Wednesday, July 26, 2017

တဖက်သားအား လေးစားသမှုပြုခြင်း_1

ယနေ့မနက်က ကျွန်တော်တို့လုပ်ငန်းခွင်၌ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏။

Boom lift ကိုလာပြင်ပေးသော Supplier ဘက်မှ တစ်ယောက်နှင့် ကျွန်တော်တို့အလုပ်မှ တစ်ယောက် စကားများခြင်း ဖြစ်သည်။

Boom lift လာပြင်ပေးသူမှာ မြန်မာတစ်ယောက်ဖြစ်ပါသည်။ သူ မည်သည့်ရာထူး၊ အဆင့်ရှိမှန်း ကျွန်တော်မသိပါ။ အင်ဂျင်နီယာ ဖြစ်မည်ထင်ပါသည်။ ကျွန်တော်တို့အလုပ်မှ လူကြီးမှာမူ site agent ဖြစ်၏။ သူက လုပ်ငန်း၌လိုသည့် စက်ပစ္စည်းများ၊ အခြားကိရိယာစသည်တို့ကို မှာပေးသည်။ သူ့နာမည်မှာ ဝေါင်း (Mr. Wong) ဖြစ်၏။

သည် boom lift လာမဆင်မီ တစ်ရက်က ထိုကုမ္ပဏီ (JLG) မှ နှစ်ယောက်လာကာ site ကို assess လုပ်ပြီး မည်သည့် boom lift အမျိုးအစားသုံးရမည်ကို ဆုံးဖြတ်ပေးသွားသောကြောင့် ကျွန်တော်တို့က သူတို့ပြောသည့်အတိုင်း ငှားလိုက်တာဖြစ်၏။

ယနေ့မနက် သည် boom lift ရောက်လာတော့ ထိုမြန်မာအင်ဂျင်နီယာ (ဖြစ်မည်ထင်ပါသည်။) ရောက်လာပါသည်။ သူက boom lift ရပ်ထားရာနေရာမှာ စောင်းနေ၍ (slope/inclined) ထို boom lift ကို သုံးလို့မရ။ မြေမျက်နှာပြင် ညီသွားအောင် လုပ်ပေးပါ ဆို၏။

မင်းတို့ပြောတဲ့အတိုင်း ငါတို့ငှားတာပဲကွ၊ ဘာလို့ မရ ရမလဲ ဟု Mr. Wong ကပြောသည်မှစ၍ အချေအတင် စကားများ ကြသည် ဆို၏။ သူတို့ဘယ်လိုစကားများသည်ကို ကျွန်တော်မသိပါ။ ရုံးမှ အဖွားကြီးက ဟဲ့၊ နင့်ကို Mr. Wong ခေါ်နေတယ်။ Gate 2 ကို သွားလိုက်ဦး ဆိုသဖြင့် ကျွန်တော်ပါလာရတာ ဖြစ်၏။

ကျွန်တော်ရောက်သွားတော့ အခြေအနေက ဂိတ်ဆုံးရောက်နေပြီ။ ကျွန်တော်ဝင်ဖြန်ဖြေဘို့ ကြိုးစားသည့်တိုင် မရတော့။
ထိုနေရာတွင် ကျွန်တော့် Safety Coordinator လည်းရှိ၏။ သူက ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြသည်။

ပထမ boom lift ကို သည်အတိုင်းမောင်းလို့မရ မြေပြင်ညီအောင် ညှိပေးပါဟု ကိုအင်ဂျင်နီယာက ပြောသည်။
Mr. Wong က ငါတို့အရင်တုံးက သည့်ထက်တောင် စောင်းတဲ့နေရာတွေမှာ မောင်းလာတာပါကွာ ဆို၏။ ထိုအခါ ကိုအင်ဂျင်နီယာက မင်းက လခ ဘယ်လောက်ရလို့လဲ မေးသည်ဆို၏။ ထိုအခါ Mr. Wong မှာ ဒေါသအကြီးအကျယ် ထွက်လေသည်။

ကျွန်တော်ရောက်သွားတော့ -

ကိုင်း၊ ပြောစမ်းပါဦးကိုယ့်လူ။

ဒီ boom lift ရပ်ထားတာက စောင်းနေလို့ မောင်းလို့မရဘူး။ မြေညီအောင် ညှိပေးရမယ်။

အရင်တုံးကတော့ ကိုယ်တို့ ဟောဟို ဆင်ခြေလျှောပေါ်မှာ မောင်းနေတာပဲ။

ဒီစက်က ၂၇ တန်လေးတယ်။ boom ကို မ,လိုက်ရင် counter weight က ဒီဘက်မှာပဲရှိနေတော့ နောက်ဘက်ကို ရွေ့သွားနိုင်တယ်။ ဒါ့ထက်သေးတဲ့ ၁၉ တန်ဟာဆိုရတယ်။ နောက်ပြီး out rigger ထုတ်လိုက်ရင် ဟိုမြောင်းပေါ် ရောက်သွားမယ်။ နောက်ဘက်ကလည်း ကားလမ်း။

ဒါဖြင့် ဘယ်လောက်ထိ စောင်းလို့ရလဲ။

၃ ဒီဂရီထိ စောင်းလို့ရတယ်။

ဒါဆိုရင် အဲဒါကို ပြထားတဲ့ boom lift specification စာရွက် ကိုယ့်ဆီပို့ခိုင်းလိုက်ပါ။ အဲဒါပြပြီး မောင်းလို့မရတဲ့အကြောင်း၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်း ကိုယ်သူတို့ကို ရှင်းပြလိုက်မယ်။

ကျွန်ုပ်တို့ ဤကဲ့သို့ ပြောဆိုနေစဉ်အတွင်း Mr. Wong ၀င်လာပြီး ပြောပြန်၏။

ဟေ့၊ ငါတို့အရင်တုံးကလည်း ဒီလိုပဲ မောင်းနေကျကွ။

ထိုအခါ ကိုအင်ဂျင်နီယာလေးက - ဟားဟားဟားဟား၊ မင်းဘယ်လောက်တတ်လဲ။ ငါက ဘွဲ့ရကွ။ ဟားဟားဟားဟား။

သူ့ပုံက ပီဘိ မခန့်လေးစားပုံဖြစ်၏။ အဆိုးဆုံးမှာ ကိုယ့်အဖေလောက်ကြီးရှိသူကို လှောင်ရယ်ခြင်း ဖြစ်လေသည်။

သည် boom lift သုံးလို့ ရ မရ ကျွန်တော်ဆုံးဖြတ်စရာမရှိပါ။ ကျွန်တော်က boom lift ကျွမ်းကျင်သူမဟုတ်ပါ။ သို့သော် သုံးလို့မရသည့်တိုင် မည်သည့်အတွက် သုံးလို့မရကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြရမည်။ နောက်ပြီး သုံးလို့ရအောင် ဘယ်လိုလုပ်သင့်သည် စသဖြင့် ညှိနှိုင်းလို့ရပါသည်။

ကျွန်တော့်အမြင်တွင်တော့ မြေက သည်လောက် စောင်းနေတာ မဟုတ်ပါ။ သူပြောသည့် ၃ ဒီဂရီတောင် ရှိချင်မှ ရှိပါလိမ့်မည်။ Inclination ကို တွက်ရတာ ဘာမှ မခက်ပါ။ ကျွန်တော် တိုင်းလို့ရပါသည်။

သည်လိုမဖြစ်ရအောင်ပဲ ကျွန်တော်တို့က သူတို့လူတွေခေါ်ပြီး စစ်ဆေးခိုင်းထားတာဖြစ်၏။ သူတို့လူတွေပြောသည့်စက်ကို ငှားထားတာ ဖြစ်၏။ ဘာများမှားပါသနည်း။

သူတို့ပြောသည့်စက်ရောက်လာပြီဆိုတော့ သည်စက်ကိုသုံးလို့ရအောင်လုပ်ပေးဘို့မှာ သူတို့တာဝန်ဖြစ်၏။ အခုလို သုံးလို့မရ ကြောင်း အကျောက်အကန် ငြင်းနေစရာအကြောင်းမရှိပါ။ ပြေလည်ရာပြေလည်ကြောင်း ဒီဘက်က steel plate ထည့်ပေး စသဖြင့် အကြံပေးရမှာသာ ဖြစ်ပါသည်။

ပြဿနာက ပြောပုံဆိုပုံ ဆက်ဆံပုံဖြစ်၏။ ကိုယ့်ဘက်ကမှန်နေသည့်တိုင် မင်းက လခဘယ်လောက်ရလို့လဲ။ မင်းက ဘယ်လောက်တတ်လို့လဲ၊ ငါက ဘွဲ့ရကွ ဟု ပြောစရာကိုအကြောင်းမရှိပါ။

နောက်ပြီး ကျွန်တော်တို့က client ဖြစ်သည်။ ကိုယ့်စက်ကိုငှားသူတစ်ယောက်အား မည်သည့်နည်းနှင့်မှ မလှောင်ပြောင်သင့်၊ မရှုတ်ချသင့်ပါ။ အကယ်၍ သုံးလို့မဖြစ်ဘူးဆိုငြားအံ့။ ကုမ္ပဏီကိုလှမ်းဖုံးဆက်ပြီး စက်ကတော့ သုံးလို့မရဘူး။ ဘယ်လိုလုပ်ရမလဲ စသဖြင့် လှမ်းအကြောင်းကြားကာ အဖြေရှာရုံ ဖြစ်ပါသည်။

မိတ်ဆွေများခင်ဗျား -

Mutual respect ဆိုတာရှိ၏။ မြန်မာစကားတွင်လည်း ဘုတ်-ကျီးရိုသေ၊ ကျီး-ဘုတ်ရိုသေ ဆိုတာ ရှိသည်။ မိမိကို မရိုသေ မလေးစားသူတစ်ယောက်အား မိမိကလည်း မည်ကဲ့သို့ ရိုသေလေးစားနိုင်ပါအံ့နည်း။

တစ်ယောက်နှင့်တစ်ယောက် ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခြင်းဖြင့် ပျော်ရွှင်စရာကောင်းသော လောကကြီးကို တည်ဆောက်ကြပါစို့ဟု အလေးအနက် တိုက်တွန်းလိုက်ပါသည်ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၅ ဇူလိုင်၊ ၂၀၁၇ 



No comments: