စင်ကာပူတွင် အင်္ဂလိပ်ဘာသာဖြင့် အဓိက ပြောကြဆိုကြ၊ ရေးကြဖတ်ကြ သော်လည်း အဓိက ရုံးသုံးဘာသာ လေးမျိုး ထားရှိပါ၏။ အင်္ဂလိပ်၊ တရုပ် (မန်ဒရင်း)၊ မလေး၊ တမီလ် တို့ ဖြစ်ပါ၏။ သို့အတွက် ရထားဘူတာသို့ အသင် ရောက်သွားပါက ဘာသာလေးမျိုးဖြင့် ကြေငြာနေသံကို ကြားရပါလိမ့်မည်။ ကျောင်းများသို့ သွားကြည့်လိုက် လျှင်လည်း ဘာသာလေးမျိုး ရေးထိုး ထားသည်ကို တွေ့ရပါမည်။ မည်သူမဆို မိမိဘာသာ စကားကို ပြောလိုက်ရမှ အားရပါးရ ရှိလှသည် ဖြစ်ရာ အင်္ဂလိပ်လိုပင် ပြောတတ်သော် ငြား မလေးများ အချင်းချင်း တွေ့လိုက်ပါက ဆလာမား ပါဂီး ဟု နှုတ်ဆက်ကာ၊ အိန္ဒိယား ကလေးများ အချင်းချင်း တွေ့လျှင် ဆလန် မာလေးကွမ်း ဟု မိမိဘာသာ စကားကိုသာ ခုံခုံမင်မင် ပြောဆို နေကြသည်ကို တွေ့မြင်နိုင် ပါသည်။ ကျွန်တော်တို့ သည်လည်း လူထဲမှ လူများပင် ဖြစ်ရကား ဗမာအချင်းချင်း တွေ့လျှင် ဗမာလိုသာ ပြောကြပါသည်။ မည်သည့် လူမျိုးပင်ဖြစ်စေ သူတို့ လေယူလေသိမ်း ကို မပြောင်းနိုင်သဖြင့် သူတို့ပြောကြသော အင်္ဂလိပ် စကားကို နားထောင်လိုက် ရုံမျှနှင့် သူတို့လူမျိုးကို (အာရှနွယ်ဖွားများ) မှန်းဆလို့ ရပါသည်။ မတူသော လူမျိုးစုများကို တူညီစွာ ပေါင်းစု ပေးထားနိုင်ခြင်းကိုက စင်ကာပူနိုင်ငံ၏ ချစ်စရာ ကောင်းသော ဓလေ့ နှင့် အစိုးရ၏ ချီးမွမ်းစရာ စွမ်းဆောင်ချက် တစ်ခုဖြစ်ပါသည်။ လူမျိုးစု အချင်းချင်း ရန်ပွဲများမဖြစ်ပွားစေရန် ကျောင်းများ တွင် Racial Harmony ဆိုသည်ကို အရေးတကြီး သင်ကြားပေးပါသည်။ စင်ကာပူ နိုင်ငံတွင် တရုပ်၊ မလေး၊ အိန္ဒိယ နှင့် အခြားသော အာရှတိုက်ဖွား လူမျိုးများသည် ချစ်ခင်ရင်းနှီးစွာ အတူတကွ ပေါင်းစည်း နေထိုင်လျှက် ရှိပါသည်။ အခြား ကမ္ဘာ့နိုင်ငံများမှ လူမျိုးများ ရှိသော်လည်း အနည်း အကျဉ်းသာ ဖြစ်ပါ၏။ ယခုအခါ မြန်မာ အသိုင်းအ၀န်း သည်လည်း စင်ကာပူနိုင်ငံအတွင်း တဖြည်းဖြည်း ကြီးထွား လာလျှက် ရှိပါသည်။ ယခင်က ပင်နင်စူလာသို့ တနင်္ဂနွေ စသည့် ပိတ်ရက်များ တွင် သွားသော်လည်း သည်လောက် အရမ်းရော ကာရော မစည်လှပါ။ ယခုအခါမူ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ကြိတ်ကြိတ်တိုး နေသည်ကို တွေ့ရပါလိမ့်မည်။ ၁၉၉၈ ၀န်းကျင်က ပင်နင်စူလာ ပလာဇာ ၏ တတိယ ထပ်တွင်သာ မြန်မာဆိုင်များ ရှိသော်လည်း (ဒုတိယထပ်နှင့် စတုတ္ထထပ်တွင် အနည်း အကျဉ်းသာ ရှိပါ၏) ယခု ၂၀၀၈ ခုနှစ်တွင်မူ စက်လှေခါး ရောက်ရာ အထပ် ငါးထပ်စလုံး လိုလိုမှာ မြန်မာဆိုင်များဖြင့် ပြည့်နှက် လာခဲ့ပါသည်။ ထို့ပြင် ကားပေါ် ရထား ပေါ်များတွင်လည်း မြန်မာလို ဖုံးပြော နေသံကို မကြာခဏ ကြားကြရ ပါလိမ့်မည်။ စင်ကာပူမှ လူမျိုး တစ်ရာ့တစ်ပါးတို့ ပြောသော အင်္ဂလိပ်စကားမှာ အင်္ဂလိပ်စကား စစ်စစ် မဟုတ်ပဲ အင်္ဂလိပ် စကားကို ဒေသခံ မလေးနှင့် တရုပ်စကား တို့ကို ပေါင်းစပ်ကာ ပြောသော သူတို့အခေါ် စင်းဂလစ်ရှ် (Singalish) ဖြစ်ပါ သည်။ ဥပမာ ပြရလျှင် “အေးပေါ့၊ ဟုတ်တာပေါ့” ဆိုလျှင် Singalish ဖြင့် “Ya lah” ဟု ပြောလေ့ ရှိပါသည်။ ဤတွင် Ya ဆိုသည်မှာ အင်္ဂလိပ်လိုဖြစ်ပြီး lah မှာတော့ တရုပ်လို ပြောခြင်း ဖြစ်သည်။ ထို့အတူ ထမင်းစား ပြီးပြီလား ဟု မေးလျှင် “makan ready” ဟု မေးပါသည်။ ဤတွင်လည်း makan မှာ မလေးလို ထမင်း သို့မဟုတ် စားခြင်း ကို ဆိုလိုခြင်း ဖြစ်ပြီး ready မှာမူ အင်္ဂလိပ် တစ်ပိုင်း ဖြစ်ပါသည်။ ၀ါသနာ ပါ၍ လေ့လာလိုသူများ singlish အသုံးအနှုံး များကို http://www.asiafinest.com/forum/index.php?act=Print&client=printer&f=124&t=120697 တွင် လေ့လာ နိုင်ပါသည်။ စင်ကာပူ လာလိုသူများ တကူးတက လေ့လာစရာ မလိုပါ။ စင်ကာပူတွင် သူတို့နှင့် ရောနှော နေထိုင်ပြီး သိပ်မကြာသော ကာလ တွင်ပင် သူတို့ စကားလုံးများ ကိုယ့်ပါးစပ်တွင်းသို့ အလိုလို ရောက်လာပါလိမ့်မည်။ စင်ကာပူ နိုင်ငံအတွင်း မှီတင်း နေထိုင်သည့် ၄.၆ သန်း (၂၀၀၆ စာရင်းများ အရ)မျှသော လူဦးရေ အတွင်းရှိ လူမျိုးစုများ ကို လေ့လာ ကြည့်လိုက်လျှင် အောက်ပါ အတိုင်း တွေ့ရပါသည်။
Ø တရုပ်လူမျိုး - ၇၆ ရာခိုင်နှုံး
Ø မလေးလူမျိုး - ၁၃.၇ ရာခိုင်နှုံး
Ø အိန္ဒိယလူမျိုး - ၈.၄ ရာခိုင်နှုံး
Ø အခြား လူမျိုး - ၁.၈ ရာခိုင်နှုံး
စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား အများအပြား လာရောက် လုပ်ကိုင်လျှက်ရှိရာ တစ်နှစ်ထက် တစ်နှစ် နိုင်ငံခြားသား ဦးရေ ပိုမိုမြင့်တက် လာခဲ့ပါသည်။
၎၊ ၆။ အစိုးရ စနစ်
စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် မလေးရှား နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ပြီး အချုပ် အခြာ အာဏာ ပိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၆၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် ဓနသဟာယ (Commonwealth) အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ တွင်မူ ပြည်သူ့ သမ္မတနိုင်ငံ ဖြစ်လာကာ ပထမဦးဆုံး သမ္မတအဖြစ် Mr. Yusof bin Ishak ကို တင်မြှောက်ခဲ့ ကြသည်။ နောက် ၂ နှစ်အကြာ ၁၉၆၇ ခုနှစ် သြဂုတ်လ တွင်မူ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ တို့နှင့် ပူးပေါင်းကာ အာဆီယံ (ASEAN – Association of South East Asian Nations) အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ ကြသည်။ နိုင်ငံကို ပါလီမန် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်ပြီး ပါလီမန်ကို ၅ နှစ်တစ်ကြိမ် ရွေးကောက် တင်မြှောက်ပါသည်။ ပါလီမန် ကို ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ ပါသည်။ မှတ်ပုံတင် ထားသော နိုင်ငံရေး ပါတီပေါင်း ၂၅ ခု ရှိ၏။ ပါလီမန် အဖွဲ့ဝင်များ (MP - Members of Parliament) ကို အထွေထွေ ရွေးကောက် တင်မြှောက်ပွဲဖြင့် ရွေးချယ် ခန့်ထားပါသည်။ နိုင်ငံတော် သမ္မတသည် မဲအများဆုံး ရသော ပါတီ၏ ပါလီမန် အမတ်များထဲမှ ၀န်ကြီးချုပ်ကို ခန့်အပ် ပါသည်။ ၀န်ကြီးချုပ်၏ အကြံပေးမှုဖြင့် သမ္မတသည် ကက်ဘိနက် အဖွဲ့ဝင် ၀န်ကြီးများကို ရွေးချယ် ခန့်ထားပါသည်။ ကက်ဘိနက် အဖွဲ့ဝင် စုစုပေါင်း ၂၀ ရှိပါသည်။ လက်ရှိပါလီမန် သက်တမ်း မကုန်မီ သုံးလအတွင်း နောက် ပါလီမန် အသစ်ဖွဲ့စည်းရန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပါသည်။ လက်ရှိ ၁၁ ဆက်မြောက် ပါလီမန်ကို ၂၀၀၆ ခုနှစ် မေလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ပါလီမန် အဖွဲ့ဝင် ၈၄ ဦးကို ရွေးကောက် တင်မြှောက်ခဲ့ပါသည်။ ထိုအဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ပါလီမန် အဖွဲ့ဝင် ၉၄ နေရာ ရှိ၏။ အသေးစိတ်ကို http://www.parliament.gov.sg/ တွင် ဖတ်ရှုနိုင် ပါသည်။
စင်ကာပူနိုင်ငံတွင် ၀န်ကြီးဌာနပေါင်း ၁၅ ခုရှိရာ အောက်ပါအတိုင်း ဖြစ်ပါ၏။
1. Ministry Of Community Development, Youth And Sports (MCYS) (ဖွံ့ဖြိုးရေး နှင့် အားကစား)
2. Ministry Of Defence (MINDEF) (ကာကွယ်ရေး)
3. Ministry Of Education (MOE) (ပညာရေး)
4. Ministry Of Finance (MOF) (ဘဏ္ဍာရေး)
5. Ministry Of Foreign Affairs (MFA) (နိုင်ငံခြားရေး)
6. Ministry Of Health (MOH) (ကျန်းမာရေး)
7. Ministry Of Home Affairs (MHA) (ပြည်ထဲရေး)
8. Ministry Of Information, Communications And The Arts (MICA) (ဆက်သွယ်ရေး၊ သတင်း၊ အနုပညာ)
9. Ministry Of Law (MINLAW) (ဥပဒေ)
10. Ministry Of Manpower (MOM) (ပြည်သူ့အင်အား)
11. Ministry Of National Development (MND) (အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး)
12. Ministry Of The Environment And Water Resources (MEWR) (ပတ်ဝန်းကျင် နှင့် ရေအရင်းအမြစ်)
13. Ministry Of Trade And Industry (MTI) (ကုန်သွယ်ရေး နှင့် စက်မှု)
14. Ministry Of Transport (MOT) (သယ်ယူပို့ဆောင်ရေး)
No comments:
Post a Comment