နွယ်ကြိုးအရှုပ်၊ သွယ်တိုးချုပ်လို့
မလှုပ်သာအောင်၊ တုပ်ကာနှောင်လျက်
လှောင်တိုက်အလွမ်း၊ လောင်မြိုက်ကျွမ်းပစေ
အကန်းအဖြစ်၊ အရမ်းနှစ်ပြီး
အပြစ်မထား၊ ချစ်တရားနဲ့
ခံစားမွေ့လျော်၊ ကျွန်တော်နေကြာ။
ခ၀ါချထား၊ မာနများလည်း
ဖ၀ါးနုအောက်၊ အားပြုမှောက်လျှက်
မြွေဟောက်အသေ၊ ကြွေခြောက်နေသလို
ဟန်တွေမပြ၊ မာန်ဖြေချလို့
တစ်စမဖြုံ၊ ဘ၀ဘုံမှာ
ကြုံသလိုပျော်၊ ကျွန်တော်နေကြာ။
ညှာနွဲ့ပလီ၊ ကြာခဲ့ပြီနော်
ရွှေရည်အဆင်း၊ ဝေစည်လင်းတဲ့
နေမင်းကလေး၊ ကြွေဆင်းပေးမလား
အတွေးပိုက်မိ၊ ငေးစိုက်ကြည့်လျှက်
သက်ရှိအခြေ၊ မျက်စိတွေတောင်
ဂဟေဆက်ကာ၊ ရွှေမျက်နှာနဲ့
အသာလွှဲထွက်၊ ခွာမခွဲရက်လို့
အဆက်လေးဖြစ်၊ အသက်ပေးနှစ်ပြီး
အချစ်မူးမော်၊ ကျွန်တော်နေကြာ။
ရွှေအဆင်းရှင်၊ နေမင်းခင်ရယ်
အကြင်နာတွေ၊ ရင်မှာဝေပြီး
နေကြာကျွန်တော်၊ မြေလွှာပေါ်မှ
ရူးရော်အလွမ်း၊ ဖူးမြော်မှန်းလည်း
သုံ့ပန်းသဏ္ဍာန်၊ တုံ့ကမ်းပြန်ကာ
မာန်ဆိုးမပြေ၊ ရန်ငြိုးတွေနဲ့
ဝေယှက်အပူ၊ ကြေပျက်ဆူအောင်
အယူယွင်းလျှက်၊ သူညှဉ်းရက်လို့
အေးကွက်မပေါ်၊ ကျွန်တော်နေကြာ။
မာန်တလူလူ၊ အလံထူကာ
အပူထုများ၊ သူပြုစားလို့
အမှားကြီးစွာ၊ ခါးသီးပါရဲ့
နေကြာအရွက်၊ မြေမှာသက်ပြီ
ရွှေခက်အပွင့်၊ ကြွေပျက်လွင့်လျှက်
ရင်နင့်စရာ၊ မြင်သင့်ပါလည်း
ဗလာရိုးတံ၊ ၀ါညှိုးကျန်တောင်
ရန်စိတ်မစွဲ၊ အံကြိတ်ခဲပြီး
အမြဲညှဉ်းစေ၊ ဇွဲတင်းဖြေမယ်
မြေထက်နွမ်းရော်၊ ကျွန်တော်နေကြာ။
ကွယ် - - ယုံဖို့မကြွား၊ ငုံလို့ထားချင်
စကားအလိမ်၊ ပျားမစိမ်ပါ
မထိမ်ကွယ်ပဲ၊ ကျိန်တွယ်ရဲတယ်
ကြိတ်ခဲမလုံ၊ ဖိတ်ကွဲကုန်လျှက်
မြုံတောင်မဖြစ်၊ တုန်အောင်ချစ်လည်း
စစ်တွက်မနေ၊ ပြစ်ချက်ဖွေတဲ့
“နေ” ရဲ့ပမာ၊ ချွေဖဲ့တာတောင်
“နေကြာ” ကလေး၊ ဝေဒနာမွေးသလို
သူလေးအပါး၊ မူအရေးထားလျှက်
သြော် - - မှားခဲ့ပစေ၊ တရားနဲ့ဖြေပြီး
ကံခေမဆုံး၊ ဒဏ်တွေဖုံးလို့
အရှုံးတွေပိုက်၊ ပြုံးနေလိုက်မယ်။ ။
တောင်တွင်း ယဉ်မင်းကြိုင်
No comments:
Post a Comment