောင်း
လေ့လာလျှင် “လ” များအကြောင်း သေသေချာချာ သိထားရန် လိုပါသည်။ ဤတွင် ရည်ညွှန်းမည့် “လ”
မှာ ကောင်းကင်မှ လ မဟုတ်။ တန်ခူး၊ ကဆုန်၊ ဇန္န၀ါရီ၊ ဖေဖော်ဝါရီ အစရှိသော ပြက္ခဒိန်သုံး
လ များ ဖြစ်ပါသည်။
လူတို့သုံးနှုံးနေသော
လ သို့မဟုတ် ပြက္ခဒိန်၌ ဖော်ပြထားသော လ ကို ဝေါဟာရမာသ ဟု ခေါ်၏။ ဝေါဟာရမာသ များမှာ တန်ခူးလ
အစ တပေါင်းလ အဆုံးဖြစ်ပါသည်။ ဝေါဟာရနှစ်တစ်နှစ်သည် တန်ခူးလဆန်း ၁ ရက်နေ့တွင် စတင်ပြီး
တပေါင်းလကွယ်နေ့တွင် ဆုံးသည်။ သို့သော်လည်း ဤလများမှာ လက်တွေ့ပြက္ခဒိန်ထဲ၌ ဖော်ပြထားသည့်လနှင့်
အနည်းငယ် ကွာသည်။
အဘယ်ကဲ့သို့ကွာသနည်းဟူမူ
ပြက္ခဒိန်ထဲမှ မြန်မာနှစ်တစ်နှစ်၏ အစသည် တန်ခူးလဆန်းတစ်ရက်နေ့မဟုတ်။ သက္ကရာဇ်နှစ်တစ်နှစ်သည်
နှစ်ဆန်းတစ်ရက်နေ့ (သင်္ကြန်အတက်နေ့၏ နောက်တစ်ရက်) တွင် စသည်။ နောက်လာမည့် သင်္ကြန်အတက်နေ့သည်
ထိုနှစ်၏ နောက်ဆုံးရက်ဖြစ်၏။
ဥပမာပြရလျှင် မြန်မာသက္ကရာဇ် ၁၃၆၄
ခုနှစ်သည် တန်ခူးလဆန်း ၅ ရက်နေ့မှစကာ နောက်တန်ခူးလပြည့်နေ့တွင် ဆုံး၏။ ၁၃၆၅ ခုနှစ်သည်
ထိုတန်ခူးလပြည့်၏ နောက်တစ်ရက် တန်ခူးလပြည့်ကျော် ၁ ရက်နေ့မှ စတင်ပြန်သည်။
သို့သော်လည်း ၁၃၆၄ ခုနှစ်၏ပြက္ခဒိန်ကို
စီစဉ်ရာတွင် ပထမလကို တန်ခူးလဆန်း ၅ ရက်နေ့မှစကာ ကဆုန်လဆန်း ၄ ရက် နေ့ထိ၊ ဒုတိယလကို
ကဆုန်လဆန်း ၅ ရက်မှ စကာ နယုန်လဆန်း ၅ ရက်နေ့ထိ စသည်ဖြင့် စီစဉ်ရန်မှာ လက်တွေ့ မဆန်လှချေ။
မြန်မာဝေါဟာရလအနေနှင့် တန်ခူးလ၊ ကဆုန်လ စသဖြင့် စီစဉ်နိုင်သည်။ သို့သော်လည်း ပြက္ခဒိန်ထုတ်ဝေရာ
တွင် ပုံနှိပ်တိုက်များသည် မြန်မာလသုံးကာ တန်ခူး၊ ကဆုန် စသဖြင့်ပုံမနှိပ်ကြဘဲ အင်္ဂလိပ်ပြက္ခဒိန်
လများအလိုက် ဇန္န၀ါရီ၊ ဖေဖော်ဝါရီ စသဖြင့်သာ ပုံနှိပ်ပြီး ထို အင်္ဂလိပ်ပြက္ခဒိန်ထဲတွင်သာ
မြန်မာနေ့ရက်များကို ဖော်ပြကြသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနေ့ရက်များကို ကျေးလက်တောရွာများတွင်သာသုံးပြီး
ရုံးပြင်ကနားနှင့် အစိုးရကိစ္စများဆောင်ရွက်ရာတွင် အင်္ဂလိပ်နေ့ရက်များကိုသာ အသုံးများသောကြောင့်
ဖြစ်၏။
ထို့ကြောင့် မြန်မာနှစ်တစ်နှစ်ကို
ရှာမည်ဆိုလျှင် ပြက္ခဒိန်တစ်ခုတည်းနှင့် မလုံလောက်ချေ။ ဥပမာ ၁၃၆၄ ခုနှစ်၏ နေ့ရက်များကို
သိလိုပါက ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ် ပြက္ခဒိန်နှစ်ခုလိုမည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၂
ခုနှစ်ပြက္ခဒိန် တွင် ၁၃၆၃ နှင့် ၁၃၆၄ ဟု ၂ နှစ်ခွ ပါနေပြီး ၂၀၀၃ ခုနှစ်ပြက္ခဒိန်တွင်
၁၃၆၄ နှင့် ၁၃၆၅ ဟု ၂ နှစ်ခွ ပါနေပြန်သောကြောင့် ဖြစ်၏။
ပို၍ တိကျစွာဆိုရလျှင် ၂၀၀၂ ခုနှစ်
ဇန္န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ နှင့် ဧပြီလ ၁၆ ရက်နေ့ထိသည် ၁၃၆၃ ဖြစ်၏။ ၂၀၀၂ ခုနှစ် ဧပြီလ
၁၇ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ထိသည် ၁၃၆၄ ခုနှစ်ဖြစ်သည်။ ၂၀၀၃ ခုနှစ် ဇန္န၀ါရီ၊ ဖေဖော်ဝါရီ၊
မတ်လ နှင့် ဧပြီလ ၁၆ ရက်နေ့ထိသည် ၁၃၆၄ ဖြစ်၏။ ၂၀၀၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှ ဒီဇင်ဘာ
၃၁ ထိသည် ၁၃၆၅ ခုနှစ်ဖြစ်သည်။
မြန်မာနှစ်များကိုဖော်ပြရာတွင်
ပြက္ခဒိန်ကိုထား၍ သင်္ကြန်စာ၌ပင် ၁၃၇၃ ခုနှစ်အတွက် သင်္ကြန်စာဟု ဖော်ပြပြီး သင်္ကြန်စာထဲတွင်
ဖော်ပြထားသော ပြက္ခဒိန်မှာမူ ၂၀၁၁ ခုနှစ်ဟု အင်္ဂလိပ်ပြက္ခဒိန်ဖြင့် ဖော်ပြပါသည်။ ထို့ကြောင့်
သင်္ကြန်စာ မှာ ၁၃၇၃ ခုနှစ်ဖြစ်လင့်ကစား ပြက္ခဒိန်မှာမူ ၁၃၇၂ တစ်ပိုင်း နှင့် ၁၃၇၃ တစ်ပိုင်း
ဖြစ်နေပါသည်။
ဝေါဟာရလများမှာ အောက်ပါအတိုင်း
ဖြစ်၏။
တန်ခူး
|
၂၉
|
ရက်မစုံ
|
သီတင်းကျွတ်
|
၂၉
|
ရက်မစုံ
|
|
ကဆုန်
|
၃၀
|
ရက်စုံ
|
တန်ဆောင်မုန်း
|
၃၀
|
ရက်စုံ
|
|
နယုန်
|
၂၉
|
ရက်မစုံ
|
နတ်တော်
|
၂၉
|
ရက်မစုံ
|
|
ဝါဆို
|
၃၀
|
ရက်စုံ
|
ပြာသို
|
၃၀
|
ရက်စုံ
|
|
ဝါခေါင်
|
၂၉
|
ရက်မစုံ
|
တပို့တွဲ
|
၂၉
|
ရက်မစုံ
|
|
တော်သလင်း
|
၃၀
|
ရက်စုံ
|
တပေါင်း
|
၃၀
|
ရက်စုံ
|
၁။ ၁၂၊ ၁၊ ၁။ ဝေါဟာရလများ၏ အဓိပ္ပါယ်
ဗဟုသုတအလို့ငှာ
အင်္ဂလိပ်လများကိုလည်း ထည့်သွင်းဖော်ပြလိုက်ပါသည်။
လအမည်
|
အဓိပ္ပါယ်
|
ဇန္န၀ါရီလ
|
မျက်နှာနှစ်ဖက်ရှိသော ကောင်းကင်ဘုံ၏ တံခါးဝကို စောင့်သည့်
ဂျေနပ် (Janus) နတ်ကို အစွဲပြု၍ ခေါ်သည်။
|
ဖေဖော်ဝါရီ
|
မူရင်းအမည် Februo မှလာသည်။ သန့်ရှင်းစင်ကြယ်ခြင်း ဟု အဓိပ္ပါယ်ရ၏။
|
မတ်
|
Mars အမည်ရှိ စစ်ကိုအစိုးရသော ရောမနတ်ကို အစွဲပြု၍ ခေါ်သည်။
|
ဧပြီ
|
Aperire မှလာသည်။ လက်တင်ဘာသာဖြစ်ပြီး ဖူးငုံရာမှ ပွင့်လာခြင်း
ဟု အဓိပ္ပါယ်ရသည်။
|
မေ
|
Maia ဟူသည့် သီးပင်စားပင်များကြီးထွားခြင်းကို အစိုးရသောရောမနတ်သမီးကို
စွဲ၍ခေါ်သည်။
|
ဇွန်
|
ဂျူပီတာနတ်မင်းကြီး၏ ကြင်ယာတော် Juno နတ်သမီးကို အစွဲပြု
ခေါ်ဝေါ်သည်။
|
ဇူလိုင်
|
မူလက ဤလကို ကွင်းတီးလစ်ဟု ခေါ်သည်။ နောက်မှ ယခင်ပြက္ခဒိန်ဟောင်းအား
ပြုပြင်ရေးဆွဲသူ Julius Caesar ကို ဂုဏ်ပြုကာ ဇူလိုင်ဟု ခေါ်ခြင်းဖြစ်သည်။
|
သြဂုတ်
|
မူလက ဤလကို ဆက္ကတီလစ်ဟု ခေါ်သည်။ နောက်မှ Augustus ကို ဂုဏ်ပြုကာ
သြဂုတ်လဟု ခေါ်ခြင်းဖြစ်သည်။
|
စက်တင်ဘာ
|
Septem မှလာပြီး လက်တင်ဘာသာဖြင့် ၇ (ခုနစ်) ဟု အဓိပ္ပါယ်ရသည်။
|
အောက်တိုဘာ
|
Octo မှလာပြီး လက်တင်ဘာသာဖြင့် ၈ (ရှစ်) ဟု အဓိပ္ပါယ်ရသည်။
|
နိုဝင်ဘာ
|
Novem မှလာပြီး လက်တင်ဘာသာဖြင့် ၉ (ကိုး) ဟု အဓိပ္ပါယ်ရသည်။
|
ဒီဇင်ဘာ
|
Decem မှလာပြီး လက်တင်ဘာသာဖြင့် ၁၀ (တစ်ဆယ်) ဟု အဓိပ္ပါယ်ရသည်။
|
မြန်မာလအမည်များကို
ဖော်ပြရာ၌ ဆရာမောင်ထင်၏ မြန်မာ့ ၁၂ လအကြောင်း စာအုပ်မှ ထုတ်နှုတ်ဖော်ပြလိုက် ပါသည်။
လအမည်
|
ပုဂံခေတ်နှင့်တကွ ရှေးခေတ်မှ ရေးထုံးများ
|
တန်ခူး
|
တန်ခူ၊ တန်းခူး၊ တာကူးလ၊
|
ကဆုန်
|
ကုဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်
|
နယုန်
|
နံယုန်၊ နံမျုန်
|
ဝါဆို
|
မယ်တာ၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ
|
ဝါခေါင်
|
နံကာ
|
တော်သလင်း
|
တော်သလင်
|
သီတင်းကျွတ်
|
သန်တူ၊ သန္တူ၊ သတင်းကျွတ်
|
တန်ဆောင်မုန်း
|
တန်ဆောင်မှုန်း
|
နတ်တော်
|
နတ်တော်
|
ပြာသို
|
ပ္လသိုဝ်၊ ပ္လာသိုဝ်၊ ပြသိုဝ်၊ ပြာသိုဝ်
|
တပို့တွဲ
|
တပိုတွယ်၊ တပိုအတွယ်
|
တပေါင်း
|
တပေါင်
|
တန်ခူးလကို
တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ ပျို့ကဗျာတို့၌ တာကူးလဟူ၍ ရေးသည်ကိုလည်း တွေ့ရ၏။
တာကူးဟူသော အရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းကို စွဲ၍ရေးသားကြောင်း
ဝေါဟာရလိနတ္ထဒီပနီကျမ်း ပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏
ဇာစ်မြစ်ကိုရှာဖွေ သူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟု ကြံဆကြ၏။
သို့ရာတွင်
ပုရံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသော အသုံးအနှုန်းနှင့်
တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပါယ်နှင့်သူ တခြားစီဖြစ်သည်ဟု ဆိုသည်။ “တာ” ဟူသည်
အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။
ထို့ကြောင့် “တာကူးလ” သည် “နှစ်ကူးသောလ” ဟု အဓိပ္ပါယ်ရသည် ဆို၏။ တန်ခူးဟူသော ဝေါဟာရ၌
“တန် (၀ါ) တန်း” သည် ပါဠိ ကာလနှင့်အနက်တူ သော “ထန်း” ဖြစ်သည်။ “ခူး” ကား “ဆွတ်ခူးသည်”
ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် တန်ခူးလ ဆိုသညမှာ ထန်းသီးဆွတ်ခူးသောလ ဟု မှတ်ယူရမည် ဆိုသည်။
ဤနည်းတူ တပို့တွဲ၊ တပေါင်း တည်း ဟူသော ဝေါဟာရတို့၌ ပါသော “တ” ပုဒ်ကို “ထန်း” မှ ပျက်လာသော
ပုဒ်ဟု ဆိုကြောင်းကို ရှေ့၌တွေ့ရဦးမည်။
ပုဂံကျောက်စာတို့တွင်
ကုဆုန်ဟူသော အရေးအပြင် ခူဆုန်၊ ခုဆုန် ဟူသော ကွဲလွဲချက်များတွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ်သည်။
“ကုဆုန်” ဟူသောစကား၌ “ကု” သည် “ရေ” ကိုဟော၏။ “ဆုန်” ကား “စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊
သွန်းလောင်းခြင်း” ကိုဟောသည်။ ကု မှ က သို့ ရွေ့လျောသည်။ အဓိပ္ပါယ်ကား ရေသွန်းလောင်းသောလ
ဟူ၏။
လှေသင်းအတွင်းဝန်ကမူ
ကဆုန်ကို ၀ိဂြိုဟ်ပြုသောအခါ “ဥဒကံ၊ ရေကို၊ ဆိန္ဒတိ၊ ဖြတ်တတ်၏” ဟု ဆို၍ ယင်းလကို ရေပြတ်သောလ
ဟု အဓိပ္ပါယ်ဖွင့်သည်။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို
ပဓာနပြု၍ ဖွဲ့ဆိုကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းလောင်းခြင်းပင်ဖြစ်သည်
ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည်။
နယုန်လဟူသော
ဝေါဟာရ၏အနက်ကို ကြံဆရာ၌ “နံ” သည် အချိန်ကာလကို ဟောသောပုဒ်ဖြစ်သည်။ “ယုန်” ဟူသော ဝေါဟာရ၏
ဇာစ်မြစ်ကို မြန်မာစကားနှင့် အနွယ်တူသော တိုင်းရင်းသားဘာသာစကားထဲတွင် လိုက်လံရှာဖွေကြည့်
သောအခါ “ယုန်” ဟူသည် မိုးကိုလည်းကောင်း၊ စီးဆင်းခြင်းကိုလည်းကောင်း ဟောသည်ကို တွေ့ရသည်။
ထို့ကြောင့် နယုန်လ ဟူသည် မိုးရွာသောလကို ဆိုလိုသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ “နရယုဂ”
မှ “နယုန်” ဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ ယုတ္တိမတန်ဟု ဦးဖိုးလတ်က ယူဆသည်။ “နရယုဂ” ၏ အဓိပ္ပါယ်မှာ
“ယောက်ျား၊ မိန်းမအစုံ” ဖြစ်၏။ သို့သော် နရယုဂသည် ပါဠိဘာသာစကားအရင်း မဟုတ်ချေ။
ဝါဆိုလဟူသောအမည်၌
ရှေးနှင့်နှောင်းပညာရှင်တို့ ၀ိဝါဒကွဲပြားခြင်း မရှိချေ။ “၀ါ” ဆိုသည်မှာ ပါဠိ “၀ါသ”
မှ တိုက်ရိုက်လာသောစကားဖြစ်၍ “နေခြင်း” ဟု အဓိပ္ပါယ်ရသည်။ “ဆို” ဟူသည်မှာ “ရွတ်ဆိုခြင်း”
အနက်ရသည်။ မိုးတွင်း သုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသောလကို ၀ါဆိုလဟု
ခေါ်သည်။
ပုဂံကျောက်စာအဦးပိုင်းတွင်
ဝါဆိုလကို
ဟူ၍လည်းကောင်း၊ “မြွယ်တာ” ဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်း တွင် “နွယ်တာ”
ဟူ၍လည်းကောင်း၊ “နွေတာ” ဟူ၍လည်းကောင်း ရေးလာကြသည်။ သို့သော်
သာလျှင် အရင်းခံစကားဖြစ်သည်။
ကား “လယ်ယာမိုးမြေ” ကိုဟောသည်။ “တာ” ကား “တိုင်းတာခြင်း” ပင် ဖြစ်သည်။ လယ်ယာမြေတို့ကို
တိုင်းတာသောလ ဟု အဓိပ္ပါယ်ရ၏။
ကျောက်စာတို့၌
ဝါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်းသည်။ ထို့ကြောင့် ၀ါခေါင်လကို ယခုခေတ်သုံး စကားနှင့်
ပင် ကြံဆ၍ ရနိုင်သည်။ “ခေါင်” ဟူသော ဝေါဟာရသည် “အထက်၊ အလယ်၊ ဗဟို၊ အတွင်း” ဟု အဓိပ္ပါယ်ရသည်။
ထို့ကြောင့်
“၀ါတွင်းသုံးလ၏ အလယ်” ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ ၀ါခေါင်လသည်
ဝါလယ်လပင် ဖြစ်၏။
လှေသင်းအတွင်းဝန်မင်းကမူ
“ခေါင်” ကို “မိုးခေါင်သည်” (မိုးမရွာ) ဟူသောအနက်ကဲ့သို့ကောက်ယူ၍ ၀ါခေါင် ဆိုသည်မှာ
ဝါမဆို၊ ၀ါမကပ်၊ ၀ါနှင့်ဝေးသည်ဟု အဓိပ္ပါယ်ရကြောင်း ဖွင့်ဆိုသည်။ ဤလ၌ ၀ါမကပ်ဟူသော သဘော
သက်ရောက်သည်။ စင်စစ် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ရဟန်းတော်တို့သည် ပစ္ဆိမ၀ါ ကပ်နိုင်သည်။
ဝါခေါင်လကို
ကျောက်စာများ၌ “နံကာ” ဟု အရေးများသည်။ “နံ” ဟူသည် “အချိန်ကာလ” ကိုပြသည်။ “ကာ” ကို ကြံဆသောအခါ
“လယ်လုပ်ငန်း” ဟု ပြဆိုသည်။ ထို့ကြောင့် “နံကာ” ဟူသည် “လယ်လုပ်ချိန်၊ လယ်ထွန်ချိန်နှင့်
ဆိုင်သော လ” ဟု အဓိပ္ပါယ်ရသည်။ ဝေါဟာရ လိနတ္ထဒီပနီ၌ကား “နံကာ” သည် နိက္ခမနိယ ဟူသော ပါဠိမှလာသည်
ဟု ဆိုသည်။ အဓိပ္ပါယ်မှာ “နေသည်အတွင်းခရီးမှ အပြင်ခရီးသို့ထွက်ခြင်း” ဟု ဖြစ်၏။ သို့သော်
ယုတ္တိမတန်လှပါ။
တော်သလင်း၏
ဇာစ်မြစ်ကို သက္ကတ၊ ပါဠိ ဘာသာစကားတို့၌ လိုက်ရှာရန်မလိုတော့ချေ။ မြန်မာစကားသက်သက် နှင့်ပင်
အဓိပ္ပါယ်ထွက်သည်။ “တော်” ဆိုသည်မှာ “မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊ အထက်ကောင်းကင်ဖြစ်သည်”
ဟူ၍ လည်းကောင်း၊ “သလင်း” ဆိုသည်မှာ “သာလင်း” မှလာ၍ “သာယာထွန်းလင်းသည်” ဟူသော အဓိပ္ပါယ်ရှိသည်ဟု
ကြံဆကြသည်။
သို့သော်
အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသော အရေးအသားကို ပျို့၊ ကဗျာများ၌ တွေ့ရပြန်သည်။
ယင်းကိုအချို့သောပညာရှင်တို့က “သစ်ဖောင်၊ ၀ါးဖောင်များစုန်ဆင်းသောလ” ဟု အဓိပ္ပါယ်ကောက်ကြ၏။
သို့ရာတွင် ဦးအောင်ကြီး၏ လူးတား၌ တိုင်လေးစင်၏ ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့
ခုန်ဆင်းသည့် ပျော်ပွဲသဘင်ကို အခိုင်အမာဖော်ပြထားခြင်းကြောင့် “ပန်းလုသဘင်၊ သစ်ဆင်းရင်”
သော ပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများက လက်ခံကြသည်။
သို့သော်
ဤအဆိုကို လှေသင်းအတွင်းဝန်မင်းက သဘောမတူသည့်အပြင် တော်သလင်း၏ ဇာစ်မြစ်ကို ကြံဆရာ၌
“ကောသိတုံအလံ” ဟူသောပါဠိမှ ဆင်းသက်၍ “တော်သလင်း” ဟူသောစကား
ဖြစ်လာသည်ဟု ဆို၏။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသီဟု ခေါ်သည်။ ကန်ရာသီကား ကညာကိုစွဲ၍
ခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကို နှစ်သက် စေတတ်သည်။ ယင်းသို့ ယောက်ျားကိုနှစ်သက်စေခြင်း
သဒ္ဒါသည် ပါဠိ၌ “တောသ” ဟူ၍လည်း ရှိသည်။ တောသ မှ တော်သလင်းသို့ ရွေ့လျားသည်ဟု လှေသင်းအတွင်းဝန်က
မိန့်ဆိုသည်။ သို့သော်လည်း ဤအဆိုမှာ အတွေးခေါင်လွန်း လှသည်။
သီတင်းကျွတ်လကို
ပုဂံကျောက်စာတို့၌ “သန်တူလ၊ သန္တူလ” ဟူ၍ ပြသည်။ သီတင်းကျွတ်ဟူသော ဝေါဟာရကို မတွေ့ရချေ။
အင်းဝခေတ်ကျောက်စာတို့တွင် သီတင်းကျွတ်ကို “သတင်းကျွတ်” ဟူ၍လည်း ရေးသားသည်။ လှေသင်းအတွင်း
ဝန်မင်းက “သတင်းကျွတ်လဟု ခေါ်ဆိုသည်မှာ ၀ါဆိုလပြည့်နေ့မှစ၍ သတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့အထိ
သတင်း ၀ါလ ကျွတ်သောကြောင့် ခေါ်သည်” ဟု ရေးသားခဲ့၏။ ယင်းကို ဦးဖိုးလတ်က ထောက်ခံ၍ “သတင်း”
ဟူသော ဝေါဟာရ၏ အနက်မှာ နေထိုင်ခြင်း ဖြစ်သည်။ ယင်းအနက်မှ “သီလကို ကျင့်သုံးဆောက်တည်နေထိုင်ခြင်း”
ဟူသော အနက်သို့ ထပ်မံရွေ့ လျောလာသည် ဟု ဆိုသည်။ ဤအနက်သည် ၀ါကျွတ်ဟူသော အနက်နှင့်လည်း
ကိုက်ညီသည်ဟု ဆိုသည်။
ရဟန်းတော်တို့ သီတင်းသုံးနေထိုင်ကြသည်မှာ
အကျင့်သီလနှင့်တကွ နေထိုင်ကြသည်ဖြစ်ရာ သီတင်းသုံးခြင်းကို စွဲယူခြင်းမပြုဘဲ သီလကိုစွဲယူခြင်းပြု၍
သီတင်းကျွတ်ဟူသော အရေးအသားကို ယခုအခါ အတည်ပြုလာကြသည်။
ပုဂံကျောက်စာတွင်ရေးသားသော “သန်တူ”
မှ “သန်” ကို “ကောက်ပင်” ဟု အဓိပ္ပါယ်ယူသည်။ “တူ” ကိုမူ မြန်မာ စကားနှင့်နှီးနွယ်သော
အခြားဘာသာစကားတို့မှ အရင်းအမြစ်ကိုလိုက်၍ “ထူသည်၊ ထောင်သည်၊ ပေါက်ပွားသည်” ဟူသော အနက်ကို
ယူသည်။ ထို့ကြောင့် “သန်တူလ” ဆိုသည်မှာ “ကောက်ပင်များထွက်၍ ထောင်မတ်လာသောလ” ဟု အဓိပ္ပါယ်
ရသည်။ လှေသင်းအတွင်းဝန်ကမူ “သန်” သည် “၀သန္တ” မှလာ၍ “မိုး” ကိုဟောသည်။ “တူ” ကား “တူရာသီ”
ကိုရည်ညွှန်း သည်။ အဓိပ္ပါယ်မှာ “၀သန္တဥတု၊ တူရာသီ” ဖြစ်သည်ဆို၏။ ဤအဆိုကို ဦးဖိုးလတ်က
လက်မခံချေ။
တန်ဆောင်မုန်းလကို
ရှေးက တန်ဆောင်မှုန်းဟု ရေးသားကြသည်မှာ မီးရှုးမီးတိုင်ထွန်းလင်းတောက်ပသည်ကို အကြောင်းပြု၍
ရေးသားကြသည်ဟု ဆိုသည်။ “တန်ဆောင်” ကား “မီးရှူးမီးတိုင်တို့မှပေးသော အလင်းရောင်” ဖြစ်သည်ကို
သိသာပါသည်။ မုန်း နှင့် မှုန်း ဝေါဟာရက အဘယ်သို့နည်း။ ဤအချက်ကို မြန်မာနှင့်နှီးနွယ်နေသော
ဘာသာစကားများနှင့် ညှိနှိုင်း၍ “မှုန်း” သည် “ထွန်းလင်းတောက်ပစေသည်” ဟု အဓိပ္ပါယ်ရကြောင်း
ဦးဖိုးလတ်က ဖွင့်ဆိုသည်။ ရှေးခေတ်၊ နှောင်းခေတ် အယူအဆများ အတူတူပင်ဖြစ်သည်။
နတ်တော်လကား
နတ်ကိုပူဇော်သောလပင်တည်း။ ဤ၌လည်း စကားဇာစ်မြစ်တို့ကို စစ်ဆေးရာတွင် ရှေးခေတ် နှင့်
နှောင်းခေတ် သဘောထားကွဲပြားသည်ကို မတွေ့ရချေ။ သို့ရာတွင် မည်သည့်နတ်ကို ကိုးကွယ်သည်
ဆိုရာ၌ အယူအဆ နှစ်မျိုးရှိသည်။
လှေသင်းအတွင်းဝန်က
နတ်တော်လတွင် မဟာပိန္နဲနတ်မင်းအား ပူဇော်ပသည်ဟု ပထမဆို၏။ တဖန် မဟာဂီရိ နတ်မောင်နှမအား
ပူဇော်ပသသည်ဟု ဒုတိယစကားကို ဆိုပြန်သည်။ ဤအချက်ကို ၀ိဝါဒကွဲပြားအောင် ဦးဖိုးလတ်က အောက်ပါအတိုင်း
ရှင်းပြသည်။
မင်းမဟာဂီရိနတ်မောင်နှမကို
ပူဇော်သည်ကား အရင်းခံဖြစ်သည်။ ယင်းသို့ပူဇော်သည့်အခါ လူတို့က နှစ်စဉ် ကြက်၊ ၀က်၊ ဆိတ်၊
နွားတို့၏ အသက်ဖြင့် သတ်ဖြတ်ပူဇော်လေ့ရှိသည်။ ဟံသာဝတီဆင်ဖြူရှင်လက်ထက်သို့ရောက်သောအခါ
ယင်းသို့ပူဇော်ခြင်းသည် သာသနာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဆိုကာ ပိတ်ပင်သည်။ ထိုအခါ မဟာပိန္နဲနတ်ကို
ရထားတင်ဆွဲ၍ ပူဇော်စေသည် ဟူ၍ ဖြစ်လေသည်။
ပြာသိုလ
ဟု အဘယ်ကြောင့်ခေါ်သနည်း။ အရင်းအမြစ်ကို စိစစ်သော် ပ္လသိုဝ် è ပ္လာသိုဝ် è ပြသိုဝ် è ပြာသိုဝ် စသည်ဖြင့် ပြာသို သို့ဆင်းသက်လာသည်ဟု
အလွယ်နှင့် ပြဆိုနိုင်သော်လည်း ထိုဝေါဟာရကို ဓာတ်ခွဲကြည့်ရာ၌မူ လွန်စွာ ခက်ခဲသည်။ “ပ္လာသိုဝ်”
၌ ပါသော “ပ္လာ” သဒ္ဒါကို မြန်မာနှင့်နွယ်တူသော ဘာသာစကားတို့တွင်လိုက်လံရှာဖွေရာ “ပျားဖယောင်း”
ဟူသော ပုဒ်ရင်းကို ရ၏။ “သို” ၏ အနက်ကား “သိုလှောင်ခြင်း” ဖြစ်သည်။ ထို့ကြောင့် “ပြသိုလ”
ဟူသည် “ပျားဖယောင်းကိုစု၍ အရဆုံးလ” ဟု အဓိပ္ပါယ်ရကြောင်း ဦးဖိုးလတ်က ဆိုသည်။
လှေသင်းအတွင်းဝန်မင်း၏
အလိုကား ပြာသိုလသည် သက္ကတ “ပေါသျှီ” မှလာသည်။ “ပေါသျှီ” ကား ဖုသျှနက္ခတ် ဖြစ်၏။ ပြာသိုလ၊
မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်၍ လပြည့်သည်ကို အကြောင်းပြုလျှက် ပြာသိုဟု ခေါ်ကြောင်း
ဖွင့်ဆိုသည်။
တပို့တွဲလဟူသော
ဝေါဟာရ၌ပါသည့် “တ” မှာ “ထန်း” ကို ဟောကြောင်းပြခဲ့ပြီ။ ဦးဖိုးလတ်က “တပို့” မှာ “ထန်းပို့”
ဖြစ်၍ ထန်းဖူး၊ ထန်းခိုင်ဟု အဓိပ္ပါယ်ရသည်။ “တွဲ” ကား မြန်မာစကားသက်သက် “တွဲကျခြင်း”
ကိုဟောသည်။ ထို့ကြောင့် တပို့တွဲလဟူသည် ထန်းဖူး၊ ထန်းခိုင်တို့ကို အောက်သို့တွဲကျအောင်ပြုလုပ်ခြင်းဖြစ်၍
“ထန်းရည်နင်းလ” ဟု အဓိပ္ပါယ် ရကြောင်း ဖွင့်ဆိုသည်။
ဝေါဟာရတ္ထပကာသနီကျမ်း၌
ဒုတိယကျော်အောင်စံထား ဆရာတော်က တပို့တွဲမှာ လယ်ယာလုပ်သားတို့ ထမ်းပိုးကို ဆွဲထားသာ်
ဟူသော အနက်မှလာသည်ဟု ဆိုသည်။ လှေသင်းအတွင်းဝန်ကမူ ဤအဆိုကိုပယ်၍ တပို့တွဲသည် ပါဠိ၊ သက္ကတ
၌ ရှိသော “ပူပန်ခြင်း” အနက်ရှိသည့် “တပါ” သဒ္ဒါမှလာသည် ဟူ၍လည်းကောင်း၊ “တပံသူရီယာ တပဌာနံ၊
ဓာဝယတိ၊ ပလာယတိ” ဟူသော ၀ိဂြိုဟ်ကိုထောက်ပြီး “တပဓာယ၀” ပုဒ်မှလာ၍ “နေပူရာ၊ နေရောင်ပျို့ရာ
အရပ်သို့ ပြေးသွား စေတတ်ခြင်း” ကို အစွဲပြု၍ ခေါ်သည်ဟူ၍လည်းကောင်း ဖွင့်ဆိုသည်။
ဒုတိယကျော်အောင်စံထား ဆရာတော်က ဝေါဟာရ၏ ဗျူပ္ပတ်ကိုရှာရာ၌
မြန်မာစကားသက်သက်ကို အခြေခံ၍ ကြံဆဘိသကဲ့သို့ လှေသင်းအတွင်းဝန်မင်းက သက္ကတနှင့် ပါဠိဂတိကိုလိုက်၍
ကြံဆလေသည်။
တပေါင်းလဟူသည်မှာ
“ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ” ဟု ဦးဖိုးလတ်က ဆိုသည်။ “တ” သဒ္ဒါကို သိကြပြီးဖြစ်သည်။
“ပေါင်း” ဟူသည်ကား မြန်မာစကားရိုးရိုး “ပေါင်းသည်၊ ကျိုသည်၊ ချက်သည်” ဟူ၍ အဓိပ္ပါယ်ရသည်။
လှေသင်းအတွင်းဝန်မင်းကမူ ပါဠိကိုလိုက်တတ်သည့်အတိုင်း “တပေါင်း” ဆိုသည်မှာ “တပသျှား”
မှလာ၍ “ပူပန်ခြင်း ကောင်းသောလ (ပြင်းထန်သောလ) ” ဖြစ်သည်ဟု ဆိုသည်။ ၀န်ကြီးပဒေသရာဇာ၏
ထန်းတက်သမားဘွဲ့၌ နွေဦးကာလ (တပေါင်းလ) တွင် ထန်းတက်၍ ထန်းရည်သိမ်းဆည်းပြီးလျှင် ထန်းလျက်ချက်သည်ကို
ဖွဲ့ဆိုထားသည်။ ဤသည်ကို ကောက်၍ “ထန်းချက်သောလ” ဟူသောအဆိုက ပို၍ယုတ္တိတန်သည်ဟု မှတ်ယူရန်
ရှိပါသည်။
စန္ဒြမာသနှင့်တိထီလ
အတူတူပင်ဖြစ်သည်။ စန္ဒြမာသ ဟူသည် စန္ဒြ = လမင်း + မာသ = လ။ လမင်းကိုမူတည်ယူ ထားသော လ
ဟု အဓိပ္ပါယ်ရသည်။ လမင်းကြီးကောင်းကင်တွင် လုံးဝကွယ်ပျောက်သွားချိန်မှ ပြန်ပေါ်လာကာ တစ်စတစ်စ
ပြည့်ဝန်းလာပြီး လုံးဝပြည့်သွားသည်ထိ ၁၅ ရက်ခန့်၊ ဤကဲ့သို့ပြည့်ဝန်းနေရာမှ ပြန်ဆုတ်သွားရာ
တဖြည်းဖြည်း လ၏အ၀န်း နည်းလာကာ နောက်ဆုံး လုံးဝကွယ်ပျောက်သွားသည်ထိလည်း ၁၅ ရက်ခန့်ပင်
ကြာပါသည်။
ဤကဲ့သို့လ၀န်းစပေါ်သည်မှ
နောက်ဆုံးကွယ်ပျောက်သွားသည်ထိ ကြာသောကာလ ရက် ၃၀ ကို တိထီလ သို့မဟုတ် စန္ဒြမာသ ဟု ခေါ်၏။
တိထီဟူသည် တစ်ရက်လျှင် တက်လာသော လ၀န်းကြီး၏ တစ်စိတ်ကို ခေါ်ခြင်းဖြစ်၏။ ၁၅ ရက်တွင် လမင်းကြီး
လုံးဝပြည့်ဝန်းလာသည်ဖြစ်ရာ တစ်ရက်လျှင် တက်လာသော လမင်း၏ ပြည့်ဝန်းမှုပမာဏမှာ ၁၅ ပုံ
တစ်ပုံ ရှိပါသည်။ ဤသည်ကို တစ်တိထီဟု ခေါ်သည်။
ထို့ကြောင့်
စန္ဒြမာသ သို့မဟုတ် တိထီတစ်လတွင် ရက် ၃၀ ရှိသည်။
စန္ဒြမာသ
တစ်နှစ်၊ သို့မဟုတ် တိထီတစ်နှစ်တွင် ၁၂ x ၃၀ = ၃၆၀ ရက်ရှိသည်။
သူရိယမာသ (သူရိယ = နေမင်း + မာသ = လ) ဟူသည် နေမင်းသွားလာခြင်းကို
မူတည်တွက်ချက်ထားသော လ ဖြစ်၏။ သူရိယသိဒ္ဓန္တတွင်ဖော်ပြထားချက်အရ သူရိယမာသ တစ်နှစ်တွင်
၃၆၅.၂၅၈၇၅၆ ရက်ရှိ၏။ တစ်နှစ်တွင် ၁၂ လရှိရာ သူရိယမာသတစ်လတွင် ၃၀.၄၃၈၂၂၉၆ ရက် ရှိပါသည်။
ဖော်ပြခဲ့သော
လ သုံးမျိုးအနက် စန္ဒြမာသ နှင့် သူရိယမာသမှာ လက်တွေ့အသုံးမရှိပါ။ ပြက္ခဒိန်တွက်ကိန်းများ
အတွက်သာ ဖြစ်၏။ ပြက္ခဒိန်တွက်နည်းများဖော်ပြသည့်အခါ ပိုမိုနားလည်လာပါလိမ့်မည်။ တကယ်သုံးနေသည်မှာ
ပြက္ခဒိန်ထဲ၌ ဖော်ပြထားသော တန်ခူး၊ ကဆုန်ဟူသည့် ဝေါဟာရလများသာ ဖြစ်ပါသည်။ သို့သော်လည်း
မြန်မာပြက္ခဒိန် တွက်နည်းကို လေ့လာသူများအဖို့ စန္ဒြမာသနှင့် သူရိယမာသကိုလည်း သိထားဘို့
လိုပါသည်။
No comments:
Post a Comment