Wednesday, October 25, 2017

အန္တရာယ်ကင်းစွာ ပိုးသတ်ဆေး အသုံးပြုနည်း



Safety 360 at UMFCCI on 15/10/2017




စက်ချုပ်သင်တန်း၊ လက်သမားသင်တန်း၊ ပန်းရံသင်တန်း၊ သံချည်သံကွေးသင်တန်း

အလကားလည်းသင်ပေးသည်။ အလုပ်လည်း တစ်ခါတည်း ရှာပေးသည်။

အစားကျွေးပါသည်။ ကားခ တစ်နေ့ကို ၁၈၀၀ ကျပ် ပေးပါသည်။ မြန်မာနိုင်ငံစံနှုန်းအဖွဲ့အသိအမှတ်ပြု လက်မှတ်လည်း ထုတ်ပေးပါသည်။ သင်တန်းပြီးသည်နှင့် ချက်ချင်းအလုပ်တန်းဝင်လို့ရပါသည်။
သဟာတောင်မှ သင်တန်းတက်မယ့်သူမရှိလို့ အတင်းလိုက်ကြေငြာနေရပါတယ် တဲ့။

မမက ရန်ကုန်လာသင်တန်းတက်ဘို့ဆိုတာ နေရေးက အရေးကြီးသေးတယ်။ လေးငါးဆယ်ရက်ဆို တော်သေးတယ်။ လနဲ့ချီတက်ရမယ်ဆိုရင် ဘယ်သွားနေမလဲ။ (အသိ ဘုန်းကြီးကျောင်းတွေမှာ တည်းလို့ရရင်တော့ မဆိုးဘူးပေါ့။)
သင်တန်းတက်လိုသူများ တက်လို့ရအောင် ထပ်ဆင့်ဝေမျှလိုက်ကြပါ ခင်ဗျား။









လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ တာဝန်ဝတ္တရားများ

(၁) အချီး

ယခင်အခါက လေသံမျှပင် မဟခဲ့ကြဖူးသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအကြောင်းကို မြန်မာနိုင်ငံတွင် ယခု လိုက်နာလုပ်ဆောင်လာကြသည်ကို တွေ့ရသည့်အတွက် ၀မ်းသာမိပါ၏။ ဥပဒေ၊ နည်းဥပဒေ ခိုင်ခိုင်မာမာမရှိသေးဘဲ မိမိ တို့ အသိဖြင့် လုပ်ဆောင်နေကြသည့် ကုမ္ပဏီများ၊ သင်တန်းကျောင်းများကိုလည်း ကျေးဇူးအထူးတင်ပါသည်။

မနေနိုင်မထိုင်နိုင် အဘယ်ကြောင့် ကျွန်ုပ်က ကျေးဇူးတင်ရသနည်းဟူမူ လုပ်ငန်းခွင်မတော်တဆမှုများကို နေ့စဉ် ကြားသိ နေရသောကြောင့် စိတ်မချမ်းသာ၍ ဖြစ်၏။ လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးသွား/ဒဏ်ရာအနာတရ ရသွားသူများမှာ ကျွန်ုပ်နှင့် မည်သို့မျှ သွေးမတော် သားမစပ်ပါ။ သို့သော် သူတို့သည်လည်း လူသားများ၊ မြန်မာ နိုင်ငံသားများပင် မဟုတ်ပါလော။ အနှီလုပ်သာများသည် သူတို့မိသားစုကို လုပ်ကိုင်ကျွေးမွေးနေကြသူများ ဖြစ်ကြကုန်၏။ ထို့ကြောင့် မင်းတို့ဟာမင်းတို့ ဘာဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး ဟု ပစ်ထားလို့မရစကောင်း။ အခု မဆိုင်ပေမင့် တော်ကြာဆိုင်လာပါလိမ့်မည်။

မတော်တဆမှုဟူသည် ကြိုတင်ကာကွယ်ရမည့်အရာဖြစ်၏။ ကြိုတင်ကာကွယ်လို့ရသော အရာလည်းဖြစ်၏။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၏ အန္တိမရည်မှန်းချက်မှာ မတော်တဆမှုလုံးဝ မဖြစ်ရေး ဖြစ်၏။ သို့သော် ဤကိစ္စမှာ လွယ်သည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူအများနှင့် ဆက်စပ်ပတ်သက်နေသောကြောင့် ဖြစ်၏။ လူဟူသည် ဖြစ်ကာမှ ဖြစ်ရော အရဲကိုးလုပ်ကြသည်သာတည်း။ ဥပဒေဟူသည် ထိုကဲ့သို့ လူများထင်ရာမလုပ်နိုင်ရန် ရေးဆွဲထားရသော စာရွက်စာတမ်း ဖြစ်၏။ ထို့ကြောင့် မတော်တဆမှုများမဖြစ်စေရန် လူများကို အတင်းအကြပ် ဥပဒေဖြင့် လိုက်နာလုပ်ဆောင်စေရမည်သာ ဖြစ်ပေသည်။

ဥပဒေများ မည်မျှပင်ရေးဆွဲထားစေ၊ ရေးဆွဲထားသော ဥပဒေကြီး မည်မျှပင်ကောင်းနေပါစေ၊ ထိုဥပဒေကို လူများ မလိုက်နာ၊ မလေးစားပါကလည်း အလကားပင်ဖြစ်၏။ ထို့ကြောင့် ထိုဥပဒေ အသက်ဝင်လာအောင်၊ ဥပဒေကို လူများ လေးစားလိုက်နာလာအောင် လုပ်ဖို့လိုသည်။ ဤသို့လုပ်ရာတွင် ဥပဒေဘက်တော်သားများ၏ အခန်းကဏ္ဍ အလွန် အရေးကြီး၏။ ဥပဒေကို မလိုက်နာသူများအား ဥပဒေကပြဌာန်းထားသည့်အတိုင်း ပြတ်ပြတ်သားသား အရေးယူဘို့လို၏။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအတွက် ဥပဒေကို အသက်သွင်းရမည့်သူများမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိများ ဖြစ်၏။ ၎င်းတို့၏တာဝန်မှာ မိမိအားတာဝန်ပေးထားသည့် လုပ်ငန်းခွင်ကို ဥပဒေနှင့်အညီ ထိန်းထားရေးဖြစ်၏။ လူများကို ထိခိုက်ရှနာမဖြစ်ရအောင် ဘာတွေလုပ်ထားရမည်ဆိုသည်ကို ဥပဒေထဲတွင် အားလုံးထည့်သွင်းပြဌာန်းထားသဖြင့် မိမိ လုပ်ငန်းခွင်ကိုသာ ဥပဒေနှင့်ညီအောင် ထိန်းထားနိုင်ပါက မတော်တဆမှုများကို ကောင်းစွာ လျှော့ချနိုင်မည်ဖြစ်၏။
ထို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိ ဆိုသူများမှာ ဥပဒေနှင့် ၎င်းကို အထောက်အကူပြုမည့် နည်းဥပဒေ၊ စံချိန်စံညွှန်းများကို ကောင်းစွာကျေညက်ထားရမည်။

(၂) လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ တာဝန်ဝတ္တရားများ

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦး၏ အဓိကတာဝန်များမှာ အောက်ပါတို့ဖြစ်၏။

၁။ မိမိလုပ်ငန်းခွင်အတွင်းရှိ အန္တရာယ်များကို ဖော်ထုတ်ရမည်။
၂။ ထို့နောက် ထိုအန္တရာယ်များကို ဖယ်ရှားပစ်ရမည်။
၃။ အကယ်၍ ထိုအန္တရာယ်များကို မဖယ်ရှားနိုင်ဆိုလျှင် အခြားသော နည်းလမ်းများသုံး၍ အန္တရာယ်အနည်းဆုံးဖြစ်အောင် လျှော့ချရမည်။ ထိုနည်းများတွင် အင်ဂျင်နီယာနည်းဖြင့် ထိန်းချုပ်ခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်း နှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သုံးစွဲစေခြင်းတို့ပါသည်။
၎။ အလုပ်မှန်သမျှ မည်သည့်အလုပ်မဆို အန္တရာယ်ကင်းစွာလုပ်ကိုင်ရမည့် အစီအစဉ်ရေးဆွဲထားရမည်။ ထိုနည်းစဉ်များအတိုင်း အလုပ်သမားများ လိုက်နာလုပ်ဆောင်ကြောင်း သေချာစေရမည်။

အခြား တာဝန်ဝတ္တရားများမှာ အထက်ဖော်ပြပါ အဓိကတာဝန်များကို ကူညီပံ့ပိုးပေးခြင်းမျှဖြစ်၏။

ပထမဦးဆုံးအနေနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိတစ်ဦးသည် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ စံနှုန်းများကို သေသေချာချာ နားလည်သဘောပေါက်နေရန် အရေးကြီး၏။

ယခု မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်း၊ စနစ် စသည်တို့ လောက်လောက်လားလား မရှိသေးပါ။ ရှိပြီးသားဥပဒေများကိုလည်း လူအများ မသိကြ၊ ဂရုမစိုက်ကြပါ။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးသင်တန်းများ ပို့ချကြရာတွင်လည်း သည်ဥပဒေများကို ထည့်သွင်းပို့ချကြပါသလား။ ကျွန်တော်မသိပါ။

စင်ကာပူမှ သင်တန်းများတွင်မူ တခြားဘာမှမသင်မီ ဥပဒေများကို ဦးစွာသင်ပါသည်။ ဘယ်ဥပဒေက ဘယ်လိုဆိုထားပြီး အဲဒါကို မလိုက်နာလျှင် မည်သည့်ပြစ်ဒဏ်များ အချခံရမည် စသဖြင့် ဖြစ်၏။

အလုပ်သမားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက ဥပဒေများ ချမှတ်ထားခဲ့ပါသည်။ ထို ဥပဒေ များမှ အချို့ကို ပြင်ဆင်သုံးစွဲပြီး အချို့ဥပဒေများကို အသစ်ပြန်လည်ရေးဆွဲထားသည်လည်း ရှိ၏။ ထိုဥပဒေများအနက် အောက်ပါတို့မှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအရာရှိများ လေ့လာထားရမည့်ဥပဒေများ ဖြစ်၏။

၁။ ၁၉၅၁ အလုပ်ရုံများ အက်ဥပဒေ (စက်ရုံအလုပ်ရုံလုပ်သားများအတွက်)
၂။ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ (စက်ရုံအလုပ်ရုံ၊ လုပ်ငန်းငယ်လေးများအတွက်)
၃။ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၎။ လူမှုဖူလုံရေး ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၅။ အလုပ်သမား လျော်ကြေးဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၆။ အခကြေးငွေ ပေးချေရေး ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၇။ ဝင်ငွေခွန် ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၈။ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၉။ အနည်းဆုံးအခကြေးငွေ ဥပဒေ (လုပ်သားအားလုံးနှင့်ဆိုင်)
၁၀။ နိုင်ငံ့ဝန်ထမ်းဥပဒေ (နိုင်ငံ့ဝန်ထမ်းများနှင့်ဆိုင်)

အလုပ်သမားများသည် မိမိတို့ရသင့်ရထိုက်သည်များ၊ မလုပ်သင့်မလုပ်အပ်သည်များကို သိထားရပါမည်။ သည်ဥပဒေများ ကို သင်မပေးဘဲ အဘယ်ကဲ့သို့ သိနိုင်ပါအံ့နည်း။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းဟူသည် အကြံပေးဖြစ်၏။ ဘာတွေဘယ်လိုဖြစ်နေသည်။ ဘယ်လိုလုပ်ရမည် စသည်တို့ကို အကြံပေးရန်ဖြစ်၏။ တကယ်လက်တွေ့အကောင်အထည်ဖော်ရန်မှာ အုပ်ချုပ်ရေးပိုင်းတွင် အဓိက တာဝန်ရှိ၏။ ထို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများအနေနှင့် မှန်မှန်ကန်ကန် အကြံပေးနိုင်ရန် မိမိကိုယ်နှိုက်က ဘာတွေမှားပြီး ဘာတွေမှန်တယ်ဆိုတာ သိနေရန် အရေးကြီးလှ၏။

ဤကဲ့သို့သိနေရန် အထက်ဖော်ပြပါ ဥပဒေများကို လေ့လာရပါမည်။ မိမိသည် မိမိလုပ်ငန်းခွင်အတွင်းရှိ အလုပ်လုပ်နေသူ အပေါင်း၏ အားကိုးအားထားရာ ဖြစ်ရမည်။ သို့ဖြစ်နေရန် မိမိ၌ ၀မ်းစာပြည့်နေရန်လို၏။ သို့သော် မိမိမသိသည်ကိုမူ ရမ်းမတုတ်ပါနှင့်။ မသိလျှင် သိအောင်လုပ်ပါ။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ မေးမြန်းပါ။

ဒုတိယတစ်ချက်မှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတကြွယ်ဝမှု ဖြစ်၏။ မိမိသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ရ သည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းများအကြောင်း စပ်စပ် စပ်စပ် သိထားရမည်။ ပိုင်ရိုက်ခြင်းအကြောင်း၊ မြေတူးခြင်း အကြောင်း၊ ဖောင်ဝပ်ဆင်ခြင်းအကြောင်း၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ မီးကာကွယ်ရေးစနစ်၊ ရေပေးမီးပေးစနစ်၊ ပိသုကာ အများကြီးဖြစ်၏။

ထိုလုပ်ငန်းများ၏ လုပ်ငန်းစဉ်များကို သိထားမှ မည်သည့်လုပ်ငန်းတွင် မည်ကဲ့သို့သော အန္တရာယ်များ ဖြစ်နိုင်သည်။ ထို အန္တရာယ်မဖြစ်အောင် မည်ကဲ့သို့ လုပ်ရမည် စသည်တို့ကို သိနိုင်မည်။ သို့သိမှလည်း အထက်တွင်ဖော်ပြခဲ့သည့် အန္တရာယ်ကင်းစွာလုပ်ရမည့် လုပ်ငန်းအစီအစဉ် (Safe Work Procedure) ကို ရေးဆွဲနိုင်မည်ဖြစ်၏။

အင်တာနက်ခေတ်တွင် လက်ညှိုးကလေးဖြင့် အသာတောက်ကြည့်လိုက်ရုံနှင့် Safe Work Procedure အများအပြား ရယူနိုင်ပါလိမ့်မည်။ သို့သော် အခြားသူများလုပ်ထားသည့် Safe Work Procedure များကို ရည်ညွှန်းရုံသာ ယူပါ။ တိုက်ရိုက်ကူးမချပါနှင့်။ မိမိလုပ်ငန်းနှင့်ကိုက်ညီမည့် Safe Work Procedure ကို မိမိကိုယ်တိုင်ရေးယူပါဟု အကြံပြု လိုပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်ပြီး မည်သည့်စံနှုန်းမှ မရှိသေးပါဟုဆိုလျှင် ဆိုလို့ ရနိုင်ပါသည်။ သို့သော် ကိစ္စမရှိပါ။ တကယ်လုပ်ချင်သည်ဆိုလျှင် အပြည်ပြည်ဆိုင်ရာစံနှုန်းများကို မှီး၍ လုပ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဟူသည် မည်သည့်နိုင်ငံစံနှုန်းဖြစ်စေ၊ အခြေခံ သဘောတရားများ မှာ အတူတူပင် ဖြစ်သောကြောင့် ဖြစ်၏။

ရှင်းအောင် နမူနာပြရပါမူ ၁၀ ထပ်လောက်အမြင့်မှ လိမ့်ကျလျှင် အမေရိကန် ဖြစ်စေ၊  အင်္ဂလိပ်ဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ ကိုးရီးယားဖြစ်စေ၊ မြန်မာဖြစ်စေ သေမည်သာဖြစ်၏။ မန်နေဂျာ ပြုတ်ကျလည်း သေမည်၊ အလုပ်သမားကျလည်း သေမည်။ သူဌေးကျလည်း သေမည်။ အစိုးရအရာရှိမင်း ပြုတ်ကျလည်း သေမည်။ ထို့ကြောင့် လိမ့်မကျအောင် အကာအရံအတားအဆီးများ လုပ်ရမည်။ အတားအဆီး လုပ်သည့်နည်းများမှာလည်း အတူတူပင်ဖြစ်၏။ ပိုက်ဆံ ချမ်းသာသည့်တိုင်းပြည်က ပစ္စည်းကောင်းကောင်းသုံးမည်၊ ခေတ်မီတိုးတက်သော နည်းပညာများ သုံးမည်။ ဒါပဲ ကွာသည်။ သဘောတရားချင်းကတော့ အတူတူသာ ဖြစ်၏။ မိမိတို့နှင့်ကိုက်ညီမည့်နည်းများကို ဉာဏ်သုံးပြီး အသုံးချလို့ရပါသည်။

အရေးကြီးသည်မှာ မည်သည့်နိုင်ငံမှဖြစ်စေ၊ အတည်ပြုထားသော စံနှုန်းတစ်ခုကို နည်းယူကာ လိုက်နာလုပ်ဆောင်ရန် ဖြစ်၏။ သို့အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများ လေ့လာရမည့် နောက်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ စံနှုန်းများ ဖြစ်၏။ ဥပမာ - အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် စင်ကာပူစံနှုန်း Code of Practice for Working Safely at Height ကို ယူသုံးနိုင်ပါသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းအနေနှင့် အဓိကလုပ်ရမည့်အလုပ်မှာ နေ့စဉ်လုပ်ငန်းခွင်စစ်ဆေးရေး ဖြစ်၏။ လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးရာတွင် မိမိအနေနှင့် မည်သည်တို့က အန္တရာယ်မကင်းသော အခြေအနေ၊ မည်သည်တို့ကတော့ဖြင့် အန္တရာယ်မကင်းသော အပြုအမူ စသည်တို့ကို ပြတ်ပြတ်သားသား မြင်နိုင်ရန် လို၏။  အထက်တွင်ပြောခဲ့သော စံနှုန်းများကို သေသေချာချာ လေ့လာထားသူဖြစ်ပါက လုပ်ငန်းခွင်စစ်ဆေးခြင်းဖြင့် အန္တရာယ်များကို ဖော်ထုတ်ရာတွင် များစွာအသုံးတည့်သည်။

ဥပမာ - အမြင့်မှ လိမ့်မကျစေရန် အကာအရံတန်းများ ကာထားသည်ဆိုပါစို့။ မိမိသည် အကာအရံစံနှုန်းများကို သိထားလျှင် ထိုအကာအရံသည် လုပ်သားများကို ပြုတ်ကျခြင်းမှ ကောင်းစွာ အကာအကွယ်ပေးထားမထား အလွယ်တကူ သိနိုင်ပေသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းတစ်ယောက်အနေနှင့် ကွန်ပြူတာကောင်းကောင်း ကိုင်တတ်လျှင် အားသာချက် တစ်ခုဖြစ်၏။

မိမိလုပ်ခဲ့သမျှအားလုံးကို မှတ်တမ်းတင်ထားပါ။

၁။ နံနက်တိုင်းပြောရသည့် Toolbox meeting ကို မှတ်တမ်းတင်ထားပါ။
    တက်ရောက်သူများစာရင်းနှင့် ပြောခဲ့သည့်အကြောင်းအရာ မှတ်တမ်း။
၂။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးစည်းဝေးပွဲမှတ်တမ်းများ
၃။ နေ့စဉ် လုပ်ငန်းခွင်စစ်ဆေးရေးမှတ်တမ်းများ
၎။ Safet Work Procedure နှင့် Risk Assessment ကို သီးသန့်ဖိုင်များဖြင့် သိမ်းထားပါ။
    ထို SWP နှင့် RA များကို လုပ်သားများအား ရှင်းပြထားသော မှတ်တမ်း
၅။ Safety Induction Course ပေးခဲ့သော မှတ်တမ်း
၆။ မတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးမှတ်တမ်းများ
၇။ မိမိလုပ်ငန်းခွင်အတွင်းရှိ ၀န်ထမ်းအားလုံး၏ အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့်သင်တန်း တက်ရောက်မှုမှတ်တမ်း
၈။ လုပ်ငန်းခွင်အတွင်းသုံးစွဲနေသည့် ဓာတုပစ္စည်းစာရင်း
    ထိုဓာတုပစ္စည်းများအကြောင်း သက်ဆိုင်ရာ  အလုပ်သမားများအား ရှင်းပြထားသည့် မှတ်တမ်း
၉။ အခါအားလျော်စွာပြုလုပ်သည့် အန္တရာယ်ကင်းရေးလှုပ်ရှားမှု မှတ်တမ်း
၁၀။ အရေးပေါ်ကယ်ဆယ်ရေးစီမံချက် မှတ်တမ်းများ
၁၁။ လုပ်ငန်းခွင်အတွင်းပြုလုပ်သည်း အန္တရာယ်ကင်းရေး သင်တန်းများ မှတ်တမ်း
၁၂။ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သူများကို အပြစ်ပေးအရေးယူသည့် မှတ်တမ်းများ
၁၃။ အစိုးရအဖွဲ့၊ အာဏာပိုင်များ လုပ်ငန်းခွင်သို့လာရောက်သည့်မှတ်တမ်း

အချုပ်ဆိုရလျှင် မိမိလုပ်သမျှအားလုံးကို မှတ်တမ်းတင်ပြီး စနစ်တကျ ဖိုင်များဖြင့် သိမ်းဆည်းထားပါ။ လက်မှတ်ထိုးစရာ လိုလျှင် သက်ဆိုင်သူအားလုံးကို လက်မှတ်ထိုးခိုင်းပါ။


(၃) နိဂုံး

စားဝတ်နေရေးအတွက် ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း အလုပ်လုပ်ကြရကုန်၏။ ထိုသို့အလုပ်လုပ်ရင်း မတော်တဆမှုတို့ ဖြစ်နိုင်၏။

ကျွန်ုပ်တို့တွင် ခန္ဓာကိုယ်အစိတ်အပိုင်း အပိုမပါလာ။ ပီဘိ တစ်စုံစာ ကွက်တိသာဖြစ်၏။ ထို့ကြောင့် ထို မိမွေးတိုင်း၊ ဘမွေးတိုင်း ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပျက်စီးချို့ယွင်းမသွားအောင် ထိန်းသိမ်းထားဘို့ အရေးကြီး၏။ ထို့ထက် ကျွန်ုပ်တို့တွင် အသက်ဟူသည်လည်း တစ်ချောင်းသာ ပါ၏။ ထိုအသက်ကလေး ဆုံးပါးသွားလျှင် မည်သည့်နည်းနှင့်မှ အစားပြန်ရနိုင်စရာမရှိ။ ထို့ကြောင့် ကျွန်ုပ်တို့အသက်ကို ပိုးမွေးသကဲ့သို့ မွေးမြူထားရန်လည်း အလွန်အရေးကြီးလှ၏။

အသက် ဉာဏ်စောင့် ဟူသော စကားပုံကို ရှေးလူကြီးတို့ အလကားထားခဲ့ခြင်းမဟုတ်။ ဉာဏ်ကိုသုံးခြင်းဖြင့် မိမိအသက် မဆုံးရှုံးရအောင် ကာကွယ်နိုင်၏။ ဤနေရာတွင် ဉာဏ်ဟူသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ပတ်သက်သည့် အသိပညာပင် ဖြစ်တော့၏။ ထိုအသိမရှိသည်နှင့် သေရန် အလွန်နီးစပ်လေတော့၏။ 

လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဝန်ထမ်းများသည် ထိုအသိဉာဏ်ကိုရအောင် ကြိုးစားအားထုတ်ကြပါကုန်။ အန္တရာယ်ကင်းရေးဟူသည် လူအများ၏ အသက်၊ အိုးအိမ်စည်းစိမ်များနှင့် တိုက်ရိုက်ပတ်သက်နေ၏။ ထို့အတွက် ပေါ့လေးတဆ မလုပ်ကြပါနှင့်၊ အလေးအနက်ထားကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

အေးငြိမ်း

၅ အောက်တိုဘာ၊ ၂၀၁၇။ 

Thursday, October 19, 2017

ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့

ရန်ကုန်ရောက်သခိုက် ကိုဇော်ဝင်းတို့ ငါးကန်ရှိရာသို့ တစ်ခေါက်တစ်ကျင်းအလည်သွားဘို့ မမက တိုက်တွန်းသဖြင့် ၁၆-၁၀-၁၇ နေ့က သွားခဲ့ကြ၏။ ကိုဇော်ဝင်းက မြောက်ဥက္ကလာရှိ သူ့ယောက္ခမအိမ်နားမှ ကားဆရာကို ငှားပေးသည်။ ကားဆရာနာမည်မှာ ကိုရဲဇော်ဟူ၏။

မနက်စာအဖြစ် အိမ်မှ ကောက်ညှင်းပေါင်းစားခဲ့၏။ မနက် ၆ နာရီခွဲကျော်ကျော်တွင် အိမ်မှထွက်သည်။ ကိုဇော်ဝင်းကတော့ တစ်နာရီခွဲလောက်ပဲမောင်းရတယ် ဆို၏။ လက်တွေ့တွင်မူ အိမ်မှထွက်ပြီး တစ်နာရီခွဲအကြာ၌ သံလျင်အထွက်၊ အရှေ့ပိုင်း တက္ကသိုလ်အလွန်၊ သူဌေးကုန်းစံပြကျေးရွာ လမ်းခွဲသို့သာရောက်သေး၏။

မနက်ပိုင်းရန်ကုန်မှအထွက်ဆိုတော့ ကားမကြပ်သေး။ ရှောရှောရှူရှူပင် ရန်ကုန်မြို့မှ ထွက်နိုင်ခဲ့ကြ၏။

လမ်းဘေးတစ်ဖက်တစ်ချက်၌ စိမ်းစိမ်းစိုစိုအရောင်နှင့် ၀ါဖန့်ဖန့်အရောင် လယ်ကွင်းများကို ရောနှောကာ မျက်စေ့တစ်ဆုံး မြင်ရ၏။ ၀ါဖန့်နေသောလယ်ကွင်းများမှာ ရင့်မှည့်၍ ရိတ်သိမ်းချိန်တန်နေသည့် လယ်ကွင်းများဖြစ်ပြီး စိမ်းစိုနေသည့် လယ်ကွင်းများမှာ မရင့်မှည့်သေးသော စပါးခင်းများဖြစ်၏။

အချို့နေရာများတွင် စပါးများရိတ်သိမ်းထားသည်ကို တွေ့ရ၏။ အချို့နေရာများတွင် စပါးအိတ်များကို ကားလမ်းပေါ်၌ ဘေးကပ်လျက် ပုံထားသည်။ လယ်ကွင်းများထဲတွင်မူ ရိုးပြတ်များသာတွေ့ရပြီး ကောက်လှိုင်းများ ပုံထားသည်ကိုသော် လည်းကောင်း၊ ကောက်ရိုးပုံများကိုသော်လည်းကောင်း၊ တလင်းများကိုသော်လည်းကောင်း၊ ထို့ပြင် ကောက်ရိတ်နေသူ၊ တလင်းနယ်သူ၊ စပါးလှေ့နေသူများကိုသော်လည်းကောင်း လုံးဝ မတွေ့ရပါချေ။

တစ်ခု ကျွန်တော်သတိထားမိသည်မှာ ရိတ်သိမ်းခြွေလှေ့စက် (combined harvester) များကို ကြိုကြားကြိုကြား တွေ့ရခြင်း ဖြစ်၏။ စက်များမှာ စက်အလတ်များဖြစ်၏။

ဤတွင်စကားစပ်၍ပြောရလျှင် စပါးရိတ်စက်ကို အသေး၊ အလတ်၊ အကြီးဟု သုံးမျိုးခွဲ၍ ရနိုင်ပါလိမ့်မည်။ စပါးရိတ်စက် အသေးမှာ စပါးကို ရိတ်ရုံသာရိတ်ပြီး ရိတ်ပြီးသားစပါးပင်များကို လယ်ကွင်းများအတွင်း သည်အတိုင်း လှဲချခဲ့တာဖြစ်၏။ စပါးဖြစ်ရန် စပါးခြွေစက်ဖြင့် ထပ်ခြွေရသည်။ စပါးလှေ့ရသည်။

စပါးရိတ်စက် အလတ်စားမှာ ရိတ်ရုံသာမက စပါးကိုပါ ခြွေပေးသည်။ သို့သော် ခြွေပြီးသားစပါးများကို သီးသန့်သယ်ယူရပြီး ကိုယ့်ဘာသာ အခြောက်လှမ်း၊ အိတ်သွတ် လုပ်ရ၏။

စပါးရိတ်စက်အကြီးစားမှာ ရိတ်ရုံ၊ ခြွေရုံမျှသာမက စပါးများကို အိတ်ပါသွပ်ပေးသည်။ လယ်ရှင်က စပါးရိတ်စက်နောက်မှ နောက်တွဲယာဉ်ဖြင့်လိုက်ကာ စပါးအိတ်များကို လိုက်ကောက်ရသည်။

ယခု ကျွန်တော်တွေ့ခဲ့သည့် စပါးရိတ်စက်အားလုံးမှာ စပါးရိတ်စက်အလတ်စားများဖြစ်၏။

လမ်းတွင် အဖေကြီးက အိမ်သာတက်ချင်သည်ဆို၍ လယ်ထဲရှိအိမ်တစ်လုံးအနားတွင်ကားကိုရပ်ကာ ထိုအိမ်၌ပင် အိမ်သာ တက်ခိုင်းစေရ၏။ မြန်မာတို့ထုံးစံအတိုင်း အိမ်ရှင်အမျိုးသမီးများမှာ အလွန်ဖော်ရွေစွာပင် အဖေကြီးကိုတွဲကာ အိမ်သာထိ လိုက်ပို့ပါသည်။ ထို့နောက် ကျွန်တော်လည်း သိချင်သည်များကို အနည်းငယ် တီးခေါက်ကြည့်၏။

တူမကြီးတို့လယ်တွေကိုရိတ်တော့ စပါးရိတ်စက် ငှားသုံးတယ်မဟုတ်လား။
ဟုတ်ပါတယ်ရှင်။
စက်ငှားခ ဘယ်လောက်ပေးရသတုံး။
တစ်ဧကို ၅၀၀၀ ပါရှင့်။
အလဲ့ကွယ်။ သိပ်မဆိုးပါလား။ လူနဲ့ရိတ်ရင် တစ်ဧက ၅၀၀၀ နဲ့ ဘယ်ရလိမ့်မတုံး။ ဒါနဲ့ ဒီစက်တွေနဲ့ရိတ်ရင် တစ်ဧကကို ဘယ်နှစ်ရက်လောက်ကြာလဲ။ တစ်ရက်နြဲ့ပီးပါမလား။
ရာသီဥတုပေါ်မူတည်ပြီး ၂ ရက် ၃ ရက်လောက်ကြာပါတယ်ရှင့်။

အနို့ ဒီမီးကရော အစိုးရက ပေးတဲ့မီးလား။
ဟုတ်ဘူးရှင့်။ ကျွန်မတို့ပိုက်ဆံစုပြီး ဟိုနားကမြို့ကနေ လှမ်းဆွဲထားတာ။
ဒါဆို မီတာမရှိဘူးပေါ့။
မရှိဘူး။ မီးဘိုးကို လတိုင်းပိုက်ဆံစုပြီး ပေးရတယ်။

ထိုစဉ် အဖေကြီးလည်း အိမ်သာမှထွက်လာသောကြောင့် စကားစဖြတ်ကာ ခရီးဆက်ခဲ့ကြ၏။
ကိုဇော်ဝင်းတို့ ငါးကန်မှာ ခရမ်းသို့မရောက်။ ချောင်းကမ်းနဘေးတွင်ရှိ၏။ ကားကို တစ်ဘက်ကမ်းတွင် ထားခဲ့ပြီး အဆင်သင့် စီစဉ်ပေးထားသည့် စက်လှေကလေးဖြင့် ခရီးဆက်ခဲ့ကြ၏။ ရေကျနေသဖြင့် စက်လှေမှာ ဆိပ်ခံတံတား အောက် အတော်နိမ့်နေရာ အသက် (၈၃) နှစ်ရှိပြီဖြစ်သော အဖေကြီးကို မနည်းတွဲချကြရ၏။ ကျွန်တော်တို့လို ၅၆ နှစ် အရွယ် လူငယ်လေးများအဖို့တော့ ဘာပြောစရာရှိပါမတုံး။

စက်လှေဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်မောင်းသော် ငါးကန်ရှိရာ မြစ်ကမ်းနဖူးသို့ဆိုက်၏။ မြစ်ရေကျသွားသည့်အခါ ကျန်ခဲ့သော နွံများပေါ်နင်းကာ ကမ်းပေါ်တက်ရ၏။ သည်ဘက်ကမ်းတွင်မူ ကိုဇော်ဝင်းက အဖေကြီးကို တွဲတင်သည်။ မြောင်းကူးတံတားလေးမှာလည်း ပျဉ်ပြားတစ်ချပ်တည်းခင်းထားရာ လှုပ်တုတ်၊ လှုပ်တုတ်နှင့်မို့ အသည်းယားစရာ ဖြစ်၏။

ကိုဇော်ဝင်း ငါးကန်များမှာ အတော်ကျယ်သည်။ ဒီဘက်ကန်က ၆ ဧကခွဲ၊ ဟိုဘက်ကန်က ၃ ဧက စသဖြင့် ကိုဇော်ဝင်းက ရှင်းပြ၏။ ကန်ဘောင်တွင် ဒန့်သလွန်ပင်များ ပတ်ပတ်လည် စိုက်ထားသည်။ ဒီအပင်တွေက တွက်ခြေကိုက်တယ်။ ဘာမှ လုပ်စရာမလိုပဲ တစ်နှစ်ကို သိန်း ၄ - ၅ - ၆၀ လောက် ပိုက်ဆံရှာပေးတယ် ဟု ဆို၏။

ကျွန်တော်တို့လာသည့်အတွက် သူတို့မိသားစုက ၀မ်းသာအားရပင် ဟင်းအမျိုးစုံအောင် ချက်ကျွေးကြ၏။ ကျွန်တော့်မှာ များများစားနိုင်သူမဟုတ်၍ တို့ကနန်း ဆိတ်ကနန်းနှင့်ပင် ပြီးရ၏။ ငါးနုသန်းဟင်းမှာ အတော်စား၍ ကောင်းလေသည်။ ဟင်းအားလုံး သူတို့လက်ဖြစ်ဟင်းလျာချည်းဖြစ်၏။ ဘယ်မှသွားဝယ်နေစရာမလို။ အနီးအနားတွင် သီးပင်စားပင်များ စိုက်ထားလေရာ ဟင်းချက်မှ အဆင်သင့်ကောက်ကက် ခူးလိုက်ရုံဖြစ်၏။ ငါးများမှာလည်း အနီးရှိရိုးတွင် မြှုံးထောင်လျှင် ရနိုင်လေသည်။

ကိုဇော်ဝင်းက ဟိုးတစ်ဘက်တွင်ရှိသော သူ့ကန်များကိုပါ လိုက်ပြသေးသည်။ လည်ရှည်ဖိနပ်စီးကာ ရွှံ့များအကြား ပြောင် ချောနေသော မြေကြီးပေါ်နင်းရ၍ ကျွန်တော့်မှာ ချော်မလဲအောင် မနည်းသတိထား သွားရ၏။
လူတွေက မလွယ်ဘူးဗျို့။ ကိုယ်အောင်မြင်လာရင်လဲ တွန်းလိုက်ထိုးလိုက်၊ အတိုက်အခိုက်တွေ အရမ်းများတယ်။ ပြဿနာမဖြစ်အောင် မနည်းကြည့် ပေါင်းနေရတယ် ဟု ကိုဇော်ဝင်းက ဆို၏။ ကိုယ့်ထက်သာ မနာလိုသူများ ဖြစ်၏။

ထို့နောက် ကျွန်တော် ရေထိန်းတံခါးလိုက်ပြမယ်ဆိုကာ ရေချိုနှင့်ရေငန်ကို ပိုင်းပေးထားသော ရေထိန်းတံခါးရှိရာသို့ စက်လှေငယ်ဖြင့်ပင် သွားကြ၏။ မိုးများ အသည်းအသန်ရွာနေသောကြောင့် လှေစီးရတာ ဇိမ်မရှိလှ။

ရေထိန်းတံခါးလုပ်ထားလိုက်ပုံမှာ အတော့်ကို စိတ်ပျက်စရာ ဖြစ်လေသည်။ ဟောဒီရေထိန်းတံခါးဆောက်တဲ့အတွက် လူတော်တော်များများ သူဌေးဖြစ်သွားတယ်။ ပစ္စည်းသွင်းတဲ့သူကအစ တိုက်နဲ့ကားနဲ့ဖြစ်သွားတယ် ဟု ကိုဇော်ဝင်းက ပြော၏။

ရေထိန်းတံခါးပေါ်လျှောက်ရတာ ကျွန်တော့်မှာ မရွံ့မရဲရှိလှသည်။

ရေထိန်းတံခါးပလက်ဖောင်းကို ကာရံထားသည့်လက်ရမ်းအမြင့်မှာ ၆၀၀ မီလီမီတာထက်မပို။ ကြမ်းပြင်နှင့် အောက်ဆုံး လက်ရမ်းမှာ အတော်ကျယ်လေရာ ကလေးများ အလွယ်တကူ ပြုတ်ကျနိုင်လေသည်။ ထို့ထက်ဆိုးသည်မှာ ရေထိန်းတံခါး ဟိုဘက်သည်ဘက် အဆုံးနှစ်ဘက်တွင် ရေထိန်းတံခါးရွက်များကို ပြုပြင်ထိန်းသိမ်ရန် အတွင်းဘက် ပလက်ဖောင်းပေါ်သို့ ဆင်းသည့် လှေခါးလမ်းရှိ၏။ ထိုလှေခါးတွင် လက်တန်းမရှိ။ ထိုလှေခါးသို့သွားရာလမ်းတွင်လည်း ဘာနှင့်မှကာရံမထား။ အောက်ဘက်တွင် ရေများ တ၀ုန်းဝုန်း စီးဆင်းနေသည်ဖြစ်ရာ ပီဘိ အသည်းယားစရာ ဖြစ်၏။

ဟိုတစ်နှစ်က ဒီနေရာမှာ ကျောင်းသားတစ်ယောက် ပြုတ်ကျသေသေးတယ် ဟု ကိုဇော်ဝင်းသမီးက ပြောသည်။

ရေတံခါးပလက်ဖောင်းပေါ်တွင် အလုပ်သမားတချို့သည် သံ ရေတံခါးရွက်များကို ဆယ်ယူကာ ပျက်စီးနေသော နေရာများကို ပြင်ဆင်နေ၏။ ၎င်းတို့ကိုကြည့်၍ ကျွန်ုပ်မှာ ဤရေတံခါးကိုတည်ဆောက်ခဲ့သူ လူကြီးမင်းများ၏ အမြော်အမြင်ကြီးမှုကို သြချယူရပါပေသည်။

ရေတံခါး၏ တံခါးရွက်များမှာ ပီဘိ ဘုရားစူးရပါစေ့ တံခါးရွက်များဖြစ်လေရာ ထိုတံခါးရွက်များကို နှစ်စဉ်နှစ်တိုင်း ပြင်နေရမည်မှာ မချွတ်။ ထို့အတွက် ယခု ရေတံခါးရွက်ပြင်နေသူ သကောင့်သားကလေးများမှာ နှစ်စဉ်နှစ်တိုင်း သည်ရာသီတွင် ရေတံခါးပျက်များကို ပြန်ပြင်နေရမည်မချွတ်။ ထို့ကြောင့် ၎င်းတို့မိသားစုများ စားဝတ်နေရေး ပြေလည် အောင် ဆောင်ကြဉ်းပေးခဲ့သော အနှီအရာရှိမင်းများ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေဟု (ဦးပုည မေတ္တာစာထဲကလို) မေတ္တာတုံးကြီးကြီးနှင့် ယီးတိုက်၍ ပို့လိုက်ပါသည်။

ထိုမျှသာမကသေး။ ထိုရေတံခါးရှိနေသဖြင့် လှေ၊ မော်တော်များမှာ မြစ်ကြောင်းမှ မသွားနိုင်သောကြောင့် ရေတံခါး ဘေးတွင် ၎င်းတို့အတွက် ချောင်းတစ်ခု ဖောက်ပေးထားသည်။ ထိုချောင်းကိုလည်း အခြား ရေတံခါးတစ်ခုဖြင့် ထိန်းထား၏။ လှေ၊ မော်တော်များမှာ ရေတက်ချိန်၌ ချောင်းအတွင်းဝင်နေပြီး ရေကျချိန်မှ တံခါးဖွင့်ကာ မြစ်အတွင်း ဆင်းကြရသည်။ ထိုတံခါးမှာလည်း မကြာခဏပျက်လေရာ လှေ၊ မော်တော်များမှာ ထိုချောင်းအတွင်း မကြာခဏ ပိတ်မိ နေတတ်သော ဟူ၏။

ဤပြဿနာမှာ ဤတစ်နေရာထဲတွင်သာ မဟုတ်။ မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အလားတူပြဿနာများ ကြုံတွေ့နေကြ ရမည်မှာ မလွဲပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာတစ်နိုင်ငံလုံးရှိ ပရောဂျက်မှန်သမျှ ဤနည်းနှင်နှင်ချည်း ဖြစ်သောကြောင့် တည်း။
ကိုဇော်ဝင်းတို့ငါးကန်ကိုသွားရာတွင် ခရမ်းသို့သွားသောလမ်းမှ မသွားဘဲ ဖြတ်လမ်းမှ သွားရ၏။ ဖြတ်လမ်းမှာ သူဌေးကုန်း စံပြကျေးရွာမှစတင် လမ်းခွဲ၏။ လမ်းတလျှောက်လုံးလိုလို တွေ့ရသော ကျေးရွာများမှာလည်း စံမပြသောကျေးရွာက ရှား၍ ရွာတိုင်းလိုလိုမှာ စံပြကျေးရွာများချည်းဖြစ်၏။ သူ့ဘာသာသူသာ စံပြချင်သာပြရမည်။ ကျွန်တော်တွေ့ရသလောက်တော့ အတူတူနှင့် အနူနူများချည်းဖြစ်၏။

ဖြတ်လမ်းဆိုသော်လည်း အတော်ရှည်ပါသည်။ သူဌေးကုန်းစံပြကျေးရွာမှ ကမာမက်စံပြကျေးရွာထိ ကီလိုမီတာ ၃၀ လောက်ရှိမည်ထင်၏။ ကားနှင့် တစ်နာရီခွဲကြာ သွားရသည်။ လမ်းမှာ ကွန်ကရိလမ်းဖြစ်သည်။ သို့သော် ဘုရားစူးရပါစေ့ ကွန်ကရိလမ်း ဖြစ်၏။

လမ်းဖောက်ဖို့ ချပေးစဉ်ကတော့ ပေမီဒေါက်မီနှစ်လမ်းသွားအဖြစ် ချပေးလိုက်တာ ဖြစ်ပါလိမ့်မည်။ သို့သော် လမ်းတစ်ခြမ်းကို သားကျွေးမှု မယားကျွေးမှုအတွက် အထက်ပိုင်းက ခိုးထားလိုက်တော့ လမ်းမှာ ၁လမ်းခွဲသာ ကျန်တော့ သည်။ လမ်းကန်ထရိုက်တာက သံချောင်းများကို ခိုးထားလိုက်သည့်အတွက် ကွန်ကရိလမ်းတွင် သံနှင့်တူတာဆို၍ အိမ်ရိုက်သံပင် မတွေ့ရတော့။ တဖန် သဲနှင့်ကျောက်၊ ဟိုလူသည်လူ စသည်များကပါ ထပ်မံအားပေးလိုက်သည့်အခါ အဆိုပါ ကွန်ကရိလမ်းမှာ -

နှစ်လမ်းသွားမဟုတ်တော့ပဲ တစ်လမ်းခွဲသာ ကျန်တော့၏။
Reinforced concrete ဖြစ်ရမည့်တိုင် သံတစ်ချောင်းမှ မပါ။
လမ်းအထူမှာ ၃ လက်မလောက်သာ ရှိသည်။
အောက်ခံမြေသားမှာ ပီဘိ လယ်မြေများသာဖြစ်၏။ ကျောက်ဆို၍ တစ်လုံးမှမပါ။

လမ်းပျက်နေသောနေရာများက လမ်း၏အခြေအနေကို အတိုင်းသား ဖော်ပြနေပါသည်။

ကျွန်ုပ်တို့ရွှေပြည်ကြီးမှာ ပရောဂျက်တစ်ခုရလို့မှ သူဌေးမဖြစ်လျှင် ထိုသူမှာ ငတုံးအကြီးစားဖြစ်တော့သည်။ အဒိန္နာဒါနာ ဆိုသည့်ကံကို ညဘက် လူခြေတိတ်ချိန်တွင် သူများအိမ်တက်ခိုးခြင်း ဟု အဓိပ္ပာယ်ဖွင့်ပြီး ပရောဂျက်မှပိုက်ဆံများကို ကိုယ့်ယောက္ခမ အမွေကဲ့သို့ ဘုံးခြင်းကိုမူ မိမိမျိုးဆက်များအတွက် အမြော်အမြင်ရှိခြင်း၊ တတ်သိလိမ္မာခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ၏။

သို့နှင့်ပင် ညနေ ၄ နာရီတီးခါနီးတော့ ပြန်ခဲ့ကြ၏။ အပြန်လမ်းတွင်လည်း နိုင်ငံကြီးသားများကို တစ်လမ်းလုံး တွေ့ခဲ့ရ၏။

ကျွန်တော်တို့ပြန်လာချိန်မှာ ကျောင်းဆင်းချိန်ဖြစ်သဖြင့် လမ်းတလျှောက် ကျောင်းသားများကို တွေ့ရသည်။ တချို့မှာ လမ်းဘေးတွင်ရပ်ကာ ၀ိုင်းဖွဲ့စကားပြောနေကြသည်။ ပီဘိ မခန့်လေးစားဖြစ်၏။ ကားလာနေတာကို အနည်းငယ်မှ ဂရုမစိုက်။ ရှောင်ပေးဖော်မရ။ လမ်းကျဉ်းကျဉ်းတွင် ကားက သူတို့ကို ရှောင်သွားရသည်။

ထို့အတူပင် လမ်းမှရွာများ၌လည်း အချို့ရွာသားများမှာ လမ်းပေါ်တက်ထိုင်နေသည်။ ကားဆရာကိုရဲဇော်မှာ အလွန် အင်မတန် စိတ်ရှည်လှသူ ဖြစ်၏။ ဘယ်လိုပေစုတ်စုတ်တွေမှန်းမသိဘူး ဆိုကာ ကားကို အရှိန်လျှော့လျှက် ဖြည်းညင်းစွာပင် ကွေ့မောင်းသွားသည်။ ကျွန်တော့်မှာသာ အသည်းတွေယားနေသည်။ သူကတော့ အပြုံးတောင်မပျက်။ ကျွန်တော့်တစ်သက် သည်လောက်စိတ်ရှည်လှသော ကားဆရာကို သည်တစ်ခါသာ တွေ့ဖူးသေးသည်။

မော်တော်ဆိုင်ကယ်များမှာလည်း နည်းနည်းမှ အရှိန်မလျှော့။ အတင်းရောကာရော ဖြတ်မောင်းသွားကြသူချည်း ဖြစ်၏။ အင်း၊ ဒါကြောင့်လည်း မကြာခဏ ဆိုင်ကယ်မှောက်သေကြတာပဲ။ နည်းနည်းမှ သနားစရာကောင်းတဲ့သူတွေ မဟုတ်ဘူး ဟု ဆိုမိ၏။

တစ်နေရာတွင် လော်ရီကားကြီးတစ်စီး လမ်းရှောင်ရင်း ဗွက်နစ်နေသည်ကို ဆွဲတင်ရန် ကြိုးစားနေတာ တွေ့ရ၏။ တစ်လမ်းခွဲကွန်ကရိလမ်း၏ ဘေးမှ မြေသားများမှာ လယ်မြေများဖြစ်သဖြင့် မိုးရွာလိုက်သောအခါ နူးအိနေ၏။ ထိုအပေါ်သို့ ကားကြီးက မနိုင့်ရင်ကာဝန်များဖြင့် တက်နင်းလိုက်လေသော် ဘီးနစ်တာ ဘာဆန်းပါမတုံး။

တစ်ဘက်မှလာသော ကားကြီးက သံကြိုးဖြင့် ဆွဲတင်လိုက်သဖြင့် လော်ရီမှာ လမ်းမပေါ် ပြန်ရောက်လာသည်။ ထို ကားဆွဲနေသည့် ခဏကလေးကိုပင်မစောင့်နိုင်။ ဆိုင်ကယ်များမှာ ထိုကားကြိုကားကြားထဲဖြတ်ကာ ကွေ့ကာကောက်ကာ နှင့် ဖြတ်သန်းသွားလာနေကြသည်။ ကားကြီးကို ဆွဲတင်နေသည့် သံကြိုးများပြတ်လိုက်လို့ကတော့ အနည်းဆုံး သုံးယောက်လောက်တော့ အသာလေးသေနိုင်သည်။ အနို့ ဆိုင်ကယ်တစ်စီးကို သုံးယောက် စီးကြသကိုး။

ကားကြီးလမ်းပေါ်ရောက်သွားတော့ ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်ဘက်တွင် ကားပိတ်သဖြင့် တန်းစီစောင့်နေသော YBS ဘတ်စ်ကားနှစ်စီး၊ လော်ရီတစ်စီး၊ ကားလေး နှစ်စီးတို့ အသီးသီးဖြတ်သွားကြ၏။ တကယ်ဆို ထိုကားများ ကုန်သွားလျှင် ကျွန်တော်တို့ဘက်ခြမ်းတွင် တန်းစီစောင့်နေသော ကားများကို ပေးဖြတ်လိုက်ပါက မပြီးပါလား။

ခုတော့ တစ်ဖက်မှကားများ ကုန်သွားသည့်အခါ ဆွဲသည့်ကားကြီးမှာ နောက်ပြန်ဆုတ်သွားသည်။ ကျွန်တော်တို့က သူ့ရှေ့မှ ဖြည်းဖြည်းချင်းလိုက်သွားရ၏။ ထိုကားမှာ လမ်းဘေးမြေမာရောက်သည်ထိ ဆုတ်သွားသည်။ အနည်းဆုံး တစ်ကီလို မီတာလောက် ရှိမည်ထင်၏။ ထိုကားသမား၏ တွေးခေါ်ပုံကို ကျွန်တော့်မှာ သြချယူရပါပေသည်။ ထိုနေရာတွင်ပင် အချိန် အတော်ကုန်သွားသည်။

ထို့အပြင် ထို ကွန်ကရိလမ်းကျဉ်းကျဉ်းပေါ်တွင် လမ်းဘေးကပ်ခါ စပါးအိတ်များပုံထားခြင်း၊ ထိုစပါးအိတ်များတင်နေသည့် ထော်လာဂျီများကလည်း လမ်းဘေးကပ်ရပ်ထားခြင်း စသည်တို့မှာမူ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုလိုပင် သဘောထားနေကြ လေ၏။ အဆိုးဆုံးမှာကား သူဌေးကုန်းလမ်းခွဲ တက်ခါနီး၌ ဖြစ်၏။

ထော်လာဂျီလေးစီးမှာ စပါးအိတ်များ အပြည့်တင်လျှက် တန်းစီ မောင်းနေသည်။ ထိုထော်လာဂျီများနောက်တွင် လိုက်ထရပ်တစ်စီး၊ ထိုလိုက်ထရပ်နောက်တွင် ကျွန်တော်တို့ကား။

လိုက်ထရပ်က တတီတီ ဟွန်းတီးနေသည်ကို လမ်းမပေး။ သည်အတိုင်း ဆက်မောင်းနေသည်။ မောင်းသမှ နောက်ကား ကျော်မရအောင် လမ်းကို ဖြန့်မောင်းသည်။ ကိုယ်လည်း မြန်မြန်မမောင်းနိုင်သည့်အတူတူ လမ်းဘေးကပ်ရပ်ကာ နောက်ကားများကို လမ်းပေးလိုက်ရမှာ အဘယ်ကြောင့် သည်မျှ အပန်းကြီးနေရသည်ကို ကျွန်တော် နားမလည်နိုင်။ အတော်စုတ်ပဲ့လှသော စိတ်ဓာတ်များ ဖြစ်လေသည်။ ထိုထော်လာဂျီများကို ကျွန်တော်ဓာတ်ပုံရိုက်လိုသည့်တိုင် ရှေ့မှ လိုက်ထရပ်ကွယ်နေသဖြင့် ရိုက်လို့မရ။

ထော်လာဂျီများနောက်က ကျွန်တော်တို့ မှေးလိုက်နေရတာ တစ်ကီလိုမီတာမကပါ။ ကျွန်တော်တို့နောက်တွင်လည်း အခြား ကားများ၊ လော်ရီများမှာ ရှင်လောင်းလှည့်သကဲ့သို့ မောင်းနေရလေ၏။

ဤသည်မှာ ကျွန်တော်ပြောချင်လှသည့် ကျွန်တော်တို့တိုင်းပြည်မှ လူများ၏ စုတ်ပဲ့လှသော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား များအကြောင်း ဖြစ်ပါသည်။

ကျွန်တော်လည်း တောသားပါပဲ။ တောကျလိုက်သမှ ကျွန်တော်တို့ရွာမှာ ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသည်။ ရွာ့ဟိုဘက် ဘာရွာမှမရှိတော့။ ဧရာဝတီတိုင်း၏ အစွန်အဖျားဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ရွာသားများမှာ ဖြူစင်ကြသည်၊ ရိုးသားကြသည်၊ အချင်းချင်း ယိုင်းပင်းကူညီကြသည်။ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရားဆိုတာ ရှိသေးသည်။

ယခု ရွာသားများ၏ အမူအကျင့်နှင့်စိတ်ဓာတ်များကို မြင်ရတွေ့ရသည့်အခါ ကျွန်တော့်မှာ အတော်စိတ်ပျက်မိ၏။ ဘယ်လိုတွေများ ဖြစ်ကုန်ကြပါလိမ့်ဟုလည်း အံ့သြမိ၏။ ခေတ်ကြီးနှင့်အတူလိုက်၍ ပျက်စီးကုန်ပြီထင်ပါသည်။

နောက် အဝေးကြီးတွင် ပြတ်ကျန်နေသူတစ်ယောက်အဖို့ မိမိရှေ့တွင် အရှိန်အဟုန်နှင့်ပြေးနေသူတစ်ယောက်ကို ကျော်တက်ဘို့ဆိုတာ လွယ်သည့်ကိစ္စမဟုတ်ပါ။ ထိုသူ၏အမြန်နှုန်းထက် အနည်းဆုံး နှစ်ဆတင် ပြေးမှ ဖြစ်မည်။

စင်ကာပူသည် ပြေးနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်၏။ စင်ကာပူတွင် နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်ရထားသူများအဖို့ စင်ကာပူ လေဆိပ်အ၀င်တွင် လ.၀.က ဖြတ်စရာမလို။ ပတ်စ်ပို့စာအုပ်တင်၊ လက်ဗွေဖတ်သည့်စက်ပေါ် လက်မတင်လိုက်လျှင် ၀င်လို့ ရသည်။

မြန်မာပြည်ပြန်လျှင်လည်း လေဆိပ်တွင် ကောင်တာသွား တန်းစီနေစရာမလို။ စက်ပေါ်တွင် ကိုယ့်ပတ်စ်ပို့ကိုတင်၊ ကိုယ့်ဘာသာ ခရီးဆောင်သေတ္တာကိုချိန်ကာ ကိုယ့်ဘာသာ လေယာဉ်စီးလက်မှတ် (boarding pass) ထုတ်ရုံဖြစ်၏။

ကျွန်တော်တို့ စင်ကာပူကို အနှစ် (၂၀) အတွင်းကျော်ဘို့ဆိုလျှင် စင်ကာပူကသွားနေသည့်နှုန်း၏ နှစ်ဆလိုက်နိုင်မှ ဖြစ်မည်။ ကျွန်တော်တို့ မည်သည့်နေရာများတွင် အသည်းအသန်ကြိုးစားနေကြပါသနည်း။

ကိုယ့်ထက်သာမနာလိုသည့် စိတ်ဓာတ်၊ ကိုယ့်ကိုမကျော်ရလေအောင် ပြိုင်ဘက်နောက်ကျောကို ဓားနှင့်ထိုးသည့် စိတ်ဓာတ်၊ ကိုယ့်ကို မကျော်ရလေအောင် လမ်းကိုပိတ်မောင်းနေသည့် ထော်လာဂျီမောင်းသူများ၏ စိတ်ဓာတ်မျိုးများနှင့် စင်ကာပူကို အနှစ်နှစ်ဆယ်အတွင်း ဘယ်လိုကျော်နိုင်ပါမည်နည်း။ 

တိုင်းပြည်တစ်ခုကိုတည်ဆောက်ရာတွင် အစိုးရတစ်ဦးတည်းကောင်းနေရုံနှင့် မဖြစ်နိုင်။ သည်နိုင်ငံတွင် သန်း ၅၀ ကျော်မျှ သောလူများ နေထိုင်သည်ဖြစ်ရာ အစိုးရ၏ မှန်ကန်ကောင်းမွန်သည့် ဦးဆောင်မှုနောက်တွင် ပြည်သူများက အင်နှင့် အားနှင့် ၀ိုင်းဝန်းပံ့ပိုးပေးကြမှ ဖြစ်မည်။

ယခုတော့ ကျွန်ုပ်တို့တိုင်းပြည်တွင် ပြည်ပအနှောင့်အယှက်များထက် ပြည်တွင်းအဖျက်သမားများက ထုနှင့်ထည်နှင့်၊ အင်နှင့်အားနှင့် နေရာယူထားကာ ကောက်ကျစ်ယုတ်မာသော နည်းပေါင်းစုံသုံးလျက် အစိုးရကို ဒုက္ခများအောင် လုပ်နေကြသည်။

ဒီမင်း၊ ဒီစိုး၊ ဒီသူခိုးနှင့်။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနှင့် မည်ကဲ့သို့ ခရီးဆက်ကြမည်နည်း။
သည်ပုံနှင့်မိုးကြီးချုပ်လိမ့်မည်။

မကူညီချင်နေပါ။ မနှောင့်ယှက်ပါနှင့်။
မိမိတတ်နိုင်သလောက် တိုင်းပြည်တည်ဆောက်ရေးတွင် ၀ိုင်းဝန်းပါဝင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ အောက်တိုဘာ၊ ၂၀၁၇

Sunday, October 8, 2017

စာကို ကျင့်ပြီးရေးကြဘို့ အရေးကြီးကြောင်း

Global Enchanting နဲ့ Safety People in Myanmar တို့ပေါင်းပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ ပြိုင်ပွဲ လုပ်ပါတယ်။ အခုတော့ ပြိုင်ပွဲဝင်စာမူ၊ ဆောင်ပုဒ်၊ ဗီဒီယို စတာတွေ ပိတ်သွားပါပြီ။ ပြိုင်ပွဲဝင် ဆောင်းပါး စတာတွေလည်း ရောက်လာပါပြီ။

ဆိုတော့ ဆုရွေးချယ်ဘို့ ကျွန်တော်ပြိုင်ပွဲဝင်စာမူတွေကို ဖတ်ကြည့်ပါတယ်။ သိပ်တော့လည်း မများလှပါဘူး။ ၂၀ အောက် လျော့လျော့ရှိပါတယ်။

အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ စာလုံးပေါင်းတွေ အရမ်းမှားတယ်။ စကားလုံး အဖြတ်အတောက်မမှန်ဘူး။ စာပိုဒ်လည်း မခွဲတတ်ဘူး။ ၀ါကျတည်ဆောက်ပုံလည်း သိပ်ပုံမကျဘူး။

မြန်မာစာက တခြားစာတွေနဲ့မတူပါဘူး။ မြန်မာစာဟာ လုံးကောက်အနက် (တစ်လုံးချင်း အဓိပ္ပာယ်ရှိ) တဲ့ စာပါ။ ဆိုလိုတာက စာတစ်လုံးချင်းမှာ သူ့အဓိပ္ပာယ်နဲ့ သူရှိတယ်။ စာလုံးပေါင်းမှားသွားတာနဲ့ အဓိပ္ပာယ်ပါ ပြောင်းသွားတယ်။ စာလုံးအဖြတ်အတောက်မှားတာနဲ့ အဓိပ္ပာယ် အများကြီးကွဲသွားတယ်။ ကိုယ်ဆိုလိုချင်တာ မရောက်တော့ဘူး။

တချို့ကျတော့ စာလုံးကိုလုံးဝမဖြတ်ဘဲ တောက်လျှောက်ဆက်ရေးသွားတယ်။ ဘယ်နေရာကစပြီး ဘယ်နေရာမှာ ဆုံးမှန်းတောင် မသိဘူး။ အခု ပြိုင်ပွဲဝင်ဆောင်းပါးတွေမှာ အဲဒါမျိုးတွေ တော်တော်များများ ပါလာတယ်။

နောက် ကိုယ်အင်မတန်မုန်းတဲ့ သတ်ပုံအမှားတွေ ပါလာတယ်။ က သတ်နဲ့ တ သတ်ကို လွဲ သုံးတာ။
(မလုပ်တက်ဘူး၊ မသွားတက်ဘူး။ သင်တန်းတတ်တယ်။ ပတ်သတ်နေတယ်။ တိုးတတ်တယ်) စသဖြင့်။
ကိုယ်တစ်ယောက်တည်းသာ စစ်ရလို့ကတော့ ဘယ်လောက်ကောင်းတဲ့စာ ဖြစ်နေပါစေ။ အဲသလို (တိုးတတ်တယ်) ဆိုတဲ့ စာလုံးတစ်လုံးတည်းနဲ့တင် ပယ်တဲ့အထဲရောက်သွားပြီပဲ။

နောက် အတော်များများ မှားတဲ့တစ်ခုက မှု ဆိုတဲ့နေရာမှာ (မှု့) ဆိုပြီး အောက်ကမြစ်ထည့်တယ်။ အင်မတန်မှားတယ်။ အောက်ကမြစ်ကို ဘယ်နေရာမှာ ထည့်ရမှန်း နားမလည်ဘူး။ အလှူရှင် ဆိုပါစို့။ အဲဒီမှာ ပိုင်ဆိုင်မှုကိုပြချင်ရင် အောက်ကမြစ်ထည့်ရတယ်။ (အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတယ်) ဆိုတာမျိုးပေါ့။ မှုကျတော့ ဘာမှ ထည့်စရာ မလိုဘူး။ သူ့ဟာသူ ပြည့်စုံပြီးသား။  

နောက်ပြီး စာပိုဒ်ခွဲရေးဘို့လိုတယ်။ ပြောချင်တဲ့အကြောင်းအရာတစ်ခု ပြီးသွားပြီ။ နောက်တစ်ခု ပြောင်းတော့မယ်ဆိုတာနဲ့ စာပိုဒ် ခွဲလိုက်ရတယ်။ မဟုတ်ရင် ဖတ်ရတာ အဆင်မပြေဘူး။ မျက်စိလည်း ရှုပ်တယ်။

ဆိုတော့ သတ်ပုံမှန်ဘို့၊ အဖြတ်အတောက်မှန်ဘို့၊ စာပိုဒ်ခွဲဘို့ လိုတယ်။

နောက်တစ်ခုက ပြောချင်တဲ့အကြောင်းအရာကို ဦးတည် ရေးရတယ်။ တခြားအကြောင်းအရာတွေလည်း ပြောလို့ ရပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းအားလုံးဟာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို အထောက်အပံ့ပြုတဲ့အရာ တွေသာ ဖြစ်ရမယ်။ မဆိုင်တာတွေ ဆွဲမထည့်ရဘူး။

နောက် ကိုယ်အမြင်ကပ်တာတစ်ခုက မြန်မာလိုပြောလို့ရလျက်သားနဲ့ အင်္ဂလိပ်လို ညှပ်သုံးတာ။ မြန်မာစကားကို သုံးလိုက်တော့ အောက်တန်းကျသွားမှာမို့လို့လား။ မြန်မာစကားနဲ့ပြောဘို့ အဆင်မပြေလို့ လိုသလောက်သုံးတာ ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့လည်း တခါတလေ မလွှဲသာမရှောင်သာ သုံးရတာပါဘဲ။ ဒါပေမယ့် သိပ်များလွန်းလာ ရင်တော့ မျက်စိနောက်စရာဖြစ်လာတယ်။ တချို့ဆို မြန်မာတစ်လုံး ကွင်းစကွင်းပိတ်နဲ့ အင်္ဂလိပ်လိုတစ်လုံး၊ ထည့်ပေး လိုက်သေး။ ဖတ်တဲ့သူတွေ မြန်မာလိုနားမလည်မှာစိုးလို့ အင်္ဂလိပ်လို ဘာသာပြန်ပေးရတာလား။

နောက်တစ်ခု။ စကားလုံးတွေ အရမ်းဖောင်းပွနေတာ။ သိပ် အကြည့်ရဆိုးတယ်။ လိုရင်းမရောက်နိုင်ဘူး။ တချို့ဆို ရေးနေရင်း ကိုယ်ဘာရေးလို့ ရေးနေမှန်းကို မသိတော့အောင် ဖြစ်သွားတယ်။

ဒါ ဘာကြောင့်လည်း ဆိုတော့ စာရေးကျင့်မရှိလို့ဘဲ။

ကိုယ်လည်း ဟို့အရင်တုံးကစာတွေဖတ်ကြည့်ပြီး မကြိုက်တာတွေ အများကြီးရှိတယ်။ အရင်တုံးက ဘာသာပြန်ထားတာ တွေကို စာအုပ်ရိုက်မယ်လို့ ပြန်ဖတ်ကြည့်တော့ မကြိုက်တာတွေ အများကြီးပါနေတာ တွေ့ရတယ်။

ဆိုတော့ စာကောင်းကောင်းရေးတတ်ချင်ရင် အကောင်းဆုံးကတော့ စာတွေများများဖတ်။ သူများတွေရေးထားတာကို အတုယူ။ နောက်ပြီး ကိုယ်ကိုယ်တိုင် စာတွေ များများရေးဘို့ပါပဲ။ ဖတ်သာဖတ်တယ်။ ရေးကျင့်မရှိဘူးဆို စာအုပ် ၅၀၀၊ ၁၀၀၀။ ဘယ်လောက်ပဲဖတ်ဖတ်၊ စာရေးကောင်းသူတစ်ယောက်ဖြစ်လာဘို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ။

ရေးချင်လို့ရေးလိုက်တာ။ ၂ နာရီတီးတော့မယ်။ အိပ်အုံးမှဗျို့။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း

၈ အောက်တိုဘာ၊ ၂၀၁၇။ မနက်လင်းအားကြီး ၁း၄၀ နာရီ

Friday, October 6, 2017

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ

ဒီဥပဒေ လက်ထဲရှိတာတော့ ကြာပါပြီ။ မဖတ်ဖြစ်။

အခုမှ ဖတ်ဖြစ်လို့။

မိတ်ဆွေများလည်း သိထားကြရအောင် ဝေမျှခြင်းသက်သက်။


ဥပဒေအတိုင်းရော တကယ်လုပ်ကြရဲ့လားမသိ။


















Thursday, October 5, 2017

ဗရုတ်သုက္ခနိုင်လှသော ကျွန်ုပ်တို့ ဥပဒေများအပေါ် စိတ်ပျက်မိခြင်း

ဥပဒေကို လေးစားလိုက်နာဘို့ရာ ဥပဒေက ဘာတွေ ပြဌာန်းထားတယ်ဆိုတာ သိမှဖြစ်မည်။ သို့သော် ကျွန်တော်တို့ အများစုမှာ ဥပဒေဆိုတာ ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ပဲဆိုင်တာ။ ငါတို့နဲ့မဆိုင် ဟု သည်အတိုင်းပင် ဖာသိဖာသာ နေကြတာ များပါသည်။ ဥပဒေကိုမသိလျှင် တပန်းရှုံးသည်။ ဥပဒေဟူသည် မီးနှင့်တူ၏။ မီးကို ပူသည်ဟု သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုင်လျှင် ပူမည်သာဖြစ်၏။

အခြားကိစ္စများတော့ ထားလိုက်ပါ။ Safety သင်တန်းများသင်ရာတွင် ဥပဒေက ဘာတွေ ပြဌာန်းထားတယ် ဆိုတာပါ ထည့်သင်ဘို့ လိုပါသည်။ အလုပ်သမားများအား ၎င်းတို့ရသင့်ရထိုက်သော အခွင့်အရေး၊ သူတို့ မလုပ်အပ်သည့် အရာ စသည်တို့ကို သင်ကြားပေးရမည်။ စင်ကာပူမှ Safety သင်တန်းများတွင် ပထမဦးဆုံးသင်သည်မှာ ဥပဒေအကြောင်း ဖြစ်၏။ ကျန်တာတွေက ထိုဥပဒေက ပြဌာန်းထားသည်များကို ပံ့ပိုးပေးသော အထောက်အကူပြု အချက်အလက်များသာ ဖြစ်၏။

မြန်မာပြည်၌ ယခုအခါ Safety နှင့်ပတ်သက်သော သင်တန်းကျောင်းများ အလျှိုလျှို ပေါ်ထွက်လာသည်ကို မြင်တွေ့နေရ ပါသည်။ အချို့သင်တန်းကျောင်းများတွင် ကျွန်တော် ရံဖန်ရံခါ သွားသင်သည့်တိုင် သူတို့ဘာတွေကို ဘယ်လိုပုံနှင့် သင်နေ ကြသည်ကို သေသေချာချာ မသိပါ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မြန်မာနိုင်ငံမှ သင်တန်းကျောင်းများကို စနစ်တကျ ဖြစ်စေချင်ပါသည်။ ထိုသို့ဖြစ်နိုင်ရန် လည်း ကိုယ်တတ်နိုင်သလောက် ကြိုးစားနေပါ၏။ သင်တန်းကျောင်းများအတွက် စံနှုန်းမှာ ISO29990 ဖြစ်၏။ ကျွန်တော် ကတော့ ဤစံနှုန်းအတိုင်း သွားစေချင်ပါသည်။ အကယ်၍သာ ကျွန်တော်တို့က အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီအောင် လုပ်ထားပါက ကျွန်တော်တို့ ထုတ်ပေးလိုက်သည့် သင်တန်းဆင်းလက်မှတ်များကို မည်သည့်နိုင်ငံတွင် မဆို သုံးလို့ရအောင် လုပ်လို့ရမည်။

ကျွန်တော် ယခု စံ သင်ရိုးတစ်ခု ပြုစုနေပါသည်။ ထိုသင်ရိုးအတွက် ဥပဒေများကို သင်တန်းသားများ နားလည်စေရန် လူပြိန်းစကားဖြင့် ပြန်ရေးရပါသည်။ ထိုအခါ ကျွန်တော်ရည်ညွှန်းလိုက်သော ဥပဒေသည် နောက်ဆုံးထုတ် ဥပဒေ ဖြစ်ရန် ကြိုးစားရသည်။

ထိုအခါ ကျွန်ုပ်မှာ ဒုက္ခနှင့် လှလှနှင့် တိုးတော့၏။

စင်ကာပူမှ ဥပဒေများမှာ website တစ်ခုတည်းအောက်တွင် အကုန်စုစည်းထားသဖြင့် ရှာရ အလွန်လွယ်သည်။ ထို့ပြင် ဥပဒေများကို မည်သည့်နှစ်က စသည်။ မည်သည့်နှစ်က မည်သည်တို့ကို ပြင်ထားသည် အစရှိသည်တို့ကို (Amendment history) ဖော်ပြထားသဖြင့် ဘာမှ ပူစရာမလို။ ဘယ်မှသွားစရာမလိုပဲ ဥပဒေတစ်ခုတည်းကြည့်လိုက်လျှင် အကုန်တွေ့ရ သည်။

သို့သော် မြန်မာနိုင်ငံမှ ဥပဒေများကိုရှာရာတွင် အလွယ်တကူရှာလို့မရ။ မိတ်ဆွေတစ်ယောက် ပေးထားသဖြင့် ကျွန်တော့်တွင် ဥပဒေများ အားလုံးလိုလိုရှိပါသည်။ သို့သော် နှစ်အလိုက် ပေးထားသဖြင့် ဥပဒေတစ်ခုကို လိုချင်လျှင် ဖိုင်အားလုံးဖွင့်ကြည့်ရသည်။ သိပ်မလွယ်လှ။ သို့သော် ဘယ်ရှာရမှန်းမသိတာထက်စာလျှင် တော်ပေသေး၏။

နောက် စိတ်ပျက်စရာအကောင်းဆုံးအချက်မှာ ကျွန်တော်တို့ဆီက ပြင်ဆင်ချက်ဥပဒေ ထုတ်ပြီဆိုလျှင် ပြင်သည့်အပိုင်း ကိုသာ ပြထားသည်။ မူရင်းကို သီးသန့်ပြန်ရှာရသည်။ နောက်ပြီး ယခုပြင်ထားတာ ဘယ်နှစ်ကြိမ်မြောက်ဖြစ်သည် ဆိုသည် ကို ပြောပြမထား။ ထို့ကြောင့် ထိုဥပဒေကို ဘယ်နှစ်ကြိမ်ပြင်ပြီးပြီ။ ဘာတွေပြင်ထားသည်ဆိုသည်ကို ဘာမှမသိရ။

ဆိုတော့ နောက်ဆုံးထုတ်ဥပဒေကို ရဘို့ရာ ရှိသမျှဥပဒေအားလုံး ပြန်ရှာမှ ဖြစ်မည်။ ကျွန်တော် ၀င်ငွေခွန်ဥပဒေကို
နမူနာပြပါမည်။

ကျွန်တော်တွေ့ရသလောက် ၀င်ငွေခွန်ဥပဒေကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၄ တွင် စတင်ပြဌာန်းသည်။ ထူးဆန်းသည်မှာ ၁၉၇၄ ခုနှစ်အရင်က ၀င်ငွေခွန်ဥပဒေပြဌာန်းထားတာ မတွေ့ခဲ့ပါ။ မြန်မာနိုင်ငံတွင် တွေ့ရသမျှသော ဥပဒေအားလုံး (The Burma Code_Volume 1 to 13) ကို ၁၈၉၈ ခုနှစ်မှစ ကျွန်တော် တစ်ခုချင်း လိုက်ရှာကြည့်သည်။ ၀င်ငွေခွန်ဥပဒေကို မတွေ့မိပါ။ Burma Code Vol. 3 တွင် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ဟော်တယ်နှင့် ပျော်ပွဲစားခွန်၊ ရောင်းခွန်အက်ဥပဒေ စသဖြင့် တွေ့သည်။

ထို ၀င်ငွေခွန်ဥပဒေကို အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခဲ့ကြ၏။

ကျွန်တော်တွေ့ရသလောက် ၂၀၀၆၊ ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၆ တို့တွင် ပြင်ဆင်သည်။

ပြင်ဆင်သည့်ဥပဒေများတွင် "ဤဥပဒေကို ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။ ဤဥပဒေသည် ၂၀၁၄-၂၀၁၅ ၀င်ငွေနှစ်မှစ၍ အကျိုးသက်ရောက်စေရမည်" ဟု ဖွင့်ထား၏။ ထို့နောက် ပြင်ရမည့်ပုဒ်မများကို ပြင်သည်။ အားလုံးပြီးသွားသော် အောက်ဆုံးတွင် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်" ဆိုကာ သမ္မတနာမည်ပါသည်။

ဘယ်နှစ်ကထုတ်ထားသည့် ဥပဒေကို ပြင်တာဖြစ်သည်။ ဘယ်နှစ်ကြိမ်မြောက်ပြင်တာဖြစ်သည်။ ယခုအကြိမ်မှာ version ဘယ်လောက်ဖြစ်သည် တို့မပါ။ ကိုင်း - သည်လိုဆို ၀င်ငွေခွန်ဥပဒေကို အစအဆုံးဖတ်မည်ဆို ခုနင်က ကျွန်တော် ပြောခဲ့သည့် ၁၉၇၄၊ ၂၀၀၆၊ ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၆ ဥပဒေအားလုံးကို အစအဆုံးပြန်ရှာဖတ်ရတော့မည့် သဘော ဖြစ်မနေပါလား။

အလားတူစွာ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ၊ လျော်ကြေးငွေဥပဒေ၊ အခကြေးငွေပေးချေရေးဥပဒေ စသည်တို့ကို အကြိမ်ကြိမ်ပြင်ထားတာတွေ့ရသည်။ ထို့အတူပင် မူရင်းဥပဒေက ဘယ်တုံးကထုတ်သည်၊ ဘယ်နှစ်ကြိမ်ပြင်ထားသည် စသည်တို့ ဖော်ပြမထားပါ။

ဥပဒေသမားများတော့ ဒီကိစ္စတွေနှင့် အသားကျနေလို့ ဘာမှ မထူးဆန်းတော့ ဆိုရမည်လားမသိ။ ကျွန်ုပ်တို့လို အပြင်လူများအဖို့တော့ အလွန် ဒုက္ခရောက်ပါသည်။ အဲလေ - လူပြိန်းများအလွယ်တကူရှာရမလွယ်အောင်၊ နားမလည် နိုင်အောင် တမင်သက်သက်စီစဉ်ထားတာဆိုရင်တော့လည်း မပြောတတ်ပါ။

၎င်းတို့လုပ်ထားသော ဥပဒေများအတွက်တော့ ကျွန်ုပ်မှာ အလွန်တရာမှ စိတ်ပျက်မိရပါကြောင်း။

သည်ကိစ္စ အသင်တို့ဘယ်လိုဖြေရှင်းသည်ဆိုတာ ဥပဒေပညာရှင်များ အကြံပေးတော်မူကြပါကုန်။

(မနက်ကတည်းက ရေးနေတာ တစ်နေ့လုံး နှာရည်တွေ တသွပ်သွပ်ကျနေလို့ ဆက်မလုပ်နိုင်။ တရေးအိပ်လိုက်ပြီး အခုမှ လက်စသပ်နိုင်။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၅ အောက်တိုဘာ၊ ၂၀၁၇