Wednesday, July 26, 2017

တဖက်သားအား လေးစားသမှုပြုခြင်း_၂

မနေ့က ဖြစ်ခဲ့သော အဖြစ်အပျက်တွင် မြန်မာအင်ဂျင်နီယာကလေးဘက်ကချည်း မှားတာမဟုတ်ပါ။ Mr. Wong က သူ့ကို သရော်မော်ကားပြောသည့်အတွက် ပေါက်ကွဲတာ ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇန္န၀ါရီလဆန်းပိုင်းက သည်လူကြီးနှင့် ကျွန်တော် ပြဿနာတက်ခဲ့ပါသေးသည်။
သည်တုံးက ကျွန်တော်က သည်ပရောဂျက်တွင် အလုပ်ဝင်ခါစ။

သူတို့က main contractor ဖြစ်၏။ ကျွန်တော်တို့က safety consultant ကုမ္ပဏီတစ်ခုမှဖြစ်ပြီး သူတို့ကို သည်ပရောဂျက် အတွက် Safety Officer တစ်ယောက်၊ Safety Coordinator တစ်ယောက် ပုတ်ပြတ်ငှားထားတာဖြစ်သည်။

သည်တုံးက ကျွန်တော်ကလည်း safety officer လိုင်စင်သာရထားပေမင့် လုပ်ငန်းအတွေ့အကြုံက လုံးဝမရှိလေတော့ ယောင်ဝါးဝါး။

သည်မှာ Mr Wong က ကျွန်တော့်ကို ကောင်းကောင်းနှိပ်ကွပ်သည်။ Toolbox meeting တွင် အလုပ်သမားအားလုံးရှေ့၌ ဆဲသည်။ စည်းဝေးပွဲများတွင် နင်ပဲငဆ ပြောသည်။ ကန်တော့ပါရဲ့။ လန်ကျောက်၊ ချီဘိုင်းချင်း မိုးမွှန်နေသည်။
ကိုယ်ကလည်း အလုပ်ဝင်ခါစဖြစ်လေတော့ မနိုင့်ရင်ကာ အောင့်အည်း သည်းခံပါသည်။

ကျွန်တော် သည်အလုပ်စ၀င်တာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့။

အလုပ်ဝင်ပြီး ၃ လလောက်ကြာတော့ တစ်ခုခုလုပ်ဖို့ ကျွန်တော် ယတိပြတ်ဆုံးဖြတ်လိုက်သည်။

ကျွန်တော်တို့မန်နေဂျာကို ဖုံးဆက်ပြီး ငါတော့ မစ္စတာဝေါင်း စော်ကားနေတာကို ဆက် သည်းမခံနိုင်တော့ဘူး။ ဒီတော့ နှစ်လမ်းရွေးဘို့ရှိတယ်။

၁။ ငါ့ကို ဆိုဒ်ပြောင်းပေးပါ။
၂။ တခြားဆိုဒ်ပြောင်းစရာမရှိဘူးဆို ငါ နှုတ်ထွက်စာတင်မယ်။

မန်နေဂျာကိုလှမ်းဖုံးဆက်အပြီး မစ္စတာဝေါင်း၏ စားပွဲသို့သွား။ သူ့ရှေ့တည့်တည့်၌ ကျကျနနရပ်၏။ ရုံးဆိုတော့ လူအားလုံးလည်း စုံနေသပေါ့။

ဒီမယ် မစ္စတာဝေါင်း၊ ကျွန်တော် ခင်ဗျားပြောတာဆိုတာတွေကို သည်းခံလာတာ အခု သုံးလပြည့်သွားပြီ။ ဒီကနေ့ကစပြီး ခင်ဗျား အချိုးကိုပြင်ပါ။ ကျွန်တော်ဟာ ခင်ဗျားအလုပ်သမားမဟုတ်တဲ့အတွက် ခင်ဗျားကျုပ်ကိုပြောစရာ ဘာအကြောင်းမှ မရှိဘူး။ ပြောချင်းပြောရင် ဟောဟိုမှာထိုင်နေတဲ့ PM ပြောလိမ့်မယ်။ အဲဒီတော့ နောက်တစ်ခါ ကျွန်တော့်ကို မတရား ပြောလာခဲ့ရင် ကျွန်တော်လည်း ခင်ဗျားကို လူရှေ့သူရှေ့မှာ ပြန်ပြောရလိမ့်မယ်။ ကျွန်တော့်ကို ဒီဆိုဒ်ကနေပြောင်းပေးဘို့ ရုံးကို ဖုံးဆက်ပြီးသွားပြီ။ ဒီလိုပြောတာကို ခင်ဗျားမကျေနပ်ဘူးဆိုရင် ကြိုက်တာလုပ်လို့ရတယ်။

ရုံးမှလူများ ၀ိုင်းကြည့်နေသည့်ကြားမှ ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်ပြောပြီး ခပ်တည်တည်နှင့် လှည့်ထွက်လာခဲ့သည်။
ကျွန်တော်က နောက်အလုပ်တစ်ခုထပ်ရှာဘို့ထိ ဆုံးဖြတ်ထားသောကြောင့် ပြောခဲ့တာဖြစ်၏။

နေ့လည်ပိုင်းကျတော့ မန်နေဂျာက ဖုံးဆက်ကာ လေပြေသွေးသည်။ နေပါဦးကွာ။ ငါ မစ္စတာဝေါင်းကို ပြောပါမယ်။ မင်းဘယ်မှ သွားစရာမလိုပါဘူး။

နောက်နေ့မှစကာ မစ္စတာဝေါင်း အချိုးပြောင်းသွားတာ သည်ကနေ့ထိ ဖြစ်ပါသည်။

ကျွန်တော် ဖေ့စ်ဘုတ်ပို့စ်တင်အပြီး မောင်အင်ဂျင်နီယာကလေး တယ်လီဖုံး message ပို့လာပါသည်။ သူ့အပြုအမူအတွက် တောင်းပန်ပါတယ် ဟူ၏။ ကိုယ့်လူ၊ ကိုယ်ကအကြောင်းမဟုတ်ဘူး။ သူတို့က ကိုရင်တို့ကုမ္ပဏီနဲ့ ရင်းနှီးတယ်။ သူ အညှောင့် ထောင်လိုက်ရင် ကိုယ်ရင့်အလုပ်ကို ထိခိုက်သွားနိုင်တယ်။ သတိထားပါ . . ဟု ကျွန်တော် အကြောင်းပြန်လိုက်ပါသည်။
သူက မစ္စတာဝေါင်းက ငါက စင်ကာပူရီယမ်ကွ၊ ငါ့ကိုခံပြောရအောင် မင်းက ဘာကောင်လဲ စသဖြင့် ပြောသည်ဆို၏။ ထိုအခါ သူက လူငယ်ပီပီပေါက်ကွဲကာ မင်းက ဘယ်လောက်တတ်လို့လဲ ဘာညာ စသဖြင့် ပြောမိခြင်းဖြစ်ပါသည်။

ကျွန်တော် ၂၀၀၅ ခုနှစ်လောက်က So call အင်ဂျင်နီယာ အလုပ်တစ်ခုရ၏။ ကျွန်တော်ဆိုသည့်ကောင်ကလည်း အင်မတန် ဒူသည့်ကောင် ဖြစ်လေရာ ထို သူဌေးဆိုသူ၏ပုံပန်းကြည့်လိုက်ကတည်းက ရိပ်မိဘို့ကောင်းသည်။

သူက ကျွန်တော့်ကို သပ္ဗဒါနံ ရှိသမျှအလုပ် အကုန်ခိုင်း၏။ ကုလားတွေနှင့်အတူ သုံးထပ်သားပြားကြီးများကို သယ်ရသည် မှအစ အလုပ်မျိုးစုံ လုပ်ရသည်။ တစ်ခါ ချန်ဂီလေဆိပ်နားတွင် အလုပ်တစ်ခုရတော့ ကျွန်တော့်ကို ဂဟေဆော်ခိုင်းသည်။ ဟကောင်၊ ငါက အင်ဂျင်နှစ်ရာကွ။ ဘယ့်နှာ ဂဟေဆော်တတ်မတုံး . . ဆိုတော့ မင်း အတော်သောက်သုံးမကျတဲ့ကောင် . .  ဟောဒီမှာ ငါဆော်ပြမယ်ဆိုကာ သူ့ဘာသာဆော်သည်။

သူနှင့် ပြဿနာပေါင်းစုံတက်သည်။ သူက ကျွန်တော့်ကို စိန်ခေါ်သည်။

စင်ကာပူရီယမ် အလုပ်ရှင်တစ်ယောက်အနေနဲ့ ငါ့မှာလုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ မင်းမကျေနပ်ရင် ကြိုက်တဲ့နေရာ တက်တိုင်လို့ရတယ်။

ကျွန်တော် သူ့ကို ဘာမှပြန်မပြောပါ။ ကိုယ့်ဘာသာ အလုပ်သစ်ကြိတ်ရှာသည်။ အလုပ်ကလည်း ရှားလိုက်သမှခင်ဗျာ။ အလုပ်တစ်ခုရဘို့ တစ်လလောက်ရှာယူရသည်။ အီးမေးပေါင်း ရာနှင့်ချီပို့ရသည်။ တိုတိုပြောရလျှင် ကျွန်တော် အလုပ်တစ်ခု ရသည်။ ဟိုဘက်ကုမ္ပဏီက အလုပ်ခန့်စာရတော့ ကျွန်တော် မြန်မာပြည်ပြန်သွားသည်။ ကုမ္ပဏီအသစ်က ကျွန်တော့်ကို S Pass တင်ပေးသည်။

ကံကကောင်းချင်တော့ အလုပ်သစ်ရချိန်တွင် ကျွန်တော် ဘောကြီးသည်။ မြန်မာလို ရေမုတ်၊ အင်္ဂလိပ်လို Hydrocele ဟု ခေါ်၏။ သည်တော့ ကျွန်တော်က ကျွန်တော့်သောက်တလွဲသူဌေးကို ဘောကြီးလှန်ပြကာ မျက်နှာကလေး ဇီးရွက်လောက်ထားပြီး ပြောရ၏။

ဟကောင်၊ ငါ သည်ဘောကြီးနဲ့ ဘယ်လိုမှအလုပ်လုပ်လို့ အဆင်မပြေဘူး။ ငါ ရန်ကုန်ခဏပြန်ပြီး ဘောခွဲအုံးမယ်။ ပြီးမှ ပြန်လာတာပေါ့ကွာ။

အေး၊ အေး၊ ကြာတော့ မကြာစေနဲ့နော။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိတယ်။

စိတ်ချပါကွာ။ အလုပ်မလုပ်ဘဲ ပိုက်ဆံ ဘယ်ကရမတုံးကွ။ မင်းနေပါဆိုတောင် ငါမနေနိုင်ဘူး။

ထို့နောက် ရန်ကုန်ပြန်သွားကာ ဘောခွဲပြီး အေးအေးဆေးဆေး နှပ်နေသည်။ ကုမ္ပဏီအသစ်ကို S Pass ကျပြီလားဟု မကြာခဏ ဖုံးဆက်ရ၏။ ကုမ္ပဏီအသစ်မှ ကုလားမကြီးက နင့်ဘို့ S Pass ကျပြီ။ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး လာပေတော့လည်းဆိုရော ကျွန်တော်လည်း စင်ကာပူသို့ အသာလေးပြန်ထွက်လာခဲ့သည်။

လက်ထဲသို့ S Pass ကဒ်အသစ်ရောက်တော့ ကျွန်တော့ စူပါဘော့စ်ဆီ ဖုံးလှမ်းဆက်၏။

ဟဲလို၊ ဘောစိ။ နေကောင်းလား။

ဟင်၊ ကာနီနာ။ ငါ့မှာအလုပ်တွေနဲ့ မြန်မြန်ပြန်လာပါဆိုတာ ဘာလို့ကြာနေတာလဲ &%$#@+”?@#! ။

စိတ်အေးအေးထားပါကွာ။ ငါအခု မင်းကုမ္ပဏီမှာ မဟုတ်တော့ဘူးလကွ။ ဟာဟ။

မင်း၊ အဲလိုလုပ်လို့ရမလားကွ။ ငါ့ထောက်ခံစာမပါဘဲ မင်း S Pass ကို cancel လုပ်လို့ရမလား။ ငါ မင်းကို ရဲတိုင်မယ်။

ရဲစခန်းသွားတာနောက်ထားပါကွာ။ ဒါပေမယ့် ငါ မင်းဆီမှာ ရှိသေးလား မရှိတော့ဘူးလား သေချာချင်ရင်တော့ MOM ကို သွားလိုက်ပါကိုယ့်လူ။ အခုတော့ ငါလုပ်စရာတွေရှိသေးတယ်။ တာ့တာ . . . ဘိုင့်ဘိုင် . .

ဤသည်မှာ ထိုသူဌေးဆိုသူက ကျွန်တော့်ကို ဘယ်လိုပင် မလေးမစား ဆက်ဆံနေသည်ဖြစ်စေ ကျွန်တော်က သူ့ကို အချိုသတ်ကာ ပညာပေးခဲ့ပုံကလေး ဖြစ်ပါသည်။

မိတ်ဆွေတို့ကိုလည်း သူတို့နှင့်ဖက် ရန်ဖြစ်မနေပါနှင့်။ အကျိုးမရှိပါ။ ပညာရှိဆန်ပါစေ။ သူ့ကို ပညာသားပါပါနှင့် နှိပ်ကွပ်ပါ ဟု သတင်းစကား ပါးလိုက်ရပါသတည်း။

(ဆရာစားတာ မဟုတ်ပါ။ ပညာရှိများမို့ သတိဖြစ်ခဲ ဖြစ်မှာစိုး၍ သတိပေးခြင်းမျှသာ ဖြစ်ပါကြောင်း။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆ ဇူလိုင်၊ ၂၀၁၇

No comments: