Friday, July 20, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၆)

 

ကမ္ဘာပေါ်ရှိ နေရာများသည် လောင်ဂျီတွဒ် ကွာခြားသွားသည်နှင့်အမျှ အချိန်လည်းကွာခြားသွားပါသည်။ တစ်ကမ္ဘာ လုံးက ရည်ညွှန်းသုံးစွဲနေသော အချိန်ကို လောင်ဂျီတွဒ် သုညဒီဂရီတွင် သတ်မှတ်သည်။ ထိုနေရာသည် အင်္ဂလန်နိုင်ငံ ဂရင်းနစ်မြို့ကိုဖြတ်သန်းသွားသောကြောင့် ဂရင်းနစ် စံတော်ချိန် (GMT - Greenwich Mean Time) ဟုခေါ်ပါသည်။ သို့သော် ယခုအခါ ကမ္ဘာသုံးအချိန်ကို UTC (Coordinated Universal Time) ဖြင့် ဖော်ပြ၏။ ယေဘူယျအားဖြင့်ဆိုရလျှင် GMT နှင့် UTC ကို အတူတူပင်ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မပြောပလောက်သော အငြင်းပွားဘွယ် အချို့အချက်များမှာ သာမန် လူပြိန်းများနှင့် မသက်ဆိုင်ပါ။ ထို့ကြောင့် ဤနေရာတွင် GMT နှင့် UTC အတူတူပင်ဖြစ်သည်ဟု ယူဆပါမည်။


နိုင်ငံတစ်နိုင်ငံတွင် စံတော်ချိန်တစ်ခုစီရှိ၏။ မြန်မာနိုင်ငံတွင်သုံးနေသော အချိန်မှာ မြန်မာစံတော်ချိန်ဖြစ်သည်။ မြန်မာ စံတော်ချိန်မျဉ်းကို အရှေ့လောင်ဂျီတွဒ် ၉၇.၅ ဒီဂရီဟု သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံစံတော်ချိန်သည် GMT မှ မည်မျှအကွာတွင်ရှိသနည်း။

            ကမ္ဘာစက်ဝန်းတစ်ပတ်လည်မှာ ၃၆၀ ဒီဂရီရှိသည်။ ထို ၃၆၀ ဒီဂရီကိုတစ်ပတ်ပြည့်အောင်လည်ရန် ၂၄ နာရီ ကြာ၏။ သို့အတွက် တစ်ဒီဂရီလည်ရန် ၄ မိနစ်ကြာမည်။ ထို့ကြောင့် မြန်မာစံတော်ချိန် ၉၇.၅ ဒီဂရီအတွက် ၉၇.၅ x ၄ = မိနစ် ၃၉၀ ကြာမည်။ မိနစ် ၃၉၀ ဟူသည် ၆ နာရီခွဲဖြစ်၏။ ထို့ကြောင့်မြန်မာစံတော်ချိန်သည် GMT + 6:30 hr ဖြစ်ပါသည်။ ထို့ကြောင့် အင်္ဂလန်တွင် သန်းခေါင်ချိန်၌ မြန်မာနိုင်ငံတွင် နံနက် ၆ နာရီခွဲရှိနေမည်။
            ဆိုခဲ့သည့်အတိုင်း မြန်မာစံတော်ချိန်ဟူသည် အရှေ့လောင်ဂျီတွဒ် ၉၇.၅ ဒီဂရီမျဉ်းပေါ်တွင်ရှိနေသော ဒေသများ အတွက်သာ အချိန်မှန်ဖြစ်၏။ ထိုမျဉ်း၏ အရှေ့ဘက် သို့မဟုတ် အနောက်ဘက်တွင်တည်ရှိသော ဒေသများအတွက် အချိန်မှန် မဟုတ်ပါ။ ဥပမာ - ရေဒီယိုမှ ယခု မြန်မာစံတော်ချိန် ၈ နာရီတိတိ ရှိပါပြီ ဟု ကြေငြာလိုက်သောအချိန်တွင် ချင်းပြည်နယ်ရှိ မြို့ရွာများ၌ ၈ နာရီမတီးသေးဘဲ ရှမ်းပြည်နယ်ရှိဒေသ၊ မြို့ရွာများ၌မူ ၈ နာရီကျော်သွားခဲ့ပြီ ဖြစ်ပါသည်။ သို့ဆိုလျှင် ဒေသတစ်ခု ၏ အချိန်မှန်ကို မည်သို့သိရှိနိုင်ပါသနည်း။
            ဒေသတစ်ခု၏ အချိန်မှန်ကို သိနိုင်ရန် ထိုဒေသ၏ လောင်ဂျီတွဒ်ကို သိရန်လိုပါသည်။ ဥပမာ - ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ နှင့် ရှမ်းပြည်နယ်၊ သိန္နီမြို့များ၏ ဒေသစံတော်ချိန်အမှန်များကို တွက်ကြည့်ပါမည်။
ကန်ပက်လက်မြို့သည် အရှေ့လောင်ဂျီကျူ ၉၄ ဒီဂရီ ၇ မိနစ်တွင် ရှိပြီး သိန္နီမြို့သည် အရှေ့လောင်ဂျီကျူ ၉၇ ဒီဂရီ ၅၇ မိနစ်တွင်ရှိ၏။ (၉၄ ဒီဂရီ ၇ မိနစ် = ၉၄.၁၁၆၆၇ ဒီဂရီ။  ၉၇ ဒီဂရီ ၅၇ မိနစ် = ၉၇.၉၅ ဒီဂရီ)


၆၀
စက္ကန့်
=
မိနစ်
၆၀
မိနစ်
=
ဒီဂရီ
မိနစ်
=
ဝ.၁၆၇
ဒီဂရီ

ကန်ပက်လက်မြို့အတွက် -

လောင်ဂျီတွဒ် ကွာခြားချက် = ၉၇.၅ - ၉၄.၁၁၆၆၇ = ၃.၃၈၃၃၃ ဒီဂရီ
၎င်းကို အချိန်ပြန်ဖွဲ့သော်  ၃.၃၈၃၃၃ x ၄ = ၁၃.၅၃ မိနစ်
ထို့ကြောင့် မြန်မာစံတော်ချိန် ၈ နာရီတိတိ ရှိနေချိန်၌ ကန်ပက်လက်၏ အချိန်မှန်မှာ -
(၈နာရီ - ၁၃.၅၃မိနစ် =) ၇ နာရီ ၄၆ မိနစ် ဖြစ်၏။

သိန္နီမြို့အတွက် -

လောင်ဂျီတွဒ် ကွာခြားချက် = ၉၇.၉၅ - ၉၇.၅ = ၀.၄၅ ဒီဂရီ
၎င်းကို အချိန်ပြန်ဖွဲ့သော် ၀.၄၅ x ၄ = ၁.၈ မိနစ်
ထို့ကြောင့် မြန်မာစံတော်ချိန် ၈ နာရီတိတိ ရှိနေချိန်၌ သိန္နီမြို့၏ အချိန်မှန်မှာ -
(၈နာရီ + ၁.၈မိနစ် =) ၈ နာရီ ၁.၈ မိနစ် ဖြစ်၏။

မှတ်ချက်။            ။ စံတော်ချိန်မျဉ်း၏ အနောက်ဘက်ဒေသများ (စံတော်ချိန်မျဉ်းထက် လောင်ဂျီတွဒ်ငယ်သောဒေသများ) အတွက် အချိန်ကွာခြားချက်ကို မြန်မာစံတော်ချိန်မှ နှုတ်ပေးရမည်ဖြစ်ပြီး စံတော်ချိန်မျဉ်း၏ အရှေ့ဘက်ဒေသများ (စံတော်ချိန်မျဉ်းထက် လောင်ဂျီတွဒ်ကြီးသောဒေသများ) အတွက် အချိန်ကွာခြားချက်ကို မြန်မာစံတော်ချိန်တွင် ထည့်ပေါင်း ပေးရမည်ဖြစ်ပါသည်။

အောက်ပါဇယားမှာ မြန်မာတစ်နိုင်ငံလုံးရှိ မြို့များ၏တည်နေရာ လတ္တီတွဒ်၊ လောင်ဂျီတွဒ်များ ဖြစ်ပါသည်။




No comments: