Wednesday, January 7, 2009

Working in Singapore Part XVIII

၃၊ ၆၊ ၄။ Confined Space အန္တရာယ်

Confined Space ကို ကျွန်တော် မည်ကဲ့သို့ ဘာသာပြန်ရမည် သေသေချာချာ မသိပါ။ သို့ဖြစ်၍ Confined Space ကို Confined Space အတိုင်းပဲ ရေးပါမည်။ သို့သော် စာဖတ်သူတို့ Confined Space အကြောင်း သေသေ ချာချာ နားလည်အောင် ရှင်းပြပါမည်။ Confined Space တွင် အလုပ်လုပ်ရသည်မှာ လည်း အလွန်အန္တရာယ်များ သောကြောင့် Confined Space တွင် အလုပ်လုပ်ရာ၌ သတိထားရမည့် အချက်များကို ဤ နေရာတွင် အကျဉ်းချုပ်၍ ကျွန်တော် ရေးသားပါမည်။
Confined Space ဆိုသည်မှာ အန္တရာယ်ရှိသော နေရာတစ်ခုကို ဆိုလိုပါသည်။ ဤနေရာသည် -
(၁) ၀င်ပေါက်ထွက်ပေါက် အကန့်အသတ် ရှိသောနေရာ
(၂) သဘာဝ အလင်းရောင် လုံလောက်စွာ မရရှိသော နေရာ
(၃) အသက်ရှူရန် အောက်ဆီဂျင် လုံလောက်စွာ မရှိနိုင်သော၊ သို့မဟုတ် အောက်ဆီဂျင် လိုသည်ထက် ပိုရှိနေနိုင်သော နေရာ
(၄) အဆိပ်ဓါတ်ငွေ့များ ရှိနေနိုင်သော နေရာ
(၅) ကျဉ်းမြောင်းသော အလုံပိတ်နေရာ
(၆) လူများ ၀င်ရောက်ရန် စီမံမထားသော နေရာ
(၇) လေအ၀င်အထွက် မရှိသောနေရာ

Confined Space တွင် အောက်ပါတို့ ပါဝင်ပါသည်။
(၁) Confined Space တွင် အလုပ်လုပ်လျှင် အရေးကြီးဆုံးမှာ PTW (အလုပ်လုပ်ခွင့် ပါမစ်) ဖြစ်ပါ၏။ အဘယ်ကြောင့် ဆိုလျှင် အန္တရာယ်များသော ထိုနေရာတွင် အလုပ်လုပ်ရန်အတွက် အန္တရာယ် ကင်းမကင်းကို ကျွမ်းကျင်သူက စစ်ဆေးပြီး အန္တရာယ်ကင်းပြီ၊ စိတ်ချရပြီဆိုမှ လုပ်ခွင့်လက်မှတ် ထုတ်ပေးသောကြောင့် ဖြစ်ပါသည်။ သို့အတွက် PTW မရှိဘဲ Confined Space အတွင်း လုံးဝ မ၀င်ရောက်ရပါ။
(၂) Supervisor ၏ ခွင့်ပြုချက်ဖြင့်သာ Confined Space အတွင်း အလုပ်လုပ်ရန် ၀င်ရပါမည်။ အကြောင်းမရှိပဲ Confined Space အတွင်း လုံးဝ မ၀င်ရ။
(၃) Confined Space အတွင်း ၀င်တော့မည် ဆိုလျှင် အပေါက်ဝ၌ စောင့်နေသော (Attendant) အပေါက်စောင့် ကို မိမိ၏ ကဒ်ပြားပေး၊ ၀င်ခွင့်ပါမစ်ပေါ်တွင် လက်မှတ်ထိုးပြီးမှ ၀င်ရပါမည်။
(၄) Confined Space မှ ပြန်ထွက်လာသောအခါတွင် မိမိ၏ ကဒ်ပြားကို အပေါက်စောင့်ထံမှ ပြန်တောင်းပြီး အထွက် လက်မှတ် ထိုးပြီး ထွက်ရပါမည်။
(၅) မိမိ အလုပ်လုပ်နေရာ နေရာသည် အန္တရာယ်မကင်းဟု စိတ်ထဲတွင် သံသယ ရှိလာလျှင်၊ သို့မဟုတ် အသက်ရှူကြပ်လာလျှင်၊ သို့မဟုတ် ထူးဆန်းသော အနံ့ရလျှင်၊ သို့မဟုတ် မီးခိုးငွေ့များ များလာလျှင်၊ သို့မဟုတ်
ခေါင်းမူးခြင်း စသော ပုံမှန်မဟုတ်သည့် လက္ခဏာများကို ခံစားရပါက ချက်ခြင်း အလုပ်ကို ရပ်ပြီး ထွက်လာ
ရပါမည်။
(၆) Confined Space ထဲတွင် အလုပ်လုပ်နေစဉ် လေပေးစက်သည် ရပ်သွားပါက၊ သို့မဟုတ် လေထုတ်စက်သည် ရပ်သွားပါက အပေါက်စောင့်သို့ အကြောင်းကြားကာ ချက်ခြင်း ထွက်လာရမည်။
(၇) Confined Space ထဲတွင် အလင်းရောင် လုံလုံလောက်လောက် မရပါက အလုပ်မလုပ်ပါနှင့်။
(၈) Confined Space ထဲတွင် သုံးသော လျှပ်စစ်ပစ္စည်းများသည် 110V ဖြစ်ရပါမည်။
(၉) Confined Space အတွင်း အလုပ်မလုပ်မီ မိမိသည် Confined Space တွင် အလုပ်လုပ်ရန် ပေးသော သင်တန်း ကို အလျင်ဦးစွာ တက်ပြီး ဖြစ်ရပါမည်။
(၁၀) Confined Space အတွင်း မည်သည့်အခါမျှ တစ်ဦးတစ်ယောက်ထဲ မ၀င်ရ။ အနည်းဆုံး နှစ်ဦး ၀င်ရမည်။

၃၊ ၆၊ ၅။ ဓါတုဗေဒပစ္စည်း အန္တရာယ်

တိုးတက်နေသော နိုင်ငံများတွင် ဓါတုဗေဒပစ္စည်းများကို မဖွံ့ဖြိုးသေးသော နိုင်ငံများထက် ပိုသုံးကြသလို ယနေ့ခေတ် လူသုံးပစ္စည်းအားလုံးတွင် ဓါတုဗေဒပစ္စည်းနှင့် ကင်းသောပစ္စည်း ဟူ၍ မရှိသလောက် ဖြစ်လာသည်။ သို့အတွက် စင်ကာပူတွင် အလုပ်လုပ်သူများအဖို့ ဓါတုဗေဒပစ္စည်းများနှင့် တစ်နည်းမဟုတ် တစ်နည်း ထိတွေ့ လုပ်ကိုင်ကြရပေမည်။ သို့အတွက် ဓါတုဗေဒပစ္စည်းများနှင့် အလုပ်လုပ်သည့်အခါ တွေ့ရမည့် အန္တရာယ်များနှင့် ကာကွယ်ပုံနည်းများကို အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။
ဓါတုဗေဒပစ္စည်းများတွင် သုတ်ဆေးများ၊ ချွတ်ဆေးများ၊ လောင်စာဆီများ၊ ချောဆီများ၊ သန့်ရှင်းရေး လုပ်ရာ တွင် သုံးသော ဆေးရည်များ၊ ကော် များ စသည်တို့ ပါဝင်ပါသည်။
၁။ ဤကဲ့သို့သော အမှတ်အသားတွေ့လျှင် သတိပြုပါ။ အရေပြားကို စားစေတတ်သော ဓါတုပစ္စည်းများ၏ အမှတ်အသားဖြစ်၏။
၂။ ဓါတုဗေဒပစ္စည်းများကို ကိုင်တွယ်ရလျှင် လုပ်ငန်းသုံးမျက်မှန် (Safety Goggle) ၊ (လိုအပ်ပါက မျက်နှာ အကာ - Face Shield) ၊ ရာဘာလက်အိတ်၊ လိုအပ်ပါက နှာခေါင်းစွပ်(Respirator)၊ လိုအပ်ပါက ဓါတုဗေဒ ဆေးရည်များဒါဏ်ကို ခံနိုင်သည့် အ၀တ်အစား(Chemical Protective Clothing) စသည်တို့ ၀တ်ဆင်ရပါမည်။
၃။ ဖြစ်နိုင်လျှင် လေကောင်းလေသန့်ရသောနေရာ သို့မဟုတ် အလုံပိတ် မဟုတ်သော နေရာများတွင် လုပ်ပါ။ လေတိုက်သောနေရာ မဟုတ်လျှင် ပန်ကာဖြင့် လေမှုတ်ထားပေးရမည်။ သို့မှသာ ဓါတုဗေဒ အဆိပ်ဓါတ်ငွေ့ များကို ဖယ်ထုတ်နိုင်မည်။
၎။ ဓါတုဗေဒပစ္စည်းများဖြင့် အလုပ်လုပ်ပြီးတိုင်း မိမိလက်များကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။ အလုပ်ပြီးသွားသည့်အခါတွင်လည်း ခန္ဓာကိုယ်ကို ရေများများနှင့် ချိုးရပါမည်။ ဆေးကိုင်ထားသောလက်ဖြင့် ပါးစပ်၊ နှာခေါင်း၊ မျက်လုံး စသည်တို့ကို မထိမိစေရန် ဂရုစိုက်ပါ။ ထိုဆေးများသည် ချက်ခြင်း အစွမ်းမပြ သေးသော်လည်း နှစ်ကြာလာသည့် အခါ ကင်ဆာကဲ့သို့သော ရောဂါများကို ဖြစ်စေတတ်သည်။
၅။ ဓါတုဗေဒ ပစ္စည်းများသည် လူခန္ဓာကိုယ်အတွင်းသို့ လမ်းသုံးသွယ်မှ ၀င်ရောက်နိုင်သည်။
(၁) ဓါတုဆေးများကို ကိုင်တွယ်ပြီး သေချာစွာလက်မဆေးပဲ အစားအသောက်များကို စားသုံးလျှင် ပါးစပ်မှတစ်ဆင့် ၀င်ရောက်နိုင်သည်။
(၂) ဓါတုဆေးများ ကိုယ်ခန္ဓာအရေပြားကို ထိမိလျှင် အသားထဲသို့ စိမ့်ဝင်နိုင်သည်။
(၃) ဓါတုဓါတ်ငွေ့များကို ရှုမိလျှင် နှာခေါင်းမှ တစ်ဆင့် အသက်ရှုလမ်းကြောင်းအတွင်း ၀င်ရောက် နိုင်သည်။
၆။ မည်သည့် ဓါတုပစ္စည်းမှန်း မသိပါက ရမ်းမလုပ်ပါနှင့်။ Supervisor ကို မေးပါ။
၇။ ဓါတုဗေဒပစ္စည်းများ ထားသိုရာနေရာများတွင် မည်သည့်အခါမျှ ဆေးလိပ်သောက်ခြင်း၊ အစာနှင့် ရေ စသည်တို့ စားသောက်ခြင်း မပြုရ။
၈။ မိမိကိုင်တွယ် အသုံးပြုရမည့် ဓါတုပစ္စည်းများအား မည်သို့ကိုင်တွယ်ရမည်၊ မည်သည့်အန္တရာယ်များ ရှိသည်၊ မည်သို့သုံးရမည် စသည်တို့ကို ကောင်းကောင်း သိနေရမည်။
၉။ ဓါတုဗေဒ ပစ္စည်းများနှင့် အလုပ်မလုပ်မီ သေသေချာချာ ပြင်ဆင်ပါ။
၁၀။ ဓါတုပစ္စည်းများကို အတတ်နိုင်ဆုံး မဖိတ်မစဉ်အောင် ဂရုစိုက်ပါ။ ဖိတ်စဉ်သွားလျှင် ချက်ခြင်း သန့်ရှင်းရေး လုပ်ပါ။ ဓါတုဆေးဝါး အမှိုက်များကို သီးသန့် အမှိုက်ပစ်ရမည့် နေရာများတွင်သာ ပစ်ရပါမည်။ အခြားအမှိုက်များနှင့် ရောနှောပြီး မပစ်ရ။
၁၁။ ဓါတုဗေဒ ပစ္စည်းများ ထည့်သည့် ပုံး၊ ပုလင်း စသည်တို့ကို အမြဲ နာမည်တပ်ထားရပါမည်။ ဓါတုဆေးရည်များကို ရေသန့်ပုလင်းအဟောင်းနှင့် မည်သည့်အခါမှ မထည့်ပါနှင့်။ ရေနှင့် မှားသောက်မိပါက အလွန်အန္တရာယ် ကြီးပါသည်။



No comments: